အခန်း (၆၂)မင်းနဲ့မဆိုင်ဘူး(၁)
ရှန်းရှီးပြည်နယ်သို့ ဦးတည်ပြီး ဂူမျိုးနွယ်စုကနေ ထွက်ခွာလာခဲ့တာ တစ်လရှိခဲ့ပြီ။ လိုအပ်တာတွေ ဝယ်ယူဖြည့်တင်းဖို့ မြို့အချို့မှာ ခဏတစ်ဖြုတ် ရပ်နားခဲ့သလို လမ်းမှာ မိစ္ဆာတံခါးအချို့နဲ့လည်း တိုးခဲ့သေးတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူမရှိဘဲ အေးအေးချမ်းချမ်း ခရီးနှင်နိုင်ခဲ့ပါတယ်။ ဂူမျိုးနွယ်စုရဲ့ အစောင့်အရှောက်တွေနဲ့အတူ(ဟွားရှန်) ဝူတန်ဂိုဏ်း (Mount Hua) က သိုင်းသမားတွေပါ ပါလာတာမို့ ပြဿနာတစ်စုံတစ်ရာ မရှိတာက အဆန်းတော့မဟုတ်ပါဘူး။
ခရီးက တော်တော်ကြာနေပြီဖြစ်လို့ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့နဲ့ အကြောင်းအရာများစွာကို စဉ်းစားဖို့ အချိန်ရခဲ့တယ်။ ဆယ်ဂဏန်းမကသော ရက်တွေအထိ ခရီးနှင်ခဲ့ပေမယ့် ရောက်ဖို့က လိုသေးတာမို့ ပျင်းတော့ ပျင်းနေတုန်းပါပဲ။ ဒါပေမဲ့ ခရီးအစနဲ့ မတူတော့တဲ့အချက်တစ်ခုကတော့ ဝူတန်ကို ရောက်ဖို့စောင့်ရင်း ခံစားနေရတဲ့ ပျင်းရိမှုက ကျွန်တော့်ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှု မဟုတ်တော့တာပါပဲ။
နမ်ဂေါင်းဘီအာ ကျွန်တော်တို့နဲ့ ရုတ်တရက် လိုက်ပါလာတာက စိုးရိမ်စရာဖြစ်ပေမယ့် အဓိကတော့ မဟုတ်ပါဘူး။ ဝီဆောအာ တစ်ခါတလေ စိတ်ကောက်နေတတ်တာကလည်း ခေါင်းခဲစရာဖြစ်ပေမယ့် အဓိကမဟုတ်ပြန်ဘူး။
"သခင်လေး!"
ယွန်ဖုန်းက စကား အရမ်းများတဲ့လူလို့ ကျွန်တော် ပြောဖူးလား မသိဘူး။ အဲဒီစကားကို အခု ပြန်ပြင်ပြောပါရစေ။
"ဒီနေ့ ခြေထောက် လေ့ကျင့်ခန်း မလုပ်ချင်ဘူးလား?"
ဒီလူက စကားများရုံတင် မဟုတ်ပါဘူး၊ ပုံမှန်ထက်ကို ပိုပြီး လွန်လွန်ကဲကဲ လုပ်တတ်တာပါ။
ဝူတန်ဂိုဏ်းဟာ သိုင်းလောကမှာ ဓားသိုင်းပညာရပ်တွေကြောင့် အထင်ကရဖြစ်တဲ့ ထိပ်သီးဂိုဏ်းကြီးတစ်ခုပါ။ ဓားပညာကို အထူးပြုတဲ့ အခြားမျိုးနွယ်စုတွေ အများကြီးရှိပေမယ့် ဝူတန်က သူတို့ထက် သာလွန်နေရတဲ့ အကြောင်းရင်းကတော့ ဝူတန်ရဲ့ နတ်ဓား နဲ့ လက်ရှိ ဂိုဏ်းချုပ် 'နတ်မက်မွန်ပွင့်' တို့ကြောင့်ပဲ ဖြစ်ပါတယ်။
"ဟမ်း.. ဟမ်း.."
