အခန်း (၇၅) နွေလယ်ခေါင်၏အအေးဓာတ်(၁)
ကျွန်ုပ် တဲအိမ်လေးထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ခပ်ဖျော့ဖျော့ အသက်ရှူရင်း အိပ်မောကျနေသည့်ဇွန်ပန်းဓားမယ်ကို တွေ့လိုက်ရသည်။ သူမ နိုးမသွားစေရန် သတိထားရင်း အားနေသည့် နေရာတစ်ခုတွင် အသာအယာ ထိုင်လိုက်၏။ မ သေဆေးဆရာက ဒဏ်ရာကို ဆေးထည့်ပေးရန် အဝတ်ပတ်တီးနှင့် ဆေးအချို့ကို အံဆွဲထဲတွင် ရှာဖွေနေသည်။ ကိုယ်တွင်း၌ သင့်တင့်သော ချီ (သို့မဟုတ်) အတွင်းအား ရှိသည့် သိုင်းသမားတစ်ဦးအတွက် ဤမျှ ဒဏ်ရာအသေးအဖွဲမှာ မကြာခင် ပြန်ကောင်းသွားမည့်အရာမျိုးဖြစ်သည်။
“မင်း အဲဒီလိုမျိုး တွေးနေတာတော့ မဟုတ်ဘူးမလား?”
“...အာ... မဟုတ်ပါဘူးဗျာ။”
တော်တော်လေး အကဲခတ် တော်တာပဲ...!
“သိုင်းသမား ဖြစ်နေရုံနဲ့ လည်ပတ်ပြတ်သွားတာ ဒါမှမဟုတ် နှလုံးအထုတ်ခံရတာမျိုးဆိုရင်တော့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”
ထိုသို့ ပြောပြီးနောက် မ သေဆေးဆရာက ဒဏ်ရာရနေသော ကျွန်ုပ်၏လက်ကို ဆေးထည့်ပေးသည်။ အစပိုင်းတွင် အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်သွားသော်လည်း ပတ်တီးစည်းပေးလိုက်သည့်အခါ ခံစားရတာ သက်သာသွား၏။
“မင်းလိုလူမျိုးကတော့ အဲဒါကို တခြားသူတွေထက် ပိုသိမယ်လို့ ငါထင်တယ်။”
“...ဗျာ?”
“အပြင်မှာ ဘာဖြစ်ခဲ့တာလဲ?”
“...!”
မ သေဆေးဆရာ၏ ပါးစပ်မှ ရုတ်တရက် ထွက်ပေါ်လာသည့် မမျှော်လင့်ထားသော စကားကြောင့် ကျွန်ုပ် မှင်တက်သွားမိသည်။ အပြင်မှာ ဖြစ်ခဲ့တာအားလုံးကို သိပြီးမှ ကျွန်ုပ်ကို မေးနေခြင်းလော။ သူသည် အပြင်က အဖြစ်အပျက်ကို အသေအချာ သိရှိကြောင်း သေချာစေသည့် တည်ကြည်သော မျက်နှာပေးမျိုး ရှိနေသည်။ သူ ဘယ်လို သိသွားတာလဲ? ကျွန်ုပ် အတတ်နိုင်ဆုံး သွေးတွေ မပေကျံအောင် သတိထားခဲ့တာပဲကို။ အစပိုင်းတွင်တော့ မသိသလို ဟန်ဆောင်ရန် စဉ်းစားမိသော်လည်း၊ ကောင်းကင်ဇွန်ပန်းကို သတင်းပို့လျှင် သူက မ သေဆေးဆရာကို ပြန်ပြောပြမည်ဖြစ်၍ ဖုံးကွယ်ထား၍ ရမည်မဟုတ်ပေ။ ထို့ကြောင့် ခပ်ပါးပါး ပြုံးရင်း ပြန်ဖြေလိုက်သည်။
“အပြင်က လူရမ်းကား အချို့ကို ရှင်းပစ်ခဲ့တာပါ။ တဲအိမ်အနားမှာ လူအချို့ ချောင်းမြောင်းနေတာ တွေ့လို့။”
“...သူတို့က ခြိမ်းခြောက်မှု ဖြစ်နိုင်ခြေ ရှိလို့လား?”
“ဟုတ်ကဲ့၊ သူတို့က အဓမ္မဂိုဏ်း (Unorthodox Faction) က လူတွေလို့ ထင်ပါတယ်။”
“...”
မ သေဆေး၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ကျွန်ုပ်ကို သနားသွားသည့်ပုံစံ ဖြစ်သွားသည်။ သူ ဘာလို့ အဲဒီလို မျက်နှာမျိုး လုပ်နေတာလဲ? ကျွန်ုပ်က ငယ်သေးလို့လား? ‘ငါက ငယ်တော့ ငယ်ပါသေးတယ်လေ။’
“...ဒါက မင်းအတွက် ပထမဆုံးအကြိမ်လား?”
“ဘာကို ပြောတာလဲ...”
