အခန်း (၆၆) မသေမျိုးဆေးနတ်ဘုရား(၃)
ကျွန်ုပ်သည် အဖြစ်အပျက် အခြေအနေများကို ဂိုဏ်းချုပ် (Celestial Plum Blossom) အား ဖြည်းညှင်းစွာ ပြောပြခဲ့သည်။ သို့သော် အရာအားလုံးကိုတော့ ဖွင့်ဟ၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် မလိုအပ်သည်များကို ချန်လှပ်ထားခဲ့ပြီး လိုအပ်သည်များကိုသာ အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။
“ကျွန်တော် မျိုးနွယ်စုကနေ ထွက်လာတုန်းက အဲဒီရတနာကို လက်ဝယ်ပိုင်ဆိုင်ထားခဲ့တာပါ...”
ကျွန်ုပ်၏ မိစ္ဆာ စွမ်းအားများအကြောင်းကို ထည့်မပြောဘဲ၊ တစ်နေ့သော ညဦးပိုင်းတွင် ပင်ပန်းနွမ်းနယ်စွာ လေ့ကျင့်ပြီးနောက် အိပ်ပျော်နေစဉ်အတွင်း ထိုစွမ်းအားများကို ကျွန်ုပ်၏ ခန္ဓာကိုယ်အတွင်း၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသာ ပြောပြခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ထိုညက အမှန်တကယ် ဖြစ်ပျက်ခဲ့သည်မှာလည်း ထိုမျှသာ ဖြစ်သည်။ ရှင် (Shin) အကြီးအကဲအကြောင်းကို ထည့်ပြောရမည်လားဟု တွေးတောမိသော်လည်း နောက်ဆုံးတွင် မပြောရန်သာ ဆုံးဖြတ်လိုက်သည်။ မိမိသဘောဖြင့် မလုပ်ဆောင်မီ အကြီးအကဲထံမှ ခွင့်တောင်းခြင်းက ပို၍ကောင်းမည်ဟု ယူဆသောကြောင့် ဖြစ်သည်။
အခြေအနေအားလုံးကို ပြောပြရန် အချိန်အများကြီး မကြာခဲ့ပေ။ ကျွန်ုပ်၏ ရှင်းပြချက်များ ပြီးဆုံးသွားသောအခါ ဂိုဏ်းချုပ်ကြီးသည် သူ၏မုတ်ဆိတ်မွေးကို လက်ဖြင့် ပွတ်သပ်နေခဲ့သည်။ သူ တကယ်ရော ယုံကြည်ပါ့မလား? ကျွန်ုပ်ကိုယ်တိုင်ပင် ကျွန်ုပ်၏ ရှင်းပြချက်များကို ယုံကြည်နိုင်စွမ်း မရှိသလောက် ဖြစ်နေသည်မဟုတ်ပါလား။ မျှော်လင့်ထားသည့်အတိုင်းပင် ဂိုဏ်းချုပ်ကြီးက ခက်ခဲသော မျက်နှာပေးဖြင့် ဆိုလာသည်။
“ဒါက ယုံကြည်ဖို့ သိပ်မလွယ်လှဘူးပဲ...”
ဂိုဏ်းချုပ်ကြီးသည် လက်ဖက်ရည်ကို ငှဲ့လိုက်သည်။ တိတ်ဆိတ်နေသော အခန်းထဲတွင် လက်ဖက်ရည်ငှဲ့သံမှာ တော်တော်ပင် ကျယ်လောင်နေခဲ့သည်။
“ပြင်ပလူတစ်ယောက်မှာ မရှိသင့်တဲ့ စွမ်းအားမျိုးကို မင်းက စုပ်ယူနိုင်ခဲ့တယ်၊ ပြီးတော့ အဲဒါကို ပိုင်ဆိုင်ထားနိုင်တယ်ဆိုတာက ယုံကြည်ရခက်တဲ့ ကိစ္စပဲ။”
“ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါတယ်။”
လုံးဝ ကွဲပြားခြားနားနေသည့် ချီ (Qi) တစ်မျိုး။ ၎င်း၏ သဘာဝသည် ကျွန်ုပ်၏ ပင်ကိုယ်အတွင်းအားနှင့်လည်း လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဖျက်ဆီးလိုသော မီးတောက်သိုင်းပညာများသာမက မည်သည့် မီးတောက်သိုင်းမျိုးမဆို တာအိုကျင့်စဉ်ဝင်များ၏ ချီနှင့် လုံးဝ ကွဲပြားသည်။ ချီ တစ်မျိုးက ငြိမ်းချမ်းမှုကို ကိုယ်စားပြုပြီး ကျန်တစ်မျိုးက ဖျက်ဆီးခြင်းကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။
