အခန်း (၅၃)ပုလဲပွင့်နဂါး(၃)
“အခု နေလို့ကောင်းသွားပြီလား”
ယောင်ဖုန်းက ကျွန်တော့်ကို ထိုမေးခွန်းကို မေးလာသူဖြစ်သည်။ ၎င်းက အနည်းငယ်တော့ ထူးဆန်းနေသည်... ထိုမေးခွန်းကို ကျွန်တော်က ပြန်မေးရမည် မဟုတ်ပါလား? သူသည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ အဖမ်းခံထားရသည့် အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ပျော်ရွှင်နေပုံရသည်။ တစ်စုံတစ်ခုကြောင့် ယောင်ဖုန်းသည် ဤအခိုက်အတန့်တွင် ဖုန်ဝူးဂျင့်နှင့် ဆင်တူနေသည်ဟု ကျွန်တော် ခံစားလိုက်ရသည်။
...သူ့ဆီက အရူးနံ့ရနေတယ်။
၎င်းသည် သေချာပေါက် မနှစ်မြို့ဖွယ် ခံစားချက်မျိုးပင်။ ဘာပဲဖြစ်ဖြစ် သူ ဘာကြောင့် ဒီလိုအခြေအနေမျိုး ရောက်နေရတာလဲဆိုတာကို သိရှိနိုင်ဖို့ ကျွန်တော် သူ့နားကို တိုးသွားလိုက်သည်။
「ဒီလို လှပတဲ့ ဝတ်စုံကြီး ဖုန်တက်သွားရအောင် ဘာတွေများ ဖြစ်ခဲ့တာလဲ...」
ဟွားရှန်းတောင်၏ မြတ်သောဓားဟု ဆိုသူ၏ စကားများကို ကျွန်တော် လျစ်လျူရှုလိုက်သည်။
“ဒါနဲ့ မင်းက ဘာလို့ ဒီလိုဖြစ်နေရတာလဲ”
“ဟားဟား... ဟိုဟာလေ... ကိစ္စလေးတစ်ခု ရှိလို့ပါ”
“သခင်လေး...!”
ကျွန်တော့်ကို မြင်လိုက်ရ၍ လန့်သွားသော မူယွန်းသည် ကျွန်တော့်ထံသို့ အပြေးအလွှား ရောက်လာသည်။
“သခင်လေး အဆင်ပြေရဲ့လား”
“အင်း ပြေပါတယ်။ ခုနက ခဏလေး မူးသွားရုံပါ”
ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်တွင် ရပ်လျက် စိုက်ကြည့်နေကြသော ဟွားရှန်းတောင်မှ လူများကို ကျွန်တော် ကြည့်လိုက်သည်။ ဒီလူတွေက ဘယ်သူတွေလဲ? သူတို့သည် အဖြူရောင်ဝတ်စုံများကို ဆင်မြန်းထားကြပြီး အချို့၏ ယူနီဖောင်းများပေါ်တွင် ယောင်ဖုန်း ဝတ်ထားသကဲ့သို့ ဇီးသီးပွင့် တံဆိပ်များ ပါရှိသည်။
၎င်းတို့သည် ဟွားရှန်းတောင်၏ ‘ဇီးသီးပွင့် ဓားသမားများ’ ပင် ဖြစ်သည်။ သူတို့သည် အဆုံးမရှိသော ကျင့်ကြံမှုများအပြီးတွင် အစွမ်းအစများ ပွင့်လန်းလာကြသည့် ထူးချွန်သူများ ဖြစ်ကြသည်။ အနည်းဆုံးတော့ ပထမတန်းစား သိုင်းပညာရှင်များ ဖြစ်ကြပြီး ထို့ထက်ပင် မြင့်မားနိုင်ပေသည်။
“ဘာတွေ ဖြစ်နေတာလဲ”
ကျွန်တော့်မေးခွန်းကို ကြားသောအခါ မူယွန်းသည် သူ၏ဓားကို ပြန်သိမ်းပြီး ကျွန်တော့်အနားသို့ လာကာ ဖြေကြားသည်။
“သခင်လေးက အဲဒီလူနဲ့ စကားပြောနေရင်း မေ့လဲသွားလို့၊ အခြေအနေတွေ မဆိုးခင် သူ့ကို အမိအရ ဖမ်းထားလိုက်တာပါ”
“ဖမ်းထားတယ်...? သူ့ကိုလား?”
