အခန်း (၁၀) ကိုးနဂါး နေ့ (၄)
“ဒါက သခင်လေးလား”
အသက်နှစ်ဆယ်အရွယ်ခန့်ရှိသော လူတစ်ယောက်ဖြစ်သည်။ သူ ကလေးကဲ့သို့ ဂျီတိုက်သောင်းကျန်းနေသည်ကို မြင်ရသည်မှာ ကျွန်ုပ်မျက်စိထဲ ကြည့်ရဆိုးလှသည်။ မဟုတ်သေးဘူး၊ ခဏလေး။ ဖုန်း (Peng) မျိုးနွယ်စုဝင်တစ်ယောက်က ဘာလို့ ဒီရောက်နေတာလဲ။ ၎င်းအပြင် ဖုန်းမျိုးနွယ်စုရဲ့ တော်ဝင်သွေးသား တစ်ယောက်ဖြစ်ပါလျက် လူအများရှေ့မှာ ကလေးတစ်ယောက်လို ပြဿနာရှာနေတာကတော့...။
“မဖြစ်နိုင်တာ၊ မဟုတ်လောက်ပါဘူး”
ဒီလူက ဖုန်းမျိုးနွယ်စုရဲ့ သခင်လေး အစစ်အမှန် ဖြစ်နိုင်စရာ အကြောင်းမရှိပါ။ ဒါဟာ လိမ်လည်လှည့်ဖြားသူ တစ်ဦးပဲ ဖြစ်ရမည်။ သတ္တိကတော့ နည်းနည်းနောနော မဟုတ်ပေ။ နာမည်ကြီး မဟာမျိုးနွယ်ကြီး လေးခုထဲမှ တစ်ခုဖြစ်သော ဖုန်းမျိုးနွယ်စုရဲ့ သခင်လေးအဖြစ် ဟန်ဆောင်ခြင်းက သူ့ကို ဒုက္ခအကြီးအကျယ် ရောက်စေပါလိမ့်မည်။
သို့သော်လည်း ထိုအချိန်တွင် မနေ့က ဖုန်းအာဟီးနှင့် ဆုံခဲ့သည့် အဖြစ်အပျက်က ကျွန်ုပ်ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။ ကျွန်ုပ် ထိုအတွေးကို ချက်ချင်း ဖျောက်ပစ်ရန် ကြိုးစားလိုက်သော်လည်း စိတ်ထဲတွင်တော့ တစ်မျိုးကြီး ဖြစ်နေမိသည်။
ဒါတွေက အဓိပ္ပာယ်မရှိလွန်းဘူး။ တစ်နေရာရာမှာတော့ မှားနေပြီ။ ၎င်းအပြင် ကျွန်ုပ်၏ အတိတ်ဘဝတုန်းက ဖုန်းမျိုးနွယ်စုရဲ့ သခင်လေး ကိုးနဂါးအခမ်းအနားကို လာခဲ့တယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးခဲ့ပေ။ ထို့ကြောင့် ဤကိစ္စသည် အဆင်ပြေပြေနှင့်ပင် ပြီးဆုံးသွားလိမ့်မည်ဟု မျှော်လင့်ရသည်။
“ဘာတွေဖြစ်နေတာလဲ”
ကျွန်ုပ်က ထိုအခြေအနေကို လျစ်လျူရှုပြီး ထွက်သွားရန် ပြင်လိုက်စဉ် ဒုတိယအကြီးအကဲနှင့် တိုးလေသည်။
“လူထူးဆန်းတစ်ယောက် ပြဿနာရှာနေလို့ပါ”
ကျွန်ုပ်က အတိုချုံးဖြေပြီး ထွက်သွားရန် ထပ်မံကြိုးစားလိုက်သည်။ ကျွန်ုပ်တွင် လုပ်စရာကိစ္စအချို့ ရှိနေသဖြင့် တတ်နိုင်သမျှ မြန်မြန် ထွက်သွားချင်နေခြင်း ဖြစ်သည်။ သို့သော် ဒုတိယအကြီးအကဲက ကျွန်ုပ်ကို တားလိုက်သည်။
“ငါ မင်းကို မနက်ကတည်းက လိုက်ရှာနေတာ၊ ငါ့ခါးတွေလည်း တော်တော်နာနေပြီ”
“ဘာတွေ ပြောနေတာလဲ အဘိုးရဲ့။ အဘိုးက ကျွန်တော့်ထက်တောင် ကျန်းမာနေသေးတာကို”
“ဟင်း... မနေ့ကလည်း သတိထားမိတယ်၊ မင်းက အပြောအဆို တော်တော် တတ်လာတာပဲ။ မင်းရဲ့ သိုင်းပညာကလည်း အဲ့ဒီလိုမျိုး တိုးတက်လာရင် ကောင်းမှာပဲ”
သူက ကျွန်ုပ်၏ ဆံပင်များကို ထုံးစံအတိုင်း ထပ်မံဖွပစ်လိုက်ပြန်သည်။ အား... ခေါင်းတောင် မူးလာပြီ။
“အား... ဒါနဲ့ ကျွန်တော့်ကို ဘာလို့ လိုက်ရှာနေတာလဲ”
အစေခံတွေကို ခိုင်းလို့ရပါလျက်နှင့် ဘာကြောင့် သူကိုယ်တိုင် လာရှာနေရသနည်း။
“ဪ... အရေးကြီးတာတော့ မဟုတ်ပါဘူး။ ပြိုင်ပွဲပြီးရင်...”