ဤမျှလောက် ဆန့်ကျင်ဘက်ဖြစ်နေသော ချီ နှစ်မျိုးဖြင့် ကျွန်ုပ်၏ မီးတောက်သိုင်းကို စတုတ္ထအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့ခြင်းမှာပင် ထူးဆန်းနေပြီဖြစ်သည်။ သို့သော် ကျွန်ုပ်၏ ခန္ဓာကိုယ်မှာ ဘာမှမဖြစ်ဘဲ ချီဖောက်ပြန်မှု (Qi Overflow) အခြေအနေသို့ပင် မရောက်ရှိခဲ့ခြင်းက ပို၍ပင် ထူးဆန်းနေသည်။ ကျွန်ုပ်၏ မိစ္ဆာစွမ်းအားများက ဤနေရာတွင် ပါဝင်ပတ်သက်နေသလားတော့ မသိပေ။ သို့သော် ထိုအချက်မှလွဲ၍ အခြား မည်သည့် ရှင်းပြချက်ကိုမျှ ကျွန်ုပ် မစဉ်းစားနိုင်တော့ပေ။ အတိတ်ဘဝကနေ အခုအထိ ကျွန်ုပ်ဆီမှာ ကပ်ငြိပါလာတဲ့ ဒီအစွမ်းကသာ အဓိက အကြောင်းရင်းမဟုတ်ရင် တခြား ဘာဖြစ်နိုင်ဦးမှာလဲ။
“...ဟင်း။”
ဂိုဏ်းချုပ်ကြီးက ကျွန်ုပ်ကို စိုက်ကြည့်နေဆဲပင်။
“မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ငါ့ရဲ့ တပည့်အနည်းငယ်မှာပဲ ရှိနိုင်တဲ့ ဇီးပန်း ပွင့်(Plum Blossom) ရဲ့ စွမ်းအားကို ငါ ခံစားနေရတယ်။”
ကျွန်ုပ်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအား။ ရှင် အကြီးအကဲက ကျွန်ုပ်၏ ခန္ဓာကိုယ်အတွင်း ထိုစွမ်းအားကို ဖုံးကွယ်ပေးထားစဉ်က ကျွန်ုပ်ကိုယ်တိုင်ပင် မခံစားမိခဲ့ပေ။ သို့သော် ဂိုဏ်းချုပ်ကြီးကမူ ထိုချီကို ချက်ချင်း ခံစားသိရှိနိုင်ခဲ့သည်။ ယခုကဲ့သို့ အခြေအနေမျိုးဖြစ်အောင် ကျွန်ုပ်က ရည်ရွယ်ခဲ့သည်ဖြစ်စေ၊ မရည်ရွယ်ခဲ့သည်ဖြစ်စေ ဤသည်မှာ ကျွန်ုပ် ရင်ဆိုင်ရမည့် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာသည်။
အခြားတစ်ဖက်မှ ကြည့်မည်ဆိုလျှင်၊ အကယ်၍ ဝူတန် (Mount Hua) ဂိုဏ်း မှ တစ်စုံတစ်ယောက်တွင် ဖျက်ဆီးနိုင်စွမ်းရှိသော မီးတောက်သိုင်းစွမ်းအားများ မြင့်မားစွာ ရှိနေမည်ဆိုပါက ဂိုဏ်းချုပ်ကိုယ်တိုင် ဖြေရှင်းရမည့် ပြဿနာမျိုး ဖြစ်နေပေလိမ့်မည်။
“မင်း လိမ်နေတယ်လို့တော့ ငါမထင်ပါဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့တော့ ဒါကို ယုံကြည်ရခက်နေတုန်းမို့ ငါကိုယ်တိုင် စစ်ဆေးကြည့်ဖို့ လိုအပ်လိမ့်မယ်။”
“ဟုတ်ကဲ့...”
“ကံကောင်းတာက ရတနာကတော့ ဘာပြဿနာမှ မရှိပုံရတယ်...”
ဘာပြဿနာမှ မရှိဘူး ဟုတ်လား? အဲဒီလိုမျိုး ပေါ့ပေါ့ဆဆ ပစ်ချထားပြီးမှ သူက ဘယ်တုန်းက စစ်ဆေးလိုက်တာလဲ? ပြီးတော့ သူကိုယ်တိုင် စစ်ဆေးချင်တယ် ဟုတ်လား? ဘယ်လို နည်းလမ်းမျိုးနဲ့ စစ်ဆေးမှာလဲ? ကျွန်ုပ်၏ ခန္ဓာကိုယ်ကို ထိခိုက်စေမည့် နည်းလမ်းမျိုးတော့ မဟုတ်တန်ရာဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် သောက်စားလောင်းကစားရင်း ဆုံးရှုံးခဲ့သည့် ရတနာကို ကျွန်ုပ်က ခက်ခက်ခဲခဲ ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဝူတန်ဂိုဏ်းသည် သမ္မာဂိုဏ်း တစ်ခုဖြစ်သောကြောင့် သူသည် ကျွန်ုပ်အပေါ် အကြမ်းဖက်သည့် လုပ်ရပ်မျိုး လုပ်လိမ့်မည်မဟုတ်ဟု ယုံကြည်သည်။ ထို့ပြင် ဝူတန်ဂိုဏ်းသားများအပေါ်တွင်လည်း ကျွန်ုပ် ယုံကြည်မှု ရှိပါသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ဂိုဏ်းချုပ်ကြီးသည် အဖြေတစ်ခုကို ရှာတွေ့သွားဟန်ဖြင့် ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင်လည်း ဒီလိုပဲ လုပ်ကြတာပေါ့။”
“ဗျာ?”