ကျွန်တော် သူနှင့် စကားပြောနေရင်း အမှန်တကယ် မေ့လဲသွားခဲ့သည်ဖြစ်ရာ သူတို့၏ လုပ်ရပ်က နားလည်ပေးနိုင်စရာ ရှိပါသည်။ သို့သော် ယောင်ဖုန်းက ဤမျှ လွယ်လွယ်ကူကူ အဖမ်းခံလိုက်ရသည်မှာ အံ့သြစရာပင်။ သူ ကျွန်တော့်ကို တစ်ခုခု မေးချင်နေတာ မဟုတ်ဘူးလား? သူ့မျက်နှာကို ကြည့်ရသလောက်တော့ သူကိုယ်တိုင်က ပြန်မခုခံဘဲ အဖမ်းခံလိုက်ခြင်း ဖြစ်ပုံရသည်။
ယောင်ဖုန်းက ကျွန်တော် ဘာတွေးနေသည်ကို နားလည်ပုံရပြီး ပြုံးလိုက်သည်။
“သခင်လေး နိုးလာရင် အရာအားလုံး အဆင်ပြေပြေ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိလို့ပါ။ ဒါကြောင့် ပြန်တိုက်ခိုက်နေဖို့ အကြောင်းမရှိတော့တာပါ”
“မင်းပဲ အတင်းအကျပ် ငါတို့ ရထားလုံးတွေကို အရင်တားခဲ့တာ မဟုတ်ဘူးလား”
ကျွန်တော့်အမေးကြောင့် ယောင်ဖုန်းက အနေခက်စွာ ရယ်မောလိုက်သည်။
“အဲဒါကတော့... တောင်းပန်ပါတယ်။ ကျွန်တော်တို့မှာလည်း အကြောင်းပြချက် ရှိလို့ပါ”
“ကျွန်တော်တို့...?”
ယောင်ဖုန်းနှင့် သူ၏လူများ၊ ထို့ပြင် ဟွားရှန်းတောင်မှ ဇီးသီးပွင့် ဓားသမားများ။ ‘ဇီးသီးပွင့် ဓားသမား’ ဟူသော ဘွဲ့အမည်သည် တစ်လောကလုံးတွင် ကျော်ကြားသော်လည်း ထိုဘွဲ့ကို ရရှိထားသူမှာ အရေအတွက် အနည်းငယ်သာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့် ဂိုဏ်းမျိုးနွယ်တွင်မဆို ပထမတန်းစားနှင့် အထက် သိုင်းပညာရှင် အမြောက်အမြား ရှိမနေနိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူတို့အားလုံး အုပ်စုလိုက် လှုပ်ရှားနေကြသည်ဆိုလျှင် ၎င်းသည် သာမန် ပြဿနာမဟုတ်သည်မှာ သေချာသည်။
“ငါတို့ကို ဒီမှာ တားထားရတဲ့ အကြောင်းပြချက် သူတို့မှာလည်း ရှိတာလား”
ကျွန်တော့်မေးခွန်းကို ယောင်ဖုန်းက ခါးခါးသီးသီး ပြုံးလိုက်သည်။ ယောင်ဖုန်းနှင့် ကျွန်တော်တို့ကြားတွင် ပြဿနာမရှိတော့သဖြင့် သူ့ကို လွှတ်ပေးရန် မူယွန်းကို ပြောလိုက်ပြီးနောက် သူ၏လူများရှိရာသို့ လျှောက်သွားလိုက်သည်။ သို့သော် လျှောက်သွားစဉ်မှာပင် အတွေးတစ်ခု ဝင်လာ၍ ကျွန်တော် ခြေလှမ်းတုံ့သွားသည်။
...နေပါဦး၊ ငါ သူတို့နား ကပ်သွားရင် သူတို့ ‘ချီ’ ကို သတိထားမိသွားမှာ မဟုတ်ဘူးလား?
အခု ပြန်စဉ်းစားကြည့်မှ ကျွန်တော့်ခန္ဓာကိုယ်ထဲက ချီက ပြဿနာတက်နိုင်သည်ကို သတိရမိသည်။ ယောင်ဖုန်းတောင် သတိထားမိနိုင်လျှင် အခြားသော ကျင့်ကြံမှု မြင့်မားသည့် ဇီးသီးပွင့် ဓားသမားများက မသိဘဲ နေပါမည်လော? ထိုအချိန်တွင် ဝိညာဉ်က ကျွန်တော့်ကို စကားလှမ်းပြောပြီး စိုးရိမ်စိတ်ကို လျှော့ချပေးသည်။
「မစိုးရိမ်နဲ့၊ သွားသာသွားစမ်းပါ」
...မင်း ငါ့စိတ်ကိုတောင် ဖတ်နိုင်တာလား? ဒါက နည်းနည်းတော့ စိတ်ရှုပ်စရာ ကောင်းလာပြီ။
「နည်းနည်းပါးပါးပါ။ မင်းက အရမ်းစိုးရိမ်နေတော့ ငါ ပိုပြီး ပြတ်ပြတ်သားသား ကြားနေရတာ။ ဘာပဲဖြစ်ဖြစ် သွားသာသွား၊ ငါ့မှာ နည်းလမ်းရှိတယ်」
ကျွန်တော် မယုံချင်သော်လည်း နောက်ကျနေပြီဖြစ်၍ သူ့ကိုပဲ ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
「အခုမှ သတိရတယ်၊ မင်းကို မေးစရာ တစ်ခုရှိသေးတယ်」
ဘာလဲ?
