အခန်း (၇၄) အနည်းငယ်ရှပ်ထိရုံမျှ(၃)
တစ်တောလုံးကို ဝါးမြိုတော့မည့်အလား တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံများသည် လေနှင့်အတူ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် တောအုပ်တစ်ခုလုံးကို လောင်ကျွမ်းနေသော မီးတောက်များသည် ကျွန်ုပ်၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် စုပ်ယူခြင်း ခံလိုက်ရသည်။ ဆူညံနေသော မီးတောက်များအားလုံး ကျွန်ုပ်၏ ကိုယ်ထဲသို့ အပြည့်အဝ ပြန်လည်ဝင်ရောက်သွားချိန်တွင် ကျွန်ုပ်၏ ချီ (Qi) များ အနည်းငယ် ပြန်လည် ပြည့်ဝလာသလို ခံစားလိုက်ရသည်။
“...ဟူး...”
ကျွန်ုပ်၏ ချီ (Qi) အားလုံးကို ကိုယ်ထဲသို့ ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ရာ ပါးစပ်မှ ပူနွေးသော အငွေ့များ ထွက်လာသည်ကို တွေ့လိုက်ရသည်။ အခုနက ငါ ဘယ်လောက်တောင် သုံးလိုက်မိပါလိမ့်။ တော်တော်လေး များများစားစား သုံးလိုက်မိသည်ဟု ခံစားရသည်။
「အနည်းဆုံးတော့ မင်းကိုယ်မင်း သိသားပဲ။」
အခုနလေးတင် စကားပြောလိုက်သော ရှင်(Shin) အဖိုးအို၏ အသံသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေသည်။
「ပတ်ဝန်းကျင်က အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတဲ့ အဲ့ဒီ အကောင်အစုတ်ကို ပြန်ထိန်းရတာ ဘယ်လောက်ခက်တယ်ဆိုတာ မင်း သိရဲ့လား။」
“တကယ်ပဲ အဲ့ဒီလောက် အန္တရာယ်များခဲ့တာလား။”
「မင်းသာ မင်းရဲ့ ချီ (Qi) ကို နည်းနည်းလေး ပိုသုံးလိုက်မိရင် ငါလည်း အဲ့ဒါကို ဆက်ပြီး တားဆီးနိုင်တော့မှာ မဟုတ်ဘူး။」
“အဲ့ဒီလောက်တောင် နီးစပ်သွားတာလား...”
လောင်ကျွမ်းနေသော အလောင်းကောင်များကို ကြည့်ရင်း ထိုအချက်ကို ကျွန်ုပ် သဘောပေါက်လိုက်မိသည်။ အခုနက ကျွန်ုပ် အစွမ်းကုန် အသုံးချလိုက်ခြင်းကြောင့် မီးဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးမနေသော အလောင်းဟူ၍ တစ်ခုမျှ မကျန်တော့ပေ။ လတ်ဆတ်အေးမြသော လေပြေများ တိုက်ခတ်နေခဲ့သည့် တောအုပ်လေးသည် ယခုအခါ လောင်ကျွမ်းနံ့များဖြင့် ဖုံးလွှမ်းသွားခဲ့ပြီ။
ကျွန်ုပ်၏ ဝတ်စုံကို လက်ဖြင့် သန့်စင်လိုက်ရင်း တွေးမိသည်မှာ... ‘ပထမဆုံး အကြိမ်ပဲ။’
ဤသည်မှာ အတိတ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် (Regression) ကျွန်ုပ် ပထမဆုံးအကြိမ် လူသတ်မိခြင်း ဖြစ်သည်။ ဤခံစားချက်သည် ကျွန်ုပ်အတွက် အလွန် ထူးဆန်းနေသည်။ သို့သော် ကျွန်ုပ် အလွန်အမင်း မတွေးတောတော့ရန် ဆုံးဖြတ်လိုက်သည်။ ကျွန်ုပ် အသက်ပြန်ရှင်လာသည်နှင့် တစ်ပြိုင်နက် မည်သူ့ကိုမှ မသတ်တော့ပါဟု ကတိပေးထားသည်မှ မဟုတ်ဘဲ။ ထိုသူများသည် သမ္မာဂိုဏ်း၏ ဆန့်ကျင်ဘက် အင်အားစုတစ်ခုဖြစ်သော ‘အမှောင်နန်းတော်’ (Black Palace) မှ အဖွဲ့ဝင်များ ဖြစ်ကြပြီး ကျွန်ုပ်၏ ညီမလေးကို ရန်ပြုရန် ကြိုးစားနေသူများ ဖြစ်သည်။
