အခန်း (၇၈) ရုပ်ဆိုးသူမဟုတ်ပါ။သူဟာငါ့ချစ်သူ
「အစ်ကိုကြီး...!」
မြူနှင်းများ ဖုံးလွှမ်းနေတတ်သည့် အေးစက်သော ရာသီဥတုနှင့်မတူဘဲ နွေးထွေးသော နေရောင်ခြည်အောက်တွင် ကျွန်မ၏ နှုတ်ခမ်းဖျားမှ ရှိုက်သံတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ငယ်စဉ်က အမှတ်တရတစ်ခုပင် ဖြစ်သည်။ ကျွန်မတို့အိမ်အနီးရှိ တောအုပ်ထဲတွင် ကျွန်မ တုန်တုန်ချိချိဖြင့် ရှေ့သို့ လျှောက်လှမ်းနေမိသည်။ ဤပုန်းတမ်းကစားနည်းတွင် ကျွန်မက လိုက်ရှာရသူ ဖြစ်သည်။ တစ်ယောက်တည်း ပုန်းနေရသည်မှာ ကြောက်စရာကောင်းသောကြောင့် ကျွန်မက လိုက်ရှာရသူဖြစ်ရသည်ကို ပိုကြိုက်သည်။ အစ်ကိုကြီးကမူ ပုန်းရာတွင် ကျွမ်းကျင်သည်ဟု ကြွားလုံးထုတ်ကာ ကျွန်မကို စိတ်မပူရန် ပြောခဲ့သည်။
「အစ်ကိုကြီး... ဘယ်မှာလဲဟင်...」
သစ်ကိုင်းများကို ဖယ်ရှားရင်း ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ အစ်ကိုကြီးက ကြွားသလောက် ပုန်းရာတွင် သိပ်မတော်လှပေ။ အမြဲတမ်းလိုလို ကျွန်မ၏ လက်ထဲတွင် အမိဖမ်းခံရမြဲ ဖြစ်သည်။ ယခုလည်း မလှမ်းမကမ်းရှိ သစ်ပင်တစ်ပင်နောက်မှ အဝတ်စတစ်ခု ထွက်နေသည်ကို တွေ့လိုက်ရသည်။ ငိုမဲ့မဲ့ဖြစ်နေသော ကျွန်မမျက်နှာသည် ချက်ချင်းပင် ဝင်းပတောက်ပသွားတော့သည်။
မိပြီ!
သူ့ကို လန့်သွားစေရန် ခေါင်းကို အမြန်ပြူကြည့်လိုက်သည်။
「ဟင်...」
သို့သော် မထင်မှတ်ဘဲ အစ်ကိုကြီးရှိမနေခဲ့ပါ။ ထိုနေရာတွင် ဂူမျိုးနွယ်စု၏ အဝတ်အစားတစ်ခုသာ ချိတ်နေခြင်း ဖြစ်သည်။
「အစ်ကိုကြီး ဘယ်ရောက်—」
「ဟိဟိ... မိပြီ!」
「အားးးး!」
နောက်မှ လန့်ဖြတ်သွားသောကြောင့် အော်ဟစ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။ ကြောက်လွန်းသဖြင့် မျက်ရည်များပင် ထွက်လာမိသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကျွန်မကို ကြည့်ကာ ရယ်မောနေသော အစ်ကိုကြီးကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများသည် ထက်မြက်ပြီး ခက်ထန်သယောင်ရှိသော်လည်း ပြုံးလိုက်လျှင်မူ အလွန်ပင် ကြင်နာနွေးထွေးပုံရသည်။
「လန့်သွားလား?」
「ညီမလေး... တကယ်ကြောက်သွားတာ...」
「ငါထင်သားပဲ၊ ဒီနည်းလမ်းက အလုပ်ဖြစ်မယ်ဆိုတာ」
ထိုသို့ လန့်အောင်လုပ်ပြီး ဂုဏ်ယူနေသည့် အစ်ကိုကြီးကို ကြည့်ကာ စိတ်တိုမိသည်။ ထို့ကြောင့် လက်သီးဆုပ်လေးများဖြင့် အစ်ကိုကြီး၏ ပုခုံးကို တဖုန်းဖုန်း ထုရိုက်မိတော့သည်။ သို့သော် အစ်ကိုကြီးကမူ ကျွန်မ၏ တိုက်ခိုက်မှုများကို လုံးဝ နာကျင်ပုံမရဘဲ ဆက်၍သာ ရယ်မောနေခဲ့သည်။ ခဏကြာအောင် ရယ်မောပြီးနောက် သူက လက်ကမ်းပေးကာ ဆွဲထူပေးသည်။ ကျွန်မက မျက်နှာဆူပုတ်နေသော်လည်း သူ၏လက်ကို ဆွဲလိုက်မိသည်။
「ပြန်ရအောင်၊ အမေ စောင့်နေလောက်ပြီ」
「အစောကြီးရှိသေးတာကို...」
「အင်း၊ ဒီမှာ အကြာကြီးနေရင် ဆူခံထိလိမ့်မယ် သိရဲ့လား」
ထိုသို့ ဖြစ်နိုင်စရာမရှိပါ။ ကျွန်မတို့အမေ စိတ်ဆိုးသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သို့သော် အစ်ကိုကြီး ပြောသည်ကို နားထောင်ရသည်မှာ ဝမ်းသာစရာဖြစ်သောကြောင့် ခေါင်းငြိမ့်လိုက်မိသည်။ ကျွန်မ ဆုပ်ကိုင်ထားသော အစ်ကိုကြီး၏ လက်သည် အဆုံးမရှိသော နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်။ ကျွန်မ သတိမထားမိခင်မှာပင် သူခြောက်လှန့်ရာတွင် သုံးခဲ့သော အဝတ်ကို ကျွန်မ၏ ပုခုံးပေါ်သို့ ခြုံပေးထားပြီးသား ဖြစ်နေသည်။ ယနေ့က အနည်းငယ် အေးသောကြောင့် ဖြစ်မည်။ အေးသော်လည်း ကျွန်မတို့နှစ်ယောက် ရှိနေသောကြောင့် ခံနိုင်ရည်ရှိသည်။
「...စောစောက အစ်မဂူယွမ်ဆိုက ညီမလေးကို ထပ်ပြီး အနိုင်ကျင့်တယ်」
「အစ်မကလား?」
「အင်း... အမေက သူတို့အမေပါလို့ ပြောပြီး စိုက်ကြည့်နေတာ၊ တကယ်တော့ အမေက ကျွန်မတို့အမေ မဟုတ်ဘူးလား...」
「အင်း၊ အစ်ကို နားလည်ပါတယ်」
ကျွန်မ၏ စကားကို ကြားသောအခါ အစ်ကိုကြီးက ထိုနွေးထွေးသော လက်များဖြင့် ကျွန်မ၏ ခေါင်းကို ပွတ်သပ်ပေးသည်။ ထိုသို့ ပွတ်သပ်ပေးသည့်အခါ ကျွန်မ၏ နှလုံးသားတစ်ခုလုံး အရည်ပျော်မတတ် ပျော်ရွှင်ရသည်။
「အစ်မကလည်း ငါတို့ထဲက တစ်ယောက်ပဲဆိုတော့ သူလည်း အဲ့ဒီလို ပြောပိုင်ခွင့်ရှိတာပေါ့၊ ဟုတ်တယ်မလား?」
「...အင်း၊ ဖြစ်နိုင်ပါတယ်」
အစ်ကိုကြီး ကျွန်မကို ကြည့်သည့် အကြည့်များသည် အမြဲတမ်း နွေးထွေးပြီး စိတ်သက်သာရာရစေသည်။ အစ်ကိုကြီး၏ ထိုအချက်ကို ကျွန်မ အလွန်ကြိုက်သည်။ ဖခင်ဖြစ်သူ၏ အေးစက်ထက်မြက်သော အကြည့်များကို မနှစ်သက်သော်လည်း အစ်ကိုကြီးနှင့် အမေ၏ အကြည့်များသည် အမြဲနွေးထွေးနေတတ်သဖြင့် သူတို့ကို ချစ်ခင်မိသည်။ ကျွန်မဘဝအတွက် ထိုမျှနှင့်ပင် လုံလောက်ခဲ့သည်။ ထိုစဉ်က ဂူရွန်ဟွာ တွေးခဲ့သည်မှာ ဤမျှသာ။
「ဒီနေ့ ဘာစားကြမလဲ?」
「ညီမလေး ငါးစားချင်တယ်!」
「ငါးလား? ကောင်းပြီ၊ သွားမေးကြည့်ကြတာပေါ့」
「ဟုတ်ကဲ့!」
အစ်ကိုကြီးနှင့်အတူ လမ်းလျှောက်လာပြီးနောက် အိမ်သို့ ရောက်ရှိလာခဲ့သည်။ ညဉ့်နက်လုနီးပြီဖြစ်၍ မီးအိမ်များ ထွန်းထားပြီးသား ဖြစ်ကာ အဝေးမှနေ၍ လက်ဝှေ့ယမ်းပြနေသော အမေကို မြင်တွေ့လိုက်ရသည်။
「အမေရေ...!」
ကျွန်မ အားရပါးရ လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် အမေ့ထံသို့ အပြေးသွားကာ တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။ ကျွန်မတို့ကို အကြာကြီး စောင့်နေရသောကြောင့် အမေ့လက်များက အေးစက်နေသော်လည်း... ထိုအေးစက်သော လက်များကိုပင် ကျွန်မ ချစ်မြတ်နိုးမိပါသေးသည်။ မကြာမီ အမေက ကျွန်မနောက်မှ ရောက်လာသော အစ်ကိုကြီး၏ ခေါင်းကိုလည်း ပွတ်သပ်ပေးသည်။ ဆောင်းဦး၏ အေးစက်မှုများ ရှိသော်လည်း ဘေးနားရှိ လူများကြောင့် အဆုံးမရှိသော နွေးထွေးမှုကို ခံစားရသည်။ ကျွန်မဘဝအတွက် ထိုမျှနှင့်ပင် လုံလောက်ခဲ့သည်။ ဤကဲ့သို့ လှပသော ဘဝကိုသာ ဆက်လက်ပိုင်ဆိုင်ရမည်ဆိုလျှင် ပျော်ရွှင်နေမည်ဟု ထင်ခဲ့မိသည်။ ၎င်းမှာ ထိုငယ်စဉ်က ကျွန်မ၏ သိမ်ငယ်သော အိမ်မက်လေး ဖြစ်သည်။
သို့သော် ကောင်းကင်ဘုံက ထိုသို့ ဖြစ်လာစေရန် အလိုမရှိခဲ့ပေ။ တစ်ပတ်အကြာတွင် အရာအားလုံး ပျက်စီးသွားခဲ့ပြီး ဂူရွန်ဟွာ၏ ဘဝသည်လည်း အောက်ဆုံးအဆင့်သို့ ထိုးကျသွားခဲ့ရသည်။
နွေရာသီတိုင်းတွင်ဟွားတောင်ဂိုဏ်း (Mount Hua Sect) သည် တပည့်များအတွက် ပြိုင်ပွဲတစ်ခုကို ကျင်းပလေ့ရှိသည်။ ၎င်းသည် ရိုးရှင်းသော ပြိုင်ပွဲတစ်ခုဖြစ်သော်လည်း ဟွားတောင်ဂိုဏ်း၏ ဓားသမားအသစ်များကို ရွေးချယ်သည့် လုပ်ငန်းစဉ်လည်း ဖြစ်သည်။ ဓားသမားအဆင့်သို့ မရောက်သေးသော ဒုတိယမျိုးဆက် တပည့်များအားလုံး ပါဝင်ယှဉ်ပြိုင်ရန် လိုအပ်ပြီး၊ တတိယမျိုးဆက် တပည့်များမှာမူ မိမိဆန္ဒအလျောက် ပါဝင်နိုင်သည်။
ထိုစည်းမျဉ်းအရ ဂူရွင်ဟွာသည် ဒုတိယမျိုးဆက် တပည့်တစ်ဦးဖြစ်သဖြင့် ပြိုင်ပွဲတွင် ပါဝင်ရန် လိုအပ်သော်လည်း၊ သူမ၏ အခြေအနေကြောင့် ဂိုဏ်းလူကြီးများနှင့် ပထမမျိုးဆက် တပည့်များက ကင်းလွတ်ခွင့်ပေးကာ တတိယမျိုးဆက်များနှင့်သာ ယှဉ်ပြိုင်ရန် ခွင့်ပြုခဲ့သည်။ သို့သော် ဂူရွန်ဟွာက ထိုကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။ သူမသည် တတိယမျိုးဆက်များနှင့် မယှဉ်ပြိုင်လိုဘဲ၊ မိမိဆရာ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ပြိုင်ပွဲမှ နောက်မဆုတ်လိုခဲ့ပေ။
— ဝှူး! ဝှစ်!
ကျွန်မ၏ လက်ထဲမှ သစ်သားဓားသည် တစ်စက္ကန့်မျှ မနားဘဲ လေထဲတွင် ဝေ့ယမ်းနေသည်။ ဟွာတောင်ဂိုဏ်းသို့ ရောက်ကတည်းက ဤဓားကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဝေ့ယမ်းခဲ့ပြီးပြီ။ ဇွန်ပန်းဓားသိုင်းကို အသုံးချနိုင်သည့် အဆင့်သို့ မရောက်သေးသလို၊ သင်ယူရန် ကျန်ရှိနေသေးသော အခြားပညာရပ်များကိုလည်း မတတ်မြောက်သေးပေ။ ယခုအချိန်တွင် ကျွန်မ စိတ်ပျက်အားငယ်နေမိပြီ။ အချိန်သိပ်မကျန်တော့မှန်း ကျွန်မကိုယ်တိုင် သိနေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျွန်မ၏ ဆရာကမူ စိတ်အေးအေးထားရန်နှင့် အချိန်ယူရန်သာ ပြောခဲ့သည်။ ကျွန်မမှာ ငယ်ရွယ်သေးသဖြင့် အခွင့်အရေးများစွာ ရှိသေးသည်ဟု ဆိုသည်။ သို့သော်... နောင်တစ်ချိန်တွင် ကျွန်မသည် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့လျှင်ပင်၊ ထိုအောင်မြင်မှုသည် ဆရာမရှိဘဲနှင့် ဘာအဓိပ္ပာယ် ရှိပါတော့မည်နည်း?
ဂူရွန်ဟွာသည် ထိုအတွေးကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ဆရာ၏ သက်တမ်းကုန်ဆုံးတော့မည့် အချိန်၊ ဆေးနတ်မင်း ပြောကြားခဲ့သည့် ဤနှစ်ကုန်ပိုင်းသည် တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။ ကျွန်မ၏ ဓားမှ ဇွန်ပန်းများ ပွင့်လန်းမလာခင် လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးသည်။ သို့သော်လည်း ဆရာ့ကို ထိုလှပသော (ဇွန်ပွင့်)ဇီးပန်းပွင့်ဓားသိုင်း အစွမ်းကို ပြသသွားချင်သေးသည်။
‘ငါ့မှာသာ... အဲ့ဒီလူလို ပါရမီရှိခဲ့ရင်...’
တတိယမျိုးဆက် တပည့်များထဲတွင် အငယ်ဆုံးဖြစ်ပြီး ဟွာ တောင်ဂိုဏ်း၏ အနာဂတ်ဟု တင်စားခံထားရသူ။ ဓားနဂါး ယွန်ဖုန်း(Yung Pung)။ ကျွန်မမှာသာ သူ့လို ပါရမီရှိခဲ့လျှင် ယခုကဲ့သို့ စိတ်အားငယ်နေရမည် မဟုတ်ပေ။ မသိစိတ်ထဲမှပင် ယွန်ဖုန်အပေါ် မနာလိုစိတ်များ ဝင်လာမိသည်။ သူကဲ့သို့ ဖြစ်လာရန် နည်းလမ်းမရှိမှန်း သိနေရခြင်းကလည်း စိတ်ကို ပို၍ လောင်မြိုက်စေသည်။ ထို့ကြောင့် ကျွန်မ၏ ဓားကွက်များသည် မှန်ကန်စွာ ထွက်မလာတော့ပေ။
“...ဟူး။”
ဓားကို အကြာကြီး ဝေ့ယမ်းထားသဖြင့် လက်များ ထုံကျဉ်နေပြီ။ သို့သော်လည်း ဆက်လက်လေ့ကျင့်ရန်သာ စိတ်ထဲတွင် ရှိနေသည်။ ဆရာသည် ယခုအချိန်တွင် ဘာမျှသင်ကြားပေးနိုင်သည့် အခြေအနေ၌ မရှိပေ။ ထို့ကြောင့် ကျွန်မကိုယ်တိုင်သာ အားလုံးကို သင်ယူရမည်။
“...အင်း။”
ကျွန်မ စိတ်ဓာတ်ကျလေလေ၊ ဘာတစ်ခုမှ အဆင်မပြေဖြစ်လေလေပင်။ ယနေ့နံနက်က မြင်တွေ့ခဲ့ရသော မြင်ကွင်းကြောင့် ပို၍ပင် ခံစားနေရသည်။ ဂူယန်ချွန်းနှင့် သူ၏ဘေးနားမှ မိန်းကလေးများ ပျော်ပါးနေသည့် မြင်ကွင်း။ အချိန်အတော်ကြာမှ ပြန်တွေ့ရသော ထိုဆွေမျိုးသားချင်းသည် ယခင်ကထက်ပင် ပို၍ သနားစရာကောင်းသော အခြေအနေသို့ ရောက်နေပုံရသည်။ ကျွန်မ၏ အမှတ်တရထဲမှ အစ်ကိုကြီးသည် သေဆုံးသွားခဲ့ပြီ။ အမေ ဤလောကမှ ထွက်ခွာသွားသည့်နေ့မှာပင် သူလည်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ ကျွန်မ ထိုသို့ ခံစားရသည်။ နှလုံးသားထဲတွင် အဆုံးမရှိသော နွေးထွေးမှုများရှိသည့် ကြင်နာတတ်သော ကောင်လေးသည် ဂူမျိုးနွယ်စု၏ မီးတောက်များကြားတွင် ရှင်လျက်နှင့် အလောင်ခံလိုက်ရပြီ။ ၎င်း၏အစား ကျန်ရှိနေသည်မှာ ယုတ်မာပြီး ကလဲ့စားချေလိုသော မိစ္ဆာဝိညာဉ်တစ်ခုသာ ဖြစ်သည်။
“ငါ... ငါ့မှာ မျှော်လင့်ချက် အနည်းငယ် ကျန်နေသေးတယ်ထင်တာ။”
အတော်ကြာမှ ပြန်တွေ့ရသော ဂူယန်ချွန်းသည် ယခင်နှင့် မတူဘဲ ကွဲပြားနေသယောင် ခံစားရသည်။ သူသည် ကျွန်မမှတ်မိသော နွေးထွေးသည့် အစ်ကိုကြီး မဟုတ်သေးသော်လည်း၊ နောက်ဆုံးတွေ့ခဲ့သည့် ရွံရှာဖွယ်ကောင်းသော လူစားမျိုးနှင့်မူ မတူတော့ပေ။ အနည်းဆုံးတော့ သူ၏ ထက်မြက်သော မျက်လုံးများထဲတွင် ရှိနေတတ်သည့် ရွံရှာဖွယ် အာသာဆန္ဒများ မရှိတော့သယောင် ရှိသည်။ ထို့ကြောင့် ကျွန်မ မျှော်လင့်ချက် ထားမိခြင်း ဖြစ်သည်။ တစ်ချိန်က ကျွန်မ သိခဲ့ပြီး မြတ်နိုးခဲ့သော အစ်ကိုကြီးအဖြစ်သို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု...။
သို့သော် ၎င်းမှာ အဓိပ္ပာယ်မရှိသော အတွေးသာ ဖြစ်သည်။
“အဲ့ဒါ မဖြစ်နိုင်ဘူး။”
ကြောက်စိတ်ဖြင့် အရာအားလုံးကို စွန့်လွှတ်ကာ ထွက်ပြေးလာခဲ့သော်လည်း ကျွန်မ၏ အတိတ်ကိုမူ ယခုထိ မစွန့်လွှတ်နိုင်သေးပေ။ အသုံးမကျသော အတွေးများဖြင့် စိတ်ရှုပ်ထွေးနေမိသဖြင့် ၎င်းတို့ကို မောင်းထုတ်ရန် ဓားကိုသာ ပို၍ ပြင်းပြင်းထန်ထန် ဝေ့ယမ်းလိုက်မိသည်။ ယနေ့သည် ဟွာတောင်ဂိုဏ်း၏ တပည့်များ လေ့ကျင့်ရန် တောင်ပေါ်သို့ တက်မလာကြသည့် နေ့ဖြစ်သည်။ ပြိုင်ပွဲကြောင့် ဖြစ်ဟန်တူသည်။ လူများနှင့် ရှုပ်ထွေးနေသော ပတ်ဝန်းကျင်တွင် လေ့ကျင့်ရသည်မှာ စိတ်မသက်သာသဖြင့် ဤကဲ့သို့သော အခြေအနေကို ပို၍ နှစ်သက်သည်။ ထို့ကြောင့် ကျွန်မ ထပ်မံလေ့ကျင့်နေစဉ်...
— ဝှစ်
ထူးခြားသော အသံအချို့ကြောင့် ကျွန်မ လေ့ကျင့်မှုကို ရပ်လိုက်မိသည်။
— ဝှစ်! ရှပ်... ဝှစ်!
တစ်စုံတစ်ယောက် ဓားဝေ့ယမ်းနေသည့် အသံ။ သို့သော် တစ်ခုခု ထူးခြားနေသည်။ ဟွာတောင်ဂိုဏ်း၏ ဓားသိုင်းသံများနှင့် မတူဘဲ လုံးဝ ကွဲပြားနေခြင်း ဖြစ်သည်။ ထို့ပြင် ကျွန်မ အဆက်မပြတ် ခံစားနေရသော ဤထက်မြက်သည့် အာရုံခံစားမှုက ဘာပါလိမ့်?
အသံလာရာဘက်သို့ ကျွန်မ ခြေလှမ်းလိုက်မိသည်။ ဟွာတောင်ဂိုဏ်း၏ သိုင်းပညာရှင်တစ်ဦး ဖြစ်နေမလားဟု တွေးမိသော်လည်း ခြေလှမ်းများကို ရပ်၍မရခဲ့ပေ။ အသံလာရာနေရာသို့ ရောက်ရှိသွားသောအခါ...
— ဝှစ်!
ဓားချက်တိုင်းမှ ထွက်ပေါ်လာသော ပြင်းထန်သည့် လေတိုးသံကြောင့် ကျွန်မ၏ ဆံပင်များ လွင့်ပျံသွားတော့သည်။
‘...ဟင်?’
ပထမဆုံး ကျွန်မမျက်စိထဲသို့ ဝင်လာသည်မှာ သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားပင် ဖြစ်သည်။ လှပသော ဓားကွက်များနှင့်အတူ လွင့်မျောနေသော ဆံပင်ဖြူဖြူများနှင့်၊ ဓားပေါ်မှာသာ အာရုံစိုက်ထားသည့် ဆွဲဆောင်မှုရှိသော ပြာလွင်သည့် မျက်လုံးများသည် အမှန်တကယ်ပင် မှော်ဆန်လှသည်။ သူမ၏ ခြေလှမ်းတိုင်းသည် ပေါ့ပါးသွက်လက်သော်လည်း၊ သူမ၏ ဓားချက်များမှာမူ ထိုခြေလှမ်းများကဲ့သို့ ပေါ့ပါးမည်မဟုတ်ကြောင်း ကျွန်မ ရာနှုန်းပြည့် အာမခံနိုင်သည်။
ခန့်ညားထည်ဝါမှု။ ပြင်းထန်သော လှုပ်ရှားမှုများကြားတွင် ခန့်ညားထည်ဝါမှုများ မည်သို့ ရောယှက်နေနိုင်သနည်း? ကျွန်မ နားမလည်နိုင်ပါ။ ကျွန်မမှာ ထိုအရာကို နားလည်နိုင်စွမ်းပင် မရှိခြင်းလော? ဆိုလိုသည်မှာ သူမသည် ကျွန်မထက် သိုင်းပညာတွင် အဆမတန် သာလွန်နေသည်ဟု ဆိုလိုခြင်းလော? အတွေးများစွာ ခေါင်းထဲသို့ ဝင်လာသော်လည်း ကျွန်မ၏ မျက်လုံးများမှာမူ သူမ၏ ဓားကွက်များထံမှ လွှဲဖယ်၍မရခဲ့ပေ။ ထိုသို့ ချောမွေ့သော လှုပ်ရှားမှုများ မည်သို့ ရှိနိုင်သနည်း? ဓားကို ဝေ့ယမ်းနေချိန်တွင် သူမ ဘာတွေ ခံစားနေရသနည်း? ကျွန်မ တွေးနေမိသည်မှာ... တစ်နေ့တွင် ကျွန်မလည်း ဤကဲ့သို့ ဓားကို ဝေ့ယမ်းနိုင်သည့် အဆင့်သို့ ရောက်နိုင်မည်လားဟူ၍...။
ထိုအတွေးကြောင့် ကျွန်မ၏ နှလုံးခုန်သံများ မြန်လာသည်ကိုပင် ကြားနေရသည်။ သူမကို ကြည့်နေခြင်းက ကျွန်မ၏ လေ့ကျင့်မှုကို အနှောင့်အယှက် ဖြစ်စေမှန်း သိသော်လည်း၊ ဤထူးခြားဆန်းပြားသော ဓားသိုင်းကို ဆုံးအောင်ကြည့်လိုက်လျှင် တစ်ခုခု ရရှိလိမ့်မည်ဟု ခံစားမိသည်။ ထိုမိန်းကလေးသည် သူမ၏ ဓားသိုင်းဖြင့် လေကို ထပ်မံပိုင်းဖြတ်ရန် ပြင်လိုက်စဉ်...
“...ဟူး။”
နောက်ဆုံး ဓားချက်ကိုပင် မပြီးဆုံးသေးဘဲ သူမ၏ လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားခဲ့သည်။ သူမ ရပ်လိုက်သည်ကို မြင်သောအခါ ကျွန်မ၏ စိတ်ထဲတွင် စိတ်ပျက်မှုနှင့် မပြည့်စုံမှုများကို ခံစားလိုက်ရသည်။ အဆုံးအထိ ကြည့်လိုက်ရလျှင် တစ်ခုခု ရနိုင်မည်ဟု ထင်မိသောကြောင့် ဖြစ်သည်။ သို့သော် စိတ်ပျက်မှုထက် ပို၍ ကြီးမားသော ပြဿနာတစ်ခု ရှိနေသည်။ ၎င်းမှာ ကျွန်မသည် သူမ လေ့ကျင့်နေသည်ကို ခိုးကြည့်မိခြင်း ဖြစ်သည်။ ထို့ပြင် သူတစ်ပါး၏ လေ့ကျင့်မှုမှ တစ်ခုခုကို သင်ယူရန် ကြိုးစားခဲ့မိသည်။ မေ့မေ့လျော့လျော့ဖြင့် ကြည့်နေမိသော်လည်း ထိုသို့ပြုလုပ်ခြင်းအတွက် ဆင်ခြေပေးစရာ မရှိပေ။ ပြင်ပလူတစ်ဦး ဝါးတောင်ပေါ်တွင် လာရောက်လေ့ကျင့်နေသည်ကို အကြောင်းပြချက်အဖြစ် သုံးရမလား?
ကျွန်မ တွေးတောနေစဉ်မှာပင် ထိုမိန်းကလေး၏ မျက်လုံးများသည် ကျွန်မနှင့် ဆုံသွားတော့သည်။
“...ဟင်?”
အနီးကပ် မြင်လိုက်ရသောအခါ သူမ၏ မျက်နှာသည် ရင်းနှီးနေသယောင် ရှိသည်။ သူမတွင် ဆံပင်များကဲ့သို့ ဖြူဖွေးသော အသားအရေနှင့် ဆွဲဆောင်မှုရှိသော ပြာလွင်သည့် မျက်လုံးများ ရှိသည်။ ချွေးများ စိုရွှဲနေသော်လည်း ညစ်ပတ်သည်ဟု မထင်ရဘဲ ပို၍ပင် ဆွဲဆောင်မှု ရှိနေသည်။ မိန်းကလေး အချင်းချင်းပင် ငေးကြည့်ရလောက်အောင် လှပလွန်းလှသည်။ ထို့ပြင်... သူမသည် ဂူယန်ချွန်းနှင့်အတူ ရှိနေသော မိန်းကလေးများထဲမှ တစ်ဦး ဖြစ်နေသည်။
‘...သူမက သိုင်းပညာရှင်လား?’
နံနက်ပိုင်းက မြင်ကွင်းကြောင့် သူမကို ကျွန်မအစ်ကိုနောက် လိုက်နေသည့် အလှလေးတစ်ဦးဟုသာ ထင်ခဲ့သော်လည်း၊ သူမသည် သိုင်းပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ပေ။ ကျွန်မတို့ အကြည့်ချင်း ဆုံလိုက်သည့်အခါ ကျွန်မထံမှ ချွေးများ ပို၍ ထွက်လာမိသည်။ သူမ၏ တည်ငြိမ်လွန်းသော မျက်နှာကြောင့် ဘာတွေးနေသည်ကို မသိနိုင်ပေ။ သူမသည် ကျွန်မကို တစ်ချက်ကြည့်ကာ ခေါင်းကို စောင်းလိုက်ပြီး၊ ကျွန်မလက်ထဲမှ သစ်သားဓားကို မြင်သောအခါ ခေါင်းတစ်ချက် ငြိမ့်ပြသည်။ ၎င်းက ဘာကို ဆိုလိုခြင်းနည်း? ခိုးကြည့်သည့်အတွက် ပြဿနာတက်တော့မည်ဟု စိုးရိမ်နေစဉ်မှာပင် သူမ၏ နှုတ်မှ ထွက်လာသော စကားလုံးမှာ... လုံးဝ မထင်မှတ်ထားသောအရာ ဖြစ်သည်။
“...ချင်လား...”
“ရှင်?”
“...ယှဉ်မလား?”
ကျွန်မ နားကြားမှားသလားဟု ထင်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
ယခု လက်ရှိအချိန်သို့ ရောက်လာခဲ့ပြီ။ တော်သေးသည်မှာ သူမသည် ကျွန်မ ခိုးကြည့်မိခြင်းအပေါ် စိတ်ဆိုးပုံမရပေ။ အမှန်တကယ်တော့ သူမသည် ထိုကိစ္စကို လုံးဝ ဂရုမစိုက်ပုံရသည်။ ၎င်းကပင် ကျွန်မကို သိုင်းပညာရှင်တစ်ဦးအနေဖြင့် အံ့အားသင့်စေသည်။ သူမ မည်သို့ ဤမျှ တည်ငြိမ်နေနိုင်သနည်း? ထို့ပြင် သူမ၏ ယှဉ်ပြိုင်ရန် စိန်ခေါ်မှုကို ကြားသောအခါ ကျွန်မ ဆွံ့အသွားခဲ့ရသည်။ သူမသည် ခိုးကြည့်မိသည့်အတွက် သင်ခန်းစာပေးရန် ကြိုးစားနေခြင်းလောဟု တွေးမိသော်လည်း ထိုအတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်သည်။ သိုင်းပညာရှင်တစ်ဦး၏ ဘဝတွင် ဤကဲ့သို့သော အခွင့်အရေးမျိုးသည် အမြဲမရနိုင်သဖြင့် စိန်ခေါ်မှုကို လက်ခံလိုက်သည်။
ထို့ကြောင့် ကျွန်မတို့အကြား ယှဉ်ပြိုင်မှု စတင်ခဲ့သည်။ ကျွန်မသည် သူမထံသို့ အကြိမ်ကြိမ် ဝင်ရောက်တိုက်ခိုက်သော်လည်း၊ သူမ၏ အဝတ်စကိုပင် ကျွန်မ၏ သစ်သားဓားဖြင့် ထိအောင် မလုပ်နိုင်ခဲ့ပေ။ ကျွန်မ၏ ယူနီဖောင်းမှာမူ မြေကြီးပေါ်တွင် လူးလှိမ့်တိုက်ခိုက်နေရသဖြင့် ဖုန်များ ပေကျံနေပြီ ဖြစ်ကာ၊ နားချိန်မရှိ လှုပ်ရှားနေရသဖြင့် အားအင်ကုန်ခမ်းကာ တစ်ကိုယ်လုံး တုန်ယင်နေပြီ ဖြစ်သည်။ ကျွန်မသည် နမ်ဂေါင်းဘီအာကို မောဟိုက်သော မျက်လုံးများဖြင့် မော့ကြည့်ရင်း တွေးလိုက်မိသည်မှာ ‘...သူမကို တစ်ချက်လေးတောင် မထိနိုင်တာ ဘာလို့လဲ?’
အမြဲတမ်း လက်မတင်လေး လွဲချော်နေခြင်းက နမ်ဂေါင်းဘီအာသည် ကျွန်မကို တမင်တကာ အနီးကပ်ပေးထိနေခြင်းလားဟု ထင်စေသည်။ ‘...ဒါပေမဲ့ ဘာလို့လဲ?’ သူမ ကျွန်မကို သင်ပေးနေတာလား? ဒါဆိုရင် ဘာဖြစ်လို့လဲ?
အမောဖြေပြီးနောက် သူမကို ရင်ဆိုင်ရန် ထပ်မံ ထရပ်လိုက်သည်။ ကျွန်မကို စောင့်နေသော နမ်ဂေါင်းဘီအာသည် တစ်ယောက်တည်း လေ့ကျင့်စဉ်ကကဲ့သို့ပင် အမောတောင် မဖောက်ပေ။ အမှန်အတိုင်း ပြောရလျှင် သူမသည် ပျင်းရိနေသည့်ပုံပင် ပေါက်နေသည်။ သူမ၏ အဆင့်အတန်းနှင့်ဆိုလျှင် ဒုတိယမျိုးဆက် တပည့်များကိုပင် အလွယ်တကူ ရင်ဆိုင်နိုင်လိမ့်မည်ဟု ခံစားရသည်။ သူမ၏ အသက်ကို မသိသော်လည်း ၂၀ ဝန်းကျင်ခန့်သာ ရှိဦးမည်။ သူမသည် ယွန်ဖုန်းထက်ပင် သိပ်မကြီးပေ။ ကမ္ဘာပေါ်တွင် ပါရမီရှင်များစွာ ရှိနေပါလားဟု တွေးမိကာ မိမိကိုယ်ကိုယ် ဂုဏ်ယူစိတ်များ ထိခိုက်လာရသည်။
မကြာမီ နံနက်ပိုင်းက ကိစ္စကို သတိရကာ သူမကို မေးလိုက်မိသည်။
“...ကျွန်မတို့ မနက်က တွေ့ခဲ့ကြတယ် မဟုတ်လား?”
“...?”
“အဲ့ဒီကောင်လေးနဲ့ ဘာပတ်သက်တာလဲ?”
မထင်မှတ်ဘဲ ကျွန်မ၏ မေးခွန်းက သူမကို ထိခိုက်သွားပုံရသည်။ ဘာကြောင့်လဲဆိုသော် သူမ၏ ခံစားချက်ကင်းမဲ့သော မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ သူမ၏ မျက်လုံးများ အနည်းငယ် ကျယ်လာပြီး မျက်ခုံးများလည်း အနည်းငယ် တွန့်ချိုးသွားသည်။ နမ်ဂေါင်းဘီအာသည် ဘာပြန်ပြောရမလဲဟု ခဏစဉ်းစားပြီးမှ...
