အခန်း (၄၇) မောင့်ဟွား(၁)
ဟောင်းဂိုဏ်းသည် ဂူမျိုးနွယ်စုထံမှ အကူအညီတောင်းခံမှုကို လက်ခံရရှိခဲ့သည်မှာ တစ်လရှိခဲ့ပြီဖြစ်ပြီး ထိုတစ်လအတွင်း ဒိုဝန်းချူးသည် အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ အဖြစ်အပျက်မျိုးစုံကို ကြုံတွေ့ခဲ့ရသည်။ ဂူယန်ချွန်းသည် ဟောင်းဂိုဏ်းမှ ထွက်ခွာသွားပြီးနောက် ဒိုဝန်းချူး ပထမဆုံး စတင်လုပ်ဆောင်ခဲ့သည်မှာ ဂူယန်ချွန်း ပေးအပ်ခဲ့သော တာဝန်မဟုတ်ဘဲ ဂူမျိုးနွယ်စုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းရန်သာ ဖြစ်သည်။ ဂူယန်ချွန်းအနေဖြင့် ဟောင်းဂိုဏ်း၏ အရှင်သခင်အကြောင်း သိရှိနေခြင်းမှာ သူ၏ မျိုးနွယ်စုထံမှ သတင်းရရှိထားခြင်းကြောင့်ဖြစ်မည်ဟု သူ ခန့်မှန်းထားသောကြောင့် ဖြစ်သည်။ ဒိုဝန်းချူး သိထားရန် လိုအပ်သည်။ ဂူမျိုးနွယ်စုက ဟောင်းဂိုဏ်း၏ အရှင်သခင်ကို ပြန်ပေးဆွဲထားခြင်းလော။ ထိုသို့ဆိုလျှင် မည်သည့်အချိန်ကနည်း၊ မည်သို့လုပ်ဆောင်ခဲ့သနည်း။ ပြီးလျှင် ဂူယန်ချွန်းကို ဟောင်းဂိုဏ်းထံ အသိပေးရန် အဘယ်ကြောင့် စေလွှတ်ခဲ့သနည်း။
ဂူမျိုးနွယ်စုအပေါ် အာရုံစိုက် သတင်းစုဆောင်းနေစဉ်မှာပင် ဒိုဝန်းချူးသည် ဂူယန်ချွန်း၏ တောင်းဆိုချက်ကိုလည်း အာရုံစိုက်ခဲ့ရသည်။ တစ်လဆိုသော အချိန်မှာ ထိုအလုပ်ကို အပြီးသတ်ရန် တိုတောင်းလွန်းသော်လည်း သူမ ကြိုးစားခဲ့ရသည်။ မကြိုးစားပါက ဂူယန်ချွန်းအတွက် အဖြေရှိမည်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဒိုဝန်းချူးသည် ဂူမျိုးနွယ်စုနှင့် ပတ်သက်၍ ရှာဖွေနိုင်သမျှ သတင်းအားလုံးကို အရင်ဆုံး စုဆောင်းခဲ့သည်။ ဟောင်းဂိုဏ်းသည် တန်ဖိုးရှိသော သတင်းအချက်အလက်များကို ပိုင်ဆိုင်ထားသလို စုဆောင်းနိုင်စွမ်းလည်း ရှိသောကြောင့် ဂူမျိုးနွယ်စု၏ နံရံများဝန်းရံထားသည့် ကြားတွင် ခိုင်ခိုင်မာမာ ရပ်တည်ထားနိုင်သည်။ ထို့ကြောင့် ဒိုဝန်းချူးက သူမ၏ မျိုးနွယ်စု အင်အားအားလုံးကို အသုံးမပြုလျှင်ပင် ကြိုးစားအားထုတ်မှု ရှိပါက ဂူမျိုးနွယ်စုနှင့် ပတ်သက်သည့် သတင်းများကို အလွယ်တကူ ရရှိနိုင်လိမ့်မည်ဟု ထင်မြင်ခဲ့သည်။
သို့သော် အံ့သြစရာကောင်းသည်မှာ သိပြီးသား သတင်းများမှအပ ဂူမျိုးနွယ်စုနှင့် ပတ်သက်၍ မည်သည့် သတင်းအချက်အလက်မျှ ထပ်မံ ရှာမတွေ့ခြင်းပင် ဖြစ်သည်။ 'မျိုးနွယ်ကြီး လေးခု' ပင်လျှင် ဤမျှ စုံစမ်းရ မခက်ခဲသဖြင့် ဒိုဝန်းချူးသည် ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ တစ်စုံတစ်ယောက်က ဟောင်းဂိုဏ်း သတင်းစုဆောင်းခြင်းကို တမင်တကာ တားဆီးနေသကဲ့သို့ပင်။
...သူတို့ မျိုးနွယ်စုထဲမှာ နတ်အဆင့် ပညာရှင်တွေကို ဖုံးကွယ်ထားလို့များလား။