‘ဒါပေမဲ့ ဘာလို့ ငါ့နှလုံးခုန်သံတွေက ဒီလောက် မြန်နေရတာလဲ။’
ပြင်းထန်စွာ ခုန်နေသော နှလုံးခုန်သံနှင့်အတူ ကျွန်ုပ်၏ လက်များ တုန်ယင်နေသည်ကို နောက်ကျမှ သတိထားမိလိုက်သည်။ ကျွန်ုပ်၏ စိတ်နှင့် ခန္ဓာကိုယ်က တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေကြသလား။ ‘အရမ်း မတွေးတာ အကောင်းဆုံးပဲ။ အရင်ဘဝတုန်းကလည်း ဒီလိုပဲ ဖြစ်ဖူးတယ်၊ အချိန်ကြာရင် သက်သာသွားမှာပဲ။ ဒါကြောင့် သက်သာသွားတဲ့အထိ လျစ်လျူရှုထားရုံပဲ။’
「ထွက်ပြေးသွားတဲ့ တစ်ယောက်ကိုကျ ဘာလုပ်မှာလဲ။」
ဤအဖွဲ့၏ ခေါင်းဆောင်ဟု ထင်ရသောသူသည် နောက်ဆုံးတွင် ထွက်ပြေးသွားခဲ့ပြီး သူထွက်ပြေးသွားသော ဘက်သို့ ကျွန်ုပ် လှည့်ကြည့်လိုက်သည်။ အစကတော့ သူ့ကိုပါ ဖမ်းဆီးပြီး အခြားသူများကဲ့သို့ သတ်ပစ်ရန် ဆုံးဖြတ်ထားသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ ‘မိစ္ဆာချီ’ (Demonic Qi) အစအန အချို့ကို သတိထားမိလိုက်ပြီးနောက် စိတ်ပြောင်းသွားခဲ့သည်။ သူ့ကို အသက်ရှင်လျက် ထားခြင်းကသာ သတင်းအချက်အလက် ပိုမိုရရှိနိုင်မည်ဟု ကျွန်ုပ် ခံစားမိသည်။ အလွန် အားနည်းသော်လည်း သူပိုင်ဆိုင်သော အားအင်မှာ သေချာပေါက် ‘မိစ္ဆာချီ’ ပင် ဖြစ်သည်။
‘အမှောင်နန်းတော်က ကောင်တွေက ဘယ်လိုလုပ်ပြီး မိစ္ဆာချီကို ရနေကြတာလဲ။’
သူတို့က ကောင်းကင်မိစ္ဆာဂိုဏ်း (Demonic Cult) နဲ့ တစ်စုံတစ်ရာ ပတ်သက်နေတာများလား။ ဒါက မဖြစ်နိုင်သေးဘူး။ ကောင်းကင်မိစ္ဆာ (Heavenly Demon) နဲ့ မိစ္ဆာဂိုဏ်း ဒီလောကထဲကို ပေါ်မလာခင် နှစ်အနည်းငယ် လိုသေးတာပဲ။
‘ဒါက တကယ်ရော မိစ္ဆာချီ ဟုတ်ရဲ့လား။’
မိစ္ဆာချီရဲ့ ခံစားချက်ကို ကျွန်ုပ် အတော်လေး မေ့လျော့နေပြီဖြစ်၍ အသေအချာ မပြောနိုင်ပေ...။ ထို့အပြင် ၎င်းမှာ မိစ္ဆာချီဟု သတ်မှတ်ရန်အတွက် အလွန် အားနည်းနေသလို ခံစားရသည်။ ထို့ကြောင့်ပင် သူ့ကို အခုနက မဖမ်းမိခဲ့သည်ကို ပို၍ နောင်တရမိသည်။
“သူက ငါထင်ထားတာထက် ပိုမြန်နေတယ်။”
အခုနက သူ့လက်မောင်းကို မီးရှို့မယ့်အစား ခြေထောက်ကိုပဲ ရှို့ခဲ့သင့်တာ။ ဒီလို တကယ့် တိုက်ပွဲမျိုး မနွှဲဖြစ်တာ ကြာပြီ...။ ဒီလို အခြေအနေမျိုးမှာ ငါ့ဦးနှောက်က ငါဖြစ်ချင်သလို ဖြစ်မနေဘူး...။ အမှားအယွင်း အသေးအမွှားလေး တစ်ခုကပင် ငါ့ခေါင်းကို သူတို့ လက်နက်တွေနဲ့ ဖြတ်ပစ်နိုင်ဖို့ လုံလောက်တယ်ဆိုတာ သိပေမဲ့၊ အခုလို အမှားမျိုး လုပ်မိဖို့အထိတော့ မဖြစ်သင့်ဘူး။ ဒီဘဝရဲ့ ငြိမ်းချမ်းနေတဲ့ အခြေအနေတွေကြောင့် ငါ့စိတ်ဓာတ်တွေ ပျော့ညံ့ကုန်ပြီထင်တယ်။
“...ပြီးတော့ ဒါတွေကို ဘယ်လို ရှင်းရမလဲ။”
