အခန်း (၂၅) မိစ္ဆာဓား(၂)
ဝီဆောအာ နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ကျွန်ုပ်သည် မြန်မြန်ဆန်ဆန်ပင် စားစရာတစ်ခုခုကို အလျင်အမြန် ချက်ပြုတ်လိုက်ပြီး ကျွန်ုပ်တို့ နှစ်ဦးသား ခပ်သွက်သွက်ပင် စားသောက်လိုက်ကြသည်။ အချိန်မှာ အတော်အတန် နောက်ကျနေပြီ ဖြစ်သောကြောင့် ဟင်းလျာ အမယ်စုံအောင် ပြင်ဆင်ရန် မဖြစ်နိုင်တော့ပေ။ ဝီဆောအာ တစ်ယောက် ရက်ပေါင်းများစွာ ငတ်မွတ်နေခဲ့သည့်အတိုင်း အငမ်းမရ စားသောက်နေသည်ကို ကြည့်ပြီး ကျွန်ုပ်မှာ အံ့သြရယ်မောမိသည်။ သူမ အဘယ်ကြောင့် ဤမျှအထိ အစားကြီးနေရသနည်းဟု အစေခံများကို မေးမြန်းကြည့်ရာ သူမသည် အမြဲတမ်း ထိုသို့ပင် စားတတ်ကြောင်း ပြန်လည် ဖြေကြားကြသည်။ ပြန်စဉ်းစားကြည့်လျှင်လည်း ကျွန်ုပ်တို့ ပထမဆုံး စတွေ့သည့်နေ့က သူမသည် အာလူးများကို ကြောက်စရာကောင်းလောက်အောင် စားခဲ့သည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ ဝီဆောအာ၏ အစားအသောက် အားကောင်းမှုကြောင့် ကျွန်ုပ်တို့၏ ခရီးစဉ်တွင် စားနပ်ရိက္ခာ ဖြည့်တင်းရန် နေရာအတော်များများ၌ ရပ်နားရတော့မည်ကို နားလည်လိုက်ရသည်။
ထိုညက ကျွန်ုပ်တို့ စခန်းချရာနေရာ အနီးရှိ ရေကန်မျက်နှာပြင်ပေါ်တွင် လသာသာ အလှကို မြင်တွေ့နေရသည်။ စခန်းချရန် ကောင်းမွန်သော နေရာဖြစ်၍ ရွေးချယ်ခဲ့သော်လည်း မှောင်ရီပျိုးစပြုလာသည်နှင့်အမျှ ရေကန်အနီးဖြစ်သောကြောင့် ညဥ့်အေးဒဏ်က ထုံးစံထက် ပိုမိုပြင်းထန်လာသည်။ ည ၁၁ နာရီခန့်တွင် အစောင့်အရှောက်များက ညကင်းစောင့်ရန် ပြင်ဆင်ကြတော့သည်။ သူတို့သည် စခန်းချရာ ပတ်ပတ်လည်တွင် မိစ္ဆာကာကွယ်သည့် အဆောင်များကို ချထားပြီး တစ်စုံတစ်ရာ ဖြစ်ပွားလာပါက လျင်မြန်ထိရောက်စွာ တုံ့ပြန်နိုင်မည့် အနေအထားများဖြင့် နေရာယူကြသည်။ ကျွန်ုပ်သည် လမင်းကို ငေးကြည့်ရင်း ထိုင်နေစဉ် မူယွန်း ရောက်လာပြီး...
"သခင်လေး... အထဲဝင်ပြီး နားသင့်ပါပြီ။ အပြင်မှာ တော်တော်လေး အေးနေပြီဗျ။"
"ဘယ်လောက်ပဲ အေးအေး... ငါက မင်းတို့အားလုံးထက် ပိုနွေးနေဦးမှာပါ။"
ကျွန်ုပ်၏ မီးဓာတ် ချီ ကြောင့် အေးစိမ့်သော လေထုမှာ ကျွန်ုပ်အတွက် လတ်ဆတ်သော လေပြေကဲ့သို့သာ ခံစားရသည်။ ကျွန်ုပ်သည် မီးပုံရှေ့တွင် ထိုင်နေစဉ် ဝီဆောအာက အစေခံများထံမှ တစ်စုံတစ်ခုကို ယူဆောင်ပြီး ကျွန်ုပ်ထံသို့ ခုန်ပေါက်ကာ ရောက်လာသည်။ သေချာကြည့်လိုက်တော့ ပန်းကန်တစ်ခုထဲတွင် ဖတ်ထုပ်များ ဖြစ်နေသည်။
...ဖတ်ထုပ်တွေလား? ဘာလို့ ရုတ်တရက်ကြီးလဲ? ပန်းကန်ထဲကနေ အငွေ့တွေ ထွက်နေတုန်းဆိုတော့ အခုလေးတင် ပေါင်းထားတာ ဖြစ်ရမည်။ ဒီလိုနေရာမျိုးမှာ ဘယ်လိုများ ပေါင်းလိုက်ကြတာလဲ?
