အခန်း (၂၂) သူဘာလို့ပြန်ထွက်သွားပြန်တာလဲ(၂)
"အနားယူပြီးမှ ပြန်လာခဲ့စမ်းပါ။ ဒီအတိုင်းဆို မင်း သေသွားလိမ့်မယ်။"
၎င်းမှာ သူ ခြံရံစောင့်ရှောက်သူ (Escort) မဖြစ်လာမီက ဓားသမားအဖွဲ့ခေါင်းဆောင်ထံမှ မူယွန် ကြားခဲ့ရသော စကားများဖြစ်သည်။ ထိုအမှတ်တရကို မေ့ဖျောက်ရန် မူယွန်သည် ညစဉ် ညတိုင်း ဓားကို ဝှေ့ယမ်းနေခဲ့သည်။ သို့သော်လည်း ထိုအမှတ်တရများမှာ ဘယ်သောအခါမှ ပျောက်ကွယ်မသွားခဲ့ပေ။ မိမိတို့၏ သိုင်းပညာကို ဖော်ထုတ်ရန်မှလွဲ၍ ကိုယ်ပိုင်ဆန္ဒ မရှိကြသော သိုင်းသမားများ။ သို့သော် ထိုအမှတ်တရများသည် စာမျက်နှာပေါ်မှ မှင်စက်များကဲ့သို့၊ အရိပ်များကဲ့သို့ စွဲထင်နေဆဲ။
မူယွန်၏ ဓားမှာလည်း ထိုသို့ပင် ဖြစ်နေသည်။ ၎င်းမှာ မူယွန်၏ လက်ရှိဓားပညာ၏ အနှစ်သာရပင်။ ရည်ရွယ်ချက်မရှိသော အနှစ်မဲ့ဓား။ သူသည် ဓားကို ဝှေ့ယမ်းရုံသာ ဝှေ့ယမ်းနေခြင်းဖြစ်သည်။ ထို့ကြောင့် ဓားကို အကြိမ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ ဝှေ့ယမ်းပါစေဦးတော့၊ အမှတ်တရများကမူ ပျောက်ပျက်မသွားခဲ့။
ရှေးဟောင်း ဂူမျိုးနွယ်စု၏ ပါရမီရှင်။ ပထမအကြီးအကဲ၏ မြေးဖြစ်သူ ဂူဂျောယု မှလွဲလျှင် မူယွန်၏ ပါရမီမှာ ဧကန်မုချ ဉာဏ်ကြီးရှင်တစ်ဦး၏ ပါရမီမျိုးပင် ဖြစ်သည်။ မူယွန်သည် ရှေးဟောင်း ဂူမျိုးနွယ်စု သမိုင်းတွင် အထွတ်အထိပ်အဆင့်သို့ ပထမဆုံး ရောက်ရှိမည့်သူ ဖြစ်လာလိမ့်မည်ဟုပင် ပြောစမှတ်ပြုကြသည်။
အခု ပြန်စဉ်းစားကြည့်လျှင်မူ ဒါတွေအားလုံးက အပိုတွေသာ ဖြစ်ခဲ့သည်။ ပထမတန်းစား သိုင်းပညာရှင်အားလုံးက အဆင့်အတန်းတွေကို ဒီလောက်တောင် စွဲလမ်းကြတာလား? မူယွန် ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်သေးပေ။ ငါ ဘာကြောင့် ဒီအထိ ရောက်လာတာလဲ၊ ဘာအတွက်လဲ? ငါ့မှာ ဘာကျန်သေးလို့လဲ? အသည်းအသန် အကူအညီတောင်း အော်ဟစ်နေခဲ့ကြသော ဓားသမားအဖွဲ့ဝင်များကို သူ မှတ်မိနေဆဲပင်။
ငါ ဓားကို ဘာကြောင့် ကိုင်စွဲနေရတာလဲ? ဓားသမားဆိုသည်မှာ ဓားဖြင့် ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ သို့သော်လည်း ငါ သူတို့ကို မကာကွယ်နိုင်ခဲ့ဘူး။ ဒါဆို ငါက ဘယ်သူလဲ? သူ မသိတော့ပါ။ သူသည် မသန်စွမ်းသူတစ်ဦးကဲ့သို့ ရှင်သန်နေခဲ့သည်။ အဖွဲ့ခေါင်းဆောင်ဆီမှ အမိန့်မရမချင်း ထိုအတိုင်းပင် ဖြစ်နေခဲ့သည်။
"လက်ရှိအခြေအနေမှာ မင်းလို သိုင်းသမားတစ်ယောက်ကို ဒီမှာ ဒီအတိုင်း အလကား အပုပ်ခံမထားနိုင်ဘူး။ ဒါကြောင့် ဒါက မင်းအတွက် အကောင်းဆုံးနေရာပဲ။ အဲဒီကိုသွားပြီး အေးအေးဆေးဆေး နေလိုက်ပါ။"
သူ့ကို စေလွှတ်လိုက်သော နေရာမှာ ခြံရံစောင့်ရှောက်ရေးအဖွဲ့ ဖြစ်သည်။ ဂူမျိုးနွယ်စု၏ တိုက်ရိုက်သွေးနှောသူများကို ကာကွယ်ရသော ဂုဏ်သရေရှိသည့် ရာထူးတစ်ခု။ သို့သော် မူယွန်က ထိုသို့ မမြင်ခဲ့ပေ။
"သူတို့ရဲ့ လှုပ်ရှားမှု တိုင်းကို သတင်းပို့ပါ။"