ရှင်အဖိုးကြီးက အဲဒီစကားကို ကြားတော့ ရှက်ကိုးရှက်ကန်းနဲ့ ချောင်းဟန့်နေတယ်။ ကျွန်တော် ဒါကို တကယ် အသိအမှတ် မပြုချင်ပေမယ့် ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။ အတိတ်တုန်းက 'သွေးပျက်ဖွယ် ကပ်ဘေး' မှာ နတ်ဓားက အရေးပါတဲ့ အခန်းကဏ္ဍကနေ သက်သေပြခဲ့ဖူးတယ်။ ဝူတန်ဂိုဏ်းရဲ့ နတ်မက်မွန်ပွင့် ဆိုရင်လည်း သူ့ရဲ့ အထွတ်အထိပ် အချိန်တွေတုန်းက တရားမဝင် ဂိုဏ်းပေါင်းစုံက လူတွေကို မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့သူပါ။
လက်ရှိခေတ်ရဲ့ အတော်ဆုံး ဓားသမားကတော့ 'ဓားဧကရာဇ်' ကိုယ်တိုင်ပါပဲ။ ဒါပေမဲ့ နတ်မက်မွန်ပွင့်ရဲ့ အရည်အချင်းက ဓားဧကရာဇ်နဲ့ ယှဉ်နိုင်တာကြောင့် သူတို့နှစ်ယောက်ကို အမြဲ တွဲဖက် ပြောဆိုကြပါတယ်။ ကျွန်တော့်အမြင်အရတော့ သူက ဂိုဏ်းချုပ်နေရာနဲ့ သိပ်မလိုက်ဖက်လှပေမယ့် သိုင်းပညာရှင်တစ်ယောက်အနေနဲ့ 'နတ်ဘုရားအဆင့်' တွေနဲ့ ယှဉ်နိုင်စွမ်း ရှိတာကတော့ ငြင်းမရပါဘူး။
「အခုမှပဲ အသိတရားလေး နည်းနည်း ဝင်လာတော့တယ်... အံ့သြစရာပဲ။」
'...'
ကျွန်တော့် ခေါင်းထဲမှာ တတွတ်တွတ် ပြောနေတဲ့ အဲဒီအသံကို တကယ် မကြိုက်ဘူး။ ဘာပဲဖြစ်ဖြစ် အချက်ကတော့ ဝူတန်ဂိုဏ်းမှာ အစွမ်းထက်တဲ့ ခေါင်းဆောင်ရှိရုံတင်မကဘဲ သူတို့ဂိုဏ်းရဲ့ အဓိက သင်္ကေတဖြစ်တဲ့ 'မက်မွန်ပွင့် ဓားသိုင်း' လည်း ရှိတာပါပဲ။
သိုင်းလောကမှာ ဓားဧကရာဇ်ရဲ့ 'လရောင်ကကွက်' နဲ့ ဝူတန်ရဲ့ 'မက်မွန်ပွင့် ဓားသိုင်း' ဟာ အလှပဆုံးနဲ့ စွဲမက်စရာ အကောင်းဆုံး ဓားသိုင်းတွေလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဓားဧကရာဇ်ရဲ့ သိုင်းက သူကိုယ်တိုင် တီထွင်ထားတာမို့ ဝူတန်ဓားသိုင်းလိုမျိုး ရှည်လျားတဲ့ သမိုင်းကြောင်းတော့ မရှိပါဘူး။ ဝူတန်ဓားသိုင်းဟာ ဂိုဏ်းသားပေါင်းများစွာက ခေတ်အဆက်ဆက် အသုံးပြုပြီး တိုးတက်အောင် လုပ်ဆောင်ခဲ့ကြတာပါ။
နဂါးဓားနဲ့ ယှဉ်ပြိုင်တုန်းက အဲဒီသိုင်းရဲ့ အငွေ့အသက်ကို ကျွန်တော် နည်းနည်း မြင်လိုက်ရတယ်။ ယွန်ဖုန်း ဓားကို အသုံးပြုတဲ့အခါ ပတ်ဝန်းကျင်မှာ လွင့်ပျံ့နေတဲ့ မက်မွန်ပွင့်တွေဟာ လေကြောင့် လှုပ်ရှားနေတာ မဟုတ်ဘဲ သူ့ရဲ့ ချီ စီးဆင်းမှုနဲ့ သိုင်းပညာ ထိန်းချုပ်မှုကြောင့် ဖြစ်ပါတယ်။ ဆိုလိုတာက အဲဒီပွင့်ချပ်တွေဟာ အသုံးပြုသူရဲ့ အလိုအတိုင်း လှုပ်ရှားနေတာပါ။
ဝူတန်ရဲ့ ဓားကကွက်ဟာ အဲဒီလို လွင့်ပျံ့နေတဲ့ မက်မွန်ပွင့်တွေကြားမှာ လှပနေတာပါ။ နူးညံ့သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေထဲမှာ ထက်မြက်မှုတင်မကဘဲ အာရုံစူးစိုက်မှု အပြည့်လည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း ဒါကို သင်ယူရခက်ခဲတဲ့ ထိပ်တန်းသိုင်းပညာလို့ ခေါ်တာပေါ့။
"...ငါ လေ့ကျင့်တာ နည်းနေလို့လား မသိဘူး၊ ရင်အုပ်က နည်းနည်း သေးသွားသလိုပဲ"
"စီနီယာ.. အဲဒီလိုပြောရင်းနဲ့ ရင်အုပ်ကို လာမပြပါနဲ့... ရွံဖို့ကောင်းတယ်"
"မင်းလည်း အင်္ကျီလေး ဘာလေး ဝတ်ဦးလေ။ မင်းရဲ့ ခန္ဓာကိုယ်ကြီးက ကြည့်ရဆိုးလွန်းလို့ တခြားလူတွေ မျက်နှာလွှဲနေကြပြီ"
"...သူတို့က နည်းနည်း ရှက်နေကြတာပါ"
"ဟေ့.. အဲဒါကို အပိုတွေ ပြောတယ်လို့ ခေါ်တာကွ"
အဲဒီ အရူးတွေကို ကြည့်မိတိုင်း ကျွန်တော် လန့်လန့်သွားတယ်။ ဂူမျိုးနွယ်စုဝင်တွေရဲ့ ခန္ဓာကိုယ်က သိပ်မကြီးပေမယ့် ဝူတန်ဂိုဏ်းက လူတွေရဲ့ လက်မောင်းကြွက်သားတွေက လူတစ်ယောက်ရဲ့ ပေါင်လောက် ရှိနေကြတာ။ သူတို့ဂိုဏ်းက အလှအပကို ဖော်ဆောင်တယ်ဆို? ဒါပေမဲ့ ဒါကြီးက ဘာကြီးလဲ...?