တောအုပ်ထဲတွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ရင်း ကျွန်ုပ် ခေါင်းကိုက်လာသည်။ ငါသာ အခုထက် ပိုသန်မာရင် အကုန်လုံးကို ပြာဖြစ်အောင် ရှို့ပစ်လိုက်လို့ ရတာပဲ။ ပြီးတော့ သူ့လည်ပင်းကို လိမ်ချိုးပြီး သတ်လိုက်တဲ့ ကောင်ကို မြင်တော့ ပိုပြီး ဒေါသထွက်လာမိတယ်။ သူ့ကို မသတ်ခင်မှာ အတွင်းကလီစာတွေကို အရင်ဆုံး မီးရှို့ပြီးမှ သတ်သင့်တာ၊ အခုတော့ သူ့ကို နာကျင်မှုမရှိဘဲ သေခွင့်ပေးလိုက်သလို ဖြစ်သွားပြီ...။ သူက အဲ့ဒီလို သေခွင့်ရဖို့ မထိုက်တန်ဘူး...။ ခါးလောက်တောင် မရှိသေးတဲ့ ကလေးလေးတစ်ယောက်အပေါ်မှာ အဲ့ဒီလို ယုတ်ညံ့တဲ့ အတွေးမျိုး ရှိနေတာနဲ့တင် သူ့ကို မနက်ဖြန် မရှိတော့တဲ့အထိ နှိပ်စက်ပစ်ဖို့ လုံလောက်နေပြီ...။ ပြီးတော့ အဲ့ဒီလို အကြံခံရတဲ့ ကလေးက ‘ဂူရွန်ဟွာ’ ဖြစ်နေတာကြောင့် ငါ့ရဲ့ လူသတ်ချင်တဲ့ စိတ်ရိုင်းကို ပိုပြီး ပြင်းထန်စေသလို၊ ငါဖြစ်ချင်သလို မလုပ်လိုက်ရတဲ့အတွက် ပိုပြီး ဒေါသထွက်စေတယ်။
「မင်းက သူ့ကို အမှိုက်လို ဆက်ဆံနေပေမဲ့ နောက်ဆုံးတော့လည်း မင်းညီမလေးကို ဂရုစိုက်တာပဲ။」
“မဟုတ်ပါဘူး။”
「မဟုတ်ပါဘူး လုပ်မနေနဲ့၊ အနည်းဆုံးတော့ မင်းမျက်နှာကို ပြင်ပြီးမှ အဲ့ဒီစကားကို ပြောစမ်းပါ။」
ဒီကိစ္စကို ‘ကောင်းကင် ဇီးသီးပွင့်’ (Celestial Plum Blossom) နဲ့ အရင်ဆုံး ဆွေးနွေးရမယ်။ တစ်ခု စိုးရိမ်မိတာက ဒါဟာ လူသတ်မှု ဖြစ်နေတာရယ်၊ သူက သိုင်းပညာရှင် တစ်ယောက် မဖြစ်ခင်မှာ တာအို အဆုံးအမကို လိုက်နာတဲ့သူ ဖြစ်နေတာရယ်ကြောင့် ဒီသတင်းကို သူ ဘယ်လို တုံ့ပြန်မလဲဆိုတာပဲ။ အဲ့ဒီအချိန်မှာပဲ ရှင်(Shin) အဖိုးအိုက ကျွန်ုပ်ကို အတွေးထဲကနေ ဆွဲထုတ်လိုက်သလို စကားပြောလာသည်။
「မင်း သတ်သင့်တဲ့လူတွေကိုပဲ သတ်ခဲ့တာပဲ၊ ဒါကြောင့် အများကြီး တွေးမနေနဲ့လို့ ငါ ထင်တယ်။」
သိုင်းပညာရှင် မဖြစ်ခင် တာအို ဆရာတစ်ဦး။ တာအို ဆရာ မဖြစ်ခင် သိုင်းပညာရှင် တစ်ဦး။ ရှင် အဖိုးအိုသည် လောကကြီး၏ ကြီးမားသော ဘေးဒုက္ခဖြစ်သည့် ‘သွေးမိစ္ဆာစစ်ပွဲ’ (Blood Demon War) ကို ဖြတ်သန်းခဲ့သူဖြစ်၍ ဤမြင်ကွင်းကို သူကတော့ အလွန်အမင်း တုန်လှုပ်နေပုံ မရပေ။ သို့သော် ဆန့်ကျင်ဘက်အနေဖြင့် လက်ရှိ ငြိမ်းချမ်းသော ကမ္ဘာတွင် နေထိုင်နေသော ‘မိုးကောင်ကင် ဇီးသီးပွင့်’ က ဤသတင်းအပေါ် မည်သို့ တုံ့ပြန်မည်ကို ကျွန်ုပ် မသိနိုင်ပေ။
「မင်းမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်ဆိုတာ ငါ သိပြီးသားပါ၊ ဒါပေမဲ့ အခုနက မင်း လုပ်လိုက်တာကတော့ အတော်လေး အံ့ဩဖို့ ကောင်းနေတုန်းပဲ။」
ရှင် အဖိုးအို၏ စကားကြောင့် ကျွန်ုပ် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူက ကျွန်ုပ်ကို ကိုယ်ချင်းစာစိတ်ဖြင့် ပြောနေခြင်းဖြစ်သည်ကို ကျွန်ုပ် သိသည်။ အမှောင်နန်းတော် ပေါ်လာခြင်းနှင့် ထိုမိစ္ဆာချီ...