"အစ်မတွေက ဒါကို အတူတူ မျှစားကြဖို့ ပြောလိုက်တယ်!"
၎င်းတို့မှာ အစောင့်အရှောက်များအတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်ပုံရသည်။ ဝီဆောအာက ဖတ်ထုပ်များကို လိုက်ဝေသောအခါ အစောင့်အရှောက်များက သူမကို ကြည့်ပြီး ပြုံးနေကြသည်။ ဝီဆောအာ၏ ချစ်စဖွယ် အသွင်အပြင်မှာ တကယ့်ကို အစွမ်းထက်သော လက်နက်တစ်ခုပင်။ အတိတ်ဘဝက အရွယ်ရောက်ပြီးသော ဝီဆောအာ၏ အလှမှာ ရန်သူများကိုပင် သူမ၏ ရုပ်ရည်ဖြင့်တင် အရှုံးပေးစေနိုင်ခဲ့သည်။ ယခုအချိန်တွင်မူ ထိုကဲ့သို့သော အလှမျိုး မရှိသေးသော်လည်း သူမကို မြင်တွေ့သူတိုင်း ပြုံးမိစေလောက်အောင် ချစ်စရာကောင်းနေဆဲ ဖြစ်သည်။ ဖတ်ထုပ်ဝေပြီးနောက် သူမသည် ကျွန်ုပ်၏ ဘေးတွင် လာထိုင်သည်။
"သခင်လေးအတွက် အကြီးကြီး နှစ်ခု ယူလာပေးတယ်နော်။"
ဝီဆောအာက ပြုံးရွှင်စွာဖြင့် ဖတ်ထုပ်နှစ်ခုကို ကမ်းပေးသည်။ ကျွန်ုပ်လည်း ထိုဖတ်ထုပ်များကို လက်ခံယူလိုက်ပြီး သူမကို ပြောလိုက်သည်။
"မင်း အိပ်ဖို့ မလိုသေးဘူးလား? မနက်ဖြန် မနက်စောစော ထရမှာနော်။"
မနက်ဖြန် နေထွက်သည်နှင့် ခရီးဆက်ရမည် ဖြစ်သောကြောင့် မနက်ဖြန် ပင်ပန်းမနေစေရန် သူမကို အခုပင် အိပ်စေချင်သည်။
"သခင်လေးလည်း မအိပ်သေးဘဲနဲ့။"
"...အဲဒါကတော့..."
ကျွန်ုပ်မှာ ချီ အနည်းငယ် ရှိသောကြောင့် အကြောင်းမဟုတ်သော်လည်း ဝီဆောအာမှာ သိုင်းပညာရှင် မဟုတ်သေးသဖြင့် ခရီးပန်းမည်ကို စိုးရိမ်မိသည်။ ကျွန်ုပ်သည် ခေါင်းခါယမ်းလိုက်ပြီး ဖတ်ထုပ်ကို တစ်ကိုက် ကိုက်လိုက်သည်။ နူးညံ့ပြီး အရည်ရွှမ်းသော ဖတ်ထုပ်၏ အရသာမှာ နတ်သုဒ္ဓါကဲ့သို့ပင်။
ညဥ့်နက်လာပြီး ပိုမိုအေးလာသောအခါ မူယွန်းက မတ်တပ်ရပ်ပြီး ကိုယ်လက်လှုပ်ရှား ပြုလုပ်သည်။ ကျွန်ုပ်လည်း ရထားလုံးဆီ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး ဝီဆောအာ၏ ကျောကို အသာလေး တွန်းလိုက်သည်။
"သွားတော့... အချိန်မီ မထနိုင်ရင် မင်းကို ဒီမှာ ထားခဲ့မှာနော်။"
"အီးးး... ရက်စက်လိုက်တာ။"
"မင်းပေးတဲ့ ဖတ်ထုပ်က တကယ် အရသာရှိပါတယ်။"
ကျွန်ုပ်သည် နောက်ဆုံးကျန်သော ဖတ်ထုပ်အပိုင်းအစကို စားပြီးနောက် ရထားလုံးထဲဝင်ကာ အိပ်စက်လိုက်သည်။
"တကယ်ကို ဝေးလွန်းတာပဲ။"
ကျွန်ုပ်တို့ ဂိုဏ်းကနေ စိချွမ်း ကို ထွက်လာခဲ့သည်မှာ လေးရက်ရှိပြီဖြစ်သည်။ ထိုလေးရက်အတွင်း စခန်းချခြင်းနှင့် ရထားလုံးစီးခြင်းတို့သာ လုပ်ခဲ့ရသည်။ ထိုရက်များအတွင်း သိုင်းကျင့်ကြံခဲ့သော်လည်း ထူးခြားသော တိုးတက်မှုတော့ မရှိသေးပေ။ ချီ ဆိုသည်မှာ အသိဥာဏ် အနည်းငယ် ပွင့်ရုံဖြင့် တိုးတက်ရန် မလွယ်ကူသည်ကို ကျွန်ုပ် နားလည်ပါသည်။ သို့သော် လောလောဆယ် စိတ်ပူနေရသည်မှာ ၎င်းမဟုတ်ဘဲ...
