အခန်း (၄၀) ပြန်လည်ရောက်ရှိခြင်းလမ်း(၃)
“... ဒါနဲ့ မင်းတို့ဒီကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ”
အဆောက်အအုံထဲဝင်လိုက်စဉ် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့်မျက်နှာ ပျက်သွားရသည်။ ကျွန်တော့်ရဲ့ အာရုံခံစားမှုတွေ မှားယွင်းပါစေလို့ ဆုတောင်းခဲ့မိပေမဲ့ တကယ်တမ်းတော့ မှန်ကန်နေခဲ့တာပဲ။
အစားအသောက်ကို ဂရုတစိုက်စားနေတဲ့ ထန်ဆိုယောလ်ဟာ ကျွန်တော့်ကို မြင်မြင်ချင်း ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းသွားသည်။ နမ်ဂေါင်းဘီအာကတော့ ကျွန်တော့်ကို မမြင်ချင်ယောင်ဆောင်ပြီး ဘာမှမသိနားမလည်တဲ့ မျက်နှာပေးနဲ့ ဆက်စားနေခဲ့သည်။ ဝီဆောအာကတော့ သူတို့ဘေးမှာ သဘာဝကျကျ ဝင်ထိုင်ပြီး အတူတူ စားသောက်နေလေရဲ့။
‘... အေးလေ၊ နားလည်ပေးလို့ရပါတယ်’
ဝီဆောအာရဲ့ လုပ်ရပ်ကို ကျွန်တော် နားလည်ပေးနိုင်သည်။ နမ်ဂေါင်းဘီအာကလည်း အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေကို ထင်မှတ်မထားဘဲ လုပ်တတ်တာမို့ သူမရဲ့ လုပ်ရပ်ကိုလည်း အတိုင်းအတာတစ်ခုအထိ နားလည်ပေးလို့ ရပါသည်။ ဒါပေမဲ့ ထန်ဆိုယောလ်က ဘာလို့ ဒီမှာ ရှိနေတာလဲ။ သူမက ကျွန်တော့်ကို မျက်လုံးချင်းတောင် မဆုံရဲဘဲ ရှောင်ဖယ်နေပုံရသည်။
“သခင်မလေးထန်”
“ဟု-ဟုတ်ကဲ့!?”
နာမည်ခေါ်လိုက်တာတင် ရှိသေးတယ်၊ သူ ဘာလို့ ဒီလောက်တောင် လန့်သွားတာလဲ။
“ဒီကို ဘာကိစ္စနဲ့ လာတာလဲ”
“... ကျ-ကျွန်မက မတော်တဆ လမ်းကြုံလို့ ဝင်လာတာပါ”
“... မတော်တဆ?”
မိသားစုဂိုဏ်းဝင်း အပြင်ဘက်ကို တစ်ခါမှ မထွက်ဖူးတဲ့ ထန်မျိုးနွယ်စုရဲ့ သခင်မလေးက ရုတ်တရက်ကြီး အပြင်ထွက်လာပြီး လူတိုင်းနဲ့ ဒီမှာ လာဆုံဖို့ ဘယ်လောက်တောင် အခွင့်အရေးများလို့လဲ။ ပြီးတော့ ကျွန်တော် ရောက်တာလည်း မကြာသေးဘူးလေ။
ကျွန်တော် ထန်ဆိုယောလ်ကို အသေအချာ ပြန်မေးလိုက်သည်။
“ကျွန်တော့်ကို စောင့်နေတာလား”
“မ-မဟုတ်ပါဘူး! ကျွန်မက ဘာအကြောင်းနဲ့ ရှင့်ကို စောင့်နေရမှာလဲ!?”
သူမက လက်ကာပြပြီး ငြင်းဆိုနေသည်။ ကျွန်တော်လည်း အခြားဖြစ်နိုင်ခြေမရှိဘူးလို့ တွေးပြီး လက်ခံလိုက်သည်။
“အင်းလေ၊ ဒါဆို မင်း ဒီမှာ ဘာလို့ ရှိနေတာလဲဆိုတာပဲ စဉ်းစားလို့ မရတော့ဘူး”
“...”
ထန်ဆိုယောလ်ကတော့ နောက်ထပ် ဆင်ခြေပေးစရာ မရှိတော့တာကြောင့် နှုတ်ဆိတ်သွားလေသည်။ သူတို့တွေ ဘာလို့ ဒီလို ဖြစ်နေကြတာလဲ။ အတိတ်ဘဝမှာတောင် ထန်ဆိုယောလ်ကို ကျွန်တော် တစ်ခါမှ နားမလည်ခဲ့ဘူး။
‘သူ ကျွန်တော့်ကို စိတ်ဝင်စားနေတာလား’
ဒီအတွေး ဝင်လာတာနဲ့ ချက်ချင်းပဲ ပြန်ဖျောက်လိုက်သည်။ ဂူချောယုသို့မဟုတ် နမ်ဂေါင်းချွန်းဂျွန် တို့လို ဘဝတစ်ခုလုံးကို အေးဆေးအခြေချနိုင်မယ့် ရုပ်ရည်မျိုး ကျွန်တော့်မှာ မရှိဘူး။ ထန်ဆိုယောလ်ရဲ့ အကြိုက်က ကျွန်တော့်လို လူစားမျိုးလည်း မဟုတ်ဘူးလို့ ထင်သည်။
တကယ်လို့များ သူမက ကျွန်တော့်ကို စိတ်ဝင်စားနေတယ် ဆိုရင်တောင်မှ... လက်သန်းခြေသည်းလောက်ရှိတဲ့ အဆိပ်သံမှိုလေးနဲ့ လူတစ်ယောက်ကို သူမ နှိပ်စက်နေခဲ့တဲ့ အတိတ်က အမှတ်ရစရာတစ်ခုကို ကျွန်တော် ချက်ချင်း သတိရမိသွားသည်။ ကျွန်တော် ကိုယ်တိုင် အနှိပ်စက်ခံရတာ မဟုတ်ပေမဲ့ အဲဒီအချိန်က ထန်ဆိုယောလ်ရဲ့ အမူအရာကို ကျွန်တော် မှတ်မိနေသေးသည်။ အဲဒါက ကျွန်တော့်အတွက်တော့ ရင်ဆိုင်ဖို့ ခက်ခဲလွန်းသည်။
အင်း၊ သူ တစ်ခုခုအတွက် ရောက်လာတာပဲ ဖြစ်မှာပါ... ကိစ္စပြီးရင် မြန်မြန်ပြန်သွားပါစေလို့ပဲ ဆုတောင်းမိတော့သည်။ ထန်ဆိုယောလ်နဲ့ စကားပြောပြီးနောက် နမ်ဂေါင်းမျိုးနွယ်က အရူးမဘက်ကို ကျွန်တော် လှည့်လိုက်သည်။
“သခင်မလေး နမ်ဂေါင်း”
“...?”
