အခန်း (၆၇) မသေမျိုးဆေးနတ်ဘုရား(၄)
မှောင်မိုက်နေသော အခန်းကျယ်ကြီးတစ်ခုအတွင်း လူပေါင်းရာချီ၍ ဒူးထောက်နေကြသည်။ အနက်ရောင်ဝတ်စုံဝတ် သိုင်းပညာရှင်များကြားတွင် အမျိုးသားတစ်ဦးသည် ဖြည်းညှင်းစွာ လမ်းလျှောက်နေ၏။ အခန်းထဲတွင် ဒူးထောက်နေသည့် မိစ္ဆာလူသားတိုင်းသည် ထိုအမျိုးသားထံမှ ထွက်ပေါ်လာပြီး ၎င်းတို့ကို ဖိနှိပ်ထားသော မိစ္ဆာချီကြောင့် တုန်ရီနေကြသည်။ သို့သော် သူသည် ရှေ့တည့်တည့်ကိုသာ ကြည့်နေ၏။ သူလျှောက်လှမ်းနေသော လမ်း၏ အဆုံးသတ်ကိုသာ သူစိုက်ကြည့်နေသည်။
「 အရှင် အဆင်ပြေပြေနဲ့ ပြန်လာနိုင်တာကို ကျွန်တော်တို့ ဝမ်းသာမိပါတယ် 」
လမ်းအဆုံးမှ ထွက်ပေါ်လာသော တည်ငြိမ်သည့်အသံကို ကြားပြီးနောက် ထိုအမျိုးသား၏ ခြေလှမ်းများမှာ ပိုမိုမြန်ဆန်လာသည်။
「 အု ... 」
「 အား ... ! 」
ထိုအမျိုးသားထံမှ မသိစိတ်ဖြင့် ထွက်ပေါ်နေသော မိစ္ဆာချီများသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖိနှိပ်ထားသည်။
「 အို ... အရှင် စိတ်ဆိုးနေပုံရတယ် 」
ထိုသို့ဖြစ်နေသည့်တိုင် လမ်းအဆုံးမှ လူမှာမူ သောက်လက်စ အရက်ကို အေးအေးလူလူ ဆက်သောက်နေဆဲပင်။ ထိုပုံရိပ်ကို မြင်သောအခါ အမျိုးသားက ဟိန်းဟောက်လိုက်သည်။
「 အခုရော မင်း ကျေနပ်ပြီလား !! 」
ထိုစကားလုံးများနှင့်အတူ မိစ္ဆာချီအနည်းငယ် လွင့်စင်ထွက်လာသည်။ ၎င်းသည် သူခံစားနေရသော ပေါက်ကွဲလုနီးပါး ခံစားချက်များကြောင့် ဖြစ်သည်။
「 ဘာကို ဆိုလိုတာလဲ ခင်ဗျ 」
သူ့စကားကို ကြားပြီးနောက် လွင့်စင်နေသော မိစ္ဆာချီများကို လမ်းအဆုံးမှ လူဆီသို့ ဦးတည်လိုက်သော်လည်း ထိုတိုက်ခိုက်မှုမှာ ပစ်မှတ်ထံ မရောက်မီမှာပင် ပျက်ပြယ်သွားခဲ့သည်။
– ကျွတ်စ်
လမ်းအဆုံးတွင် ထိုင်နေသောသူကို ကြည့်ရင်း ထိုအမျိုးသားမှာ သွားကို တင်းတင်းကြိတ်ထားမိသည်။ ကောင်းကင်မိစ္ဆာ၏ စွမ်းအားသည် ထိုလူကို အကာအကွယ်ပေးထားဆဲပင်။
「 အရှင် ... ကျွန်တော့်ရဲ့ ဦးနှောက်အသေးလေးနဲ့တော့ အရှင် ဘာလို့ ဒီလောက် စိတ်တိုနေရလဲဆိုတာ နားမလည်နိုင်ဘူး ဖြစ်နေတယ် 」
ထိုလူက သူ၏ ဆံပင်ရှည်များကို လက်ဖြင့် သပ်လိုက်သည်။ သူ၏ ပါးပြင်မှ မျက်လုံးအထိ ရောက်နေသော အမာရွတ်တစ်ခု ရှိနေသည်။
「 ကျွန်တော်တို့ စီစဉ်ထားတဲ့အတိုင်း စီချွမ်းကို သိမ်းပိုက်နိုင်ခဲ့တယ်၊ တစ်ဆက်တည်းမှာပဲ ထန်မျိုးနွယ်စုကိုလည်း ခုခံတွန်းလှန်နိုင်ခဲ့တယ် 」
ထိုဖြစ်စဉ်အတွင်း အဆိပ်ဘုရင်မသည် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။
「 စစ်ပွဲအတွင်းမှာ မမျှော်လင့်ထားတဲ့ သေဆုံးမှု ရှိခဲ့ပေမယ့် ရလဒ်အနေနဲ့ ကျွန်တော်တို့ လိုချင်တာထက် ပိုရခဲ့ပါတယ် 」
သမ္မာဂိုဏ်းက သိုင်းပညာရှင် အများစုကို သတ်ဖြတ်နိုင်ခဲ့သလို၊ သူတို့ရဲ့ ခေါင်းဆောင်ဟာ တာဝန်မဲ့သူဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ခေါင်းကိုလည်း ဖြတ်ယူနိုင်ခဲ့သည်။ သို့သော် ထိုဖြစ်စဉ်တွင် မိစ္ဆာဓား သေဆုံးသွားခဲ့သည်။
