အခန်း (၄၅) ဓားဖီးနစ်(၅)
ဘယ်လောက်တောင် ကြာသွားပြီလဲ။ နိုးလာတဲ့အချိန်မှာ လူက နုန်းချိနေတုန်းမို့ သိပ်အကြာကြီး အိပ်ပျော်သွားတာတော့ မဟုတ်လောက်ဘူး။
“ကြီးလာအောင် စားရမှာကို မစားဘူးဆိုတာ ဘယ်လိုသဘောလဲ။”
နားထဲကို စူးစူးရှရှ ဝင်လာတဲ့ အသံကြောင့် ကျွန်တော် မအိပ်ချင်ဘဲ နိုးလာခဲ့ရတယ်။ မျက်လုံးဖွင့်လိုက်တာနဲ့ ပထမဆုံး မြင်လိုက်ရတာကတော့ ပေါက်စီတစ်လုံးပဲ။
...ဒီမှာ ပေါက်စီက ဘာလို့ရှိနေတာလဲ။ ဒါ တကယ်ပဲ အိမ်မက်လား။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျွန်တော် ပေါက်စီပဲ စားခဲ့ရတာဆိုတော့ အိမ်မက်လည်း ဖြစ်နိုင်ပါတယ်။
“...ပေါက်စီလား၊ ဒါ အမဲသားပေါက်စီလား။”
“ မောင်လေး၊ မင်း အိပ်ချင်မူးတူးနဲ့ စကားပြောနေတာလား။”
ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံနဲ့အတူ ရင်းနှီးနေတဲ့ နီရဲနေတဲ့ မျက်ဝန်းတစ်စုံကို မြင်လိုက်ရတယ်။ အဲဒီမျက်လုံးတွေကို မြင်လိုက်ရတော့မှ ကျွန်တော့်ဦးနှောက်က အလုပ်လုပ်လာတော့တယ်။ ဝေဝါးနေတဲ့ အမြင်အာရုံတွေက ချက်ချင်း ကြည်လင်သွားပြီး ရှေ့မှာရှိနေတဲ့ လူရဲ့ ထင်ရှားတဲ့ မျက်နှာသွင်ပြင်တွေကို မြင်လိုက်ရတယ်။
“အစ်မ...?”
“အေး ဟုတ်တယ်၊ မင်းရဲ့ တော်လဲတော်၊ လှလည်းလှတဲ့ အစ်မကြီးပေါ့။”
သူမစကားရဲ့ နောက်ဆုံးအပိုင်းကိုတော့ ကျွန်တော် လျစ်လျူရှုလိုက်တယ်။
“အစ်မက ဒီကို ဘာလို့ရောက်နေတာလဲ။”
“ငါက ဒီကို လာလို့မရဘူးလား။”
“ဟုတ်တယ်၊ ဒါက ကျွန်တော့်အခန်းလေ။”
“အဲဒါကြောင့် ငါ့အခန်းလည်း ဖြစ်တာပေါ့။”
“...ဘာတွေ ပြောနေတာလဲ၊ အစ်မ မူးနေတာလား။”
ဂူဟွီဘီက ကျွန်တော့်စကားကြောင့် ခေါင်းကို လာခေါက်ဖို့ ပြင်ပေမယ့် ကျွန်တော်က အမြန်ရှောင်လိုက်တယ်။ ဂူဟွီဘီရဲ့ မျက်ခုံးတစ်ဖက်က သိသိသာသာ မြင့်တက်သွားတယ်။
“ဟ... မင်းက ငါ့ကို ရှောင်ရဲတယ်ပေါ့?”
“အခန်းထဲကို ဝင်လာချင်း ဘာလို့ လာရိုက်ဖို့ လုပ်နေတာလဲ။”
“ထမင်းမစားဘူးလို့ ငြင်းနေတဲ့ မောင် လေးကို လာကြည့်ပေးတဲ့ အစ်မကို အဲဒီလို ပြောရဲတယ်ပေါ့လေ?”
“...အစေခံတစ်ယောက်ယောက်ကို ခိုင်းလိုက်ရင် ရတာပဲကို။”
သူမက ကျွန်တော့်ကို လာနှောင့်ယှက်ဖို့ သက်သက်လာတာလားလို့ မေးမလို့ လုပ်ပြီးမှ မမေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ မေးလိုက်ရင်တော့ ကျွန်တော် အရှင်လတ်လတ် မီးရှို့ခံရနိုင်လို့ပဲ။ ဂူဟွီဘီက ကျွန်တော့်ကို ရိုက်ဖို့ လက်ကို တစ်ခါပြန်မြှောက်လိုက်ပေမယ့် ခဏအကြာမှာတော့ ပြန်ချလိုက်တယ်။ သူ လက်လျှော့လိုက်တာလား။ သူမက ပေါက်စီပန်းကန်ကို ကျွန်တော့်ဆီ ဖြည်းဖြည်းချင်း ကမ်းပေးလာတယ်။
“လာရင်းနဲ့ လမ်းမှာ ဝယ်လာတာ၊ အငတ်မခံဘဲ စားလိုက်ဦး။”
“ဒီလောက်အများကြီးကို တိုက်တိုက်ဆိုင်ဆိုင် ဝယ်လာတာပေါ့...?”