“အဲ့ဒီကောင်တွေက ဘာလို့ ဒီပတ်ဝန်းကျင်မှာ ဝဲလည်ဝဲလည် လုပ်နေကြတာလဲ ဆိုတာကိုပဲ ငါ စဉ်းစားနေမိတယ်။”
သူတို့ရဲ့ အဓိက ပစ်မှတ်က ဂူရွန်ဟွာ ဟုတ်ပုံမရဘူး...။ ဟွာတောင်ဂိုဏ်း (Mount Hua Sect) က ယွန်ဖုန်း (Yung Pung) နဲ့ တခြားလူတွေက သူတို့လူတွေ ပျောက်ဆုံးနေတဲ့ ကိစ္စအတွက် ဒီနေရာတွေကို လိုက်စုံစမ်းနေကြတာ မဟုတ်ဘူးလား။ အဲ့ဒီကိစ္စနဲ့များ ပတ်သက်နေမလား။
‘ငါတော့ ဒီအတိုင်းဆိုရင် တစ်ခုခုနဲ့ ထပ်ပတ်သက်ရဦးမယ် ထင်တယ်။’
ပထမဆုံးအနေနဲ့ ပတ်ဝန်းကျင်က အပူရှိန်တွေကို ဖယ်ရှားလိုက်ပြီး အလောင်းအားလုံးကို တစ်နေရာတည်းမှာ စုလိုက်သည်။ သူတို့ကို အဝေးမှာ သွားဝှက်ဖို့ ကြိုးစားရင် ပိုပြီး ပြဿနာတက်နိုင်မှန်း ကျွန်ုပ် သိသည်။ ကျွန်ုပ်ဘက်က အရာအားလုံး ရှင်းလင်းသွားစေရန် ‘မိုးကောင်ကင် ဇီးသီးပွင့်’ ထံသို့ ပြန်ရောက်မှသာ ဤပြဿနာကို ဆွေးနွေးရမည်။ နေရာကို အနည်းငယ် ရှင်းလင်းပြီးနောက် တဲအိမ်လေးဆီသို့ ကျွန်ုပ် ဦးတည်လိုက်သည်။
ထိုလူများသည် အတားအဆီး (Barrier) ကို ဖြတ်ကျော်နိုင်ပုံ မရသော်လည်း၊ ကျွန်ုပ်မှာမူ မည်သည့် ပြဿနာမျှမရှိဘဲ ဖြတ်ကျော်နိုင်ခဲ့သည်။ မည်သည့် ခုခံမှုမျိုးကိုမျှ မခံစားရဘဲ ချောချောမွေ့မွေ့ပင် ဝင်ရောက်နိုင်ခဲ့သည်။ ငါတို့ကြားမှာ ဘာကွာခြားချက် ရှိလို့လဲ။ ကျွန်ုပ်၏ သိလိုစိတ်ကို ရှင် အဖိုးအို၏ စကားက ချက်ချင်း ဖြေပေးလိုက်သည်။
「အဲ့ဒါက မင်းရဲ့ ကိုယ်ထဲမှာ ဟွာတောင်ဂိုဏ်းရဲ့ ချီ (Qi) တွေ ရှိနေလို့ပဲ။」
‘...ရတနာရဲ့ စွမ်းအားကို စုပ်ယူထားမိလို့လို့ ပြောချင်တာလား။’
「ငါ့အထင်တော့ အဲ့ဒါက အဖြစ်နိုင်ဆုံးပဲ။」
အတားအဆီးတစ်ခုက အဲ့ဒါကိုပါ ခွဲခြားသိနိုင်စွမ်း ရှိတာလား။ ၎င်းက ‘ကောင်းကင် ဇီးသီးပွင့်’ ပိုင်ဆိုင်သည့် စစ်မှန်သော စွမ်းအားကို ကျွန်ုပ်အား တစ်ဖန် ပြန်လည် သတိပြုမိစေသည်။
တဲအိမ်နှင့် နီးလာသည်နှင့်အမျှ မွှေးကြိုင်သော ဟင်းနံ့တစ်ခု လွင့်ပျံ့လာသည်ကို ခံစားလိုက်ရသည်။ သူတို့ ထမင်းပြင်နေကြတာလား။ တဲအိမ်နားသို့ ရောက်သောအခါ တဲအပြင်ဘက်တွင် ဂူရွန်ဟွာ အလုပ်များနေသည်ကို တွေ့လိုက်ရသည်။
“ဒီမှာ ဘာလုပ်နေတာလဲ။”
သူမက ကျွန်ုပ်၏ စကားကို ကြားသောအခါ လှည့်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“နင် ဘာလို့ ပြန်လာတာလဲ။”
“ဂိုဏ်းချုပ်က တစ်ခုခု ပေးခိုင်းလိုက်လို့။”
“နင့်ကိုလား။”
“အေး၊ ငါ့ကို။”
သူမ၏ တုံ့ပြန်မှုအရ ဂိုဏ်းချုပ်က ကျွန်ုပ်ကို အခိုင်းအစေ တစ်ခု ခိုင်းလိုက်ခြင်းမှာ အလွန် ထူးဆန်းနေပုံရသည်။ ဟုတ်ပါသည်၊ ကျွန်ုပ်ကိုယ်တိုင်လည်း ထူးဆန်းသည်ဟု ခံစားရသည်။ ‘ယက်ဂွာ’ မုန့်တစ်ခုတည်းအတွက်နဲ့ သူက ကျွန်ုပ်ကို အခုလို အလုပ်မျိုး ခိုင်းလိုက်တာလား။ ထိုစဉ်(ကျူကော့ဟော့)‘ကျူဂေ့ဟော့’ (Zhuge Hyuk) က နောက်ဘက်တွင် တစ်ခုခုကို လှီးဖြတ်နေသည်ကို ကျွန်ုပ် သတိထားမိလိုက်သည်။ ကျွန်ုပ်တို့ မျက်လုံးချင်း ဆုံမိသောအခါ သူက ခေါင်းကို အနည်းငယ် ငုံ့ပြသည်၊ ၎င်းမှာ နှုတ်ဆက်ခြင်းတစ်မျိုးဟု ကျွန်ုပ် ယူဆလိုက်သည်။
“...သူ ဘာလုပ်နေတာလဲ။”
“မမြင်ဘူးလား။ သူ ချက်ပြုတ်နေတာလေ။”
“သူက ချက်တတ်လို့လား။”
သူ ကြက်သွန်နီ လှီးနေပုံကို ကြည့်ရသည်မှာ ကျွန်ုပ် ထိုမေးခွန်းကို မမေးသင့်ခဲ့မှန်း သိလိုက်ရသည်။
“...သူက ငါထင်ထားတာထက် ပိုတော်တယ်...”