“လူသတ်တာကို ပြောတာ။”
ထိုမေးခွန်းကို ကျွန်ုပ် မည်သို့ ပြန်ဖြေရမှန်း မသိသဖြင့် ငြိမ်နေမိသည်။ သူ ဘာလို့ ကျွန်ုပ်ကို ထိုသို့ ကြည့်နေတာလဲဟု စဉ်းစားမိသော်လည်း ‘ထိုအရာ’ ကြောင့် ဖြစ်နိုင်ပါသည်။ ယခင်တိုက်ပွဲကြောင့် ကျွန်ုပ်၏ လက်များမှာ အနည်းငယ် တုန်ယင်နေဆဲဖြစ်ပြီး မ သေဆေးက ကျွန်ုပ်၏ တုန်ယင်နေသော လက်များကို ကြည့်ကာ အလွန်အမင်း တည်ကြည်နေသည်။ ထိုအချိန်တွင် ကျွန်ုပ် သူ့ကို ပြောနိုင်သည်မှာ တစ်ခုတည်းသာ ရှိသည်။
“ကျွန်တော် အဆင်ပြေပါတယ်။”
ကျွန်ုပ်၏ ခန္ဓာကိုယ်မှာ အပြည့်အဝ စိတ်မအေးရသေးသော်လည်း ဤအရာအားလုံးကို အလေးအနက် စဉ်းစားနေခြင်းမျိုး မဟုတ်ပေ။ ဒါက သူ့အပြစ်လို့ သူထင်နေတာလား? သူက ကျွန်ုပ် ထင်ထားတာထက် ပိုပြီး စာနာတတ်တဲ့ အဖိုးကြီးပဲ။ သူ ဘာကြောင့် ဆရာဝန်တစ်ယောက် ဖြစ်လာသလဲဆိုတာ အဓိပ္ပာယ်ရှိသွားပြီ။
“ဒါက ကျွန်တော့်ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန် ကြုံတွေ့ရမယ့် အရာပဲလေ။”
မ သေဆေးဆရာသည် မည်သူပင်ဖြစ်စေ လူသားအားလုံး၏ အသက်ကို တန်ဖိုးထားသူဖြစ်ပြီး၊ ကျွန်ုပ်ကလည်း သူ့ကို လူတိုင်းအပေါ် အညီအမျှ မဆက်ဆံပါနှင့်ဟု ပြောဆိုမည့်သူ မဟုတ်ပါ။ ဤအရာအားလုံးသည် သိုင်းသမားများအတွက်တော့ သိပ်ပြီး အရေးမပါလှပေ။ ထို့ကြောင့်လည်း မ သေဆေးသည် ယခုလို စိတ်မကောင်းဖြစ်နေသော မျက်နှာအမူအရာမျိုး ပြနေခြင်းဖြစ်နိုင်သည်။
“တဲအိမ်အနားမှာ လူတစ်စု ချောင်းနေတာပါ။ ကျွန်တော်သာ ကောင်းကင်ဇွန်ပန်းကို ပြောပြလိုက်ရင်လည်း သူက တစ်ခုခု လုပ်မှာပဲလေ။”
“ကျေးဇူးတင်ပါတယ်။”
သူ့ဆီက ကျေးဇူးတင်စကား ကြားလိုက်ရသဖြင့် ကျွန်ုပ် အံ့အားသင့်သွားမိသည်။ သူ့ဆီက ဤစကားကို ကြားရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ မသေဆေးဆရာက ကျွန်ုပ်၏ အတွေးကို ဖတ်မိသွားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာမျက်နှာလုပ်နေတာလဲ? ငါ့ကို ကူညီတဲ့လူကို ကျေးဇူးတင်ရမှန်းတောင် မသိတဲ့လူလို့ မင်းထင်နေတာလား?”
“...မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ပါဘူး။”
“အဲဒီလို မဟုတ်ဘူးဆိုတဲ့ စကားကို လာမပြောနဲ့၊ တခြားနေရာမှာလည်း လာပြီး မလိမ်နဲ့။ မင်းမျက်နှာက အားလုံးကို ဖော်ပြနေတယ်။”
‘...တကယ်ကြီးလား?’
「မင်းမျက်နှာက အကုန်ပေါ်နေတာ၊ ဒါကြောင့် လိမ်ဖို့တောင် မကြိုးစားနဲ့တော့။」
‘...ဟင်း။’
တကယ်ကြီး အဲဒီလောက် ဆိုးနေတာလား? အခုထိတော့ ကျွန်ုပ် ကောင်းကောင်း ဖုံးကွယ်နိုင်ခဲ့တယ်လို့ ထင်နေတာ။ ဒဏ်ရာကို ဆေးထည့်ပြီးသွားပြီဖြစ်၍ ကျွန်ုပ် ထရပ်ရန် ပြင်လိုက်သည်။
“...လေ့ကျင့်ခန်းတွေ အရမ်းအကျွံ မလုပ်နဲ့ဦး၊ ပြီးတော့ စားတဲ့အခါ ဟင်းသီးဟင်းရွက်တွေ ပိုစားပေး။”
မ သေ ဆေးဆရာ၏ ရုတ်တရက် စကားကြောင့် ကျွန်ုပ် ခြေလှမ်းတုံ့သွားသည်။ ကျွန်ုပ် ပြန်ကြည့်လိုက်သည့်အခါ မ သေ ဆေးကအဟမ်းဟု ချောင်းဟန့်ကာ တဲအိမ်ထဲက ထွက်သွားရန် အချက်ပြသည်။ အပြင်သို့ နှင်ထုတ်ခံလိုက်ရသလို ခံစားချက်မျိုးနှင့် တဲအိမ်အပြင်ဘက်တွင် မှင်တက်ရပ်နေစဉ် ရှင်အဖိုးအို (Elder Shin) က ကျွန်ုပ်၏ စိတ်ထဲတွင် ရုတ်တရက် စကားပြောလာသည်။
「သူက မင်းခန္ဓာကိုယ်ထဲက စွမ်းအင်ကြောင့် အဲဒီလို ပြောလိုက်တာထင်တယ်။」
“ဩော်။”
ကျွန်ုပ်ကို ဆေးကုမပေးဘူး ဘာညာပြောနေပေမဲ့ သူက တကယ်တော့ ဂရုစိုက်ပေးတာပဲလား? ကျွန်ုပ် ထင်ထားတာထက် သူက ပိုပြီး ကြင်နာတတ်သူပဲ။
「ဒါနဲ့ ပြောဦးမယ်၊ မင်းကိုယ်ထဲက အဲဒီအရာကို ဘာလုပ်ဖို့ စိတ်ကူးထားလဲ?」
‘ဘာလုပ်ရမှာလဲ? ဒါက မပေါက်ကွဲပါစေနဲ့လို့ ဆုတောင်းရင်းပဲ ဆက်နေသွားရမယ်လို့ ပြောထားတာပဲ။ အဲဒီအတိုင်းပဲ လုပ်ရမှာပေါ့။’
「မင်းမှာ ဒီပြဿနာအတွက် အဖြေရှိတယ်လို့ အရင်က ပြောခဲ့ဖူးတယ်မလား။」
သူ့စကားကြောင့် ကျွန်ုပ် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ကျွန်ုပ်တွင် အစီအစဉ်တစ်ခု ရှိသော်လည်း ၎င်းကို လုပ်ဆောင်ရန် တွန့်ဆုတ်နေဆဲဖြစ်သည်။ သို့သော် အချိန်အများကြီး မရှိတော့သဖြင့် အမြန်ဆုံး ဆုံးဖြတ်ချက် ချရပေမည်။
“ဟေ့။”
ကျွန်ုပ် ရပ်နေစဉ် ဂူရွန်ဟွာက ရုတ်တရက် လှမ်းခေါ်လိုက်သည်။
“ဆေးကုတာ ပြီးပြီလား?”