"...သွားတာက ထားပါတော့၊ ပြန်လာရင်ကော ဘယ်လိုလုပ်မလဲ?"
အပြန်ခရီးကလည်း ဤမျှပင် အချိန်ကြာဦးမည်။ ဒါဆိုရင် ဒီဒုက္ခတွေကို ငါ ထပ်ကြုံရဦးမှာလား...? ခရီးရှည်ကြီးက ကျွန်ုပ်ကို စတင် ပင်ပန်းနွမ်းနယ်စေပြီဖြစ်သည်။ လမ်းက ကြမ်းတမ်းလွန်းသဖြင့် ရထားလုံးကို အရှိန်ပြင်းပြင်း မမောင်းနိုင်ခြင်းက ပို၍ပင် ဆိုးရွားစေသည်။ ထို့ကြောင့် ပြင်ပလောက၏ မြင်ကွင်းများကို အသေးစိတ် မြင်တွေ့နေရပြီး အစပိုင်းတွင် နှစ်သက်မိသော်လည်း နောက်ပိုင်းတွင် ငြီးငွေ့လာတော့သည်။
"သခင်လေး!"
"သက်ပြင်း... ဘာဖြစ်လို့လဲ?"
"ဟိုမှာကြည့်ပါဦး! ကြည့်! ရှဥ့်ကလေး!"
ဝီဆောအာ ညွှန်ပြသော သစ်ပင်ဆီသို့ ကြည့်လိုက်ရာ သစ်စေ့တစ်စေ့ကို အလုပ်ရှုပ်စွာ ဝါးစားနေသော ရှဥ့်တစ်ကောင်ကို တွေ့ရသည်။
"အေး... အဲဒါ ရှဥ့်ပဲလေ..."
"ချစ်စရာလေးနော်... ဟုတ်တယ်မလား?"
ကျွန်ုပ်သည် ဝီဆောအာနှင့် ဤကဲ့သို့ စကားတိုလေးများ ပြောဖြစ်တတ်သည်။ အမှန်အတိုင်း ပြောရလျှင် ဤကဲ့သို့ စကားပြောဖြစ်ခြင်းကပင် ကျွန်ုပ်ကို အစွမ်းကုန် ငြီးငွေ့မသွားအောင် ဆွဲထားပေးခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူမက ယက်ဂွာ (မုန့်တစ်မျိုး) သည် အာလူးထက် ပိုစားကောင်းကြောင်း၊ လင်းယုန်သားမှာ ဝါးရခက်ကြောင်း သို့မဟုတ် ရိုးရိုးဝက်သားက တောဝက်သားထက် ပိုစားကောင်းကြောင်း စသည်ဖြင့် ပြောတတ်သည်။... စဉ်းစားကြည့်မှ ကျွန်ုပ်တို့သည် အစားအသောက် အကြောင်းများကိုသာ ပြောနေကြခြင်း ဖြစ်သည်။
ထိုအထိ စဉ်းစားမိပြီး ရှဥ့်ကလေးကို ကြည့်ကာ ချစ်စရာကောင်းကြောင်း ပြောနေသည့် ဝီဆောအာကို ကြည့်ပြီး ကျွန်ုပ် ကြက်သီးထသွားမိသည်။ စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ သူမကို မေးလိုက်သည်။
"မင်း ရှဥ့်သား စားဖူးလို့လား?"
ဝီဆောအာက ထူးဆန်းသော မျက်နှာပေးဖြင့် ပြန်ဖြေသည်။
"သခင်လေးရယ်... ကျွန်မက ရှဥ့်သားအထိတော့ မစားပါဘူး။"
'သခင်လေးက အတာလား?' ဟု မေးနေသည့်အလား သူမက ကျွန်ုပ်ကို ကြည့်နေသည်။ ကျွန်ုပ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ ကျွန်ုပ်ဘက်က ခုခံပြောရလျှင် သူမက လင်းယုန်သားတောင် စားဖူးသည်ဆိုတော့ ရှဥ့်သားကို မစားဖူးဘူးလို့ ဘယ်လိုလုပ် သိနိုင်မှာလဲ...? ကျွန်ုပ်မှာ အနည်းငယ် အငြိုးဖြင့် ဝီဆောအာ စားတော့မည့် ယက်ဂွာမုန့်ကို လုစားပစ်လိုက်သည်။ ဝီဆောအာမှာ တစ်ခဏမျှ ကြောင်သွားပြီးမှ...