သူမက သူမ၏ ဂုဏ်သိက္ခာ ထိခိုက်သွားသလိုမျိုး လေသံဖြင့် ပြောလိုက်သည်။ သူမ ဘာဖြစ်နေတာလဲ။
“ဆေးနတ်မင်း (Immortal Healer) ကော ဘယ်မှာလဲ။”
“တဲထဲမှာ... ဆရာ့ကို ပြုစုပေးနေတယ်။”
“အေးအေး။”
သူမ၏ စကားကို ကြားပြီးနောက် တဲထဲသို့ ဝင်ရန် ကြိုးစားလိုက်သော်လည်း ဂူရွန်ဟွာက ကျွန်ုပ်၏ အင်္ကျီကို သူမ၏ လက်ဖြင့် အတင်း ဆွဲထားလိုက်သည်။
“ဘာလဲ။”
“ဟို... နင့်လက်က ဘာဖြစ်တာလဲ။”
ငါ့လက်? သူမ ဘာကို ပြောနေမှန်း ကျွန်ုပ် မသိ၍ ကျွန်ုပ်၏ လက်ကို ကြည့်လိုက်ရာ ဒဏ်ရာသေးသေးလေး တစ်ခုကို တွေ့လိုက်ရသည်။ ငါ အကုန်လုံးကို ရှောင်တိမ်းနိုင်ခဲ့တယ် ထင်တာ၊ တစ်ခုခုကတော့ ငါ့ကို လာပွန်းသွားပုံရတယ်? ဒဏ်ရာအသေးလေးမို့ ကျွန်ုပ် သိပ်ဂရုမစိုက်မိပေ။ ရုတ်တရက် ညီမလေး၏ မျက်နှာကို ကြည့်ရင်း ကျွန်ုပ် တွေးတောမိသွားသည်။
ယနေ့သာ ငါ ဒီမှာ မရှိခဲ့ရင် ဘာဖြစ်မလဲ။ အမှန်အတိုင်း ပြောရရင် ကြီးကြီးမားမားတော့ ဖြစ်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အပြင်က အတားအဆီးကို ဖောက်ထွက်နိုင်လောက်အောင် သူတို့က သိပ်မသန်မာကြဘူး။ ဒါပေမဲ့လည်း ငါ့စိတ်ကတော့ သိပ်မကြည်ဘူး။ အဲ့ဒီ အကောင်တွေအပေါ် ထားတဲ့ ငါ့ရဲ့ သဘောထားကလည်း ပြောင်းလဲသွားမှာ မဟုတ်ဘူး...။ ငါ့ရဲ့ စိတ်မရှည်မှုနဲ့ စိတ်တိုတတ်တဲ့ အကျင့်က ငါ့ရဲ့ ဒေါသတွေကို သူတို့အပေါ်မှာ ပုံချလိုက်ပြီး၊ ငါ့ရဲ့ မီးသိုင်းစွမ်းရည် (Flame Arts) တွေနဲ့ သူတို့အားလုံးကို အမြစ်ပြတ် သုတ်သင်လိုက်မိစေတယ်။ အဲ့ဒါက ပိုကောင်းပါတယ်။
ကျွန်ုပ်၏ အင်္ကျီလက်ကို ဂူရွန်ဟွာ၏ လက်ထဲမှ ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။
“နည်းနည်း ပွန်းသွားတာပါ။”
ထိုစကားကြောင့် သူမ၏ မျက်နှာက ချက်ချင်း သံသယဝင်သွားသော ပုံစံသို့ ပြောင်းလဲသွားသော်လည်း ကျွန်ုပ်ကို ဆက်ပြီး မေးမြန်းစရာ တစ်ခုမျှ မရှိတော့ပေ။
“ငါ့ကို စိတ်ပူမနေဘဲ နင်လုပ်စရာရှိတာ ဆက်လုပ်စမ်းပါ။”
“ဘယ်သူက စိတ်ပူလို့လဲ...!”
ဂူရွန်ဟွာ၏ အော်ဟစ်သံကို လျစ်လျူရှုကာ ကျွန်ုပ် တံခါးကို အသာအယာ ခေါက်လိုက်သည်။
– ဒေါက် ဒေါက် –
ဘယ်သူလဲ။
ချက်ချင်းပင် တဲအထဲမှ ဆေးနတ်မင်း၏ အသံကို ကြားလိုက်ရသည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းက လာခဲ့တဲ့ ဂူယန်ချွန်းပါ။”
– ဘယ်သူ— ဪ...