“မင်း စကားများလွန်းတယ်။ ဒီပေါက်စီတွေနဲ့အတူ မင်းကိုပါ မီးကျွမ်းသွားအောင် လုပ်လိုက်ရမလား။”
သူမ တကယ်မလုပ်ခင်မှာပဲ ကျွန်တော် အမြန်ပဲ စားလိုက်တော့တယ်။ အခုလေးတင် ပေါင်းထားတာမို့ ပေါက်စီတွေက နွေးနေတုန်းပဲ။
“...ကျေးဇူးပါ။”
သူမနဲ့ရှိနေရင် စိတ်ထဲမှာ သိပ်မသက်မသာ ဖြစ်နေသေးပေမယ့် ကျွန်တော့်ကို စိတ်ပူပြီး လာပေးတာကိုတော့ ငြင်းလို့မရပါဘူး။ ကျွန်တော့်ရဲ့ တုံ့ပြန်မှုကြောင့် ဂူဟွီဘီက ရယ်ချင်စရာကောင်းတယ်လို့ ထင်ပုံရပြီး တဟားဟား ရယ်လိုက်တယ်။
“‘ကျေးဇူးပါ’ တဲ့လား။ ပေါက်စီက တကယ်ပဲ အရသာရှိနေပုံရတယ်၊ ငါ့ မောင်လေးဆီက ဒီလို စကားနာပျော့ပျော့လေးတွေ မကြားရတာ ဘယ်လောက်တောင် ကြာပြီလဲ မသိဘူး။”
တကယ်လား။ ကောင်းပြီလေ၊ ဒါက သိပ်တော့ အံ့ဩစရာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက ကျွန်တော်က မိသားစုဝင်တွေကို မဆိုထားနဲ့ မျိုးနွယ်စုထဲက လူတိုင်းကို မုန်းတီးနေခဲ့တာကိုး။
“ကျွန်တော်က တကယ်ပြောတာပါ၊ ဒါပေမဲ့ အစ်မကတော့ ကျွန်တော် ကျေးဇူးတင်စကား ပြောတာတောင် တစ်ခုခု ပြန်ပြောချင်နေတာပဲ။”
“မင်းရဲ့ ရိုင်းစိုင်းတဲ့ စကားပြောဟန်ကတော့ မပြောင်းလဲသေးပေမယ့် ဘာတွေဖြစ်သွားလို့ ဒီလောက်တောင် ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲလို့ ငါ စဉ်းစားနေတာ... နမ်ဂေါင်းက ကောင်မလေးကြောင့်လား။”
ဂူဟွီဘီရဲ့ စကားကြောင့် ပါးစပ်ထဲက ပေါက်စီတွေတောင် လန်ထွက်ကုန်တယ်။ ကျွန်တော် သီးသွားတာလေ။
“အဟွတ်... အဟွတ်...”
“မင်းက သူ့ကို ဘယ်လောက်တောင် ချစ်နေလဲဆိုရင် အစားစားရင်းတောင် သီးကုန်တဲ့အထိပဲ။”
ကျွန်တော် ချောင်းဆိုးနေတုန်း သူမရဲ့ စူးရှတဲ့ အကြည့်တွေကို ခံစားလိုက်ရတယ်။ သူမက ဘာတွေ လျှောက်ပြောနေတာလဲ။
“နမ်ဂေါင်းအကြောင်း ဘာလို့ ရုတ်တရက်ကြီး ထည့်ပြောတာလဲ၊ ကျွန်တော် သေတော့မလို့။”
“သူက လှလား။”
“...တောက်၊ တကယ်ပဲ။”
ဂူဟွီဘီက ကျွန်တော်ပြောတာကို နားမထောင်ဘဲ သူကြားချင်တာကိုပဲ အာရုံစိုက်နေတယ်။ ဒါတောင် ‘လှလား’ လို့ သူက မေးနေသေးတယ်။ အမှန်အတိုင်း ပြောရရင် နမ်ဂေါင်းဘီအာက လူအများက လှပတယ်လို့ သတ်မှတ်ထားတဲ့သူပဲ။ တကယ်ကို လှတာ။ နမ်ဂေါင်းဘီအာရဲ့ အလှနဲ့ ယှဉ်မယ်ဆိုရင် ဝီဆောအာရဲ့ အဆင့်လောက်ရှိတဲ့ တစ်စုံတစ်ယောက်ကို ခေါ်လာမှ ရလိမ့်မယ်။ သူမက ရန်သူ့စစ်တပ်ကို တစ်ယောက်တည်း နှိမ်နင်းနေရင်း သွေးတွေ စွန်းပေနေတဲ့ အချိန်မှာတောင် လှပနေတုန်းပဲဆိုတာ အတိတ်ဘဝတုန်းက ကျွန်တော် မြင်နေကျ မြင်ကွင်းတစ်ခုပါပဲ။ ဒါပေမဲ့ သူမကို ခဏခဏ မြင်ဖူးလွန်းလို့ ကျွန်တော်ကတော့ အသားကျနေပါပြီ။
“လျှပ်စီးဓားကတော့ သူလှတယ်လို့ ပြောတယ်။”
“...အစ်မက သူ့ကို ကောင်းကောင်းသိလို့လား။”
