အခန်း (၆၉) လျောက်သွားနေသောလူသေကောင်(၁)
"လျှောက်သွားနေတဲ့ လူသေကောင်တစ်ယောက်လား..."
မမျှော်လင့်ဘဲ မသေဆေးဆရာဝန်ရဲ့ ပါးစပ်က ထွက်လာတဲ့ စကားတွေကြောင့် ကျွန်တော့်ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားရတယ်။ သူက အလွန်တည်ကြည်လေးနက်တဲ့ မျက်နှာပေးနဲ့ ဆက်ပြောလာတယ်။
"မင်း... ဒီလိုဖြစ်ရအောင် ဘာတွေများ သောက်သုံးခဲ့မိတာလဲ"
"အဲဒါ ဘာကို ဆိုလိုတာလဲဟင်..."
"မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ချီအမျိုးအစားတွေ အများကြီး ရှိနေတယ်၊ အဲဒါတွေ အားလုံးကလည်း တစ်ခုနဲ့တစ်ခု မတူကြဘူး။ မင်းဘယ်လိုလုပ် အပိုင်းပိုင်းမပြတ်ဘဲ အကောင်းပကတိ လျှောက်သွားနေနိုင်တာလဲ"
သူ့စကားက ကွက်တိပါပဲ။ ကျွန်တော်ဟာ ချီအမျိုးအစား အများကြီးကို စုပ်ယူခဲ့တာမို့ သူဘာကို ဆိုလိုလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်ရဲ့ မိစ္ဆာစွမ်းအား၊ စိချွမ်းမှာ ရှိစဉ်က ရခဲ့တဲ့ စွမ်းအားနဲ့ မကြာသေးခင်ကမှ ဟွာတောင်ရဲ့ ရတနာကနေ ရရှိခဲ့တဲ့ စွမ်းအားတွေကို သူပြောနေတာဖြစ်ကြောင်း ကျွန်တော် ယုံကြည်မိတယ်။
"အဲဒါက တကယ်ပဲ ပြဿနာ အကြီးကြီး ဖြစ်နေလို့လား"
"ဒါက ဘယ်လောက်အထိ ပြဿနာရှိလဲဆိုတာ သိုင်းသမားတစ်ယောက်ဖြစ်တဲ့ မင်းကိုယ်တိုင် မသိဘူးဆိုတာ မဖြစ်နိုင်တာ... ဒီလိုမျိုးတွေ ဖြစ်နေတာတောင် မင်းဘယ်လိုလုပ် အသက်ရှင်နေသေးလဲဆိုတာကိုပဲ ငါပိုအံ့သြမိတယ်"
တကယ်ပဲ အဲဒီလောက်အထိ ဆိုးရွားနေတာလား။ တရားစောင့်ဂိုဏ်းတစ်ခုရဲ့ ချီနဲ့ ဂူမျိုးနွယ်စုရဲ့ ချီက သဟဇာတမဖြစ်ဘူးဆိုတာ ကျွန်တော်သိပေမဲ့ အဲဒါတွေကို တည်ငြိမ်အောင် ကျွန်တော် ကောင်းကောင်း ထိန်းချုပ်ထားနိုင်တယ်လို့ ထင်ခဲ့တာ။
'အကြီးအကဲရှင် ပြောခဲ့တဲ့ သားရဲကြောင့်များလား'
「အဲဒါကြောင့် မဟုတ်လောက်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တာမျိုး မဟုတ်ရင် ဘယ်အရူးက ချီအမျိုးအစား နှစ်ခုကို ခန္ဓာကိုယ်ထဲ ထည့်ထားချင်မှာလဲ」
'ဒါပေမဲ့ အဲဒါက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်မှ မဟုတ်တာ...'