မကြာခင်မှာပဲ တဲတံခါး ပွင့်လာသည်။ ဆေးနတ်မင်းသည် ကျွန်ုပ် နောက်ဆုံးလာခဲ့စဉ်က ဝတ်ထားသော ဝတ်စုံကိုပင် ဝတ်ထားဆဲဖြစ်သည်။ ကျွန်ုပ်ကို မြင်သည်နှင့် တစ်ပြိုင်နက် သူက မျက်နှာစူပုပ်သွားရာ ကျွန်ုပ် ရောက်လာခြင်းကို သူ သဘောမကျမှန်း သိသာသည်။
“ဘာကိစ္စ ရှိလို့လဲ။”
“ကောင်းကင် ဇီးသီးပွင့်က ဒါကို ပေးခိုင်းလိုက်လို့ပါ။”
ဆေးနတ်မင်းသည် ကောင်းကင် ဇီးသီးပွင့် ထံမှ ပေးစာကို ယူလိုက်သောအခါ သူ၏ မျက်နှာက တဖြည်းဖြည်း တွန့်ချိုးသွားသည်။ ရေနွေးအိုး တစ်ခု တဖြည်းဖြည်း ဆူပွက်လာသည်ကို ကြည့်နေရသလိုမျိုးပင်။ ...အခု စဉ်းစားကြည့်မှ သူကိုယ်တိုင် လာဖို့ ကြောက်လို့ ငါ့ကို လွှတ်လိုက်တာလား။
‘...သူဆိုရင်တော့ ဖြစ်နိုင်တာပဲ။’
ဆေးနတ်မင်းသည် ကျွန်ုပ်အပေါ် ဒေါသပုံချ၍ မရသဖြင့် “တောက်” တစ်ချက် ခေါက်ကာ ပေးစာကို သူ၏ အိတ်ထဲသို့ ထည့်လိုက်သည်။
“ဒိုဟွာ (Dohwa) အဲ့ဒီ အကောင်စုတ်၊ သူကတော့ သေချာပေါက် ငရဲသွားမှာပဲ။”
“...”
သူက ဂိုဏ်းချုပ်ကို ဘယ်လိုများ ဒီလို စကားလုံးမျိုးနဲ့ ပြောရတာလဲ...။ ဘာပဲဖြစ်ဖြစ် အခု ပေးစာ ပေးပြီးပြီဆိုတော့ ကျွန်ုပ် ပြန်ဖို့ ပြင်လိုက်သည်။
“ဘယ်ကို သွားမလို့လဲ။”
“ဗျာ?”
ဒါပေမဲ့ အံ့ဩစရာကောင်းတာက ဆေးနတ်မင်းက ကျွန်ုပ်ကို ပြန်မသွားဖို့ တားလိုက်ခြင်းပင်။ ကျွန်ုပ်ကို မြင်တာနဲ့ မောင်းထုတ်ချင်နေတဲ့သူက ဘာလို့ အခုမှ တားနေတာလဲ။ ထိုစဉ် လာရာလမ်းမှာ ဂူရွန်ဟွာ ပြောခဲ့တဲ့ ဒဏ်ရာကို ကျွန်ုပ် သတိရလိုက်သည်။ အဲ့ဒီ ဒဏ်ရာကြောင့်များ သူ့ကို တားလိုက်တာလား။
“...ဒါက ဒဏ်ရာ အသေးလေးပါ...”
“ဒဏ်ရာအသေးလေး ဟုတ်မဟုတ် ငါ့အလုပ်၊ မင်းက အခု ဆရာဝန်ကို လိမ်ချင်နေတာလား။”
“မဟုတ်ပါဘူး၊ တကယ်ပါ၊ ဒါက တံတွေးလေး ဆွတ်လိုက်ရုံနဲ့ ပျောက်သွားမယ့် ဒဏ်ရာမို့လို့ ကျွန်တော် တကယ် အဆင်ပြေပါတယ်။”
“ဘယ်လို ရူးကြောင်ကြောင်ကောင်က ဒဏ်ရာပေါ် တံတွေးဆွတ်တာလဲ! ဒါကြောင့်လည်း ငါက ခေါင်းထဲမှာ သိုင်းပညာကလွဲရင် ဘာမှမရှိတဲ့ ကောင်တွေကို မုန်းတာ...”
“နေ-နေပါဦး...!”
“လူအိုကြီးကို အားသုံးခိုင်းမနေနဲ့၊ ဝင်လာဆိုရင် ဝင်လာခဲ့စမ်းပါ။”
ဆေးနတ်မင်းက ကျွန်ုပ်၏ လက်မောင်းကို ကိုင်ထားသည်မှာ ကျွန်ုပ်ကသာ အားထည့်ပြီး ရုန်းလိုက်ပါက သူ၏ လက်မောင်းလေး တစ်စစီ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ကျွန်ုပ် အားမသုံးရဲတော့ပေ။ ထို့ကြောင့်ပင် တဲအထဲသို့ မတတ်သာဘဲ ဝင်လိုက်ရတော့သည်။
အမှောင်နန်းတော်၊ ဌာနခွဲ မန်နေဂျာ၏ အခန်းအတွင်း၌—
– ဒုန်း—! ဒုန်း—!
