အခန်း (၄၄) ဓားဖီးနစ်(၄)
"မင်း လျှပ်စီးနဂါးရဲ့ လက်မောင်းကို ဖျက်ဆီးပစ်လိုက်တယ်လို့ ငါကြားတယ်"
ကျွန်ုပ် ဖခင်၏ အခန်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။ နှုတ်ဆက်စကားပင် မပြောဘဲ တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။ ... တကယ်ကို ခက်ခဲတဲ့ မေးခွန်းပါပဲ။ သူက အမြဲတမ်း ဒီလိုပုံစံမျိုးမှန်း ကျွန်ုပ် သိထားသော်လည်း အနည်းငယ်တော့ တုန်လှုပ်မိသည်။ ဘယ်လို ပြန်ဖြေရမလဲဆိုတာကိုလည်း မသိတော့ပေ။ ဖြစ်ပျက်ခဲ့တဲ့အတိုင်းပဲ ပြောပြလိုက်ရမလား။
"မဟုတ်ပါဘူး... ကျွန်ုပ် ဖျက်ဆီးပစ်လိုက်တာ မဟုတ်ပါဘူး၊ ကျိုးသွားအောင် လုပ်လိုက်ရုံတင်ပါ..."
သေချာစဉ်းစားပြီးမှ ကျွန်ုပ် ပြန်ဖြေလိုက်သော စကားမှာ သိပ်တော့ အဆင်မပြေလှပေ။ နှစ်ခုစလုံးက အဓိပ္ပာယ် အတူတူပင် ဖြစ်သော်လည်း ဘာမှ ပြန်မပြောဘဲ နေလို့လည်း မရပေ။ ကံကောင်းထောက်မစွာဖြင့် ကျွန်ုပ်၏ ဖခင်မှာ ကျွန်ုပ်၏ အဖြေကို သိပ်ပြီး ဂရုစိုက်ပုံမရပေ။
"ပြီးတော့ မင်း ဘာလို့ အဲဒီလို လုပ်လိုက်ရတာလဲ"
ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက အရေးကြီးဆုံး မေးခွန်းဖြစ်သည်။ သူသည် အစေခံများထံမှ အကြောင်းစုံကို ကြားသိပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျွန်ုပ်၏ ပါးစပ်မှ တိုက်ရိုက်ကြားချင်နေခြင်း ဖြစ်မည်။ ကျွန်ုပ် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ဖြည်းဖြည်းချင်း စတင်ပြောဆိုလိုက်သည်။
"လျှပ်စီးနဂါးက ကျွန်ုပ်ကို အရင်စိန်ခေါ်လို့ စိန်ခေါ်မှုကို လက်ခံခဲ့တာပါ၊ သူက ကျွန်ုပ်ကို သတ်ဖို့ ကြိုးစားခဲ့လို့ ကျွန်ုပ်က ပြန်ပြီး တုံ့ပြန်ခဲ့တာပါ"
၎င်းမှာ တိုတောင်းသော အဖြေတစ်ခု ဖြစ်သော်လည်း လက်တွေ့တွင် ထိုမျှသာ ရှိခဲ့ခြင်း ဖြစ်သည်။ သူက စိတ်အနှောင့်အယှက် ပေးနေသောကြောင့် ကျွန်ုပ်ဘက်မှ အနည်းငယ် ရိသဲ့သဲ့ လုပ်မိကောင်း လုပ်မိနိုင်သော်လည်း အစာဟပ်မိသွားခြင်းမှာ သူ့အမှားသာ ဖြစ်သည်။
"လျှပ်စီးနဂါးက မင်းကို သတ်ဖို့ ကြိုးစားခဲ့တယ် ဟုတ်လား"
"ဟုတ်ပါတယ်၊ ကျွန်ုပ်တို့ နှစ်ယောက်စလုံး အတွင်းအား မသုံးဖို့ ကတိပြုခဲ့ကြပေမဲ့ သူက သူအသုံးပြုနေတဲ့ သစ်သားဓားထဲကို ချီ အတင်းထည့်ပြီး ကျွန်ုပ်ကို သတ်ဖို့ ကြိုးစားခဲ့တာပါ"
"သက်သေကော"
"ကြည့်နေခဲ့တဲ့ ပရိသတ်တွေ အားလုံးပါပဲ"
ထိုအရာကို အရှင်းလင်းဆုံး သတိထားမိခဲ့သူမှာ ထန်မျိုးနွယ်စုမှ သခင်လေး ဖြစ်လိမ့်မည်။ ထန်ဆိုယောလ် လည်း ထိုနေရာတွင် ရှိနေသော်လည်း တိုက်ပွဲအပြီးတွင် သူမက မှင်တက်နေပုံရသဖြင့် ယုံကြည်ရမည့်ပုံ မပေါ်ပေ။ ကျွန်ုပ်၏ ဖခင်က ကျွန်ုပ်၏ အဖြေကို ခေါင်းညိတ် ထောက်ခံသည်။