“...မြင်တဲ့အတိုင်းပဲလေ...”
သူမက လက်ထဲတွင် မီးဖိုချောင်သုံးဓားဖြင့် ဟင်းသီးဟင်းရွက်အချို့ကို လှီးနေသည်။ အဲဒါ ဘာလဲ... အာလူးလား? အတော်လေး သေးငယ်အောင် လှီးဖြတ်ထားသဖြင့် အာလူးမှန်းတောင် ခွဲမရတော့ပေ၊ ထို့ကြောင့် သူမကို မေးကြည့်ရမလားလို့ စဉ်းစားနေမိသည်။ ဂူရွန်ဟွာက ထိုအာလူးတစ်လုံးတည်းကို လှီးဖြတ်ရန် အာရုံစိုက်နေသော်လည်း... တော်တော်ကြာအောင် လှီးဖြတ်ပြီးနောက် သူမက ရုတ်တရက် ပြန်ပြောလာသည်။
“...ဟို... နင်... အဆင်ပြေရဲ့လား?”
သူမ၏ မေးခွန်းကြောင့် ကျွန်ုပ် နားမလည်သလို ခေါင်းစောင်းကြည့်လိုက်ပြီးမှ၊ သူမက ကျွန်ုပ်၏ ဒဏ်ရာရထားသော လက်ကို ကြည့်ပြီး မေးနေခြင်းဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် ပြန်ဖြေလိုက်သည်။
“နင် စိုးရိမ်နေတာလား?”
ထိုစကားကို ကြားသည့်အခါ သူမက ကျွန်ုပ်ကို ရုတ်တရက် ပြန်အော်တော့သည်။
“ဘယ်သူက စိုးရိမ်တယ်လို့ ပြောလို့လဲ!? နင် ပြီးပြီဆိုရင် ဒီကနေ မြန်မြန်ထွက်သွားဖို့ ပြောမလို့။”
“ငါလည်း သွားတော့မလို့ပါ၊ မစိုးရိမ်ပါနဲ့။”
“မစိုးရိမ်ဘူးလို့ ပြောနေတယ်လေ...!”
သူမက အကြောင်းပြချက်မရှိဘဲ အသံကျယ်နေသဖြင့် ကျွန်ုပ် လျစ်လျူရှုလိုက်သည်။ ဂူရွန်ဟွာ တတွတ်တွတ် ပြောနေသည်ကို ထားခဲ့ပြီး ဝူတန်းတောင် (Mount Hua) သို့ ပြန်ရန် ပြင်လိုက်သည်။
ဝူတန်းတောင်သို့ ပြန်ရောက်သည့်အခါ ကောင်းကင်ဇီးပန်း၏ အိမ်သို့သွားပြီး ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။ စာတစ်စောင် ပေးပို့ရသည့် အလုပ်လေးမျှသာ ဖြစ်သော်လည်း၊ လူအချို့ကို သတ်ပြီး ပြန်ရောက်လာသည်ဟု ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာမှာ တည်ကြည်သွားသည်။
“တောင်းပန်ပါတယ်။”
ထိုတည်ကြည်သော မျက်နှာဖြင့် သူ ပထမဆုံး ပြောလိုက်သည့် စကားမှာ မမျှော်လင့်ထားသော တောင်းပန်စကား ဖြစ်နေသည်။ ကျွန်ုပ်က အဆင်ပြေပါသည်ဟု ပြန်ပြောလိုက်၏။ ကံကောင်းထောက်မစွာဖြင့် တောအုပ်ထဲတွင် ကျွန်ုပ် လုပ်ခဲ့သည့် အရှုပ်အထွေးများအကြောင်း သူ မမေးမြန်းခဲ့ပေ။ နောက်မှ သူသွားရောက် စစ်ဆေးမည်ဟုသာ ပြောသည်။ ထိုနေရာသို့ ကင်းထောက်ရန် သိုင်းသမားအချို့ စေလွှတ်မည်ဟု ပြောပြီးနောက် ဤကိစ္စမှာ ပြီးဆုံးသွားသော်လည်း သူ၏ မျက်နှာမှာ စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။
“...အဲဒီနေရာကို အသေအချာ စစ်ဆေးဖို့ လိုအပ်မယ်ထင်တယ်။”
အကာအကွယ် စည်းဝိုင်းအနားတွင် လူများ ရှိနေခြင်းနှင့် တစ်ယောက်က လွတ်မြောက်သွားခြင်းကို သူ စိုးရိမ်နေသည်။ ကောင်းကင်ဇီးပန်းက (ဇွန်ပန်းဓားသခင်မ)ဇီးမွှားပန်းဓားမယ်ကို ထိုအကာအကွယ်စည်းဝိုင်းထဲတွင် စောင့်ရှောက်ထားသည်ကို သိရှိသူမှာ အနည်းငယ်သာ ရှိသည်။ သို့သော် ကျွန်ုပ်ကဲ့သို့ အပြင်လူတစ်ယောက် သိသွားသည်ကို ထောက်ဆလျှင် ယခုဖြစ်ရပ်အတွက် ကျွန်ုပ်ကို သံသယဝင်နိုင်သော်လည်း၊ ကောင်းကင်ဇီးပန်းက ထိုသို့ တွေးတောပုံမရပေ။ ဝူတန်းတောင်ဂိုဏ်းမှ သိုင်းသမားအချို့ မကြာသေးမီက ပျောက်ဆုံးနေသည့် ဖြစ်ရပ်များ ရှိနေသော်လည်းဖြစ်သည်။
‘အဲဒါကလည်း အနက်ရောင်နန်းတော် (Black Palace) ရဲ့ လက်ချက်ပဲလား?’
