အခန်း (၄၁) ဓားဗီးနစ်(၁)
နမ်ဂေါင်းမျိုးနွယ်စု။ သမ္မာဂိုဏ်း၏ ထောက်တိုင်တစ်ခုအဖြစ် ရပ်တည်နေပြီး မျိုးနွယ်ကြီးလေးစု၏ နှလုံးသားဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် ကျော်ကြားသော ဓားမျိုးနွယ်စုကြီးဖြစ်သည်။ သွေးမိစ္ဆာသည် ကမ္ဘာလောကကြီးပေါ်သို့ သွေးစွန်းသော ဘေးဒုက္ခများ သယ်ဆောင်လာချိန်တွင် ထိုသွေးမိစ္ဆာကို နှိမ်နင်းသုတ်သင်ခဲ့သူမှာ ထိုစဉ်က နမ်ဂေါင်းမျိုးနွယ်စု၏ အကြီးအကဲဖြစ်သူ နမ်ဂေါင်းဂျူချွန်းပင် ဖြစ်သည်။ ဓားဧကရာဇ် စိုးစံခြင်းမပြုမီ အချိန်အထိ နမ်ဂေါင်းမျိုးနွယ်စုသည် ကမ္ဘာပေါ်တွင် အတောင့်တင်းဆုံး ဓားသမားများ စုဝေးရာအဖြစ် လူသိများခဲ့သည်။
လတ်တလောတွင် မျိုးနွယ်စု၏ လက်ရှိအကြီးအကဲဖြစ်သူ 'ပြာလွင်သော ကောင်းကင်ဓား' နမ်ဂေါင်းဂျင်သည် သူ၏သားဖြစ်သူနှင့် စကားပြောနေသည်။
"မင်းအမေကို ကောင်းကောင်းစောင့်ရှောက်ပါလို့ ငါမှာလိုက်ပါလျက်နဲ့ အစောင့်အရှောက်ကိုပါ ဆုံးရှုံးပြီး ပြန်လာရတယ်လို့"
မိမိထက် ငယ်ရွယ်သူကို စိန်ခေါ်ရုံတင်မကဘဲ ရှုံးနိမ့်ခဲ့သည့်အပြင် သတ်ရန်ပါ ကြိုးစားခဲ့သေးသည်။ ထို့ပြင် လက်နှစ်ဖက်စလုံး ကျိုးလျက်ဖြင့် ပြန်လာခဲ့ရသည်။ ဤသူသည် ငါ့သားဖြစ်နေရသည်မှာ...။
သို့သော် လက်ရှိတွင် ပိုမိုကြီးမားသော ပြဿနာမှာ;
"မာချော..."
နမ်ဂေါင်းဂျင် အမည်ဖြင့် မှတ်မိနေသော သိုင်းပညာရှင် အနည်းငယ်သာ ရှိသည်။ အကြောင်းမှာ ပါရမီထူးချွန်သော သိုင်းပညာရှင်များမှာ များပြားလွန်းသောကြောင့် ဖြစ်သည်။
'သူက အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့ သိုင်းသမားတစ်ယောက်ပဲ'
အစောင့်အရှောက်အဖြစ် တာဝန်ယူခဲ့သော သိုင်းသမား မာချောသည် 'ပြာလွင်သော လေညင်းဓား' ဟူသော ဘွဲ့ထူးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ထိုအမည်မှာ နမ်ဂေါင်းဂျင် မှတ်မိနေသော အမည်တစ်ခု ဖြစ်သည်။ ထိုမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသူ အနည်းငယ်သာ ရှိပြီး သူသည် အလားအလာကောင်းသော အနာဂတ်ရှိသူဟု ထင်ရသည်။ သို့သော် ထိုသူသည် ရုတ်တရက် ပျောက်ဆုံးသွားရသည်လား။
နမ်ဂေါင်းဂျင်သည် ဤအခြေအနေကို နားမလည်နိုင်ဖြစ်နေသည်။
"လောကမှာ နာမည်တောင် မကျော်သေးတဲ့ လူငယ်လေးတစ်ယောက်ကို ရှုံးနိမ့်ခဲ့ရုံနဲ့တင် အထွတ်အထိပ်အဆင့် သိုင်းသမားတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာလား"
နမ်ဂေါင်းချွန်ဂျွန်သည် နမ်ဂေါင်းဂျင်၏ မေးခွန်းကို မည်သို့မျှ ပြန်မဖြေနိုင်ဘဲ သွားကိုသာ တင်းတင်းကြိတ်ထားမိသည်။ ဖြစ်ပျက်ခဲ့သမျှကို သူကိုယ်တိုင်ပင် နားမလည်နိုင် ဖြစ်နေရသည်။
ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။
