အခန်း (၂၀) မထိရဲစရာကိုမှသွားထိမိခြင်း(၂)
“ဒီအမှိုက်ကောင်ကတော့”(ဂူဂျောယု)
ဂူချောယု တစ်ယောက် ပထမတော့ သူနားကြားမှားသလားဟု ထင်လိုက်မိသော်လည်း သူ့ထံသို့ လွှင့်ပစ်လိုက်သော ဆဲဆိုသံကို အသေအချာ ကြားလိုက်ရသည်။
“ဘာပြောလိုက်တာလဲ သခင်လေး”
“...ဟူး၊ ငါက အေးအေးဆေးဆေး နေချင်တာကို ဘာလို့ အမြဲလာနှောင့်ယှက်နေကြတာလဲ။ ငါက ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရုံတင်ပါဆိုမှ၊ မင်းတို့အားလုံး ငါ့ကို ဘာလို့ လွှတ်မထားကြတာလဲ”
ရှူးးး!
ဂူချောယု အနားမှ ဖြတ်သွားသော အပူရှိန်က ပိုမိုပြင်းထန်လာသည်။ ၎င်းသည် ဂူယန်ချွန်း၏ မီးဓာတ်ချီအရှိန်အဝါ ပိုမိုအားကောင်းလာခြင်းပင် ဖြစ်သည်။
“ဒုတိယအကြီးအကဲမင်းကြီး”
ဂူယန်ချွန်းက ဒုတိယအကြီးအကဲကို လှမ်းခေါ်လိုက်သည်။
“ဘာလဲ”
“ကျွန်တော် သိုင်းပြိုင်ပွဲ စလို့ရပြီလား”
သူအထင်မှားတာများလား။ ဒုတိယအကြီးအကဲ၏ နားထဲတွင် ဂူယန်ချွန်း၏ စကားသည် ဂူချောယုကို သတ်ပစ်ရန် ခွင့်တောင်းနေသကဲ့သို့ ကြားလိုက်ရသည်။
‘သူ ထပ်ပြီး အားကောင်းလာတာလား။ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက်ကြီး အားကောင်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူး’
ထိုသို့ ဖြစ်နိုင်ခြေမရှိပေ၊ ရက်အနည်းငယ်သာ ရှိသေးသည် မဟုတ်ပါလား။ ဘယ်လောက်ပဲ ပါရမီထူးပါစေ၊ ဒီလောက် အချိန်တိုအတွင်းမှာ ဒီလောက်အထိ တိုးတက်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စဖြစ်သည်။
‘ဒါဆို ဒါက သူအမြဲပိုင်ဆိုင်ထားတဲ့ ခွန်အားတွေလား’
ချီအတွင်းအားကို ဘယ်လောက် ထိရောက်အောင် အသုံးချနိုင်သလဲဆိုသည်မှာ သိုင်းပညာရှင်တစ်ဦး၏ လေ့ကျင့်မှုနှင့် အတွေ့အကြုံပေါ်တွင်သာ မူတည်သည်။ သို့သော် ယခု ဂူယန်ချွန်း ပြသနေသည့် အသွင်အပြင်မှာ ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်ထားသူများမှသာ ပြသနိုင်သည့် အရာမျိုး ဖြစ်သည်။
‘ဒါက... တော်တော် ထူးဆန်းနေတယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’
ဂူယန်ချွန်း၏ ချီနှင့် ခွန်အားက ဂူချောယုထက် အများကြီး နိမ့်ကျနေသည်။ ၎င်းမှာ ဒုတိယအကြီးအကဲ မြင်တွေ့နေရသည့် အရှိန်အဝါ ဖြစ်သော်လည်း သူသည် လုံးဝ အရေးမနိမ့်ဘဲ ရှိနေသည်။ အမှန်စင်စစ်တွင် အခြေအနေမှာ တန်းတူပင် ဖြစ်နေပုံရသည်။
‘...ဘယ်လိုလုပ်ပြီး’
ဒီကိစ္စနဲ့ ပတ်သက်ပြီး အံ့သြဆုံးလူကတော့ ဂူချောယုပင် ဖြစ်သည်။ လေ့ကျင့်ရေးကွင်းတစ်ခုလုံး သူတို့နှစ်ဦး၏ ချီအရှိန်အဝါကြောင့် ပူပြင်းလာသော်လည်း ၎င်းမှာ တစ်ဖက်သတ် မဟုတ်ကြောင်း သူ ခံစားနေရသည်။ ဂူမျိုးနွယ်စု၏ အရှက်ရစရာ၊ မနှစ်က သူ့ရှေ့မှာတင် အန်ဖတ်ဆွဲပြီး လဲကျသွားခဲ့သည့် မောက်မာသော ဂူမျိုးနွယ်၏ သားသည် ယခု တစ်နှစ်အကြာတွင် သူ့ရှေ့၌ ရင်ဘောင်တန်း ရပ်တည်နေနိုင်ပြီ ဖြစ်သည်။
သူ၏ အတွေးများကို အသံတစ်သံက ဖြတ်တောက်လိုက်သည်။
“သိုင်းပြိုင်ပွဲကို အခု စတင်မယ်”
ဒုတိယအကြီးအကဲ၏ အချက်ပေးသံနှင့်အတူ သိုင်းပြိုင်ပွဲ စတင်လေပြီ။ ဂူချောယုသည် သူ၏ သစ်သားဓားကို မြှောက်လိုက်ပြီး ဂူယန်ချွန်းကို အရင်ဆုံး အကဲခတ်ရန် ဆုံးဖြတ်လိုက်သည်။
နဂါးနီဓားသိုင်းသည် ဂူမျိုးနွယ်စုတွင် အသုံးပြုသည့် ဓားသိုင်းဖြစ်သည်။ ၎င်းသည် ဂူချောယု၏ လျင်မြန်သော မီးတောက်သိုင်းပညာနှင့် အလွန်လိုက်ဖက်လှသည်။ ဤသည်မှာ လျင်မြန်ထက်မြက်သော ချီကို အသုံးပြုသည့် ‘ဓားထုတ်သိုင်း’ ပုံစံမျိုး ဖြစ်သည်။