ကျွန်ုပ် မသိသော်လည်း ထိုသို့ဖြစ်ဖို့ ရာခိုင်နှုန်း များလှသည်။ ဤအချိန်ကာလတွင် သူတို့ ဘာတွေ လုပ်နေကြသလဲ၊ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာချီ (Demonic Qi) အနည်းငယ် ဘာကြောင့် ရှိနေသလဲဆိုတာ သိချင်မိသည်။ သို့သော် သိရှိရန် နည်းလမ်းမရှိပေ။ ကျွန်ုပ်ကိုယ်တိုင်ပင် ကျွန်ုပ်၏ ခန္ဓာကိုယ်ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသောကြောင့် ဖြစ်သည်။
“ကလေး။”
“ဟုတ်ကဲ့။”
သူ ခေါ်လိုက်သည်နှင့် ကျွန်ုပ် ချက်ချင်း ထူးလိုက်သည်။ ခဏကြာ အတွေးများကို စုစည်းပြီးနောက် သူ၏ မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ယခုလို အချိန်မျိုးမှာတောင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တာ... ကျွန်ုပ် မသိစိတ်က သူ့ကို လေးစားသွားမိသည်။
“မင်း ဒီအလုပ်မှာ အခက်အခဲတွေ ကြုံခဲ့ရတာပဲ... ဒါကြောင့် ရက်အနည်းငယ်ကြာရင် မင်းအတွက် လက်ဆောင်တစ်ခုနဲ့ ငါလာခဲ့မယ်။ မင်းကို ဒီမှာ ကြာကြာထားရင် ပိုပြီး ပင်ပန်းနေမှာစိုးလို့။”
“လက်ဆောင်?”
“ဝူတန်းတောင်ဂိုဏ်းရဲ့ ပဋိပက္ခထဲမှာ အပြင်လူတစ်ယောက် ပါဝင်ပတ်သက်ခဲ့ရတာဆိုတော့၊ သင့်တင့်တဲ့ အကျိုးခံစားခွင့် ပေးဖို့က ငါ့တာဝန်ပဲ။”
ကျွန်ုပ်၏ မီးသိုင်း (Flame Arts) ဖြင့် သူတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ကို သူ အပြစ်တင်နိုင်သော်လည်း၊ သူက ကျွန်ုပ်အတွက် တစ်ခုခု လုပ်ပေးမည်ဟု ပြောသဖြင့် ကျွန်ုပ် ပါးစပ်ပိတ်နေလိုက်သည်။
‘လက်ဆောင်ကို ဘယ်လို ငြင်းမလဲ?’
ထိုသို့ တွေးပြီးနောက် ကျွန်ုပ် ခေါင်းညိတ်နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ ကျန်တာကို ဝူတန်းတောင်ဂိုဏ်းက ဆက်လက် ဆောင်ရွက်သွားမည်ဟု သူ ပြောခဲ့သဖြင့် ကျွန်ုပ်ဘက်မှတော့ ပြဿနာ ပြေလည်သွားပြီဖြစ်သည်။ ကျွန်ုပ် ရရှိခဲ့သည့် အဆိုးဆုံးအရာမှာ လက်ရှိ ဒဏ်ရာအနည်းငယ်သာ ဖြစ်၍ အရာအားလုံးအတွက် ကျေးဇူးတင်မိသည်။
「မင်း အတော်လေး သက်သောင့်သက်သာရှိတဲ့ ကမ္ဘာမှာ ရှင်သန်နေတာပဲ သူငယ်နာလေးရဲ့။」
ရှင်အဖိုးအို ဘာကြောင့် အဲဒီလို ပြောတာလဲဆိုတာ ကျွန်ုပ် အနည်းနဲ့အများ နားလည်ပါသည်။ ဝူတန်းတောင်ဂိုဏ်း ဖြစ်နေလို့လည်း ဖြစ်နိုင်သော်လည်း၊ ယခု ကျွန်ုပ် ရှင်သန်နေသည့် ကမ္ဘာသည် အတိတ်ဘဝက ကျွန်ုပ် ကြုံတွေ့ခဲ့ရသည့် အနာဂတ်ကမ္ဘာထက် အများကြီး ပိုပြီး ငြိမ်းချမ်းနေသည်။
‘ဒါပေမဲ့ အဲဒီအနာဂတ်က သိပ်မဝေးတော့ဘူး။’
အလွန်ဆုံးရှိလှ နှစ်အနည်းငယ်သာ။ ကြောက်မက်ဖွယ်ကောင်းသော အချိန်ကာလ ရောက်လာရန် နှစ်အနည်းငယ်သာ လိုတော့သည်။
အလုပ်ကိစ္စ ပြီးသွားသည့်အခါ နေ့လယ်စာစားချိန်ထက် အနည်းငယ် ကျော်လွန်နေပြီဖြစ်သည်။ ကျွန်ုပ် တည်းခိုဆောင်ထဲသို့ ဝင်လိုက်သည့်အခါ အစေခံများက အိမ်မှုကိစ္စများ လုပ်နေကြသည်။
‘ဝီဆောအာ ဘယ်မှာလဲ?’