「အဲဒါကြောင့်ပဲ သူက အံ့သြနေတာပေါ့」
အဲဒါက ကျွန်တော့်ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုပါပဲ။ အကယ်၍ သဘာဝချင်း လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ချီနှစ်မျိုးဟာ ခန္ဓာကိုယ်တစ်ခုတည်းမှာ စီးဆင်းနေမယ်ဆိုရင် အဲဒါတွေဟာ မပြတ်မနား ပဋိပက္ခဖြစ်နေမှာ သေချာပါတယ်။ ပြီးတော့ အဲဒီလို ထိပ်တိုက်တွေ့မှုတိုင်းမှာ ကျွန်တော့်ခန္ဓာကိုယ်ကို ပျက်စီးစေပါလိမ့်မယ်။ ချီရဲ့ အဆင့်အတန်း မြင့်မားလာလေလေ အခြေအနေက ပိုဆိုးလာလေလေပါပဲ။ အကယ်၍ ကျွန်တော်က သာမန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်သာဆိုရင် အခုလောက်ဆို ဒုက္ခိတဖြစ်နေလောက်ပါပြီ။
'ငါ အပေါ့အပါး တွေးမိသွားတာ ဖြစ်နိုင်တယ်။'
ကျွန်တော့်မှာ ဘာမှမဖြစ်ခဲ့တာကြောင့် အလေးမထားခဲ့မိဘူး။ ဒါပေမဲ့... အကြီးအကဲရှင် နှိမ်နင်းပေးထားတဲ့ သားရဲဆိုတာ ကျွန်တော့်ခန္ဓာကိုယ်ကို ပျက်စီးစေမယ့် အဲဒီပဋိပက္ခတွေကို ပြောတာလား—
「အဲဒါ မဟုတ်ဘူး」
'မဟုတ်ဘူးလား'
「ဟုတ်တယ်၊ အဲဒီဆေးဆရာကို ဖြေရမယ်ဆိုရင်တော့ အဲဒီသားရဲက မင်းကို အသက်ရှင်အောင် လုပ်ပေးထားတာ」
'အဲဒါက ဘာကို ဆိုလိုတာလဲ'
「အဲဒီအရာက သူ့ကိုယ်တိုင်လည်း ပေါက်ကွဲနိုင်စွမ်းရှိတဲ့အရာ ဖြစ်နေပေမဲ့၊ အဆုံးမရှိ သောင်းကျန်းဖို့ ကြိုးစားနေတဲ့ ချီတွေကိုတော့ သူက နှိမ်နင်းပေးထားတယ်...」
အကြီးအကဲရှင် ပြောတာတွေကို ကျွန်တော် လုံးဝ နားမလည်နိုင်တော့ဘူး။ ...ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ။ ကျွန်တော် မသေဆေးဆရာကို အမြန်မေးလိုက်တယ်။
"ဒါဆို ကျွန်တော် ဘာလုပ်သင့်သလဲ"
"ဘာလုပ်ရမလဲ ဟုတ်လား။ အဲဒီအရာတွေကို မင်းခန္ဓာကိုယ်ထဲကနေ အကုန်ထုတ်လိုက် ဒါမှမဟုတ်ရင်လည်း အခုလိုပဲ ဆက်နေပြီး မင်းခန္ဓာကိုယ် ပေါက်ကွဲမထွက်သွားဖို့ပဲ ဆုတောင်းနေပေတော့"
"ဗျာ...?"
ဒါက ဘယ်လိုမျိုးလဲ...။
"မင်းခန္ဓာကိုယ်က အခုချိန်မှာ ပေါက်ကွဲထွက်သွားရင်တောင် မဆန်းဘူး။ ငါကိုယ်တိုင်လည်း အတင်းအဓမ္မ ထုတ်ပေးဖို့ မစွန့်စားနိုင်ဘူး"
မသေဆေးဆရာတောင် ဒါကို အလွယ်တကူ မဖြေရှင်းနိုင်ဘူးလား။
"မင်းကို လျှောက်သွားနေတဲ့ လူသေကောင်လို့ ငါအကြောင်းမဲ့ ခေါ်တာမဟုတ်ဘူး၊ ထမင်းစားနေရင်းဖြစ်ဖြစ်၊ ရေချိုးနေရင်းဖြစ်ဖြစ် မင်းအချိန်မရွေး သေသွားနိုင်တယ်။ မင်းက အဲဒီလို အခြေအနေမျိုး ရောက်နေတာ"
ကျွန်တော် အချိန်မရွေး သေသွားနိုင်တဲ့ အခြေအနေပေါ့။ အခုလောလောဆယ် ငြိမ်သက်နေတဲ့ စွမ်းအင်တွေက အချိန်မရွေး ပြန်သောင်းကျန်းပြီး ကျွန်တော့်ကို သတ်ပစ်နိုင်တယ်လို့ ဆိုလိုတာပါ။
'...ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ အချိန်ကိုက်ဗုံးတစ်လုံး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။'
အဲဒီအရာအားလုံးကို စုပ်ယူပြီးတဲ့နောက်မှာ အားလုံးအဆင်ပြေနေတယ်လို့ ထင်ခဲ့တဲ့ ကျွန်တော့်မှာပဲ အပြစ်ရှိတာနေမှာပါ။ ...ဒါပေမဲ့လည်း အဲဒါတွေကို ကျွန်တော်က တမင်တကာ စုပ်ယူခဲ့တာ မဟုတ်တာကြောင့် ပိုပြီးတော့ စိတ်ပျက်စရာ ကောင်းနေပါတယ်။
"ဒါက ကျွန်တော် ထင်ထားတာထက် ပိုကြီးတဲ့ ပြဿနာပဲ"
အဲဒီနောက် မသေဆေးဆရာဝန်က ကောင်းကင်ဇီးပန်းသခင်ဆီ လှည့်လိုက်တယ်။
"ခင်ဗျား သိလို့ သူ့ကို စစ်ဆေးခိုင်းတာ မဟုတ်ဘူးလား"
"ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ..."