“မင်းကရော ဘာကိစ္စနဲ့ ဒီကို ရောက်နေတာလဲ”
“... ဟင်?”
ဟင်? သူ ဘာလို့ အဲဒီလို မျက်နှာပေး လုပ်နေတာလဲ။ နမ်ဂေါင်းဘီအာရဲ့ မျက်နှာက ‘ဘာလို့ ဒီလောက် ထင်ရှားနေတဲ့ မေးခွန်းကို မေးနေတာလဲ’ လို့ ပြောနေသလိုပဲ။ ကျွန်တော် အထင်မှားတာပဲ ဖြစ်ပါစေလို့ မျှော်လင့်မိသည်။
“နှုတ်ဆက်ခြင်း...”
“ဗျာ?”
အမြဲတမ်းလိုပဲ နမ်ဂေါင်းဘီအာရဲ့ တိုတိုတုတ်တုတ် တုံ့ပြန်မှုတွေက ကျွန်တော့်ကို စိတ်တိုစေသည်။ အခုလည်း ထိုနည်းအတိုင်းပင်။ နှုတ်ဆက်ခြင်းဆိုတာက ဘာကို ဆိုလိုတာလဲ။ ‘တာ့တာ’ လို့ ပြောချင်တာလား။ ဒါမှမဟုတ် အတိတ်ဘဝကလို လူလိုက်လံ အမဲလိုက်ဖို့ လျှို့ဝှက်ကုဒ်များလား။
ကျွန်တော့်အမြင်မှာတော့ နမ်ဂေါင်းဘီအာက လူလိုက်လံ အမဲလိုက်တတ်တဲ့ အမျိုးသမီး ပုံစံနဲ့ပဲ ကိုက်ညီနေဆဲ ဖြစ်သည်။ ဒါပေမဲ့ သူမကို တခြားပုံစံနဲ့ မြင်နိုင်အောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားနေရတာမို့ ထပ်မေးလိုက်သည်။
“နှုတ်ဆက်ခြင်း...?”
“ကျွန်မ... နှုတ်မဆက်ရသေးဘူး”
“အော်၊ အဲဒါ... ကျွန်မလည်း အဲဒီအတွက် လာတာပါ!”
နမ်ဂေါင်းဘီအာရဲ့ စကားအပြီးမှာ ထန်ဆိုယောလ်ကလည်း ချက်ချင်း ဝင်ပြောလေသည်။ ဪ... ဆိုလိုတာက သူတို့ ကျွန်တော့်ကို နှုတ်မဆက်ရသေးလို့ ဒီကို လိုက်လာကြတာပေါ့? ဒါပေမဲ့... ဘာလို့လဲ။
“ကျွန်တော့်အခြေအနေကို ထန်မျိုးနွယ်စုရဲ့ သခင်လေးကို ရှင်းပြခဲ့တယ်လေ၊ မင်းတို့ မကြားဘူးလား”
“... ကြားပါတယ်”
ထန်ဆိုယောလ်က တိုးတိုးလေး ဖြေသည်။ နမ်ဂေါင်းဘီအာကတော့ ဘာမှမှားယွင်းမှု မရှိဘူးလို့ ထင်နေတဲ့ မျက်နှာပေးနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။
‘... အေးလေ၊ ဒါက ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး’
အရာအားလုံး အဆင်ပြေပြေ ပြီးသွားပြီမို့ သူတို့ဆီကနေ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှာမနေတော့ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ အဆုံးသတ်မှာတော့ သူတို့က ကျွန်တော့်ကို နှုတ်မဆက်လိုက်ရလို့ ဒီကို လာခဲ့ကြတာပဲ။
‘... ဟုတ်ပြီ၊ ကောင်းတာလေးတွေကိုပဲ တွေးရအောင်’
ကျွန်တော့်ကို နှုတ်ဆက်ဖို့ အဝေးကြီးက လာတဲ့လူတွေကို ကျွန်တော် ရိုင်းပြနေသလို ဖြစ်နေပြီ။ ဒါပေမဲ့ ဒီလို ထူးဆန်းတဲ့ အမျိုးသမီးတွေနဲ့ မပတ်သက်ချင်တာတော့ အမှန်ပဲ။ အဲဒီအချက်ကိုတော့ ကျွန်တော် အလေးအနက်ထားရမည်။
“အဝေးကြီးကနေ လာပေးတာ ကျေးဇူးတင်ပါတယ်။ အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်၊ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံးမှာလည်း ပျော်ရွှင်ကြပါစေ”
သူတို့ ဒါကို လက်ခံပြီး ချက်ချင်း ပြန်သွားကြဖို့ မျှော်လင့်ချက်နဲ့ အလွန်အမင်း ယဉ်ကျေးပျူငှာစွာ ကျွန်တော် ပြန်ဖြေလိုက်သည်။ ဒါပေမဲ့ သူတို့ မပြန်ကြဘူး။ အဲဒီအစား သူတို့နှစ်ယောက်လုံးက ထူးဆန်းတဲ့ အမူအရာတွေနဲ့ ကျွန်တော့်ကို ကြည့်နေကြသည်။
ကျွန်တော့်ရဲ့ အဖြေက သူတို့ အလိုရှိတဲ့ အဖြေ မဟုတ်ဘူး ထင်တယ်။ ဒါဆို သူတို့ ကျွန်တော့်ဆီက ဘာကို လိုချင်နေကြတာလဲ။ အဲဒီအတွေးကို ခဏဖယ်ထားပြီး နမ်ဂေါင်းဘီအာကို မေးလိုက်သည်။ သူမ ရှိနေတာကို သိလိုက်ရကတည်းက ကျွန်တော့်ကို တစ်ခုခုက စိတ်အနှောင့်အယှက် ဖြစ်နေစေတာ။
“သခင်မလေး နမ်ဂေါင်း”
“ဟင်?”