ဂူချောယုသည် သူ့ကို အူတူတူပုံစံဖြင့် စိုက်ကြည့်နေသော ဂူယန်ချွန်းကို ကြည့်ပြီး ‘ငါ ဘာတွေ စိတ်ပူနေတာလဲ’ ဟု တွေးလိုက်သည်။
သူ့ကြည့်ရတာ ခြေဆုံးခေါင်းဆုံး ကိုးရိုးကုရား ဖြစ်နေတာပဲ။ ငါ့ရဲ့ ချီအရှိန်အဝါကို ပြန်တွန်းလှန်ဖို့တင် သူ့အားတွေ အကုန်သုံးနေရမှာ သေချာတယ်။ အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်အပြီးမှာတင် ငါ့ဓားနဲ့ သူ့ကို နှိမ်နင်းနိုင်တဲ့ အကွာအဝေးကို ရောက်သွားလိမ့်မယ်။ ဂူယန်ချွန်းက ငါ့ကို နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ သူက အခုမှ လက်သီးနဲ့ တိုက်ခိုက်နည်းကို စသင်ရုံပဲ ရှိသေးတာ။ အစေခံမလေး ဝီဆောအာ ကြောင့် ငါ အာရုံလွင့်သွားတာနေမှာ။ ငါ့ရဲ့ အဓိက ပန်းတိုင်က ဘာလဲဆိုတာ မေ့လို့မဖြစ်ဘူး။ ငါ ဘာပဲလုပ်လုပ် သူ့ရဲ့ အသက်အန္တရာယ်ရှိတဲ့ နေရာတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်မယ်၊ အဲ့ဒါဆိုရင် ဂူယန်ချွန်းက ကာကွယ်နိုင်မှာတောင် မဟုတ်ဘူး။ သူ့ကို အရှက်ရဆုံးနည်းနဲ့ ရှုံးနိမ့်အောင် လုပ်ရမယ်။ ငါ ဒီကိုလာတဲ့ ရည်ရွယ်ချက်လည်း အောင်မြင်မယ်၊ သူ့ရဲ့ လှပတဲ့ အစေခံမလေးကိုလည်း သိမ်းပိုက်နိုင်မယ်။ ဂူချောယု အတွက်တော့ ဒါဟာ အဘက်ဘက်က အမြတ်ထွက်မည့် အခြေအနေ ဖြစ်သည်။
သို့သော် ပြိုင်ပွဲစပြီး မကြာမီမှာပင် ဂူချောယုသည် အနည်းငယ် ဇဝေဇဝါ ဖြစ်လာသည်။
‘ဘာဖြစ်လို့လဲ။ ငါ ဘာလို့ သူ့အနားကို ကပ်လို့မရတာလဲ’
ဂူချောယု ကိုယ့်ကိုကိုယ် နားမလည်နိုင် ဖြစ်နေသည်။ သူ့ဘက်က လုပ်ရမှာက မြန်မြန်ဆန်ဆန် တိုက်ခိုက်ဖို့ပဲ၊ ရိုးရှင်းပါသည်။ ချီအတွင်းအား၊ အရှိန်၊ ခွန်အား အားလုံးတွင် သူက အသာစီးရနေသော်လည်း သူသည် အနားသို့ပင် မကပ်နိုင် ဖြစ်နေသည်။
တောက်
ဂူချောယု၏ ပါးပြင်ပေါ်မှ ချွေးစက်များ မြေပြင်ပေါ်သို့ တောက်ခနဲ ကျသွားသည်။
‘ဒါတွေ အကုန်လုံးက ဒီအပူရှိန်ကြောင့်ပဲ’
ဂူချောယုက ဒီပြဿနာကို အပူရှိန်ကြောင့်ဟုသာ အပြစ်တင်လိုက်သည်။ သူသည် ဂူယန်ချွန်း၏ ဖိအားပေးမှုကို ခံနေရသည်လား။ ထိုသို့ ဖြစ်နိုင်ခြေ မရှိဟုသာ သူ တွေးနေမိသည်။
“ဟေ့”
ဂူယန်ချွန်း၏ အသံကြောင့် ဂူချောယု တုန်တက်သွားသည်။
“မင်း ဘာလုပ်နေတာလဲ”
“...ဘာကို ပြောတာလဲ”
“မင်း အဲ့ဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ၊ မတိုက်ခိုက်တော့ဘူးလား”
“...သိုင်းပြိုင်ပွဲမှာ ပိုသန်မာတဲ့သူက အားနည်းတဲ့သူကို အရင်တိုက်ခိုက်ခွင့် ပေးရတယ်ဆိုတာ အခြေခံစည်းမျဉ်းပဲ”
“အားနည်းတဲ့သူ? ဘယ်သူလဲ? ငါလား? အဲ့ဒါကြောင့် မင်းက ကြောက်နေတာလား”
ဂူယန်ချွန်း၏ စကားကို ကြားသောအခါ ဂူချောယု နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူသည် ယခုအချိန်တွင် မိမိကိုယ်မိမိ ဘာကြောင့် ဤသို့ ဖြစ်နေသည်ကို နားမလည်နိုင်တော့ပေ။
ထိုအခါ ဂူယန်ချွန်းက ပြောလိုက်သည်။
“ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းက ငါ့ကို တစ်လလောက် အိပ်ရာထဲ လဲအောင် လုပ်ခဲ့တယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား”
ဂူယန်ချွန်းက သူ့လည်ပင်းကို ဆန့်လိုက်သည်။ သူ လည်ပင်းကို လှုပ်ရှားလိုက်တိုင်း အရိုးသံများ ထွက်ပေါ်လာပြီး ထူးဆန်းစွာပင် ကြောက်စရာ ကောင်းနေသည်။
“အဲ့ဒါကို... ဘာလို့ ရုတ်တရက် လာမေးတာလဲ”
“အဲ့ဒီလောက်ဆို လုံလောက်ပြီလို့ ငါထင်လို့ပါ”
“...?”
ရုတ်တရက် ဂူယန်ချွန်းထံမှ ထွက်ပေါ်နေသော အပူရှိန်အားလုံး ပျောက်ကွယ်သွားသည်။
‘သူ ဘာလို့ ရုပ်သိမ်းလိုက်တာလဲ’
ဂူချောယုသည် အဖြေကို ရှာတွေ့သွားသကဲ့သို့ ပြုံးလိုက်ပြီး သူ့ဘာသာ တွေးလိုက်သည်။
‘သူ့ရဲ့ ချီ ကုန်သွားပြီပဲ။ သူ ဆက်မသုံးနိုင်တော့ဘူး၊ ဘယ်လောက်တုံးတဲ့ ကောင်လဲ’
ဂူယန်ချွန်းအတွက် ချီကုန်သွားပြီဖြစ်သဖြင့် အခုဆို ခြေတစ်လှမ်းလှမ်းဖို့တောင် ခက်ခဲနေလိမ့်မည်၊ ၎င်းအပြင် ငါ့ရဲ့ ချီဖိအားပေးမှုကိုလည်း ခံနေရသည်။ ငါ့ဆရာ ပြောဖူးတာက လျင်မြန်သော မီးတောက်သိုင်းရဲ့ ချီဟာ ပထမတန်းစား သိုင်းပညာရှင်တွေကိုတောင် လှုပ်ရှားရခက်အောင် လုပ်နိုင်တယ်တဲ့။ အချိန်အနည်းငယ် ကြာသွားရင် ငါဟာ ဓားဇာမဏီထက်တောင် သာလွန်တဲ့ ဂူမျိုးနွယ်ရဲ့ အကြီးမြတ်ဆုံး ပါရမီရှင် ဖြစ်လာလိမ့်မယ်လို့လည်း ပြောခဲ့တယ်။ ဒါကြောင့် ဂူယန်ချွန်းအနေနဲ့ ငါ့ရဲ့ ချီကို တောင့်ခံနိုင်စရာ အကြောင်းမရှိဘူး။ အဲ့ဒါ သေချာတယ်။
‘ဒါတွေ အကုန်လုံးက ဟန်ပြတွေပဲပေါ့။ ဒါဆိုရင် ငါက-’
“ငါ အရင်စလို့ ရတယ်လို့ မင်းပြောတယ်နော်”
“...ဟမ်?”
ဂူချောယု၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဂူယန်ချွန်းသည် ဘာမှမဖြစ်သကဲ့သို့ သူ့ကို ကြည့်နေပြီး ဂူချောယု မျှော်လင့်ထားသည့် မောပန်းနွမ်းနယ်သည့် အမူအရာမျိုး လုံးဝ မရှိပေ။
“ငါ ထပ်မေးမယ်၊ ငါ အရင်စလို့ တကယ်ရတယ်နော်”
“ပိုသန်မာတဲ့သူက-”
“ကောင်းပြီ၊ ဒါဆို ငါ လာပြီ”
ဂူချောယု၏ စကားကို ဂူယန်ချွန်း အဆုံးထိ နားမထောင်တော့ပေ။ ခဏချင်းမှာပင် ဂူချောယု၏ မျက်စိရှေ့မှ ဂူယန်ချွန်း ပျောက်ကွယ်သွားသည်။
‘...!’
သိုင်းပညာရှင်တစ်ဦး၏ အမြင်အာရုံသည် သာမန်လူထက် ပိုမိုမြင့်မားသည်။ ပထမတန်းစား သိုင်းပညာရှင် ဖြစ်ခါနီး ဂူချောယု၏ ရှေ့မှ ဂူယန်ချွန်း ပျောက်ကွယ်သွားခြင်းမှာ အကြောင်းရင်း အနည်းငယ်သာ ရှိနိုင်သည်။
‘သူက မြေကြီးထဲ ဝင်သွားတာလား၊ ကောင်းကင်ပေါ် ပျံတက်သွားတာလား... ဒါမှမဟုတ် သူက ငါ့ထက် ပိုမြန်နေတာလား-’
မဖြစ်နိုင်တာ။ တိုက်ရိုက်မျိုးနွယ်စုဝင်တွေရဲ့ မီးတောက်သိုင်းဟာ အဓိကအားဖြင့် ပေါက်ကွဲအားကိုပဲ အာရုံစိုက်တာ။ တစ်ဖက်မှာတော့ လျင်မြန်တဲ့ မီးတောက်သိုင်းက မီးရဲ့ စွမ်းအားထက် အရှိန်ကို ပိုဦးစားပေးတယ်။ ဒါကြောင့် သူက ငါ့ထက် ပိုမြန်နေဖို့ ဆိုတာ မဖြစ်နိုင်-
ခွပ်-!
“အုဂ်!!”
သူ့မျက်နှာကို ရုတ်တရက် ရိုက်ခတ်လိုက်သည့် ဒဏ်ကြောင့် သူ၏ အမြင်အာရုံများ ဝေဝါးသွားသည်။ ထို့ကြောင့် သူ စုစည်းထားသည့် ချီအာရုံများလည်း အားလုံး ပျက်ပြားသွားရသည်။
ဂူချောယုသည် ယိမ်းယိုင်သွားပြီး ဒူးတစ်ဖက် ထောက်ကာ လဲကျသွားသည်။ သူ၏ မျက်နှာပေါ်မှ အရည်တစ်မျိုး စီးကျလာပြီး မြေပြင်ပေါ်သို့ စက်ခနဲ ကျသွားသည်ကို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သည့်အခါ ၎င်းမှာ အနီရောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဂူချောယုက သူ့မျက်နှာကို အကြမ်းပုတိုက်လိုက်သောအခါ နှာခေါင်းသွေး ထွက်နေကြောင်း သိလိုက်ရသည်။
“ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ”
ငါ့အမြင်အာရုံတွေ ဝေဝါးနေတုန်းပဲ။ အခု ဘာဖြစ်သွားတာလဲ။
“မင်းက သိုင်းပြိုင်ချင်တယ်ဆိုပြီး တခြားအရာတွေကို တွေးရဲတယ်ပေါ့? ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ”
ဂူချောယု၏ ရှေ့တွင် ဂူယန်ချွန်း ရပ်နေသည်။ သူသည် ဆက်တိုက် တိုက်ခိုက်မည့်အစား ရပ်နေပြီး ဂူချောယုကို ငုံ့ကြည့်နေသည်။
“ငါက မင်းရဲ့ မေးစေ့ကို တမင်တကာ မရည်ရွယ်ဘဲ ရှောင်ပေးထားတာကို ဘာလို့ အားနည်းသလို လာလုပ်နေတာလဲ၊ အမြန်ထစမ်း”
ဂူချောယု သတိပြန်ဝင်လာပြီး သူ၏ သစ်သားဓားကို အမြန်ဝှေ့ယမ်းလိုက်သော်လည်း ခွန်အားနှင့် ချီမပါသော ဓားမှာ မည်သည့် အန္တရာယ်မှ မရှိပေ။
ဖြန်း!
သစ်သားဓားကို ကိုင်ထားသော လက်မောင်းကို ဂူယန်ချွန်းက ဖမ်းဆုပ်လိုက်သည်။ တွန့်ဆုတ်နေခြင်း မရှိဘဲ ဂူယန်ချွန်းသည် ဂူချောယု၏ မျက်နှာကို နောက်တစ်ကြိမ် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
“ဂုဂ်...!”
မေးစေ့အောက်မှ ပြင်းထန်သော ထိုးနှက်ချက်ကြောင့် ဂူချောယု၏ ခေါင်းမှာ အပေါ်သို့ လန်တက်သွားသည်။ ဂူယန်ချွန်းက သူ့ကို လွှင့်ပစ်လိုက်ရာ သူသည် အရှိန်ဖြင့် လိမ့်ထွက်သွားပြီးမှ ရပ်တန့်သွားသည်။ ဂူချောယု၏ ခန္ဓာကိုယ်မှာ တိုက်ခိုက်မှုဒဏ်ကို မခံနိုင်ဘဲ တုန်ရီနေသည်။ သူသည် နာကျင်မှုကို အောင့်အည်းကာ နှာခေါင်းသွေးများဖြင့် ပေပွနေသော မျက်နှာဖြင့် ပြန်လည် ထရပ်လိုက်သည်။
“နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်၊ ငါ တကယ်ပဲ အရင်တိုက်ရမှာ သေချာလား”