အလွန်ထူးဆန်းလွန်းသဖြင့် ဒိုဝန်းချူးသည် ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော အတွေးမျိုးကိုပင် ခဏတာ တွေးမိခဲ့သည်။ ဂူယန်ချွန်း ချန်ထားခဲ့သော သတင်းအနည်းငယ်ဖြင့် တစ်လအတွင်း သူမ၏ တာဝန်ကို အောင်မြင်ရန်မှာ ဒိုဝန်းချူးအတွက် အတော်လေး ခက်ခဲလှသည်။ သူ ရှာနေသော သူမှာ အတော်လေး ဝေးလံသော နေရာတွင် ရှိနေသဖြင့် သတင်းစုဆောင်းရန် ပို၍ပင် ခက်ခဲစေသည်။ သို့သော် ဒိုဝန်းချူး၏ လက်အောက်ခံများက ထူးဆန်းသော တစ်စုံတစ်ခုကို ရှာတွေ့ခဲ့သည်ဟု ကြားသိရသည်။
၎င်းအပြင် ရှာဖွေရမည့် သတင်းများနှင့် မေးခွန်းများမှာ များပြားလှသည်။ သို့သော်လည်း ဒိုဝန်းချူးသည် သူမ၏ တည်ငြိမ်မှု မျက်နှာဖုံးကို ဆက်လက် ထိန်းသိမ်းထားရမည်။ စူးစမ်းလိုစိတ်ကြောင့် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိစေရန် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်ကို စူးစမ်းလိုစိတ် ပြသခြင်းမှာ ကြီးမားသော အားနည်းချက် ဖြစ်သောကြောင့်ပင်။ ၎င်းမှာ ဒိုဝန်းချူး တစ်သက်လုံး နေထိုင်လာခဲ့သော စိတ်နေစိတ်ထားဖြစ်ပြီး ထိုအတိုင်းပင် ရှိနေရမည် ဖြစ်သည်။
သို့သော် ဂူယန်ချွန်းနှင့် စတင်တွေ့ဆုံခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် ထိုစိတ်နေစိတ်ထားမှာ ပျက်ပြားသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ရှေ့မှ မြင်ကွင်းကြောင့် စူးစမ်းလိုစိတ်ကို မထိန်းနိုင်ဖြစ်သွားသောကြောင့် ဖြစ်သည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူမက နောက်ဆုံးတွင် မေးမြန်းလိုက်သည်။
“...သခင်လေးဂူ၊ မေးခွန်းတစ်ခုလောက် မေးလို့ ရမလား။”
“မရဘူး။”
“... မျက်လုံးက ဘာဖြစ်တာလဲဟင်...။”
ဒိုဝန်းချူးက သူ၏ ဘယ်ဘက်မျက်လုံးကို ဂရုတစိုက် ညွှန်ပြလိုက်သည်။ ဂူယန်ချွန်း၏ ယခင်က စင်ကြယ်နေသော ဘယ်ဘက်မျက်လုံးမှာ ယခုအခါတွင် ညိုမည်းစွဲကာ ပြာနှမ်းနေသည်။
“...မမေးနဲ့လို့ ပြောထားတယ်လေ။”
မေးခွန်းကို ကြားလိုက်ရသည်နှင့် ဂူယန်ချွန်းက မျက်မှောင်ကြုတ်လိုက်သည်။
သူ တကယ်ပဲ ဒါကို မေးဖို့ လိုလို့လား...။ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်နဲ့ ဒီအထိ လာခဲ့ရတာကိုက စိတ်တိုနေရတဲ့ ကြားထဲမှာ။
သက်ပြင်း...။
ဒိုဝန်းချူး၏ မေးခွန်းကို ကြားပြီးနောက် ကျွန်ုပ် အလိုအလျောက် သက်ပြင်းချမိသွားသည်။ ထိုအညိုအမည်းမှာ မနေ့ညက မီးတောဝက်နှင့် တိုက်ခိုက်ရာမှ ရရှိခဲ့သော ဒဏ်ရာဖြစ်သည်။ အဲ့ဒီ... အဲ့ဒီ ရူးနေတဲ့ တောဝက်မ၊ စိတ်လျှော့ပါလို့ ကျွန်တော် ဘယ်နှစ်ခါ ပြောပြော သူက နားမထောင်ဘူး။ ပိုပြီး ကြောက်ဖို့ကောင်းတာက ကျွန်တော်တို့ တိုက်ခိုက်နေတဲ့ အချိန်တစ်လျှောက်လုံး ဂူဟွီဘီက ပြုံးနေတာပဲ။ ဘာက သူ့ကို အဲ့ဒီလောက်ထိ စိတ်လှုပ်ရှားစေပြီး ကျွန်တော့်ကို အဲ့ဒီလို ထိုးစစ်ဆင်စေတာလဲ။