၎င်းမှာ ခြံရံစောင့်ရှောက်ရေးအဖွဲ့သို့ ရောက်သည်နှင့် သူ ရရှိခဲ့သော အမိန့်ဖြစ်သည်။ ဘာကြောင့်လဲ? ငါ သူတို့ကို တကယ်ပဲ ကာကွယ်ပေးနေတာလား? မူယွန်၏ အမြင်တွင် ခြံရံစောင့်ရှောက်ရေးအဖွဲ့မှာ စောင့်ရှောက်ရန်ထက် စောင့်ကြည့်ရန်အတွက်သာ တည်ရှိနေခြင်းဖြစ်သည်။ သို့သော် သူ အမိန့်ကို မဖီဆန်ခဲ့ပါ။ သူ ဖီဆန်နိုင်သည့် အခြေအနေမှာ ရှိနေလို့လား? မူယွန် နားမလည်နိုင်ခဲ့ပေ။
မကြာမီမှာပင် မူယွန်သည် သူ စောင့်ရှောက်ရမည့်သူနှင့် စတင် တွေ့ဆုံရသည်။ သူကား ဂူမျိုးနွယ်စု၏ သားသမီး လေးဦးအနက် တတိယမြောက်နှင့် တစ်ဦးတည်းသောသားဖြစ်သူ ဂူယန်ချွန်း ဖြစ်သည်။ ပထမဆုံး အမြင်မှာ သိပ်မကောင်းလှပေ။ ဂူမျိုးနွယ်စု၏ မျိုးဆက်တိုင်းကဲ့သို့ပင်၊ သူ၏ စူးရှသော မျက်လုံးများနှင့် နှုတ်ခမ်းများက သူသည် ဒေါသကြီးသူဖြစ်ကြောင်း ဖော်ပြနေသည်။
သူနှင့် စကားအများကြီး မပြောဖြစ်သော်လည်း သူသည် စိတ်တိုတတ်သူဖြစ်ကြောင်း ဧကန်သိနိုင်သည်။ ထို့အပြင် မောက်မာသူလည်း ဖြစ်သေးသည်။
'တွေ့ရတာ ဝမ်းသာပါတယ် သခင်လေး။'
'မင်းက ခြံရံစောင့်ရှောက်သူလား?'
'ဟုတ်ကဲ့၊ ကျွန်တော့်နာမည် မူယွန်ပါ။'
'သောက်ကျိုးနည်း၊ မိန်းကလေးတစ်ယောက် ခေါ်လာခိုင်းတာကို၊ အလုပ်လုပ်တာ စုတ်ပြတ်နေတာပဲ။'
'ခင်ဗျာ…?'
'ငါ့ကို စကားမပြောနဲ့၊ နားငြီးတယ်။ ဟိုထောင့်မှာ သွားထိုင်နေ၊ ငါ့မျက်စိရှေ့ လာမပေါ်နဲ့။'
…ဓားသမားအဖွဲ့မှ စီနီယာတစ်ယောက်က သူ့ကို ယဂွား (ကိုရီးယားမုန့်) တစ်ခု ဘာကြောင့် ပေးလိုက်သလဲဆိုသည်မှာ မထူးဆန်းတော့ပေ။
'ဒါက ဘာအတွက်လဲ?'
'အဲဒီကောင် ဒေါသထွက်လာရင် နားတစ်ဖက်ကသွင်း၊ နားတစ်ဖက်က ထုတ်လိုက်။ ပြီးရင် ဒါလေးပေးလိုက်၊ အခြေအနေ နည်းနည်း သက်သာသွားလိမ့်မယ်။'
စီနီယာ၏ ထိုအကြံပေးချက်ကို သူ ကျေးဇူးတင်မိသည်။ ကျေးဇူးကြောင့် သခင်လေးကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်၏ ရည်ရွယ်ချက်လားတော့ မသိသော်လည်း၊ ဂူယန်ချွန်းနှင့် တစ်ပတ်ခန့် နေပြီးနောက်တွင် မူယွန်သည် ဓားသမားအဖွဲ့သို့သာ ပြန်ချင်လာခဲ့သည်။ အလုပ်အသစ်က ရုပ်ပိုင်းဆိုင်ရာအရ ပိုလွယ်သော်လည်း၊ စိတ်ပိုင်းဆိုင်ရာအရမူ ပို၍ ပင်ပန်းလှသည်။
ထိုစဉ် တစ်နေ့တွင် ဒုတိယအကြီးအကဲက ဂူယန်ချွန်းကို ရှာနေသည်။ ထိုသတင်းကို ကြားသည်နှင့် ဂူယန်ချွန်းသည် လမ်းပေါ်သို့ ထွက်ပြေးသွားတော့သည်။ ငါ သူ့ကို တားရမလား? သူ ခဏမျှ စဉ်းစားလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ဒုတိယအကြီးအကဲ၏ ဆူပူမှုကို ခံရသည်ထက် ဂူယန်ချွန်း၏ ဒေါသပေါက်ကွဲမှုကို ပိုကြောက်မိသည်။ ထို့ကြောင့် သူသည် လမ်းပေါ်သို့သာ နောက်ကလိုက်သွားပြီး တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ဂူယန်ချွန်းသည် အပြင်တွင် ထူးထူးခြားခြား ဘာမှမလုပ်ခဲ့ပါ။ သူသည် သူတို့ဘဝနှင့်သူတို့ သွားလာနေကြသော လူများကိုသာ ထိုင်ကြည့်နေခဲ့သည်။