「ကြည့်ကောင်းပါတယ်။ ဒါမှ သိုင်းပညာရှင် ခန္ဓာကိုယ်မျိုးပေါ့။」
ဒါကတော့ အဲဒီ အဘိုးကြီး ပုပ်သိုးနေလို့ ဖြစ်မှာပါ။ ရှေးလူကြီးတွေက အခြေခံဆိုတော့ အမြစ်က ချို့ယွင်းနေမှတော့ အခုခေတ်လူတွေ ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ။ ရှင်အဖိုးကြီး၊ ခင်ဗျားက လောကုတ္တရာလမ်းလိုက်တဲ့ တာအိုပညာရှင် ဆိုတာ မေ့နေပြီလား?
「အခုလို အဓိပ္ပာယ်မရှိတာတွေ ကြားရလိမ့်မယ်လို့ မထင်ထားဘူး... တာအိုဂိုဏ်းရဲ့ ခေါင်းဆောင်ကို ဘယ်လိုများ ပြောထွက်ရတာလဲ...!」
ကောင်းပြီလေ၊ ခင်ဗျားက အခု ဂိုဏ်းချုပ် မဟုတ်တော့ဘူး မဟုတ်လား?
「...」
ရှင်အဖိုးကြီးက ဝမ်းနည်းပန်းနည်းနဲ့ '...အဲဒါတော့ ဟုတ်ပါတယ်' လို့ ပြောနေသလိုပဲ။ ကျွန်တော် ပြောလိုက်တာက သူ့ကို အသဲနှလုံး အောင့်သွားစေတာမို့ နည်းနည်းတော့ အားနာမိသွားတယ်။
လွန်ခဲ့တဲ့ ၁၀ ရက်လုံး ယွန်ဖုန်းနဲ့ အတူရှိခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်ရင် ဒီကောင်ကလည်း ပုံမှန်တော့ မဟုတ်ဘူး။
"မင်းရဲ့ ခန္ဓာကိုယ် လေ့ကျင့်ခန်းက ငါနဲ့ မတူဘူး မဟုတ်လား? အဲဒါကို စိတ်ဝင်စားလို့၊ မင်းအတွက် အနှောင့်အယှက် မဖြစ်ဘူးဆိုရင် ငါတို့—"
"မဟုတ်ဘူး၊ တကယ် အနှောင့်အယှက် ဖြစ်ပါတယ်။"
ဒီ ထူးဆန်းတဲ့ကိစ္စက တိုက်ပွဲဖြစ်ပြီးနောက်နေ့ကတည်းက စတာ။ ရုတ်တရက်ကြီး ဒီကောင်— မဟုတ်ဘူး၊ ဒီ ကြွက်သားရူးက မြင်းရထားလောက်ရှိတဲ့ ကျောက်တုံးကြီးကို ကျောပိုးပြီး ဘယ်ကနေ ပေါ်လာမှန်းမသိ ပေါ်လာတာ၊ ကျွန်တော် ဘယ်လိုလုပ် မလန့်ဘဲ နေမလဲ...။
"...ဒါကြီးကို ဘာလို့ ထမ်းထားတာလဲ၊ ကိုယ်တော် ယွန်ဖုန်း?"