“အကြိမ်အနည်းငယ်တော့ တွေ့ဖူးတယ်၊ စကားတော့ အများကြီး မပြောဖြစ်ပါဘူး၊ ဒါပေမဲ့ သူက ကြည့်ရတာ တစ်မျိုးပဲ။”
လောကမှာ နဂါးနဲ့ ဖီးနစ်တွေ ဖြစ်လာနိုင်တဲ့ ပါရမီရှင်တွေက အနည်းငယ်ပဲ ရှိတာမို့ သူတို့ တစ်ယောက်နဲ့တစ်ယောက် ဆုံဖူးတာကတော့ မဆန်းပါဘူး။ ထူးဆန်းတာက ဂူဟွီဘီက သူ့ကို ကြည့်ရတာ တစ်မျိုးပဲလို့ ပြောတာပါပဲ။ အဲဒီ နမ်ဂေါင်းက ကောင်က ဟန်ဆောင်ကောင်းတဲ့နေရာမှာ ဆရာကြီးပဲ၊ ဂူဟွီဘီရဲ့ အာရုံခံစားမှုက အဲဒီလောက်တောင် ကောင်းနေတာလား။
ကျွန်တော် ပေါက်စီတွေ စားလို့ ပြီးခါနီးမှာပဲ ဂူဟွီဘီက သူ့အိတ်ကပ်ထဲက တစ်ခုခုကို ထုတ်လိုက်တယ်။ သူထုတ်လိုက်တာကို မြင်တော့ ကျွန်တော် ဆွံ့အသွားရတယ်။
“...အစ်မ။”
“ဘာလဲ။”
“ဒါက ဘာလဲ။”
“ကြည့်ရုံနဲ့ မသိဘူးလား။”
သိတာပေါ့၊ သိလို့ မေးနေတာလေ။ ဂူဟွီဘီ ထုတ်လိုက်တာက တခြားမဟုတ်ဘဲ အရက်ဖြူ ပုလင်းပဲ။ သူများအခန်းကို ဘာလို့ အရက် လာသောက်နေတာလဲ။ ဂူဟွီဘီက ကျွန်တော့်မျက်နှာကို ကြည့်ပြီး ရယ်လိုက်တယ်။
“သောက်မလား။”
“...အမှန်အတိုင်း ပြောပါ၊ အစ်မက အရက်သောက်ချင်လို့ ဒီကို လာတာ မဟုတ်လား။”
ကျွန်တော် ကျိန်ပြောရဲပါတယ်၊ သူက စိတ်မမှန်ဘူး။ ကျွန်တော့်စကားကို လျစ်လျူရှုပြီး ဂူဟွီဘီက ခွက်ထဲကို အရက်လောင်းထည့်ပြီး တစ်ယောက်တည်း သောက်နေတော့တယ်။
“သောက်ပြီးရင် ပြန်မှာလား။”
“ဟင့်အင်း၊ ငါ ဒီမှာပဲ အိပ်မှာ။”
ဟမ်... ဒါက လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ကျွန်တော် ကြားခဲ့သမျှထဲမှာ အရူးသွပ်ဆုံး စကားပဲ။
“ဒါဆို အစ်မပဲ ဒီမှာ အိပ်လိုက်၊ ကျွန်တော် တခြားမှာ သွားအိပ်မယ်။”
“ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ။ မောင်နှမတွေ အတူတူမအိပ်ဖြစ်တာ ကြာပြီပဲ၊ အခု အတူတူအိပ်တော့ ဘာဖြစ်လဲ။”
“ကြာပြီပဲဆိုတာ ဘာကို ပြောတာလဲ၊ ကျွန်တော်တို့ ဘယ်တုန်းက အတူတူ အိပ်ဖူးလို့လဲ။”
ကျွန်တော်တို့က ဘယ်တုန်းကမှ အဲဒီလောက် မရင်းနှီးခဲ့ပါဘူး။ ဒါတောင် သူမက ကျွန်တော့်ကို ပြန်တိုက်ခိုက်လာရင် ရှောင်နိုင်အောင် ကျွန်တော်ကတော့ သတိနဲ့ နေနေရတုန်းပဲ။ ထူးဆန်းတာက ဂူဟွီဘီက ပြုံးပြီး လကိုပဲ မော့ကြည့်နေတယ်။ ဘာလဲဟ... ကျွန်တော်တို့ အတူတူ အိပ်ဖူးလို့လား။ အတိတ်ဘဝမှာတောင် အဲဒီလို အမှတ်တရမျိုး မရှိခဲ့ပါဘူး၊ ဒါဆို သူမမျက်နှာက ဘာလို့ အဲဒီလို ထူးဆန်းတဲ့ အမူအရာ ဖြစ်နေရတာလဲ။ ဂူဟွီဘီက ကျွန်တော့်စကားကို အခုမှ ကြားလိုက်သလိုမျိုး ရုတ်တရက် အကျယ်ကြီး ရယ်တော့တယ်။
“အေးပါ၊ ငါတို့ တစ်ခါမှ အတူတူ မအိပ်ဖူးပါဘူး။ မင်းက တကယ်ကို အေးစက်တာပဲ။”
“...ဘယ်တော့ ပြန်မှာလဲ။”
“ မောင်လေး၊ မင်းက ဘာလို့ ငါ့ကို နှင်ထုတ်ဖို့ပဲ လုပ်နေရတာလဲ။”
“ဒါက ကျွန်တော့်အခန်းမို့လို့ပေါ့...?”