'…'
သူ့ကို အံ့ဩစေသည်မှာ၊ သူ့ပတ်ဝန်းကျင်ရှိ လေထုမှာ ဆိတ်ငြိမ်ခြောက်ကပ်သော အခြေအနေသို့ ပြောင်းလဲသွားခြင်းပင်။ သူ ဘာတွေ တွေးနေတာလဲ? ပုံမှန်အားဖြင့် သူက စိတ်တိုတတ်သော်လည်း၊ တစ်ခါတစ်ရံတွင် နက်နဲသော ခံစားချက်အချို့က ပေါ်ထွက်လာတတ်သည်။ ကြီးမားသော နောင်တများနှင့် ငြိမ်သက်နေသော ဝမ်းနည်းမှုများက သူ့မျက်နှာပေါ်တွင် ပျံ့လွင့်နေသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ့မျက်နှာက အေးချမ်းပြီး လက်လျှော့ထားပုံလည်း ပေါ်နေသည်။
သူ့မျက်နှာပေါ်တွင် စွဲထင်နေသော ထိုအမူအရာနှင့် အကိုက်ညီဆုံးစကားလုံးမှာ 'အရှုံးပေးခြင်း' သာ ဖြစ်လိမ့်မည်။
အိမ်ရှေ့စံ ဖြစ်လာမည့် သခင်လေးက ဘာကြောင့် လက်လျှော့လိုက်ရတာလဲ? ထိုကောင်လေး ခံစားနေရသော နာကျင်မှုကို သူ နားမလည်နိုင်ခဲ့ပေ။ သူသည် စူးစမ်းလိုစိတ်လည်း မရှိခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော် သူက စူးစမ်းရမည့် အနေအထားတွင် မရှိသောကြောင့်ဖြစ်သည်။
ထိုစဉ် ခဏအတွင်း၊ ဂူယန်ချွန်း၏ ပတ်ဝန်းကျင်ရှိ လေထုက ပြောင်းလဲသွားသည်။ စကားလုံးဖြင့် ဖော်ပြရလျှင်။
သူ မသိလိုက်ဘဲ သူ၏ ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်မိသည်။ သူ၏ အာရုံခံစားမှု ကောင်းမွန်ကြောင်း လူအများထံမှ သူ ကြားဖူးထားသည်။ သူသည် ထိုနေရာတစ်ဝိုက်ကို မျက်လုံးဖြင့် အမြန်ဝေ့ကြည့်လိုက်သော်လည်း မည်သည့် ခြိမ်းခြောက်မှုကိုမှ မခံစားရပေ။
'ဟင်?'
ဒီ စူးရှရှ ခံစားချက်က ဘာလဲ? ထိုခံစားချက်က သူ့ကို ကြက်သီးပင် ထသွားစေသည်။ သို့သော် ၎င်းက ကြာရှည်မခံခဲ့ပါ။
"အာလူး စားမလား?"
သူမ၏ မျက်နှာကို သေချာမမြင်ရသော်လည်း၊ ဂူယန်ချွန်းနှင့် ရွယ်တူခန့်ရှိမည့် ကလေးမလေးတစ်ဦးသည် အာလူးများအပြည့်ပါသော ခြင်းတောင်းကို ကိုင်ကာ သူ့ရှေ့တွင် ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ စူးရှရှ ခံစားချက်များ ပျောက်ကွယ်သွားသည်။ ထိုကလေးမလေးကြောင့် ထိုခံစားချက် ပေါ်လာတာလား? မဖြစ်နိုင်သော်လည်း၊ နောင်တရတာထက် ကြိုတင်ကာကွယ်တာက ပိုကောင်းပါသည်။ သူသည် ဓားကို ဆွဲထုတ်ရန် အသင့်ပြင်ထားရင်း ဂူယန်ချွန်း၏ အနားသို့ တိုးသွားလိုက်သည်။
"သခင်လေး…?"
အံ့ဩစရာကောင်းလှသည်မှာ၊ ဂူယန်ချွန်းသည် ထိုကလေးပေးသော အာလူးကို စားနေခြင်းပင်။ ဟင်းပွဲတွေက သူအကြိုက်မဟုတ်လျှင် စားပွဲကို အမြဲမှောက်လှန်ပစ်တတ်သော ထိုကောင်လေး၊ ဂူယန်ချွန်းက အာလူးကို စားနေသည်။
ထိုကလေး၏ ပုံစံမှာ ပို၍ပင် ပြဿနာရှိနေသည်။ သူမ ဝတ်ထားသော အဝတ်အစားများမှာ စုတ်ပြတ်ညစ်ပတ်နေသည်။ တစ်ခါဝတ်ပြီးလျှင် လွှင့်ပစ်တတ်သော ဂူယန်ချွန်းက ဘယ်အချိန်မှာ ဒေါသပေါက်ကွဲဦးမလဲ သူ မသိနိုင်။ ထိုကလေးကို ချက်ချင်း လွှတ်လိုက်ရမည်။
"နင် ဘယ်လိုတောင်-"
"မင်းမှာ ယဂွား ရှိလား?"
"ခင်ဗျာ?"