"ဟင်... ဟင်င်င်င်!!???"
သူမသည် ကမ္ဘာပျက်တော့မည့်အလား မျက်နှာပေးမျိုး ဖြစ်သွားသည်။ သူမ၏ ဖောင်းအိနေသော ပါးပြင်လေးများဖြင့် ထိုမျက်နှာပေးမှာ တကယ့်ကို ရယ်စရာကောင်းလှသည်။ ၎င်းကို မြင်ရသည်မှာ ကျွန်ုပ်အတွက် ကျေနပ်စရာပင်။
"ဘ-ဘယ်လိုလုပ်ပြီး..."
"မင်း ယက်ဂွာ စားတာ လျှော့ဦးမှ။ မင်းမျက်နှာက ဝိုင်းစက်နေပြီဆိုတာ ကြည့်ပါဦး။"
"မဝိုင်းပါဘူး!"
"တခြားသူတွေကို သွားမေးကြည့်... သူတို့ သဘောတူမလားလို့။"
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အစေခံများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ရယ်မောနေကြသည်။ ဝီဆောအာက သူတို့ဘက်သို့ လှည့်ကြည့်လိုက်သည်နှင့် ထိုရယ်သံများ ရပ်တန့်သွားပြီး သူမက မေးခွန်းမေးရန် ပါးစပ်ဟလိုက်သည်နှင့် အားလုံးက ခေါင်းလွှဲသွားကြသည်။ သူတို့မှာ အမှန်အတိုင်း ပြောရန် ခက်ခဲနေကြပုံရသည်။ ဝီဆောအာမှာ ထိုတိတ်ဆိတ်မှုမှတစ်ဆင့် အဖြေကို ရလိုက်ပြီး မျက်ရည်များ ဝဲလာတော့သည်။
"ကျွန်မက... ကျွန်မက အဝိုင်းကြီးပေါ့..."
"ဟုတ်တယ်... မင်းက အဝိုင်းကြီးပဲ။"
ကျွန်ုပ်၏ နောက်ဆုံးတိုက်စစ်ကြောင့် ဝီဆောအာသည် ရထားလုံးနံရံကို ခေါင်းမှီကာ နှုတ်ဆိတ်သွားပြီး အရှုံးပေးလိုက်တော့သည်။ အမှန်အတိုင်း ပြောရလျှင် သူမ၏ မျက်နှာမှာ ကြည့်မကောင်းသည် မဟုတ်ပါ။ ပထမဆုံး စတွေ့ချိန်ထက်စာလျှင် ပိုပြီး ပါးဖောင်းလာရုံသာ ဖြစ်သည်။
'ဒါပေမဲ့ ဝလာတာတော့ အမှန်ပဲ မဟုတ်လား?'
မည်သို့ပင်ဖြစ်စေ သူမ ငြိမ်သွားသောကြောင့် ကျွန်ုပ်လည်း အေးအေးဆေးဆေး နေခွင့်ရသွားသည်။ ပြင်ပမြင်ကွင်းကို ပြန်ကြည့်ရင်း ရှေ့ဆက်ဖြစ်လာမည့် အရာများကို စဉ်းစားမိသည်။
'အားလုံး အဆင်ပြေပါစေ။'
စိချွမ်းရှိ ထန်မျိုးနွယ်စု ဂိုဏ်းကို သွားရခြင်းမှာ အဓိက တာဝန်တစ်ခု ဖြစ်သကဲ့သို့ ဂေချွန်းဂိုဏ်း၏ ကိစ္စများကိုလည်း စဉ်းစားရဦးမည်။ လျှို့ဝှက်တိုက်ကို ရှာဖွေရန် ကျွန်ုပ်၌ အချိန်မည်မျှ ရှိသနည်း? အများဆုံး သုံးရက်ခန့်သာ ရမည်ဖြစ်ပြီး ၎င်းမှာ ထင်ထားသည်ထက် ပိုတိုတောင်းနေသည်။ ကျွန်ုပ်တွင်ရှိသော သတင်းအချက်အလက်မှာ လျှို့ဝှက်တိုက်ရှိနိုင်မည့် နေရာကို ခပ်ဝါးဝါး သိထားခြင်းသာ ဖြစ်သည်။ အကယ်၍ ကျွန်ုပ်ကိုယ်တိုင် မရှာနိုင်ပါက ဖုန်းဆိုးဂိုဏ်း (Beggar's Sect) ကိုသာ အကြောင်းကြားရန် စဉ်းစားထားသည်။ သို့မဟုတ် အနည်းဆုံးတော့ ဂေချွန်းဂိုဏ်းကဲ့သို့ မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းမည့်သူများ လက်ထဲ ထိုလျှို့ဝှက်တိုက် မရောက်သွားအောင် တားဆီးရမည်။ အကယ်၍ ကျွန်ုပ် လျှို့ဝှက်တိုက်ကို တွေ့ခဲ့လျှင်ကော? တွေ့မှသာ ဆက်စဉ်းစားတော့မည်။