"ဒါဆိုရင်လည်း ဒါအကုန်ပဲပေါ့"
ဘယ်နှကြိမ်ပဲ ကြည့်ကြည့် သူ့ထံမှ တုံ့ပြန်မှုမှာ အမြဲတမ်း အေးစက်စက်ပင် ဖြစ်သည်။ မိမိ၏ သားဖြစ်သူက လျှပ်စီးနဂါးနှင့် ယှဉ်ပြိုင်ရာတွင် အနိုင်ရခဲ့သည်ကို ကြားသိရသော်လည်း သူက မည်သည့် တုံ့ပြန်မှုမှ မပြပေ။ ဖခင်ဖြစ်သူ မည်သည့်အရာကြောင့်မှ တုန်လှုပ်သွားသည်ကို ကျွန်ုပ် တစ်ခါမှ မမြင်ဖူးသလောက်ပင်။ သူ၏သားဖြစ်သူ မိစ္ဆာအဖြစ် ပြောင်းလဲသွားချိန်၊ သူ၏ ကလေးများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေချိန်၊ နောက်ဆုံး သူကိုယ်တိုင် သေဆုံးခါနီး အချိန်မှာတောင် တုန်လှုပ်ခြင်း မရှိခဲ့ပေ။
ကျွန်ုပ် တိတ်တဆိတ် ရပ်နေစဉ်မှာပင် သူက ရုတ်တရက် စကားဆိုလာသည်။
"မင်း အဆင့်သစ်တစ်ခုကို ရောက်ရှိသွားပုံရတယ်"
"...ဗျာ"
ထိုစကားလုံးများမှာ ယခင်က စားသောက်နေစဉ်အတွင်း ဂူယွန်ဆို ကို ဖခင်ဖြစ်သူ ပြောခဲ့သော စကားများ ဖြစ်သည်။ ယခု ကျွန်ုပ်ကို အလားတူ စကားမျိုး ပြောနေသည်မှာ ရယ်စရာပင် ကောင်းသေးသည်။ သို့သော်လည်း ကျွန်ုပ်သည် မီးလျှံသိုင်းပညာ၏ တတိယအဆင့်ကို ထိုမျှတိုတောင်းသော အချိန်အတွင်း အောင်မြင်ခဲ့သော်လည်း ဖခင်ဖြစ်သူက သိပ်ပြီး ဂရုစိုက်ပုံမရပေ။ သူက အေးစက်လွန်းလှသည်...။
"တော်တယ်"
"...ကျေးဇူးတင်ပါတယ်"
...ဟင်...။ ချီးကျူးစကားလေး တစ်ခွန်းမျှသာ ဖြစ်သော်လည်း ကျွန်ုပ်၏ ပါးစပ်မှာ အပြုံးတစ်ခု ပေါ်လာရန် ကြိုးစားနေသဖြင့် မနည်း ထိန်းလိုက်ရသည်။ ကျွန်ုပ်၏ အသက်အရွယ်နှင့် ဒီလို ချီးကျူးစကားလေး တစ်ခွန်းကြောင့် ဒီလောက်အထိ ပျော်ရွှင်နေရသည်မှာ မယုံနိုင်စရာပင်...။ ဒါဟာ ကျွန်ုပ်အတွက် ပထမဆုံး အကြိမ်ဖြစ်လို့နေတာကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ် ဘယ်သူ့ဆီကမှ ချီးကျူးစကား ကြားဖူးခဲ့လို့လား။ မကြားဖူးခဲ့ဘူး ထင်ပါတယ်။ အဲဒါကြောင့်လည်း ဒီလို သေးငယ်တဲ့ ချီးကျူးစကားလေး တစ်ခွန်းကြောင့် အလွယ်တကူ စိတ်လှုပ်ရှားသွားရခြင်း ဖြစ်မည်။
သူ့မေးခွန်းများကို မေးမြန်းပြီးနောက် ဖခင်ဖြစ်သူမှာ နောက်ထပ် စကားမပြောတော့ပေ။ တစ်ခါတစ်ရံ သူသည် ကျွန်ုပ်အား လိမ်ညာနေသည်ဟု သံသယဝင်နေသလားဟု ကျွန်ုပ် တွေးမိသည်။ ဖခင်ဖြစ်သူသည် စာတစ်စောင်ကို ဖတ်ရှုပြီးနောက် ခေါင်းစဉ်အသစ် တစ်ခုကို စတင်ပြောဆိုလာသည်။
"မင်း နမ်ဂေါင်းမျိုးနွယ်စုနဲ့ ပဋိပက္ခတချို့ ရှိခဲ့တာဆိုတော့ အဲဒီမှာ မင်းရဲ့ စေ့စပ်ထားသူနဲ့လည်း တွေ့ခဲ့လိမ့်မယ်လို့ ငါယူဆတယ်"
"..."