"ခင်ဗျားက ကောင်းကင်ဇီးပန်း ဆိုတဲ့ ဘွဲ့နာမည်ကြီး ခံယူထားပြီး ဒါကိုတောင် မသိဘူးလား"
"ကျွန်တော်က ခဏလေးပဲ မြင်လိုက်ရတာ၊ အဲဒါကြောင့် သေချာစစ်ဆေးနိုင်အောင် ခင်ဗျားဆီ ခေါ်လာတာပေါ့"
သက်ကြီးရွယ်အို နှစ်ယောက် ကျွန်တော့်ရှေ့မှာ ရန်ဖြစ်နေကြတုန်း ကျွန်တော့်ရဲ့ စိတ်အစဉ်ကတော့ ရှုပ်ထွေးနေတုန်းပါပဲ။ ကျွန်တော် ဘာလုပ်သင့်သလဲ။ ကျွန်တော့်ရှေ့က ကျူးကော့ဟော့အကြောင်း ဒါမှမဟုတ် အနာဂတ်မှာ ဖြစ်လာမယ့် အကြောင်းအရာတွေကိုတောင် မတွေးနိုင်တော့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်က အချိန်မရွေး သေသွားနိုင်တဲ့ အခြေအနေမှာ ရှိနေလို့ပဲ။
'...ငါ ဘာလုပ်ရမလဲ'
ကျွန်တော့် ခန္ဓာကိုယ်ထဲက လျှို့ဝှက်ဆန်းပြားတဲ့ အရာကြောင့် အသက်ရှင်နေသေးတာ မှန်ပေမဲ့၊ ချီကို အလွန်အကျွံ သုံးလိုက်ရင် အဲဒါကလည်း သောင်းကျန်းလာလိမ့်မယ်လို့ ပြောထားတာမို့ လုံးဝ ဘေးကင်းတာမျိုးတော့ မဟုတ်ဘူး။ ပြီးတော့ အကြီးအကဲရှင်က အဲဒီအရာကို နှိမ်နင်းပေးထားရတာဆိုတော့...
'ဒါက တကယ်ကို ရှုပ်ထွေးလှချည်လား'
အခြေခံအားဖြင့်တော့ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ စစ်ပွဲတစ်ခု ဖြစ်ပွားနေတာပါ။ အဲဒါတွေ အားလုံးက ကျွန်တော် မလိုချင်ဘဲ အတင်းအဓမ္မ စုပ်ယူခဲ့ရတဲ့ စွမ်းအင်တွေကြောင့် ဖြစ်ရတာ။ အကယ်၍ ကျွန်တော်က ကိုယ့်အလိုအလျောက် စုပ်ယူခဲ့တာဆိုရင် အခုလောက်အထိ စိတ်ပျက်နေမှာ မဟုတ်ဘူး။ အဲဒီလို တွေးနေတုန်းမှာပဲ မသေဆေးဆရာရဲ့ အသံကို ကြားလိုက်ရတယ်။
"မင်း အသက်ရှင်နိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှိတယ်"
"ဗျာ?"
"မဟုတ်ဘူး၊ မင်းက အသက်ရှင်နေသေးတာဆိုတော့ အသက်ဆက်ရှင်နိုင်မယ့် နည်းလမ်းလို့ ပြောတာ ပိုမှန်လိမ့်မယ်"
"အဲဒါ ဘာလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးလို့ ရမလား"
သူ့စကားကြောင့် ကျွန်တော့်မှာ မျှော်လင့်ချက်လေး နည်းနည်း ရှိလာတယ်။ မသေဆေးဆရာဝန်က တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ ပြန်ဖြေတယ်။
"မင်း ခန္ဓာကိုယ်ထဲက အရာက အချိန်မရွေး ပေါက်ကွဲနိုင်တယ်ဆိုရင်၊ မင်းရဲ့ ဝမ်းဗိုက်ကိုပဲ ပိတ်ဆို့လိုက်ရုံပေါ့"
"...!"
"ဒီကိစ္စက မင်းရဲ့ ဝမ်းဗိုက်ကနေ စပြီး ပေါက်ကွဲမှာမို့၊ ပြဿနာ မတက်ခင်မှာပဲ အခုကတည်းက ပိတ်ဆို့လိုက်ရင် မင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်လိမ့်မယ်"
မသေဆေးဆရာဝန်ကြီး ပြောတာ မမှားပါဘူး။ အကယ်၍ ကျွန်တော့်ရဲ့ အောက်ဝမ်းဗိုက် (အတွင်းအားစင်တာ) ကို ပိတ်ဆို့ဖျက်ဆီးလိုက်ရင် ကျွန်တော့် ခန္ဓာကိုယ်ထဲက အရာတွေလည်း အတူတူ ပျက်စီးသွားမှာမို့ ပြဿနာက ပြေလည်သွားမှာပါ။ ပြီးတော့ ကျွန်တော်လည်း အသက်ဆက်ရှင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ဟာ သိုင်းသမားတစ်ယောက်အနေနဲ့တော့ သေဆုံးသွားမှာ ဖြစ်ပါတယ်။