'ရိက္ခာတွေလည်း နည်းနေပြီ။'
...၎င်းမှာ ဝီဆောအာ အငမ်းမရ စားနေခြင်းကြောင့်တော့ မဟုတ်ပါ... မမျှော်လင့်ဘဲ လမ်းကြမ်းခြင်းနှင့် ရံဖန်ရံခါ မိုးရွာခြင်းတို့ကြောင့် ရထားလုံးမှာ နှေးကွေးနေပြီး ခရီးပေါက်ရန် အတော်လိုပါသေးသည်။ ကျွန်ုပ်သည် ပြတင်းပေါက်မှ ခေါင်းပြူထွက်ပြီး မူယွန်းကို မေးလိုက်သည်။
"မူယွန်း... ရောက်ဖို့ ဘယ်လောက်လိုသေးလဲ?"
"အခုအရှိန်နဲ့ဆိုရင် အနည်းဆုံး နှစ်နာရီလောက်တော့ လိုပါဦးမယ် သခင်လေး။"
"ခြေကျင်လျှောက်တာကမှ ပိုမြန်ဦးမယ်။"
ကျွန်ုပ်သည် အားလုံးကို ထားခဲ့ပြီး တစ်ယောက်တည်း သွားချင်မိသော်လည်း ခဏအတွင်း ပင်ပန်းသွားမည်ကို သိနေခြင်းနှင့် ထန်မျိုးနွယ်စုကို ပေးရမည့် လက်ဆောင်ပစ္စည်းများကြောင့် မသွားဖြစ်ပေ။
"သက်ပြင်း..."
ပြုံးနေသော မူယွန်း၏ မျက်နှာမှာ ရုတ်တရက် တည်တင်းသွားပြီး ရထားလုံး၏ ရှေ့ဘက်သို့ စူးစိုက်ကြည့်လိုက်သည်။ သူ၏ ရုတ်တရက် အပြုအမူကြောင့် ကျွန်ုပ်လည်း ထူးဆန်းသွားပြီး...
"ဘာဖြစ်လို့လဲ?"
"ရပ်လိုက်ကြ။"
သူ၏ အသံမှာ တည်ကြည်လေးနက်နေသဖြင့် အားလုံး ချက်ချင်း ရပ်လိုက်ကြသည်။ ထိုအချိန်တွင် ကျွန်ုပ်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသဖြင့် ချီ ကို စတင် စုစည်းလိုက်သည်။ ထူးဆန်းသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရပြီး ကျွန်ုပ် မသိမသာ ပြုံးမိသွားသည်။ ၎င်းမှာ အခြားမဟုတ်၊ မိစ္ဆာများ၏ အရှိန်အဝါပင်။
"လွန်ခဲ့တဲ့ ရက်ပိုင်းက တိတ်ဆိတ်နေတယ်လို့ ထင်နေတာ။"
"အများကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မြန် ရှင်းလိုက်ပါ့မယ်၊ သခင်လေးက အထဲမှာပဲ နားနေပါဗျ။"
ပြီးခဲ့သည့် အခေါက်ကကဲ့သို့ပင် သူက ကျွန်ုပ်ကို အထဲမှာနေရန် ပြောသည်။ မိစ္ဆာကျောက်တုံးကို ထပ်ကိုင်မိပါက ဘာဖြစ်မည်ကို မသိနိုင်သဖြင့် ကျွန်ုပ်လည်း အထဲမှာပင် နေရန် ဆုံးဖြတ်လိုက်သည်။ ကံကောင်းသည်မှာ ၎င်းသည် မိစ္ဆာတံခါး (Gate of Demons) မဟုတ်ဘဲ အကြွင်းအကျန်များသာ ဖြစ်ပုံရသည်။ ထိုအရှိန်အဝါမှာ ကျွန်ုပ်တို့ထံ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်။ သူတို့က တိုက်ခိုက်ဖို့ ကြံနေတာလား? ဒါပေမဲ့ တစ်ခုခုတော့ လွဲနေသည်။
ရှပ်ရှပ်ရှပ်
မြက်ပင်ရှည်များကြားမှ ထွက်ပေါ်လာသော ထူးဆန်းသောအသံကြောင့် မူယွန်းနှင့် အစောင့်အရှောက်များက ဓားများကို အသင့်ထုတ်ထားကြသည်။ မကြာမီ တစ်စုံတစ်ခုက မြက်တောထဲမှ ထွက်ပေါ်လာပြီး တိုက်ခိုက်လာသည်။
ဝေါးးး - ရွှမ်း!