ဤမစ်ရှင်သည် ရက်အနည်းငယ် ကြာနိုင်ကြောင်း နမ်ဂေါင်းချွန်ဂျွန် နားလည်ထားသည်။ အကြောင်းမှာ ဒေါသအလျောက် မာချောကို ခိုင်းစေခဲ့သော်လည်း ၎င်းသည် ပြီးမြောက်ရန် ခက်ခဲသော မစ်ရှင်တစ်ခုဖြစ်ကြောင်း သူသိသည်။ သို့သော်လည်း မာချောက အခွင့်အရေးရပြီဖြစ်၍ ပြန်လာခဲ့မည်ဟု နမ်ဂေါင်းချွန်ဂျွန်အား ပြောခဲ့သည်။ မာချော ထိုသို့ပြောပြီးနောက် မစ်ရှင်တစ်ခုကို မအောင်မြင်ဘဲ ပြန်လာသည်ကို သူတစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ထို့ကြောင့် နမ်ဂေါင်းဘီအာက ဂူမျိုးနွယ်စု၏ သခင်လေးအား နှုတ်ဆက်ချင်သည်ဟု ပြောလာသောအခါ သူက ဘာမှမပြောဘဲ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် သူသည် အသက်ရှင်နေစရာ အကြောင်းမရှိတော့ဟု ယူဆထားသောကြောင့်ပင်။
ထိုသို့သာ ဖြစ်သင့်သည်...။
သို့သော် နမ်ဂေါင်းဘီအာ ပြန်ရောက်လာသောအခါ ဂူမျိုးနွယ်စု သခင်လေးအား နှုတ်ဆက်ခဲ့ကြောင်း သူမက ပြောပြသည်။ သူသည် ဘေးမသီရန်မခ ရှိနေပြီး ထို့ကြောင့်ပင် နှုတ်ဆက်ပြီးနောက် မျိုးနွယ်စုဆီသို့ ချက်ချင်း ပြန်လာခဲ့ကြခြင်း ဖြစ်သည်။
ဒါဆို... မာချောကရော။ နမ်ဂေါင်းချွန်ဂျွန်၏ ကိုယ်ရံတော် မာချော ဘာဖြစ်သွားသနည်း။ အသတ်ခံလိုက်ရတာလား။ နမ်ဂေါင်းချွန်ဂျွန်၏ စိတ်ထဲတွင် ထိုအချက်မှာ မဖြစ်နိုင်ဟု ထင်နေသည်။ မာချောသည် အထွတ်အထိပ်အဆင့် သိုင်းသမားတစ်ဦး ဖြစ်သည်။ သိုင်းသမားတစ်ယောက် ပထမတန်းစားအဆင့်မှ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းရန်မှာ မွေးရာပါပါရမီ လိုအပ်သည်။ ၎င်းမှာ သာမန်သိုင်းသမားများ မည်မျှပင် လေ့ကျင့်စေကာမူ မရောက်ရှိနိုင်သော အဆင့်တစ်ခု ဖြစ်သည်။
နမ်ဂေါင်းချွန်ဂျွန်သည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသော သိုင်းသမားများအကြောင်းကို ဤမျှလောက်တော့ သိထားသည်။ မာချောသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိကြောင်း အသိအမှတ်ပြုခံထားရသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူသည် ဒုတိယတန်းစားအဆင့်မျှသာ ရှိသော တစ်စုံတစ်ယောက်ကို ရှုံးနိမ့်သွားသည်ဟူသော အတွေးမှာ လုံးဝ မဖြစ်နိုင်သောအရာပင်။
ချုံခိုတိုက်ခိုက်ခံရတာလား။ ဒါမှမဟုတ် ဒီလိုဖြစ်မယ်ဆိုတာကို သူတို့ ကြိုသိနေတာလား။ ဒါပေမဲ့ သူက ဘယ်လိုလုပ် အစောကြီးကတည်းက သိနိုင်မှာလဲ။ ပြီးတော့ မာချော ဒီလိုမျိုး ပျောက်ကွယ်သွားအောင် သူတို့ ဘာတွေလုပ်လိုက်ကြတာလဲ။
မည်သို့ပင်ဖြစ်စေ၊ အခြေအနေမှာ နမ်ဂေါင်းချွန်ဂျွန်အတွက် မကောင်းလှသည်မှာ အမှန်ပင်။ မိမိ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် တိုက်ရိုက်အစောင့်အရှောက်ကို ဆုံးရှုံးလိုက်ရခြင်းမှာ ကြီးမားသော ပြဿနာဖြစ်သည်။ ထို့ပြင် ဂူယန်ချွန်းသည် သူ၏ လုပ်ရပ်များကို သိသွားပြီဟု နမ်ဂေါင်းချွန်ဂျွန် တွေးမိသည်။