"မင်းမှာ ယဂွား ရှိလားလို့ မေးနေတာ။"
သူက ဘာလို့ ရုတ်တရက် ယဂွားတောင်းနေတာလဲ? လာလမ်းမှာ သူပဲ အကုန်စားခဲ့တာလို့ ပြောချင်သော်လည်း အပြင်ထုတ်မပြောရဲပေ။ ကံကောင်းထောက်မစွာဖြင့် အိတ်ကပ်ထဲတွင် တစ်ခု ကျန်နေသေးသည်။
'ဟင်း… ခြံရံစောင့်ရှောက်သူဖြစ်မှ ယခွား သယ်ပေးနေရတယ်လို့…'
ထိုစဉ်က သူ ထိုသို့ တွေးမိသည်။ ဂူယန်ချွန်းက သူ့ဆီမှ ယခွားကို ယူသွားသည်။ အာလူးစားပြီးနောက် ပါးစပ်ထဲ ကျန်နေသော အရသာကို ဖျောက်ရန် ဂူယန်ချွန်းက စားလိမ့်မည်ဟု သူ ထင်ခဲ့သည်။
"ဒါလေး စားကြည့်မလား?"
သူက ထိုကလေးကိုသာ ပေးလိုက်သည်။
'…ဟင်?'
ယဂွားကို စားပြီးလျှင် ဂူယန်ချွန်းက ထိုကလေးကို ဆဲဆိုလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ ၎င်းမှာ သူ အမြဲသိထားသော ဂူယန်ချွန်း ဖြစ်သည်။ သို့သော် သူ ပြောင်းလဲသွားပြီ။ သူက သူမကို ပိုရှိရင် ပိုပေးမှာပါဟုပင် တောင်းပန်နေသေးသည်။ သူ ထိုအခြေအနေကို လုံးဝ နားမလည်နိုင်တော့ပေ။
'မနက်ဖြန် နေဘယ်က ထွက်မလဲဆိုတာ သေချာကြည့်ရမယ်။'
အနောက်လား၊ အရှေ့လား၊ တောင်လား၊ သူ သေချာစစ်ဆေးရမည်။ ယခွားရလို့ ပျော်နေသော ထိုကလေးသည် အဘိုးအိုတစ်ဦးနှင့်အတူ မကြာမီ ပျောက်ကွယ်သွားသည်။ ထူးဆန်းသည်မှာ ရက်အနည်းငယ်အကြာတွင် လမ်းပေါ်၌ သူတွေ့ခဲ့သော ထိုမိန်းကလေးနှင့် အဘိုးအိုမှာ ဂူယန်ချွန်း၏ ခြံဝင်းတွင် အလုပ်လုပ်နေကြခြင်းပင်။
ထိုနေ့သည် ဂူယန်ချွန်း စတင်ပြောင်းလဲလာသော အချိန်ပင် ဖြစ်သည်။
ဂူယန်ချွန်းသည် လေ့ကျင့်မှုများ စတင်ပြုလုပ်လာသည်။ တစ်ယောက်တည်း လေ့ကျင့်နေသည်မှာပင် အံ့ဩစရာသတင်း ဖြစ်သော်လည်း၊ သူသည် မြင့်မားသော ကျွမ်းကျင်မှုအဆင့်ဖြင့် လေ့ကျင့်နေခြင်းဖြစ်သည်။ သူသည် မူယွန်ကိုယ်တိုင်ပင် အံ့အားသင့်ရလောက်အောင် လေ့ကျင့်ခဲ့သည်။ အစေခံများအပေါ် သူ၏ ဆက်ဆံရေးမှာလည်း ပြောင်းလဲသွားသည်။ သူက သူတို့အပေါ် ကြင်နာသွားတာမျိုး မဟုတ်ဘဲ၊ ဂရုမစိုက်တော့တာသာ ဖြစ်သည်။ သူတို့ ကြိုးစားသည်ဖြစ်စေ၊ အမှားလုပ်သည်ဖြစ်စေ သူ ဂရုမစိုက်တော့ပေ။ အစေခံများကမူ နိဗ္ဗာန်ရောက်သလိုပင်ဟု ဝမ်းသာနေကြသည်။
အရာရာ အများကြီး ပြောင်းလဲသွားခဲ့သည်။
'သူ တကယ်ပဲ ပြောင်းလဲသွားတာလား…?'