ဘေ ချောင်(Baechong) သည် ခန်းမဆောင်၏ ကြမ်းပြင်ပေါ်ရှိ သွေးအိုင်ထဲသို့ သူ၏ ဦးခေါင်းဖြင့် ထပ်ခါတလဲလဲ တိုက်မိနေသည်။ သူ၏ ရှေ့တွင်တော့ ယာယောဂျော့ (Ya Hyeoljeok) က စိတ်မပါသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ဘေ ချောင် နှင့်အတူ စေလွှတ်လိုက်သော လူငါးယောက်လုံး သတ်ဖြတ်ခံခဲ့ရပြီး၊ ပြန်လည်ရောက်ရှိလာသော (ဘေ ချောင်) ဘယ်ချွန်းမှာလည်း သူ၏ ဘယ်ဘက်လက်မောင်းကို အသုံးမပြုနိုင်တော့ပေ။ ယာယောဂျော့က ဘယ်ချွန်းကို မမေးဘဲ မနေနိုင်တော့ပေ။
“ဒါဆို အဲ့ဒါက ဘယ်သူလို့ ပြောလိုက်တာလဲ။”
“...ကျွန်တော်လည်း မသိပါဘူး... အသစ်ဖြစ်နေတယ်။”
“မျက်နှာသစ်လား? ဟမ်၊ သိပြီ။”
– ဖျောက် – ဖျောက်—!
“အုဂ်!”
ယာယောဂျော့၏ စကားနှင့်အတူ ဂူအတွင်းရှိ လေထုက ဖိအားပေးလိုက်သဖြင့် (ဘယ်ချောင်)ဘယ်ချွန်း သွေးအန်သွားသည်။
“ဒါဆို မင်းပြောချင်တာက အကုန်လုံးက ဘယ်ကမှန်းမသိတဲ့ ကောင်တစ်ယောက်လက်မှာ သေကုန်ပြီး၊ မင်းတစ်ယောက်တည်းပဲ အသက်ရှင်လျက် ပြန်လာနိုင်တယ်ပေါ့?”
“ကျွန်တော်... တောင်း—”
“တောက်! မင်း တကယ် ပြောနေတာလား!?”
ယာယောဂျော့က သူ၏ ဓားကြီးကို ဝှေ့ယမ်းလိုက်ရာ ဘယ်ချွန်း၏ ဒဏ်ရာရနေသော လက်မောင်းသည် ချက်ချင်း ပြတ်တောက်သွားတော့သည်။
“အားးးးးး!”
“ဟေ့၊ အကောင်စုတ်၊ ဒီလို ဖြစ်ဖို့အတွက် ငါက မင်းကို တခြားလူတွေနဲ့အတူ လွှတ်လိုက်တယ် ထင်နေလား။”
“အုဂ်...!”
“အဖွဲ့ထဲမှာ နည်းနည်း စဉ်းစားဉာဏ်ရှိတဲ့သူ ပါရင် အကုန်လုံး အဆင်ပြေမယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ မင်းက အခုလို ပုံစံနဲ့ ပြန်လာပြီး ငါ့ကို စိတ်ပျက်အောင် လုပ်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။”
“...ကျွန်...တော်... တောင်းပန်ပါတယ်... ဌာနခွဲ မန်နေဂျာ...”
– ထွေး!
ယာယောဂျော့သည် ဘယ်ချွန်း၏ ဘေးတွင် တံတွေးတစ်ချက် ထွေးလိုက်သည်။ သူတို့၏ ဌာနခွဲတွင် အဖွဲ့ဝင် အင်အား နည်းနေပြီဖြစ်သလို၊ စုံစမ်းဖို့ လွှတ်လိုက်တဲ့ လူအများစုမှာလည်း အသတ်ခံလိုက်ရပြီ။ အဲ့ဒီလို ဘယ်ကမှန်းမသိတဲ့ ကလေးတစ်ယောက် လက်ထဲမှာတင်...။
ထိုကလေးသည် မီးသိုင်း (Flame Arts) အသုံးပြုသူဖြစ်ကြောင်း ဘယ်ချွန်းက ယာယောဂျော့ကို ပြောပြထားသည်။ မီးသိုင်း အသုံးပြုသည့် သိုင်းပညာရှင် အနည်းငယ်သာ ရှိပြီး၊ ယာယောဂျော့ သိသလောက်ဆိုလျှင် မီးတောက်ကို ဖန်တီးနိုင်ရန်အတွက်ပင် ပြင်းထန်သော လေ့ကျင့်မှုများ လိုအပ်သည်။ အဲ့ဒီလို မိစ္ဆာလို ကောင်မျိုးက ဘယ်ကနေ ပေါ်လာတာလဲ။ ပိုဆိုးတာက သူတို့ဟာ အမှောင်နန်းတော်က အဖွဲ့ဝင်တွေဆိုတာကိုပါ ထိုကလေးက သိနေခြင်းပင်။
ယာယောဂျော့သည် ဘယ်ချွန်း၏ ပြတ်တောက်သွားသော ပခုံးကို ကိုင်လိုက်ပြီး တုန်ယင်နေသော ထိုလူကို ပြောလိုက်သည်။
“ဘယ်ချွန်း။”
“ဟုတ်...”