ဒါက သိသာနေတာပဲ မဟုတ်လား...။ ဂူဟွီဘီက ကျွန်တော့်အဖြေကို မကြားသလိုပဲ ဆက်သောက်နေတယ်။
တောက် တောက်
ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ သောက်နေပြီးတဲ့နောက်မှာတော့ ဂူဟွီဘီက နောက်ဆုံး လက်ကျန်အရက်စက်တွေကို သောက်နေတာ တွေ့ရတယ်။ နောက်ဆုံးတစ်စက်က ခွက်ထဲကို ကျသွားပြီးနောက်မှာတော့ ဂူဟွီဘီက ခွက်ကို ချလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ထရပ်လိုက်တယ်။ နောက်ဆုံးတော့ ပြန်တော့မှာလား။
“ မောင်လေး။”
ဂူဟွီဘီက ရုတ်တရက် ခေါ်လိုက်တယ်။ အရက်ကို အမြန်သောက်လိုက်လို့လားမသိဘူး၊ သူ နည်းနည်း မူးနေပုံရတယ်။ ‘နေဦး၊ သူက မူးနေတာလား။’ ကျွန်တော် ဇဝေဇဝါနဲ့ ခေါင်းငြိမ့်လိုက်တယ်။ အကယ်၍ သူက မီးတောက်သိုင်းမှာ ပဉ္စမအဆင့် (5th Realm) ထိ ရောက်နေပြီဆိုရင် သူက ပထမတန်းစား သိုင်းပညာရှင်ထက်တောင် အများကြီး သာနေဦးမှာပါ။ ဒါဆိုရင် အရက်က သူ့ကို သိပ်ပြီး သက်ရောက်မှု မရှိသင့်ပါဘူး။ ဒါဆို သူက တမင်တကာ မူးအောင် လုပ်ထားတာပေါ့။ ဒါက အရက်သောက်ရတာကို နှစ်သက်တဲ့ သိုင်းပညာရှင်တွေ လုပ်လေ့လုပ်ထရှိတဲ့ အရာပဲ၊ ဒါပေမဲ့ ဂူဟွီဘီက အရက်သောက်တာကို နှစ်သက်ခဲ့ဖူးလို့လား။ ကျွန်တော့်မှာ အဲဒီလို အမှတ်တရမျိုး မရှိပါဘူး။
“ဟေ့။”
ဂူဟွီဘီက သူ့လက်ကို ဝှေ့ယမ်းပြတယ်။ သူရှိရာကို လာဖို့ အချက်ပြနေတာပါ။ သူမရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ လရောင်က လက်ဝှေ့ယမ်းနေတဲ့ ဂူဟွီဘီကို လင်းထိန်သွားစေတယ်။ လရောင်ကြောင့် သူမရဲ့ ဆံပင်နီနီတွေက ပိုပြီး တောက်ပနေသလိုပဲ။
“လကလည်း သာသာယာယာရှိနေတာဆိုတော့ အစ်မနဲ့ သိုင်းပြိုင်ကြည့်မလား။”
“အစ်မ တကယ်ပဲ သုံးပုလင်းတောင် သောက်လိုက်တာလား...?”
သူ အရူးလား...။ ပြီးတော့ သိုင်းပြိုင်တာနဲ့ လသာတာနဲ့ ဘာဆိုင်လို့လဲ။ သူမရဲ့ မဆီမဆိုင် စကားတွေကြောင့် ကျွန်တော် အံ့ဩသွားပြီး လက်ထဲက ပေါက်စီတောင် ပြုတ်ကျသွားတယ်။ ဂူဟွီဘီကတော့ ပြုံးမြဲအတိုင်းပဲ။ အရက်ကြောင့် သူမရဲ့ မျက်နှာ နီမြန်းလာတာကို ကျွန်တော် သိပ်သဘောမကျဘူး။
“ မောင်လေး။”
“ဟုတ်ကဲ့။”
“မင်း အဆင်ပြေပါ့မလား။”
“ဘာကိုလဲ။”
သူမက ကျွန်တော့်ကို ရိုက်နှက်မယ့်အကြောင်း ပြောနေတာလား။ အမှန်အတိုင်း ပြောရရင် ကျွန်တော်က အရိုက်ခံရတာကို မကြိုက်သလို၊ အဆင်သင့်လည်း မဖြစ်သေးပါဘူး။ ကျွန်တော်က နုန်းနေသေးလို့ ပြန်အိပ်ချင်နေတာပဲ ရှိတယ်။ အိပ်ပြီး နိုးလာရင်တော့...