'ငါ အဲဒါကို မလုပ်နိုင်ဘူး'
အခုချိန်ထိ ကျွန်တော် တည်ဆောက်ခဲ့တဲ့ ချီနဲ့ စွမ်းအားတွေကို မက်မောလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့် ဝမ်းဗိုက်ကို ပိတ်ဆို့လိုက်ရင်လည်း ကျွန်တော်က ဘယ်လိုနည်းနဲ့မဆို သေရမှာ ဖြစ်လို့ပါပဲ။ ကောင်းကင်မိစ္ဆာရဲ့ လက်ချက်နဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် သိုင်းလောကမဟာမိတ်အဖွဲ့ရဲ့ လက်ချက်နဲ့ဖြစ်ဖြစ်ပေါ့။
'...တောက်။'
ဘာလို့ ကျွန်တော့်အတွက် လွယ်ကူတဲ့ ရွေးချယ်စရာ တစ်ခုမှ မရှိရတာလဲ။ ဘေးကင်းတဲ့ ရွေးချယ်စရာရော တစ်ခုမှ မရှိနိုင်တော့ဘူးလား။
「မင်း လက်မလျှော့ချင်သေးဘူးပေါ့၊ သိုင်းသမားတွေက သူတို့ရဲ့ အသက်ထက် ဝမ်းဗိုက် (အတွင်းအား) ကို ပိုတန်ဖိုးထားကြတာဆိုတော့ ဒါကလည်း ဖြစ်သင့်ပါတယ်လေ」
ဒါက တချို့နေရာတွေမှာတော့ မိုက်မဲပုံရပေမဲ့ သိုင်းသမားအများစုအတွက်တော့ အဲဒါက အမှန်တရားပါပဲ။ မသေဆေးဆရာဝန်ကြီးက ကျွန်တော့်ရဲ့ မျက်နှာပေးကို ကြည့်ပြီး ပြောလာတယ်။
"မင်းရဲ့ မျက်နှာပေးအရတော့ မင်းရဲ့ ဝမ်းဗိုက်ကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက် မရှိဘူး ထင်တယ်"
"..."
"အဲဒါဆိုရင်တော့ မင်းကံကောင်းပြီး မင်းခန္ဓာကိုယ်က အခုထိ တောင့်ခံထားသလိုမျိုး ဆက်ပြီး တောင့်ခံနိုင်ဖို့ ဆုတောင်းပေးရုံကလွဲလို့ ငါ့မှာ တခြားဖြေရှင်းနည်း မရှိတော့ဘူး"
"စစ်ဆေးရုံပဲ စစ်ဆေးမယ်ဆိုပြီး အခုတော့ အဖြေတစ်ခု ထုတ်ပေးလိုက်တာပဲ မဟုတ်လား ထေး!"
"ဒီအပုပ်ကောင်၊ မင်းကို အခုပဲ ထွက်သွားတော့လို့ ငါပြောလိုက်တယ်နော်!"
တကယ်ကို အလုပ်ရှုပ်စရာပါပဲ...။ မသေဆေးဆရာက သူ့လက်နဲ့ တံခါးဘက်ကို ညွှန်ပြပြီး နားထောင်လို့ ပြီးပြီဆိုရင် ထွက်သွားကြဖို့ အချက်ပြလိုက်တယ်။
"ဒီမှာ လူနာရှိတယ်၊ ပြီးရင်လည်း ထွက်သွားကြတော့"
"အမြဲတမ်း အေးစက်နေတုန်းပါပဲလား..."
"အထူးသဖြင့် မင်းပဲ ဒိုဟွာ၊ လစ်တော့"
ကောင်းကင်ဇီးပန်းသခင်က ပြုံးပြပြီး မတ်တပ်ရပ်လိုက်တယ်။(ဇော်ဂျီပန်း) ဇွန်ပန်းဓားသခင်မကလည်း ဦးညွှတ်ဖို့ ပြင်လိုက်ပေမဲ့ ကောင်းကင်ဇွန်ပန်းသခင်က သူ့လက်နဲ့ မလုပ်ဖို့ တားလိုက်တယ်။
"ကောင်းကောင်း အနားယူပါ၊ ကျွန်တော် ခဏခဏ လာလည်ပါ့မယ်"
"ဟုတ်ကဲ့... အရှင်"
"ခင်ဗျား လာရင် ဆူညံနေတာပဲ၊ အဲဒါကြောင့် မလာ—"
"နောက်တစ်ခါ ထပ်လာခဲ့မယ်နော် ထေး"
"လစ်စမ်းပါ"
ကောင်းကင်ဇီးပန်းသခင်က တံခါးအပြင်ဘက်ကို ထွက်သွားတယ်၊ ကျွန်တော်လည်း သူ့နောက်က လိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ—
"ခ-ခဏနေဦး"
အသံကြားရာကို ကျွန်တော် လှည့်ကြည့်လိုက်တော့ ဂူရွန်ဟွာ နဲ့ မျက်နှာချင်းဆိုင် တိုးမိသွားတယ်။ သူမက သိသိသာသာ တုန်ရင်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ကြည့်နေတာ။
"ဟင်?"
"...နင်... သေတော့မှာလား"
"ဘာပြောလိုက်တယ်?"
"နင် သေတော့မှာလားလို့ ငါမေးနေတာလေ!?"