အဲ့ဒီအကောင်။ ဂူယန်ချွန်းကို တွေးမိသည်နှင့် သူ၏အတွင်းစိတ်တွင် ဒေါသများ ပွက်ပွက်ဆူလာသည်။ သူ အကန်ခံလိုက်ရသော နေရာနှင့် ကျိုးသွားသော လက်မှာ ကုသပြီးဖြစ်သော်လည်း နမ်ဂေါင်းချွန်ဂျွန်၏ ရင်ထဲမှ အာဃာတများမှာ ကျန်ရှိနေဆဲဖြစ်သည်။
"ချွန်ဂျွန်"
"... ဟုတ်ကဲ့၊ အဖေ"
နမ်ဂေါင်းဂျင်သည် နမ်ဂေါင်းချွန်ဂျွန်ထံသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ နမ်ဂေါင်းချွန်ဂျွန် မျက်လုံးကို တင်းတင်းပိတ်ထားလိုက်သည်။ နမ်ဂေါင်းဂျင်သည် သူ၏ သွေးသားရင်းချာများအပေါ် မည်သည့်အခါမျှ လက်ပါလေ့မရှိပေ။ သူသည် နားသို့သာ တိုးကပ်လာသည်။
နမ်ဂေါင်းမျိုးနွယ်စု၏ တိုက်ရိုက်သွေးနှောသူများသည် ပတ်ဝန်းကျင်ကို ဖိအားပေးနိုင်သော စွမ်းရည်များကို ပိုင်ဆိုင်ထားကြပြီး ထိုစွမ်းရည်မှာ သိုင်းပညာ တိုးတက်လာလေလေ ပိုမိုအားကောင်းလာလေလေဖြစ်သည်။ အထွတ်အထိပ်အရှင်သခင် သုံးပါးမှလွဲ၍ အားအကောင်းဆုံးဟု ကျော်ကြားသော နမ်ဂေါင်းမျိုးနွယ်စု အကြီးအကဲအတွက်မူ ပြောနေစရာပင် မလိုတော့ပေ။
နမ်ဂေါင်းအကြီးအကဲသည် သူတို့ကြားမှ အကွာအဝေးကို ဖြည်းညှင်းစွာ လျှော့ချလိုက်သည်နှင့်အမျှ ဤစွမ်းအားသည်လည်း ထွက်ပေါ်လာသည်။ သူ ခြေတစ်လှမ်း တိုးလာတိုင်း နမ်ဂေါင်းချွန်ဂျွန်မှာ အသက်ရှူရန် ပိုမိုခက်ခဲလာသည်။
"အု..."
နမ်ဂေါင်းချွန်ဂျွန်သည် ထိုဖိအားကြောင့် နာကျင်စွာ ညည်းညူလိုက်မိသည်။
"ငါ မင်းအပေါ် စိတ်ပျက်မိတယ်။ မင်းထက် ငယ်တဲ့လူငယ်ကို ရှုံးခဲ့လို့လည်း မဟုတ်ဘူး၊ သူ့ကို သတ်ဖို့ ကြိုးစားခဲ့လို့လည်း မဟုတ်ဘူး"
သူ့အဖေက ဘာကြောင့် စိတ်ပျက်ရသလဲဆိုသည်ကို နမ်ဂေါင်းချွန်ဂျွန် သိသည်။ ၎င်းမှာ သူငယ်စဉ်ကတည်းက သင်ကြားလာခဲ့သော အရာဖြစ်သည်။
"ကိုယ့်အမှိုက်ကိုယ် ပြောင်အောင် မရှင်းနိုင်ခဲ့လို့ မင်းကို ငါစိတ်ပျက်တာ"
နမ်ဂေါင်းချွန်ဂျွန်သည် မိမိအား ဖိနှိပ်ထားသော ဖိအားကြောင့် အန်ချင်လာသော်လည်း အတတ်နိုင်ဆုံး ထိန်းထားလိုက်သည်။ အကယ်၍ သူသာ ထိုနေရာတွင် အန်ချလိုက်ပါက ဖခင်ဖြစ်သူ၏ ဒေါသမှာ ပိုမိုကြီးထွားလာမည်ကို သိနေသည်။
နမ်ဂေါင်းမျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် မိမိ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်။ ၎င်းမှာ နမ်ဂေါင်းချွန်ဂျွန် အဓိကထားသောအရာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ၏ ဂုဏ်သိက္ခာကို ထိပါးလာလျှင် မည်သို့ပင်ဖြစ်စေ ထိုသူကို ဖယ်ရှားပစ်ရန်မှာ နမ်ဂေါင်းမျိုးနွယ်၏ နည်းလမ်းပင် ဖြစ်သည်။
"အပြစ်ပေးတဲ့အနေနဲ့ မင်းကို သုံးလကြာ အကျဉ်းချထားမယ်။ ကန့်ကွက်စရာ ရှိသေးလား"
"မ-မရှိပါဘူး၊ အဖေ..."