「နောက်မှပဲ မေးတော့မယ်၊ မင်းက ငါ့ထက် ပိုပြီး အလျင်လိုနေတာ မဟုတ်လား?」
ဤအဖွဲ့၏ ခေါင်းဆောင်ဟု ထင်ရသော လူ၏ ရှေ့သို့ ကျွန်တော် ရောက်ရှိလာသည်။
「ဟွားရှန်းတောင် လောကမှာ ဆက်ရှိနေသေးတာကိုက... လုံလောက်နေပါပြီ」
“ကျွန်တော်က ဂူမျိုးနွယ်စုက ဂူယန်ချွန်းပါ”
“ကျွန်တော်ကတော့ ဟွားရှန်းတောင်ရဲ့ ဒုတိယမျိုးဆက် တပည့် ရှင်ဟွန်းပါ”
“ဟုတ်ကဲ့၊ အရှင်ရှင်ဟွန်း... အခု ဘာတွေဖြစ်နေတာလဲဆိုတာ သိပါရစေ”
ရှင်ဟွန်းသည် အခက်တွေ့နေသော မျက်နှာထားဖြင့် ယောင်ဖုန်းကို ကြည့်လိုက်သည်။ ဒီဘက်မှာလည်း ပြဿနာ တစ်ခုခု ရှိနေပုံရသည်။ အလွှတ်ပေးခြင်း ခံလိုက်ရသော ယောင်ဖုန်းသည် ကျွန်တော်တို့ဆီသို့ အပြေးအလွှား လာပြီးနောက် ခေါင်းကို ကုတ်ကာ နေရခက်စွာ ရယ်ပြသည်။
“...ဟီးဟီး”
– ဖြောင်း!
“အား!”
ရှင်ဟွန်းက သူ့ခေါင်းကို ရုတ်တရက် ထုချလိုက်သဖြင့် သူ၏ ရယ်သံ ရပ်တန့်သွားသည်။ ...ကျွန်တော်က ‘ဒေါက်’ ခနဲ အသံမျိုးကို မျှော်လင့်ထားသော်လည်း ‘ဖြောင်း’ ခနဲ မြည်သွားသည်။ ယောင်ဖုန်းသည် ခေါင်းကို ထုခံရပြီးနောက် လူတစ်ယောက်၏ ခေါင်းမှ မထွက်သင့်သော အသံမျိုး ထွက်လာကာ ကြမ်းပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေတော့သည်။
“အိုး... နာလိုက်တာ ဆရာကြီးရယ်...”
“နာတယ်? ငါက ပိုနာတယ်”
“ဆရာကြီးရဲ့ ချစ်လှစွာသော တပည့်ကို ရိုက်လိုက်လို့ စိတ်နာသွားတာ မဟုတ်လား?”
“နောက်တစ်ချက် ထပ်အထုခံချင်သေးတာလား?”
“တောင်းပန်ပါတယ်!”
ရှင်ဟွန်းသည် လောကကြီး၏ အလင်းရောင် ကွယ်ပျောက်သွားသကဲ့သို့ သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
“ဘာပြဿနာမှ မရှာဖို့ ငါ မင်းကို ပြောထားတာ တစ်လောင်တောင် မပြည့်သေးဘူးဆိုတာ သိတယ်မလား?”
“...ဟုတ်ကဲ့ သိပါတယ်”
“သိသားပဲ၊ ဒါကို မင်းက ဘာလို့ ဒီလိုတွေ တစ်ယောက်တည်း ထလုပ်နေရတာလဲ”
“...တောင်းပန်ပါတယ်။ ဒါပေမဲ့ အခြေအနေကိုလည်း ထည့်စဉ်းစားပေးပါဦး”
“အေး စဉ်းစားရမှာပေါ့၊ ဒါပေမဲ့ တကယ်တမ်းတော့ ဒါက ငါတို့ရဲ့ ကိုယ်ပိုင်ကိစ္စပဲ။ ပြင်ပလူတွေက ဒါကို နားလည်ပေးလိမ့်မယ်လို့ မင်းထင်လို့လား?”
ရှင်ဟွန်း၏ စကားကို ကြားပြီးနောက် ယောင်ဖုန်း စကားမပြောတော့ပေ။ သို့သော် ရှင်ဟွန်းက ရပ်တန့်မည့်ပုံ မပေါ်ဘဲ ဆက်ပြောနေသည်။
“မင်းက သိုင်းပညာရှင် မဖြစ်ခင်မှာ တာအိုကျင့်ကြံသူ တစ်ယောက် ဖြစ်တယ်။ မင်းရဲ့ အရည်အချင်းကို အားလုံးက သိကြပေမယ့် အဲဒါကြောင့်ပဲ မင်းကို မာနမကြီးဖို့ ပြောခဲ့တာပေါ့”
“ဟုတ်ကဲ့...”