“ထန်မျိုးနွယ်စုရဲ့ သိုင်းပြိုင်ပွဲ ပြီးသွားတာတောင် မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ မင်းတို့ မိသားစုက တခြားလူတွေကော ဘယ်မှာလဲ”
“ချွန်းဂျွန် က သူလုပ်စရာ ရှိသေးတယ်တဲ့... တစ်စုံတစ်ယောက်ကို စောင့်နေတာလို့ ပြောတယ်”
နမ်ဂေါင်းချွန်းဂျွန်က စီချွမ်မှာ လုပ်စရာ ရှိနေတာလား။ ကျွန်တော် အံ့သြမနေသင့်ပါဘူး။ ကျွန်တော့်မှာတောင် လုပ်စရာ ရှိသေးတာပဲ၊ သူလည်း သူ့ရည်မှန်းချက်နဲ့သူ ရှိမှာပေါ့။ ဒါပေမဲ့ ကျွန်တော် အံ့သြသွားတာက တခြားအရာတစ်ခုပါ။
“ဒါပေမဲ့ သူက မင်းကို ဒီအတိုင်း လွှတ်လိုက်တာလား။ သူတောင် မင်းနောက်ကို မလိုက်လာဘူးလား”
နမ်ဂေါင်းချွန်းဂျွန် မပါဘဲ နမ်ဂေါင်းဘီအာ တစ်ယောက်တည်း ဒီကို ရောက်လာတာ မြင်ရတာ တကယ်ကို အံ့သြစရာပဲ။
“ဟင်...? သူ ခွင့်ပြုလိုက်တာလေ... ရှင် ဒီမှာ ရှိမှာမဟုတ်ဘူးလို့ သူပြောတယ်...”
‘ခွင့်ပြုလိုက်တယ်?’
သူ့လို လူစားမျိုးက သူမကို ဒီကို လာဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တာ၊ အခု သူကိုယ်တိုင် ခွင့်ပြုချက် ပေးလိုက်တယ်ဆိုတော့ တကယ့်ကို အံ့သြစရာပဲ။ ပြီးတော့ သူကိုယ်တိုင် မလာဘူးလို့တောင် ပြောသေးတယ်? သူ ဘာကို ဆိုလိုတာလဲ။
“ဒါပေမဲ့ သခင်မလေး နမ်ဂေါင်း...”
“...?”
“ပြီးခဲ့တဲ့ တစ်ခါက ကျွန်တော်တို့ လုပ်ခဲ့တဲ့ သဘောတူညီချက်ကို မေ့သွားပြီလား...?”
“ဟင်...?”
ကျွန်တော့်ရဲ့ နာမည်အရင်းကို ပြောပြတဲ့ အစား သူမက ကျွန်တော့်ကို အနှောင့်အယှက် မပေးဘဲ ထားခဲ့ဖို့ သဘောတူညီချက် လုပ်ခဲ့ကြတာ။
“မမေ့ပါဘူး”
နမ်ဂေါင်းဘီအာက သဘောတူညီချက်ကို မှတ်မိနေတာကို ဂုဏ်ယူနေတဲ့ ပုံစံနဲ့ ယုံကြည်ချက်ရှိရှိ ပြန်ဖြေသည်။
ဒါပေမဲ့... မင်း မှတ်မိနေတယ်ဆိုရင် ဘာလို့ ဒီမှာ ရှိနေသေးတာလဲ...?
“ဒါဆို ဘာလို့ ဒီမှာ ရှိနေသေးတာလဲ”
“ဘာလို့လဲ...?”
“ကျွန်တော့်ကို စိတ်အနှောင့်အယှက် မပေးတော့ဘူးလို့ မင်းပြောခဲ့တယ်လေ”
“ကျွန်မ ရှင့်ကို စိတ်အနှောင့်အယှက် မပေးဖူးပါဘူး...?”
ကျိန်စာတွေပဲ တိုက်လိုက်ချင်တော့တယ်။ နမ်ဂေါင်းဘီအာက သူမ ဒီမှာ ရှိနေတာကိုက ကျွန်တော့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာကို တကယ်ပဲ မသိတာ ဖြစ်မှာပါ။ ကျွန်တော်တို့ရဲ့ သဘောတူညီချက်မှာ အသေးစိတ် မပြောခဲ့မိတဲ့ ကျွန်တော့်အမှားပဲ။ အဲဒီလို အရေးကြီးတဲ့ အချက်ကို အသေအချာ မပြောခဲ့မိတာ ကျွန်တော် တကယ့်ကို တုံးအတာပဲ။
“ဒါဆို ကျွန်တော့်ကို လူကြီးလူကောင်းဆန်ဆန် စကားပြောမယ်ဆိုတဲ့ ကိစ္စကရော?”