ခန္ဓာကိုယ်ထဲက ကျန်နေတဲ့ ချီတွေကို ဖယ်ရှားပေးမယ်လို့ ပြောခဲ့ပေမယ့် တိုက်ပွဲအလယ်လောက်မှာတော့ သူ ပျော်နေသလိုပဲ မြင်ရတယ်။ အဆုံးမှာတော့ ဂူဟွီဘီရဲ့ တိုက်ခိုက်ပေးမှုကြောင့် ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတဲ့ ချီတွေကို လောင်ကျွမ်းဖယ်ရှားနိုင်ခဲ့လို့ တော်သေးတာပေါ့၊ ဒါပေမယ့် အညိုအမည်း ဒဏ်ရာတော့ ရခဲ့တာပေါ့။
“...တစ်ခုခု ဖြစ်ခဲ့တာပါ။”
“ဪ... ဟုတ်ကဲ့။”
တိုက်ပွဲ အဆုံးသတ်သွားတဲ့အခါ ဂူဟွီဘီက ကျွန်တော့်ကို ကြည့်ပြီး သူ အလွန်အကျွံ လုပ်မိသွားမှန်း သိသွားပုံရတယ်၊ သူ့မျက်နှာမှာ အပြစ်မကင်းသလို ဖြစ်နေတာ။ ...ဓားနဲ့ တိုက်ခိုက်တာ လွဲသွားပြီးမှ တံတောင်နဲ့ ဆက်တိုက်တဲ့ လူမျိုးက ဘယ်လို လူမျိုးလဲ။ ကံကောင်းတာက သူ စတုတ္ထအကြိမ် တိုက်ခိုက်မှု လွဲသွားတုန်းက ချီ အနည်းငယ် လိုအပ်နေလို့ပေါ့။ မဟုတ်ရင် သူသာ အားအပြည့်နဲ့ တိုက်မိရင် ကျွန်တော့်ခေါင်း ပေါက်ထွက်သွားမှာ သေချာတယ်။ သူ့ကို ဘယ်တော့မှ နောက်တစ်ခါ ပြန်မတိုက်တော့ဘူးလို့ ကျိန်ဆိုပါတယ်။
ဒီကြားထဲမှာ ဒိုဝန်းချူးက စိုးရိမ်တကြီးနဲ့ ကျွန်တော့် မျက်လုံးက အညိုအမည်းကိုပဲ စိုက်ကြည့်နေတယ်။ သူ ကျွန်တော့်ကို တိုက်ခိုက်ဖို့ အခွင့်အရေး ရှာနေတာလား။ ကျွန်တော်က စိုက်ကြည့်ခံရလို့ အနေရခက်နေတာကို မြင်တော့ ဒိုဝန်းချူးက ချောင်းဟန့်လိုက်တယ်။
“...အဟမ်း၊ ရှန်ရှီးပြည်နယ်ကို သွားတဲ့ ခရီးစဉ်မှာ ကိစ္စတစ်ခုရှိတယ်လို့ ကြားရပါတယ်။”
“ကိစ္စ...?”
ဒိုဝန်းချူးရဲ့ စကားကြောင့် ကျွန်တော် ခဏတာ ရပ်တန့်သွားမိတယ်၊ လက်ထဲက လက်ဖက်ရည်ခွက်ကို သောက်ဖို့ လုပ်နေရင်းကနေ တုံ့ဆိုင်းသွားတာ။ ရှန်ရှီးမှာ ကျွန်တော့်အတွက် ရှိတဲ့ တစ်ခုတည်းသော ကိစ္စက လျှို့ဝှက်တိုက်ခန်းပဲ၊ အဲ့ဒါကို သူ သိစရာ အကြောင်းမရှိ... မဟုတ်ဘူးလား။
“လျှပ်စီးနဂါးကို အနိုင်ယူခဲ့တယ်လို့ ကြားပါတယ်။”
“ဪ။”
သူ ဘာအကြောင်း ပြောနေတာလဲဆိုတာ သိလိုက်ရတော့မှ ကျွန်တော် ချက်ချင်း စိတ်သက်သာရာ ရသွားတယ်။ ကံကောင်းတာက သူ လျှို့ဝှက်တိုက်ခန်း အကြောင်း ဘာမှ မသိပုံရဘူး။ ဒိုဝန်းချူး မေးတဲ့ အကြောင်းအရာရဲ့ တစ်ဝက်လောက်ကိုတောင် ကျွန်တော် မေ့နေပြီ၊ လျှပ်စီးနဂါးနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စက ကျွန်တော့်အတွက် ဘာမှ မဟုတ်ဘူးလေ။
“ဂူမျိုးနွယ်စုရဲ့ သားဖြစ်သူက ပြိုင်ပွဲတစ်ခုမှာ လျှပ်စီးနဂါးရဲ့ လက်မောင်းကို ချိုးလိုက်တယ်ဆိုတဲ့ သတင်းက ရှင့်အကြောင်း မဟုတ်လား။”
“ကျွန်တော် မချိုးခဲ့ပါဘူး... ချစ်စနိုးနဲ့ ပုတ်လိုက်ရုံပါပဲ။”
ထန်မျိုးနွယ်စုရဲ့ စစ်ရေးပြပွဲမှာ လူအနည်းငယ်ပဲ ရှိတာကို၊ ဘယ်သူက ဒီသတင်းတွေကို လိုက်ဖြန့်နေတာလဲ...။
“မျက်လုံးရှိရင် ပါးစပ်ဆိုတာလည်း ရှိတာပဲလေ။”