တကယ်တမ်း အရေးကြီးတဲ့ ကိစ္စက... ... စေ့စပ်ထားသူတဲ့လား။ အဲဒီစကားလုံးက ကျွန်ုပ်ကို ကြက်သီးထစေသည်။ ကျွန်ုပ်၏ တုန်ရီနေသော အသံကို ဖုံးကွယ်ရင်း ဖခင်အား မေးမြန်းလိုက်သည်။ "ဒါတွေ ဘယ်လိုဖြစ်ကုန်တာလဲဆိုတာ ကျွန်ုပ် မေးလို့ရမလား"
"ဘာကိုလဲ"
"နမ်ဂေါင်းမျိုးနွယ်စုနဲ့ စေ့စပ်လိုက်တဲ့ ကိစ္စပါ။ အဲဒါ ဘယ်လိုဖြစ်သွားတာလဲဆိုတာ သိချင်လို့ပါ"
ဘယ်လောက်ပဲ စဉ်းစားစဉ်းစား အဲဒါက တကယ်ကို ရုတ်တရက်ဆန်ပြီး ထူးဆန်းလွန်းနေသည်။ ကျွန်ုပ်၏ အတိတ်ဘဝတွင် အိမ်ထောင်ဖက်သစ် ကိစ္စမျိုး မရှိခဲ့ဖူးပေ၊ ထို့အပြင် ၎င်းက နမ်ဂေါင်းမျိုးနွယ်စုနှင့် ဖြစ်နေသည်လား။ ကျွန်ုပ်၏ ခံစားချက်များကို လျစ်လျူရှုကာ ဖခင်ဖြစ်သူက ပြန်ဖြေသည်။
"ဒါက အကြီးအကဲတွေရဲ့ အစည်းအဝေးမှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ပဲ။ မင်းအတွက် ပြဿနာရှိမှာ မဟုတ်ပါဘူး"
"..."
ပြဿနာမရှိဘူး ဟုတ်လား...။ နမ်ဂေါင်းဘီအာ က ဘယ်လိုဖြစ်ပြီး ကျွန်ုပ်ရဲ့ စေ့စပ်ထားသူ ဖြစ်လာရတာလဲ။ ကျွန်ုပ် ပြင်းပြင်းထန်ထန် စဉ်းစားနေစဉ်အတွင်း ဖခင်ဖြစ်သူ ပြောဆိုလိုက်သည်ကို ကြားလိုက်ရသည်။
"ဖုန်းမျိုးနွယ်စုရဲ့ စေ့စပ်ကြောင်းလမ်းမှုမှာ မင်း ပြဿနာတချို့ ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့လိမ့်မယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ မင်း အမှားအယွင်း လုပ်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်"
ကျွန်ုပ် ဤစေ့စပ်မှုကို မနှစ်သက်ကြောင်း သူ သတိထားမိသွားတာလား။ သူ့စကားထဲမှာ ဝှက်ထားတဲ့ အဓိပ္ပာယ်ကို ကျွန်ုပ် သိလိုက်ရသည်... ဒုတိယအကြိမ်တော့ အမှားမခံနဲ့ ဆိုတာပဲ။ ထိုအချက်ကြောင့် ကျွန်ုပ် ပြန်ပြီး စောဒကမတက်နိုင်တော့ပေ။ ကျွန်ုပ် လုပ်နိုင်သည်မှာ ပါးစပ်ပိတ်နေရုံသာ ရှိတော့သည်။
--- ဖတ်... ဖတ်...
သခင်ကြီး၏ အခန်းထဲတွင် စာရွက်များ ခေါက်လိုက် ဖြန့်လိုက်သံများ ထွက်ပေါ်နေပြီး ကျွန်ုပ်မှာမူ သူ၏ နောက်ထပ် စကားကို စောင့်ရင်း တိတ်တဆိတ် ရပ်နေမိသည်။ ဖခင်ဖြစ်သူက ကျွန်ုပ်အား ပြန်ခိုင်းခြင်း မရှိသေးသဖြင့် ပြောစရာ တစ်ခုခု ကျန်နေသေးသည်ဟု အဓိပ္ပာယ်ရသည်။
--- တောက်... တောက်...