「 အဲဒီတော့ ဘာက ပြဿနာဖြစ်နေလို့လဲ 」
ရယ်သံစွက်နေသော သူ၏အသံမှာ နားထဲတွင် ယားကျိကျိ ဖြစ်စေသည်။ သူက ယပ်တောင်ဖြင့် ပါးစပ်ကို ပိတ်လိုက်သည်။ ကျွန်တော်သည် ခေါင်းထဲတွင် ခံစားနေရသော ဝေဒနာကို အောင့်အည်းသည်းခံလိုက်ရသည်။
「 အရှင် 」
သူက သူ့ထံသို့ လာရန် လက်ဟန်ပြနေသည်။ ကျူးကော့ဟော့။ ဤမိစ္ဆာကောင်များကြားတွင် မိစ္ဆာလူသား မဟုတ်သည့် တစ်ဦးတည်းသောသူ။ သူသည် လျှာစွမ်းဖြင့်သာ မိစ္ဆာဂိုဏ်း၏ အဓိက အဖွဲ့ဝင် ဖြစ်လာသူဖြစ်ပြီး၊ ယခုအခါ သူ့ထံ ချဉ်းကပ်လာသော အမျိုးသားကို တွက်ကိန်းတွက်နေသည့် အပြုံးဖြင့် ကြည့်နေသည်။
「 ဒါက ကျွန်တော်တို့ အရှင် လိုချင်ခဲ့တဲ့အရာပဲလေ 」
「 လက်ဝါးတစ်ဖက်တည်းနဲ့ ကောင်းကင်ကို ဖုံးလို့မရဘူးလို့ ပြောကြပေမယ့် မင်းကတော့ မင်းပါးစပ်နဲ့ နေမင်းကို ဖုံးဖို့ ကြိုးစားနေတာလား 」
「 အရှင် ဘာလို့ ဒီလို ဖြစ်နေရတာလဲ ကျွန်တော် တကယ် မသိဘူး၊ ဟိုမိန်းမ သေသွားလို့လား 」
– ဝုန်း !
ထိုစကားကြောင့် အခန်းအတွင်း မီးတောက်များ ချက်ချင်း ဖုံးလွှမ်းသွားသော်လည်း ယုတ်မာသောအပြုံးဖြင့် ထိုင်နေသည့် ထိုလူထံသို့မူ မီးတောက်များ မရောက်ရှိပေ။
「 အား ... ! 」
「 ငါ့ခန္ဓာကိုယ် ... ! ငါ အရှင်လတ်လတ် အလောင်ခံနေရပြီ !! 」
မီးတောက်များသည် ဘေးပတ်ပတ်လည်ရှိ သနားစရာကောင်းသော မိစ္ဆာလူသားများကို လောင်ကျွမ်းသွားသော်လည်း ထိုအမျိုးသား၏ မျက်လုံးများသည် ကျူးကော့ဟော့ထံတွင်သာ ရှိနေသည်။ ဤအခြေအနေတွင် ရယ်စရာတစ်ခုခု တွေ့သွား၍လားမသိ၊ ကျူးကော့ဟော့မှာ ထိုအပြုံးအတိုင်း ရှိနေဆဲပင်။
「 အရှင်ရဲဲ့ စစ်သည်တွေ အရှင်လတ်လတ် လောင်ကျွမ်းကုန်ပြီ၊ စိတ်လျှော့သင့်ပါတယ် 」
ပြင်းထန်သော မီးတောက်များသည် အရှိန်လျော့သွားပုံမရပေ။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသား စိတ်လှုပ်ရှားလေလေ မီးတောက်များသည် ပို၍ ကြမ်းတမ်းရမ်းကားလာလေလေ ဖြစ်သောကြောင့်ပင်။
မိစ္ဆာများနှင့် ထန်မျိုးနွယ်စုတို့၏ စစ်ပွဲအပြီးတွင် စီချွမ်းသည် လူနေထိုင်ရန် မသင့်တော်သော မြေပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ အဆုံးမရှိသော အဆိပ်မြူများကြားတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသော အဆိပ်ဘုရင်မ ရှိနေသည်။ ပြီးနောက် လရောင်အောက်တွင် ဓားကို ဝှေ့ယမ်းခဲ့သော မိစ္ဆာဓားသည် ထိုလမင်းကို ရှာဖွေရင်း ကောင်းကင်ယံကို ကြည့်ကာ နောက်ဆုံးတွင် မျက်လုံးမှိတ်သွားခဲ့သည်။ ဘယ်တော့မှ ပြန်မပွင့်လာတော့ရန်ပင်။ သူမ ချစ်မြတ်နိုးသော လမင်းမှာ မိုးတိမ်မည်းများနှင့် စိတ်ပျက်အားငယ်မှုများအောက်တွင် ပျောက်ကွယ်သွားခဲ့ပြီ။