နမ်ဂေါင်းဘီအာက ကျွန်တော့်စကားကြောင့် ခဏမျှ ရပ်သွားပြီး မျက်လုံးလေး ကစားကာ ပြန်ပြောသည်။
“... သခင်လေး”
“...”
သူ့ကို ထိုးလိုက်ရမလား။ ကျွန်တော် တကယ်ပဲ အဲဒီလို စဉ်းစားလိုက်မိသည်။ အခုအချိန်မှာ နမ်ဂေါင်းဘီအာက လက်တွေ့မှာ သူမရဲ့ ဓားကို ဆွဲထုတ်ပြီး ကျွန်တော့်ကို တိုက်ခိုက်ဖို့ စိန်ခေါ်နေသလိုပါပဲ။ သူမနဲ့ စကားပြောတိုင်း ကျွန်တော် ခေါင်းကိုက်ရသည်။ အတိတ်ဘဝတုန်းက သူမကို ဘယ်လိုများ ရင်ဆိုင်ခဲ့ပါလိမ့်။ ဪ... သူမနဲ့ ဘယ်တုန်းကမှ စကားမပြောခဲ့တာပဲ။
‘... ငါ တကယ် တော်ခဲ့တာပဲ’
အဲဒါက အဖြေပဲလို့ ကျွန်တော် ထင်သည်။ ခေါင်းကိုက်လွန်းလို့ နားထင်ကို နှိပ်နေတုန်းမှာပဲ တိတ်တိတ်လေး နားထောင်နေတဲ့ ထန်ဆိုယောလ်က သိသိသာသာ တုံ့ဆိုင်းနေလေသည်။ သူ တစ်ခုခု ပြောချင်နေပုံရပေမဲ့ ကျွန်တော်ကတော့ မမေးချင်တော့ဘူး။ ကျွန်တော် မသိချင်ယောင်ဆောင်နေရင်တောင် သူကတော့ ပြောမှာပါပဲ။
“ဟို... ဟိုလေ”
မျှော်လင့်ထားတဲ့အတိုင်း ထန်ဆိုယောလ်က တုံ့ဆိုင်းစွာ လှမ်းပြောသည်။
“ဗျာ?”
“ရှင် မိသားစုဆီ ပြန်သွားရင်... စီချွမ်ကို ပြန်လာဖို့ ဘယ်လောက်ကြာဦးမှာလဲ”
“မသေချာဘူး...?”
ကျွန်တော် ဒီကို ပြန်လာဖြစ်ပါ့မလား...? ပြန်လာဖြစ်မှာဆိုပေမဲ့ အနီးအနားမှာတော့ မဟုတ်ဘူး။ အနည်းဆုံး နှစ်အနည်းငယ်တော့ ကြာလိမ့်မည်။ ထန်ဆိုယောလ်ကို ကျွန်တော် အမှန်အတိုင်းပဲ ဖြေလိုက်သည်။
“အဲ-အဲဒါ မကောင်းဘူး... အကြာကြီးပဲ”
ထန်ဆိုယောလ်က ကျွန်တော့်အဖြေကို ကြားပြီးနောက် စက္ကန့်အနည်းငယ်လောက် သူမရဲ့ အတွေးတွေနဲ့ ငြင်းခုံနေပုံရသည်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပုံရပြီး ပြောလိုက်တာက -
“ရှင်... ရှင်ကြိုက်တဲ့ အဆိပ်ရှိလား”
“... ဗျာ?”
“ဒါမှမဟုတ်... ဓားမြှောင် သိုင်းပညာ တစ်ခုခုဆိုရင်ရော...?”
“... ဓားမြှောင် သိုင်းပညာ...?”
ကျွန်တော် ကြားတာ မှားသွားတာလား။ သူ အဆိပ်လို့ ပြောလိုက်တာ ကျွန်တော် သေချာပေါက် ကြားလိုက်ပါတယ်။ ကျွန်တော့်ရဲ့ တုံ့ပြန်မှုကို မြင်တော့ ထန်ဆိုယောလ် ကြောင်သွားပုံရသည်။
“ကျ-ကျွန်မ သိပါတယ်၊ အဲဒါ မဟုတ်ဘူးဆိုတာ။ အစ်ကိုကတော့ ဒါဆို အဆင်ပြေမှာပါလို့ ပြောတာပဲ...”