မူယွန်းသည် ထိုသတ္တဝါ အသံပင် မဆုံးသေးမီ နှစ်ပိုင်း ပိုင်းပစ်လိုက်သည်။ ကျွန်ုပ်ပင် မည်သည့်မိစ္ဆာ ဖြစ်သည်ကို သေချာမမြင်လိုက်ရပေ။
ဘုတ်!
သေဆုံးသွားသော သတ္တဝါမှာ မြေပေါ်သို့ ဘုတ်ခနဲ ကျသွားသည်။ ၎င်းမှာ ဝက်ဝံပုံသဏ္ဍာန်ရှိသော မိစ္ဆာတစ်ကောင် ဖြစ်သည်။ ဒုတိယ အကြီးအကဲကို ဝက်ဝံနှင့် တူသည်ဟု ကျွန်ုပ် အမြဲထင်ခဲ့သော်လည်း ယခု မိစ္ဆာကို ကြည့်ပြီးမှ သူတို့၏ တူညီမှုကို ပြန်လည် စဉ်းစားရတော့မည်။ သစ်တောစိမ်း ဝက်ဝံ။ ၎င်းသည် မိစ္ဆာတံခါးမှ ထွက်လာလေ့ရှိသည့် အနိမ့်ဆုံးအဆင့် မိစ္ဆာတစ်မျိုး ဖြစ်သည်။
"ဒါက..." မူယွန်းက ထိုသတ္တဝါကို ကြည့်ရင်း ပြောသည်။ "ဒီသတ္တဝါမှာ ကျွန်တော်လုပ်လိုက်တဲ့ ဒဏ်ရာအပြင် တခြားဒဏ်ရာတစ်ခု ရှိနေသေးတယ်ဗျ။"
"ဟင်?"
မူယွန်း၏ စကားကြောင့် ကျွန်ုပ် သေချာစစ်ဆေးကြည့်ရာ မူယွန်း၏ ဓားချက်အပြင် အခြားသော ဓားဒဏ်ရာတစ်ခု ရှိနေသည်မှာ အမှန်ပင်။ ဤသတ္တဝါမှာ တိုက်ခိုက်သူထံမှ ထွက်ပြေးလာခြင်းလား? ချီ အရှိန်အဝါရှိရာသို့ လာရမည့်အစား မိစ္ဆာများက လူသားတစ်ဦးထံမှ ထွက်ပြေးနေကြသည်လား...?
ထိုအချိန်တွင် ကျွန်ုပ်တို့၏ ပတ်ပတ်လည်တွင် မိစ္ဆာအရှိန်အဝါများ ပိုမို ထွက်ပေါ်လာသည်။ သို့သော် အများစုမှာ ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်း ပြန်လည် ပျောက်ကွယ်သွားကြသည်။ တစ်စုံတစ်ယောက်က သူတို့နောက်ကနေ လိုက်သတ်နေသည့်အတိုင်းပင်။ ရုတ်တရက် အရှိန်အဝါတစ်ခု ကျွန်ုပ်တို့ထံ ပြေးဝင်လာသည်။ ၎င်းမှာ အလွန်လျင်မြန်ပြီး ကျွန်ုပ်တို့ထံ တည့်တည့် ဦးတည်လာသည်။ မူယွန်းသည် သူခံစားလိုက်ရသော အရှိန်အဝါကြောင့် တုန်လှုပ်သွားသော်လည်း ချက်ချင်းပင် အသိဝင်ကာ အခြားအစောင့်အရှောက်များနှင့်အတူ တိုက်ပွဲဝင် အနေအထား ပြင်လိုက်သည်။
ထိုအရှိန်အဝါသည် မြက်တောကို တိုးဝှေ့ကာ ဇွတ်အတင်း ထွက်ပေါ်လာသည်။
ဝေါးးးး!
၎င်းမှာ နောက်ထပ် သစ်တောစိမ်း ဝက်ဝံတစ်ကောင် ဖြစ်ပြီး...
ဖြတ်!