ဂူရွန်ဟွာက အော်ပြောလိုက်တယ်။ သူမက ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒါတွေ ပြောနေတာလဲ။ သူမကို မတွေ့ရတာ ကြာပြီမို့ ကျွန်တော်လည်း ဘယ်လို စကားပြောရမလဲ မသိဘူး။ သူမက ကျွန်တော့်ကို သေစေချင်လို့ မေးတာလား။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက တကယ်ပဲ အဲဒီလောက်အထိ ဆိုးရွားနေလို့လား—
– ငါ့မျက်စိရှေ့က ထွက်သွားစမ်း၊ နင့်ရဲ့ တည်ရှိမှုကတင် ငါ့ကို ရွံရှာစေတယ်။
...ဒါက တကယ်ပဲ ဆိုးရွားခဲ့တာ ဖြစ်နိုင်တယ်။ ရုတ်တရက် ခေါင်းထဲ ဖြတ်ပြေးသွားတဲ့ အတိတ်က အမှတ်ရရတစ်ခုကြောင့် ကျွန်တော် သက်ပြင်းချလိုက်မိတယ်။ အဲဒါက ကျွန်တော်ကိုယ်တိုင် ပြောခဲ့တဲ့ စကားတွေပဲ။ ကျွန်တော် ဂူရွန်ဟွာကို ကြည့်ပြီး ပြောလိုက်တယ်။
"ဖြစ်နိုင်တာပဲ"
"...ဘာလို့... ဘာလို့လဲ..."
"ဟင်?"
"နင်က ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ...?"
"ငါက ကြောက်နေရမှာလား။ ငါ အခုထိ မသေသေးဘူးလေ"
"ဒါပေမဲ့ သူတို့က နင် မနက်ဖြန်တောင် သေသွားနိုင်တယ်လို့ ပြောနေကြတာလေ!"
"ဒါပေမဲ့ အခုတော့ ငါ အသက်ရှင်နေသေးတယ်လေ"
ကျွန်တော့်စကားကို ကြားပြီးနောက် ဂူရွန်ဟွာရဲ့ မျက်နှာပေးက ထူးထူးခြားခြား ပြောင်းလဲသွားတယ်။ အဲဒါက တကယ်ပဲ ထူးဆန်းနေလို့လား။ ပြီးတော့ ဂူရွန်ဟွာက ဘာလို့ ဒါကို အလေးအနက်ထားနေရတာလဲ။ သူမမှာ ကျွန်တော့်အပေါ် သံယောဇဉ် ကျန်သေးတယ်လို့ ကျွန်တော် မထင်ထားဘူး။
「သေခြင်းတရားကို တစ်ခါမှ မကြုံဖူးသေးတဲ့ ကလေးတစ်ယောက်က ဒီစကားတွေကို တည်ငြိမ်တဲ့ မျက်နှာနဲ့ ပြောနေတာဆိုတော့ တကယ်ကို ထူးဆန်းတာပေါ့」
'ဟင်း။'
「မင်းက တစ်ခါတလေ လူကြီးတစ်ယောက်လို ပြုမူတတ်တာကို ငါသိပေမဲ့၊ အခုကတော့ ပိုပြီး သိသာနေတယ်။ ဒါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကို နောက်မှ ငါကြားချင်မိတယ်」
'ကျွန်တော့်မှာ ဒါနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းရှိတယ်လို့ အကြီးအကဲက ဘယ်လိုလုပ် သေချာနေတာလဲ'
「မဟုတ်လည်း နေပေါ့」
'...'
– ဟူး
ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားဝိုင်းကြောင့် ကျွန်တော် ပိုတောင် ပင်ပန်းသွားသလိုပဲ။ ကျွန်တော် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ဂူရွန်ဟွာဘက်ကို ပြန်အာရုံစိုက်လိုက်တယ်။
"ငါ နောက်ရက်အနည်းငယ်အတွင်း မျိုးနွယ်စုဆီ ပြန်တော့မယ်၊ နင်လည်း လိုက်ခဲ့ရမယ်"
"ငါ... မလိုက်ဘူး"
"မလိုက်ဘူး ဟုတ်လား"
"အဲဒီလို စုတ်ပြတ်သတ်နေတဲ့ နေရာမျိုးကို ငါ လုံးဝ ပြန်မသွားချင်ဘူး!"
"ကောင်းပြီ၊ နင်ဖြစ်ချင်သလိုသာ လုပ်တော့"
သူမ ဖြစ်ချင်သလို လုပ်လို့ရတယ်လို့ ပြောလိုက်တဲ့အခါ ဂူရွန်ဟွာရဲ့ မျက်နှာပေးက ပိုလို့တောင် ထူးဆန်းသွားတယ်။ သူမရဲ့ မျက်နှာပေးကို ကြည့်ရုံနဲ့ သူမ မသွားချင်ဘူးဆိုတာ ကျွန်တော် သိပြီးသားပါ။
"နင် ငါ့ကို တကယ်ပဲ အတင်းအဓမ္မ မခေါ်သွားဘူးလား"
"နင် မသွားချင်ဘူးဆို"
"ဟင်...?"
"နင် အရမ်း ခေါင်းမာမာနဲ့ ငြင်းနေလို့ ငါ နင့်ကို မခေါ်လာနိုင်ဘူးလို့ အဖေ့ကို ပြောရင် အဖေက ဘာပြန်ပြောမယ် ထင်လဲ"
"..."