၎င်းမှာ သူ စဉ်းစားစရာ တစ်ခုခု ရှိသည့်အခါတိုင်း လက်သူကြွယ်ဖြင့် စားပွဲကို ခေါက်တတ်သည့် သဘာဝ အလေ့အထပင် ဖြစ်သည်။ ဖခင်ဖြစ်သူ၏ ထိုအလေ့အထကို မြင်သောအခါ ကျွန်ုပ် မျက်မှောင်ကြုတ်မိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တွင်လည်း ထိုအလေ့အထမျိုး ရှိနေသောကြောင့်ဖြစ်ပြီး ၎င်းက ကျွန်ုပ်ကို သူနှင့် တူနေစေသော အရာတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။ ဒီလို ဖြစ်ရပ်မျိုး ကြုံတိုင်း ကျွန်ုပ်ဟာ တကယ်ပဲ သူ့သား ဖြစ်နေပါလားဆိုတဲ့ အဖြစ်မှန်က ကျွန်ုပ်ကို ရိုက်ခတ်လေ့ရှိသည်။
"နွေရာသီရဲ့ အလယ်ပိုင်းကို ရောက်တော့မယ်"
ဖခင်ဖြစ်သူ၏ စကားကြောင့် ကျွန်ုပ် အတွေးထဲမှ နိုးထလာရသည်။ သူ ဘာတွေ ရုတ်တရက် ပြောနေတာပါလိမ့်။
"ဟုတ်ကဲ့၊ တကယ်ပဲ နွေရာသီပါပဲ"
ရက်တွေ ကုန်ဆုံးလာတာနဲ့အမျှ ပိုပြီး ပူလာတာကို ကျွန်ုပ် သိပါသည်။ ဒါပေမဲ့ သူက ဘာလို့ အဲဒီအကြောင်းကို ပြောနေရတာလဲ။ နေဦး၊ နွေရာသီ ဟုတ်လား...။
"ဟွာတောင်ရဲ့ သိုင်းပြိုင်ပွဲ မကြာခင် စတော့မယ်"
ဖခင်ဖြစ်သူ၏ စကားကြောင့် ကျွန်ုပ်၏ နှလုံးခုန်သံ မြန်လာသည်။ ဟွာတောင် ဆိုသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ အသက်ရှူရ ခက်ခဲသွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ပြာပုံအတိ ဖြစ်သွားခဲ့သည့် ဟွာတောင်ကို သတိရသွားသောကြောင့် ဖြစ်သည်။
...အဲဒီအကြောင်း မတွေးစမ်းနဲ့။ ကျွန်ုပ် နှလုံးခုန်သံ ငြိမ်သက်သွားအောင် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဖခင်ဖြစ်သူက ကျွန်ုပ်၏ ပုံစံကို ကြည့်ပြီး မေးမြန်းသည်။
"တစ်ခုခု ဖြစ်လို့လား"
"...ဘာမှမဟုတ်ပါဘူး။ ပြိုင်ပွဲက ဘာဖြစ်လို့လဲ"
ဖခင်ဖြစ်သူက ကျွန်ုပ်၏ မေးခွန်းကို ပြန်မဖြေဘဲ သူကိုင်ထားသော စာတစ်စောင်ကို ကျွန်ုပ်အား လှမ်းပေးသည်။ ကျွန်ုပ် စာကို ဂရုတစိုက် ယူပြီး ဖွင့်ဖတ်လိုက်သည်။ ထို့နောက် ၎င်း၏ အကြောင်းအရာကြောင့် မျက်မှောင်ကြုတ်မိသွားသည်။ ကျွန်ုပ် ဖခင်ကို ပြန်ကြည့်လိုက်သည်။
"...ဒါကို ကျွန်ုပ်ကို ဘာလို့ ပေးတာလဲ"
"သူ့ကို ဒီကို ခေါ်ခဲ့ပါ"
"ဒါပေမဲ့ ဘာလို့လဲ..."
"မင်း လုပ်ရမှာမို့လို့"
သူ ဘာတွေ လျှောက်ပြောနေတာလဲ။ ကျွန်ုပ် မျက်မှောင်ကြုတ်ထားသည်ကို မဖုံးကွယ်ဘဲ ဖခင်အား ဆက်လက် မေးမြန်းလိုက်သည်။
"ကျွန်ုပ် စီချွမ် ခရီးစဉ်ကနေ အခုတင် ပြန်ရောက်သေးတယ်ဆိုတာ သိတယ်မလား"
"မင်း ခရီးအတွက် ပြင်ဆင်ဖို့ တစ်ပတ် အချိန်ပေးမယ်"
"ကျွန်ုပ် ငြင်းပိုင်ခွင့် မရှိဘူးလို့ ယူဆရမလား..."
ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတဲ့ အမိန့်လဲ။ ခရီးတစ်ခုကနေ အခုမှ ပြန်ရောက်သေးတာကို နောက်ထပ် ခရီးရှည်ကြီး တစ်ခု ထပ်သွားခိုင်းနေတယ်ပေါ့။ အပူရှိန်ကြောင့် သူ စိတ်ဖောက်ပြန်နေတာလားလို့တောင် ကျွန်ုပ် တွေးမိသည်၊ ဒါပေမဲ့ မီးလျှံသိုင်းပညာကို လေ့ကျင့်နေတဲ့ သူတစ်ယောက်အတွက် အဲဒါက မဖြစ်နိုင်သလောက်ပါပဲ... မဟုတ်ဘူးလား။ သူ့စိတ်ကူးတွေ ပြောင်းသွားတာလား။ ဂူမျိုးနွယ်စုဟာ တိုက်ရိုက်ဆင်းသက်လာတဲ့ မိသားစုဝင်တွေကို အပြင်လောကသို့ အလွယ်တကူ ထွက်ခွာခွင့် ပေးလေ့မရှိတဲ့ မျိုးနွယ်စု ဖြစ်သည်။ ဂူဟွီဘီ ကတော့ လူတိုင်းက သတိထားမိလောက်အောင် ထူးချွန်လွန်းသဖြင့် ချွင်းချက်ဖြစ်ခဲ့သည်။
ဒါပေမဲ့ ကျွန်ုပ်ကတော့ မတူပေ။ မျိုးနွယ်စုရဲ့ သားဖြစ်သူ တစ်ယောက်အနေနဲ့ အပြင်လောကကို ခရီးထွက်တာက သိပ်တော့ မဆန်းသော်လည်း အပြင်ပန်းမှာ ကျွန်ုပ်က ငယ်လွန်းနေသေးပြီး မျိုးနွယ်စုရဲ့ သခင်လေးတောင် မဖြစ်သေးဘဲနဲ့ အပြင်လောကကို အခုလို လွယ်လွယ်ကူကူ လွှတ်လိုက်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ကျွန်ုပ် မသိတော့ပေ။ ထို့ပြင် ကျွန်ုပ် အပြင်လောကမှာ ရှိနေတာကို လူအများကြီးက ကြိုက်ကြမယ်လို့လည်း ကျွန်ုပ် မထင်ပေ။ ဖခင်က ကျွန်ုပ်အပေါ် အဲဒီလိုပဲ ထင်မြင်နေတယ်လို့ ကျွန်ုပ် ထင်ခဲ့တာ၊ ဒါပေမဲ့ သူက အခုလို ခရီးဝေးကြီးကို သွားခိုင်းနေတယ်ပေါ့။
"ဖခင်၊ ဒါတောင်မှ ဟွာတောင်အထိ သွားခိုင်းတာက နည်းနည်း များမနေဘူးလား-"
"မင်း မသွားချင်ရင် မသွားလည်း ရပါတယ်"
"အော်... ဒါဆိုရင် ကျွန်ုပ် မသွားတော့-"
"ဒါပေမဲ့ မင်း သွားမယ်ဆိုရင် မျိုးနွယ်စုရဲ့ လျှို့ဝှက်ခန်းထဲက 'ကောင်းကင်နတ်သုခ ဆေးလုံး' ကို ဆုလာဘ်အဖြစ် ပေးမယ်"
"-ဒါပေါ့၊ မျိုးနွယ်စုရဲ့ သားတစ်ယောက်အနေနဲ့ သွားရမှာပေါ့၊ အခုပဲ ထွက်သွားရမလား"
သူပြောလိုက်တဲ့ ဆေးလုံးကြောင့် ကျွန်ုပ် မတော်တဆပင် သဘောတူလိုက်မိသည်...။
...ကျွန်ုပ် တကယ်ပဲ အဲဒီလောက်အထိ အခွင့်အရေးသမား ဖြစ်နေတာလား။ အနည်းငယ် မျက်မှောင်ကြုတ်သွားသော ဖခင်ဖြစ်သူကို ကြည့်ပြီး ကျွန်ုပ် အနည်းငယ် အားနာမိသွားသည်။ ဒါပေမဲ့ ကောင်းကင်နတ်သုခ ဆေးလုံးနဲ့ လဲရမယ့် ခရီးစဉ်ဆိုတာက တကယ်ကို တန်လွန်းတဲ့ အပေးအယူတစ်ခု ဖြစ်သည်။ ၎င်းမှာ ဆိုရင်မျိုးနွယ်စုရဲ့ စိုဟွာဆေးလုံးပြီးရင် ဒုတိယအကောင်းဆုံး ဆေးဖြစ်ပြီး စားသုံးလိုက်သည်နှင့် အနှစ် (၂၀) ကြာ လေ့ကျင့်ထားသည့် ချီ ပမာဏကို ရရှိစေမည် ဖြစ်သည်။ ဖခင်ဖြစ်သူမှာ ထိုဆေးလုံးကို ဆုအဖြစ်ပေးရန် မျိုးနွယ်စု၏ လျှို့ဝှက်ခန်းကို ဖွင့်ဖို့အထိ အတည်ပေါက် ပြောနေခြင်းဖြစ်သည်။