"ဪ၊ လေ့ကျင့်ဖို့ တခြား ဘာမှမရှိတာနဲ့ လမ်းဘေးကနေ ကောက်လာတာပါ"
အဲဒီလောက် ကျောက်တုံးကြီးကို 'ကောက်လာတယ်' လို့ ပြောလို့ရလို့လား...?
"ဪ.. ဟုတ်ကဲ့..."
"ဪ.. သခင်လေးက စိတ်ဝင်စားလို့လား? ဟိုဘက်မှာ နောက်တစ်လုံး ရှိသေးတယ်၊ ကျွန်တော် သွားယူ—"
"မယူနဲ့! စိတ်မဝင်စားဘူး"
သူ တကယ်ကြီး ဒါနဲ့ လေ့ကျင့်မှာလား? နေ့တိုင်း အဲဒီလို လေ့ကျင့်တာလား...? ကျွန်တော်လည်း အသစ်ပြန်ဖြစ်လာပြီးကတည်းက ကြိုးကြိုးစားစား လေ့ကျင့်နေတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ယွမ်ဖုန်း လေ့ကျင့်တာနဲ့ ယှဉ်ရင် ကျွန်တော့်လေ့ကျင့်မှုက ဘာမှမလုပ်သလိုပဲ။ ဒါပေမဲ့ သူ့နည်းလမ်းကိုတော့ လိုက်မလုပ်ချင်ပါဘူး။
"ကိုယ်တော် ယွမ်ဖုန်း၊ အဲဒီကျောက်တုံးကြီးနဲ့ လေ့ကျင့်ဖို့ ခွန်အားနဲ့အတူ 'ချီ' ကိုလည်း တွဲသုံးတာမလား?"
"ဗျာ? ခန္ဓာကိုယ် လေ့ကျင့်ဖို့ ဘာလို့ ချီ ကို သုံးရမှာလဲ...?"
"ဪ.. ဟုတ်သားပဲ... ကျွန်တော် မေးတာ မှားသွားတယ်"
ဆိုတော့.. သူက အဲဒီအရာကြီးနဲ့ လေ့ကျင့်နေတာတောင် ချီ ကို မသုံးဘူးပေါ့? အဲဒီလောက် ပြင်းထန်တဲ့ လေ့ကျင့်မှုကို ခံနိုင်ရည်ရှိတာကတော့ အံ့သြစရာပါပဲ။ ပြီးတော့ ပိုပြီး အံ့သြစရာ (ဒါမှမဟုတ် တုန်လှုပ်စရာ) ကတော့ ဒီလို ကြွက်သားအဖုအထစ်နဲ့ လူတွေက ဘယ်လိုလုပ် အဲဒီလို လှပတဲ့ ဓားကကွက်တွေကို ပြသနိုင်တာလဲ ဆိုတာပါပဲ။ ယွန်ဖုန်းက ငယ်သေးလို့ အားနည်းချက် မပေါ်သေးပေမယ့်၊ ခန္ဓာကိုယ်က အရမ်းကြီးပြီး ကြွက်သားတွေ များလွန်းရင် ဓားအသုံးပြုတဲ့အခါ နူးညံ့ပျော့ပျောင်းတဲ့ လှုပ်ရှားမှုတွေအတွက် အဟန့်အတား ဖြစ်တတ်ပါတယ်။ ဒါက ဓားတင်မကဘဲ တခြား တိုက်ခိုက်ရေး ပုံစံတွေမှာလည်း အတူတူပါပဲ။ လေ့ကျင့်မှု လွန်ကဲတာက လူအများစုအတွက် အဆိပ်ဖြစ်စေတတ်ပါတယ်။
「အားလုံးက သဘာဝအတိုင်းပဲ သွားတာပါ။」
ဘာကို ဆိုလိုတာလဲ?
「သိုင်းပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်က သူတို့ လေ့ကျင့်တဲ့ သိုင်းပညာ အမျိုးအစားအပေါ် မူတည်ပြီး ပြောင်းလဲသွားတာ။」
ဟုတ်ကဲ့၊ အဲဒါကိုတော့ ကျွန်တော် သိပါတယ်။ ဥပမာ ဖုန်မျိုးနွယ်စုက သိုင်းသမားတွေ ခန္ဓာကိုယ် အကြီးကြီး ဖြစ်နေရတာက သူတို့မျိုးနွယ်စုရဲ့ သိုင်းပညာကို တတ်မြောက်ဖို့အတွက် အဲဒီလို ခန္ဓာကိုယ်မျိုး လိုအပ်လို့ပါ။ ဖုန်ဝူဂျင်း ကတော့ ငယ်ငယ်တုန်းက မင်းသားလေးလို ခန္ဓာကိုယ်မျိုး ရှိခဲ့တာမို့ ဖုန်မျိုးနွယ်စုထဲမှာ တော်တော် ထူးခြားခဲ့တာပေါ့။
「ဝူတန်ဂိုဏ်းသားတစ်ယောက်အနေနဲ့ အနာဂတ်အတွက် အခြေခံကောင်းဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့က အရမ်းအရေးကြီးတယ်။」
'ကိုယ်တိုင် လေ့ကျင့်မှုပေါ့လေ?'