"အေး၊ နင်ထင်သလိုပဲ၊ သူ ဘာမှ ပြောမှာ မဟုတ်ဘူး"
'အဲဒီလိုလား' လို့ ပြောပြီးပဲ ဆုံးသွားမှာပါ။ ဒါပေမဲ့ ကျွန်တော် ရမယ့် ဆုလာဘ်ဖြစ်တဲ့ ကောင်းကင်ဆေးလုံးကတော့... ဪ၊ အဲဒါကို ကျွန်တော် မေ့သွားတာပဲ။
'ပြန်စဉ်းစားကြည့်တော့လည်း၊ အဲဒါကို အခုရပြီး သောက်သုံးလိုက်ရင် ငါ့ခန္ဓာကိုယ်က ပိုပြီး ဒုက္ခရောက်သွားနိုင်တယ်။'
ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ မီးရှူးမီးပန်းတွေ ရှိနေတာတောင်၊ အဲဒီထဲကို နောက်ထပ် လောင်စာတွေ ထပ်ဖြည့်လိုက်ရင် ပိုမဆိုးသွားဘူးလား။ အဲဒါက ကျွန်တော့်ရဲ့ ပထမဆုံး စိုးရိမ်မှုပါပဲ။ ပြီးတော့ ဇွန်ပန်းဓားသခင်မရဲ့ ရင်ခွင်ထဲက ဂူရွန်ဟွာကို ကြည့်ရတာ သူမအနေနဲ့ မျိုးနွယ်စုဆီ ပြန်သွားဖို့ မလိုဘူးလို့ ကျွန်တော် တွေးမိတယ်။ ဟွာတောင်က ဂူမျိုးနွယ်စုထက်စာရင် ဂူရွန်ဟွာအတွက် ပိုပြီး အိမ်နဲ့တူတယ်လို့ ခံစားရပါတယ်။
「ဒါက အစ်ကိုကြီး တစ်ယောက်ရဲ့ စိတ်ရင်းမျိုးလား」
'ကျွန်တော့်ကို ကြက်သီးထအောင် မပြောပါနဲ့'
သေမှာကိုတောင် စိုးရိမ်နေရတာ၊ အစ်ကိုကြီး စိတ်ရင်းဆိုတာတွေက...။ အရင်ဘဝကလိုပဲ ကျွန်တော် ဒါကို ဂရုမစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
「မင်းက အမြဲတမ်း မင်းရဲ့ စိတ်ရင်းနဲ့ ဆန့်ကျင်ဘက်တွေကိုပဲ ပြောတာပဲ」
ကျွန်တော် အကြီးအကဲရှင်ကို ခပ်ပေါ့ပေါ့ပဲ လျစ်လျူရှုလိုက်ပြီး မသေဆေးဆရာနဲ့ ဓားဘုရင်ကို ဦးညွှတ်လိုက်တယ်။ အဲဒီကြားထဲမှာ ကျုကော့ဟော့နဲ့ မျက်လုံးချင်း တိုးမိသွားပေမဲ့ အခုလောလောဆယ်တော့ သူ့ကို လွှတ်ပေးထားဖို့ ဆုံးဖြတ်လိုက်တယ်။ အခုလောလောဆယ်ပေါ့။ အိမ်ကလေးရဲ့ အပြင်ဘက်ကို ရောက်လာတဲ့အခါမှာတော့...
(ကောင်းကင်ဇီးပန်း)ဇွန်ပန်းသခင်ကတော့ ကျွန်တော့်ကို စောင့်မနေဘဲ ထွက်သွားနှင့်ပြီ ထင်တယ်။ သူ ကျွန်တော့်ကို ထားခဲ့တာလား...။ မကြာခင် ညမှောင်တော့မှာမို့ ကျွန်တော်လည်း ပြန်ဖို့ ပြင်သင့်ပြီလို့ တွေးမိပြီး ကျွန်တော့်ရဲ့ ခြေထောက်တွေဆီ ချီကို စုစည်းလိုက်တယ်၊ ဒါပေမဲ့—
"နေဦး၊ ငါ လမ်းမသိဘူး..."
...ဟင်?