ကျွန်ုပ်၏ ချီမှာ ယခင်ခရီးစဉ်ကြောင့် တိုးတက်လာခဲ့သော်လည်း လက်တွေ့တွင် ထိုမျှလောက် များပြားလှခြင်း မရှိသေးပေ၊ ယခင်က ကျွန်ုပ် ပိုင်ဆိုင်ခဲ့သော ချီ ပမာဏက အလွန်နည်းလွန်းနေသောကြောင့်သာ အများကြီး တိုးလာသလို ထင်ရခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ကျွန်ုပ်၏ ရုပ်ပိုင်းဆိုင်ရာရော ချီ ပမာဏပါ အားနည်းနေသေးသည်မှာ အမှန်ပင်။
"...ခရီးအတွက် ပြင်ဆင်ဖို့ တစ်ပတ် အချိန်ပေးမယ်လို့ ပြောခဲ့တယ်မလား"
ကျွန်ုပ်မှာ ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေသောကြောင့် ထိုအချိန်မှာ မလုံလောက်ဟု ခံစားရသည်။
"အချိန် ထပ်လိုသေးလား"
"ရက်ပေါင်း (၁၀) ရက် ကြာပြီးမှ ထွက်သွားလို့ ရမလား"
ဖခင်ဖြစ်သူက ကျွန်ုပ်၏ တောင်းဆိုမှုကို ခေါင်းညိတ်သည်။ ထို့နောက် သူသည် စာများကို ပြန်လည်ဖတ်ရှုနေပြန်သည်။ သူ ဖတ်စရာ စာတွေ ဘယ်လောက်တောင် များနေတာလဲ။ ၁၀ ရက်ပေါ့။ ကံကောင်းထောက်မစွာဖြင့် သူက ကျွန်ုပ်ကို ခွင့်ပြုခဲ့သည်။ ရှန်းရှီး မှာ နေဖို့ ၁၀ ရက် အချိန်ရှိသေးသည်၊ ခရီးရှည်ကြီးက ပြန်ရောက်တာ မကြာသေးဘဲ ထပ်ထွက်ရမှာက စိတ်ပျက်စရာ ကောင်းသော်လည်း ကောင်းကင်နတ်သုခ ဆေးလုံးအတွက်ဆိုရင်တော့ တန်ပါသည်။ ဖခင်ဖြစ်သူက အခုလို အလုပ်မျိုးအတွက် ကောင်းကင်နတ်သုခ ဆေးလုံးကို အသုံးပြုတာက နည်းနည်းတော့ ထူးဆန်းသည်။ သူက ဒီလိုကိစ္စမျိုးမှာ လိမ်မှာ မဟုတ်ပေမဲ့၊ ဒါက တကယ်ပဲ အဲဒီလောက်အထိ အရေးကြီးတဲ့ အလုပ်မို့လို့လား။
ကျွန်ုပ် မတ်တတ်ရပ်ပြီး စဉ်းစားနေစဉ်မှာပင် ဖခင်ဖြစ်သူက တံခါးဘက်သို့ ရုတ်တရက် ညွှန်ပြလိုက်သည်။
"မင်း သွားလို့ရပြီ။ အခုသွားပြီး နားတော့"
"ဟုတ်ကဲ့"
ဤနေရာတွင် ရှိနေရသည်မှာ စိတ်မသက်မသာ ဖြစ်သဖြင့် ထွက်ခွာခွင့်ရခြင်းအပေါ် စိတ်သက်သာရာ ရမိသည်။ သို့သော် ၎င်းမှာ ဟာမွန်ဂိုဏ်းသို့ ချက်ချင်း သွားရမည်ဟု အဓိပ္ပာယ်ရပြီး ထိုအပြင် ကျွန်ုပ်၏ လေ့ကျင့်မှုများကိုလည်း ဆက်လုပ်ရဦးမည် ဖြစ်သည်။ ဟွာတောင် ဟုတ်လား။ ဇီးပန်းလေးတွေ လှလှပပ ပွင့်လန်းနေခဲ့တဲ့ အမှတ်ရစရာတွေ ကျွန်ုပ်မှာ ရှိခဲ့သည်။ ပြီးတော့ အဲဒါတွေ အားလုံး ပြာပုံဖြစ်သွားခဲ့တဲ့ အမှတ်ရစရာတွေလည်း ရှိခဲ့သည်။ ကျွန်ုပ်မှာ ဟွာတောင်ကို ခြေချခွင့် တကယ်ပဲ ရှိပါ့မလား။