ဂူယန်ချွန်း၏ မျက်နှာပေါ်မှ အမူအရာကို မူယွန် ခဏခဏ တွေးမိသည်။ ထိုအမူအရာက သူ့ကို အမြဲ စိုးရိမ်စေသည်။ တစ်ခုခုကို ဖုံးကွယ်ထားရင်း ရှင်သန်နေသလိုပင်။ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်မှာ ဖုံးကွယ်ထားစရာ အရေးကြီးတာ ဘာရှိမှာမို့လို့လဲ။
'သူ ပြောင်းလဲသွားတာ မဟုတ်ဘဲ၊ ဒါကမှ သူ့ရဲ့ ပင်ကိုစရိုက်အမှန် ဖြစ်နေမလား။'
ဒါပေမဲ့ ဘာအတွက်လဲ? သူ မသိပါ။
သူ ဂူယန်ချွန်းနှင့်အတူ လမ်းပေါ်သို့ တစ်ဖန် ထွက်လာခဲ့စဉ်။ သူသည် ဟောင်းဂိုဏ်း (Hao Clan) ကို ရှာရန် လမ်းကြိုလမ်းကြားများကို ကျွမ်းကျင်စွာ ဖြတ်သန်းသွားခဲ့သည်။ သမ္မာဂိုဏ်းမှ လူတစ်ယောက်က ဘာကြောင့် မိစ္ဆာဂိုဏ်း (သို့) အပယ်ခံဂိုဏ်းများနှင့် ပတ်သက်နေရတာလဲ၊ ပြီးတော့ သူက ဒီနေရာကို ဘယ်လိုလုပ် သိနေတာလဲ? သူ ဘာကိုမှ နားမလည်နိုင်ခဲ့ပါ။ ဂူယန်ချွန်းက ဟောင်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကိုပင် ထုတ်ပြောခဲ့သည်။ မူယွန်မှာ အလွန်အံ့ဩသွားသဖြင့် ဓားကိုပင် နောက်ကျမှ ဆွဲထုတ်မိလုနီးပါး ဖြစ်သွားသည်။
ဟောင်းဂိုဏ်း အစောင့်များ၏ ဓားများက သူ ထင်ထားသည်ထက် ပိုမြန်သည်။ သို့သော် ဂူယန်ချွန်းမှာမူ သူ့ကို ချိန်ရွယ်ထားသော ဓားများကြားတွင် တုန်လှုပ်ခြင်းမရှိပေ။ သူ ဘယ်လိုလုပ် ဒီလောက် တည်ငြိမ်နေနိုင်တာလဲ? အဖွဲ့ခေါင်းဆောင် အရက်မူးစဉ်က ပြောခဲ့သော စကားများကို သူ ရုတ်တရက် သတိရမိသည်။
'မင်းသိလား၊ ဂူမျိုးနွယ်စုဆိုတာ မင်းထင်သလို အလင်းရောင်တွေပဲ ရှိနေတာမဟုတ်ဘူး။ သိပ်တော့ အနက်ကြီး မတူးဆွပါနဲ့၊ မင်း တွေ့လာရမယ့်အရာတွေက မင်းကို ပျော်ရွှင်စေမှာ မဟုတ်ဘူး။'
ဒါကို သတိရမိတဲ့အခါ စိတ်ထဲ ရှုပ်ထွေးသွားရသည်။
ဟောင်းဂိုဏ်းမှ ထွက်လာပြီးနောက်၊ ဂူယန်ချွန်းသည် ဘာမှမဖြစ်ခဲ့သလိုပင် ယဂွားများ အများကြီး ဝယ်ခဲ့သည်။ ငါ့ပိုက်ဆံတွေနဲ့… အခုထိတော့ ပြန်မရသေးပါဘူး။
မျိုးနွယ်စုသို့ ပြန်ရောက်သောအခါ၊ ဂူယန်ချွန်းက ဒါတွေအားလုံးကို လျှို့ဝှက်ပေးထားရန် တောင်းဆိုခဲ့သည်။ သူကလည်း လိုက်နာမည်ဟု ပြန်ပြောခဲ့သည်။ သို့သော် သူသည် ဖြစ်ပျက်သမျှအားလုံးကို အစီရင်ခံစာ ရေးသားရမည်ဖြစ်သည်။
အစီရင်ခံစာ ရေးနေစဉ်တွင် သူ ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်ဖြစ်နေခဲ့သည်။ သူ လုပ်ရမှာက ရေးဖို့ပဲလေ။ ဒါက သူ့အလုပ်ပဲ။ ဒါပေမဲ့ ဘာလို့ သူ မရေးနိုင်ဖြစ်နေတာလဲ? အဖြေကတော့ သူ့ရဲ့ ပင်ကိုအသိစိတ် (Gut feeling) ကြောင့်ပင်။ မရေးသင့်ဘူးလို့ သူ့အသိစိတ်က ပြောနေသည်။ ဒါပေမဲ့ ဘာအကြောင်းကြောင့်လဲ? ဘာက ပြဿနာလဲ? စိတ်တွေ ရှုပ်ထွေးနေခဲ့သည်။
အဆုံးတွင်တော့ သူသည် ဟောင်းဂိုဏ်းကို သွားခဲ့သည်ဟုသာ ရေးခဲ့ပြီး၊ ဟောင်းဂိုဏ်းချုပ်နှင့် ပတ်သက်သည်များကိုမူ မရေးခဲ့ပေ။ ခက်ခဲသော ညတစ်ည ဖြစ်ခဲ့သည်။ ဘာကိုမှ နားမလည်နိုင်ခြင်းက အခြေအနေကို ပိုဆိုးစေသည်။
ရုတ်တရက် သူ ဓားကို ဝှေ့ယမ်းချင်စိတ် ပေါ်လာသည်။ ထို့ကြောင့် အပြင်ထွက်ပြီး ဓားကို ဆုပ်ကိုင်လိုက်သည်။ ဓားကို ဝှေ့ယမ်းချင်သော ဆန္ဒ ပေါ်မလာသည်မှာ ဘယ်နှလတောင် ရှိသွားပြီလဲ။ ဆန္ဒမပါဘဲ ဝှေ့ယမ်းခဲ့စဉ်ကနှင့် ကွာခြားလှသည်။
ငါက ဘယ်သူလဲ? ဂူယန်ချွန်းက ဘယ်သူလဲ? ဂူမျိုးနွယ်စုဆိုတာ ဘာလဲ? ထိုမေးခွန်းအားလုံးကို သူ၏ ဓားအား မေးမြန်းခဲ့ရာ ဓားက ပြန်လည် ဖြေကြားပေးခဲ့သည်။ ထိုသို့ဖြင့်၊ လပိုင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ သိုင်းအသိဉာဏ် ပွင့်လင်းလာခဲ့သည်။ ၎င်းက သူ့ကို ကလေးတစ်ယောက်လို ပျော်ရွှင်စေခဲ့ပြီး၊ ဂူယန်ချွန်း၏ ခြံဝင်းကို တံမြက်စည်းလှည်းနေသော အဘိုးအိုကိုပင် ကြွားလုံးထုတ်မိခဲ့သေးသည်။ စိတ်ထဲတွင် လန်းဆန်းသွားသည်။
"…အခုတော့ ငါ ပြန်သွားနိုင်ပြီ ထင်တယ်ဟု"
သူ ဓားသမားတစ်ယောက်အဖြစ် ပြန်သွားနိုင်ပြီဟု ခံစားရသည်။ ဒါက ဂူယန်ချွန်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူ ဘာကြောင့် ဒီလောက် စိတ်ရှုပ်နေသလဲဆိုတာ သိလျက်နှင့် မမေးခဲ့သော ဂူယန်ချွန်းကို ကျေးဇူးတင်မိသည်။ ထို့ကြောင့် သူသည်လည်း ဂူယန်ချွန်း၏ ရှုပ်ထွေးမှုများကို မမေးနိုင်ခဲ့ပေ။ သူ ဘာကြောင့် လူမိုက်မျက်နှာဖုံးကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာလဲ။ ဂူမျိုးနွယ်စု၏ လျှို့ဝှက်ချက်က ဘာလဲ၊ သူ မတွေးဝံ့တော့ပါ။
ထို့ကြောင့် သူသည် ဓားသမားအဖွဲ့သို့ ပြန်ရန် ခွင့်တောင်းတော့မည်ဖြစ်သည်။
"…စီချွမ်?"