ကျွန်ုပ် ပြန်လာတိုင်း သူမကို ရှာနေကျမှာ အကျင့်တစ်ခုလို ဖြစ်နေပြီ။ မျှော်လင့်ထားသည့်အတိုင်း ဝီဆောအာသည် အစေခံများနှင့်အတူ အိမ်မှုကိစ္စများကို ကြိုးကြိုးစားစား လုပ်ကိုင်နေသည်။ သူမ ကျွန်ုပ်ကို မြင်သည့်အခါ တောက်ပစွာ ပြုံးပြပြီး လက်လှမ်းပြသည်။ ကျွန်ုပ်လည်း ပြန်နှုတ်ဆက်လိုက်၏။ ဝီဆောအာ ရှိနေလျှင် ဓားဧကရာဇ်လည်း ရှိနေမလားဟု စဉ်းစားမိသော်လည်း ဘယ်နေရာရှာရှာ မတွေ့ပေ။ ဝီဆောအာက ဂိုဏ်းထဲကို တစ်ယောက်တည်း ပြန်လာလိမ့်မည်ဟု မထင်ထားမိပေ။ သို့သော် ဓားဧကရာဇ်အတွက် ကျွန်ုပ်က စိုးရိမ်နေရန် မလိုအပ်သဖြင့်၊ သူ ရှန်းရှီး (Shaanxi) မှာ တစ်ခုခု လုပ်စရာရှိနေလိမ့်မည်ဟုသာ မှတ်ယူပြီး အခန်းထဲသို့ ဝင်လိုက်သည်။
နမ်ဂေါင်းဘီအာ အိပ်နေတုန်းလားဟု စဉ်းစားမိသော်လည်း အခန်းထဲတွင် ဘယ်သူမှ မရှိပေ။
“သူ ဘယ်သွားတာလဲ?”
စောင်များကို သေသေသပ်သပ် ခေါက်ထားသဖြင့် သူမ အခန်းထဲက ထွက်သွားသည်မှာ အတော်ကြာပြီဟု ထင်ရသည်။ ဒါပေမဲ့ ဝူတန်းတောင်မှာ သူမ သွားစရာ နေရာရှိလို့လား? ကျွန်ုပ် ဇဝေဇဝါဖြင့် စဉ်းစားနေစဉ် ဖြတ်သွားသည့် အစေခံတစ်ဦးက ကျွန်ုပ်ကို လှမ်းပြောသည်။
“နမ်ဂေါင်းသခင်မလေးက တောင်ပေါ်ကို သွားပါတယ်။”
“တောင်ပေါ်? အဲဒီကို သူ ဘာသွားလုပ်တာလဲ?”
“...ဟို... ကျွန်မ မြင်လိုက်တာတော့ သူမ သစ်သားဓားတစ်ချောင်း ယူသွားတယ်၊ လေ့ကျင့်ဖို့ သွားတာထင်တယ်ရှင်။”
“...ဩော် အေးအေး၊ ကျေးဇူးပဲ။”
“ဟု...ဟုတ်ကဲ့!”
ကျွန်ုပ် ကျေးဇူးတင်စကား ပြောလိုက်သည့်အခါ အစေခံမလေးမှာ တုန်လှုပ်သွားသည်။ ကျွန်ုပ်နှင့် အစေခံများကြား ဆက်ဆံရေး ကောင်းလာပြီဟု ထင်ထားသော်လည်း အရင်အတိုင်းပဲလား?
「အစေခံတစ်ယောက်က မင်းရဲ့ ကျေးဇူးတင်စကားကို ကြားပြီး အဲဒီလောက် ကြောက်နေရအောင်... မင်း အရင်က သူတို့ကို ဘယ်လို ဆက်ဆံခဲ့တာလဲ?」
‘...ဟို... အရင်ကတော့ သူတို့ကို နည်းနည်း ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့ဖူးတယ်။’
အခုတော့ အတတ်နိုင်ဆုံး ကောင်းကောင်း ဆက်ဆံဖို့ ကြိုးစားနေတာပဲ။ ကျွန်ုပ် ပြဿနာတွေ အကြီးအကျယ် ရှာထားတဲ့ အချိန်မှာ ပြန်ပြီး အသက်မရှင်လာတာကိုပဲ ကျေးဇူးတင်ရမယ်။
‘အကယ်၍ ငါ အနာဂတ်မှာ ၁ နှစ် ဒါမှမဟုတ် ၂ နှစ်လောက် ထပ်ပြီး အချိန်နောက်ပြန်ဆုတ်သူ (Regressor) ဖြစ်ခဲ့မယ်ဆိုရင်...’
ဘာတွေ ဖြစ်လာမလဲ? ...မတွေးချင်တော့ဘူး။
ဝီဆောအာ အဝတ်လျှော်နေတာကို ကြည့်ပြီးနောက်၊ နမ်ဂေါင်းဘီအာ သွားခဲ့သည်ဆိုသော တောင်ပေါ်သို့ ကျွန်ုပ် လိုက်သွားလိုက်သည်။ ထိုလူအအေးလေး ဘာလို့ တောင်ပေါ်ကို သွားရတာလဲဆိုတာကို သိချင်တာကလွဲလို့ တခြား ထူးထူးခြားခြား အကြောင်းရင်းတော့ မရှိပါဘူး။ တောင်၏ အမြင့်ကို ကြည့်ရုံနှင့်ပင် ကျွန်ုပ် အော့အန်ချင်လာသည်။ မနက်စောစောက ချီ ကို အသုံးပြုထားသဖြင့်၊ ချီ ကို သုံးပြီး တက်နေသည့်တိုင် ကျွန်ုပ်အတွက် အတော်လေး ပင်ပန်းနေဆဲဖြစ်သည်။
– ရွှမ်း—!