အဲဒီအကြောင်း မတွေးစမ်းနဲ့။ ဒါက မကောင်းဘူး။ စဉ်းစားနေရင် အဆုံးရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဘဝမှာတော့ အဲဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး။ အမြဲတမ်းလိုပဲ လျှို့ဝှက်ချက်တွေကို ကျွန်ုပ် တစ်ယောက်တည်း သိမ်းထားရုံပါပဲ။ ကျွန်ုပ် လုပ်ရမှာက အမိန့်ကို လိုက်နာဖို့ပဲ။ ကျွန်ုပ်အား ပေးအပ်ထားသည့် တာဝန်အပေါ်မှာပဲ အာရုံစိုက်တာက ပိုကောင်းပါလိမ့်မည်။ အခန်းထဲက ထွက်လာပြီးနောက် ဖခင်နှင့် ကျွန်ုပ် ပြောခဲ့သမျှကို ပြန်လည် စုစည်းကြည့်လိုက်သည်။ အထူးသဖြင့် ကျွန်ုပ်၏ တာဝန်ဖြစ်သော ဟွာတောင်၏ အငယ်ဆုံးလေးကို ဂူမျိုးနွယ်စုဆီ ခေါ်ဆောင်လာရမည့် အကြောင်းအရာပင် ဖြစ်သည်။
ကျွန်ုပ်၏ နေရာသို့ ပြန်ရောက်သောအခါ ဒုတိယအကြီးအကဲနှင့် ဂူဟွီဘီ တို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။ အဲဒီလောက် ပြဿနာတွေ ရှာပြီးတော့ ဘယ်လိုတောင် အခုလို ပျောက်ကွယ်သွားရတာလဲ။ ဒါပေမဲ့လည်း အေးအေးချမ်းချမ်း နေခွင့်ရတာမို့ ကျေးဇူးတင်မိပါသည်။ အဝတ်အစားလဲရန် ကျွန်ုပ်၏ အခန်းသို့ ဦးတည်သွားသောအခါ တံမြက်စည်း ကိုင်ထားသည့် ဓားဧကရာဇ် ကို တွေ့လိုက်ရသည်။ ကျွန်ုပ်ကို သတိထားမိသွားသော ဓားဧကရာဇ်က ရိုသေစွာဖြင့် ဦးညွှတ်နှုတ်ဆက်သည်။
...မတွေ့ရတာ ကြာပြီပဲ၊ သူ့ရဲ့ အဲဒီလို ပုံစံက ကျွန်ုပ်ကို အမြဲတမ်း စိတ်မသက်မသာ ဖြစ်စေသည်။
"ရှုံ့... ရှုံ့..."
...ဟင်...။ ထူးထူးခြားခြား ရင်းနှီးနေတဲ့ ငိုသံကြားရာကို ကြည့်လိုက်တော့ ဝီဆောအာ က ဒူးထောက်ပြီး လက်မြှောက်ကာ အပြစ်ပေးခံနေရတာကို တွေ့လိုက်ရသည်။ ဂူဟွီဘီ က ကျွန်ုပ်ကို ယခင်က အပြစ်ပေးခဲ့တဲ့ ပုံစံအတိုင်းပင် ဖြစ်သည်။
"သူ ဘာလုပ်လို့ အဲဒီလို အပြစ်ပေးခံနေရတာလဲ..."
သူမရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျနေသည်။ ထိုသို့ ဖြစ်နေသော်လည်း ဓားဧကရာဇ်က ငိုနေသည့် ဝီဆောအာ ကို ဂရုစိုက်ပုံမရဘဲ ထိုနေရာကို ဆက်လက် သန့်ရှင်းရေး လုပ်နေသည်။ သူမ ဘာကြောင့် အပြစ်ပေးခံနေရသလဲဆိုတာကို ခဏလောက် စဉ်းစားကြည့်ပြီးနောက် အဖြေကို ချက်ချင်း သိလိုက်ရသည်။ ဩော်... ဟုတ်သားပဲ၊ သူမ ကျွန်ုပ်နောက်ကို စီချွမ်အထိ တိတ်တဆိတ် လိုက်ခဲ့တာပဲ။ ဘာမှမပြောဘဲ တစ်လလုံး ပျောက်နေခဲ့လို့ အပြစ်ပေးခံနေရပုံရသည်။
"သခင်လေးရေ..."