“အဲဒီစကားတွေက ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ပြောခဲ့တာ။ မင်းကို ‘ဓားနဂါး’ လို့ ခေါ်ကြပေမယ့် လောကမှာရှိတဲ့ လူတိုင်းက မင်းဘက်မှာ ရှိနေမှာ မဟုတ်ဘူးဆိုတာကို သတိထားရမယ်”
“တောင်းပန်ပါတယ်”
“...ကဲ ထားပါတော့”
ရှင်ဟွန်းသည် စိတ်မကောင်းဖြစ်နေသော ယောင်ဖုန်းထံမှ မျက်နှာလွှဲလိုက်ပြီး ကျွန်တော်တို့ထံ ချဉ်းကပ်ကာ ခေါင်းညွှတ် အလေးပြုသည်။
“ကျွန်တော့်တပည့်က ခင်ဗျားတို့ကို အနှောင့်အယှက် အများကြီး ပေးလိုက်မိပြီ”
...ခင်ဗျားက သူ့ကို အဲဒီလောက်အထိ အသေအချာ ဆုံးမပြီးမှတော့ ကျွန်တော်က ဘာမှ သိပ်ပြောလို့ မရတော့ဘူးပေါ့။ နောက်မှ ကျွန်တော် လာမတိုင်တောနိုင်အောင် သူ တမင်တကာ လုပ်ပြလိုက်တာ ဖြစ်နိုင်သည်။ ‘သူ့ကို သူစိမ်းတွေ ရိုက်တာထက် ငါကိုယ်တိုင် ရိုက်လိုက်တာက ပိုကောင်းတယ်’ ဆိုတဲ့ စိတ်ဓာတ်မျိုးလား?
「မဆိုးပါဘူး」
ဘာလဲ? ဘာက မဆိုးတာလဲ?
ကျွန်တော့်ရှေ့က အနေခက်စရာ အခြေအနေကြောင့် သက်ပြင်းချလိုက်ပြီး ရှင်ဟွန်းကို စကားပြောလိုက်သည်။
“...ခင်ဗျားတို့ ဆုံးမလို့ ပြီးပြီဆိုရင် ကျွန်တော့်ကိုလည်း ဒါတွေက ဘာလဲဆိုတာ ရှင်းပြပေးစေချင်ပါတယ်”
တစ်ခုခု ဖြစ်တော့မည်ဟု ကျွန်တော် ခံစားမိနေသော်လည်း ၎င်းက ဘာလဲဆိုတာကို သိအောင် လုပ်ရမည်။ သူတို့က ကျွန်တော်တို့ ရထားလုံးကို ဒီလောက် ဗြုန်းစားကြီး တားထားတာဆိုတော့ ဘာတွေ ဖြစ်နေလဲဆိုတာကို ပြောပြဖို့ တရားမျှတမှု ရှိပါသည်။
ရှင်ဟွန်းသည် ကျွန်တော့်စကားကြောင့် ခဏတာ ကြောင်အသွားပုံရသော်လည်း အမြန်ပင် စိတ်ကို ပြန်စုစည်းကာ ဖြေကြားသည်။
“...မကြာသေးခင်က ဟွားရှန်းတောင်က လူတွေ အကြောင်းမဲ့ ပျောက်ပျောက်သွားလို့ပါ”
“ဟွားရှန်းတောင်က လူတွေလား?”
“ဟုတ်ကဲ့၊ ပိုပြီး တိတိကျကျ ပြောရရင် ဂိုဏ်းရဲ့ အပြင်ဘက်မှာ လှုပ်ရှားနေတဲ့ ဟွားရှန်းတောင်ရဲ့ ဓားသမားတွေပါ”
ဟွားရှန်းတောင်ရဲ့ ဓားသမားတွေ ဟုတ်လား။ ...ဒီလို လူမျိုးတွေ ပျောက်ဆုံးနေတာလား?
မိစ္ဆာတံခါးဝကို ခုခံကာကွယ်ရင်း ဓားသမားတွေ အသက်ဆုံးရှုံးရတာက သာမန်ကိစ္စ ဖြစ်သော်လည်း ဟွားရှန်းတောင်က သူတို့ရဲ့ ကိုယ်ပိုင်ဓားသမားတွေကို မိစ္ဆာတွေနဲ့ တိုက်ခိုက်ဖို့ လွှတ်လိုက်ရတယ်ဆိုရင် ဒါက ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်နေပြီ။ သူတို့က ဇီးသီးပွင့် ဓားသမား အချို့ကိုတောင် လွှတ်ထားကြတာပဲ။
“အခြေအနေက ဆိုးနေတော့ ကျွန်တော်တို့က အန္တရာယ်ရှိမရှိ ကင်းထောက်နေတဲ့ အဆင့်မှာပါ”
“ဟွားရှန်းတောင်က ဒီနေရာနဲ့ နည်းနည်း ဝေးနေတာတောင်မှလား?”
ဟွားရှန်းတောင်ကို ရောက်ဖို့ ကျွန်တော်တို့ အဝေးကြီး သွားရဦးမည်။ ဒါကို ဟွားရှန်းတောင်က လူတွေက ဒီအထိတောင် လာရှာနေကြတာလား?