နမ်ဂေါင်းချွန်ဂျွန်၏ အဖြေအပြီးတွင် ထိုဖိအားများ ပျောက်ကွယ်သွားသည်။ ထို့နောက် နမ်ဂေါင်းဂျင်က အသက်ရှူရန် ရုန်းကန်နေရဆဲဖြစ်သော နမ်ဂေါင်းချွန်ဂျွန်အား မေးလိုက်သည်။
"ဂူမျိုးနွယ်စုလို့ မင်းပြောခဲ့တယ်နော်"
"... ဟုတ်ကဲ့ပါ၊ အဖေ"
ကျားစစ်သည်တော်က အကြီးအကဲအဖြစ် အုပ်ချုပ်သော ဂူမျိုးနွယ်စု... နမ်ဂေါင်းဂျင်သည် နမ်ဂေါင်းချွန်ဂျွန်၏ အဖြေကို ကြားပြီးနောက် ထူးဆန်းသော မျက်နှာအမူအရာ ဖြစ်သွားသည်။ ၎င်းမှာ နမ်ဂေါင်းချွန်ဂျွန် တစ်ခါမျှ မမြင်ဖူးသော ဖခင်ဖြစ်သူ၏ မျက်နှာပေးမျိုး ဖြစ်သည်။
"... မျိုးနွယ်စုတွေ အများကြီးထဲကမှ ဂူမျိုးနွယ်စု ဖြစ်နေရတယ်လား"
ထိုသို့ပြောပြီးနောက် နမ်ဂေါင်းဂျင်သည် လှည့်ထွက်သွားပြီး အကြီးအကဲ၏ အခန်းအနီးတွင် ချိတ်ဆွဲထားသော အလံထံသို့ လျှောက်သွားသည်။ ထိုအလံပေါ်တွင် 'နမ်ဂေါင်း' ဟူသော စာလုံးကို ရှင်းလင်းစွာ ရေးထိုးထားသည်။
ခဏမျှ စဉ်းစားပြီးနောက် နမ်ဂေါင်းဂျင်က နမ်ဂေါင်းချွန်ဂျွန်အား ပြောလိုက်သည်။
"အခုကစပြီး ဂူမျိုးနွယ်စုနဲ့ ပတ်သက်သမျှ အကုန်လုံးကို မေ့လိုက်တော့"
"အဖေ...?"
ဒါဟာ ပထမဆုံးအကြိမ်ပင်။ တစ်စုံတစ်ခုကို မေ့ပစ်ရန် သူ့အဖေက ပြောလာခြင်းဖြစ်သည်။ ရန်ကြွေးများကို မည်သည့်အခါမျှ မမေ့ရန် တစ်သက်လုံး သင်ကြားလာခဲ့သော်လည်း ယခုမူ သူ၏ သင်ကြားမှုများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
"နောက်ပိုင်း မင်းမျိုးနွယ်စု အကြီးအကဲ ဖြစ်လာတဲ့အခါ သိလာလိမ့်မယ်။ အဲ့ဒီအချိန်အထိ ဂူမျိုးနွယ်စုကို သွားမရှုပ်နဲ့"
"... ဟုတ်ကဲ့ပါ၊ အဖေ"
နောက်ဆုံးတွင် နမ်ဂေါင်းချွန်ဂျွန်သည် နမ်ဂေါင်းဂျင်၏ အမိန့်ကို မလွန်ဆန်နိုင်တော့ပေ။ နမ်ဂေါင်းချွန်ဂျွန် လုပ်နိုင်သည်မှာ ဖခင်၏ စကားကို ခေါင်းညိတ်ဝန်ခံရန်သာ ရှိတော့သည်။
"မကြာခင်မှာ ငါတို့က သူတို့နဲ့ တစ်သားတည်း ဖြစ်လာနိုင်လို့ပဲ"
ခဏမျှ နမ်ဂေါင်းချွန်ဂျွန်သည် ဖခင်၏ စကားကြောင့် မှင်တက်သွားသည်။ ထိုစကား၏ ဆိုလိုရင်းကို သူ နားမလည်နိုင် ဖြစ်နေရသည်။
"ဘာ... ဘာကို ဆိုလိုတာလဲ အဖေ"
"မင်းအစ်မက မျိုးနွယ်စုတစ်ခုနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ပြီ"
"အဖေ!?"