“မင်း အသက်ရှင်ချင်တယ် မဟုတ်လား။”
“...ဟုတ်ကဲ့... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေး တစ်ခုလောက် ထပ်ပေးပါ၊ ဌာနခွဲ မန်နေဂျာ။”
“ငါက မင်းရဲ့ ဒဏ်ရာရနေတဲ့ လက်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်ပေးလိုက်တာ၊ ငါက အရမ်း ကြင်နာတတ်တာပဲ မဟုတ်လား။”
ဘယ်ချွန်းသည် ထိုလူသန်ကြီး ဖြတ်ပစ်လိုက်သော သူ၏ လက်မောင်းကို ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် အလွန်အမင်း ဒေါသထွက်နေသော်လည်း ဘယ်ချွန်း လုပ်နိုင်သည်မှာ မျက်နှာတွင် အတင်းပြုံးပြနေရန်သာ ဖြစ်သည်။
“ဟုတ်-ဟုတ်ပါတယ်ခင်ဗျာ...! သင်၏ မြင့်မြတ်သော ကရုဏာတော်အတွက် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။”
“ကောင်းပြီ၊ ကောင်းပြီ။”
ထိုသို့ပြောပြီးနောက် ယာယောဂျော့က ဘယ်ချွန်း၏ ပါးကို အသာအယာ ပုတ်လိုက်သည်။ သူက ဘယ်ချွန်း၏ လည်ပင်းကို ဖြတ်ပြီး နံရံမှာ ချိတ်ထားချင်သော်လည်း၊ ဒီဌာနခွဲမှာ ဘယ်ချွန်းလောက် ဉာဏ်ကောင်းတဲ့သူ မရှိတော့ပေ။ ထို့ကြောင့်ပင် သူ့ကို စကားပြောရုံပဲ တတ်နိုင်အောင် ခြေထောက်နှစ်ဖက်လုံးကိုပါ ဖြတ်ပစ်ပြီး လုံးဝ အသုံးမကျအောင် လုပ်ပစ်ဖို့ကို သူ စဉ်းစားနေမိသည်။ သို့သော် သူသည် ပထမတန်းစား သိုင်းပညာရှင် တစ်ယောက် ဖြစ်နေဆဲဖြစ်၍ ယာဟယောဂျော့အနေဖြင့် ထိုသို့လုပ်ရန် နှမြောနေမိခြင်း ဖြစ်သည်။
“သတင်းရဖို့ ဘယ်နှစ်ရက် လိုမလဲ။”
ဘယ်ချွန်းက ယာယောဂျော့၏ မေးခွန်းကို တုန်တုန်ယင်ယင်ဖြင့် ဖြေလိုက်သည်။
“...အဲ့ဒီကောင်ရဲ့ သတင်းကို နောက်ဆုံး ၄ ရက်အတွင်း ရအောင် စုံစမ်းပါ့မယ်။”
“၄ ရက် ဟုတ်လား... ဆေးနတ်မင်းရဲ့ သတင်းကိုလည်း တစ်ခါတည်း ယူလာခဲ့မယ် မဟုတ်လား။”
“...ဟုတ်ကဲ့! အရာအားလုံးကို စုံစမ်းခဲ့ပါ့မယ်။”
“မင်းရဲ့ စိတ်ဓာတ်ကို ငါ သဘောကျတယ်၊ သေချာ လုပ်စမ်းပါ။”
ယာယောဂျော့သည် မတ်တတ်ရပ်ကာ လှည့်ထွက်သွားပြီးနောက်၊ သူ၏ သားရေအိတ်ထဲမှ တစ်ခုခုကို ထုတ်ယူကာ ဘယ်ချွန်းထံသို့ ပစ်ပေးလိုက်သည်။ ၎င်းမှာ လက်မတစ်ဆစ်ခန့်ရှိသော ချီ (Qi) များဖြင့် ပြုလုပ်ထားသည့် စကျင်လုံးလေး တစ်လုံး ဖြစ်သည်။
“ဒါက ၄ ရက်စာပဲ။”
ဘယ်ချွန်းသည် ထိုအရာကို မြင်သောအခါ ကြောက်လန့်တကြား တုန်လှုပ်သွားသည်။ အမှောင်နန်းတော်၏ ဌာနခွဲအသီးသီးမှ သိုင်းပညာရှင်များသည် ‘တံဆိပ်ခတ်ခြင်း’ (Seal) ဟု ခေါ်သော အရာတစ်ခုကို စားသုံးရသည်။ ထိုတံဆိပ်သည် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ လှုပ်ရှားနေပြီး သတ်မှတ်ထားသော အချိန်အတွင်း ဆေးကို မစားသုံးပါက ပေါက်ကွဲသွားမည် ဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့၏ အတွင်းကလီစာများ အရည်ပျော်ကာ သေဆုံးသွားကြရမည် ဖြစ်သည်။
‘...တောက်။’
ဘယ်ချွန်းသည် ဒေါသနှင့် စိတ်ပျက်မှုများဖြင့် သွားကို တင်းတင်းကြိတ်လိုက်သည်။ ယခုအခါ သူသည် မည်သို့ပင်ဖြစ်စေ သတင်းအချက်အလက်အားလုံးကို ၄ ရက်အတွင်း ရရှိရန် သေချာပေါက် လုပ်ဆောင်ရတော့မည် ဖြစ်သည်။