ကျွန်တော့်အမေးကို ရှင်ဟွန်းက ခါးသီးစွာ ပြုံးပြသည်။
“...အဲဒီ အကြောင်းပြချက်ကိုတော့ ပြင်ပလူတွေကို ပြောပြလို့ မရပါဘူး”
“အဲဒါဆိုရင်လည်း ရပါတယ်။”
တစ်ခုခုတော့ ဖြစ်နေပြီ၊ ဒါပေမဲ့ ထပ်ပြီး မေးမြန်းနေဖို့ မလိုဘူးလို့ ကျွန်တော် ထင်သည်။ ကျွန်တော့် အတိတ်ဘဝတုန်းက ဒီအကြောင်း ဘာမှ မကြားခဲ့ရတာကြောင့် အဲဒီလောက်ကြီးတော့ မပြင်းထန်လောက်ပါဘူး။
“...ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီမှာ အလုပ်တွေ အပြီးသတ်နေတုန်း၊ ကျွန်တော့်တပည့်က တစ်ခုခု ခံစားမိတယ်ဆိုပြီး ရုတ်တရက် ပြေးထွက်သွားရာကနေ ဒါတွေ အကုန်ဖြစ်ကုန်တာပါ”
ဟင်း... သူက မထင်မှတ်ထားတဲ့ ရထားလုံး တစ်စီးဆီကနေ ဟွားရှန်းတောင်ရဲ့ ချီကို ခံစားမိလိုက်တာကြောင့် နောက်ဆက်တွဲ ပြဿနာတွေကို မစဉ်းစားဘဲ ကျွန်တော်တို့ကို အရင်တားလိုက်တာပေါ့။ သူတို့ အခြေအနေအရ စိတ်ပူနေတာကို နားလည်ပေးနိုင်ပေမယ့် နောက်ဆက်တွဲကို မစဉ်းစားဘဲ လုပ်ခဲ့တဲ့ သူ့လုပ်ရပ်ကတော့ ဆုံးမခံရဖို့ ထိုက်တန်ပါသည်။
ကျွန်တော် ရှင်ဟွန်းကို မေးလိုက်သည်။
“ဒီကိစ္စအပေါ် ခင်ဗျားရဲ့ သဘောထားက ဘာလဲ”
ရှင်ဟွန်းက သေချာ စဉ်းစားပြီး ဖြေသည်။
“အခု ကျွန်တော် ဒီလောက်နီးနီးကပ်ကပ် ရောက်နေပြီဆိုတော့ ဒါက သေချာပေါက် မှားတာ မဟုတ်ပါဘူး။ ကျွန်တော်လည်း အဲဒါကို ခံစားနေရတယ်”
ရှင်ဟွန်းက စကားပြောရင်း ကျွန်တော် စီးလာသော ရထားလုံးကို ညွှန်ပြသည်။
“ခင်ဗျား ခွင့်ပြုမယ်ဆိုရင် အဲဒါကို ရှာဖွေကြည့်ချင်ပါတယ်”
“ဟို ရထားလုံးထဲကနေ ခံစားနေရတာလား?”
“ဟုတ်ကဲ့”
“...ယောင်ဖုန်းက ကျွန်တော့်ဆီကနေလည်း တစ်ခုခု ခံစားရတယ်လို့ ပြောခဲ့တယ်၊ ခင်ဗျားရော အဲဒါကို မခံစားရဘူးလား?”
“ခင်ဗျားဆီက တစ်ခုခု ဟုတ်လား?”
ကျွန်တော့်မေးခွန်းကို ကြားပြီးနောက် ရှင်ဟွန်းက ကျွန်တော့်ကို သေချာ စစ်ဆေးကြည့်သည်။ သူ့ရဲ့ ချီက ကျွန်တော့် ခန္ဓာကိုယ်အနှံ့ လိုက်ရှာနေတာကို ခံစားရပေမယ့် အန္တရာယ်မရှိတာကြောင့် ကျွန်တော် ပြန်မခုခံခဲ့ပါဘူး။ ရှင်ဟွန်းက ယောင်ဖုန်းဘက်ကို လှည့်ကြည့်လိုက်သည်။ သူ ဘာမှ ခံစားရပုံမပေါ်ပေ။
“ယောင်ဖုန်း၊ မင်း သူ့ဆီက ဘာကို ခံစားမိလို့လဲ”
ယောင်ဖုန်းက ကျွန်တော့်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ဟင်... ဘာလို့ ကျွန်တော် ဘာမှ မခံစားရတော့တာလဲ... ခုနတုန်းကတော့ သေချာပေါက် ခံစားမိခဲ့-”
“ဆင်ခြေတွေ ပေးမနေနဲ့”
ရှင်ဟွန်း၏ စကားကြောင့် ယောင်ဖုန်း တွန့်သွားသည်။ ပြီးနောက် သူ တိုးတိုးလေး ရေရွတ်သည်။
“...တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားပုံရပါတယ်”
“မင်း ငါ့ကို တောင်းပန်နေရမှာ မဟုတ်ဘူး”
ယောင်ဖုန်းသည် ရှင်ဟွန်း၏ စကားကို ကြားပြီးနောက် မတ်တပ်ရပ်ကာ ကျွန်တော့်ကို ဦးညွှတ်လိုက်သည်။