ဂိုဏ်းချုပ်ကြီးသည် သူ၏ လက်ဖက်ရည်ကြမ်းကို အကုန်သောက်လိုက်ပြီး ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်သည်။
“ဂိုဏ်းချုပ်ကြီး...?”
“မင်းလည်း ဝူတန်တောင်ကို မင်းရဲ့ ညီမလေးအတွက် လာခဲ့တာ မဟုတ်လား?”
“ဟုတ်ကဲ့... အမှန်ပါပဲ။”
ဘာဖြစ်လို့ သူမအကြောင်းကို ရုတ်တရက်ကြီး ပြောထွက်လာတာလဲ? ကျွန်ုပ်၏ အဖြေကို ဂိုဏ်းချုပ်ကြီးက ခေါင်းညိတ်ပြလိုက်သည်။
“အချိန်ကိုက်ပဲ၊ ငါ့နောက်ကို လိုက်ခဲ့။”
ဂိုဏ်းချုပ်က ကျွန်ုပ်ကို ရုတ်တရက် လိုက်ခဲ့ရန် ပြောသဖြင့် ကျွန်ုပ်မှာ ဇဝေဇဝါ ဖြစ်သွားရသည်။
“ကျွန်တော်တို့ ဘယ်ကို သွားကြမှာလဲ?”
သူက ပြုံးရုံသာ ပြုံးပြလိုက်ပြီး၊ “မင်း ဝူတန်တောင်ကို ရောက်နေပြီပဲ၊ မင်းရဲ့ ညီမလေးနဲ့ သွားတွေ့သင့်တာပေါ့။”
“...ဗျာ?”
သူ့စကားကြောင့် ကျွန်ုပ် ခေတ္တမျှ ကြောင်အသွားရသည်။ ...အခုမှ ရုတ်တရက်ကြီးလား?
တောအုပ်ထဲတွင် ရေဒလက်သံများ ပဲ့တင်ထပ်နေသည်။ ငှက်ကလေးများ၏ တေးဆိုသံကို ပတ်ဝန်းကျင်တွင် ကြားနေရပြီး သစ်ပင်ရိပ်များကြားမှ နေရောင်ခြည်များ ဖြာကျနေသည်။ ထိုလှပသော ရှုခင်းများကြားတွင် လမ်းကလေးတစ်ခု ရှိနေပြီး ထိုလမ်း၏ အဆုံးတွင် တဲအိမ်လေး တစ်လုံး ရှိနေသည်။ ထိုနေရာသည် ဟွာယင်မြို့နှင့် အတန်ငယ် ဝေးကွာသော နေရာတွင် ရှိသည်။ ထိုတဲအိမ်လေးမှာ ဝူတန်ဂိုဏ်း၏ (၁၀) ဆက်မြောက် ဂိုဏ်းချုပ်ကြီး အနားယူပြီးနောက် ဆောက်လုပ်ခဲ့သည့် နေရာဖြစ်ပြီး ယခုအခါတွင် ခိုလှုံရာ တစ်ခုအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။
“အကုန် ပျက်စီးကုန်ပြီ။”
ဆံပင်ဖြူများဖြင့် အဖိုးအိုတစ်ဦးက တဲအိမ်အတွင်းမှ စကားပြောလိုက်သည်။ အဖိုးအို၏ အက်ကွဲနေသော အသံမှာ နားထောင်ရသည်မှာ မနှစ်မြို့စရာ ကောင်းလှသော်လည်း တဲအိမ်ထဲရှိ မည်သူကမျှ ဂရုမစိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအဘိုးအို၏ အမည်နာမမှာ အလွန်ပင် ကြီးမားလှသောကြောင့် ဖြစ်သည်။
မသေမျိုး ဆေးနတ်မင်း။
လောကက သူ့ကို ထိုသို့ ခေါ်ဝေါ်ကြသည်။ သူသည် သေပြီးသားလူကို ပြန်မရှင်စေနိုင်သော်လည်း၊ အသက်ရှူနေသေးသူ မှန်သမျှကို ကုသပေးနိုင်သည့် ကောင်းကင်ဘုံ၏ လက်ဆောင်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ တစ်နေရာတည်းတွင် ကြာရှည်မနေတတ်သောကြောင့် ရှာဖွေရန် ခက်ခဲလှသည့် ထိုပုဂ္ဂိုလ်မှာ ယခုအခါတွင် သူ၏ တဲအိမ်အတွင်း၌ ရှိနေသည်။
“မင်းရဲ့ ခန္ဓာကိုယ်နဲ့ ချီလှည့်ပတ်မှုတွေက အကုန် ရှုပ်ထွေးနေပြီ။ ခန္ဓာကိုယ်က ဒီလိုမျိုး ပုပ်ဆွေးနေတာကို မင်း ဘယ်လိုများ ဒီဝေဒနာကို အောင့်ခံထားနိုင်တာလဲ?”