လျင်မြန်သော ဓားချက်တစ်ခုက ပထမတစ်ကောင်ကဲ့သို့ပင် ၎င်းကို အဆုံးသတ်လိုက်သည်။
ဘုတ်!
သေဆုံးသွားသော မိစ္ဆာထံမှ ပြာလွင်သော သွေးများ ပန်းထွက်လာသော်လည်း မူယွန်းက ဂရုမစိုက်ပေ။ သူ၏ အကြည့်မှာ ဝက်ဝံ ထွက်ပေါ်လာရာ မြက်တောဆီသို့သာ စူးစိုက်ထားပြီး သတိကြီးစွာဖြင့် ဟစ်အော်လိုက်သည်။
"ဘယ်သူလဲ? ထွက်ခဲ့!"
မူယွန်း၏ စကားအပြီး စက္ကန့်အနည်းငယ်တွင် တစ်စုံတစ်ယောက် မြက်တောထဲမှ တကယ်ပင် ထွက်လာခဲ့သည်။ သူသည် ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ မည်သူဖြစ်သည်ကို ကြည့်ချင်သော်လည်း မျက်နှာကို အဝတ်ဖြင့် စည်းထားသဖြင့် မသိနိုင်ပေ။ ကိုယ်လုံးကိုယ်ပေါက်အရ အမျိုးသမီးတစ်ဦး ဖြစ်သည်ကိုသာ သိနိုင်သည်။ သူမသည် နှေးကွေးသော်လည်း ပေါ့ပါးသော ခြေလှမ်းများဖြင့် လျှောက်လာသည်။ သူမ နီးကပ်လာသောအခါ သူမ ဝတ်ဆင်ထားသော အဝတ်အစားများကို မြင်လိုက်ရသည်။ အပြာရောင် ဝတ်စုံပေါ်တွင် သစ်ရွက်များနှင့် ဖုန်မှုန့်များရှိနေသဖြင့် ခရီးရှည် နှင်လာသူဖြစ်ကြောင်း သိသာသည်။
အကွာအဝေး နီးကပ်လာသောအခါ သူမသည် ဓားကို အိမ်ထဲ ပြန်ထည့်လိုက်သော်လည်း မူယွန်းကမူ သူမကို ဓားဖြင့် ချိန်ထားဆဲပင်။ အတော်လေး နီးကပ်သွားသောအခါ ထိုအမျိုးသမီးက သူမ၏ မျက်နှာစည်းထားသော အဝတ်ကို ဖယ်လိုက်သည်။ အစောင့်အရှောက်တစ်ဦးမှာ သူမ၏ မျက်နှာကို မြင်လိုက်ရသည်နှင့် အံ့သြသံ ထွက်ပေါ်လာသည်။ သူမသည် အသက် ၂၀ အောက်သာ ရှိဦးမည် ထင်ရသော်လည်း ကျွန်ုပ်ထက်တော့ ကြီးပုံရသည်။ သူမတွင် အပြာနုရောင် ဆံပင်များရှိပြီး ဖြူဝင်းသော အသားအရည်က ဆံပင်အရောင်နှင့် လိုက်ဖက်လှသည်။ သူမ၏ နှာတံနှင့် နှုတ်ခမ်းများမှာ ဤကမ္ဘာပေါ်တွင် အလှဆုံးသော အမျိုးသမီးများထဲမှ တစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။
သူမသည် မူယွန်းကို ကြည့်ကာ စကားပြောလိုက်သည်။
"ကျွန်မ တစ်ယောက်တည်း ထွက်လာခဲ့တာဆိုတော့ သူတို့ကို အပြတ်မရှင်းနိုင်ခဲ့ဘူး။ တောင်းပန်ပါတယ်ရှင်။"
"တစ်ယောက်တည်းလား? ဆိုလိုတာက ဒီမိစ္ဆာအားလုံးကို ခင်ဗျား တစ်ယောက်တည်း ရှင်းလာတာလား?"
"မကြာသေးခင်ကမှ ကံမကောင်းတာတွေ ကြုံခဲ့လို့ပါ။ မိစ္ဆာတံခါးက ကျွန်မရှေ့မှာတင် ပွင့်သွားတာ။ ကျွန်မ သူတို့ကို သတ်နေတုန်း တချို့က ထွက်ပြေးသွားကြတယ်။"
"ထွက်... ပြေးသွားတယ်...?"
"ဒါက ကျွန်မတို့ မျိုးနွယ်စုရဲ့ သိုင်းပညာကြောင့်လားတော့ မသိပါဘူး၊ သူတို့ အမြဲတမ်း အဲဒီလို ဖြစ်တတ်ကြတယ်။"
မူယွန်းက ထိုအမျိုးသမီးနှင့် စကားပြောနေစဉ်...