「ဟုတ်တယ်။ အဲဒါမှ အပင်က ခိုင်ခိုင်မာမာ ကြီးထွားပြီး ပိုလှတဲ့ မက်မွန်ပွင့်တွေ ပွင့်နိုင်မှာ။」
သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်တွေကလည်း အဲဒါနဲ့ ဆိုင်တာလား?
「ဒါက လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဝူတန်ရဲ့ ပထမမျိုးဆက် တပည့်တွေ ဒါမှမဟုတ် အကြီးအကဲတွေကလည်း အဲဒီလိုပဲ ဖြတ်သန်းခဲ့ရတာမို့ သိကြပါလိမ့်မယ်။」
ကျွန်တော့်ရဲ့ အတိတ်က နတ်မက်မွန်ပွင့်အကြောင်း မှတ်ဉာဏ်တွေက ဝေဝါးနေပေမယ့် သူက အဲဒီလို ဗလကြီးကြီး မဟုတ်တာတော့ သေချာတယ်။ သူ့ခန္ဓာကိုယ်က ဓားဧကရာဇ်နဲ့တောင် ဆင်သေးတယ်။ ဆိုတော့ နောက်ဆုံးမှာ ခန္ဓာကိုယ်က ပုံမှန် ပြန်ဖြစ်သွားတာလား? သိုင်းပညာရှင်တစ်ယောက်ရဲ့ ချီ က နှလုံးသားအထိ ရောက်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်တဲ့အခါ၊ အထွတ်အထိပ် အဆင့်ကို ကျော်လွန်သွားတဲ့အခါ သူတို့ ခန္ဓာကိုယ်က ပြောင်းလဲလာတာ ထင်ပါတယ်။
ကျွန်တော် အဲဒါကို စဉ်းစားနေတုန်း ရှင်အဖိုးကြီးက ဝင်ပြောပါတယ်။
「အရမ်း ရှုပ်ရှုပ်ထွေးထွေး မစဉ်းစားပါနဲ့။ သူတို့ရဲ့ ခန္ဓာကိုယ်က ပြောင်းလဲလာတဲ့ ချီ နဲ့အညီ လိုက်လျောညီထွေ ဖြစ်သွားတာပဲ ရှိပါတယ်။」
ဒါကြီးက လျှို့ဝှက်ချက် မဟုတ်ဘူးလား? အပြင်လူဖြစ်တဲ့ ကျွန်တော့်ကို ပြောပြလို့ ဖြစ်ရဲ့လား?
「မင်းက ဒါကို သိလို့လည်း ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး၊ ဘယ်သူ ဂရုစိုက်မှာလဲ....။」
အဲဒါလည်း ဟုတ်တာပါပဲ။ ဆိုတော့ အချုပ်ကတော့၊ ခန္ဓာကိုယ်ကို အခြေခံကောင်းအောင် တည်ဆောက်ပြီးတဲ့နောက်မှာ၊ သူတို့ နိုးထမှု အဆင့်ကို ရောက်တာနဲ့ ခန္ဓာကိုယ်က လိုအပ်သလို ပြောင်းလဲသွားတာပေါ့။ ဒီဂိုဏ်းက ဘယ်လို သိုင်းမျိုးကို ကိုင်တွယ်တာမို့လို့ ခန္ဓာကိုယ်က အဲဒီလောက်ထိ ပြောင်းလဲသွားရတာလဲလို့ တွေးမိပေမယ့်၊ အခုလောလောဆယ်တော့ ကျွန်တော့် ခန္ဓာကိုယ်ထဲက မိစ္ဆာကောင်ကိုပဲ စိုးရိမ်နေရတာမို့ တခြားဂိုဏ်းအကြောင်း စဉ်းစားဖို့ အချိန်မရှိပါဘူး။
"ဒါဆို နောက်တစ်ခါ အတူတူ လေ့ကျင့်ကြတာပေါ့"
"...ဟုတ်ကဲ့"
ဟုတ်ကဲ့လို့သာ ပြောလိုက်တာ၊ တကယ် လုပ်ဖို့ အစီအစဉ် မရှိပါဘူး။ ဒါကို ဘယ်လိုများ လိုက်လုပ်ရမှာလဲ? ယွန်ဖုန်း ထွက်သွားရင် ကျွန်တော်က အပေါ့စား လေ့ကျင့်ခန်းလေးတွေပဲ လုပ်ပြီး ရထားဆီ ပြန်ဖို့ စိတ်ကူးထားတာ။
ဒါပေမဲ့ အဲဒီအချိန်မှာ သစ်ပင်တစ်ပင် နောက်ကနေ တစ်ယောက်ယောက် ကျွန်တော့်ကို ချောင်းကြည့်နေတာ တွေ့လိုက်ရတယ်။ ခေါင်းသေးသေးလေးနဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးကြီးတွေက ကျွန်တော့်ဆီကို စိုက်ကြည့်နေတာ။ တခြားသူမဟုတ်ပါဘူး၊ ဝီဆောအာ ပါပဲ။ ထူးထူးဆန်းဆန်း ချောင်းကြည့်နေတာ။
"...ဟင်?"