"ထူးဆန်းလိုက်တာ"
ဂူယန်ချွန်း ထွက်သွားပြီးနောက်မှာ မသေဆေးဆရာဆီကနေ အဲဒီစကား ထွက်လာတယ်။ အဲဒါက ထူးဆန်းတယ်။ တကယ်ကို ထူးဆန်းတယ်။ အသက် ၂၀ တောင်မပြည့်သေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ မတူညီတဲ့ ချီအမျိုးအစားတွေ အများကြီး ရှိနေတာကို မြင်ရတာ။ အဲဒီချီတွေက တစ်ခုနဲ့တစ်ခု ရန်ဖြစ်နေကြတာ သေချာပေမဲ့ ပေါက်ကွဲမထွက်သေးတာကလည်း ထူးဆန်းတယ်။ မသေဆေးဆရာဝန်ကြီးရဲ့ စကားကို နားထောင်နေတဲ့ သူ့ရဲ့ အမူအရာကလည်း အပါအဝင်ပေါ့။
'အဲဒီမျက်လုံးတွေကို ငါတစ်နေရာရာမှာ မြင်ဖူးသလိုပဲ။'
သူ အချိန်မရွေး သေသွားနိုင်တယ်လို့ အပြောခံရပြီးနောက်မှာတောင် သူ့ရဲ့ မျက်လုံးတွေက တည်ငြိမ်နေတုန်းပဲ။ ကြောက်လန့်ပြီး တုန်လှုပ်နေရမှာ ဖြစ်ပေမဲ့ သူ့မျက်လုံးတွေကတော့ အဲဒီအမှန်တရားကို အေးအေးဆေးဆေး လက်ခံထားသလိုပါပဲ။ အဲဒီမျက်လုံးတွေကို မသေဆေးဆရာဝန်ကြီး တစ်နေရာရာမှာ သေချာပေါက် မြင်ဖူးပါတယ်။ ဒါပေမဲ့ ဘယ်မှာလဲဆိုတာ သူ မမှတ်မိဘူး။ သူ တကယ်ပဲ အိုမင်းသွားပြီ ထင်တယ်။
မသေဆေးဆရာဝန်ကြီးက ဂူရွန်ဟွာဘက်ကို လှည့်လိုက်တယ်။
"ကလေးမလေး၊ မင်းရဲ့ အစ်ကိုက ဘယ်လိုလူမျိုးလဲ"
"...ရှင်?"
မသေဆေးဆရာဝန်ကြီးရဲ့ ရုတ်တရက် မေးခွန်းကြောင့် ဂူရွန်ဟွာ ဆွံ့အသွားရတယ်။ သူက ဘယ်လိုလူမျိုးလဲ...။ သူက သူမထက် တစ်နှစ်ကြီးတဲ့ အစ်ကိုတစ်ယောက်ပါ။ အစတုန်းကတော့ သူမရဲ့ ကြင်နာတတ်တဲ့ အစ်ကိုအတွက် ဂူရွန်ဟွာ ဂုဏ်ယူခဲ့ပေမဲ့ သူက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ ပြီးတော့—
သူက သူမရဲ့ အမေ နောက်ဆုံးအချိန်တွေကို မြင်တွေ့ခဲ့တဲ့ လူတစ်ယောက်ပဲ။ အဲဒီတုန်းက သူမ အရမ်းငယ်သေးလို့ အမှတ်ရစရာတွေက ဝေဝါးနေပေမဲ့၊ အဲဒါဖြစ်ပျက်ချိန်မှာ ဂူယန်ချွန်း အဲဒီမှာ ရှိနေခဲ့တယ်ဆိုတာ သူမ သိပါတယ်။ သူမရဲ့ အဖေ ဂူချောအွန် နဲ့ အတူတူပေါ့။
"..."
"ရွန်ဟွာ...?"
ဂူရွန်ဟွာက စိုးရိမ်စိတ်ကြောင့် ဓားဘုရင်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်။
"အဟမ်း..."
အဲဒါကို မြင်တော့ မသေဆေးဆရာဝက ခေါင်းလွှဲလိုက်တယ်။ သူ မမေးသင့်တာကို မေးမိသွားပြီလို့ ခံစားလိုက်ရလို့ပါ။
"ဒါဆို အဲဒီမျက်လုံးတွေကို ငါ ဘယ်တုန်းက ဘယ်မှာ မြင်ခဲ့တာပါလိမ့်—"
...!
သူ မှတ်မိသွားပြီ။ အဲဒီကောင်လေးမှာ ရှိနေတဲ့ မျက်လုံးမျိုး ရှိခဲ့သူတွေကို မသေဆေးဆရာ မှတ်မိသွားပြီ။ အဲဒါက သူ မေ့သွားလောက်အောင်ကို ကြာမြင့်ခဲ့တဲ့ အချိန်တုန်းကပါ။ သူ ဆေးကုသခြင်းမှာ မကျော်ကြားခင် ဟိုးအရင်တုန်းက လူတချို့ကို ကုသပေးဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရဖူးတယ်။ အဲဒီလူတွေရဲ့ မျက်လုံးတွေမှာ ဘာခံစားချက်မှ မရှိဘူး။ သူတို့က ဘာကိုမှ ဂရုမစိုက်တော့သလိုမျိုး သေခြင်းတရားရဲ့ ကြောက်ရွံ့မှုကို ကျော်လွန်သွားကြပုံရတယ်။ အဲဒါကို သက်သေပြဖို့အတွက်လည်း မကြာခင်မှာပဲ သူတို့ဟာ အဲဒီမျက်လုံးတွေအတိုင်းပဲ သူတို့ရဲ့ အသက်ကို သူတို့ကိုယ်တိုင် အဆုံးစီရင်ခဲ့ကြတယ်။
"...ဒါပေမဲ့ ဘာဖြစ်လို့ အဲဒီကောင်လေးမှာ အဲဒီလို မျက်လုံးမျိုး ရှိနေရတာလဲ...?"