ဒါပေမဲ့ သူတို့က သူ့ကို စီချွမ်ကို သွားခိုင်းသည်။
…ဘာလို့လဲ?
"ထန်မျိုးနွယ်စုရဲ့ သိုင်းပြပွဲလား?"
ဒုတိယအကြီးအကဲက သူ့ကို ထွက်ပြေးခိုင်းခဲ့သည်မှာ တစ်ရက်ရှိသွားပြီ။ ထွက်ပြေးခိုင်းတာက အဓိပ္ပာယ်မရှိဘူးလို့ သူကန့်ကွက်တော့ ဒုတိယအကြီးအကဲက သူ့ကို စိတ်ပျက်သလို ကြည့်ပြီး စီချွမ်ကို သွားဖို့ နည်းလမ်းတစ်ခု ရှာပေးခဲ့သည်။ ၎င်းမှာ ထန်မျိုးနွယ်စု၏ သိုင်းပြပွဲပင် ဖြစ်သည်။
"ဖိတ်စာက နှစ်တိုင်းလာတာပဲ၊ ဒါပေမဲ့ ငါကတော့ သိပ်သွားချင်တဲ့ ပွဲမျိုး မဟုတ်ဘူး။"
သိုင်းပြပွဲဆိုသည်မှာ ထန်မျိုးနွယ်စုက ကျင်းပသော ပွဲများအနက် တစ်ခုဖြစ်သည်။ ထိုပွဲမှာ သူတို့၏ သိုင်းစွမ်းအားကို ပြသရန် ကျင်းပခြင်းဖြစ်သည်။
"ဒါက အခုအချိန်လောက်မှာ စတာလား…?"
တစ်ခါတုန်းက၊ သူ့ရဲ့ အတိတ်ဘဝက သခင်လေး အဆင့်အတန်းနဲ့ အဲဒီပွဲကို သူ တက်ရောက်ခဲ့ဖူးသည်။ အဲဒီမှာ ပြသထားတဲ့ အလွန်မိုက်တဲ့ လက်နက်တွေ အများကြီးကို သူ မှတ်မိနေသေးသည်။
"၁၅ ရက်လောက်ဆို စတော့မှာဆိုတော့၊ အခုသွားရင် အတော်ပဲ။"
ဒီလောက် ဝေးတဲ့ခရီးကို သွားဖို့ အချိန်က သိပ်မကျန်တော့ဘူး။ အဲဒီလောက် အချိန်တိုအတွင်းမှာ စီချွမ်က ရွှေရောင်သဘာဝမျိုးနွယ်စုရဲ့ လျှို့ဝှက်တိုက်ခန်းကို ငါ တကယ်ပဲ ရောက်နိုင်ပါ့မလား?
"ဒါနဲ့ ခွင့်ပြုချက်က ဘယ်လိုရခဲ့တာလဲ?"
အရင်ဘဝက သူ ဒီပွဲကို တက်ခဲ့ရတဲ့ အကြောင်းရင်းက သူ အိမ်ရှေ့စံ ဖြစ်လာတဲ့အခါ ထန်မျိုးနွယ်စုနဲ့ မျက်မှန်းတန်းမိအောင် ဖြစ်သည်။ တစ်လနီးပါး အပြင်ထွက်ဖို့ ခွင့်ပြုချက်ရတာက မမျှော်လင့်ထားတဲ့ အရာပင်။ ဂူမျိုးနွယ်စုရဲ့ မျိုးဆက်တစ်ခုအတွက် ဒါက မလွယ်ကူလှဘူး။ အရင်က ဖြစ်နိုင်ခဲ့တာက သူ အိမ်ရှေ့စံမို့လို့ပဲ။
ဒုတိယအကြီးအကဲက ရယ်မောလိုက်သည်။
"ဂူမျိုးနွယ်စုအတွက် ကျေးဇူးတစ်ခု ပြန်ဆပ်ပေးရုံပါပဲ။"
"ခင်ဗျား အဲဒီအထိတောင် လုပ်ပေးတာလား?"