မျက်လုံးချင်း ဆုံသွားတော့ သူ လန့်သွားပြီး သစ်ပင်နောက်ကို ပြန်ပုန်းသွားတယ်။ ဒါပေမဲ့ သူ့ဆံပင်တွေက အပြင်ထွက်နေတာမို့ လုံးဝတော့ မပုန်းနိုင်ပါဘူး။ ဒါက ဘာလဲ— သူက ပုန်းနေတာလား ဘာလား?
「ဒီကလေးမလေး လုပ်ပုံလေးက ချစ်စရာလေးပါလား။」
သူ ဘာလုပ်နေတာလဲ သိချင်လို့ လျှောက်သွားလိုက်တော့၊ လက်ကလေးတွေနဲ့ ကလိကလိ လုပ်နေတဲ့ သူ့ရဲ့ ကျောပြင်လေးကို မြင်လိုက်ရတယ်။
"ဘာလုပ်နေတာလဲ?"
"...!"
ခေါ်လိုက်တော့ သူ့ကျောလေး တွန့်သွားတာ မြင်ရတယ်။ မျက်နှာကို မမြင်ရပေမယ့် သူ့ခေါင်းထဲမှာ 'ငါ ဒီမှာ ရှိတာကို သူ ဘယ်လိုသိသွားတာလဲ?' လို့ တွေးနေမှာကတော့ သေချာပါတယ်။
"ဒီမှာ ဘာလုပ်နေတာလဲ?"
ဒုတိယအကြိမ် ခေါ်လိုက်မှ ဝီဆောအာ က ကျွန်တော့်ဘက်ကို ဖြည်းဖြည်းချင်း လှည့်လာတယ်။ ကျွန်တော့် အကြည့်ကို ရှောင်နေပြီး နှုတ်ခမ်းလေးကလည်း စူနေတုန်းပါပဲ။ ဒါပေမဲ့ သူ့လက်ထဲမှာ ရေဘူးတစ်ဘူးနဲ့ မျက်နှာသုတ်ပုဝါ တစ်ထည် ပါလာပါတယ်။
သူ့ရဲ့ အပြုအမူကို မြင်တော့ ကျွန်တော် ပြုံးမိသွားတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူ ကျွန်တော့်ကို စကားမပြောတာမို့ ကျွန်တော် တစ်ခုခု မှားလုပ်မိလို့ စိတ်ကောက်နေတာလားလို့ ထင်ခဲ့တာ။ ဒါပေမဲ့ စိတ်ကောက်နေတာတောင် အခုလို လိုအပ်တာလေးတွေ ယူလာပေးတာက တကယ်ကို ချစ်စရာကောင်းတဲ့ မြင်ကွင်းပါပဲ။
「မင်းလိုလူကတောင် 'ချစ်စရာကောင်းတယ်' ဆိုတဲ့ စကားကို သုံးတတ်တာလား?」
ကျွန်တော့်ကို လူအေးကြီးလို့ ထင်နေတာလား?
「အဲဒီလိုပဲ ထင်ထားတာ။ နည်းနည်းလေးပေါ့။」
. . . ဒီအဖိုးကြီးကတော့...
"ဘာမှ ပြန်မပြောတော့ဘူးလား?"