ဒိုဝန်းချူးရဲ့ အဖြေက ကျွန်တော့် စိတ်ထဲက အတွေးကို သိနေသလိုပဲ။ အမှန်အတိုင်း ပြောရရင် လျှပ်စီးနဂါး အရှက်ရတဲ့ ကိစ္စမို့လို့ သတင်းက ဒီထက် ပိုမြန်မြန် ပြန့်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ။ အံ့သြစရာကောင်းတာက အဲ့ဒီလောက်ထိ မပြန့်သွားဘူး။
“နမ်ဂေါင်းမျိုးနွယ်စုက ဒီသတင်းတွေ ထပ်မပြန့်အောင် တားဆီးနေလို့ပါ။”
အင်း၊ အဲ့ဒါ သူတို့ လုပ်မယ့် ပုံစံပါပဲ။ ဒါပေမယ့် သတင်းတွေ ပြန့်မသွားအောင် တားဖို့ဆိုရင်... သူတို့ တောင်းရမ်းစားသောက်သူများအဖွဲ့ကို ရွှေဒင်္ဂါးတွေ ပေးလိုက်ပုံရတယ်။ ကမ္ဘာကို သိသွားတဲ့ သတင်းတစ်ခုကို ပြန်ထိန်းဖို့က သတင်းဖြန့်တာထက် ပိုခက်ခဲပေမယ့် နမ်ဂေါင်းမျိုးနွယ်စုကတော့ အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ သူတို့ ရွှေဒင်္ဂါးတွေ အတော်လေး သုံးလိုက်ရမှာ သေချာတယ်။
ဒိုဝန်းချူးက ဒီသတင်းအပေါ်မှာ သိပ်ပြီး စိတ်မဝင်စားပုံရတာက ပိုပြီး အံ့သြဖို့ ကောင်းနေတယ်။ ...သူက ကျွန်တော် လျှပ်စီးနဂါးကို အနိုင်ယူခဲ့တာထက် ကျွန်တော့် မျက်လုံးက အညိုအမည်းကို ပိုပြီး အံ့သြနေတာလား။ ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ ကိစ္စလဲ...။
“ဒါနဲ့၊ ကျွန်တော် တောင်းဆိုထားတဲ့ ကိစ္စက ဘယ်လိုလဲ။”
ဒိုဝန်းချူးက ကျွန်တော် မေးမှာကို စောင့်နေသလိုမျိုး စာတစ်စောင်ကို ထုတ်ပေးလိုက်တယ်။ ကျွန်တော် အဲ့ဒီစာကို ယူပြီး မဆိုင်းမတွဘဲ ဖွင့်ဖတ်လိုက်တယ်။ ဒါက ကျွန်တော် တစ်လလုံးလုံး စောင့်နေခဲ့ရတဲ့ အရာပဲ။
“...ဒါက ဘာလဲ။”
ဒါပေမယ့် တစ်ခုခု ထူးဆန်းနေတယ်။ စာကြောင်း အနည်းငယ် ဖတ်ပြီးတာနဲ့ ကျွန်တော် မျက်မှောင်ကြုတ်လိုက်မိတယ်။ ဒီစာတိုလေးထဲမှာ ကျွန်တော် ရှာနေတဲ့ ကလေးရှိတဲ့ နေရာအကြောင်း ပါဝင်ပြီး၊ ကျွန်တော် ဒိုဝန်းချူးကို တောင်းဆိုခဲ့တဲ့ အချိန်မှာပဲ အဲ့ဒီကလေးက သူ့အဖိုးနဲ့အတူ တခြားနေရာကို ထွက်သွားပြီလို့ ဆိုတယ်။
ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး။ ကလေးက အဲ့ဒီနေရာကနေ ထွက်သွားပြီဆိုတာရော၊ သူ့အဖိုးနဲ့အတူ ထွက်သွားတယ်ဆိုတာရောက ထူးဆန်းနေတယ်။ သူက မိဘမဲ့လို့ ကျွန်တော် ကြားထားတာ၊ အခုကျတော့ သူ့မှာ အဖိုးရှိနေပြန်ပြီ။ ဒါ့အပြင်...
“သူက အဲ့ဒီနေရာကနေ ထွက်သွားပြီလို့ ပြောတာလား။”
“ဟုတ်ကဲ့၊ ကျွန် တော်တို့ ရှာတွေ့ခဲ့သမျှကတော့ ဒါပါပဲ။”
အသက် (၁၀) နှစ်အရွယ်၊ ဆံပင်တစ်ဝက်လောက်က ဖြူနေပြီး ထူးခြားတဲ့ တောင်တန်းဒေသမှာ နေထိုင်တဲ့ ကောင်လေး။ ဘယ်သူကြည့်ကြည့် အဲ့ဒီကောင်လေးက ထူးခြားနေတာမို့လို့ သူတို့ မှားဖို့ ခဲယဉ်းပါတယ်။ ဆိုလိုတာက ဟောင်းဂိုဏ်းက ကျွန်တော့်ကို လိမ်နေတာ ဖြစ်နိုင်သလို၊ ကျွန်တော့်ဆီမှာ ရှိတဲ့ သတင်းတွေက အစကတည်းက မမှန်တာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ်...