“အဲဒီလောက်လည်း မနာကျင်ပါဘူး...”
အမျိုးသမီးက သူမ၏ တပည့်ကို ကြည့်ရင်း ပြန်လည် ဖြေကြားလိုက်သည်။ သို့သော် သူမ၏ လုပ်ရပ်က အဖိုးအိုကို မျက်မှောင်ကြုတ်သွားစေသည်။
“ဒီလို အခြေအနေမျိုးမှာတောင် မင်းက ဒီလိုပဲ နေနေတာလား? မင်းရဲ့ အခြေအနေကို ဒီကလေးလည်း တစ်နေ့ကျရင် သိမှာပဲ။”
“...မသေမျိုး ဆေးနတ်မင်းကြီး...”
“ငါ့ကို အဲဒီလို မခေါ်စမ်းနဲ့။”
သူမ၏ ဆရာဘေးတွင် နားထောင်နေသော တပည့်မလေးမှာ ထိတ်လန့်သွားရသည်။ ထို့နောက် သူမသည် မျက်ရည်များ ပြည့်နေသော မျက်လုံးများဖြင့် သူမ၏ ဆရာကို ကြည့်လိုက်သည်။
“ဆရာ...”
စုတ်! -
မသေမျိုး ဆေးနတ်မင်းက လျှာသပ်လိုက်သည်။ သူ စစ်ဆေးနေသည်မှာ အချိန်အတန်ကြာပြီဖြစ်သောကြောင့် သူ၏ နဖူးပေါ်တွင် ချွေးများ ထွက်နေသည်။ ထိုအခြင်းအရာကို မြင်သော်၊ မသေမျိုး ဆေးနတ်မင်း ဘေးတွင် ငြိမ်သက်စွာ ထိုင်နေသော ကောင်လေးက ပုဝါတစ်ထည်ကို ထုတ်ယူကာ မသေမျိုး ဆေးနတ်မင်း၏ နဖူးမှ ချွေးများကို သုတ်ပေးလိုက်သည်။
နေမကောင်းဖြစ်နေသော အမျိုးသမီး၏ လက်မောင်းကို မသေမျိုး ဆေးနတ်မင်းက ညင်သာစွာ ပြန်ချပေးလိုက်သည်။ သူ သွေးခုန်နှုန်း စစ်ဆေးပြီးသွားသော်လည်း သူ၏ မျက်နှာပေးမှာ ကောင်းမွန်မလာခဲ့ပေ။ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပုပ်ဆွေးနေသည်။ အပြင်ပန်းကြည့်လျှင် သာမန် အဘွားအိုတစ်ဦးနှင့် တူသော်လည်း သူမ၏ အသက်အရွယ်ထက် ပို၍ အိုမင်းနေပုံရသည်။ သူမ ရရှိထားသော သိုင်းပညာ အဆင့်အတန်းအရ ဤသို့ မဖြစ်သင့်ပေ။
ဇော်ဂျီပန်း ဓားသခင်မ။
ဝူတန်ဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် လောကတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် အမျိုးသမီးမှာ ယခုအခါ တဖြည်းဖြည်း ပုပ်ဆွေးနေပြီ ဖြစ်သည်။ သူမ အသက်ရှူနိုင်ပြီး လှုပ်ရှားနိုင်နေသေးသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူမ ပိုင်ဆိုင်ထားသည့် ချီ အဆင့်အတန်းကြောင့်သာ ဖြစ်သည်ဟု မသေမျိုး ဆေးနတ်မင်းက ကောက်ချက်ချလိုက်သည်။
'ဒါပေမဲ့ အဲဒီစွမ်းအားသာ ကုန်သွားရင်။'
သူမ၏ အသက်ကို ဆက်လက်ရှင်သန်စေရန် ထိန်းထားပေးသည့် အဓိက စွမ်းအားဖြစ်သော ချီ သည်လည်း တဖြည်းဖြည်း ပုပ်ဆွေးနေသည်။ ထို့ထက် ပို၍ ကြီးမားသော ပြဿနာမှာ...
“...ငါ ဒီလို ရောဂါမျိုး တစ်ခါမှ မမြင်ဖူးဘူး။”
မသေမျိုး ဆေးနတ်မင်း၏ စကားကြောင့် တစ်စုံတစ်ယောက်က ချောင်းဆိုးလိုက်သည်။ ထိုစကားကို ပြောလိုက်သူမှာ အခြားသူမဟုတ်ဘဲ ဤလောကတွင် မည်သူနှင့်မျှ နှိုင်းယှဉ်၍မရသော အတော်ဆုံး ဆေးဆရာ ဖြစ်နေသောကြောင့် ဖြစ်သည်။
“ဓားသခင်မ။”
“ဟုတ်ကဲ့...”
“မင်း ဒီလို ဖြစ်နေတာ ဘယ်လောက် ကြာပြီလဲ?”