နောက်ဆုံးတွင် ဘာကျန်ခဲ့သနည်း။ ဘာမှမရှိ ... ။ ၎င်းသည် စတေးခြင်းဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ဖြစ်ပြီး၊ ကျွန်တော်သည် ဤလောကတွင် ထိုအရာကို မည်သူထက်မဆို ပိုသိသည်။
သို့ဆိုလျှင် ကျွန်တော် ဘာကြောင့် ဒီလောက် စိတ်တိုနေရသနည်း။ လူသားဆန်မှုကို စွန့်လွှတ်ခဲ့ပြီးသည့်တိုင် ကျွန်တော့်မှာ လူသားစိတ် ကျန်နေသေး၍လား။ ယခုအချိန်တွင်တော့ ၎င်းသည် ဟာသတစ်ခုလိုပင်။
ဖြည်းဖြည်းချင်းပင် ထိုလူ၏ လည်ပင်းကို လှမ်းကိုင်နေသော ကျွန်တော့်လက်မှာ အောက်သို့ ကျဆင်းသွားသည်။ အခန်းတစ်ခုလုံးကို ဝါးမြိုနေသော မီးတောက်များမှာလည်း ငြိမ်သက်သွားခဲ့သည်။ ကျူးကော့ဟော့က ထိုမြင်ကွင်းကို ကြည့်ကာ တခိခိ ရယ်မောနေသည်။
「 နောက်ဆုံးတော့ စိတ်အေးသွားပြီပေါ့လေ ... 」
「 ပါးစပ်ပိတ်ထားစမ်း၊ မင်းရဲ့ အဲဒီပါးစပ်ကို ဆွဲဖြဲပစ်ချင်တဲ့စိတ်ကို ငါ အတတ်နိုင်ဆုံး ထိန်းထားရတာမို့ 」
「 အရှင် အထင်မလွဲစေချင်ဘူး 」
ပိတ်ထားသော ကျူးကော့ဟော့၏ မျက်လုံးများသည် ကျွန်တော့်ကို စကားပြောစဉ် အနည်းငယ် ပွင့်လာသည်။
「 ကျွန်တော်တို့အားလုံးက ကိုယ့်သဘောနဲ့ကိုယ် ဒီကို လာခဲ့ကြတာ၊ အခု အရှင် လုပ်နေတဲ့ အပြုအမူက ဘာမှ အထောက်အကူ မဖြစ်ဘူး 」
「 မင်း ဘာပြောချင်တာလဲ 」
「 ကျွန်တော်တို့ အရှင်က ဒီမှာ ရှိနေသေးတယ်ဆိုတာ မမေ့ပါနဲ့။ ဒါပဲ ကျွန်တော် ပြောချင်တာ။ အရှင်က ကျွန်တော်တို့ရဲ့ အရှင် သခင်ကိုပဲ အလုပ်အကျွေးပြုရမယ်၊ တခြားဘာမှ မရှိဘူး 」
ကျူးကော့ဟော့သည် ယပ်တောင်ကို ခေါက်လိုက်ပြီး ကျွန်တော့်ပုခုံးကို ပုတ်လိုက်သည်။ ကျွန်တော်သည် ကျူးကော့ဟော့ကို ဒေါသတကြီး ကြည့်ရင်း သွားကို တင်းတင်းကြိတ်ကာ လှည့်ထွက်ခဲ့သည်။ မူလကတည်းက ကျွန်တော်သည် ဤလူနှင့် ထိုကဲ့သို့ စကားပြောရန် ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ပေ။
「 ကောင်းကင်သခင် သေဆုံးသွားပြီ 」
သူ့အသံက ကျွန်တော့်နားထဲ ရောက်လာသော်လည်း ကျွန်တော်ကတော့ သူ့ကို လုံးဝ လျစ်လျူရှုကာ ထွက်ခွာလာခဲ့သည်။
「 ဂုဏ်သိက္ခာမဲ့ ထူးကဲလေးမြတ်သူလည်း မကြာခင်မှာပဲ ဒီလို ကံကြမ္မာမျိုးနဲ့ ကြုံရတော့မှာပါ 」
သူ ဘာပြောပြော ကျွန်တော့်ခြေလှမ်းများ မရပ်တန့်ခဲ့ပေ။
「 ဓားဧကရာဇ်က လက်တစ်ဖက် ဆုံးရှုံးသွားပြီဆိုတော့၊ ကောင်းကင်မိစ္ဆာအရှင်က ဘာအားစိုက်ထုတ်မှုမှ လုပ်စရာတောင် လိုမှာ မဟုတ်တော့ဘူး 」
ကျွန်တော် ဆက်လျှောက်ရင်း တံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်သည်။
「 အဲဒီတော့ ဘယ်သူ ကျန်သေးတယ်လို့ ထင်လဲ 」
– ရပ်တန့်ခြင်း
ကျူးကော့ဟော့က အပြုံးဖြင့် ပြောလိုက်သော နောက်ဆုံးစကားကြောင့် ကျွန်တော် မရပ်ဘဲ မနေနိုင်တော့ပေ။ ကျွန်တော် နောက်လှည့်မကြည့်ခဲ့ပါ။ ယခုအချိန်တွင် ကျွန်တော် မည်သို့သော မျက်နှာအမူအရာမျိုး ဖြစ်နေမည်ကို မသေချာသောကြောင့် ဖြစ်သည်။
「 သေချာ စဉ်းစားပါ၊ အရှင်က ဒါကို အရှင်ဆီမှာပဲ လွှဲထားပေးမှာ သေချာတယ် 」
– ဖြောင်း !