သူ့စကားကို ကြားသောအခါ ဂူချောယု၏ မျက်လုံးများ စတင် တုန်လှုပ်လာသည်။ အားလုံးကို စောင့်ကြည့်နေသော ဒုတိယအကြီးအကဲက စိတ်ထဲမှ တွေးလိုက်မိသည်။
‘...မင်း တိုက်တောင် တိုက်ပြီးနေပြီပဲ’
သို့သော် သူ ထိုစကားကို အပြင်သို့ ထုတ်မပြောခဲ့ပေ။
သိုင်းပညာဆိုသည်မှာ လူသားများကို ကယ်တင်ရန် သင်ကြားပေးခြင်း ဖြစ်သည်။ တခြားနေရာတွေမှာ ဘယ်လိုလဲတော့ ငါမသိပေမယ့် ဂူမျိုးနွယ်စုမှာတော့ အဲ့ဒီအတိုင်းပဲ ဖြစ်ခဲ့သည်။ ငါ ငယ်ငယ်ကတည်းက သိုင်းပညာဆိုတာ ဂူမျိုးနွယ်စုက လူတွေကို ကာကွယ်ဖို့ သင်ကြားပေးတာလို့ အမြဲ အပြောခံခဲ့ရတယ်၊ အဲ့ဒါကြောင့်ပဲ ငါတို့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ သင်ပေးခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီ နုံအတဲ့ စကားအပေါ် ငါ့ရဲ့ အမြင်ကတော့ ကြီးလာတဲ့အထိ မပြောင်းလဲခဲ့ပါဘူး။
ငါ့အတွက်တော့ သိုင်းပညာဆိုတာ သတ်ဖြတ်ဖို့အတွက်ပဲ တည်ရှိတာ။ ရန်သူတွေကို အစအနမကျန် ဆွဲဖြဲပြီး ချေမှုန်းပစ်ဖို့ပဲ။ အဲ့ဒါကို ကောင်းတဲ့နေရာမှာ သုံးမလား၊ မကောင်းတဲ့နေရာမှာ သုံးမလားဆိုတာကတော့ လူပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် သိုင်းပညာရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်လို့ ငါထင်တဲ့ အရာတွေကို ငါ အများကြီး ကြုံတွေ့ခဲ့ဖူးတယ်။ မူလပုံစံအတိုင်းဆိုရင် သိုင်းပညာဆိုတာ ရန်သူတွေကို ဖျက်ဆီးပစ်ဖို့ သက်သက်ပါပဲ။ အဲ့ဒီလိုမျိုးတွေ ငါ အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးလို့ နောက်ထပ် ဘာကိုမှ ထပ်ပြီး မကြုံချင်တော့ဘူး။
ဒီအမှိုက်ကောင်ကတော့။
ဂူချောယုရဲ့ မျက်နှာကို ကြည့်ရတာ ငါ့ရဲ့ ချီအတွင်းအားတွေ အကုန်ကုန်သွားပြီလို့ သူ ထင်နေပုံရတယ်။ ဒါပေမယ့် အပူရှိန်က တကယ်တော့ ပျောက်ကွယ်သွားတာ မဟုတ်ဘူး။ ငါက အဲ့ဒီအပူရှိန်အားလုံးကို ငါ့ခန္ဓာကိုယ်ထဲကို ပြန်သိမ်းဆည်းလိုက်တာ။ ခန္ဓာကိုယ်ထဲကို အတင်းအကျပ် ပြန်သွင်းလိုက်တဲ့ ချီဟာ အသုံးပြုသူကို ပိုပြီး သန်မာစေသလို ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုလည်း မြှင့်တင်ပေးတယ်။ ဒါဟာ မီးတောက်သိုင်းရဲ့ ပဉ္စမအဆင့် (၅) ကို ရောက်မှသာ လုပ်ဆောင်နိုင်တဲ့ အတတ်ပညာတစ်ခု ဖြစ်ပါတယ်။
ဒါက ငါ ဒီအတတ်ပညာကြောင့် ဂူချောယုထက် ပိုသန်မာသွားတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ငါက သူ့ထက် ချီအကြောင်းကို ပိုပြီး နားလည်နေလို့သာ ဖြစ်တယ်။ ဒီခေတ်က မိစ္ဆာတွေကို သတ်ဖို့ကိုပဲ အဓိက အာရုံစိုက်နေကြတာ။ အဲ့ဒါက လူသားအချင်းချင်း သိုင်းပညာနဲ့ တိုက်ခိုက်တဲ့နေရာမှာ နားလည်မှု အားနည်းတာကြောင့် ပိုပြီး ခက်ခဲစေတယ်။ ဒါဟာ ငါ ဘာလို့ ဂူချောယုနဲ့ ဂူယွန်ဆို တို့ကို အလွယ်တကူ တုံ့ပြန်နိုင်ရသလဲဆိုတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုပေါ့။