သမိုင်းက ထပ်ပြီး ပြောင်းလဲသွားတာလား။ စိတ်ပျက်ဖို့ ကောင်းလိုက်တာ။
ဟောင်းဂိုဏ်းကသာ ကျွန်တော့်ကို လိမ်နေတာဆိုရင် ဘာကြောင့် အဲ့ဒီလို လုပ်ရတာလဲလို့ ကျွန်တော် တွေးမိတယ်။ အကြောင်းပြချက် ရှာရရင်တော့ ကျွန်တော့်ဆီကနေ သူတို့ လိုအပ်တဲ့ သတင်းတွေ ပိုရအောင် လုပ်တာ ဖြစ်နိုင်သလို၊ အဲ့ဒီကလေးက ကျွန်တော့်အတွက် အရေးကြီးတယ်လို့ ထင်ပြီး သူတို့က အရင် ပြန်ပေးဆွဲထားတာလည်း ဖြစ်နိုင်တယ်...။ ဘယ်အခြေအနေပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ မဆိုးပါဘူး၊ ဘာလို့လဲဆိုတော့ အဲ့ဒီထဲက တစ်ခုခုကသာ အမှန်ဆိုရင် ကျွန်တော့် ရည်မှန်းချက် အောင်မြင်ဖို့ ပိုလွယ်သွားလို့ပါ။
ဒါပေမယ့် ကလေးနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီက သတင်းက အစကတည်းက မမှန်ခဲ့ဘူးဆိုရင်တော့ ဒါက တကယ့် ပြဿနာပဲ။ သူက အဲ့ဒီလို အခြေအနေမျိုးမှာတောင် ကျွန်တော့်ကို လိမ်ခဲ့တာလား...။ သူနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျွန်တော်က သူ့ဆီကနေ တိုက်ရိုက် ကြားခဲ့ရတာလေ။ သူက အဲ့ဒီလို အခြေအနေမျိုးမှာတောင် လိမ်ခဲ့တယ်ဆိုရင်... စဉ်းစားမိရုံနဲ့တင် ကြက်သီးထမိတယ်။
သူက သူ့ရဲ့ နောက်ဆုံးထွက်သက်မှာတောင် ကျွန်တော့်ကို လိမ်ခဲ့မှာလား။ ကျွန်တော် မသေချာဘူး၊ သူက သေခါနီးမှာတောင် လိမ်မယ့် လူမျိုး ဖြစ်နိုင်ခြေ အနည်းငယ် ရှိနေလို့ပါ။ သူက ချီမရှိတဲ့ သာမန်လူတစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ ဦးနှောက်ကို သုံးပြီး ထောင်ပေါင်းများစွာသော သိုင်းသမားတွေကို ရင်ဆိုင်ခဲ့သူလေ။ ဒါတောင်မှ...
အဖြေက ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် ဘာမှ မတတ်နိုင်ဘူး။ အဖြေက ဘာလဲဆိုတာကို လိုက်ရှာဖို့ အချိန်မရှိဘူး။ မကြာခင်မှာ ဝူတန်တောင်ကို သွားရတော့မယ်။
...ပြဿနာတွေက တစ်ပြိုင်နက်တည်း အများကြီး ပေါ်လာတာပဲ။
“သခင်လေး။”
“...ဒါကို ဘယ်လို လုပ်ရမလဲ။”
“သခင်လေး...!”
“...ဘာလဲ။”
ဟောင်းဂိုဏ်းကနေ ထွက်လာပြီး လမ်းမပေါ်မှာ လျှောက်လာခဲ့တယ်။ သူတို့နဲ့ ထပ်ပြောစရာ မရှိတော့တာကြောင့် နောက်ရက်အနည်းငယ်အတွင်း ပြန်လာမယ်လို့ ပြောခဲ့တယ်။ လမ်းပေါ်ရောက်ရင် အမြဲတမ်း လုပ်လေ့ရှိတဲ့အတိုင်းပဲ၊ ယပ်ဂွါ (ကိုရီးယား မုန့်ချို) တစ်ချို့ သွားဝယ်ဖို့ လုပ်တယ်။ ဒါက အခုဆို အကျင့်တစ်ခုလို ဖြစ်နေပြီ။
ဆိုင်ကနေ ယပ်ဂွါတွေ အများကြီး ရလိုက်တဲ့အခါ မူယွန်းက ကျွန်တော့်နောက်မှာ ဝမ်းနည်းနေတဲ့ မျက်နှာနဲ့ ရှိနေတာကို သတိထားမိတယ်။ သူ ဘာလို့ အဲ့ဒီလို မျက်နှာမျိုး လုပ်နေတာလဲလို့ ကျွန်တော် တွေးမိတယ်။
“...ဘာဖြစ်လို့လဲ။ ဘာလို့ အဲ့ဒီလို ကြည့်နေတာလဲ။”
“...ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး၊ သခင်လေး။”
မူယွန်းက အဲ့ဒီစကားကို ရုတ်တရက် ပြောလိုက်တယ်။ သူ ဘာတွေ ပြောနေတာလဲ။ သူကပဲ ပိုက်ဆံပေးရမယ်လို့ ဘာလို့ အလိုအလျောက် ယူဆနေတာလဲ။ အဲ့ဒါကြောင့် သူ့ကို ခဏလောက် နောက်ချင်စိတ် ပေါ်လာတယ်။
“ဘာ!? မင်းက ဘာလို့ အဲ့ဒါကို အခုမှ ပြောတာလဲ။”
ကျွန်တော့် စကားကြောင့် မူယွန်းရဲ့ မျက်နှာက အဲ့ဒီအဖြေကို စောင့်နေသလိုမျိုး မျှော်လင့်ချက် ကင်းမဲ့သွားတဲ့ အမူအရာ ဖြစ်သွားတယ်။ သူ့ရဲ့ အမူအရာကို မြင်တာနဲ့ ကျွန်တော် အိတ်ကပ်ထဲက ငွေဒင်္ဂါးအချို့ကို ထုတ်လိုက်ပြီး၊ မူယွန်းရဲ့ မျက်နှာက မျှော်လင့်ချက် ကင်းမဲ့ရာကနေ အံ့သြသွားတာကို ကြည့်ပြီး ပျော်နေမိတယ်။ ကျွန်တော် သူ့ကို ရယ်ရင်းနဲ့ ပြောလိုက်တယ်။
“ဟေ့၊ ဒါက နောက်တာပါ။ မင်း တကယ်ပဲ ပိုက်ဆံပေးရမယ်လို့ ထင်နေတာလား။”
“မဟုတ်ပါဘူး... အဲ့ဒါက။”
“မဟုတ်ဘူး? ဒါဆို ဘာလို့ အဲ့ဒီလို ဖြစ်နေတာလဲ။”
“...သင့်မှာ ပိုက်ဆံရှိရင်၊ ဟိုတစ်ခေါက်က ကျွန်တော့်ဆီက ချေးထားတဲ့ ပိုက်ဆံကို ပြန်...”