"...ဟင့်...အင်း။"
အဲဒီနောက်မှာလည်း သူ ဘာမှမပြောတော့ပါဘူး၊ စိတ်ကောက်နေတုန်းမို့ ထင်ပါတယ်။ ဒါပေမဲ့ ယူလာတဲ့ ပစ္စည်းတွေကိုတော့ ကျွန်တော့်ဆီ ဂရုတစိုက် ကမ်းပေးတယ်။ သူယူလာပေးတဲ့ ရေအေးလေးကို ကျွန်တော် သောက်လိုက်တယ်။ ချွေးတွေကတော့ ကျွန်တော့်ရဲ့ မီးတောက်ချီနဲ့တင် အခြောက်ခံလို့ ရပေမယ့်၊ သူ့ပုဝါလေးနဲ့တော့ သုတ်ပြလိုက်ပါတယ်။
ကျွန်တော့်ကို မကြာခဏ ခိုးကြည့်နေတဲ့ ဝီဆောအာ ရဲ့ ခေါင်းလေးကို ကျွန်တော် ပုတ်ပေးလိုက်တယ်။ သူ စိတ်ကောက်နေတဲ့ ပုံစံကို ဆက်ထိန်းဖို့ ကြိုးစားပေမယ့် နောက်ဆုံးမှာတော့ မထိန်းနိုင်တော့ဘဲ ပြုံးလာပါတယ်။ သူ့ကို ကြည့်မိတိုင်း ကျွန်တော့် ရင်ထဲမှာ တစ်မျိုးလေး ခံစားရတယ်။
「အဲဒါကို တစ်စုံတစ်ယောက်အပေါ် စွဲလမ်းတာလို့ ခေါ်တယ်လေ။」
စွဲလမ်းတာ? ကျွန်တော်ကလား?
သူ့ခေါင်းလေးကို ပုတ်ပေးနေတဲ့ လက်ကို ကျွန်တော် ပြန်ရုပ်လိုက်တယ်။ ဝီဆောအာ က စိတ်ပျက်သွားတဲ့ မျက်နှာလေးနဲ့ ကြည့်နေပေမယ့် ကျွန်တော် လျစ်လျူရှုလိုက်ပါတယ်။
"တစ်ခုခု စားပြီးပြီလား?"
သူနဲ့ စကားစမြည် ပြောဖို့ ကြိုးစားလိုက်တယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက အခြေအနေမကောင်းလို့ စကားမပြောဖြစ်ခဲ့တာမို့ပါ။
"ဟုတ်ကဲ့။"
စကားပြောတာ အေးစက်နေတုန်းပဲလား? ဒါပေမဲ့ ကျွန်တော် လက်မလျှော့ဘဲ ဆက်ပြောပါတယ်။
"ဘာစားခဲ့လဲ?"
"ငါး... အသား... ဟင်းသီးဟင်းရွက်... ဟုန်းဝါမမ ယူလာပေးတဲ့ အာလူးတွေ..."
"အင်း... ကျန်းကျန်းမာမာ စားနေတာပဲ"
သူ့ရဲ့ စားချင်စိတ်ကတော့ ခံစားချက်တွေကြောင့် ပြောင်းလဲသွားပုံမရပါဘူး။ စကားတွေ အများကြီး ပြောပြီးတဲ့နောက်မှာတော့ သူ့ရဲ့ စူနေတဲ့ နှုတ်ခမ်းလေးက ပျောက်သွားပြီး၊ သစ်ပင်နဲ့ မြက်ပင်တွေကိုပဲ ကြည့်နေတဲ့ မျက်လုံးလေးတွေက ကျွန်တော့်ဆီ ပြန်ရောက်လာပါပြီ။ သူ့မျက်နှာမှာ အပြုံးလေးတောင် ရှိနေပြီ။ လုံးဝကြီး ပုံမှန် ပြန်မဖြစ်သေးပေမယ့် ဒီလောက်ဆိုရင်တော့ ရပါပြီ... ဟုတ်တယ်မလား?
"သွားကြရအောင်၊ ခရီးဆက်ရဦးမယ်"
"ဟုတ်ကဲ့!"
ရေဘူးနဲ့ ပုဝါကို ဝီဆောအာ ဆီ ပြန်ပေးပြီး ကျွန်တော်တို့ မြင်းရထားဆီ ပြန်လာခဲ့ကြတယ်။
ဂူယန်ချွန်း တစ်ယောက် မြင်းရထားတွေဆီ ပြန်ဖို့ တောထဲကနေ ထွက်သွားတဲ့အခါ၊ ဝီဆောအာ က ခဏရပ်ပြီး သူ့ရဲ့ ကျောပြင်ကို ငေးကြည့်နေခဲ့တယ်။ တစ်ယောက်တည်း ကျန်ခဲ့တဲ့ ဝီဆောအာ ဟာ သူ့ခေါင်းကို သူ ပြန်ပုတ်ကြည့်တယ်။ ဂူယန်ချွန်းရဲ့ နွေးထွေးတဲ့ လက်အထိအတွေ့က သူ့ခေါင်းပေါ်မှာ ရှိနေတုန်းပဲလို့ ခံစားနေရတယ်။
"ဪ၊ မမလေး ဝီ?"
နောက်က ထွက်လာတဲ့ အသံကြောင့် သူ လှည့်ကြည့်လိုက်တယ်။ အသံရှင်ကတော့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးလို့ ချွေးတွေရွှဲနေတဲ့ ယွန်ဖုန်း ပါပဲ။ ဝီဆောအာ လက်ထဲက ပစ္စည်းတွေကို မြင်တော့ သူက ပြုံးရွှင်စွာ ပြောလိုက်တယ်။
"ဪ၊ ကျွန်တော် ရေငတ်နေတာနဲ့၊ ဒါလေး သောက်လို့ရမလား?"