နမ်ဂေါင်းချွန်ဂျွန် အမှတ်မထင် အသံကျယ်သွားမိသည်။ နမ်ဂေါင်းဂျင်၏ ပြင်းထန်သော စိုက်ကြည့်မှုကြောင့် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ရသော်လည်း အခုလေးတင် ကြားလိုက်ရသော သတင်းမှာ နမ်ဂေါင်းချွန်ဂျွန်အတွက် လက်ခံနိုင်ရန် ရုတ်တရက် ဆန်လွန်းနေသည်။
သူမ၏ အမည်မှာ လောကတွင် မကျော်ကြားသေးသော်လည်း သူမသည် မျိုးနွယ်စုဝင်အားလုံးထဲတွင် မွေးရာပါပါရမီ အကောင်းဆုံး အမျိုးသမီးတစ်ဦး ဖြစ်သည်။ နမ်ဂေါင်းချွန်ဂျွန်၏ လှပပြီး ပြီးပြည့်စုံသော အစ်မ။ နမ်ဂေါင်းမျိုးနွယ်စု၏ ပန်းကလေး။ အကယ်၍ သူ၏အစ်မသာ ပြင်ပလောကတွင် ပိုမိုလှုပ်ရှားခဲ့ပါက လက်ရှိဘွဲ့ထူးပိုင်ရှင်ထက် သူမကသာ 'ဓားဖီးနစ်' ဘွဲ့ကို ရရှိလိမ့်မည်ဟု နမ်ဂေါင်းချွန်ဂျွန် ယုံကြည်ထားသည်။
... ဒါပေမဲ့ ရုတ်တရက်ကြီး ငါ့ရဲ့ ပြီးပြည့်စုံတဲ့အစ်မက တစ်ယောက်ယောက်နဲ့ လက်ထပ်တော့မယ် ဟုတ်လား။ နမ်ဂေါင်းချွန်ဂျွန်အတွက် ရုတ်တရက်ဆန်လွန်းလှသည်။ သူသည် နမ်ဂေါင်းဂျင် သတိမထားမိစေရန် တုန်ရီနေသော သူ၏လက်များကို အမြန်ဖုံးကွယ်လိုက်ပြီး မေးလိုက်သည်။
"ဘ-ဘယ်မျိုးနွယ်စုနဲ့လဲ အဖေ"
နမ်ဂေါင်းဂျင်သည် သူ၏ သားဖြစ်သူကို ကြည့်လိုက်သည်။ သူသည် သားဖြစ်သူ၏ တုန်လှုပ်နေသော မျက်ဝန်းများနှင့် ထိန်းမနိုင်သိမ်းမရဖြစ်နေသော အသက်ရှူသံများကို အလွယ်တကူ သတိပြုမိသည်။
သူ့မှာ လိုအပ်ချက်တွေ အများကြီး ရှိသေးတာပဲ...။ ဒီလောက် ရိုးရှင်းတဲ့အရာတွေကိုတောင် သူ မဖုံးကွယ်နိုင်သေးဘူး။
သို့သော် နမ်ဂေါင်းချွန်ဂျွန်သည် အနာဂတ်တွင် မျိုးနွယ်စုကို အုပ်ချုပ်ရမည့်သူ ဖြစ်သည်။ ထို့ကြောင့် သူ့တွင် လိုအပ်ချက်ရှိပါက ပြင်ဆင်ပေးရန်မှာ သဘာဝကျလှသည်။ ထိုသို့ ပြင်ဆင်ရာတွင် လိုအပ်ပါက အတင်းအဓမ္မ နည်းလမ်းဖြင့်ပင် ပြုလုပ်ရမည် ဖြစ်သည်။
နမ်ဂေါင်းဂျင်သည် နမ်ဂေါင်းချွန်ဂျွန်ကို ကြည့်ရင်း ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ နမ်ဂေါင်းဂျင်၏ စကားအပြီးတွင် နမ်ဂေါင်းချွန်ဂျွန်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
"... ဘာလဲ"
ဂူယန်ချွန်းသည် သူ့အား ရူးကြောင်ကြောင်ကိစ္စများ လာပြောနေသော ဒုတိယအကြီးအကဲအား ပြန်အော်လိုက်မိသည်။
"အခု ဘာပြောလိုက်တာလဲ"
"ငါပြောတာက ငါတို့မျိုးနွယ်စုက မင်းနဲ့ နမ်ဂေါင်းမျိုးနွယ်စုရဲ့ သမီးနဲ့ စေ့စပ်ဖို့ သဘောတူလိုက်ပြီလို့"
"... ခင်ဗျာ?"