သတ္တုကွဲအက်သွားသောအသံမှာ အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ ကျွန်တော် ကိုင်ထားသော တံခါးလက်ကိုင်မှာ ကျွန်တော့်လက်ဆုပ်အတွင်း ကြေမွသွားခဲ့သည်။
「 အရှင် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် 」
ထိုလူ၏ စက်ဆုပ်ဖွယ် အပြုံးဖြင့် ပြောလိုက်သော စကားများသည် ကျွန်တော့်နားကို ညစ်ပတ်စေသည်။ တံခါးကို တွန်းဖွင့်ပြီးနောက် ကျွန်တော်သည် အသံလုံသော အကာအကွယ်တစ်ခုကို ပြုလုပ်ကာ အစွမ်းကုန် အော်ဟစ်လိုက်သည်။ အားရပါးရ အော်ဟစ်ပြီးနောက်မှသာ ကျွန်တော် ပြန်လည် အသက်ရှူနိုင်တော့သည်။ ခဏမျှ ငြိမ်သက်စွာ ရပ်နေပြီးနောက် ကျွန်တော် ပြန်လည် လှုပ်ရှားလိုက်သည်။ ဒေါသကြောင့် ဖြစ်ပေါ်နေသော ကျွန်တော့်မျက်နှာကို အတတ်နိုင်ဆုံး ပြန်လည် ပြင်ဆင်လိုက်သည်။ မိစ္ဆာချီသည် ကျွန်တော့်ခန္ဓာကိုယ်အတွင်း သောင်းကျန်းနေဆဲဖြစ်သော်လည်း ၎င်းကို သူတစ်ပါး မသိအောင် ထိန်းထားရမည်။ ဖြည်းဖြည်းချင်းပင် ရှေ့သို့ လှောက်လှမ်းလာခဲ့သည်။ ကျွန်တော့်၏ နောက်ထပ် ဦးတည်ရာမှာ ဟဲနန် ဖြစ်သည်။
ကောင်းကင်မိစ္ဆာကို လူသားများ၏ မျက်နှာဖုံးများကို ခွာချရန်အတွက်သာ ဖြစ်တည်လာသော ထူးခြားသည့် တည်ရှိမှုတစ်ခုအဖြစ် မကြာခဏ ဆွေးနွေးလေ့ရှိကြသည်။ သို့သော် သူသည်လည်း လူသားတစ်ဦးပင်။ မည်မျှပင် အစွမ်းထက်ပါစေ၊ ကောင်းကင်မိစ္ဆာ တည်ထောင်ခဲ့သော မိစ္ဆာဂိုဏ်းသည် အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ထိုအဖွဲ့အစည်းသည် သာမန်မဟုတ်ကြောင်းမှာ ထင်ရှားလှသည်၊ အကြောင်းမှာ အဖွဲ့ဝင် အများစုမှာ မိစ္ဆာအဖြစ် ကူးပြောင်းပြီးနောက် ရူးသွပ်သွားကြခြင်း သို့မဟုတ် သောင်းကျန်းသူများ ဖြစ်သွားကြခြင်းကြောင့်ပင်။
ထိုသို့သော ရူးသွပ်နေသည့် အုပ်စုကိုပင် သိုင်းလောက၏ ဒေသများကို သိမ်းပိုက်နိုင်အောင် လုပ်ဆောင်ပေးခဲ့သူမှာ အမျိုးသားတစ်ဦးကြောင့် ဖြစ်သည်။ ကမ္ဘာ့အကြီးကျယ်ဆုံး မျိုးနွယ်စု နေထိုင်ရာ ဒေသပင်လျှင် မိစ္ဆာဂိုဏ်း၏ ပရိယာယ်များကြောင့် မြေပုံပေါ်မှ ပျောက်ကွယ်သွားခဲ့ရသည်။ သမ္မာဂိုဏ်းများ၏ နှလုံးသားဟု တင်စားရသော သိုင်းမဟာမိတ်အဖွဲ့ပင်လျှင် ထိုလူကြောင့်ပင် ပျက်စီးသွားခဲ့ရသည်။
မိစ္ဆာဂိုဏ်း၏ ဦးနှောက်ဖြစ်သူ ကျူးကော့ဟော့မှာ ထိုလူ၏ အမည်ဖြစ်သည်။ သူ့ကို ကောင်းကင်မိစ္ဆာ၏ နားနှင့် ပါးစပ်အဖြစ် မကြာခဏ ခေါ်ဆိုကြသည်။ ထိုမိစ္ဆာကဲ့သို့ လူသားကို ကျွန်တော် အတိတ်မှ ပြန်လည် ရောက်ရှိလာကတည်းက အပူတပြင်း ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ အချိန်မီ ရှာတွေ့နိုင်ပါ့မလားဟု ကျွန်တော့်ကို စိုးရိမ်ပူပန်စေခဲ့သော ထိုလူသည် ယခုအခါ ကျွန်တော့်ရှေ့ တည့်တည့်တွင် ရပ်နေပြီ ဖြစ်သည်။
"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"
ပေါက်ကွဲထွက်လာသော ခံစားချက်များကို မထိန်းချုပ်နိုင်ဘဲ ဒေါသသံ အနည်းငယ်ဖြင့် မေးလိုက်သည်။ သူသည် ကျွန်တော့်ထက် အသက်ငယ်ပုံရသည်။ သူ၏ ဆံပင်မှာ ထူးခြားလှသည်၊ ခေါင်းတစ်ဖက်တွင် အနက်ရောင်ဖြစ်ပြီး ကျန်တစ်ဖက်မှာ အဖြူရောင် ဖြစ်နေသည်။ သူ၏ ဆံပင်များမှာ မျက်နှာတစ်ဝက်နီးပါးကို ဖုံးအုပ်ထားသဖြင့် ကျွန်တော် လက်ဖြင့် ဘေးသို့ ဖယ်လိုက်သည်။
" ... ?"