ကျွန်ုပ် သစ်ပင်များကို ဖြတ်လျှောက်နေစဉ် ခန္ဓာကိုယ်အနားကနေ ပြတ်သားသော အာရုံတစ်ခု ရုတ်တရက် ဖြတ်သန်းသွားသည်။ နမ်ဂေါင်းဘီအာသည် သူမ၏ ကောင်းကင်အဆင့်အလှတရားကလွဲလို့ တခြား တည်ရှိမှုမျိုး သိပ်မပြသော်လည်း၊ သူမတွင် အတိတ်ဘဝကအတိုင်း ထူးခြားသော လက္ခဏာတစ်ခု ရှိသည်။
– ဝှူး—! ရွှမ်း—!
နမ်ဂေါင်းဘီအာသည် ဓားကို ကိုင်လိုက်သည်နှင့် တစ်ယောက်တည်း တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်သည်။ သူမ၏ ပုံမှန် ငေးငေါင်နေသော မျက်လုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး၊ ၎င်းအစား သူမ၏ ဓားဆီသို့ ဦးတည်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အာရုံစူးစိုက်မှုများ ရောက်ရှိလာသည်။ ထိုဝိသေသကြောင့် နမ်ဂေါင်းဘီအာကို ရှာရတာ သိပ်မခက်ပေ။
တောအုပ်ထဲက ကွင်းပြင်လေးတစ်ခုကို တွေ့လိုက်ရသည့်အခါ ထိုနေရာအလယ်တွင် နမ်ဂေါင်းဘီအာ ဓားလေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။ သူမကို ကြည့်နေတာ ကျွန်ုပ် တစ်ယောက်တည်း မဟုတ်ပုံရပေ၊ ဝူတန်းတောင်ဂိုဏ်းက လူအချို့ကိုလည်း ထိုအနားတွင် တွေ့လိုက်ရသည်။ ကျွန်ုပ် ထင်ထားတာထက် ပိုများနေတာပဲ...
‘သူတို့ သူမကို စောင့်ကြည့်နေကြတာလား?’
လူအချို့က သူမ၏ လှုပ်ရှားမှုများကို အကဲခတ်နေကြသည်။ ထိုမျှလောက် လူများစွာ စိုက်ကြည့်နေသည့်တိုင် နမ်ဂေါင်းဘီအာသည် သူမ၏ အာရုံကို ဘာကမှ မနှောင့်ယှက်နိုင်သကဲ့သို့ ဆက်လက် လေ့ကျင့်နေသည်။ တစ်ဧရိယာလုံးကို ဖိအားပေးနေသော ပြတ်သားသည့် ခံစားချက်၊ နမ်ဂေါင်းဘီအာသည် လက်ထဲတွင် သစ်သားဓားကို ကိုင်ဆောင်ထားပြီး ထက်မြက်သော ဓားဖျားများပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ လှုပ်ရှားနေသည်။ ဤဘဝတွင် ကျွန်ုပ် အတိတ်သို့ ပြန်လည်ရောက်ရှိပြီးနောက် သူမကို ပထမဆုံးအကြိမ် တွေ့လိုက်ရသည့် အသွင်အပြင်၊ ဓားသခင် (Master of Swords) ပင် ဖြစ်သည်။
နမ်ဂေါင်းဘီအာ၏ ဖျတ်လတ်သော လှုပ်ရှားမှုများသည် သူမ၏ အသုံးမကျသော အစ်ကိုနှင့် နှိုင်းယှဉ်၍မရအောင်ပင် ထင်ရှားနေသည်။ ဓားသခင်၏ လှုပ်ရှားမှုများသည် တောအုပ်ကွင်းပြင် တစ်ခုလုံးကို လွှမ်းမိုးထား၏။
「...အထင်ကြီးစရာပဲ။」
ယွန်ဖုန်းကို တွေ့စဉ်ကအတိုင်း ရှင်အဖိုးအိုက ပြောလိုက်သည်။ အမှန်အတိုင်းပြောရလျှင် ကျွန်ုပ်မျက်လုံးထဲတွင်တော့ နမ်ဂေါင်းဘီအာက ယန်ဖုန်းထက် အများကြီး ပိုပြီး အထင်ကြီးစရာ ကောင်းနေသည်။ နမ်ဂေါင်းမျိုးနွယ်စုဝင်များ သူတို့၏ ဓားများတွင် ပြသလေ့ရှိသည့် ထက်မြက်သော ချီ များနှင့်မတူဘဲ၊ နမ်ဂေါင်းဘီအာ၏ လှုပ်ရှားမှုများသည် စီးဆင်းမှုရှိပြီး ခန့်ညားထည်ဝါလှသည်။ ဓားအက တစ်ခုကို ကြည့်နေရသလိုပင်။ သူမသည် ဓားလမ်းစဉ်၏ အထွတ်အထိပ်သို့ ရောက်ရန် ကြိုးစားနေရင်း၊ တစ်ချိန်တည်းမှာပင် ထိုလမ်းစဉ်ထဲက အသိဉာဏ်အလင်းကို ရှာဖွေနေခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏ လှုပ်ရှားမှုများသည် တင့်တယ်လှပပြီး အလွန်ပင် စွဲမက်ဖွယ် ကောင်းလှသည်။