“သခင်မလေးထန်... နေမကောင်းဘူးလား”
သူမ ခေါင်းကိုက်နေပုံရသည်... တော်တော်လေး ပြင်းပြင်းထန်ထန်ကို ခေါင်းကိုက်နေတာ ဖြစ်ရမည်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ ကြားထဲက မုန့်တွေကို ပစ်မှတ်ထားနေတဲ့ လက်တစ်ဖက်က ရှေ့ကို တိုးလာပြီး ကသိကအောက် အခြေအနေကို ဖြတ်တောက်လိုက်သည်။
ကျွန်တော် အဲဒီလက်ကို ချက်ချင်း ရိုက်ချလိုက်တော့ ပိုင်ရှင်ဖြစ်သူက အော်ဟစ်တော့သည်။ ဘယ်သူလဲဆိုတာ ကြည့်နေဖို့တောင် မလိုဘူး။
“မင်း စားတာ ကုန်ပြီလား”
“... အင်း”
ဝီဆောအာက လက်ကို ပွတ်ရင်း ပြန်ဖြေသည်။ ဒါဆို နောက်တစ်ပွဲ ထပ်မှာလိုက်လေ။ ဘာလို့ အမြဲတမ်း ကျွန်တော့်ဟာကိုပဲ လုနေတာလဲ...? ကျွန်တော် သက်ပြင်းချပြီး မုန့်ပွဲကို ဝီဆောအာဆီ တွန်းပေးလိုက်သည်။ ကျွန်တော်က အစားအသောက် သိပ်မစားချင်တာမို့ ကိစ္စမရှိပါဘူး။ ဝီဆောအာကတော့ မုန့်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်စားနေလေသည်။
အဲဒီနောက် ဘေးဘက်ကနေ နမ်ဂေါင်းဘီအာရဲ့ တူတွေက မုန့်တွေဆီကို ဦးတည်လာပြန်ရာ ကျွန်တော် ချက်ချင်း တားလိုက်သည်။
“နောက်တစ်ပွဲ ထပ်မှာပါ၊ တခြားလူရဲ့ ဟာကို မယူပါနဲ့”
နမ်ဂေါင်းဘီအာက ကျွန်တော့်ကို အူကြောင်ကြောင် မျက်နှာနဲ့ ကြည့်သည်။ ကျွန်တော် သူမကို ကြည့်လိုက်မှ သူမရဲ့ မျက်ဝန်းတွေက ပြန်လည် အသက်ဝင်လာပုံရသည်။
“ကျွန်မ... မေးစရာ ရှိတယ်၊ ဆရာ”
“ကျွန်တော့်ကို လူကြီးလူကောင်းလို စကားပြောနေတာလား...?”
“အဲဒါ... ဘာဖြစ်သွားတာလဲ...?”
နမ်ဂေါင်းဘီအာ ဖြည်းဖြည်းချင်း ညွှန်ပြတဲ့ နေရာက ကျွန်တော့်ရဲ့ ဝမ်းဗိုက်အောက်ပိုင်း ဖြစ်သည်။ မူယွန်းလိုပဲ နမ်ဂေါင်းဘီအာကလည်း ကျွန်တော့်ဆီက ပြောင်းလဲမှုကို သတိထားမိသွားတာပဲ။ ထန်ဆိုယောလ်ကတော့ အဲဒီလို အရာမျိုးတွေကို သိပ်ဂရုမစိုက်ပေမဲ့ နမ်ဂေါင်းဘီအာကတော့ မတူဘူး။
“တစ်ခုခု ဖြစ်ခဲ့လို့ပါ”
အဲဒါက ကျွန်တော် စဉ်းစားနိုင်တဲ့ အကောင်းဆုံး အဖြေပဲ။ ‘ရွှေနိမိတ်’ ရဲ့ လျှို့ဝှက်ရတနာကို ရှာတွေ့ခဲ့ပြီး ခွန်အားတွေ ပေးခဲ့တဲ့ မြွေကြီးအကြောင်း ပြောပြရင်တောင်မှ... ဟင်း။ သူ တကယ်ပဲ ယုံသွားနိုင်တယ်... ကျွန်တော့်စကားကို ယုံမယ့် လူနည်းစုထဲမှာ သူလည်း တစ်ယောက်အပါအဝင် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ခံစားရတယ်၊ ဒါပေမဲ့ ပြောပြဖို့တော့ မလိုပါဘူး။
နမ်ဂေါင်းဘီအာက ကျွန်တော့်အဖြေကို ခေါင်းညိတ်ရုံသာ လုပ်သည်။ အဲဒီနောက် သူမရဲ့ မျက်လုံးတွေက တောက်ပလာသည်။ အဲဒါက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ နမ်ဂေါင်းဘီအာ ဒီလို တုံ့ပြန်မှုမျိုး ပြပြီဆိုရင် နောက်ကနေ လိုက်လာမယ့် အရာက တစ်ခုပဲ ရှိတတ်သည်။
“ဒါဆို သိုင်းပြိုင်-”
“ငြင်းတယ်”
ကျွန်တော့်ရဲ့ ချက်ချင်း ငြင်းဆိုမှုကြောင့် နမ်ဂေါင်းဘီအာရဲ့ မျက်လုံးတွေ ပြူးသွားသည်။
“မဖြစ်နိုင်တာ...!”
အဲဒါက နမ်ဂေါင်းဘီအာဆီကနေ ရှားရှားပါးပါး ထွက်လာတဲ့ အသံကျယ်ကျယ် ဖြစ်သည်။ သူ ဘာတွေ လုပ်နေတာလဲ...? ပုံမှန်ဆိုရင် ဓားသမားတွေကိုပဲ ဒုက္ခပေးတတ်တဲ့ သူက ဘာလို့ ရုတ်တရက်ကြီး ကျွန်တော့်ကို သိုင်းပြိုင်ဖို့ စိန်ခေါ်နေတာလဲ။ ကျွန်တော် ဒီလို အာရုံစိုက်ခံရတာကို တကယ်ပဲ မကြိုက်ဘူး။
“ကျွန်တော် အချိန်တွေ အများကြီး ကုန်သွားပြီမို့ ဒီမှာ ကြာကြာ မနေနိုင်တော့ဘူး။ ဒါကြောင့် မင်းနဲ့ သိုင်းမပြိုင်နိုင်ပါဘူး”
အဲဒီလို ပြောပြီးနောက်မှာ နောက်ဘက်ကနေ မူယွန်းက ကျွန်တော့်ကို ရန်ငြိုးတကြီး စိုက်ကြည့်နေတာကို ခံစားလိုက်ရသည်။ အေးပါ၊ ငါတို့ နောက်ကျရတာ ငါ့အမှားပါ၊ အဲဒီလိုကြီး ကြည့်မနေပါနဲ့ဦး...