ကျွန်တော် မြင်ခဲ့ရသော အမာရွတ် ... မျက်နှာတစ်ဝက်ကို ဖုံးလွှမ်းထားသော အမာရွတ် ... ယခုမူ ထိုအမာရွတ်မှာ သူ့ထံတွင် မရှိသေးပေ။ အင်း ... သူ ဒါကို မရသေးတာလည်း ဖြစ်နိုင်ပါသည်။
"မင်း ..."
ကျွန်တော် သူ့ကို လေသံတိုးတိုးဖြင့် ခေါ်လိုက်သည်။ ဘာတုံ့ပြန်မှုမှ မရှိဘဲ ကျွန်တော့်ကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ခဏကြာသည်အထိ ဘာတုံ့ပြန်မှုမှ ရှိမလာပေ။ သူ ကျွန်တော့်ကို လျစ်လျူရှုနေတာလား။ ထိုသို့တွေးမိသောအခါ ကျွန်တော် ဒေါသကို မထိန်းနိုင်တော့ပေ။ ကျွန်တော့်ခန္ဓာကိုယ် အတွင်းပိုင်းမှ ထွက်ပေါ်လာသော ဒေါသ ... အချိန်အတော်ကြာအောင် ဖိနှိပ်ထားခဲ့သော ဒေါသသည် ယခုအခါ ခေါင်းထိပ်အထိ ရောက်ရှိလာပြီ ဖြစ်သည်။
' ဪ ... ငါ သူ့ကို အခုပဲ သတ်ပစ်လိုက်ရမလား '
ပထမဆုံး ဝင်လာသော အတွေးဖြစ်သည်။ သူ့ကို သတ်ရန် ရည်ရွယ်ချက် ရှိပြီးသားဖြစ်သဖြင့် တွန့်ဆုတ်နေစရာ မလို—
「 ဟေ့ ... ! 」
" ... !"
အကြီးအကဲရှင်၏ ရုတ်တရက် အော်ဟစ်သံကြောင့် ကျွန်တော် သတိပြန်ဝင်လာသည်။
「 မင်း ဘာတွေ လုပ်နေတာလဲ !! သူ့ကို လွှတ်လိုက်စမ်း ! 」
လွှတ်လိုက်ရမည် ? ဘာကို လွှတ်ရမှာလဲ ? ထိုသို့တွေးရင်း ကျွန်တော့်လက်ကို ကြည့်လိုက်သောအခါ ကျွန်တော်သည် ထိုကောင်လေး၏ လည်ပင်းကို ညှစ်ထားမိသည်ကို တွေ့လိုက်ရသဖြင့် လန့်သွားသည်။
' ... ဘယ်တုန်းကလဲ '
ကျွန်တော် အခုလေးတင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ ကျွန်တော် စိတ်လှုပ်ရှားနေသည်ကို နားလည်ပါသည်၊ ဤခန္ဓာကိုယ်မှာ ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ ဖြစ်တတ်သည်ကိုလည်း သိပါသည်၊ သို့သော် အကျိုးအပြစ်ကို မစဉ်းစားဘဲ ယခုကဲ့သို့ ရမ်းကားမိသည်မှာ တစ်ခုခုတော့ မှားနေပြီ။ တစ်ခုခု ထူးဆန်းနေသည်။ ကျွန်တော် ဒေါသထွက်သည်မှာ မှန်သော်လည်း ယခုကဲ့သို့ ထိန်းချုပ်မှု လွတ်သွားသည်မှာမူ ...
' ... ဒါက '
ကျွန်တော် တစ်စုံတစ်ခု၏ ထိန်းချုပ်မှုကို ခံနေရသလိုမျိုး—
"နင် ဘာလုပ်နေတာလဲ !!"