“တောင်းပန်ပါတယ် သခင်လေး၊ ကျွန်တော် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမိသွားပါတယ်”
“ရပါတယ်”
ကျွန်တော် ထိုသို့ ပြောလိုက်စဉ်မှာပင်၊ စောစောက အသိသာကြီး ဖြစ်နေသော ချီသည် ယခုအခါ ဘာကြောင့် လုံးဝ မခံစားရတော့သနည်းဟု တွေးမိသွားသည်။ ထိုအခါ ဝိညာဉ်က ကျွန်တော့်မေးခွန်းကို ဖြေသည်။
「ငါ စောစောက ပြောသားပဲ၊ ငါ့မှာ နည်းလမ်းရှိတယ်လို့」
သူ ပြောခဲ့သည့်အတိုင်းပင်။ သူ ဘယ်လို ဖြေရှင်းလိုက်သည်ကို ကျွန်တော် မသိသော်လည်း ကျွန်တော့်အနားမှာ ဝဲပျံနေခဲ့သော ချီသည် ယခုအခါ ကျွန်တော့် ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေပြီ ဖြစ်သည်။ ကျွန်တော် အစိုးရိမ်ဆုံး ပြဿနာက ချောချောမွေ့မွေ့ ပြေလည်သွားသဖြင့် စိတ်သက်သာရာ ရသွားသည်။
ကျွန်တော် စိတ်အေးသွားပြီးနောက် ရှင်ဟွန်းကို စကားပြောလိုက်သည်။
“ရထားလုံးကို ရှာဖွေနေဖို့ မလိုပါဘူး”
“...ဘာကို ဆိုလိုတာလဲ”
“ခင်ဗျားတို့ ခံစားမိတဲ့ ချီအကြောင်း ကျွန်တော် သိပြီးသားပါ။ ခဏ စောင့်ပါ”
ကျွန်တော် ဘာတွေးနေသည်ကို သိပြီးဖြစ်သော မူယွန်းသည် ရထားလုံးထဲမှ သေတ္တာကို ကျွန်တော့်ဆီသို့ အမြန် ယူဆောင်လာပေးသည်။ ၎င်းကို ရရှိသောအခါ သေတ္တာကို ဖွင့်ပြပြီး အတွင်းရှိ ရတနာကို ပြသလိုက်သည်။
“ဒါက...!”
ယောင်ဖုန်းက အမြန်ဆုံး တုံ့ပြန်လိုက်ပြီးနောက် ရှင်ဟွန်းကလည်း အံ့သြသွားသည်။ အနည်းငယ် နောက်ကျသော်လည်း နောက်တွင် ရပ်နေကြသော အခြားသော ဟွားရှန်းတောင်မှ အဖွဲ့ဝင်များကလည်း ထိုနည်းတူပင် ဖြစ်သည်။
“မဟာ ဇီးသီးပွင့် ကျောက်တုံး”
အုပ်ထားသော အဝတ်ကို ဖယ်လိုက်သောအခါ ဇီးသီးနံ့များ ပျံ့လွင့်လာပြီး ပန်းရောင်ဖျော့ဖျော့ အလင်းတောက်နေသော ကျောက်တုံး ပေါ်လာသည်။ ရှင်ဟွန်းသည် သိသိသာသာ ဆွံ့အသွားပြီး မေးသည်။
“ဘ... ဘာလို့ ဒီကျောက်တုံးက ခင်ဗျားလက်ထဲ ရောက်နေတာလဲ”
ဒါက အတုဖြစ်နိုင်မလားလို့တောင် သူ မစဉ်းစားမိဘူး ထင်သည်... ဘာဖြစ်လို့လဲဆိုတော့ ဒီကျောက်တုံးကို အပြစ်အနာအဆာမရှိ တုပနိုင်လောက်အောင် ကျွမ်းကျင်တဲ့လူ လောကမှာ မရှိနိုင်လို့ပင်။ ဒါကို ရတနာလို့ ခေါ်တာ အကြောင်းမဲ့ မဟုတ်ဘူး။
“...ကျွန်တော်တို့ မျိုးနွယ်စုက ဒီကျောက်တုံးကို ခဏတာ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ တာဝန်ပေးခံထားရတာမို့ ဒါကို ဟွားရှန်းတောင်ဆီ ပြန်လာပေးတာပါ”
“ခင်ဗျားတို့... မျိုးနွယ်စုကလား?”
ဒါကို ဘယ်လို ရှင်းပြရမလဲ...? ကျွန်တော်တို့ အကြီးအကဲရဲ့ အရက်ဝိုင်းက လောင်းကြေးကြောင့် ဒီရတနာကို ရခဲ့တာလို့တော့ ပြောလို့မရဘူးလေ။
ယောင်ဖုန်းက ကျွန်တော်တို့ စကားဝိုင်းထဲ ကြားဖြတ်ဝင်လာသည်။
“ဒါ... ဒါက ငါတို့ ဂိုဏ်းချုပ်ကြီး အရက်သောက်ရင်း လောင်းကြေးရှုံးလို့ ပေးလိုက်ရတဲ့-”
“ပါးစပ်ပိတ်ထားစမ်း!”
“ဟုတ်ကဲ့ ဆရာကြီး”
“...”