သွားပြီ၊ သတိမထားမိအောင် ကျော်သွားဖို့ ကြိုးစားနေတုန်း ဝီဆောအာ ရဲ့ အကြည့်နဲ့ ဆုံသွားသည်။ ဝီဆောအာ က ကျွန်ုပ်ကို ကူညီပါဦးဆိုတဲ့ အကြည့်နဲ့ ကြည့်နေပေမဲ့ ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်ပေ။ ...ထွက်ပြေးတာပဲ အကောင်းဆုံး ဖြစ်လိမ့်မည်။ အပြစ်ပေးနေသူက ဓားဧကရာဇ် ဖြစ်နေတာကြောင့် ဒါက ကျွန်ုပ် ဝီဆောအာ ကို ကူညီပေးနိုင်တဲ့ ကိစ္စမဟုတ်ပေ။
"...ဟို၊ ညဘက်ဆိုရင် အေးလာလိမ့်မယ်၊ ဒါကြောင့် ပြီးရင် အနားယူလိုက်ပါဦး"
ဒါတောင်မှ တစ်ခုခု ပြောရမယ်လို့ ခံစားမိတာကြောင့် ဓားဧကရာဇ်ကို လှမ်းပြောလိုက်သည်။ ဓားဧကရာဇ်က ကြင်နာတဲ့ အပြုံးနဲ့ ပြန်ဖြေသည်။
"ဟုတ်ကဲ့ပါ၊ သခင်လေးရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
"...ဘာမှမဟုတ်ပါဘူး"
ညဘက်အေးတာ ဘာညာဆိုတာကလည်း လျှောက်ပြောလိုက်တာပါ၊ အခုက နွေရာသီလေ။ သူမကို ကယ်တင်ဖို့ ကျွန်ုပ်ရဲ့ ဆိုးရွားတဲ့ ကြိုးပမ်းမှုကြောင့် ဝီဆောအာ က မှင်တက်သွားပုံရသည်။
"သခင်လေးရေ!"
"ဟဲ့ ဟဲ့! အပြစ်ပေးခံနေရတာကို ဘယ်လိုဖြစ်လို့ အသံကို မြှင့်နေတာလဲ!"
ဓားဧကရာဇ်ရဲ့ အပြစ်ပေးမှုအောက်မှာ ဝီဆောအာ က ခွေးကလေးတစ်ကောင်လို ငိုယိုနေတော့သည်။ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်ုပ်လည်း ဘာမှမတတ်နိုင်ဘူး၊ ပြီးတော့ ဒါက နောက်ဆုံးတော့ မင်းရဲ့အမှားပဲဆိုတော့ သည်းခံလိုက်ပါဦး...။ ကျွန်ုပ် ထိုနေရာမှ ထွက်လာပြီး အခန်းထဲသို့ ခိုးဝင်လိုက်သည်။ ဝီဆောအာ က အပြင်ကနေ ကျွန်ုပ်ကို လှမ်းခေါ်နေသော်လည်း နားကို ပိတ်ထားလိုက်သည်။ ကျွန်ုပ် ကုတင်ပေါ်မှာ လှဲပြီး ပင်ပန်းသမျှကို အိပ်စက်အနားယူချင်ရုံသာ ရှိတော့သည်။ စေ့စပ်တဲ့ ကိစ္စတွေ၊ ပြီးတော့ ဂူဟွီဘီ ရဲ့ ရှိနေမှုတွေကြောင့် ဒီနေ့ တစ်နေ့လုံး အားအင်တွေ အများကြီး ကုန်ဆုံးခဲ့ရသည်။ အခု အိပ်ပျော်သွားရင်တောင် အဆင်ပြေပါတယ်၊ ဘာပဲဖြစ်ဖြစ် အခုက ညဘက် ရောက်တော့မှာပဲလေ။
ကျွန်ုပ် အနားယူဖို့ ကြိုးစားနေစဉ်မှာပင် တံခါးအပြင်ဘက်က လူတစ်ယောက်ရဲ့ ရှိနေမှုကို ခံစားလိုက်ရသည်။
"သခင်လေး၊ ကျွန်မ ဟုန်းဝါ ပါ"
"ဘာကိစ္စလဲ"
"ညစာ စားချင်သလားလို့ လာမေးတာပါ"
"...ဩော်၊ အခုလောလောဆယ် စားချင်စိတ် မရှိသေးလို့၊ မစားတော့ဘူး"
ကျွန်ုပ် စကားကြောင့် အစေခံ ထွက်သွားသည်။ ဖက်ထုပ်တချို့ စားဖို့ စဉ်းစားမိသော်လည်း တကယ်ပဲ စားချင်စိတ် မရှိပေ။ အိပ်ပဲ အိပ်ချင်တော့သည်။ သန်းခေါင်ယံ လေ့ကျင့်မှု ပြီးမှပဲ အစားတစ်ခုခု စားတော့မည်။ သို့သော်လည်း အစေခံကို လွှတ်လိုက်ပြီး နာရီဝက်တောင် မပြည့်ခင်မှာတင် ကျွန်ုပ်၏ ဆုံးဖြတ်ချက်ကို နောင်တရလာတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် ကောင်းကောင်း အိပ်မောကျနေစဉ်မှာပင် တစ်စုံတစ်ယောက်က ကျွန်ုပ်၏ အခန်းထဲသို့ ဇွတ်အတင်း ဝင်လာသောကြောင့် ဖြစ်သည်။
"မောင်လေး! မင်း ညစာ မစားဘူးဆိုတာ ဟုတ်လား!?"
လက်ထဲမှာ ဖက်ထုပ်တစ်လုံးကို ကိုင်ထားတဲ့ ဂူဟွီဘီ ဖြစ်နေလေသည်။