ဝီဆောအာ က ယွန်ဖုန်းကို ခဏ စိုက်ကြည့်ပြီး ပြန်ဖြေလိုက်တယ်။
"မရဘူး၊ ဒါက သခင်လေးအတွက်"
အဲဒီ အေးစက်တဲ့ အဖြေကြောင့် ယွန်ဖုန်း ခဏ ကြောင်သွားတယ်။
"...ဪ! သခင်လေး ဂူ အတွက်လား? ဒါဆို သခင်လေး လေ့ကျင့်လို့ ပြီးတဲ့အထိ စောင့်နေတာပေါ့? ကောင်းတာပေါ့"
အဲဒီလိုပြောပြီး ယွန်ဖုန်းက ဝီဆောအာ ရဲ့ ခေါင်းကို ပုတ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ဝီဆောအာ က ရှောင်လိုက်ပြီး သူ့ဆီကနေ နောက်ဆုတ်သွားတယ်။ ရုတ်တရက် အပြုအမူကြောင့် ယွန်ဖုန်းရဲ့ လက်က လေထဲမှာ တောင်တောင်အီအီ ဖြစ်ကျန်ခဲ့တယ်။
"သွားတော့မယ်"
အဲဒီလို ပြောပြီး ဝီဆောအာ က ခေါင်းညိတ်နှုတ်ဆက်ကာ ဂူယန်ချွန်း သွားတဲ့လမ်းအတိုင်း ခုန်ဆွခုန်ဆွနဲ့ ထွက်သွားတော့တယ်။ ယွန်ဖုန်းကတော့ တစ်ယောက်တည်း ကျန်ခဲ့ပြီး သူ့ပါးကိုသူ ကုတ်နေမိတယ်။
"...သူက အမြဲတမ်း အဲဒီလိုပဲလား?"
သခင်လေး ဂူ ရဲ့ အနားမှာဆိုရင် သူက အမြဲတမ်း ပျော်ရွှင်ပြီး ပြုံးရွှင်နေတတ်တာ။ ဒါပေမဲ့ အခု သူနဲ့ တွေ့တဲ့ ဝီဆောအာ ကတော့ အရမ်း အေးစက်လွန်းလို့ ယွန်ဖုန်း အံ့သြသွားရတယ်။ ပြီးတော့ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသလိုမျိုး ခံစားရတယ်။ ထင်ယောင်ထင်မှား ဖြစ်မှာပါလို့ပဲ ယွမ်ဖုန်း တွေးလိုက်ပါတော့တယ်။
နွေရာသီ အပူရှိန် အမြင့်ဆုံးအချိန်လောက်မှာပေါ့။ လမ်းအတိုင်း ဖြည်းဖြည်းချင်း လာနေတဲ့ မြင်းရထားက နောက်ဆုံးမှာ ရပ်တန့်သွားတယ်။ လူအုပ်ကြီးကြားထဲမှာ နမ်ဂေါင်းဘီအာ က မျက်နှာကို ဖုံးအုပ်ထားတဲ့ ဝတ်ရုံခြုံပြီး မြင်းရထားပေါ်က ဆင်းလာတယ်။ သူ ဘယ်သွားသွား လူတွေရဲ့ အာရုံစိုက်မှုကို ခံရတာမို့ အခုလို ဖုံးအုပ်ထားတာ ဖြစ်မှာပါ။
မော့ကြည့်လိုက်တဲ့အခါ မြင့်မားလှတဲ့ တောင်ကြီးတစ်တောင်ကို မြင်လိုက်ရတယ်။
「ဝူတန်တောင်ကတော့ အရင်အတိုင်းပဲ။ သူ့ရဲ့ ခန့်ညားထည်ဝါမှုနဲ့ တရားမျှတတဲ့ အငွေ့အသက်ကို ခံစားနေရပြီ။」
ရှင်အဖိုးကြီးက စိတ်ကူးယဉ်ဆန်တဲ့ စကားတွေ ပြောနေတုန်းမှာ၊ ကျွန်တော်ကတော့ ခေါင်းညိတ်ပြီး အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်တယ်။
"...ဟုတ်တယ်၊ ရွံစရာကောင်းလောက်အောင် ကြီးမားတာပဲ"
ဝူတန်။ ကျွန်တော့်ရဲ့ ရင်ထဲမှာ ကိစ္စအတော်များများကြောင့် အမှတ်တရ ရှိနေခဲ့တဲ့ နေရာကို နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပါပြီ။