အခန်း (၂၁) သူဘာလို့ပြန်ထွက်သွားရတာလဲ(၁)
ရှန်းရှီးပြည်နယ်၏ 'ရှေးဟောင်း ဂူမျိုးနွယ်စု'။ ၎င်းသည် ဂူမျိုးနွယ်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂူယန်ချွန်း၏ ဦးလေးဖြစ်သူ ကျားသစ်သိုင်းသမား ဂူချန်ဂျွန် ပိုင်ဆိုင်သော ဂိုဏ်းခွဲငယ်လေးတစ်ခု ဖြစ်သည်။ ဂူမျိုးနွယ်စုသည် ရှန်းရှီးပြည်နယ်၏ အုပ်ထိန်းသူအဖြစ် တည်ရှိနေပါက ရှေးဟောင်းဂူမျိုးနွယ်စုသည် ၎င်းတို့၏ ဓားလက်နက်သဖွယ် ဖြစ်သည်။ အကြောင်းရင်းမှာ ရှေးဟောင်းဂူမျိုးနွယ်စုမှ သိုင်းပညာရှင်အများစုသည် ဂူမျိုးနွယ်စု၏ ဓားသမားများအဖြစ် ကူးပြောင်းတာဝန်ထမ်းဆောင်ကြသောကြောင့် ဖြစ်သည်။ အချို့သော ဓားသမားများကို 'နဂါးကိုးကောင်ပြိုင်ပွဲ' မှတစ်ဆင့် ရွေးချယ်သော်လည်း ဂူမျိုးနွယ်စု၏ အမာခံဓားသမား အများစုမှာ ရှေးဟောင်းဂူမျိုးနွယ်စုမှ ဆင်းသက်လာသူများသာ ဖြစ်ကြသည်။
-ဖြောင်း!
အခန်းတစ်ခုလုံး ဟိန်းထွက်သွားစေသော ရိုက်သံနှင့်အတူ (ဂူချောယု)ဂူဂျေယု၏ ခေါင်းမှာ တစ်ဖက်သို့ လည်ထွက်သွားသည်။
တောက်။ တောက်။
အပြစ်တင်ကြိမ်းမောင်းခံနေရစဉ် ဂူဂျေယု၏ ပါးစပ်မှ သွေးများ အောက်သို့ စီးကျလာသည်။
"အရည်အချင်းမရှိတဲ့ အသုံးမကျတဲ့ကောင်"
"...တောင်းပန်ပါတယ်ခင်ဗျာ"
"ကလေးတစ်ယောက်ကိုတောင် မနိုင်ဘူးလား။ မင်းဘာလုပ်ခဲ့လဲ ကြည့်ဦး။ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာပဲ မဟုတ်လား"
ဂူဂျေယု စိတ်ထဲတွင်တော့ ဝမ်းနည်းကြေကွဲနေမိသည်။ ဂူယန်ချွန်းက ထိုမျှအစွမ်းထက်သည့် အင်အားကို ဖုံးကွယ်ထားလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ သို့သော် ဂူချန်ဂျွန်၏ ရှေ့တွင်တော့ သူ မည်သည့်စကားမှ ပြန်မပြောဝံ့ချေ။
"မိုက်မဲလိုက်တာ... မင်းက အစေခံတစ်ယောက်ကြောင့် အလုပ်ပျက်ခဲ့တာလား!?"
-ဖြောင်း! ဖြောင်း!
ဂူချန်ဂျွန်၏ ရိုက်ချက်တိုင်းကြောင့် ဂူဂျေယု၏ ခေါင်းမှာ လည်ထွက်သွားသော်လည်း အံကြိတ်ခံရုံမှတစ်ပါး အခြားမရှိပေ။
"မင်း ဘာလို့ ရှုံးခဲ့တာလဲ"
ဂူဂျေယု ထိုမေးခွန်းကို ဖြေရန် အတော်လေး ကြိုးစားနေရသည်။ သို့သော် ဂူချန်ဂျွန်၏ အေးစက်သော မျက်လုံးများကို မြင်လိုက်ရချိန်တွင်တော့ သူ အတင်းအကျပ် နှုတ်ဖွင့်လိုက်ရတော့သည်။
"အစေခံကြောင့် စိတ်အာရုံလွင့်သွားတာ မှန်ပါတယ်။ ဒါပေမဲ့ ဂူယန်ချွန်းရဲ့ အရည်အချင်းက အစစ်အမှန်ပါပဲ။ ကျွန်တော် လုံးဝ ပေါ့ဆခဲ့တာ မဟုတ်ပါဘူး"
ဂူဂျေယု လက်သီးကို တုန်ရင်နေအောင် ဆုပ်ထားမိသည်။ သူ၏ မာနများ နာကျင်နေရပြီ။ တစ်ဖက်သတ် အရိုက်ခံခဲ့ရပြီးနောက် ဂူယန်ချွန်း၏ အရည်အချင်းကို သူ အသိအမှတ်ပြုလိုက်ရပြီဖြစ်သည်။ သူ့ကို အထင်သေး၍ မရတော့ပေ။ ဂူယန်ချွန်း ပြသခဲ့သော လှုပ်ရှားမှုများသည် အစစ်အမှန်ဖြစ်ပြီး တိုက်ဆိုင်မှုလည်းမဟုတ်သလို သူပေါ့ဆခဲ့၍လည်း မဟုတ်ပေ။ ၎င်းမှာ ဂူယန်ချွန်း၏ သန့်စင်သော အရည်အချင်းသက်သက်သာ ဖြစ်သည်။
တိုက်ကွက် ဘယ်နှစ်ကွက် ဖလှယ်ခဲ့ကြသနည်း။ သုံးကွက်လား။ လေးကွက်လား။ ရယ်စရာကောင်းသည်မှာ ကြွက်သားအင်အားနှင့် ချီ အဆင့်အတန်းတွင် သူက ဂူယန်ချွန်းထက် ပိုသာနေခြင်းပင်။ သို့သော်လည်း အဆုံးသတ်တွင် သူ မနိုင်ခဲ့သည့်အပြင် အကျည်းတန်စွာ ရှုံးနိမ့်ခဲ့ရသည်။ ဂူဂျေယွပ်သည် တုန်ရင်နေသော သူ၏ နှုတ်ခမ်းများကို အံကြိတ်ကာ ဖုံးကွယ်ထားလိုက်သည်။
"ဒါဆိုရင်လည်း" ဂူချန်ဂျွန်က ပြောသည်။ "မင်း အနည်းဆုံး တစ်ခုခုကိုတော့ ချိုးဖောက်ပစ်ခဲ့သင့်တာ"
"...အဘိုး?"
"ငါတို့က ရှေးဟောင်းဂူမျိုးနွယ်စုမှာ ရှိနေတာ။ ငါ့ကို ရာထူးအမည်နဲ့ပဲ ခေါ်စမ်း"
"တောင်းပန်ပါတယ်... ဂိုဏ်းချုပ်"
ဂူဂျေယု ကြားလိုက်ရသော အသံမှာ ကြက်သီးထလောက်အောင် အေးစက်လှသည်။ စိုက်ကြည့်နေသော မျက်လုံးများကလည်း ထိုနည်းတူပင်။
"စင်ကြယ်နေတာပဲ။ ဒဏ်ရာဒဏ်ချက် ဒါမှမဟုတ် ဘာအမှတ်အသားမှ မရှိဘူး။ ငါ တစ်ခုမှ ရှာမတွေ့ဘူး"
တိုက်ပွဲမှ ကျန်ရှိနေသော အညိုအမဲစွဲချက် အနည်းငယ်သာ သူ့ကိုယ်ပေါ်တွင် ရှိသည်။ ဂူဂျေယုသည် တိုက်ပွဲအတွင်း မျက်နှာတွင် ဒဏ်ရာအများအပြား ရခဲ့သော်လည်း ကိုယ်ပေါ်တွင်မူ မည်သည့်အမှတ်အသားမှ မရှိပေ။ ဆိုလိုသည်မှာ ဂူယန်ချွန်းသည် သူ၏ ချီ စွမ်းအားကို ထိန်းချုပ်ပြီး နာကျင်မှုကိုသာ ပေးကာ ချီလမ်းကြောင်းကို ပိတ်ဆို့သွားခဲ့ခြင်း ဖြစ်သည်။
'ဒါက သမ္မာဂိုဏ်းမဟုတ်တဲ့ မိစ္ဆာဂိုဏ်းသားတွေ နှိပ်စက်ရာမှာ သုံးတဲ့ ပညာပဲ'
ဂူချန်ဂျွန် သူ၏ မုတ်ဆိတ်ရှည်ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။ ဒုတိယအကြီးအကဲက ဂူယန်ချွန်းကို တားဆီးလိုက်၍သာ ဂူဂျေယု ပိုပြီး အထိအခိုက်မရှိခဲ့ခြင်းဖြစ်ကြောင်း ဘေးမှကြည့်နေသူများထံမှ သူ ကြားသိထားသည်။
'ဂူရွန်း... မင်း ငါ့လမ်းကို ထပ်ပိတ်ပြန်ပြီပေါ့'
သူ့ပြဿနာက ဘာလဲ။ ဒုတိယအကြီးအကဲက အမြဲတမ်း ထိုသို့ပင်။ ဂူယန်ချွန်းကို အမြဲတမ်း လေ့ကျင့်ခန်းဆင်းရန် ဖိအားပေးနေပြီး အကြီးအကဲတစ်ယောက်၏ အလုပ်ကို လျစ်လျူရှုကာ သူ့ကို သခင်လေးဖြစ်လာစေရန်သာ အာရုံစိုက်နေတတ်သည်။ ဂူချန်ဂျွန်သည် ဂူရွန်း၏ ထိုအချက်ကို အလွန်မုန်းတီးသည်။ ဂူမျိုးနွယ်၏ သွေးပါရုံနှင့် အနာဂတ် ဂိုဏ်းချုပ်ဖြစ်လာရမည်ဆိုသည်ကို သူ လုံးဝသဘောမကျပေ။ ပါရမီလည်းမရှိ၊ စိတ်ဓာတ်လည်း မကောင်းသည့်သူက မည်သို့လျှင် ဂိုဏ်းချုပ်ပလ္လင်ပေါ်တွင် ထိုင်နိုင်မည်နည်း။ မဟုတ်သေးဘူး၊ အခုတော့ သွေးနဲ့ စိတ်ဓာတ်ပိုင်းပဲ ကျန်တော့တာပေါ့။
-တောက်
ဂူဂျေယုထိုအသံကြောင့် အနည်းငယ် တွန့်သွားသည်။
"အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ငါ သဘောမကျဘူး"
ဂူယန်ချွန်းကို ဆက်ပြီး နှောင့်ယှက်နေပါက သူကိုယ်တိုင် ဂိုဏ်းချုပ်ဖြစ်အောင် လုပ်ပစ်မည်ဟု ပြောခဲ့ကြောင်း ဂူချန်ဂျွန် ကြားသိထားသည်။
'သူကများ ဘယ်လိုတောင် ဝံ့ဝံ့စားစား ပြောရဲတာလဲ'
ထိုစကားများကို ကြားပြီးနောက် ဂူချန်ဂျွန် သူ၏ ဒေါသကို ထိန်းချုပ်လိုက်ရသည်။ ဂူမျိုးနွယ်စု၏ လက်ရှိဂိုဏ်းချုပ်သည် ဂူချန်ဂျွန်၏ ရည်မှန်းချက်များကို သိသော်လည်း အလွယ်တကူ မနှိပ်ကွပ်နိုင်ခြင်းမှာ ဂူချန်ဂျွန်သည် ရှေးဟောင်းဂူမျိုးနွယ်စု၏ အရှင်သခင်ဖြစ်နေသောကြောင့်ပင်။ ရှန်းရှီးပြည်နယ်၏ အရှင်သခင်မှာ ဂူမျိုးနွယ်စု ဖြစ်နိုင်သော်လည်း ဂူမျိုးနွယ်စု၏ ဓားလက်နက်မှာမူ ရှေးဟောင်းဂူမျိုးနွယ်စု ဖြစ်သည်။ ၎င်းတို့၏ ဓားမရှိဘဲ ဂူမျိုးနွယ်စုက ဘာလုပ်နိုင်မည်နည်း။
လက်ရှိဂိုဏ်းချုပ်မှာ အစွမ်းထက်သည်။ ကျားသစ်သိုင်းသမားသည် သူ၏ အထွတ်အထိပ် အချိန်သို့ ရောက်ရှိနေသည်။ သို့သော်လည်း သူ၏ အမြင်များသည် ဂူမျိုးနွယ်စု၏ ဂိုဏ်းချုပ်၊ ကျားသစ်သိုင်းသမား ဂူချောအွန်နှင့် ကွဲပြားနေသည်။ ၎င်းကို သူကိုယ်တိုင်လည်း သိသည်။ ဂူချန်ဂျွန်သည်လည်း ဂူမျိုးနွယ်စုဝင်တစ်ယောက် ဖြစ်နေသဖြင့် အဆင်အခြင်မဲ့သော လုပ်ရပ်များကို မလုပ်ဆောင်နိုင်ပေ။ သို့သော် ဂူမျိုးနွယ်စု၏ သွေးတစ်ဝက်သာပါသော ထိုကလေးက သူ့ကို သတိပေးဝံ့သည်တဲ့လား။
"ငါ ဘာလုပ်သင့်သလဲ"
ဂူချန်ဂျွန်သည် ဂူဂျေယုကို ကြည့်လိုက်သည်။ သူ့မြေး... သူသည် အလွန်ပါရမီပါသော ကလေးဖြစ်သည်။ သူသည် 'ဓားဖီးနစ်' နှင့်ပင် နှိုင်းယှဉ်ခံရလောက်အောင် အစွမ်းရှိသည်။ သူ၏ ကွယ်လွန်သွားသော သားဖြစ်သူကိုပင် သတိရစေသည်။ ထို့ကြောင့် ဂူယန်ချွန်းသည် ဂူချန်ဂျွန်၏ ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် အသုံးမကျသောသူအဖြစ်သာ ဆက်ရှိနေရမည် ဖြစ်သည်။
ဂူယန်ချွန်းက ဂူယွန်ဆိုကို အနိုင်ရခဲ့သည်ဟု ကြားစဉ်က တိုက်ဆိုင်မှုဟုသာ သူ ထင်ခဲ့သည်။ ဂူယွန်ဆိုတွင် ပါရမီရှိသော်လည်း အမှားအယွင်း ရှိနိုင်သည် မဟုတ်ပါလား။ သို့သော် တိုက်ပွဲကြောင့် လူအများ၏အမြင်တွင် ဂူယန်ချွန်း၏ ဂုဏ်သတင်း ပြောင်းလဲသွားပါက ပြဿနာရှိလာနိုင်သည်။ အထူးသဖြင့် သူ၏ လက်ရှိအသက်အရွယ်တွင် ဖြစ်သည်။ ထို့ကြောင့်ပင် ဂူချန်ဂျွန်က ဂူဂျေယုကို လွှတ်လိုက်ခြင်းဖြစ်သည်။ အကယ်၍ ဂူယန်ချွန်းက ဂူဂျေယု၏ စိန်ခေါ်မှုကို လက်ခံပါက သူ၏ မိုက်မဲမှုကို ပြသရာရောက်မည်။ ငြင်းပယ်ခဲ့လျှင်ကော။ ထိုအချက်ကလည်း ဂူချန်ဂျွန်အတွက် အသာစီးရစေမည်သာ။
သို့သော် သူ သတိထားမိချိန်တွင် နောက်ကျသွားခဲ့ပြီ။ ဂူယန်ချွန်းသည် ပြဿနာတစ်ခု ဖြစ်လာခဲ့ပြီ။ အတော်လေး ကြီးမားသည့် ပြဿနာမျိုးပင်။
"ဂျေယု"
"ဟုတ်ကဲ့၊ ဂိုဏ်းချုပ်"
"မင်း လိုရာခရီးကို သွားနေတုန်း ရှေ့မှာ ကျောက်တုံးကြီးတစ်တုံး ပိတ်နေရင် ဘာလုပ်မလဲ"
"အခြားလမ်းကို ရှာပါ့မယ်"
"မှားတယ်။ အဲဒီလိုလုပ်ရင် မင်း ဘာကိုမှ အောင်မြင်မှာ မဟုတ်ဘူး။ မင်း လိုချင်တဲ့ ပန်းတိုင်ကိုလည်း ရောက်မှာမဟုတ်ဘူး"
ဂူချန်ဂျွန်၏ မှောင်မိုက်ပြီး အေးစက်သော မျက်လုံးများကို မကြည့်ဝံ့သဖြင့် ဂူဂျေယု ခေါင်းငုံ့ထားမိသည်။
"ဘေးကို တွန်းဖယ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာတော့ အဲဒါကို ရိုက်ခွဲပစ်ဖို့ပဲ ရှိတော့တယ်"
ဒါပေမဲ့ အခုက အချိန်မဟုတ်သေးဘူး။ စောလွန်းသေးတယ်။ ဘာမှ အဆင်သင့် မဖြစ်သေးဘူး။
"ဒီအတိုင်းသာ ဆက်သွားနေရင်တော့ ငါ ရိုက်ခွဲပစ်ဖို့ကလွဲလို့ အခြားလမ်း မရှိတော့ဘူး"
ဂူဂျေယုသည် ကြောက်ရွံ့မှုကြောင့် တုန်ရင်နေသော သူ၏ ကိုယ်လုံးကို မသိသာအောင် အစွမ်းကုန် ထိန်းထားရရှာသည်။
"လွန်သွားပြီ"
တိုက်ပွဲအပြီး ကိုယ်လက်သန့်စင်ပြီးနောက် ဒုတိယအကြီးအကဲက ကျွန်တော့်ကို လာပြောသည်။
"ဘာကိုလဲ"
"နောက်ဆုံးမှာ မင်း ဂျေယုကို ဘာလုပ်ဖို့ ကြိုးစားခဲ့တာလဲ"
"သူ့လက်ကို ချိုးပစ်မလို့လေ"