ဇော်ဂျီပန်း ဓားသခင်မသည် သူမ၏ တပည့်ကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“၄ နှစ်လောက် ရှိပါပြီ။”
“ဘာဖြစ်ခဲ့တာလဲ?”
“...အဲဒါက...”
ဇော်ဂျီပန်း ဓားသခင်မသည် တုန်ရင်နေသော သူမ၏ လက်များကို တင်းတင်းဆုပ်လိုက်သည်။ သူမ ဘာမှ ဆက်မပြောနိုင်တော့ဘဲ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။
“ဆရာ!”
တပည့်မလေးက သူမ၏ ဆရာကို ကူညီရန် လက်ကမ်းပေးလိုက်သည်။ သူမနှင့်အတူ မသေမျိုး ဆေးနတ်မင်း ဘေးမှ ကောင်လေးကလည်း မသေမျိုး ဆေးနတ်မင်းကို လုပ်ပေးခဲ့သလိုမျိုး ဇော်ဂျီပန်း ဓားသခင်မအား ပုဝါတစ်ထည် ကမ်းပေးလိုက်သည်။
“...ကျေးဇူးတင်ပါတယ်။”
ကောင်လေးက ခေါင်းညိတ်ပြလိုက်သည်။ မသေမျိုး ဆေးနတ်မင်းသည် ဇော်ဂျီပန်း ဓားသခင်မက သူမ၏ မျက်နှာမှ သွေးစများကို သုတ်နေသည်ကို ကြည့်ရင်း မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။
“...အပိတ်အပင် (Forbidden) ပဲ။”
အမည်မသိ ရောဂါ၊ ထို့ပြင် အပိတ်အပင် မန္တန်တစ်ခုလည်း ပါဝင်နေသည်။ ထိုမန္တန်သည် ရောဂါအကြောင်းကို ထုတ်ပြောခြင်းမှ တားဆီးထားပြီး ပြောဆိုရန် ကြိုးစားပါက ခန္ဓာကိုယ်အတွင်းပိုင်းကို ထိခိုက်စေသည်။ ဤကဲ့သို့သော အရာမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
'အပိတ်အပင် မန္တန်သာဆိုရင် စစ်ဆေးတဲ့အခါမှာ ငါ သတိထားမိသင့်တယ်။'
ပုံမှန်အားဖြင့် အပိတ်အပင် မန္တန်တစ်ခု တိုက်ခိုက်ခံထားရပါက ခန္ဓာကိုယ်တွင် အမှတ်အသား အကြွင်းအကျန်များ ရှိနေတတ်သည်။ သို့သော် မသေမျိုး ဆေးနတ်မင်းသည် ဇော်ဂျီပန်း ဓားသခင်မ၏ ခန္ဓာကိုယ်တွင် မည်သည့် အမှတ်အသားကိုမျှ ရှာမတွေ့ခဲ့ပေ။ သူ ခံစားမိသည်မှာ ခန္ဓာကိုယ် တဖြည်းဖြည်း ပုပ်ဆွေးနေခြင်း တစ်ခုတည်းသာ ဖြစ်သည်။ သူ၏ အနှစ် ၈၀ ကြာ လေ့လာဆည်းပူးခဲ့သော အသိပညာများသည် ယခုအချိန်တွင် လုံးဝ အသုံးမဝင်သကဲ့သို့ ခံစားလိုက်ရသည်။
'တကယ်ကို စိတ်မသက်မသာ ဖြစ်စရာပဲ...'
အမည်မသိသော အရာအပေါ် စိတ်မသက်မသာ ဖြစ်မှု။ တစ်စုံတစ်ယောက်၏ အသက်ကို အမည်မသိသော အကြောင်းရင်းကြောင့် မကယ်တင်နိုင်တော့မည်ကို တွေးတောမိပြီး စိတ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။ အစကတည်းက သူ ဆေးဆရာ ဖြစ်လာခဲ့ခြင်းမှာ ဆုံးရှုံးမှုများကို မခံစားနိုင်သောကြောင့် ဖြစ်သည်။
'ဒိုဟွာ၊ မင်းကတော့ တကယ့်ကို အမှိုက်ပဲ...'
အကယ်၍ ကောင်းကင်ဘုံ၏ ခေါ်ယူမှုသာ မရှိခဲ့လျှင် မသေမျိုး ဆေးနတ်မင်းသည် အန်ဟွီးသို့ သွားခဲ့မည်မဟုတ်ပေ။ ထို့ပြင် အန်ဟွီးသို့ မရောက်ခဲ့လျှင် ဂိုဏ်းချုပ်ကြီး၏ ခေါ်ယူမှုကိုလည်း သူ တုံ့ပြန်ခဲ့မည် မဟုတ်ပေ။ ...ဒီ သိုင်းပညာရှင်တွေ ကိစ္စကို ကိုင်တွယ်ပုံတွေကတော့။
“မသေမျိုး ဆေးနတ်မင်းကြီး...”