ဒီအတတ်ပညာကို သုံးနေစဉ်မှာ ငါ့ရဲ့ ခန္ဓာကိုယ်အတွင်းက အင်္ဂါတွေဟာ ကြိတ်ခြေခံနေရသလို ခံစားရပေမယ့် ငါ အပြင်ကိုတော့ အရိပ်အယောင်တောင် မပြခဲ့ဘူး။
‘...ဒုတိယအဆင့် (၂) ကိုပဲ ရောက်သေးတဲ့ ငါ့အတွက်တော့ ဒီအတတ်ပညာက နည်းနည်း ခက်ခဲနေတုန်းပဲ’
ငါ အသက်ရှူလိုက်တိုင်း ရေနွေးငွေ့တွေ ထွက်ပေါ်နေတယ်။ အပြင်မှာ အေးနေလို့ မဟုတ်ဘူး၊ ဒါက ဒီအတတ်ပညာကြောင့်ပဲ။ ငါ့မှာ အချိန် ၇ မိနစ်ပဲ ရှိတယ်၊ အဲ့ဒါက ငါ့ရဲ့ အကန့်အသတ်ပဲ။ အဲ့ဒီထက် ပိုသွားရင် ငါ အပြင်းအထန် ဒဏ်ရာရလိမ့်မယ်။
‘အဲ့ဒီလောက်ဆို လုံလောက်ပါတယ်’
ဂူချောယု ယိမ်းယိုင်နေတာကို ငါ မြင်နေရတယ်၊ သူ အသက်ရှူ အလွန်ပြင်းထန်နေပြီး ရိုက်ခတ်မှုကြောင့် အာရုံစိုက်မှုတွေလည်း အားလုံး ပျောက်ဆုံးနေပြီ။
“ငါ အခွင့်အရေး ပေးတုန်း ထစမ်း။ ပြိုင်ပွဲပြီးမှ ‘ဒါက ချောင်းထိုးတာ’ ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားမျိုး လာမပြောနဲ့”
ငါ့စကားကို ကြားတော့ အဲ့ဒီကောင်က ယိမ်းယိုင်ရင်းနဲ့ ထလာတယ်။ သူက နာကျင်မှုကို အောင့်အည်းပြီး သူ့ရဲ့ တိုက်ခိုက်ရေး ဟန်ပြင်ကို ပြန်ယူတယ်၊ သူ့ရဲ့ ချီကိုလည်း စုစည်းလိုက်တယ်။ အရင်ကနဲ့ ယှဉ်ရင် အပူရှိန်က အများကြီး နည်းသွားပေမယ့် ဂူချောယုရဲ့ ချီကတော့ အမှန်တကယ်ပဲ ကောင်းကောင်း လေ့ကျင့်ထားတာ ဖြစ်တယ်။
“သခင်လေးကို လျှော့တွက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော် ပေါ့ဆသွားတယ်”
ဂူချောယု သတိပြန်ဝင်လာပြီး ငါ့ကို တောင်းပန်စကား ဆိုတယ်။
“ဆင်ခြေတွေ ငါမလိုချင်ဘူး၊ ငါ ထပ်တိုက်ရမလား”
“...ဒီတစ်ခါတော့ ကျွန်တော် တိုက်ပါရစေ”
“လုပ်လေ”
ဂူချောယုက သူ့မျက်နှာပေါ်က သွေးတွေကို သုတ်လိုက်ပြီး ဟန်ပြင်လိုက်တယ်။ နဂါးနီသိုင်းက ဓားထုတ်သိုင်း ပုံစံကို သုံးတာ။ လှုပ်ရှားမှုတွေက အမှားအယွင်းမရှိ သဘာဝကျကျနဲ့ ပြည့်စုံနေရမယ်။ အဲ့ဒါက ဓားကို စသုံးနိုင်ဖို့တောင် လျင်မြန်တဲ့ မီးတောက်သိုင်းကို အတော်လေး နားလည်ဖို့ လိုအပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
ဂူချောယုက သူ့ဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားမှ ထွက်ပေါ်လာတဲ့ အပူရှိန်က ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားတယ်။ ငါ့မျက်လုံးတွေကို သူ့ဓားပေါ်မှာပဲ စိုက်ကြည့်ထားပြီး ငါ့ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်ကာ သူ့ရဲ့ တိုက်ခိုက်မှုကို ရှောင်လိုက်တယ်။ ပွတ်ကာသီကာ ထိသွားတဲ့ အပူရှိန်က ဒုတိယမြောက် တိုက်ခိုက်မှုကမှ အစစ်အမှန်ဖြစ်ကြောင်း ငါ့ကို သတိပေးလိုက်တယ်။ ဂူချောယုက နောက်ထပ် တိုက်ခိုက်မှုအတွက် သူ့ဓားကို ချီအတွင်းအားနဲ့ လွှမ်းခြုံလိုက်တယ်။ ပြီးတော့ သူက တစ်ပတ် လှည့်လိုက်ပြီးမှ အနားကို တိုးလာတယ်။ သူက သူ့ဓားရဲ့ စွမ်းအားကို ပိုပြီး မြှင့်တင်လိုက်တာပဲ။ သူက လျင်မြန်တဲ့ မီးတောက်သိုင်းရဲ့ ချီကို သူ့ဓားထဲမှာ စုစည်းဖို့အတွက် တမင်တကာ တစ်ပတ် လှည့်လိုက်တာ။ ဖျက်ဆီးနိုင်စွမ်း အားနည်းပေမယ့် သူက အဲ့ဒီအားနည်းချက်ကို အလွန်မြန်တဲ့ အရှိန်နဲ့ အစားထိုးလိုက်တယ်။
‘သူက အခြေခံတွေကို ကောင်းကောင်း နားလည်ထားတာပဲ’
သူ့ရဲ့ အပြစ်ပြောစရာမရှိတဲ့ လှုပ်ရှားမှုတွေက သူ တော်တော်လေး လေ့ကျင့်ထားကြောင်း ပြနေတယ်၊ ဒါပေမယ့် အခြေခံဆိုတာ အခြေခံပါပဲ။ ပြည့်စုံလွန်းတဲ့ လှုပ်ရှားမှုတွေမှာ အားနည်းချက် တစ်ခုရှိတယ်။ တစ်ကြိမ်လောက် ပျက်စီးသွားတာနဲ့ ပြည့်စုံခြင်းရဲ့ အားသာချက်က ပျောက်ကွယ်သွားတာပဲ။
ငါ တွန့်ဆုတ်မနေဘဲ ဂူချောယုဆီကို တန်းတိုးဝင်လိုက်တယ်။ ငါက သူ့တိုက်ခိုက်မှုကို ရှောင်မယ့်အစား တန်းတိုးလာလိမ့်မယ်လို့ မထင်ထားတဲ့အတွက် သူ့မျက်လုံးတွေ တုန်လှုပ်သွားတယ်။ ဒါပေမယ့် ဂူချောယုက သူ့ဓားကို မရပ်တန့်ဘူး။ အဲ့ဒီဓားက ငါ့ခေါင်းကို ရိုက်တော့မယ့် အချိန်မှာပဲ ငါက မီးဓာတ်ချီကို အမြင့်ဆုံးအထိ ထုတ်လွှတ်လိုက်တယ်။ ငါ့ခန္ဓာကိုယ်ထဲက အပူရှိန်အားလုံးကိုလည်း တစ်ခါတည်း လွှတ်ထုတ်လိုက်တယ်။ ချက်ချင်းထွက်ပေါ်လာတဲ့ အပူရှိန်က လေ့ကျင့်ရေးကွင်း တစ်ခုလုံးကို လွှမ်းခြုံသွားတယ်။ ခဏအကြာမှာတော့ ပျောက်ကွယ်သွားမှာ ဖြစ်ပေမယ့်၊ ဒီလောက်နီးကပ်တဲ့ အကွာအဝေးမှာ အဲ့ဒီအပူရှိန်နဲ့ တိုက်ရိုက်ထိတွေ့လိုက်ရတဲ့ ဂူချောယုအတွက်တော့ ဘယ်လိုမှ မသက်သာလှဘူး။ ဒါက ထိခိုက်ဒဏ်ရာ အများကြီး မရစေနိုင်ပေမယ့် သူ့ကို ခဏလောက် မျက်တောင်ခတ်သွားအောင်တော့ ငါ လုပ်နိုင်ခဲ့တယ်။ ဒါဟာ သိုင်းပညာရှင် တစ်ယောက်အတွက် ပြိုင်ပွဲကို အဆုံးသတ်ဖို့ လုံလောက်တဲ့ အချိန်ပဲ။
ငါ့ရဲ့ ချီအတွင်းအားပါတဲ့ လက်သီးကို ဂူချောယုရဲ့ ဝမ်းဗိုက်ထဲကို ထိုးစိုက်လိုက်တယ်။
“ဂုဂ် ဂုဂ်...!”
ဒီတစ်ခါတော့ ငါ အရင်ကလို လျှော့မပေးဘူး။ ဂူချောယုရဲ့ ခန္ဓာကိုယ်ကို ချီတွေနဲ့ ကာကွယ်ထားပေမယ့် ငါ့လက်သီးက သူ့ခန္ဓာကိုယ်ထဲကို အတော်လေး နက်နက်ရှိုင်းရှိုင်း ထိမှန်သွားတယ်။ ဂူချောယုက ဒူးထောက်လဲကျသွားပြီး အန်ပါတော့တယ်။
“အဟွတ်... အဟွတ်... အော့...”
“ငါ့ကို အမုန်းဆုံးဖြစ်အောင် ဘာက လုပ်သလဲ မင်းသိလား”
ဂူချောယုကို ငုံ့ကြည့်ရင်း ငါ့ဘာသာ တွေးနေမိတယ်။ သူ့ကို သတ်ပစ်လိုက်ရမလား? ပြိုင်ပွဲ တစ်လျှောက်လုံး အဲ့ဒီအတွေးက ငါ့ခေါင်းထဲမှာ ရှိနေခဲ့တာ။ မလုပ်သင့်ဘူးဆိုတာ သိပေမယ့် တဟုန်ထိုး တက်လာတဲ့ ဒေါသတွေကို ထိန်းချုပ်ရတာ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ငါ့ရဲ့ ဆိုးဝါးလှတဲ့ စရိုက်ကို ပြင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲတဲ့ အရာပဲ။ ဒါပေမယ့် ဒီကောင်က ငါ့ကို ခဏခဏ လာဆွနေတယ်။
“မင်း ငါ့ကို ဘာပဲပြောပြော၊ ငါ့အပေါ် ဘယ်လိုပဲ ပြုမူပြုမူ၊ အရှင်မင်းကြီးရဲ့ ရာထူးကို ငါ့ဆီကနေ လုယူချင်တယ်ဆိုလည်း ငါ ဂရုမစိုက်ဘူး”
မြေပြင်ပေါ်မှာ အန်နေတဲ့ ဂူချောယုက ရပ်လိုက်ပြီး ကြောက်လန့်တုန်ရီနေတဲ့ မျက်လုံးတွေနဲ့ ငါ့ကို စိုက်ကြည့်တယ်။