ရုတ်တရက် ထွက်ပေါ်လာသော အော်ဟစ်သံနှင့်အတူ ကျွန်တော်သည် ထိုကောင်လေးထံမှ အဝေးသို့ တွန်းထုတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ မြက်ခင်းပြင်ပေါ်တွင် ခဏမျှ လိမ့်သွားပြီးနောက် ကျွန်တော် အားယူကာ ပြန်ထလိုက်သည်။
" ... ဘယ်ကနေ ရုတ်တရက် ပေါ်လာပြီး ဘာတွေ လုပ်နေတာလဲ"
ထိန်းမရသော ဒေါသသံမှာ ကျွန်တော့်နားထဲ ဝင်လာသည်။ ထိုအသံရှင်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ဟွာရှန်းဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားသူကို တွေ့လိုက်ရသည်။ သူမတွင် ပုခုံးအထိသာရှိသော ဆံပင်တိုလေးရှိပြီး၊ ဂူမျိုးနွယ်ဝင်များနှင့် တူညီသော မျက်နှာသွင်ပြင် ရှိသည်။ သို့သော် သူမ၏ မျက်နှာမှာ ကျွန်တော့်၏ အခြားမောင်နှမများကဲ့သို့ ထက်မြက်ပုံမရပေ၊ အဘယ်ကြောင့်ဆိုသော် သူမ၏ မျက်နှာမှာ ဂူမျိုးနွယ် မဟုတ်သော အခြားမိဘတစ်ဦးနှင့် ပိုတူသောကြောင့် ဖြစ်နိုင်သည်။
ကျွန်တော့်ညီမလေးကို မတွေ့ရသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ယခုကဲ့သို့သော အခြေအနေမျိုးတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဂူရွန်ဟွာက ကျွန်တော့်မျက်နှာကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်သည်။
"နင့်ရဲ့ အဲဒီ စက်ဆုပ်စရာကောင်းတဲ့ မျက်နှာကို မြင်နေရရုံနဲ့တင် ငါ့မှာ တောင့်ခံနေရတာ ခက်လှပြီ၊ ဘာလို့ ငါ့ကို ပိုပြီး ခက်ခဲအောင် လုပ်နေရတာလဲ !"
"မင်း ဘာကို—"
"စကားတောင် မပြောနိုင်တဲ့ ကလေးတစ်ယောက်ကို နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူက ငါ့အတွက် အရေးကြီးတဲ့သူလို့ ထင်လို့ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်နေတာလား !"
"ဘာ ?"
"ဒီအထိ ရောက်လာပြီးတာတောင် နင်က ..."
ဂူရွန်ဟွာ ဘာပြောလိုက်တာလဲ။ သူ စကားမပြောနိုင်ဘူး ... ? ကျွန်တော် ကျူးကော့ဟော့ကို အံ့အားသင့်သော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။ သူကတော့ ခံစားချက်မရှိသော မျက်လုံးများဖြင့် ရှိနေဆဲပင်။ မသိတဲ့လူတစ်ယောက်က ရုတ်တရက် လည်ပင်းကို လာညှစ်ထားတာတောင် သူက အနည်းငယ်သာ ရုန်းကန်ခဲ့ပြီး၊ အဲဒီ ခံစားချက်မဲ့တဲ့ အမူအရာကို တစ်စက္ကန့်လေးတောင် မပြောင်းလဲခဲ့ဘူး။
' သူ စကားမပြောနိုင်ဘူးလား '
ကျွန်တော် ကျူးကော့ဟော့ဟု ယုံကြည်ထားသော ဤကလေးမှာ မသန်စွမ်းသူတစ်ဦး ဖြစ်နေသည်ကို ကြားလိုက်ရသဖြင့် ဇဝေဇဝါ ဖြစ်သွားသည်။
... သူ မဟုတ်တာလား ? သူ့မှာ ထိုဆိုးဝါးသော အမာရွတ်လည်း မရှိသလို၊ စကားလည်း မပြောနိုင်ဘူး ... ။ တူညီသောအချက်မှာ အသက်အရွယ်နှင့် ထူးခြားသော ဆံပင်အရောင်သာ ရှိသည်။ ၎င်းသည် တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သော်လည်း ...