ဒါ ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားတွေလဲ။
စီချွမ်မှ ထွက်ခွာပြီးနောက် ကျွန်တော်တို့ မျိုးနွယ်စုဆီ ပြန်ရောက်ရန် ၁၀ ရက် ကြာခဲ့သည်။ စီချွမ်သို့ သွားစဉ်က အချိန်မရှိသဖြင့် အလျင်စလို သွားခဲ့ရသော်လည်း အပြန်တွင်မူ အချိန်အကန့်အသတ် မရှိသဖြင့် အေးအေးဆေးဆေး ပြန်လာခဲ့ကြသည်။ ထို့ပြင် ကျွန်တော့်တွင် အသစ်တိုးလာသော ချီ များကိုလည်း ပြန်လည် စုစည်းရန် အချိန်ယူခဲ့ရသေးသည်။
ပင်ပန်းနွမ်းနယ်စွာဖြင့် ခရီးမှ ပြန်ရောက်လာချိန်တွင် မတွေ့ရတာကြာပြီဖြစ်သော ဒုတိယအကြီးအကဲက ကျွန်တော့်ကို အနံ့အသက်မကောင်းသော စကားများဖြင့် ဆီးကြိုလေသည်။
"မင်းအတွက် လက်ထပ်ပွဲ စီစဉ်ပြီးသွားပြီ"
"... အခု ဘာပြောလိုက်တာလဲ"
နှုတ်ဆက်စကားကိုတောင် ပြန်မပြောဘဲ တွေ့တွေ့ချင်း ထိုစကားကို သူက လွှတ်ခနဲ ပြောချင်ရာပြောလိုက်ခြင်း ဖြစ်သည်။ သူ၏ ရုတ်တရက်ဆန်သော စကားများကြောင့် ကျွန်တော့်မျက်ခုံးများ တွန့်ချိုးသွားရသည်။ ကျွန်တော် ပစ္စည်းတောင် မချရသေးခင်မှာပဲ သူက အခုလိုမျိုး ဗြုန်းစားကြီး လာပြောနေခြင်း ဖြစ်သည်။
တကယ်တော့ ကျွန်တော်တို့ မျိုးနွယ်စုနဲ့ ဖုန်မျိုးနွယ်စုကြားက စေ့စပ်မှုကို ဖျက်သိမ်းခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ။ ကျွန်တော့်အတွက်တော့ ကြာလှပြီဟု ထင်ရသော်လည်း လက်တွေ့အချိန်အရမူ သိပ်မကြာသေးပေ။ သို့သော် ရုတ်တရက်ကြီး လက်ထပ်ပွဲအသစ် တစ်ခုက ပေါ်လာပြန်ပြီလား။
ဒါက အသစ်ပဲ...။
ကျွန်တော့်ရဲ့ အရင်ဘဝတုန်းက ဖုန်အာဟီးနဲ့ စေ့စပ်ပွဲ ပျက်သွားပြီးနောက် ကျွန်တော့်အတွက် တခြား ဘယ်လက်ထပ်ပွဲမှ မရှိခဲ့ဘူး။ အဲဒါက တစ်စိတ်တစ်ပိုင်းအားဖြင့် ကျွန်တော်ဟာ အမှိုက်လို လူစားမျိုးဆိုတဲ့ သတင်းတွေကြောင့်လည်း ဖြစ်ပြီး အဲဒီအတွက်ကြောင့်ပဲ ဘယ်မျိုးနွယ်စုကမှ ကျွန်တော်နဲ့ မပတ်သက်ချင်ခဲ့ကြတာ။ ဒီဘဝမှာလည်း အတူတူပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ထားခဲ့တာ၊ ဒါဆို ဘာတွေ ဖြစ်ကုန်တာလဲ။
ကျွန်တော် စိတ်ရှုပ်ထွေးစွာဖြင့် ဒုတိယအကြီးအကဲအား ပြန်ဖြေလိုက်သည်။
"ဒုတိယအကြီးအကဲခင်ဗျာ၊ ကျွန်တော် ဒီလောက် ပင်ပန်းနေတဲ့အချိန်မှာ နောက်နေဖို့ တကယ်ပဲ လိုလို့လား...?"