“ငါ့ကို အဲဒီလို မခေါ်ပါနဲ့လို့ ပြောထားတယ်လေ။”
“တောင်းပန်ပါတယ်... အကြီးအကဲ။”
“အေး။”
“ကျွန်မမှာ အချိန် ဘယ်လောက် ကျန်သေးလဲဆိုတာ သိပါရစေ။”
ဇော်ဂျီပန်း ဓားသခင်မ၏ မေးခွန်းကြောင့် မသေမျိုး ဆေးနတ်မင်း သက်ပြင်းချလိုက်သည်။ ထိုမေးခွန်း၏ အဖြေကို သူ အသိဆုံး ဖြစ်သည်။ ပြီးတော့ လူတစ်ယောက်ကို ထိုစကားများကို ပြောပြရန် သူ အမုန်းဆုံး ဖြစ်သည်။
“အဆိုးဆုံးဆိုရင် ၂ လပေါ့၊ ကံကောင်းမယ်ဆိုရင်တော့ ဆောင်းရာသီအထိ နေနိုင်လိမ့်မယ်။”
ဒါပေမဲ့ မင်း ဒီနှစ်ကုန်အထိတော့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ထိုစကားကို သူ မပြောထွက်နိုင်သောကြောင့် ပြန်လည် မျိုသိပ်ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဆရာဘေးတွင် ငိုယိုနေသော မိန်းကလေးငယ်ကို သူ မြင်နေရသောကြောင့် ဖြစ်သည်။ သူ မုန်းသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူ အမုန်းဆုံး ဖြစ်သည်။ သို့သော် သူ ဘာမှ မတတ်နိုင်ပေ။
'ဘဝဆိုတာ အမြဲတမ်း စက်ဆုပ်စရာ ကောင်းနေတုန်းပဲ။'
ဘယ်လောက်ပဲ လေ့လာပါစေ၊ ဘယ်လောက်ပဲ အသိပညာတွေ ရှိပါစေ၊ သူ မကယ်တင်နိုင်တဲ့ လူတစ်ယောက်တော့ အမြဲ ရှိနေမြဲပဲ။ ဒါကြောင့်လည်း သူက မသေမျိုး ဆေးနတ်မင်းလို့ အခေါ်ခံရတာကို မုန်းနေခြင်း ဖြစ်သည်။
မသေမျိုး ဆေးနတ်မင်း ဘေးတွင် ထိုင်နေသော ကောင်လေးက ဖြည်းဖြည်းချင်း လာ၍ သူ၏ အဝတ်ကို ဆွဲလိုက်သည်။ မသေမျိုး ဆေးနတ်မင်းသည် သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော မကောင်းသည့် ခံစားချက်များကို ဖုံးကွယ်လိုက်ပြီး ကောင်လေး၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
“ဒါက ဒိုဟွာရဲ့ တောင်းဆိုမှုလည်း ဖြစ်သလို ငါတို့ သိလာတာလည်း ကြာပြီဆိုတော့၊ ငါ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။”
“ဒါပေမဲ့ မျှော်လင့်ချက်ကြီးကြီးမားမားတော့ မထားပါနဲ့။”
သူ၏ စကားကို ဇော်ဂျီပန်း ဓားသခင်မက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ ၎င်းကို မြင်သောအခါ မသေမျိုး ဆေးနတ်မင်းက သူ၏ မျက်နှာကို ပွတ်သပ်ရင်း ကလေးများကို ပြောလိုက်သည်။
“အဖိုးနဲ့ လူနာနဲ့ ပြောစရာ ရှိလို့၊ မင်းတို့ ကလေးတွေ အပြင်မှာ သွားဆော့နေကြ။ မင်းလည်း သွား။”
ကောင်လေးက ခေါင်းညိတ်လိုက်သည်။ သို့သော် ဇော်ဂျီပန်း ဓားသခင်မ၏ တပည့်မလေးမှာမူ အပြင်မထွက်ချင်ဘဲ သူမ၏ ဆရာ့ရင်ခွင်ထဲသို့ ပို၍ တိုးဝင်လိုက်သည်။
“သမီး... သမီး ဆရာနဲ့ နေချင်-”
“ရွန်ဟွာ။”
ဇော်ဂျီပန်း ဓားသခင်မက တည်ငြိမ်သော လေသံဖြင့် ခေါ်လိုက်သည်။ သူမ၏ တပည့်မလေးမှာ ထိုလေသံကြောင့် ထိတ်လန့်သွားရသည်။ သူမသည် မျက်ရည်များ ပြည့်နေသော မျက်လုံးများဖြင့် သူမ၏ ဆရာကို ကြည့်လိုက်သော်လည်း ဆရာ၏ အဖြေမှာ ပြောင်းလဲမသွားပေ။