“အဲဒါလေ၊ မပေါင်းစပ်ဘဲ ထားလိုက်ရင် မင်း တကယ်ပဲ အဆင်ပြေပါ့မလားလို့။”
“...!”
ဂူဟွီဘီရဲ့ ရုတ်တရက် စကားကြောင့် ကျွန်တော် ပေါက်စီကို ပြန်ချလိုက်တယ်။ ကျွန်တော် ဂူဟွီဘီကို ထိတ်လန့်တကြား ကြည့်လိုက်မိတယ်။ ဂူဟွီဘီရဲ့ လက်ညှိုးက ကျွန်တော့်ရဲ့ ဝမ်းဗိုက်ပိုင်းကို ညွှန်ပြနေတယ်။
...သူ ဘယ်လိုသိတာလဲ။ မြွေကြီးဆီက ရခဲ့တဲ့ ချီ (Qi) တွေကို ကျွန်တော် စုစည်းထားခဲ့ပေမယ့် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ချီနဲ့ မပေါင်းစပ်နိုင်ခဲ့တဲ့ ချီတွေက ခန္ဓာကိုယ်ထဲမှာ လှည့်လည်နေတုန်းပဲ။ သိုင်းပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ အဲဒီလို လှည့်လည်နေတဲ့ ချီတွေက အဆိပ်လိုပဲ။ ဒါကို သိနေပေမယ့်လည်း အဲဒီချီတွေကို စုပ်ယူဖို့ ကြိုးစားရင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သလို၊ သေတောင် သေသွားနိုင်တာမို့ ကျွန်တော် မစွန့်စားနိုင်ခဲ့ဘူး။ အဲဒီအတွေးက အရမ်းကြောက်စရာကောင်းလွန်းလို့ပဲ။ ကျွန်တော်က ဘာလို့ စွမ်းအားတွေကို စုပ်ယူရမယ့် အခြေအနေမျိုးတွေနဲ့ပဲ အမြဲတမ်း ကြုံနေရတာလဲ။ ...ဖြစ်နိုင်တာကတော့ ကျွန်တော် သွားနေတဲ့ နေရာတွေ၊ လုပ်နေတဲ့ အရာတွေက အဲဒီလို အခြေအနေတွေနဲ့ ကြုံတွေ့စေတာ ဖြစ်ပါလိမ့်မယ်။ အဲဒီချီတွေကို ကျွန်တော် မစွန့်လွှတ်နိုင်ခဲ့တာကတော့ ကျွန်တော့်ရဲ့ လောဘကြောင့်ပါပဲ။ ဒီချီတွေကိုပါ ကျွန်တော် စုပ်ယူနိုင်မလားဆိုတဲ့ လောဘစိတ်ပေါ့။ အဲဒါကပဲ ကျွန်တော့်ခန္ဓာကိုယ်ကို ပိုပြီး နုန်းချိစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ။ ဒီပြဿနာရဲ့ အဖြေကတော့ ရိုးရှင်းပါတယ် - အဲဒီကျန်နေတဲ့ ချီတွေကို စွန့်လွှတ်လိုက်ဖို့ပါပဲ။ အဲဒါကို လေ့ကျင့်နေစဉ်မှာဖြစ်ဖြစ်၊ တိုက်ခိုက်နေစဉ်မှာဖြစ်ဖြစ် လုပ်လို့ရပါတယ်။
ကျွန်တော် ဂူဟွီဘီကို ပြောလိုက်တယ်။
“...အဲဒါကြောင့်ပဲ အစ်မက ဒီညဉ့်နက်သန်းခေါင်ကြီး ကျွန်တော့်ကို လာတိုက်တာလား။”
“သိပ်တော့ မဟုတ်ပါဘူး၊ လူဆိုးလေးတစ်ယောက်ကို သင်ခန်းစာ ပေးချင်ရုံတင်ပါ။”
“ဘာတွေလဲ...”