ဘယ်လို ကျေးဇူးမျိုးမို့လို့ လွယ်လွယ်ကူကူ ဖြစ်သွားရတာလဲ? အမှန်အတိုင်းပြောရရင် စီချွမ်ကိုသွားမယ့် လှည်းတစ်စီးစီးပေါ် သူတင်ပေးလိုက်မှာပဲလို့ သူ ထင်ထားခဲ့တာ။ ဆိုလိုတာက၊ ထွက်ပြေးတာထက်စာရင်တော့ ဒါက ပိုကောင်းပါသေးတယ်… နေဦး၊ ဒါကလည်း ထွက်ပြေးတာပဲ မဟုတ်လား။ ဒုတိယအကြီးအကဲနဲ့ အတွေးချင်း တူသွားတာကို သတိထားမိတော့ ကြက်သီးပင် ထသွားမိသည်။
'ငါက အနည်းဆုံးတော့ ဒီ ဝက်ဝံကြီးထက် ပိုတော်ပါသေးတယ်…'
ဟုတ်တယ်! တကယ်ပဲ ပိုတော်ပါတယ်။
"ကတိက ပေးပြီးသွားပြီ၊ ပြီးတော့ ယန်ချွန်း။"
"ဟုတ်ကဲ့။"
"မင်း ဘာလို့ စီချွမ်ကို သွားချင်နေတာလဲ ငါ မသိဘူး၊ ဒါပေမဲ့ မင်းက ဂူမျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ဆိုတာကို ခေါင်းထဲမှာ မှတ်ထားပြီး အဲဒီအတိုင်း ပြုမူနေထိုင်စမ်း။"
"…"
သူက ပြဿနာမရှာဖို့ ပြောနေခြင်းသာ ဖြစ်သည်။ ထိုစကားကို ကြားတော့ သူ တစ်မျိုးကြီး ဖြစ်သွားသည်။ တခြားလူက ပြောရင်တော့ ယုံစရာရှိပေမဲ့၊ ဒုတိယအကြီးအကဲက ပြဿနာမရှာနဲ့လို့ ပြောတာကတော့ တကယ့်ကို မဖြစ်နိုင်တဲ့ အရာတစ်ခုလိုပင်။
"ဘာမျက်နှာနဲ့ ကြည့်နေတာလဲ? ဒီအဖိုးကြီးက မင်းခေါင်းကို ရိုက်ချင်လာပြီနော်။"
"…ခင်ဗျား ခုနက အရမ်းမိုက်နေလို့ စကားတောင် မပြောနိုင်တော့လို့ပါ။"
ဘာပဲဖြစ်ဖြစ်၊ ရွှေရောင်သဘာဝမျိုးနွယ်စုရဲ့ လျှို့ဝှက်တိုက်ခန်းကို မရှာတွေ့ရင်တောင် ကိစ္စတွေက အဆင်ပြေသွားပါပြီ။ အဲဒီလိုသာ ဖြစ်လာခဲ့ရင်၊ ဂေချွန်းမျိုးနွယ်စုက အဲဒီတိုက်ခန်းကို ဘယ်နည်းနဲ့မှ မရအောင် သူ သေချာလုပ်ရမည်။
"ဒါဆို ကျွန်တော် ဘယ်တော့ သွားရမလဲ?"
"ဘာဘယ်တော့လဲ? အခုပဲ သွားရမှာပေါ့။"
"ခင်ဗျာ…?"
ဒီလူ ဘာတွေ ပြောနေတာလဲ? ဘာမှတောင် မပြင်ဆင်ရသေးဘဲ ဘယ်လိုသွားမလဲ-
"အစေခံတွေကို အကုန်ပြင်ခိုင်းထားပြီးပြီ၊ မင်း အခုပဲ ထွက်လို့ရပြီ။"
ပြင်ဆင်မှုတွေက အရမ်းမြန်နေသလိုပဲ…
"ကျွန်တော့် သဘောထားကကော?"
"မင်းက အမြန်ဆုံး သွားချင်နေတာဆိုတော့၊ ဒီအဖိုးကြီးက အကုန်ပြင်ထားပေးတာပေါ့။"
"'အမြန်ဆုံး' ဆိုတာက နည်းနည်းတော့ မြန်လွန်းမနေဘူးလား…?"
"ခရီးက ဝေးတာဆိုတော့၊ စောစောသွားပြီး စောစောပြန်လာတာ ပိုမကောင်းဘူးလား?"
သူပြောတာ မမှားပေမဲ့ တစ်ခုခုတော့ ထူးဆန်းနေတုန်းပင်။ အဝေးကနေ မူယွန် လျှောက်လာတာကို သူ မြင်လိုက်ရသည်။ မူယွန်၏ မျက်နှာမှာ ဝိညာဉ်လွင့်နေသလိုပင် ဗလာဖြစ်နေသည်။ ဒီကောင်က ဘာလို့ ဒီလိုဖြစ်နေရတာလဲ? ဒုတိယအကြီးအကဲ ခိုင်းလို့ ရွေးချယ်စရာမရှိဘဲ လှည်းဆီကို သွားနေရပုံရသည်။ အဖွဲ့ထဲမှာ မူယွန်နဲ့ အစေခံအချို့ ပါဝင်သည်။ ဝီဆောအာကတော့ လှည်းထဲမှာ မရှိပါဘူး။ သူမ ပါလာမှာကို သူ စိုးရိမ်နေခဲ့ပေမဲ့ ကံကောင်းစွာနဲ့ မပါလာခဲ့ဘူး။
'ဒါပေမဲ့ သူမကို ဘာမှမပြောဘဲ ထွက်သွားရမှာလား? ပြောမသွားရင် သူမ ဝမ်းနည်းနေလိမ့်မယ်။'
သူ တစ်လလောက် ခရီးထွက်ရမှာ။ သူမကို ဒီမှာ ထားခဲ့တာက စိတ်အေးရပေမဲ့၊ တစ်လလုံး မတွေ့ရတော့ဘူးလေ။
"ဒါပေမဲ့ ကျွန်တော် ဒီအတိုင်းကြီး ထွက်သွားလို့ ဖြစ်ပါ့မလား? အနည်းဆုံးတော့-"
"သွားစမ်းပါ! ဒီအဖိုးကြီးက အကုန်စီစဉ်ထားပြီးပြီ။ ကဲ၊ ထွက်တော့!"