“အပြင်ကို ထွက်သွားလိုက်ပါ။”
“...ဟုတ်ကဲ့။”
ကောင်လေးက အပြင်သို့ ရောက်နှင့်နေပြီဖြစ်ပြီး တပည့်မလေးသည်လည်း စိတ်ပျက်လက်ပျက်ဖြင့် သူ၏နောက်သို့ လိုက်သွားခဲ့သည်။
တဲအိမ်ထဲမှ ထွက်လာသောအခါ နွေရာသီနှင့် မလိုက်ဖက်သော အေးမြသည့် လေပြေတစ်ခု တိုက်ခတ်နေသည်ကို သူမ ခံစားလိုက်ရသည်။ ဂူရွန်ဟွာ သည် တဲအိမ်တံခါးကို ပိတ်လိုက်ပြီး သူမ၏ မျက်လုံးများမှ ကျလာတော့မည့် မျက်ရည်များကို လက်ဖဝါးဖြင့် သုတ်လိုက်သည်။ သူမ မငိုချင်ပေ။ သို့သော် ချစ်ရသူတစ်ဦးကို ဆုံးရှုံးရတော့မည်ဆိုသည့် အချက်မှာ သူမအတွက် ရင်ဆိုင်ရန် အလွန်ပင် ခက်ခဲလွန်းလှသည်။
'...ဆရာ။'
သူမသည် သူမ၏ အဝတ်အစားများဖြင့် မျက်ရည်များကို ထပ်မံ သုတ်တော့မည့် အချိန်တွင် တစ်စုံတစ်ယောက်က သူမအား ပုဝါတစ်ထည် ကမ်းပေးလိုက်သည်။ ထိုသူမှာ မသေမျိုး ဆေးနတ်မင်း ဘေးတွင် ရှိနေသည့် ကောင်လေးပင် ဖြစ်သည်။ သူသည် ဆေးနတ်မင်း၏ မြေးဖြစ်ကြောင်း သူမ ကြားဖူးထားသည်။
သူ၏ ရုတ်တရက် လုပ်ရပ်ကြောင့် ဂူရွန်ဟွာ၏ ကျောပြင်တွင် ကြက်သီးများ ထသွားရသည်။ သူသည် သူမနှင့် အသက်တူသော်လည်း ယောကျ်ားလေးဆိုသည်မှာ ယောကျ်ားလေးပင် ဖြစ်သည်။ ဂူရွန်ဟွာသည် ယောကျ်ားများကို မုန်းသည်။ ၎င်းထဲတွင် ယောကျ်ားလေးငယ်များလည်း ပါဝင်သည်။ ထို့ပြင် သူမနှင့် အသက်တူသည့် ယောကျ်ားလေးများကို ပို၍ပင် မုန်းတီးသည်။
သူမသည် သူမထံ ကမ်းပေးလာသော လက်ကို ရိုက်ထုတ်ပစ်ချင်သော်လည်း၊ ထိုကောင်လေးသည် သူမ၏ ဆရာကို လာရောက်ကုသပေးသည့် ပုဂ္ဂိုလ်၏ မြေးဖြစ်နေသောကြောင့်... သူမအနေဖြင့် ပေါ့ဆစွာ မပြုမူရဲပေ။ ဂူရွန်ဟွာသည် သူမ၏ စိတ်ထဲတွင် ရှိနေသော စက်ဆုပ်ရွံရှာမှုများကို ထိန်းချုပ်လိုက်ပြီး ယဉ်ကျေးနိုင်သမျှ ယဉ်ကျေးစွာဖြင့် ငြင်းပယ်ရန် ကြိုးစားလိုက်သည်။
“ကျွန်မ မလို-”
သူမ၏ စကားပင် မဆုံးသေးခင် ကောင်လေးက သူမ ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်သွားဟန်ဖြင့် ဘာမှမပြောဘဲ တဲအိမ်အနီးတွင် ဝင်ထိုင်လိုက်သည်။ သူမ သက်ပြင်းချလိုက်မိသည်...
'...ဆရာ။'
သူမသည် တဲအိမ်အတွင်း လဲလျောင်းနေသော သူမ၏ ဆရာကို လွမ်းဆည်းမိနေပြီဖြစ်သည်။ သူမ၏ ဆရာသည် ယခုနှစ်ကုန်အထိ အသက်မရှင်နိုင်တော့မည်ကို သတိရမိသောအခါ မျက်ရည်များမှာ သူမ အလိုအလျောက် ကျလာပြန်သည်။
'ဘယ်လိုလုပ်ရမလဲ... ငါ ဘယ်လိုလုပ်ရမလဲ။'
မသေမျိုး ဆေးနတ်မင်းသည် လောကတွင် အတော်ဆုံး ဆေးဆရာအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ အကယ်၍ သူပင်လျှင် အဖြေမရှာနိုင်ခဲ့ပါက ဘာမှ လုပ်စရာ မကျန်တော့ပေ။ ထို့ကြောင့် တပည့်တစ်ယောက်အနေဖြင့် သူမ၏ ဆရာအတွက် ဘာမှ လုပ်ပေးနိုင်စွမ်း မရှိတော့ပေ။
“ဘာဖြစ်လို့ ဒီလို ဖြစ်နေတာလဲ?”