အဲဒီနောက်မှာတော့ ကျွန်တော် တစ်ခုခုကို သတိရသွားတယ်။ မဖြစ်နိုင်တာတော့ မဟုတ်ပေမယ့် ကျွန်တော့်မှာ သံသယတော့ ရှိနေတုန်းပဲ။
“အဲဒါကြောင့်ပဲ အစ်မက ဒီနေ့ မနက်တုန်းကလည်း ကျွန်တော့်ကို အဲဒီလိုတွေ လာလုပ်တာလား။”
ဂူဟွီဘီက ကျွန်တော့်ဆီကို ပြင်းထန်တဲ့ အပူရှိန်တွေနဲ့ ရောက်လာခဲ့တုန်းက သူမကို အံတုနိုင်ဖို့အတွက် ကျွန်တော်က ကျန်ရှိနေတဲ့ ချီအချို့ကို သုံးခဲ့ရတယ်။ ဂူဟွီဘီက ကျွန်တော့်စကားကြောင့် တုန်လှုပ်သွားပေမယ့် ချက်ချင်းပဲ သူ့ရဲ့ ပုံမှန်အမူအရာကို ပြန်ပြောင်းလိုက်တယ်။
“ မောင်လေး၊ မင်းက အရမ်းလွန်နေပြီနော်။ ငါက ဘာလို့ အဲဒီလောက်ထိ အပင်ပန်းခံမှာလဲ။”
“သေချာလို့လား။”
“မင်းကတော့ စကားပြောနေတုန်းပဲ။ မင်းရဲ့ ဆံပင်တွေ အားလုံးကို မီးရှို့ပစ်လိုက်ရင်တော့ မင်း ပါးစပ်ပိတ်သွားမလား မသိဘူး။”
ဆံပင်တွေ အားလုံးကို မီးရှို့မယ်တဲ့... သူက ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းနေရတာလဲ။ ကျွန်တော် သတိမထားမိခင်မှာပဲ ဂူဟွီဘီရဲ့ လက်ထဲမှာ သစ်သားဓားတစ်ချောင်း ရောက်နေပြီ။ ...ဒါကို သူ ဘယ်က ရလိုက်တာလဲ။ သူ ဒီကိုလာတဲ့ အဓိက အကြောင်းရင်းက သိုင်းပြိုင်ဖို့ပဲလား။
“မင်း အစ်မကို မတွေ့တာ ကြာလို့ အခုတော့ အစ်မကို ဟာသတစ်ခုလို ထင်နေတာလား။ မင်းရဲ့ အရပ်ကတော့ တစ်စက်ကလေးမှ မရှည်လာပေမဲ့ မင်းရဲ့ ယုံကြည်မှုကတော့ ကောင်းကင်ထိ ရောက်နေပါလား။”
ဂူဟွီဘီက အဲဒီလို စကားနာတွေကို မကောင်းဆိုးဝါး အပြုံးနဲ့ ပြောနေပေမယ့် ကျွန်တော် စိတ်ထဲမှာတော့ မထားပါဘူး။ ဂူဟွီဘီအတွက်တော့ လအနည်းငယ်အတွင်းမှာ ပထမဆုံးအကြိမ် ဆုံတွေ့တာ ဖြစ်ပေမယ့် ကျွန်တော့်အတွက်ကတော့ နှစ်ပေါင်းများစွာ ကြာပြီးမှ ဆုံတွေ့တာဖြစ်လို့ အခုလည်း အတူတူပါပဲ။ ကျွန်တော် ပါးစပ်ထဲက ပေါက်စီကို စားလိုက်ပြီး ဂူဟွီဘီရှိရာကို လျှောက်သွားလိုက်တယ်။ ဂူဟွီဘီရဲ့ မျက်နှာက သိသိသာသာ အံ့ဩသွားတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ သူကိုယ်တိုင် ခေါ်ပြီးတော့မှ ဘာလို့ အံ့ဩနေတာလဲ။
“...ဝိုး၊ မောင်လေး၊ ဒီတစ်ခါတော့ မင်း ထွက်မပြေးဘူးပေါ့?”
“အစ်မက ကျွန်တော့်ကို တကယ်ကြီး ရိုက်မှာလည်း မဟုတ်ဘဲနဲ့၊ ကျွန်တော့်ကို ခြောက်ဖို့ မကြိုးစားပါနဲ့တော့။”
ကျွန်တော် ဂူဟွီဘီကို ကျော်ပြီး လေ့ကျင့်ရေးကွင်းဆီကို လျှောက်သွားလိုက်တယ်။ လမ်းလျှောက်ရင်းနဲ့ ခေါင်းကို လှည့်ပြီး ဂူဟွီဘီကို ပြောလိုက်တယ်။
“ကျွန်တော်တို့ ဒီမှာ တိုက်ရင် အဆောက်အအုံတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။”
“တစ်ချက်တည်းနဲ့ အရှုံးပေးရတော့မယ့်သူက အဆောက်အအုံအတွက် စိတ်ပူနေတာကတော့ ရယ်စရာပဲ။”
အဲဒီလိုပြောပြီး ဂူဟွီဘီက တဟားဟား ရယ်ပြန်တယ်။ ကျွန်တော်ကတော့ သူမကို လျစ်လျူရှုပြီး လေ့ကျင့်ရေးကွင်းဆီကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။ ပုံမှန်ဆိုရင်တော့ အဲဒီလိုစကားမျိုးတွေကို ကျွန်တော်က ပြန်ပြောပြီး တိုက်ခိုက်မိမှာ ဖြစ်ပေမယ့်၊ ကျွန်တော်က တစ်ဘဝလုံးကို အလကားလူတစ်ယောက်လို ဖြတ်သန်းခဲ့ရင်တောင် ကျွန်တော့်အတွက်နဲ့ အသက်ပေးသွားတဲ့ သူတစ်ယောက်ကိုတော့ ပြန်ပြီး စကားနာထိုးဖို့ကတော့ မလွယ်ပါဘူး။
သွေးချင်းနီးစပ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အတိတ်ဘဝတုန်းကတော့ သွေးချင်းနီးစပ်တာက ဘာမှ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော် ထင်ခဲ့ဖူးတယ်။ ကျွန်တော့်အဖေနဲ့ အစ်မတွေအတွက်လည်း အတူတူပါပဲ။ ကျွန်တော်က သူတို့နဲ့ အဖေတူအမေကွဲ ဖြစ်နေရတာကိုက ကံဆိုးတာပဲလို့ ထင်ခဲ့တာ။ ပိုပြီး ဆိုးတာကတော့ ကျွန်တော့်ကို မွေးတဲ့ အမေက သူတို့အမေနဲ့ မတူတာပဲ။ အခြေအနေကို ပိုဆိုးအောင် လုပ်တာကတော့ -
ဂူမျိုးနွယ်စုရဲ့ သမိုင်းမှာ ပါရမီအရှိဆုံး ဓားသမားဖြစ်တဲ့ မိန်းကလေး၊
နောက်ပြီး တစ်ဖက်မှာတော့ ဂူမျိုးနွယ်စုရဲ့ သမိုင်းမှာ အသုံးမကျဆုံး သခင်လေး။
အဲဒီလို နှိုင်းယှဉ်မှုတွေက ကျွန်တော့်ကို ဖျက်ဆီးခဲ့တယ်။ ကျွန်တော့်ရဲ့ အမှားအားလုံးအတွက် ဒါကိုပဲ အပြစ်ပုံချလို့ မရပေမယ့်၊ ဒါကလည်း အပိုင်းကဏ္ဍ အတော်များများမှာ ပါဝင်ခဲ့တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ အဲဒါကပဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်တဲ့ စိတ်ကို ကြောက်စရာကောင်းစေပြီး၊ အတ္တကြီးစေသလို အသုံးမကျဖြစ်စေတာပဲ။ ကျွန်တော် ငယ်ငယ်တုန်းကတော့ ဂူဟွီဘီကို ကျွန်တော့်ကို သတ်ချင်နေတဲ့ မိစ္ဆာတစ်ကောင်လို့ပဲ အမြဲတမ်း ထင်ခဲ့တာ။ သူက ဘာလို့ ကျွန်တော့်ကို ဒီလောက်တောင် အငြိုးကြီးနေရတာလဲ။ အဲဒီအချိန်တုန်းကတော့ ဂူဟွီဘီ မရနိုင်တဲ့ ဆက်ခံသူ နေရာကို ကျွန်တော်က အလွယ်တကူ ရနိုင်လို့ပဲလို့ ကျွန်တော် ထင်ခဲ့တာ။ ဘယ်လောက်တောင် ယုတ်ညံ့လိုက်သလဲ။ ကျွန်တော်ကိုယ်တိုင် ငရဲထဲကို ခြေစုံပစ်ဝင်နေတယ်ဆိုတာ မသိဘဲနဲ့ ဂူဟွီဘီက ဆက်ခံသူနေရာကို လိုချင်နေတယ်လို့ ဘာလို့ ထင်ခဲ့တာလဲ။
လေ့ကျင့်ရေးကွင်းထဲမှာ ကျွန်တော် မတ်မတ်ရပ်ပြီး ဂူဟွီဘီကို ရင်ဆိုင်လိုက်တယ်။ သူက ကျွန်တော့်ဆီကို သစ်သားဓားနဲ့ ချိန်ထားတယ်။ ညဉ့်နက်နေပြီမို့ လေ့ကျင့်ရေးကွင်းက မှောင်နေပေမယ့် ဂူမျိုးနွယ်စုရဲ့ သွေးမျိုးဆက်တွေအတွက်တော့ ဒါက ပြဿနာ မဟုတ်ပါဘူး။
ဝုန်း!