သြော်... ဒီလူတွေက ဇာတ်လမ်းအပြည့်အစုံကို သိထားကြတာပဲ။ အဲဒါဆိုရင် ကျွန်တော် ရှင်းပြနေစရာ မလိုတော့လို့ ပိုတောင် အဆင်ပြေသေးတယ်။ ရှင်ဟွန်း၏ နားရွက်များမှာ အရှက်သည်းမှုကြောင့် နီရဲနေပြီ ဖြစ်သည်။ ဟွားရှန်းတောင်၏ ခေါင်းဆောင်ဖြစ်သူက ပြုလုပ်ခဲ့သည့် ကိစ္စဖြစ်သဖြင့် နားလည်ပေးနိုင်ပါသည်။ ...ကျွန်တော်တို့ဘက်ကလည်း အတူတူပါပဲ။ ဒီလိုတွေ ဖြစ်သွားအောင် ဒုတိယအကြီးအကဲက ဘယ်လို ပွဲမျိုးကို တက်ခဲ့တာလဲလို့ ကျွန်တော် တွေးမိသည်။ သိချင်သော်လည်း ကျွန်တော် ထပ်မမေးချင်တော့ပေ။
“...ဘာပဲဖြစ်ဖြစ်၊ အဲဒါက ကျွန်တော်တို့ ဟွားရှန်းတောင်ကို လာရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ”
“...နားလည်ပါပြီ”
ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ အတွေးတွေ အများကြီး ရှိနေပုံရပေမယ့် အပြင်ကိုတော့ ထုတ်မပြောဖြစ်ကြဘူး။ ဆက်ပြောနေရင် ပိုပြီး ရှက်ဖို့ကောင်းလာလိမ့်မယ်။ ရှင်ဟွန်းက အနေခက်နေသည့် အခြေအနေကို ဖျောက်ဖျက်ရန် ချောင်းဟန့်လိုက်သည်။
“ဘာပဲဖြစ်ဖြစ်... ခင်ဗျားတို့က ဒီအကြောင်းကြောင့် လာတာဆိုရင်၊ ကျွန်တော်တို့လည်း ဒီမှာ ရှာဖွေတာတွေ ပြီးပြီဆိုတော့ ဒီရတနာကို ကျွန်တော်တို့နဲ့ ထည့်ပေးလိုက်ရင်-”
“အဲဒါတော့ မရဘူး”
ကျွန်တော့်ရဲ့ ပြတ်သားတဲ့ တုံ့ပြန်မှုကြောင့် ရှင်ဟွန်းရဲ့ မျက်လုံးတွေ ပြူးသွားသည်။ ကျွန်တော်လည်း ရတနာကို ပေးပြီးတာနဲ့ ချက်ချင်း ထွက်သွားချင်တာပေါ့၊ ဒါပေမဲ့ ဒါက ကျွန်တော် လာရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ ရှိသေးတာ။ ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက်က ကျွန်တော့်ညီမလေးကို ပြန်ခေါ်ဖို့ပဲ။ ဒါ့အပြင်...
“ကျွန်တော်က ဒီရတနာကို ဂိုဏ်းချုပ်ကြီးရဲ့ လက်ထဲကို ကိုယ်တိုင် ပြန်အပ်ဖို့ တာဝန်ပေးခံထားရတာပါ၊ ဒါကြောင့် ခင်ဗျားတို့က ဟွားရှန်းတောင်က လူတွေပဲ ဖြစ်ဖြစ်၊ ဒီတိုင်း လွယ်လွယ်နဲ့တော့ ပေးလို့မရဘူးလို့ ထင်ပါတယ်”
“ဟင်း...”
ကျွန်တော့် စကားကြောင့် ရှင်ဟွန်း ညည်းတွားလိုက်သည်။ သူ ဒီလို အဖြေမျိုးကို မျှော်လင့်မထားလို့လား ဒါမှမဟုတ် အတွေးတွေ များနေလို့လားဆိုတာ ကျွန်တော် မသိပါ။ သို့သော် သူက စိတ်ကို အမြန် ပြန်စုစည်းပြီး ဖြေသည်။
“...နားလည်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးက ရတနာကို မြင်ပြီးပြီဖြစ်သလို ဒါကို ဒီအတိုင်း ထားခဲ့လို့လည်း မဖြစ်တာကြောင့် ခင်ဗျားတို့ မျိုးနွယ်စုနဲ့အတူ လိုက်ပါခွင့်ပြုပါ”