အံ့သြသွားသော အစောင့်အရှောက်နှင့် မတူညီသော အကြောင်းပြချက်ဖြင့် ကျွန်ုပ်လည်း သူမ၏ မျက်နှာကို မြင်ပြီး ထိတ်လန့်သွားမိသည်။ သူမ၏ အလှကြောင့် မဟုတ်ပါ။ သူမ၏ အပြာရောင် ဝတ်စုံပေါ်ရှိ သေးငယ်သော အဖြူရောင် စာလုံးလေးကို မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။
'နမ်ဂေါင်း (Namgung)'
"ဘုရားရေ..."
ထိုစာလုံးကို မြင်လိုက်ရသောအခါ ကျွန်ုပ် ပါးစပ်မှ ကျိန်ဆဲသံ ထွက်လုနီးပါး ဖြစ်သွားသည်။ ထိုစာလုံးပါသော အဝတ်ကို ဝတ်ဆင်ကာ လွတ်လပ်စွာ သွားလာနိုင်သူမှာ အနည်းငယ်သာ ရှိသည်။ ၎င်းအပြင် ထိုကဲ့သို့ ပြုမူနိုင်သော အမျိုးသမီးမှာ တစ်ဦးတည်းသာ ရှိသည်။
ဒါပေမဲ့ 'သူမက ဘာလို့ ဒီကို ရောက်နေရတာလဲ?'
နဖူးမှ စီးကျလာသော ချွေးစက်များကို ကျွန်ုပ် သုတ်လိုက်ရသည်။ သူမ မည်သူဖြစ်သည်ကို ကျွန်ုပ် ကောင်းကောင်းသိသည်။ ယခုဘဝတွင် မသိကျွမ်းသေးသော်လည်း အတိတ်ဘဝတွင်တော့ မဟုတ်ပေ။ သူမသည် ယခုဘဝတွင် ကျွန်ုပ် အပတ်သက်ချင်ဆုံး လူသားများထဲမှ တစ်ဦးဖြစ်သည်။
'ငါ့ရဲ့ ကံတရားက ဘယ်လောက်ပဲ ဆိုးဆိုး၊ ဘာလို့ ဒီလောက်အထိ ဆိုးနေရတာလဲ?'
ကျွန်ုပ်သည် ခုန်ပေါက်နေသော ရင်ခုန်သံကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။ ၎င်းမှာ ရင်ခုန်ခြင်း သို့မဟုတ် ချစ်မြတ်နိုးခြင်းကြောင့် မဟုတ်ပါ။ ကြောက်ရွံ့ခြင်းပင်။ ကြောက်ရွံ့ခြင်း သက်သက်သာ ဖြစ်သည်။ ထိုအမျိုးသမီးက မူယွန်းကို အသံမာမာဖြင့် ပြောလိုက်သည်။
"ကျွန်မ နာမည်က နမ်ဂေါင်းဘီအာ ပါ။ ရှင်တို့လည်း စိချွမ်း ကို သွားနေတာလား?"
သူမ၏ အမည်ကို ကြားလိုက်ရသောအခါ ကျွန်ုပ်၏ မျက်လုံးများကို မှိတ်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ တကယ်ကို သူမ ဖြစ်နေသည်။ နောက်ဆက်တွဲ စကားလုံးများကို ကြားလိုက်ရသောအခါ ကျွန်ုပ် သက်ပြင်းချမိတော့သည်။
"ဒါဆိုရင် ကျွန်မ အတူတူ လိုက်ခဲ့လို့ ရမလား? လမ်းခရီးအတွက် လိုအပ်တာတွေကို ကျွန်မ ပေးပါ့မယ်။"
"မရဘူး! လုံးဝ မရဘူး!"
ကျွန်ုပ်သည် ရထားလုံးတံခါးကို ကန်ဖွင့်လိုက်ပြီး သူတို့ဆီ ပြေးသွားကာ အော်ဟစ်လိုက်သည်။ ထို့နောက် ကျွန်ုပ်နှင့် သူမ၏ မျက်လုံးချင်း ဆုံသွားသည်။ သူမ၏ ခံစားချက်မရှိသော မျက်လုံးများမှာ အတိတ်ဘဝကအတိုင်းပင် ဖြစ်နေသဖြင့် ပို၍ပင် ကြောက်စရာကောင်းနေတော့သည်။
မိစ္ဆာဓား နမ်ဂေါင်းဘီအာ။ ဓားပညာအတွက် ရူးသွပ်သော အမျိုးသမီး။ နောက်ဆုံးတွင် မိစ္ဆာလူသား အဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ ကိုယ်ပိုင်မျိုးနွယ်စုကိုပင် ဖျက်ဆီးခဲ့သော အမျိုးသမီး။