တစ်လလောက် အိပ်ရာထဲ လဲနေရရုံလောက်ပါပဲ။ သိုင်းပညာရှင်တွေက ကိုယ်ထဲက ချီ စွမ်းအားကြောင့် ဒဏ်ရာပျောက်ကင်းတာ မြန်တယ်လေ။ ဒါကြောင့် ဘာပြဿနာမှ မရှိလောက်ဘူးလို့ ထင်တာပဲ။ ဒုတိယအကြီးအကဲက ကျွန်တော့်စကားကြောင့် အံ့သြတကြီး သက်ပြင်းချလိုက်သည်။
"မင်းသာ အဲဒီလိုလုပ်ခဲ့ရင် ပထမအကြီးအကဲ သောင်းကျန်းတော့မှာပဲ"
"ဒါဆိုရင်လည်း ဘာဖြစ်လဲ၊ ကျွန်တော်က ဂိုဏ်းချုပ်ဖြစ်ဖို့ ရည်ရွယ်ချက်မှ မရှိတာ"
"အို... မင်း ဘာလို့ အဲဒီလို ပြောရတာလဲ။ မင်းက ဂိုဏ်းချုပ်ရဲ့ သွေးသားလေ၊ ပြီးတော့ မင်းက တစ်ဦးတည်းသော-"
"ဟုတ်ပါတယ်၊ တစ်ဦးတည်းသောသားပေါ့။ အဲဒါကြောင့်ပဲ ကျွန်တော့်ကို ဒီမျိုးနွယ်စုထဲမှာ ခြေချခွင့် ပေးထားတာ မဟုတ်လား"
ဒီအချက်ကို ကျွန်တော်က အခြားသူတွေထက် ပိုသိပါတယ်။ အတိတ်ဘဝမှာ ဒါတွေကို အကြိမ်ကြိမ် ကြုံခဲ့ရပြီးပြီ။ ကျွန်တော် ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲ နေထိုင်နေထိုင် အဆုံးသတ်မှာတော့ အိမ်ရှေ့စံ သခင်လေး ဖြစ်လာခဲ့ရတာပဲ။ ဒီဘဝမှာကော ထူးခြားပါဦးမလား။ နည်းနည်းလေးတော့ ကွဲပြားသွားဖို့ မျှော်လင့်မိပါတယ်။
"ဟုတ်ကဲ့၊ ဒါကြောင့်ပဲ နောက်ဆုံးမှာ ကျွန်တော် ဘာမှမလုပ်ခဲ့တာပေါ့"
ရွေးချယ်ခွင့်သာရှိရင် ကျွန်တော့်ရဲ့ အသုံးမကျတဲ့ ဂိုဏ်းချုပ်နေရာကို အဲဒီ ဂူဂျေယု(ဂူချောယု)ဆိုတဲ့ ကောင်လေးကိုပဲ ပေးလိုက်ချင်ပါသေးတယ်။ ဂိုဏ်းချုပ်နေရာဆိုတာ ကျွန်တော် စိတ်ဝင်စားတဲ့အရာ မဟုတ်ဘူး။ ဂိုဏ်းချုပ်ဖြစ်လာရင် ဘာတွေရင်ဆိုင်ရမလဲဆိုတာ ကျွန်တော် သိပြီးသားပဲ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဖေက ဂိုဏ်းချုပ်နေရာကို ဂူဟီးဘီ ဒါမှမဟုတ် ဂူယွန်ဆိုတို့ကို ပေးမှာမဟုတ်ဘူးဆိုတာလည်း ကျွန်တော် သိတယ်။ ဒါက ကျွန်တော်က သားဖြစ်နေလို့တင် မဟုတ်ဘူး၊ အစဉ်အလာအရကိုက ဒီလိုပဲ သွားနေတာ။
ပထမအကြီးအကဲကို ကျွန်တော် ရယ်ချင်မိတယ်။ သူက ကျွန်တော့်အကြောင်း၊ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေအကြောင်း ဘာမှမသိဘဲ ကျွန်တော် လုံးဝ မလိုချင်တဲ့အရာကို လုယူဖို့ ကြိုးစားနေတာ။ တကယ်တမ်း ထွက်ပြေးချင်နေတာက ကျွန်တော်ကိုယ်တိုင်ပါ။
ဒါပေမဲ့ 'ကျွန်တော့်အတွက် မျိုးနွယ်စုရဲ့ အမည်နာမကတော့ လိုအပ်နေသေးတယ်'
ဒါကို ဘယ်တော့မှ စွန့်လွှတ်နိုင်မှာလဲ။ အခုလောလောဆယ်မှာ ဖြေရှင်းရမယ့် ပြဿနာတွေ အပုံလိုက်ရှိနေတာမို့ ဒီကိစ္စကို စိတ်ထဲမှာပဲ ဖိနှိပ်ထားလိုက်ရသည်။
"သခင်လေး! ဒီမှာ၊ အဝတ်အစားတွေ!"
ဝီဆောအာက စောင့်နေသည့်အလား အဝတ်အစားများကို ကိုင်ကာ ပြေးလာသည်။ အဝတ်အစားလဲနေစဉ် ဝီဆောအာကို ကျွန်တော် ကြည့်လိုက်မိသည်။
'သူ ဘယ်တော့လောက် ဓားကို စကိုင်တတ်မလဲဆိုတာ သိချင်မိတယ်'
'ဓားဧကရာဇ်' ရဲ့ တပည့်လို့ အမည်ကျော်သူဆိုတော့ သူ့ဆီကနေ သင်ယူရမှာ အမှန်ပဲ... ဒါပေမဲ့ အခုတော့ တစ်နေ့ကုန် အစေခံတွေနဲ့အတူ သန့်ရှင်းရေးလုပ်လိုက်၊ ဟင်းချက်လိုက်နဲ့ပဲ အချိန်ကုန်နေတာ။ 'အထွတ်အထိပ်' အဆင့်ရောက်မယ့်သူကို အိမ်မှုကိစ္စတွေ သင်ပေးနေတာက တကယ်ပဲ အကောင်းဆုံး အကြံဉာဏ် ဟုတ်ပါ့မလား...?
"မင်းအဘိုး ဘယ်သွားလဲ"
"အဘိုးက ဝက်ဝံတစ်ကောင် လုပ်မလို့တဲ့"
"ဝက်ဝံ...? ဘာဝက်ဝံလဲ"
ဝက်ဝံအကြောင်း ပြောမယ်ဆိုရင် ကျွန်တော်တို့နားမှာ တစ်ကောင် ရှိပြီးသားပဲ။ ဒုတိယအကြီးအကဲလေ။ ကျွန်တော် ဒုတိယအကြီးအကဲကို လှမ်းကြည့်လိုက်တော့ သူက ကျွန်တော် ဘာတွေးနေလဲဆိုတာ ရိပ်မိပုံရပြီး မျက်မှောင်ကြုတ်ပြသည်။ ကျွန်တော် ချက်ချင်းပဲ အကြည့်လွှဲလိုက်ရသည်။
"အဘိုးက လင်းယုန်ရယ်၊ ကြက်ကလေးရယ်၊ ဝက်ဝံရယ် ထုလုပ်မလို့တဲ့"
"...အပြင်က သစ်သားရုပ်ထုတွေအကြောင်း ပြောနေတာလား"
"ဟုတ်တယ်!"
တစ်နေ့မှာ အပြင်ဘက်မှာ တိရစ္ဆာန်ပုံစံ သစ်သားရုပ်ထုတွေ ပေါ်လာတာကို ကျွန်တော် သတိထားမိခဲ့တယ်။
'ဓားဧကရာဇ်က ဒါတွေ အကုန်လုပ်ခဲ့တာလား...?'
လက်ရာက ကောင်းလွန်းလို့ တစ်နေရာရာကနေ ဝယ်လာတာလို့တောင် ကျွန်တော် ထင်ခဲ့တာ။ အနာဂတ်ရဲ့ အထွတ်အထိပ် ပညာရှင်လေးက အိမ်မှုကိစ္စ သင်နေပြီး၊ လက်ရှိ အထွတ်အထိပ် ပညာရှင်ကြီးက သစ်သားရုပ်ထုတွေ ထုနေတယ်ပေါ့။ ဒါက အဆင်ပြေပါ့မလား။ ...ဘယ်လိုပဲ ကြည့်ကြည့် ကျွန်တော့်အတွက်တော့ တစ်မျိုးကြီးပဲ။
"အဘိုးက လက်ရာ သိပ်ကောင်းတာပဲ!"
သစ်သားမြင်းရုပ်လေးကို ပြုံးပြုံးလေး ညွှန်ပြနေတဲ့ ဝီဆောအာရဲ့ မျက်နှာကို ကျွန်တော် ကြည့်လိုက်မိတယ်။
'သူက အမြဲတမ်း ဒီလို စရိုက်မျိုး ရှိခဲ့တာလား'
သူ့ရဲ့ စရိုက်က ကျွန်တော် အတိတ်ဘဝမှာ သိခဲ့တဲ့ ဝီဆောအာနဲ့ အရမ်းကွာခြားနေတယ်။ သူက ငယ်သေးလို့ ဒီလိုဖြစ်နေတာလို့ ကိုယ့်ကိုယ်ကိုယ် အမြဲပြောနေမိပေမဲ့ တွေးကြည့်ရင် ထူးဆန်းနေတုန်းပဲ။ အတိတ်ဘဝမှာ ဝီဆောအာနဲ့ ကျွန်တော် ပထမဆုံး တကယ်တမ်း တွေ့ခဲ့တာက ဒီနှစ်ရဲ့ ဆောင်းရာသီမှာပဲ။ အဲဒီတုန်းက ဝီဆောအာက ဘယ်လိုမျိုးလဲ။ အခုလိုပဲလား။
'ငါ ဘာလို့ မမှတ်မိတာလဲ'
မသိဘူး၊ ကျွန်တော့်ဆီမှာ ရှိနေတဲ့ အဲဒီ ဝေဝါးနေတဲ့ အမှတ်တရက ဘာလဲ။ ကျွန်တော် မှတ်မိသလောက် ဝီဆောအာက အခုနဲ့ အများကြီး ကွဲပြားတယ်။ ထက်မြက်တဲ့ ဓားတစ်စင်းသာ လူပုံစံရှိခဲ့ရင် သူနဲ့ တူလိမ့်မယ်။ သူ့နားကို ကပ်မိတာနဲ့တင် မင်းဟာ နှစ်ပိုင်းပြတ်သွားနိုင်တယ်။ အေးစက်တဲ့ အကြည့်တွေနဲ့ လူတိုင်းကို တွန်းထုတ်ခဲ့တဲ့သူ။
"သခင်လေး ငိုနေတာလား"
ဝီဆောအာရဲ့ စကားကြောင့် ကျွန်တော် လန့်သွားပြီး မျက်လုံးတွေကို အမြန်ပွတ်လိုက်မိတယ်။ မျက်ရည်တော့ မရှိပါဘူး။
"ဘာငိုရမှာလဲ၊ မင်းကလည်း ငါ့ကို လန့်အောင်လုပ်တယ်"
"မဟုတ်ဘူး... ငိုတော့မယ့်ပုံ ပေါက်နေလို့ပါ"
"မငိုပါဘူး။ ကဲ... ဟိုဘက်သွားပြီး မုန့်သွားစားတော့"
ကျွန်တော် သူ့ခေါင်းကို လက်သီးနဲ့ အသာလေး ထုလိုက်တော့ ဝီဆောအာက အသံသေးလေးနဲ့ အော်ပြီး ထွက်ပြေးသွားတယ်။ သူ့ကျောပြင်ကို ကြည့်ရင်း ကျွန်တော် သက်ပြင်းချလိုက်မိတယ်။ အဲဒါကို ကြည့်ပြီး ဒုတိယအကြီးအကဲက ရယ်နေတယ်။
"မင်းတို့ နှစ်ယောက် ဆော့နေကြတာ ပျော်စရာကြီးပဲနော်"
"ဒါက ဆော့နေတာနဲ့ တူလို့လား"
"မတူလို့လား"
"...အဲဒီလို ပြောတော့လည်း တူသလိုလိုပါပဲ"
ကျွန်တော်တို့ကို သူ့မြေးလေးတွေလို ကြည့်နေတဲ့ ဒုတိယအကြီးအကဲကို ကျွန်တော် သဘောမကျဘူး။
"ဒုတိယအကြီးအကဲ၊ ဂတိပေးထားတဲ့အတိုင်း ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို လက်ခံမှာလား"
ကျွန်တော့်စကားကို ကြားတော့ ဒုတိယအကြီးအကဲက မျက်နှာပျက်သွားတယ်။
"...မင်းကို ဂတိပေးထားတာဆိုတော့လည်း လုပ်ပေးရမှာပေါ့။ ဘာကို တောင်းဆိုချင်တာလဲ"
ကျွန်တော့်မှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ်။ ဒီလအတွင်းမှာ စီချွမ်ပြည်နယ်ကို သွားရမယ်၊ ဒါကြောင့် သူ့ကို ကူညီခိုင်းဖို့ပဲ။
'စီချွမ်ကို သွားဖို့ နည်းလမ်းကို တစ်ယောက်ယောက်က သိတယ်ဆိုရင် အဲဒါ သူပဲ ဖြစ်လိမ့်မယ်'
ဟုတ်ပါတယ်၊ ကျွန်တော့်မှာ ဆင်ခြေတစ်ခုတော့ ပေးဖို့ လိုသေးတယ်၊ ဒါပေမဲ့ ဒီနည်းလမ်းက အမြန်ဆုံးပဲ။ ဒါပေမဲ့ ကျွန်တော့် တောင်းဆိုချက်ကို ကြားပြီးနောက် ဒုတိယအကြီးအကဲရဲ့ မျက်နှာက ထူးဆန်းသွားတယ်။ နားမလည်နိုင်သလိုမျိုး။ ကျွန်တော် စီချွမ်ကို သွားချင်လို့လား။
"ကျွန်တော် စီချွမ်ကို ဘာလို့ သွားရသလဲဆိုတဲ့ အကြောင်းရင်းကို ပြောပြဖို့ ခက်ခဲ-"
"မဟုတ်ဘူး၊ အဲဒါက အရေးမကြီးပါဘူး... ဒါပေမဲ့..."