တစ်ခုခုကြောင့် ကျွန်တော် ယုံကြည်နေဆဲပင်။ ထူးဆန်းသော အကြည့်ဖြင့် ထိုင်နေသည့် ဤကောင်လေးမှာ ကျူးကော့ဟော့ ဖြစ်သည်ဆိုသောအချက်ကိုပင်။
「 အရင်ဆုံး မင်းရဲ့ အတွေးတွေကို စုစည်းလိုက်ဦး 」
အကြီးအကဲရှင်၏ စကားကို ကြားပြီးနောက် ကျွန်တော် အသက်ပြင်းပြင်း ရှူလိုက်သည်။ ဂိုဏ်းချုပ်၏ အိမ်တော်မှ ထွက်လာသည်နှင့် အကြီးအကဲရှင် ပြန်ပေါ်လာပြီး၊ စကားမပြောနိုင်ခြင်းမှာ သူ့အတွက် တကယ့်ကို စိတ်ပျက်စရာကောင်းကြောင်း ပြောခဲ့သည်။ ၎င်းသည် ထိုနေရာကြောင့်လား သို့မဟုတ် ဇီးပန်းပွင့်နတ်ဘုရား၏ စွမ်းအားကြောင့်လား ဆိုသည်ကိုတော့ ကျွန်တော် မသေချာပေ။ ၎င်းကို ရှာဖွေရန်လည်း ကျွန်တော့်မှာ အချိန်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ဇီးပန်းပွင့်နတ်ဘုရားသည် သူ၏ အိမ်တော်မှ ထွက်လာသည်နှင့် ကျွန်တော်နှင့်အတူပါလာသူများကို နားခိုရန်နေရာ ရှာပေးဖို့ သူ့လူများကို ခိုင်းစေပြီး၊ တစ်နေရာရာသို့ ချက်ချင်း ပြေးထွက်သွားသောကြောင့် ဖြစ်သည်။ ကျွန်တော့်ကို လိုက်ခဲ့ရန် ပြောထားသဖြင့် ကျွန်တော်လည်း သူ့နောက်သို့ လိုက်ပြေးခဲ့ရသည်။
' ... ဒါက ဘာလဲ '
ဟွာရှန်းနှင့် အနည်းငယ် ဝေးကွာသော နေရာတွင်၊ လှပသော တောအုပ်တစ်ခု၏ အလယ်တွင် အိမ်ဟောင်းလေးတစ်လုံး ရှိနေသည်။ ထိုနေရာတွင် ကျူးကော့ဟော့လည်း ရှိနေသည်။ ၎င်းအပြင် ကျွန်တော် မတွေ့ရတာ ကြာပြီဖြစ်သော ဂူရွန်ဟွာလည်း ရှိနေသည်၊ သို့သော် ကျွန်တော်သည် သူမကို လျစ်လျူရှုကာ တစ်စုံတစ်ခု ပူးကပ်ခံထားရသလို ထိုကလေးထံသို့ ရုတ်တရက် ရောက်သွားခဲ့ခြင်း ဖြစ်သည်။
အကြီးအကဲရှင်က မေးသည်။
「 မင်း ဒီကလေးကို သိလို့လား 」
' ... '
「 မသိဘူးလို့ ပြောဖို့ကတော့၊ မင်း ဒီကလေးကို မြင်ပြီးနောက်မှာ မင်းရဲ့ ချီတွေက အရင်ကထက် ပိုပြီး ရမ်းကားလာတာကို ရှင်းပြလို့ မရဘူး ဖြစ်နေတယ် 」
ကျွန်တော် ချီကို အသုံးတောင် မပြုခဲ့ပါဘူး၊ ဘာဖြစ်လို့ ဒီလောက် သောင်းကျန်းသွားရတာလဲ။ နောက်ဆုံးတွင် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်နိုင်သောအခါ ဇီးပန်းပွင့်နတ်ဘုရား ကျွန်တော့်ထံ လာနေသည်ကို မြင်လိုက်ရသည်။
"မင်းတို့ နှစ်ယောက်က ငါထင်ထားတာထက် ပိုရင်းနှီးပုံရတယ်"
ထိုစကားမှာ ရုတ်တရက်ကြီး ဖြစ်နေသည်။
"ဘာကို ဆိုလိုတာလဲ ... ?"
"မင်းရဲ့ ညီမလေးက တခြားကောင်လေးတစ်ယောက်နဲ့ ရှိနေလို့ မင်း စိတ်တိုနေတာ မဟုတ်ဘူးလား"
" ... ဗျာ ?"
သူ ဘာတွေ လျှောက်ပြောနေတာလဲ။ ဇီးပန်းပွင့်နတ်ဘုရားရဲ့ ခေါင်းထဲမှာ တကယ်ပဲ ပန်းတွေ ပွင့်နေတာလား။ သူ့ဘွဲ့အမည်နဲ့ တကယ့်ကို လိုက်ဖက်ပါပေသည်။ ဂူရွန်ဟွာသည်လည်း သူ့စကားကို ကြားသောအခါ ရွံရှာသော မျက်နှာပေး ဖြစ်သွားသည်။ သူမသည် ကျူးကော့ဟော့ကို တစ်လှည့်၊ ကျွန်တော့်ကို တစ်လှည့် ကြည့်ကာ တစ်ကိုယ်လုံး ကြက်သီးများ ထသွားသည်။ သူမသည် ရွံရှာလွန်း၍ အော်ဟစ်ပစ်ချင်ပုံရသော်လည်း၊ ဟွာရှန်းဂိုဏ်းချုပ်ရှေ့တွင် ဖြစ်နေသဖြင့် အတတ်နိုင်ဆုံး အောင့်ထားရရှာသည်။
– ကျွိ ...
အိမ်လေး၏ တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။ အဆောက်အဦးအတွင်းမှ ထွက်လာသူမှာ ဆံပင်ဖြူဖွေးနေသော အဖိုးအိုတစ်ဦး ဖြစ်သည်။ ဒါ ဘယ်သူလဲ ... ?