အခြေခံအားဖြင့်တော့ ‘မင်း မပေးဘူးဆိုရင် ငါတို့ နောက်က လိုက်မယ်’ လို့ သူက ပြောနေတာပဲ။ ကျွန်တော် ရှင်ဟွန်းကို ခေါင်းညိတ်ပြလိုက်သည်။ ဒါက သူတို့ဂိုဏ်းရဲ့ ရတနာဖြစ်နေတာကြောင့် နားလည်ပေးနိုင်စရာ ရှိပါတယ်။ ...ရတနာထဲက ချီအချို့ကို ကျွန်တော် စုပ်ယူလိုက်တာကို သူတို့ မသိလိုက်တာနဲ့တင် ကျွန်တော် ကျေနပ်နေပါပြီ။ အဲဒါသာ အမိခံရရင် ဘယ်လို ပြဿနာမျိုးတွေ တက်လာမလဲဆိုတာ ကျွန်တော် တွေးတောင် မတွေးရဲဘူး။
「ဟားဟား၊ မင်း အဲဒါတွေကို ဝက်တစ်ကောင်လို အငမ်းမရ စားနေကတည်းက ဒီလိုဖြစ်မယ်ဆိုတာ ငါ သိပြီးသား။ ငါသာ မရှိရင် မင်း ဘာဖြစ်နေမလဲ မသိဘူး၊ ဟင်း ဟင်း」
...ဒါက အကြာကြီး တိတ်နေပြီးမှ သူ ပထမဆုံး ပြောတဲ့ စကားပဲ။ သူ့ကို တိတ်တိတ်လေးပဲ နေစေချင်ပေမယ့် သူကတော့ အဲဒီလို လုပ်မယ့်ပုံ မပေါ်ဘူး။
「ဟွားရှန်းတောင် ဟုတ်လား... ဒီဂိုဏ်းက ကလေးတွေတောင် ဒီလောက် သန်မာနေမှတော့ လူကြီးတွေလည်း ထူးမှာ မဟုတ်ဘူး」
သူ့အသံက စိတ်လှုပ်ရှားနေသလိုပဲ။ ကျွန်တော်ကတော့ အမှန်တကယ် ခေါင်းကိုက်စရာတွေ ကြုံနေရချိန်မှာ သူက အေးအေးဆေးဆေး စကားပြောနေတာကို ကြားရတာ နည်းနည်းတော့ စိတ်ပျက်ဖို့ ကောင်းသည်။
“တစ်ခုလောက် မေးလို့ရမလား?”
ကျွန်တော်တို့ရဲ့ ‘စကားဝိုင်း’ ကို ကြားဖြတ်လိုက်သူကတော့ ကျွန်တော့်ဘေးမှာ တိတ်တိတ်လေး ထိုင်နေတဲ့ ယောင်ဖုန်းပဲ။ ရှင်ဟွန်းက ကျွန်တော့်အတွေးတွေကို ဖြတ်လိုက်တဲ့ ယောင်ဖုန်းကို စိုက်ကြည့်လိုက်ပေမယ့် ယောင်ဖုန်းက သူ့ဆရာရဲ့ အကြည့်ကို လျစ်လျူရှုထားသည်။ ရှင်ဟွန်းရဲ့ မျက်လုံးတွေက ဒေါသကြောင့် အရောင်တောက်လာသည်။
“မင်း ဒီကလေးကတော့-”
“မဟုတ်ဘူး၊ ကျွန်တော် တကယ်ပဲ အရေးကြီးတာ မေးစရာရှိလို့ပါ...!”
ဒါနဲ့ ကျွန်တော် ယောင်ဖုန်းကို မေးလိုက်သည်။
“မင်း ဘာသိချင်လို့လဲ”
“မင်းက ဂူမျိုးနွယ်စုက လာတာလို့ ပြောတယ်နော်၊ ဟုတ်တယ်မလား?”
“ဟုတ်တယ်”
“...ရှန်းရှီးက ဂူမျိုးနွယ်စုကို ပြောတာလား?”
“...ဟုတ်တယ်”
ကျွန်တော့်အဖြေကို ကြားတော့ ယောင်ဖုန်းရဲ့ မျက်နှာက တဖြည်းဖြည်း ထူးဆန်းလာသည်။ ...သူက ဘာလို့ ငါ့မျိုးနွယ်စုအကြောင်းကိုပဲ ထပ်ခါတလဲလဲ မေးနေရတာလဲ?
“...ဆရာကြီး”
“ဘာလဲ...?”
ယောင်ဖုန်း ပြဿနာ ထပ်ရှာတော့မည်ကို သိနေသည့်အလား ရှင်ဟွန်း၏ အသံမှာ စိုးရိမ်စိတ်များ ပါဝင်နေသည်။ သို့သော် ဆက်လက်ထွက်ပေါ်လာသော စကားများကို ကြားပြီးနောက် ရှင်ဟွန်း၏ မျက်နှာမှာလည်း ယောင်ဖုန်းကဲ့သို့ ဖြစ်သွားတော့သည်။
“ရှန်းရှီးက ဂူမျိုးနွယ်စုဆိုတာ... စီနီယာ (Senior) ရဲ့ မျိုးနွယ်စု မဟုတ်ဘူးလား?”
“...!”
ယောင်ဖုန်း၏ စကားအဆုံးတွင် ရှင်ဟွန်းနှင့်အတူ အခြားသော ဟွားရှန်းတောင်မှ လူအားလုံးက ကျွန်တော့်ကို ဝိုင်းကြည့်လာကြသည်။ သူတို့၏ အကြည့်များသည် ရတနာကို ကြည့်ခဲ့စဉ်ကထက် ပိုမို ပြင်းထန်နေကြသည်။
...သူတို့ ဘာလို့ အဲဒီလို ဖြစ်နေကြတာလဲ?