“စေ့စပ်ထားသူ...”
“...သူက အစ်မ ဘေးနားမှာ ရှိနေသင့်တဲ့ လူမျိုးမဟုတ်ဘူး။”
“...ဟင်?”
“သူနဲ့ ဘယ်လို ပတ်သက်သွားလဲတော့ မသိပေမဲ့... အစ်မလို လူမျိုးက သူ့ဘေးမှာ ရှိနေရတာ နှမြောဖို့ကောင်းလိုက်တာ... ဘာကိုမှ ကြိုးစားအားထုတ်မှု မရှိတဲ့ အဲ့ဒီလို ရွံစရာကောင်းပြီး ရုပ်ဆိုးတဲ့လူရဲ့ ဘေးမှာ နေရတာက... တကယ်ကို အလဟဿ ဖြစ်ရတာပဲ။”
“...”
“ဒါကြောင့် အခု မနောက်ကျသေးခင်မှာ—”
ကျွန်မ စကားကို မဆုံးလိုက်ရပါ။ ပတ်ဝန်းကျင်၏ လေထုက ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ကျွန်မရှေ့မှ မိန်းကလေးသည် တည်ငြိမ်သော မျက်နှာထားအတိုင်း ရှိနေဆဲ ဖြစ်သော်လည်း တစ်ခုခုတော့ ကွဲပြားသွားပြီ။
— ဒုန်း!
သူမ ကျွန်မထံသို့ ခြေတစ်လှမ်း တိုးလာသည်နှင့် ကျွန်မ၏ ဓားကို ချက်ချင်း အသင့်ပြင်လိုက်မိသည်။ ‘...ဘာဖြစ်တာလဲ?’ တစ်ခုခု ပြောင်းလဲသွားမှန်း သိသော်လည်း ဘာလဲဆိုသည်ကိုမူ မသိပေ။ ကျွန်မရှေ့တွင် ရပ်နေသော လူသည် တစ်စုံတစ်ယောက်ကို သတိရစေသည်။ ဓားသခင်။ ကျွန်မ၏ ဆရာ... မကြာသေးမီက ဆရာ ကျန်းမာရေး အနည်းငယ် ကောင်းမွန်နေစဉ်က ပြသခဲ့သော လွှမ်းမိုးနိုင်သည့် အရှိန်အဝါမျိုးကို ယခု ကျွန်မဆီသို့ လျှောက်လာနေသော ထိုမိန်းကလေးထံမှ ခံစားနေရသည်။ ကျွန်မ၏ ခေါင်းထဲတွင် အချက်ပေးသံများ မြည်လာပြီး၊ ကျန်ရှိသမျှ ချီ (အတွင်းအား) အနည်းငယ်ကို ဓားထဲသို့ ထည့်ကာ လာတော့မည့် အန္တရာယ်ကို ကာကွယ်ရန် ပြင်လိုက်ရသည်။
ထိုမိန်းကလေးက ပြောလိုက်သည်။
“...ရုပ်မဆိုးဘူး။”
“ရှင်...?”
“သူက ရုပ်မဆိုးဘူး။”
သူမ စိတ်ဆိုးနေတာလား? စောစောက သူမ၏ အသံသည် အလွန်တိုးညင်းသော်လည်း ယခုအခါမူ အသံက ပို၍ ခိုင်မာလာသည်။ ပြင်းထန်သော စွမ်းအင်များကို ကြည့်ခြင်းအားဖြင့် ကျွန်မ သိလိုက်ရသည်။ သူမသည် စောစောက ကျွန်မကို လျှော့ပေးထားခြင်း ဖြစ်ကြောင်း။ ထိုသို့ လျှော့ပေးထားမှန်း သိသော်လည်း သူမသည် ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ကျွန်မတို့အကြား နားလည်မှုလွဲခြင်း ဖြစ်နိုင်သဖြင့် ဖြေရှင်းရန် နည်းလမ်းရှာသော်လည်း၊ သူမ၏ ပြင်းထန်သော အရှိန်အဝါကြောင့် ကျွန်မ၏ ခန္ဓာကိုယ်သည် ထိုနေရာမှာပင် တောင့်တင်းသွားခဲ့ရသည်။ ကျွန်မ အလွန်အမင်း ကြောက်လန့်နေမိပြီ။
“အဲ့ဒီလိုမျိုး ထပ်ပြောဦးမယ်ဆိုရင်...”
ထိုမိန်းကလေး၏ ခြေလှမ်းများ ပိုမြန်လာသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ပုံရိပ်သည် ကျွန်မမျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
“အပြစ်ပေးခံရမယ်...”
ပြာလွင်သော အလင်းတန်းတစ်ခုနှင့်အတူ သစ်သားဓားတစ်လက်သည် ကျွန်မ၏ မျက်စိရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ ကျွန်မ မျက်လုံးများကို တင်းတင်းပိတ်လိုက်မိသည်။ ကျွန်မ အမြင်မှားတာလား? မျက်လုံးမပိတ်ခင်လေးမှာပဲ... ကျွန်မဘေးပတ်ပတ်လည်မှာ မီးတောက်တွေ ဝန်းရံနေသလို ခံစားလိုက်ရတယ်...