ဤမျှ ခန့်ညားသော လှုပ်ရှားမှုမျိုး ရှိသည့် သူမကို ‘ဓားသခင်’ ဟု ခေါ်ဝေါ်ကြသည်မှာ ယုံရခက်လှသည်။ နမ်ဂေါင်းဘီအာ၏ ထူးချွန်မှုကို ကျွန်ုပ် တစ်ဖန် ပြန်လည် သတိရမိသည်။ ယန်ဖုန်းရော နမ်ဂေါင်းဘီအာရော၊ ပြီးတော့ တခြား ကမ္ဘာပေါ်က ပါရမီရှင်တွေအားလုံးဟာ သူတို့ရဲ့ ကိုယ်ပိုင် အလင်းရောင်တွေကို ပြသနေကြပြီ။
‘အခုချိန်က ငါနဲ့တော့ မတူဘူးပေါ့။’
「လက်ရှိ ကမ္ဘာကြီးကတော့ ရည်မှန်းချက်တွေနဲ့ ပြည့်နှက်နေတာပဲ ဟုတ်လား...」
ရှင်အဖိုးအို၏ စကားကို ကျွန်ုပ် ခေါင်းညိတ် ထောက်ခံလိုက်သည်။ နမ်ဂေါင်းဘီအာ၏ ဓားအကကို အကြာကြီး ကြည့်နေမိသော်လည်း၊ သူမ အခု ပြသနေသည့် ဓားကစားဟန်မှာ ကျွန်ုပ် သိထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။ မိစ္ဆာဓား (Demonic Sword) အနေဖြင့် သူမ ပြသခဲ့စဉ်ကကဲ့သို့ ကြမ်းတမ်းမှုမျိုး မခံစားရဘဲ၊ ၎င်းအစား စင်ကြယ်မှုနှင့် ခန့်ညားမှုများကိုသာ ခံစားရသည်။
‘...လှလိုက်တာ။’
သူမ၏ ဓားသိုင်းနှင့် ပတ်သက်ပြီး ကျွန်ုပ် ပြောနိုင်သည်မှာ ထိုတစ်ခုသာ ရှိသည်။ သူမ၏ ဓားအကသည် ကျွန်ုပ်၏ မျက်လုံးထဲတွင် အမှန်တကယ် စွဲမက်ဖွယ်ကောင်းလှသည်။
– ဂျွတ်
အဝေးကနေ ထွက်ပေါ်လာသည့် အသံအသေးအဖွဲလေးကြောင့် နမ်ဂေါင်းဘီအာသည် သူမ၏ ဓားအကကို ရပ်လိုက်သည်။
– ဩော်...
သူမ ဓားကစားတာ ရပ်လိုက်သဖြင့် စောင့်ကြည့်နေသူများဆီမှ နှမြောတသသ အသံများ ထွက်ပေါ်လာသည်။ ၎င်းက သူမ၏ စွမ်းဆောင်ရည်မှာ မည်မျှ ပြည့်စုံကြောင်း သက်သေပြနေခြင်းပင်။ နမ်ဂေါင်းဘီအာသည် အသံထွက်ပေါ်လာရာ ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုလမ်း၏ အဆုံးတွင် ရပ်နေသည်မှာ ကျွန်ုပ် ဖြစ်သည်။
‘...သောက်ကျိုးနည်း၊ တကယ်ကြီး နင်းမိသွားတာပဲ။’
ကျွန်ုပ် သတိထားနေပါလျက်နှင့် သစ်ကိုင်းတစ်ကိုင်းကို မတော်တဆ နင်းမိသွားခြင်းဖြစ်သည်။ အားလုံးက နမ်ဂေါင်းဘီအာကို ကြည့်နေကြသော်လည်း၊ သူမကတော့ ကျွန်ုပ်ဆီကိုသာ ကြည့်နေသည်။ သူမ လှုပ်ရှားမှုများပြားထားသဖြင့် နဖူးပေါ်တွင် ချွေးစစလေးများ ရှိနေသည်။ သို့သော် သူမက သိပ်ပြီး ဂရုမစိုက်ဘဲ အဝတ်စဖြင့်သာ ချွေးသုတ်လိုက်သည်။
“...ဟင်?”
နမ်ဂေါင်းဘီအာသည် ကျွန်ုပ်ကို ကြည့်နေရင်း၊ သူမ၏ မျက်လုံးများ ရုတ်တရက် ဝိုင်းစက်သွားပြီး တစ်ခုခုကို အကြီးအကျယ် ထိတ်လန့်သွားသည့်ပုံစံ ဖြစ်သွားသည်။ ရုတ်တရက် သူမ၏ သစ်သားဓားကို လွှင့်ပစ်လိုက်ပြီး ကျွန်ုပ်ဆီသို့ အမြန် ပြေးလာတော့သည်။ မျက်တောင်တစ်ခတ်အတွင်း ကျွန်ုပ်ရှိရာသို့ ရောက်လာပြီးနောက်၊ နမ်ဂေါင်းဘီအာသည် ကျွန်ုပ်၏ အင်္ကျီကို လက်နှစ်ဖက်ဖြင့် ဆွဲကာ စိုးရိမ်နေသော ခွေးလေးတစ်ကောင်လို ကျွန်ုပ်ကို လိုက်ပြီး နမ်းရှုံ့နေတော့သည်။
“...ဘာလုပ်တာလဲ! ဘာဖြစ်နေတာလဲ!?”
ကျွန်ုပ် အံ့အားသင့်ကာ သူမကို တွန်းထုတ်ရန် ကြိုးစားသော်လည်း၊ နမ်ဂေါင်းဘီအာက ခေါင်းမာမာဖြင့် မဖယ်ပေးပေ။ သူမ ကြည့်ရတာ... တစ်ချိန်တည်းမှာပဲ ထိတ်လန့်နေသလိုရော၊ စိတ်ပျက်အားငယ်နေသလိုရော ဖြစ်နေသလား?