“ဒါပေမယ့် မင်းရဲ့ ညစ်ပတ်တဲ့ လက်တွေနဲ့ မင်း လုံးဝ မထိရက်စရာတွေကို ထိဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒါကပဲ ငါ့ကို ဒေါသအထွက်ဆုံး ဖြစ်အောင် လုပ်လိုက်တာပဲ”
သူ လုံးဝ မစဉ်းစားရဲသင့်တဲ့ အရာတစ်ခုကို ရယူဖို့ ကြိုးစားတာကို ငါ လုံးဝ မကြိုက်ဘူး။ ငါ သူ့ကို သတ်လို့မရဘူး။ သတ်ချင်ပေမယ့် ငါ့ရဲ့ နာမည်ဂုဏ်သတင်းက ပိုအရေးကြီးတယ်။ အဲ့ဒီအစား သူ့ကို တစ်လလောက် ဒုက္ခိတဖြစ်အောင်ပဲ လုပ်ချင်တယ်။ သူ ငါ့ကို လုပ်ခဲ့သလိုမျိုး တစ်လလောက် အိပ်ရာထဲ လဲနေအောင်ပဲ၊ အဲ့ဒီထက်လည်း မပိုဘူး၊ မလျော့ဘူး။ ဘယ်နေရာကို လုပ်ရမလဲ? ခြေထောက်လား? မဟုတ်ဘူး၊ လက်မောင်းဆိုရင် ပိုကောင်းလိမ့်မယ်။ သူက ဓားကို ကိုင်တာဆိုတော့ သူ့လက်မောင်းကို ချိုးပစ်တာက အကောင်းဆုံးပဲ။
ငါ သူ့လက်မောင်းကို လှမ်းကိုင်လိုက်စဉ်မှာပဲ လက်တစ်ဖက်က ငါ့ကို တားလိုက်တယ်။
“ဒါနဲ့ပဲ အဆုံးသတ်လိုက်ရအောင်”
ဒုတိယအကြီးအကဲပဲ။ ငါ သူ့ကို ကြောင်ပြီး ကြည့်လိုက်တယ်။
“ဘာလို့ ကျွန်တော့်ကို တားတာလဲ။ ပြိုင်ပွဲက မပြီးသေးဘူးလေ”
“ချောယုက... ဆက်ပြီး ပြိုင်နိုင်တဲ့ အခြေအနေမှာ မရှိတော့ဘူး။ ဒါကို မင်းက ဘယ်သူ့ထက်မဆို ပိုသိမှာပါ”
သူက နှာခေါင်းသွေးတွေ ထွက်နေပြီး ပါးစပ်မှာလည်း အန်ဖတ်တွေ ပေပွနေတယ်။ ငါက သူ့ရဲ့ အသည်းရှိတဲ့ နေရာကို တိုက်ရိုက် ထိုးလိုက်တာဆိုတော့ သူ အခု အသက်ရှူဖို့တောင် ရုန်းကန်နေရမှာ သေချာတယ်။ ဒါပေမယ့်လည်း ဒီမှာတင် အဆုံးသတ်လိုက်ရတာက ငါ့အတွက်တော့ လုံးဝ မကျေနပ်သေးဘူး။
「ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိတယ်」
ဒုတိယအကြီးအကဲရဲ့ စိတ်ချင်းဆက်သွယ်တဲ့ အသံကို ကြားလိုက်ရတဲ့အခါ ငါ ရပ်လိုက်ရတယ်။
“ဟူး...”
ငါ သက်ပြင်းချလိုက်ပြီး သူ့အနားကနေ ထွက်လာခဲ့တယ်။ ပထမအကြီးအကဲက သူ့ကို တစ်ယောက်တည်း လွှတ်လိုက်တာ မဟုတ်မှာတော့ သေချာတယ်။ ငါ့ကိုယ်ငါ အတင်းအကျပ် စိတ်အေးအောင် လုပ်လိုက်တယ်။ စိတ်လှုပ်ရှားမှု နောက်ကို လိုက်ပြီး မိုက်မဲတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ဘူး။
“ပထမအကြီးအကဲကို သွားပြောလိုက်ပါ၊ နောက်တစ်ခါ ဒီလိုမျိုး ထပ်လုပ်ဦးမယ်ဆိုရင် ကျွန်တော်ကပဲ အရှင်မင်းကြီး ဖြစ်ချင်လာလိမ့်မယ်လို့”
ငါ့ကို နောက်ထပ် မနှောင့်ယှက်နဲ့တော့။ အဲ့ဒီလို သတိပေးလိုက်ပြီး ဝီဆောအာ ဆီကို လျှောက်သွားခဲ့တယ်။ ဝီဆောအာကတော့ သေလုနီးပါး ဖြစ်နေတဲ့ ဂူချောယုကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ ငါ့ဆီကိုပဲ အာရုံစိုက်နေတယ်။
“သခင်လေး... သခင်လေး နိုင်သွားတာလား”
သူမက စိုးရိမ်တကြီး မေးတယ်။ ငါ မနိုင်ရင် သူမ အဝေးကို ပို့ဆောင်ခံရမှာမို့လို့လား။
“အင်း၊ နိုင်ခဲ့တယ်”
“ဟေးးးးး!”
သတင်းကို ကြားတော့ တောက်ပစွာ ပြုံးလိုက်တဲ့ ဝီဆောအာကို ငါ ကြည့်နေမိတယ်။ ငါလည်း ပြုံးလိုက်ပြီး သူမရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်တယ်။
ဒီလောက်ဆိုရင်... ဒီလောက်ဆိုရင်ပဲ ငါ့အတွက် လုံလောက်ပါပြီ။