"ဗျာ? အဲဒါက အရေးမကြီးဘူးလား"
အရေးမကြီးဘူးလား။ သူ ဘာလို့ အဲဒါကို ထည့်မတွေးတာလဲ...? ဒုတိယအကြီးအကဲက ဆက်ပြောတယ်။
"ဟင်း... ဒီအဖိုးကြီးက မင်းရဲ့ တောင်းဆိုချက်ကို တကယ် နားမလည်နိုင်လို့ပါ"
အဲဒီနောက်မှာ ထွက်လာတဲ့ စကားတွေက ပိုတောင် အံ့သြဖို့ ကောင်းနေပါသေးတယ်။
"မင်း ဒီအတိုင်း ထွက်ပြေးလိုက်လို့ မရဘူးလား။ ဘာလို့ နည်းလမ်းတွေ လိုက်ရှာနေတာလဲ...?"
"..."
ဒါကို ကြည့်ခြင်းအားဖြင့် ဒီအဖိုးကြီး ငယ်ငယ်တုန်းက ဘယ်လို နေထိုင်ခဲ့လဲဆိုတာ ကျွန်တော် ကောင်းကောင်း သိလိုက်ရပါတော့တယ်။
ရွှပ်... ရွှပ်...
သက်ကြီးရွယ်အို တစ်ယောက်က သစ်သားကို အရုပ်ထုနေသည်။ သူကား အခြားသူမဟုတ် 'ဓားဧကရာဇ်' ပင် ဖြစ်သည်။ အရုပ်ထုခြင်းသည် သူ၏ ဝါသနာတစ်ခု ဖြစ်သည်။
"ရောက်လာပြီလား၊ ဂိုဏ်းချုပ်ဂူ"
"နေကောင်းရဲ့လား၊ စီနီယာ"
ဓားဧကရာဇ်ကို လာရှာသူမှာ ဂူမျိုးနွယ်စု၏ ဂိုဏ်းချုပ် ဂူချောအွန် ပင် ဖြစ်သည်။
"ခင်ဗျား တောင်းဆိုထားတဲ့ကိစ္စ။ ဖုန်းစားဂိုဏ်းက သဲလွန်စအချို့ တွေ့ထားပုံရတယ်"
ဂူချောအွန်၏ စကားကို ကြားသော် ဓားဧကရာဇ်၏ လက်များ တန့်သွားသည်။ ၎င်းသည် ဓားဧကရာဇ်အတွက် သတင်းကောင်း ဖြစ်သင့်သည်။ သို့သော် ဂူချောအွန်၏ မျက်နှာကို ကြည့်ပြီးနောက် သူက မေးလိုက်သည်။
"...ဘာဖြစ်လို့လဲ၊ ဂိုဏ်းချုပ်ဂူ"
ဂူချောအွန်၏ အမူအရာမှာ မကောင်းသောအရာတစ်ခု ဖြစ်ပျက်ထားသည့်ပုံ ပေါက်နေသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဂူချောအွန်က ပြောလိုက်သည်။
"...မသေနိုင်သော ဆေးဆရာက အခုလောလောဆယ် အန်ဟွီပြည်နယ်မှာ ရှိနေတယ်"
ဂျွတ်။
ဂူချောအွန်၏ စကားကို ကြားလိုက်ရချိန်တွင် ဓားဧကရာဇ်၏ လက်ထဲမှ ဓားမြှောင်မှာ ကြေမွသွားတော့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဓားဧကရာဇ်၏ ကိုယ်ပေါ်မှ ချီ စွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ အန္တရာယ်ရှိနိုင်သဖြင့် ဂူချောအွန်သည် ပတ်ဝန်းကျင်ကို ချီ အတားအဆီးဖြင့် အမြန် ကာရံလိုက်ရသည်။
"ဒါဆိုရင်..."
ဓားဧကရာဇ်၏ အသံမှာ ပြင်းထန်စွာ တုန်ရင်နေသည်။
"...မင်းက အဲဒီလို နိဂုံးချုပ်ရမယ်ပေါ့၊ ကောင်းကင်အရှင်သခင်"
ဂူချောအွန် မျက်လုံးများကို မှိတ်ထားလိုက်မိသည်။ ဓားဧကရာဇ်သည် ငိုကြွေးနေလေပြီ။