တွင်းနက်ကြီး။ အဲဒီမျက်လုံးတွေက တွင်းနက်ကြီးထဲကနေ အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ မျက်လုံးတွေနဲ့ တူနေပါတယ်။
ဟွာတောင်ဆီကို ကျွန်တော် ခက်ခက်ခဲခဲ ပြန်ရောက်လာတဲ့အခါ နေဝင်သွားပြီ။
"ညတောင် မှောင်နေပြီ၊ ကျွန်တော် ညစာတောင် မစားရသေးဘူး"
ကောင်းကင်ဇွန်ပန်းသခင် ကျွန်တော့်ကို တွေ့တဲ့အခါ၊ သူ ကျွန်တော့်ကို ထားခဲ့မိတာကို အခုမှ သတိရသွားတဲ့ ပုံစံမျိုးနဲ့ တောင်းပန်လာတယ်။ သူ တကယ်ကြီး ကျွန်တော့်ကို မေ့သွားတာပဲ...။ ပြီးတော့ ကျွန်တော့် ခန္ဓာကိုယ်ထဲက ဟွာတောင်ရဲ့ ချီကို ဘာလုပ်ရမလဲလို့ မေးကြည့်တော့—
– ငါက ချီကို ပြန်ထုတ်ယူလို့မှ မရတာ... အဲဒါကြောင့် တခြားနည်းလမ်းမရှိသေးသရွေ့ ဘာမှမသိသလိုပဲ ဟန်ဆောင်ပြီး ဆက်ထားလိုက်ပေါ့?
ဒါက သူ့ရဲ့ ပေါ့ပျက်ပျက် အဖြေပါပဲ။ အဲဒီလိုဆိုရင် ကျွန်တော့်ကို အဲဒီကို ဘာလို့ ခေါ်သွားတာလဲ...။ သူ့နောက်ကို လိုက်သွားလို့ ကျွန်တော် ရလိုက်တာက ကျုး ကော့ဟော့ဟာ မသေဆေးဆရာရဲ့ မြေးဖြစ်တယ်ဆိုတာနဲ့ ကျွန်တော်ဟာ အချိန်ကိုက်ဗုံးတစ်လုံး ဖြစ်နေတယ်ဆိုတာပါပဲ။
'...ငါ့ဘဝကတော့။'
ကျွန်တော့်အတွက် ဘာတစ်ခုမှ လွယ်ကူမနေပါဘူး။ အရင်ဘဝက ကျွန်တော် အဲဒီလောက်တောင် အပြစ်တွေ များခဲ့လို့လား—
'ဪ များတာပေါ့၊ အများကြီးပဲ...'
သက်ပြင်း။
လက်ရှိ အခြေအနေကို ဖြေသိမ့်ဖို့အတွက် ကံကမ္မကိုပဲ အကြောင်းပြချက်အဖြစ် သုံးဖို့ ကြိုးစားကြည့်ပေမဲ့၊ တချို့အရာတွေက ကျွန်တော် ဖြစ်ချင်သလို ဖြစ်မလာပါဘူး။ အခုလိုမျိုးပေါ့။
"...အခု ဒါက ဘာတွေ ဖြစ်နေတာလဲ?"
ကျွန်တော်က ဟွာတောင်က ပေးထားတဲ့ ဧည့်သည်ဆောင်ထဲမှာ ရှိနေတာပါ။ အစောင့်တွေက အနားမှာ စောင့်ကြည့်နေမှာဖြစ်ပြီး အစေခံတွေလည်း အနားမှာ ရှိနေမှာပါ။
"ဒါပေမဲ့ မင်းက ဘာဖြစ်လို့လဲ?"
အခန်းက သေးလည်းမသေး၊ ကြီးလည်းမကြီးတဲ့ သာမန်အရွယ်အစားပါပဲ။ ပြီးတော့ အဲဒီအခန်းရဲ့ အလယ်မှာတော့ စောင်ခင်းနေတဲ့ လူတစ်ယောက် ရှိနေတယ်။ အစတုန်းကတော့ အစေခံတစ်ယောက်လို့ ထင်ခဲ့ပေမဲ့ သူမရဲ့ ထူးခြားတဲ့ ဆံပင်အရောင်ကို မြင်လိုက်ရတဲ့အခါမှာတော့ တခြားလူ မဟုတ်ဘူးဆိုတာ ကျွန်တော် သိလိုက်ပါတယ်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ?"
ကျွန်တော့်အသံကို ကြားတော့ အဲဒီလူက ကျွန်တော့်ကို လှည့်ကြည့်တယ်။ ပြီးတော့ ကျွန်တော် ဘာလို့ အဲဒီလို မေးတာလဲဆိုတဲ့ ပုံစံနဲ့ သူမရဲ့ ခေါင်းကို စောင်းပြီး ကြည့်နေတယ်။ အဲဒီ စောင်ခင်းနေတဲ့ လူက နမ်ဂေါင်းဘီအာ ဖြစ်နေပါတယ်။
"စောင်..."
"မင်းက ဘာလို့ အဲဒါကို ခင်းနေတာလဲ...?"
"အိပ်ဖို့လေ?"
"ဘယ်မှာလဲ— ဒီမှာလား?"
"အင်း။"
"အတူတူလား?"
"အင်း။"
"...ဘာလို့လဲ?"
...ဘာလို့လဲလို့?