“ဒီမှာ သခင်လေးရဲ့ ယပ်ဂွါ!”
“အိုး! ကျွန်တော့် ယပ်ဂွါ လာပြီ၊ အိမ်ပြန်ကြစို့။”
အချိန်ကိုက် ရောက်လာတဲ့ ယပ်ဂွါကို လှမ်းယူပြီး မျိုးနွယ်စုဆီကို ပြန်လျှောက်လာခဲ့တယ်။ မူယွန်းက ကျွန်တော့်ကို ဝမ်းနည်းပက်လက် လှမ်းခေါ်နေသလိုပဲ။ ဒါပေမယ့် အခုတော့ သူ့ကို လျစ်လျူရှုထားလိုက်မယ်။ တောင်းပန်ပါတယ်... နောက်တစ်ခါကျရင် အတိုးနဲ့ ပြန်ဆပ်ပါ့မယ်လို့ ကျိန်ဆိုပါတယ်။
ဂူယန်ချွန်းရဲ့ နေရာမှာ အကြီးမားဆုံး ပြောင်းလဲမှုကတော့ သစ်သားရုပ်ထုတွေ တစ်ခုပြီးတစ်ခု တိုးလာတာပါပဲ။ ခြောက်သွေ့ ပျင်းရိစရာကောင်းတဲ့ နေရာလေးက ဝီဆောအာရဲ့ ကျေးဇူးကြောင့်ရော၊ ဓားဧကရာဇ်ရဲ့ ဝါသနာကြောင့်ပါ အတော်လေး တောက်ပလာခဲ့တယ်။ ဒုတိယအကြီးအကဲက အခုလေးတင် ပြီးသွားတဲ့ လင်းယုန်ရုပ်ထုကို ကြည့်ရင်း တွေးလိုက်တယ်။
“သူ အန်ဟွီကနေ ထွက်သွားပြီလို့ ပြောတာလား။” လို့ ဓားဧကရာဇ်က မေးလိုက်တယ်။ ဒုတိယအကြီးအကဲက သစ်သားလင်းယုန်ရုပ်ထုကို မကျိုးအောင် ဂရုတစိုက် ပြန်ချထားလိုက်တယ်။
“အဲ့ဒီလို ကြားတာပဲ။”
“...တစ်ခုခု ဖြစ်ခဲ့လို့လား။”
နတ်ဆေးဆရာက လေလိုပဲ သွားလာလှုပ်ရှားတတ်တဲ့ လူတစ်ယောက်။ သူက နေရာတစ်ခုတည်းမှာ အကြာကြီး မနေတတ်ဘူး။ အဲ့ဒီလူက အန်ဟွီကို သွားတယ်ဆိုတာက အဓိပ္ပာယ် တစ်မျိုးသက်ရောက်တယ်။ အန်ဟွီက ကောင်းကင်အရှင်သခင် ဂျောလ်ချွန်းရဲ့ နယ်မြေဖြစ်ပြီး သူက သူ့ကို ရှာနေတာ။ ဂျောလ်ချွန်း အဲ့ဒီနယ်မြေမှာ ရှိနေတုန်း နတ်ဆေးဆရာက အန်ဟွီမှာ ရှိနေတယ်ဆိုတာ... ဓားဧကရာဇ်က မကောင်းတဲ့ အငွေ့အသက်တွေ ရနေသလို ခံစားရတယ်။
...ဒါပေမယ့် ဘာကြောင့်လဲ။ ဓားဧကရာဇ်က နတ်ဆေးဆရာကို ရှာနေတယ်ဆိုတာကို ဂျောလ်ချွန်းသာ သိသွားရင် သူ သူ့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် သူက အန်ဟွီကနေ ထွက်သွားပြီတဲ့လား။
“သူ ဘယ်ကို ထွက်သွားလဲ သိလား၊ ဂူရွန်း။”
ဒုတိယအကြီးအကဲက ဓားဧကရာဇ်ရဲ့ မေးခွန်းကို စဉ်းစားလိုက်တယ်။ ဒုတိယအကြီးအကဲ နမ်ဂေါင်းကို သွားခဲ့ရတာက အရှင်သခင်ရဲ့ တောင်းဆိုချက်ကြောင့်ပါ။ ဂူယန်ချွန်းရဲ့ စေ့စပ်ကြောင်းလမ်းမှု ကိစ္စအပြင် နတ်ဆေးဆရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကြောင့်လည်း ပါဝင်တယ်။ ဂူယန်ချွန်းကို ရှန်ရှီးကို စေလွှတ်ခဲ့လို့ သူ အလုပ်တွေ အများကြီး လုပ်ခဲ့ရတာဖြစ်ပြီး၊ နောက်တစ်ခါ ဂူယန်ချွန်းကို တွေ့ရင်တော့ ခေါင်းကို တစ်ချက်လောက် ခေါက်လိုက်ချင်တော့တယ်။