"ဟေ့! ငါ့လိုလူက မင်းလိုကောင်ကို ဒီလိုကိစ္စမျိုးနဲ့ နောက်နေမယ်လို့ တကယ်ထင်နေတာလား"
"ခင်ဗျားက အမြဲတမ်း အဲ့ဒီလိုပဲဟာကို၊ ဘာလို့ အခုမှ ငြင်းနေတာလဲ"
တကယ်ပဲ လက်ထပ်ပွဲကို သဘောတူလိုက်တာလား။
... ငါတော့ သွားပြီ ထင်တယ်။
ကျွန်တော် တစ်ခုခုကို လွဲချော်အောင် လုပ်မိလိုက်ပြီဟု ခံစားနေရသည်။ ဝီဆောအာ ၏ ပုံရိပ်က ကျွန်တော့်ခေါင်းထဲသို့ ရောက်လာသော်လည်း ချက်ချင်းပင် ပြန်ထုတ်လိုက်သည်။
"တကယ်ဆိုရင် ကျွန်တော် ဘယ်သူနဲ့ လက်ထပ်ရမှာလဲ"
ကျွန်တော် လက်ထပ်နိုင်ခြေရှိသော မိန်းကလေးများအားလုံးကို စဉ်းစားကြည့်သည်။ စေ့စပ်ပွဲ ပျက်သွားပြီဖြစ်၍ ဖုန်အာဟီးတော့ မဖြစ်နိုင်။ သူမမှလွဲ၍ တခြား ရွေးချယ်စရာ သိပ်မရှိဟု ခံစားရသည်။ မိုယုံမျိုးနွယ်စုက တစ်ယောက်ကို သတိရမိသော်လည်း ထိုအရူးမကိုတော့ ချန်လှပ်ထားလိုက်ကြပါစို့၊ သူမက အရင်ဘဝတုန်းက လျှပ်စီးဓား နောက်ကိုပဲ တကောက်ကောက် လိုက်နေခဲ့သူ မဟုတ်လား။ မျိုးနွယ်ကြီးလေးစုကို ဖယ်လိုက်ရင်တော့ ရွေးချယ်စရာတွေ အများကြီး ရှိကောင်းရှိနိုင်ပေမဲ့ ကျွန်တော် မိန်းကလေး အသိ သိပ်မရှိလှဘူး။ လက်ချိုးရေလို့တောင် ရတယ်။
ထန်ဆိုယောလ် ဖြစ်နိုင်မလား...? သူမက အရင်ဘဝတုန်းက ဘယ်သူနဲ့မှ လက်မထပ်ခဲ့တဲ့အတွက် ဒါက ဖြစ်နိုင်ချေရှိတယ်။ ... ဒါပေမဲ့ လက်ဆောင်အဖြစ် အဆိပ်ပေးတဲ့သူမျိုးနဲ့တော့ နည်းနည်း...။
ဘာပဲဖြစ်ဖြစ်၊ ငါ ဘာတွေလုပ်လိုက်လို့ ဒီလောက်တောင် လွဲကုန်ရတာလဲ။ တစ်ခုမှ စဉ်းစားလို့ မရဘူး...။ ဘယ်နေရာကနေ စမှားသွားတာလဲ။ မဟုတ်ဘူး... မှားနိုင်တဲ့အကွက်တွေက များလွန်းလို့ ဘယ်ဟာလဲဆိုတာကို ရှာမရတာ...။
"မင်းနဲ့ စေ့စပ်ဖို့ သဘောတူလိုက်တဲ့ မျိုးနွယ်စုက..."
ဒုတိယအကြီးအကဲက ထိုကိစ္စမှာ သူနှင့် ဘာမှမဆိုင်သလိုမျိုး သူ၏ လက်သန်းဖြင့် နားကို လှိုက်ရင်း ပြောလိုက်သည်။
"နမ်ဂေါင်းမျိုးနွယ်စုပဲ"
"... ခင်ဗျာ?"