「 သိုင်းပညာရှင် တစ်ယောက်နဲ့တော့ မတူဘူး 」
ကျွန်တော်လည်း ထိုသို့ပင် တွေးမိသည်။ သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံအရ သိုင်းပညာရှင်တစ်ဦးဟု မထင်ရပေ။ သို့သော် ဓားဧကရာဇ်ပင်လျှင် ယခုမြင်နေရသော အဖိုးအိုနှင့် ဆင်တူသော ခန္ဓာကိုယ်မျိုး ရှိခဲ့ဖူးသဖြင့် လူတစ်ဦးကို အပြင်ပန်းဖြင့် မဆုံးဖြတ်ရန် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ အဖိုးအိုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့တွေ သူတပါးအိမ်ရှေ့မှာ ဘာလို့ ဒီလောက် ဆူညံနေကြတာလဲ !"
ဇီးပန်းပွင့်နတ်ဘုရားက အဖိုးအို၏ စကားကို ပြုံး၍ ပြန်ပြောသည်။
"ထေး ! ငါ ရောက်ပြီ !"
ဇီးပန်းပွင့်နတ်ဘုရား၏ စကားကို ကြားသောအခါ သူ မျက်မှောင်ကြုတ်လိုက်သည်။
"ဒီကောင် ... ငါလို အလုပ်ရှုပ်နေတဲ့ လူကို တောင်ပေါ်မှာ ထားခဲ့ပြီးတော့မှ အခုမှ ပေါ်လာတယ်ပေါ့လေ !?"
ဟွာရှန်း၏ အရှင်သခင်ကို ထိုသို့ ခေါ်ဆိုရဲသည်လား ... ။ သို့သော် ဇီးပန်းပွင့်နတ်ဘုရားကတော့ ဆဲဆိုခံရသည်ကို ဂရုမစိုက်ပုံရသည်။ ထို့နောက် သူက ကျွန်တော့်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ဒီကလေးကို တစ်ချက်လောက် ကြည့်ပေးပါဦး ထေး !"
ထိုအခါ အဖိုးအိုက ကျွန်တော့်ကို ကြည့်သည်။ သူက ကြည့်ပေးချင်ပုံမရသဖြင့် ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိဘဲ ငြိမ်ရပ်နေမိသည်။ ခဏမျှ ကြည့်ပြီးနောက် အဖိုးအိုက ဇီးပန်းပွင့်နတ်ဘုရားကို အော်ဟစ်လိုက်သည်။
"ဒီမှာ ကြည့်စရာ ဘာမှမရှိဘူး၊ လစ်ကြစမ်း !"
– ဒုန်း !
အိမ်တံခါးကို ထိုသို့ ဝုန်းခနဲ ပိတ်လိုက်ပြီးနောက် ကျွန်တော် မမေးဘဲ မနေနိုင်တော့ပေ။
"အဲဒီလူက ဘယ်သူလဲ ... ?"
မုတ်ဆိတ်မွေးကို လက်ဖြင့်သပ်ရင်း ဇီးပန်းပွင့်နတ်ဘုရားက ကသိကအောက် လေသံဖြင့် ပြောသည်။
"သူက ငါသိတဲ့ ဆေးဆရာ တစ်ယောက်ပါ၊ ဒါပေမဲ့ သူက ပုံမှန်ထက် ပိုပြီး စိတ်ဆတ်နေပုံရတယ်"
" ... ဪ၊ ဟုတ်ကဲ့"
"ကဲ ... အထဲ အရင်ဝင်ရအောင်"
"ဗျာ ? ဒါပေမဲ့ အဲဒီလူက လစ်ကြတော့လို့ ပြောလိုက်တာလေ—"
ဇီးပန်းပွင့်နတ်ဘုရားက ကျွန်တော့်စကားကို ရယ်ရယ်မောမောပင် တုံ့ပြန်သည်။
"သူက လစ်ကြတော့လို့ ပြောတာပဲ ရှိတာ၊ အထဲမဝင်နဲ့လို့ မပြောဘူးလေ၊ အဲဒါကြောင့် အဆင်ပြေမှာပါ"
"အဲဒါက အတူတူပဲ မဟုတ်ဘူးလား ?"
သူ ကျွန်တော့်စကားကို မကြားတာလား သို့မဟုတ် လျစ်လျူရှုတာလား မသိသော်လည်း၊ သူက တံခါးကို တွန်းဖွင့်ကာ အိမ်ထဲသို့ ဝင်သွားတော့သည်။
– ထေး !
– ဟေ့ ... မင်း ... အစုတ်အပွားကောင် ... !
အိမ်ထဲမှ ထွက်ပေါ်လာသော အော်ဟစ်ဆဲဆိုသံများကို ကြားရသောအခါ ကျွန်တော် ဘာတွေးရမှန်း မသိတော့ပေ။ တစ်ခုခုကြောင့်၊ အလွန်အမင်း လေးစားခြင်းခံရသော ဤဟွာရှန်းဂိုဏ်း၏ တာအိုဆရာထံတွင် ဒုတိယအကြီးအကဲ၏ ပုံရိပ်ကို မြင်ယောင်နေမိသည်။ သူတို့ ဘာကြောင့် သူငယ်ချင်းဖြစ်နေကြသလဲဆိုတာ အခုမှပဲ နားလည်ပါတော့သည်။