‘သူ ဘာလို့ အဲဒီလောက် ပြာပြာသလဲ ဖြစ်နေတာလဲ?’
တုန်ယင်နေသော မျက်လုံးများဖြင့် ကျွန်ုပ်ကို နမ်းရှုံ့ပြီးနောက်၊ သူမ အနည်းငယ် စိတ်အေးသွားပုံရကာ နောက်သို့ ဆုတ်လိုက်သည်။ ထို့နောက် သူမ၏ ခြေထောက်များ အားလျော့သွားသလို ဖြစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
“ဘာလို့ အဲဒီလို ဖြစ်နေတာလဲ? တစ်နေရာရာ ထိခိုက်မိလို့လား?”
“တော်သေးတာပေါ့...”
ကျွန်ုပ်ကို အဲဒီလောက် အကြာကြီး နမ်းရှုံ့ပြီးမှ သူမ စိတ်သက်သာရာ ရသွားပုံပေါ်သည်။ သူမ လေ့ကျင့်လို့ ထွက်တဲ့ချွေးထက် အခုမှ ထွက်လာတဲ့ ချွေးအေးတွေက ပိုများနေသလားလို့တောင် ထင်ရသည်။ သူမ ချွေးတွေ အများကြီး ထွက်နေသဖြင့် ကျွန်ုပ် သူမအနားသို့ တိုးသွားပြီး ကျွန်ုပ်၏ အင်္ကျီဖြင့် သူမ၏ ချွေးများကို သုတ်ပေးလိုက်ရသည်။
ရုတ်တရက် သူမက ကျွန်ုပ်၏ လက်ကို သူမ၏ တုန်ယင်နေသော လက်ကလေးများဖြင့် ဖမ်းဆွဲလိုက်သည်။ ကျွန်ုပ်၏ လက်ကောက်ဝတ်ကို ဂရုတစိုက် ဆွဲယူပြီး သူမ၏ နှာခေါင်းနားသို့ ကပ်လိုက်၏။ သူမ ဘာကြောင့် အဲဒီလို လုပ်နေရတာလဲဆိုတာ ကျွန်ုပ် စဉ်းစားမရပေ။
“ငါ့ဆီက အနံ့ဆိုး ထွက်နေလို့လား?”
ငါ နံနေလို့လား? စောစောက အရှုပ်အထွေးအချို့ ဖြစ်ခဲ့ပေမဲ့၊ အနံ့ထွက်ရအောင်အထိတော့ အများကြီး မလှုပ်ရှားခဲ့ပါဘူး။ နမ်ဂေါင်းဘီအာက ခေါင်းကို အမြန်ခါယမ်းပြီး တိုးတိုးလေး ပြန်ဖြေသည်။
“...မနံပါဘူး။”
သူမ ထိုသို့ ပြောလိုက်သည့်အခါ ကျွန်ုပ် ဘာကြောင့်ရယ်မသိ စိတ်အေးသွားမိသည်။ အကြာကြီး ထိုင်နေပြီးနောက် နမ်ဂေါင်းဘီအာသည် သူမ၏ ခန္ဓာကိုယ်ကို အားမရှိသလို ထူလိုက်သည်။ ကျွန်ုပ်၏ လက်ကို သူမလက်ထဲကနေ ပြန်ထုတ်ရမလား၊ ဒီအတိုင်း ထားရမလားဆိုတာ အကြိမ်တစ်ရာမက စဉ်းစားနေမိသည်။ နောက်ဆုံးတော့ သူမ ကြည့်ရတာ အတော်လေး အလေးအနက် ဖြစ်နေသဖြင့် ကျွန်ုပ်၏ လက်ကို ဒီအတိုင်းပဲ လွှတ်ထားလိုက်၏။
「အဲဒီမှာသာ မင်း လက်ကို ရုန်းလိုက်ရင်တော့၊ မင်း ယောက်ျားတစ်ယောက် ဖြစ်ဖို့ မထိုက်တန်တော့ဘူးလို့ ငါ ကျိန်ဆိုလိုက်မယ်။」
“လေ့ကျင့်တာ ပြီးပြီလား?”
“...အင်း။”
“ဆက်မလုပ်ချင်တော့ဘူးလား? ထပ်ပြီး လေ့ကျင့်ဖို့ အချိန်ရှိသေးတယ်လို့ ငါထင်တယ်။”
“...မင်း ဒီမှာ ရှိနေပြီပဲ။”
ကျွန်ုပ် ရောက်လာလို့ သူ လေ့ကျင့်တာ ရပ်လိုက်တာလား? ကျွန်ုပ်ကြောင့် အဲဒီလို လုပ်စရာ လိုလို့လားဟု တွေးမိသော်လည်း၊ နမ်ဂေါင်းဘီအာကို နားလည်ဖို့ ကြိုးစားခြင်းက ခေါင်းကိုက်ရုံသာ ရှိမည်ဖြစ်၍ ကျွန်ုပ် မကြိုးစားတော့ပေ။ သူမသည် သစ်သားဓားကို အသာအယာ ပြန်ကောက်ပြီး ကျွန်ုပ်ဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လာသည်။
“မင်းလက်... ထိခိုက်ထားတာလား?”
“အင်း၊ ဒဏ်ရာအသေးအဖွဲပါပဲ။”
ဒီနေ့တော့ တွေ့တဲ့လူတိုင်း ဒါကိုပဲ မေးနေကြတာပဲ။ ထို့နောက် သူမ၏ ပါးစပ်မှ စိတ်ပျက်လက်ပျက် အသံတစ်ခု ထွက်ပေါ်လာသည်။
“...မင်းကို ယှဉ်ပြိုင်ကစားဖို့ (Duel) တောင်းဆိုမလို့ပဲ။”
“...”
...အခုတော့ ဒဏ်ရာရထားတာကိုပဲ ကျေးဇူးတင်မိတော့သည်။