“အဟမ်း...!”
ကျွန်တော် ချောင်းဟန့်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ အခု စားသောက်လို့ ပြီးပြီဆိုတော့ နေမဝင်ခင် ခရီးဆက်ရမည်။ ဒီကို လာတုန်းက အကြာကြီး လာခဲ့ရတာမို့ အပြန်ခရီးကလည်း အကြာကြီး ဖြစ်ဦးမည်။ ... တွေးလိုက်တာနဲ့တင် ပျင်းဖို့ကောင်းနေပြီ။
ကျွန်တော် ထွက်သွားခါနီးမှာပဲ ထန်ဆိုယောလ်က သူမရဲ့ အိတ်ကပ်ထဲကနေ တစ်ခုခုကို ထုတ်လိုက်သည်။
“ဒါလေး... ကျေးဇူးပြုပြီး ယူသွားပါ...!”
ထန်ဆိုယောလ် ထုတ်ပေးလိုက်တာက အမည်မသိ ပုလင်းသေးသေးလေးတစ်ခုနဲ့ စာတစ်စောင် ဖြစ်သည်။
“ဒါက ဘာလဲ”
“နောက်နှစ် သိုင်းပြိုင်ပွဲအတွက် ဖိတ်စာပါ...”
“ပြီးတော့... ဒါကို ကျွန်တော့်ကို ပေးတာက...?”
“မိသားစုဂိုဏ်းတွေကြားမှာ ဆက်ဆံရေး ကောင်းကောင်း ထိန်းသိမ်းထားချင်လို့ပါ! တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး...”
ကျွန်တော်တို့ဆီကို ဖိတ်စာက နှစ်တိုင်း ရောက်နေကျပါ၊ ဒါပေမဲ့ တိုက်ရိုက် မိသားစုဝင် တစ်ယောက်ဆီကနေ ဖိတ်စာရတာကတော့ အဓိပ္ပာယ် လုံးဝ ကွဲပြားသွားသည်။ အဲဒါက သူတို့ ကျွန်တော့်ကို တကယ်ပဲ လာစေချင်တယ်လို့ အဓိပ္ပာယ်ရသည်။ ဒီအခြေအနေမှာ ဘာလုပ်ရမှန်း ကျွန်တော် မသိတော့ဘူး။ သူ ကျွန်တော့်ကို တကယ်ပဲ စိတ်ဝင်စားနေတာလား။
“ဒါဆို... ဒီပုလင်းကကော ဘာလဲ”
ဆေးတစ်မျိုးမျိုးလား။ ကျွန်တော် ပုလင်းအကြောင်း မေးလိုက်တော့ ထန်ဆိုယောလ်က ပြုံးသည်။
“အဲဒါက ကျွန်မ ကြိုက်တဲ့ အဆိပ်တစ်မျိုးပါ... လက်ဆောင်ပေးတာမို့လို့ အဆိပ်နဲ့ လေ့ကျင့်တဲ့အခါမျိုးမှာ လိုအပ်ရင် သုံးလိုက်ပါ”
ထန်ဆိုယောလ်ရဲ့ အဖြေကို ကျွန်တော် ခေါင်းညိတ်လိုက်သည်။ ... ဒီကောင်မလေးလည်း မပုံမှန်ဘူး။ ကျွန်တော် သေချာပေါက် ပြောရဲသည်။ သူမရဲ့ လက်ဆောင်ကို ငြင်းဖို့ ခက်နေတာကြောင့် အရင်ဆုံး အိတ်ကပ်ထဲ ထည့်လိုက်သည်။ နောက်နှစ် ပြိုင်ပွဲကို မသွားဖြစ်အောင် တစ်ခုခု ဆင်ခြေပေးလို့ ရမှာပါလေ။ မသွားဖြစ်အောင် သေချာ လုပ်ရမယ်...
“ဒါဆိုရင်... ကျွန်တော် သွားတော့မယ်။ မင်းတို့နှစ်ယောက် အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်”
“နောက်တစ်ခါ ပြန်ဆုံကြတာပေါ့”
နမ်ဂေါင်းဘီအာက လက်ကလေးယမ်းပြီး နှုတ်ဆက်သည်။ သူမရဲ့ စကားကြောင့် ကျွန်တော့်မျက်နှာ အနည်းငယ် ပျက်သွားပြီး သူမရဲ့ နှုတ်ဆက်မှုကို ဝန်လေးစွာနဲ့ပဲ လက်ခံလိုက်သည်။
“ဟုတ်ကဲ့... ပြန်ဆုံကြတာပေါ့”
နှုတ်ဆက်မှုကို လက်ခံပြီးနောက် ကျွန်တော် လမ်းလျှောက် ထွက်လာခဲ့သည်။ တကယ်ကို မကြိုက်တဲ့ ကိစ္စပဲ။ ထန်ဆိုယောလ်ကလည်း ကျွန်တော့်ကို နှုတ်ဆက်ပေမဲ့ သူမကတော့ ကျောက်ရုပ်လို တောင့်တင်းနေဆဲ ဖြစ်သည်။ ဝီဆောအာကတော့ ပါးစပ်ထဲမှာ အစားအစာတွေအပြည့်နဲ့ ကျွန်တော့်နောက်က လိုက်လာသည်။ အဲဒါတွေအားလုံး သူမပါးစပ်ထဲ ဘယ်လိုများ ဆံ့သွားတာပါလိမ့်...?