သူ့ကို လှည်းထဲ အတင်းတွန်းထည့်ပြီး တံခါးပိတ်လိုက်သည်။
"ဒါက ဘယ်လို နှုတ်ဆက်တာလဲ…!"
စကားတောင် မဆုံးသေးခင်မှာပဲ လှည်းက စထွက်သွားပြီ။ ဒီလိုနဲ့ လှည်းဟာ မျိုးနွယ်စုကို နောက်မှာ ထားရစ်ခဲ့ပြီး စတင်ထွက်ခွာသွားတော့သည်။
လှည်းထွက်သွားပြီးနောက်၊ ဒုတိယအကြီးအကဲသည် လှည့်ပြန်လာပြီး ဂူယန်ချွန်း၏ ခြံဝင်းဆီသို့ ဦးတည်လိုက်သည်။
"ကဲ၊ စကားပြောကြရအောင်၊ စီနီယာ။"
ဂူယန်ချွန်း၏ ခြံဝင်းထဲတွင် ဘယ်သူမှ မရှိသလို ထင်ရသော်လည်း၊ ဓားဧကရာဇ် (Sword Emperor) က သူ့ကို စောင့်နေခဲ့သည်။ သူ့မျက်နှာပေါ်က အမြဲရှိနေတတ်တဲ့ အပြုံးတွေ ပျောက်ကွယ်သွားပြီး၊ အေးစက်တဲ့ မျက်လုံးတွေပဲ ကျန်ပါတော့တယ်။
"ဘာအကြောင်းလဲ။"
"ဂိုဏ်းချုပ်က ကျွန်တော့်ကို ဘာကြောင့် ဒီလိုမျိုး လုပ်ခိုင်းရတာလဲ ဆိုတာပါ။"
ဒုတိယအကြီးအကဲသည် ဓားဧကရာဇ်၏ ရှေ့တွင် ထိုင်ချလိုက်သည်။ ဒုတိယအကြီးအကဲ၏ ကြီးမားသော ကိုယ်လုံးကိုယ်ပေါက်မှာ ဓားဧကရာဇ်နှင့် ယှဉ်လျှင် အဆမတန် ကွာခြားလှသည်။ ဒုတိယအကြီးအကဲအနေဖြင့် သူ၏ ကိုယ်အလေးချိန်ဖြင့်ပင် ဓားဧကရာဇ်ကို အလွယ်တကူ ဖိနှိပ်ထားနိုင်သလို ထင်ရသော်လည်း၊ သူ သိပါသည်။ လူတစ်ယောက်ကို အပြင်ပန်းဖြင့် မဆုံးဖြတ်သင့်ကြောင်း။
ထိုသေးငယ်သော ခန္ဓာကိုယ်အတွင်းမှာ ကောင်းကင်ဘုံရဲ့ အစွမ်းတွေ ကိန်းအောင်းနေတာလေ။ ဓားဧကရာဇ်ဟာ သူ့ရဲ့ ဘွဲ့အမည်နဲ့ မလိုက်အောင်ပဲ၊ အခု သူ ရောက်နေတဲ့ အဆင့်မှာ ဓားတောင် မလိုတော့ပါဘူး။
"ခင်ဗျား ဘာလို့ ထာဝရဆေးဆရာ (Immortal Healer) ကို အသည်းအသန် ရှာနေရတာလဲ။ ကျွန်တော် သိချင်တယ်။"
ဓားဧကရာဇ်က ဘာမှ ပြန်မပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။ ထိုအခါ ဒုတိယအကြီးအကဲက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ မေးခွန်းကို ဖြေလိမ့်မည်မဟုတ်ကြောင်း သူ သိလိုက်သည်။
"ဒါဆို ကျွန်တော် တခြားမေးခွန်းတစ်ခု မေးမယ်။"
ဒုတိယအကြီးအကဲက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။ ပြီးတော့ ဖြည်းဖြည်းချင်း မျိုချပြီး ပြန်ပြောလိုက်သည်။
"ခင်ဗျားရဲ့ မြေးမလေး… သူမက ဘာလဲ?"
ဓားဧကရာဇ်၏ အေးစက်သော မျက်လုံးများက ဒုတိယအကြီးအကဲဆီသို့ ရောက်သွားသည်။
"အဲဒီကလေး။"
သူတို့နှစ်ဦး၏ အကြည့်များမှာ အပြန်အလှန် ရိုက်ခတ်သွားကြသည်။
"သူမက တကယ်ပဲ လူသား ဟုတ်ရဲ့လား?"
ဒုတိယအကြီးအကဲ၏ စကားကို ကြားလိုက်ရချိန်တွင် ဓားဧကရာဇ်၏ ချီ (Qi) များမှာ သောင်းကျန်းနေသော မုန်တိုင်းတစ်ခုကဲ့သို့ အခန်းအတွင်း၌ ဖုံးလွှမ်းသွားတော့သည်။