ဂူဟွီဘီက သူ့ကိုယ်သူ နီရဲနေတဲ့ ချီတွေနဲ့ လွှမ်းခြုံလိုက်တယ်။ ဒါက ဖျက်ဆီးခြင်း မီးတောက်သိုင်းရဲ့ ပဉ္စမအဆင့်ကို ရောက်ရှိပြီးမှသာ လုပ်နိုင်တဲ့ အရာပဲ။ ဒါက အပူကို ထိန်းချုပ်ထုတ်လွှတ်ရုံတင် မဟုတ်ဘဲ၊ အဲဒီအပူရှိန်ကို ကိုယ့်ရဲ့ ချီနဲ့ ပေါင်းစပ်ပြီး အသွင်အပြင်ကို ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီအသွင်အပြင်က တောက်လောင်နေတဲ့ မီးတောက်တစ်ခုနဲ့ တူတယ်။
အမှောင်ထုကို မကြောက်ပါနဲ့၊ ဂူမျိုးနွယ်စုရဲ့ သိုင်းပညာရှင်တွေအနေနဲ့ သူတို့ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပနေမှာ ဖြစ်ပါတယ်။
ဒါက ဂူမျိုးနွယ်စုရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ စကားတွေပဲ။ အဲဒီစကားတွေကို သက်သေပြနေသလိုပဲ၊ ဂူဟွီဘီကို လွှမ်းခြုံထားတဲ့ မီးတောက်တွေက သူ့ရဲ့ သစ်သားဓားအထိပါ ရောက်ရှိနေတယ်။ သူမရဲ့ ပြင်းထန်လွန်းတဲ့ ချီတွေကြောင့် လေ့ကျင့်ရေးကွင်းတစ်ခုလုံး လင်းထိန်သွားတော့တယ်။ ကျွန်တော် ဂူဟွီဘီကို ဖြည်းဖြည်းချင်းနဲ့ ရှင်းရှင်းလင်းလင်း ကြည့်လိုက်တယ်။ သူမက ကျွန်တော့်ရဲ့ အတိတ်ဘဝ အမှတ်တရထဲက ပုံစံနဲ့ သိပ်မခြားနားပါဘူး။ သိုင်းပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်က သာမန်လူတွေထက် ပိုပြီး အိုမင်းရင့်ရော်မှု နှေးကွေးပါတယ်။ အဲဒါကြောင့်လည်း ဂူဟွီဘီကို ကြည့်လိုက်တိုင်း ဝမ်းနည်းစရာကောင်းတဲ့ အတိတ်တွေကို သတိရမိနေတာပါ။ နင်းချေခံထားရလို့ မလှုပ်ရှားနိုင်တော့တဲ့ သူမရဲ့ လက်တစ်ဖက်။ နောက်ပြီး သေခြင်းတရားရဲ့ ရင်ခွင်ထဲကို ဖြည်းဖြည်းချင်း ရောက်ရှိသွားရင်း အလင်းရောင်တွေ ပျောက်ကွယ်နေတဲ့ အဲဒီ နီရဲနေတဲ့ မျက်ဝန်းတွေကို ကြည့်နေခဲ့တဲ့ ကျွန်တော်။
အဲဒီတုန်းကလည်း မိုးရွာနေခဲ့တာလား။ ရာသီဥတု မကောင်းခဲ့ဘူးဆိုတာပဲ ကျွန်တော် မှတ်မိနေတယ်။
“ မောင်လေး။”
「 မောင်လေး။」
ဂူဟွီဘီရဲ့ အသံနှစ်မျိုးလုံးကို ကြားလိုက်ရတယ်။ ကျွန်တော် နုန်းနေလို့လား။ ဖြစ်နိုင်တာကတော့ အဲဒီအချိန်ကို ကျွန်တော် ဘယ်တော့မှ မေ့လို့မရနိုင်လို့ပဲ ဖြစ်ပါလိမ့်မယ်။ အကြိမ်ကြိမ်အခါခါ၊ ကျွန်တော် သေဆုံးပြီးနောက်မှာသာ ဂူဟွီဘီနဲ့ တွေ့နိုင်ခဲ့မယ်ဆိုရင်။ ကျွန်တော် သူ့ကို တစ်ခုပဲ မေးချင်ခဲ့တာ။ သေလုမျောပါး ဖြစ်နေတဲ့ အချိန်မှာတောင် သူ ဘာလို့ ကျွန်တော့်ကို ပြုံးပြပြီး အဲဒီလို စကားမျိုး ပြောခဲ့တာလဲ။ ဘာလို့လဲလို့ ကျွန်တော် မေးချင်ခဲ့တာ။ ကျွန်တော့်လို လူမျိုးအတွက် ဘာလို့ အဲဒီလောက်ထိ အနစ်နာခံခဲ့တာလဲ။ ...ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူမဆီကတော့ ဘာအဖြေမှ ကြားရမှာ မဟုတ်တော့ပါဘူး။
“မင်း ငါ့ကို လာမတိုက်တော့ဘူးလား။”
「ကျေးဇူးပြုပြီး ပျော်ပျော်ရွှင်ရွှင် နေပါဦး။」
ကျွန်တော် မေးချင်ခဲ့တာကတော့ အဲဒါပါပဲ။
“မဟုတ်ဘူး၊ အခု လာပြီ။”
ကျွန်တော် ဂူဟွီဘီရှိရာကို လျှောက်လှမ်းလိုက်တော့တယ်။