‘နောက်ဆုံးတော့ ပြီးသွားပြီလား’
ကျွန်တော့် မိသားစုဆီကို နောက်ဆုံးတော့ ပြန်လို့ရပြီလား။ ကျွန်တော့်ရဲ့ ချီ အားကောင်းလာတာကြောင့် ခန္ဓာကိုယ်ကတော့ ပင်ပန်းတယ်လို့ မခံစားရပေမဲ့ စိတ်ပိုင်းဆိုင်ရာအရတော့ အတော်လေး ကုန်ခမ်းနေပြီ။ ကျွန်တော် ရထားလုံးဆီကို ခြေထောက်ကို မနည်းသယ်ပြီး လမ်းလျှောက်သွားခဲ့သည်။
နမ်ဂေါင်းဘီအာက ဝေးကွာသွားတဲ့ ဂူယန်ချွန်းရဲ့ ကျောပြင်ကို ကြည့်နေခဲ့သည်။ အဲဒီနောက် သူ ပြောခဲ့တဲ့ စကားကို ပြန်သတိရမိသည်။
– ကျွန်တော့်ကို ဘာလို့ ရင်းရင်းနှီးနှီး စကားပြောနေတာလဲ။
တွေးကြည့်မှပဲ... ငါ ဘာလို့ အဲဒီလို လုပ်ခဲ့တာလဲ။
နောက်ဆုံးတော့လည်း ဂူယန်ချွန်းက သူမရဲ့ မောင်ဖြစ်သူ နမ်ဂေါင်းချွန်းဂျွန် ထက်တောင် ငယ်သေးတာပဲ။ ဒါပေမဲ့ အဲဒါက သူ့ကို ရိုရိုသေသေ မဆက်ဆံဘဲ နေလို့ရတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့လည်း သူ့ကို အဲဒီလို စကားပြောရတာက စိတ်ထဲမှာ သက်သောင့်သက်သာ ရှိနေခဲ့သည်။ အဲဒီနောက်ကွယ်က အကြောင်းရင်းက ဘာဖြစ်မလဲ။
နမ်ဂေါင်းဘီအာဟာ သူမကိုယ်သူမတောင် နားမလည်နိုင်တာကြောင့် ဇဝေဇဝါနဲ့ ခေါင်းကို စောင်းလိုက်မိသည်။
“ဟို...”
ထန်ဆိုယောလ်က သူမကို လှမ်းခေါ်သည်။
“ဟင်?”
“... နမ်ဂေါင်း၊ မင်း သခင်လေးဂူကို သဘောကျနေတာလား”
“... ဟင်?”
နမ်ဂေါင်းဘီအာဟာ ထန်ဆိုယောလ်ရဲ့ မေးခွန်းကို နားမလည်နိုင် ဖြစ်သွားသည်။ သဘောကျတာ?
“သဘောကျတာ?”
“အဲ? ဟို... ကျွန်မ ဆိုလိုတာက၊ အဲဒါက...”
ထန်ဆိုယောလ်က သူမရဲ့ မေးခွန်းကြောင့် လန့်သွားပုံရသည်။ သူမရဲ့ မျက်နှာက နီရဲလာပြီး တဖြည်းဖြည်း နှုတ်ဆိတ်သွားသည်။ ထန်ဆိုယောလ် ကိုယ်တိုင်လည်း အဖြေကို မသိတာကြောင့် လွယ်လွယ်နဲ့ မဖြေနိုင်တာ ဖြစ်မှာပါ။
‘သဘောကျတာ’။ အဲဒါက ဘာကို ဆိုလိုတာလဲဆိုတာ သူ သိချင်မိသည်။
‘မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို ချစ်တာကို ဆိုလိုတာလား’
ဂူယန်ချွန်းကို ယောင်္ကျားတစ်ယောက်အနေနဲ့ သဘောကျလားလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ရင်တော့ မဟုတ်ဘူးလို့ ခံစားရသည်။ ဒါပေမဲ့ သိုင်းပညာရှင် တစ်ယောက်အနေနဲ့တော့ သူ့ကို စိတ်ဝင်စားမိသည်။
‘သူက လုံးဝကို ကွဲပြားနေခဲ့တာ’
ပထမဆုံး တွေ့ခဲ့တဲ့ ဂူယန်ချွန်း။ ပြီးတော့ မောင်လေးရဲ့ လက်မောင်ကို ချိုးပစ်ခဲ့တဲ့ ဂူယန်ချွန်း။ သူတို့က လူတစ်ယောက်တည်းမှ ဟုတ်ရဲ့လား။ သူမ အဖြေကို မသိခဲ့ဘူး။ အဲဒါက ဝမ်းနည်းစရာ အမှန်တရားပဲ။ ဒါကြောင့် သူ့ကို စမ်းသပ်ကြည့်ချင်ပေမဲ့ ချက်ချင်းပဲ အငြင်းခံလိုက်ရတယ်...
တကယ်လို့ တစ်စုံတစ်ယောက်က အခုအချိန်မှာ ဂူယန်ချွန်းကို သိုင်းပြိုင်ရင် အနိုင်ယူနိုင်မလားလို့ မေးလာရင်တော့ အနိုင်ရနိုင်တယ်လို့ သူမ ဖြေနိုင်ပါလိမ့်မည်။ ဒါပေမဲ့ အဲဒါက အခုအချိန်အတွက်ပဲ ဖြစ်လိမ့်မည်။ နမ်ဂေါင်းဘီအာ လို အဆင့်အတန်းရှိတဲ့ သူတစ်ယောက်တောင် ဂူယန်ချွန်းကို ဘယ်လို အကဲဖြတ်ရမလဲဆိုတာ မသေချာဘူးဆိုတဲ့ အချက်က တကယ့်ကို အံ့သြစရာပဲ။
အဲဒီကိစ္စကို ခဏဖယ်ထားရင်တောင်မှ ဂူယန်ချွန်းဆီကနေ ရွံရှာဖွယ်ကောင်းတဲ့ အနံ့အသက်တွေ မထွက်လာတဲ့ အချက်ကပဲ -
သူက ကျွန်မရဲ့ စိတ်ထဲမှာ နေရာယူထားတဲ့ လူတစ်ယောက်ပဲ...