ဒုတိယအကြီးအကဲ အန်ဟွီကို ရောက်တဲ့အချိန်မှာ နတ်ဆေးဆရာက ထွက်သွားပြီးသား ဖြစ်နေပြီ။ လူအတော်များများက သူ ဘယ်ကို သွားလဲဆိုတာ မသိဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ဒုတိယအကြီးအကဲကတော့ သူ ရှန်စီ (Shaanxi) ပြည်နယ်ကို သွားနေတယ်လို့ လူအချို့ဆီကနေ ကြားခဲ့ရတယ်။
“ရှန်စီ... ဝူတန်တောင်လား။”
အဲ့ဒါက ရင်းနှီးတဲ့ နေရာတစ်ခုပဲ။ ဂူယန်ချွန်းလည်း နောက်ရက်အနည်းငယ်အတွင်း အဲ့ဒီကို သွားမှာလေ။
“မင်း ဘာလုပ်မှာလဲ။”
“လိုအပ်ရင် ကျွန်တော်ကိုယ်တိုင် သွားရှာမယ်။”
ဓားဧကရာဇ်က ကိုယ်တိုင် သွားရှာမယ်တဲ့လား။ လူတွေရဲ့ မျက်စိအောက်ကနေ ပျောက်ကွယ်နေဖို့အတွက် အစေခံတစ်ယောက်လို နေထိုင်ခဲ့တဲ့ လူတစ်ယောက်က ကိုယ်တိုင် သွားရှာမယ်လို့ ပြောတာက... ဓားဧကရာဇ်က တကယ်ပဲ အသည်းအသန် ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒုတိယအကြီးအကဲက ဓားဧကရာဇ်ရဲ့ အခြေအနေကို အလွယ်တကူ နားမလည်နိုင်ဘူး။ သူ ဘာလုပ်မှာလဲလို့ မေးခဲ့ပေမယ့် ဓားဧကရာဇ်က အဆုံးထိ အဖြေမပေးခဲ့ဘူး။
ပြီးတော့ ရက်အနည်းငယ်အကြာမှာ ဒုတိယအကြီးအကဲက ဝူတန်တောင်ကို သွားမယ့် လူစာရင်းမှာ ဝီဆောအာနဲ့ ဓားဧကရာဇ်ရဲ့ အမည်တွေ ပါဝင်နေတာကို တွေ့လိုက်ရတယ်။
လယ်သမားတစ်ယောက်အတွက် နွေရာသီက ငရဲပါပဲ။ လယ်ကွင်းတွေ အများစု ခြောက်သွေ့သွားလို့ ဝင်ငွေ နည်းသွားတဲ့အပြင် နွေရာသီရဲ့ အပူဒဏ်ကိုလည်း အလူးအလဲ ခံစားရလို့ပါ။ ရာသီတိုင်းက အတူတူပါပဲလို့ ငြင်းကောင်း ငြင်းနိုင်ပေမယ့်... မိခင်ဖြစ်သူကို လယ်လုပ်ငန်း ကူညီပေးနေတဲ့ လူတစ်ယောက်အတွက်တော့ နွေရာသီက အခက်ခဲဆုံးပါပဲ။
“အမေ! ဒါကိုတော့ ကျွန်တော်တို့ ရောင်းလို့ရမယ် မထင်ဘူး!”
ခြောက်သွေ့နေတဲ့ ကောက်ပဲသီးနှံတွေကို မြေပြင်ပေါ် ပစ်ချရင်း စိတ်ပျက်လက်ပျက်နဲ့ အော်လိုက်မိတယ်။ ဒီလို စုတ်ပြတ်သတ်တဲ့ ရာသီမျိုး။ ဒီစုတ်စုတ်ပြတ်ပြတ် ရာသီက ဘယ်တော့မှ ကုန်ဆုံးမလဲလို့ ကျွန်တော် တွေးနေမိတယ်။ နှစ်တိုင်း ကျွန်တော် အပင်ပန်းခံ လုပ်ကိုင်ပေမယ့် ဘာမှ ပြောင်းလဲမလာဘူး။
အဲ့ဒီအချိန်မှာပဲ အဆုံးမရှိသလို ထင်ရတဲ့ နေရောင်ခြည်ကို တစ်စုံတစ်ခုက ကာကွယ်လိုက်တယ်။
“ဘာလဲ...?”
မိုးရွာလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ကံမကောင်းစွာနဲ့ပဲ မိုးရွာတာ မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော့်အပေါ် အရိပ်ကျနေစေတဲ့ လူကို မြင်လိုက်ရတဲ့အခါ ကျွန်တော် အံ့သြသွားမိတယ်။
“...ဟားးး...!”
ကျွန်တော် အရမ်းလန့်သွားပြီး ဖင်ထိုင်လျက် ကျသွားကာ အော်လိုက်မိတယ်။ နေရောင်အောက်မှာ တောက်ပနေတဲ့ ပြာလဲ့လဲ့ ဆံပင်တွေနဲ့၊ ထာဝရ အမှောင်ထဲမှာ နေခဲ့မှ ရနိုင်မယ့် ဖြူဖျော့တဲ့ အသားအရေရှိတဲ့ မိန်းကလေးတစ်ယောက်။ အဖေ မူးလာတိုင်း ပြောလေ့ရှိတဲ့ နတ်သမီးလေးတစ်ပါး အပြင်မှာ ပေါ်လာသလိုမျိုးပါပဲ။
“မင်္ဂလာပါ...” လို့ အဲ့ဒီမိန်းကလေးက ပြောလိုက်တယ်။
ဘုရားရေ၊ သူပြောတဲ့ အသံလေးကအစ လှလိုက်တာ။ ရင်ဘတ်ထဲမှာ တဒိတ်ဒိတ်နဲ့ ခုန်နေတာကို မနည်း ထိန်းထားရတယ်။
“ဟု-ဟုတ်ကဲ့!?”
“ရှန်ရှီး (Shanxi) ပြည်နယ်ကို သွားချင်ရင် ဘယ်ဘက်ကို သွားရမလဲဟင်...?”
ရှန်ရှီး...? ဘာလို့ ရှန်ရှီးလဲ။ အဲ့ဒီမိန်းကလေးက ရှန်ရှီးမှာ နေတာလား...။ ကျွန်တော်ကတော့ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ အဲ့ဒီလိုတွေ လျှောက်တွေးနေမိတယ်။ ဒါပေမယ့် မနည်းပဲ သတိပြန်သွင်းလိုက်ရတယ်။
“အ-အရှေ့ဘက်ကို တည့်တည့်သွားရင် ရှန်ရှီးကို ရောက်ပါလိမ့်မယ်...”
“ကျေးဇူးတင်ပါတယ်။”
အဲ့ဒီမိန်းကလေးက အလောတကြီး ဖြစ်နေပုံရတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် ပြောပြီးတာနဲ့ သူက ပျံထွက်သွားတာလေ... သူ ကောင်းကင်ပေါ်ကို ပျံတက်သွားတာ! ကျွန်တော် တုန်ရင်နေတဲ့ အသံနဲ့ အော်လိုက်မိတယ်။
“ဘာလဲ! ဘာလို့ အော်နေတာလဲ!”
“အ-အမေ၊ နတ်သမီးလေးဗျ!”
“...ဒီရူးနေတဲ့ ကောင်လေး၊ အရင်တုန်းက ကောင်မလေး ငြင်းတာ ခံရပြီးကတည်းက စိတ်လွတ်နေပြီ။”
“မဟုတ်ဘူး အမေ၊ တကယ်ပြောတာ၊ ကြည့်ပါဦး...”
ကျွန်တော် ဘယ်လိုပဲ ငြင်းပါစေ၊ အမေက ကျွန်တော့်ကို ဂရုမစိုက်ဘဲ သူ့အလုပ်သူ ဆက်လုပ်နေတယ်။ ကျွန်တော့်မှာလည်း အထောက်အထား ပြစရာ မရှိဘူး။
“...ဒါက ဘာလဲ။”
အဲ့ဒီမိန်းကလေး ရပ်နေတဲ့ နေရာမှာ ငွေဒင်္ဂါး တစ်ပြား ကျနေတာကို သတိထားမိလိုက်တယ်။ ဒါက ကျွန်တော့် မိသားစု တစ်စုလုံး လအတော်ကြာ စားသောက်လို့ရတဲ့ ပမာဏပဲ။
“ဟ-ဘုရားရေ...”
နတ်သမီးလေးက ကျွန်တော့်အတွက် ဒါကို ချန်ထားခဲ့တာလား။ ကျွန်တော် ငွေဒင်္ဂါးကို အိတ်ကပ်ထဲ အမြန် ထည့်လိုက်တယ်။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုရှိတယ်။ နတ်သမီးလေးက ကျွန်တော့်ကို ရှန်ရှီး ဘယ်မှာလဲလို့ မေးခဲ့တယ်။ ကျွန်တော်က အရှေ့ဘက်မှာလို့ ဖြေခဲ့တယ်။
“...ဒါဆို နတ်သမီးလေးက ဘာလို့ အနောက်ဘက်ကို သွားတာလဲ။”
ကျွန်တော် လက်ညှိုးနဲ့တောင် သေချာ ညွှန်ပြခဲ့တာကို...။ ကျွန်တော် သေတဲ့အထိ အဲ့ဒါ ဘာကြောင့်လဲဆိုတာကို သိနိုင်မှာ မဟုတ်တော့ပါဘူး။