သူမ ငိုနေစဉ် ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် ဂူရွန်ဟွာသည် သူမ၏ ခေါင်းကို အမြန် မော့ကြည့်လိုက်သည်။
“ရွန်ဟွာ ဖြစ်နေတာပဲ၊ ဘာဖြစ်လို့ အပြင်ကို ရောက်နေတာလဲ?”
ဝူတန်ဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ်ကြီးဖြစ်သော ဂိုဏ်းချုပ်ကြီးက သူမ၏ ရှေ့တွင် ရပ်နေသည်။ သူမသည် မျက်ရည်များကို အမြန် သုတ်လိုက်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“ဂါ-ဂါရဝပြုပါတယ် ဂိုဏ်းချုပ်ကြီး။”
သူမ ဦးညွှတ်နေစဉ်အတွင်း ဂိုဏ်းချုပ်ကြီး ဘေးတွင် ရပ်နေသော ကောင်လေးကို သတိပြုမိပြီးနောက် သူမ၏ လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။ စူးရှသော မျက်နှာပေး၊ ဆံပင်အနက်ရောင်နှင့် ဂူမျိုးနွယ်စု (Gu Clan) ကို ကိုယ်စားပြုသည့် အနီရောင် ဝတ်စုံကို သူမ မြင်တွေ့လိုက်ရသည်။
ထိုကောင်လေးမှာ ဂူမျိုးနွယ်စု၏ သွေးစစ် မျိုးဆက် တစ်ဦး ဖြစ်သည်။ သူမနှင့် မတူဘဲ သူသည် သွေးစစ်ဖြစ်သည်။ သူသည် ဂူရွန်ဟွာ လောကတွင် အမုန်းဆုံးသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ထိုကောင်လေးကို မြင်လိုက်ရသဖြင့် ဂူရွန်ဟွာသည် ချက်ချင်း ဒေါသထွက်သွားရသည်။ ဒီကောင်က ဘာလို့ ဒီကို ရောက်နေတာလဲ? မျိုးနွယ်စုထဲမှာ ပြဿနာမျိုးစုံ ရှာနေရမယ့် ဒီကောင်က ဘာလို့ ဒီကို ရောက်နေရတာလဲ...? ဂူရွန်ဟွာသည် သူမ အမုန်းဆုံး လူသားက သူမအတွက် လုံခြုံသော နေရာဟု ယူဆထားသည့် ဤနေရာတွင် ရောက်ရှိနေခြင်းအပေါ် စိတ်ကို တည်ငြိမ်အောင် မထားနိုင်တော့ပေ။
“ဘာဖြစ်လို့ မင်းက...”
“မင်း။”
ဂူယန်ချွန်း (Gu Yang-Cheon) က သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။ ထို့နောက် သူသည် သူမထံသို့ ရုတ်တရက် တိုးကပ်လာသည်။ သူ တိုးကပ်လာလေလေ၊ ဂူရွန်ဟွာ၏ အသက်ရှူသံများ ပို၍ ပြင်းထန်လာလေလေ ဖြစ်သည်။ သူ ဘာလုပ်မလို့လဲ? သူမသည် ယခင်ကနှင့် မတူတော့ပေ။ တစ်နေကုန် ကစားပြီး အစားသောင်းကျန်းနေကာ ဘာကိုမှ အားမထုတ်တတ်သည့် ဒီအမှိုက်လို အစ်ကိုဖြစ်သူကို သူမ အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်သည်။ သူမ၏ သစ်သားဓားကို ယူမလာခဲ့သော်လည်း ယခုအတိုင်းပင် သူ့ကို ရိုက်နှက်နိုင်လိမ့်မည်ဟု သူမ ယုံကြည်နေသည်။ သူ၏ မည်သည့် တိုက်ခိုက်မှုကိုမဆို အလွယ်တကူ ကာကွယ်နိုင်လိမ့်မည်ဟုလည်း ယုံကြည်သည်။
ဂူရွန်ဟွာသည် စိတ်ထဲမှ အသင့်ပြင်ဆင်လိုက်သည်။ သို့သော် ဂူယန်ချွန်းသည် ဂူရွန်ဟွာကို လှည့်တောင်မကြည့်ဘဲ သူမ ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။
“ဟင်...?”
သူ၏ အပြုအမူကြောင့် သူမ အံ့အားသင့်ကာ နောက်လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ဂူယန်ချွန်းသည် မသေမျိုး ဆေးနတ်မင်း၏ မြေးရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
“...?”
ကောင်လေးက ဂူယန်ချွန်းကို မော့ကြည့်လိုက်သည်။
“မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ?”
ဂူယန်ချွန်း၏ စကားကြောင့် ဂူရွန်ဟွာ၏ မျက်လုံးများ ပြူးသွားရသည်။ ခြိမ်းခြောက်နေသော အရှိန်အဝါတစ်ခု... ဂူယန်ချွန်းက ထိုကောင်လေးကို စကားပြောလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်သည့် ခြိမ်းခြောက်မှု အရှိန်အဝါကို သူမ ခံစားလိုက်ရသည်။