ထင်မှတ်မထားသော အဖြေကြောင့် ကျွန်တော် ချက်ချင်း ပြန်အော်လိုက်မိသည်။ ဘာ... ဘယ်ကလဲ။
"အခု ဘာပြောလိုက်တာလဲ"
"မင်းနဲ့ နမ်ဂေါင်းမျိုးနွယ်စုရဲ့ သမီးနဲ့ လက်ထပ်ဖို့ စီစဉ်ထားတယ်လို့ ပြောနေတာလေ"
"... ဘာ"
နမ်ဂေါင်းမျိုးနွယ်စု? ကျွန်တော် မသိတဲ့ တခြား နမ်ဂေါင်းမျိုးနွယ်စုရဲ့ သမီးတစ်ယောက် ရှိသေးလို့လား...? ဒါမှမဟုတ် အမည်ချင်း ဆင်တူတဲ့ တခြား နမ်ဂေါင်းမျိုးနွယ်စု ရှိနေတာလား။ ကျွန်တော် သိတဲ့ နမ်ဂေါင်းမျိုးနွယ်စုရဲ့ သမီးဆိုလို့ တစ်ယောက်တည်းပဲ ရှိတာမို့လို့ အဲ့ဒီလိုပဲ ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းနေမိတယ်။
"သမီးရဲ့ နာမည်က... နမ်ဂေါင်းဘီအာ လို့ ထင်တာပဲ။ သူမက မျိုးနွယ်စုရဲ့ ဂုဏ်ယူစရာ ဖြစ်နေလို့ အလွယ်တကူ လက်မလွှတ်နိုင်ဘူးလို့ သူတို့က အရိပ်အမြွက် ပြောနေကြတာနဲ့၊ ဒီလူကြီးက အတတ်နိုင်ဆုံး ကြိုးစားပြီး ဒါကို ဖြစ်အောင် လုပ်ပေးခဲ့တာ"
တောက်...။ ဒီကမ္ဘာကြီးမှာ ငါဖြစ်ချင်တာ တစ်ခုမှ ဖြစ်မလာပါလား။ ဒါကြီးကို ဖြစ်လာအောင် ခင်ဗျားက ဘာတွေတောင် လုပ်လိုက်ရတာလဲ...။
ငါ... အဲ့ဒီအရူးမနဲ့ လက်ထပ်ရမယ် ဟုတ်လား။ ဘာလို့လဲ။ နမ်ဂေါင်းဘီအာက ကျွန်တော့်ကို လက်ထပ်ဖို့ သူ ဘာတွေ လုပ်လိုက်တာလဲ။
ကျွန်တော် ထိုအချက်ကို လက်ခံနိုင်ရန် ရုန်းကန်နေရဆဲမှာပင် ဒုတိယအကြီးအကဲက ဘာမှဂရုမစိုက်ဘဲ ဆက်ပြောနေပြန်သည်။
"ဘာပဲဖြစ်ဖြစ်၊ အဲဒါက သိပ်မအရေးကြီးပါဘူး၊ နောက်မှ မင်းအဖေဆီကနေ အသေးစိတ် နားထောင်လိုက်ဦး၊ အခု အဲဒါထက် ပိုအရေးကြီးတာ ပြောစရာ ရှိတယ်"
"... ခဏလေး၊ ဒုတိယအကြီးအကဲခင်ဗျာ၊ အဲဒါက မအရေးကြီးဘူးလို့ ခင်ဗျား ဘယ်လို ပြောနိုင်တာလဲ"
ဒါထက် ပိုအရေးကြီးတာ ဘာရှိဦးမှာလဲ။ ကျွန်တော် အဲ့ဒီအရူးမနဲ့ လက်ထပ်ဖို့ စီစဉ်ခံလိုက်ရတာထက် ပိုအရေးကြီးတဲ့အရာက ဘာလဲ...?
ကျွန်တော် ဒုတိယအကြီးအကဲကို ပြန်ပြောရန် ကြိုးစားလိုက်သော်လည်း သူ၏ နောက်ထပ် စကားများကြောင့် ပါးစပ်ပိတ်သွားရသည်။
"မင်းအစ်မ ပြန်ရောက်နေပြီ"
"ဗျာ?"
ကမ္ဘာပေါ်တွင် အတော်ဆုံး ပါရမီရှင်၊ ဓားဖီးနစ် ဂူဟွီးဘီ။ သူမ မျိုးနွယ်စုဆီ ပြန်ရောက်နေပြီ။ ဒုတိယအကြီးအကဲက ကျွန်တော့် ပခုံးကို ပုတ်ရင်း ပြောသည်။
"ဟွီးဘီက မင်းကို တကယ်တွေ့ချင်နေလို့ ရှာနေတာ။ မင်းတို့ မောင်နှမတွေ ဒီလို ချစ်ချစ်ခင်ခင် ရှိတာကို မြင်ရတာ ငါ့အတွက်တော့ ဝမ်းသာစရာပဲ။ ဟွီးဘီက အခု အကြီးအကဲ အခန်းထဲမှာ ရှိနေလောက်ပြီ၊ အဲဒါကြောင့် မင်း— ယန်ချွန်း?"
ကျွန်တော် ဒုတိယအကြီးအကဲ၏ စကားဆုံးအောင် နားမထောင်တော့ပါ။ လက်ရှိ ကျွန်တော့်ခေါင်းထဲမှာ တစ်ခုပဲ ရှိတော့သည်။
တောက်။ တောက်၊ တောက်၊ တောက်၊ တောက်၊ တောက်!!! အခု ချက်ချင်း ထွက်ပြေးမှ ဖြစ်တော့မယ်!!!
လက်ထပ်ပွဲလား ဘာလား ထားလိုက်တော့၊ အခုလောလောဆယ်တော့ အရင်ဆုံး ထွက်ပြေးမှ ဖြစ်မယ်။