“... ငါ သူ့ကို သဘောကျနေတာ ဖြစ်နိုင်မလား?”
နမ်ဂေါင်းဘီအာ မသိစိတ်ကနေ ပြောလိုက်တဲ့ စကားကြောင့် ထန်ဆိုယောလ်က ငိုတော့မယ့် မျက်နှာပေး ဖြစ်သွားသည်။
“ဘာဖြစ်လို့လဲ”
“ဘာမှ မဟုတ်ပါဘူး...”
ထန်ဆိုယောလ်က ‘သူမသာ ပြိုင်ဘက်ဆိုရင်တော့ ကျွန်မ ဘာမှ မတတ်နိုင်ဘူး...’ လို့ တိုးတိုးလေး ရေရွတ်နေသည်။
သူမ ဘာမှမတတ်နိုင်ဘူး ဆိုတာက ဘာကို ဆိုလိုတာလဲ။
“ဆိုယောလ်ရော ဘာဖြစ်လို့လဲ”
“ဟင်...?”
“အဲဒီအရာ၊ မင်း ငါ့ကို ပေးရမှာ မဟုတ်လား”
“ဪ...!”
ထန်ဆိုယောလ်က ဂူယန်ချွန်းကို ပေးလိုက်တဲ့ ဖိတ်စာက တကယ်တော့ သူမအတွက် ဖြစ်သည်။ ထန်ဆိုယောလ်နဲ့ ပထမဆုံး စတင်တွေ့ဆုံခဲ့ကတည်းက အမြဲတမ်း အဲဒီလိုပဲ ဖြစ်ခဲ့တာ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ထန်ဆိုယောလ်က အဲဒါကို တခြားလူတစ်ယောက်ကို ပေးလိုက်သည်။ အဲဒါက နမ်ဂေါင်းဘီအာကို စပ်စုချင်စိတ် ဖြစ်စေသည်။
“... ကျွန်မ၊ ဟို...”
ထန်ဆိုယောလ်က မေးခွန်းကြောင့် လန့်ပြီး စကားတွေ ထစ်နေသည်။ နောက်ပိုင်းမှာ သူမရဲ့ စကားထစ်တာတွေက ပိုများလာသလိုပဲ။
‘သူ ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား’
ထန်ဆိုယောလ်ဆီက ထွက်လာတဲ့ အနံ့က တော်တော်လေး နည်းပါးသည်။ အသေအချာ အာရုံစိုက်ပြီး မနမ်းရှူရင် လျစ်လျူရှုထားလို့ ရတဲ့ အဆင့်ပဲ။ အဲဒီအချက်က ထန်ဆိုယောလ်ကို အနားမှာ ရှိနေရင် သက်သောင့်သက်သာ ဖြစ်စေတဲ့ လူတစ်ယောက် ဖြစ်စေသည်။ ဒါကြောင့် သူမ နေမကောင်း မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်သည်။
“ကျွန်မ... သူနဲ့ ပိုပြီး နီးစပ်ချင်လို့ပါ”
“အော်”
“တောင်းပန်ပါတယ်... မင်း စိတ်ပျက်သွားပြီ မဟုတ်လား”
“ဟင်? ရပါတယ်”
တိုက်ရိုက် မိသားစုဝင် တစ်ယောက်ဆီကနေ ဖိတ်စာမရရင်တောင်မှ ပြိုင်ပွဲကို တက်ရောက်ဖို့ ဖြစ်နိုင်တာပဲ။ အဲဒီလို ကိစ္စလေးအတွက်နဲ့တော့ စိတ်ပျက်စရာ မလိုဘူးလို့ နမ်ဂေါင်းဘီအာ ခံစားရသည်။
“ပြန်ကြမလား...?”
ထန်ဆိုယောလ်က စိတ်ပျက်လက်ပျက် လေသံနဲ့ မေးသည်။ သူ ဘာကို ဒီလောက် စိတ်ပျက်နေတာလဲ။ သူမမှာ မေးစရာတွေ အများကြီး ရှိနေသည်။
“အင်း”
နမ်ဂေါင်းဘီအာဟာ ထန်ဆိုယောလ်နဲ့အတူ ထွက်လာခဲ့သည်။ ဂူယန်ချွန်း မရှိတော့ရင် သူမဟာ ရွံရှာဖွယ် အနံ့အသက်တွေ ရှိတဲ့ နေရာကို ပြန်သွားရဦးမည်၊ ဒါပေမဲ့ အဲဒီလို ဘဝမျိုးကို သူမ ကျင့်သားရနေပါပြီ။ ဒါကြောင့် နမ်ဂေါင်းဘီအာ စိတ်မပျက်ခဲ့ပါဘူး။
ကံကောင်းတာတစ်ခုကတော့၊ ‘ငါတို့ မကြာခင် ပြန်ဆုံကြလိမ့်မယ်လို့ ခံစားနေရတယ်’
အဲဒါက တစ်စုံတစ်ရာကြောင့် သူမ ခံစားလိုက်ရတာ ဖြစ်သည်။ နမ်ဂေါင်းဘီအာရဲ့ ခန့်မှန်းချက်တွေကတော့ အမြဲတမ်းလိုလို မှန်ကန်တတ်မြဲ ဖြစ်သည်။