“ဒါနဲ့ ကျွန်တော့်ကို ဘာလို့ ခွင့်မပြုရတာလဲ။ ပြသသင့်တာတွေ အကုန်ပြပြီးပြီလေ။ ခင်ဗျားတို့ ယုံကြည်အောင် ကျွန်တော့်ရဲ့ အရိပ်သိုင်းပညာတွေကိုပါ ထုတ်ပြရဦးမှာလား”
“...ကျေးဇူးပြုပြီး စိတ်လျှော့ပါဦးခင်ဗျာ။ ကျွန်တော်တို့ကလည်း...”
“မရဘူး! ကျွန်တော့်မှာ အချိန်အများကြီး မရှိဘူးလို့ ပြောထားတယ်လေ။ လက်မှတ်ရှိတဲ့သူ ဘယ်သူမဆို ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ ခင်ဗျားတို့ ပြောထားတာပဲ”
ဒုတိယအကြီးအကဲ၏ အကြည့်က ထိုလူဆီသို့ ရောက်သွားသည်။ 'အရိပ်သိုင်းပညာ' ဆိုသည်မှာ ဖုန်းမျိုးနွယ်စုတွင်သာ သီးသန့်ရှိသည့် သိုင်းပညာတစ်မျိုး ဖြစ်သည်။ ၎င်းအပြင် ဖုန်းမျိုးနွယ်စုဝင် တိုက်ရိုက်သွေးနှောသူများကိုသာ သင်ကြားပေးသည့် ပညာရပ်ဖြစ်သည်။
အခြေအနေများ မဟန်တော့သဖြင့် ဒုတိယအကြီးအကဲကို တားရန် ကြိုးစားလိုက်သော်လည်း သူက ကျွန်ုပ်လက်လှမ်းမမီသော နေရာသို့ ရောက်သွားပြီဖြစ်သည်။
“...သောက်ကျိုးနည်းပဲ”
“မင်းက ဖုန်းမျိုးနွယ်စုရဲ့ သားတော်လား”
ဒုတိယအကြီးအကဲသည် မိမိကိုယ်ကိုယ် ဖုန်းမျိုးနွယ်စုရဲ့ သခင်လေးဟု အခိုင်အမာ ပြောဆိုနေသူ၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိသွားသည်။
“ဒု... ဒုတိယအကြီးအကဲကို ဂါရဝပြုပါတယ် ခင်ဗျာ”
အစောင့်များအားလုံးက သူ့ကို မြင်သည်နှင့် ရိုသေစွာ အလေးပြုကြသည်။ ပြိုင်ပွဲဝင်ရန် စာရင်းပေးထားသည့် လူများကလည်း ထိုမြင်ကွင်းကို ကြည့်နေကြသည်။
“အေးအေး... မင်းတို့အားလုံး တက်တက်ကြွကြွ လုပ်နေကြတာ မြင်ရတာ ဝမ်းသာပါတယ်။ အေး... မင်းက ဖုန်းမျိုးနွယ်စုရဲ့ သားတော်လား”
ဒုတိယအကြီးအကဲ၏ စကားကို ကြားပြီးနောက် ထိုလူက ကိုယ်နေဟန်ထားကို ပြင်လိုက်သည်။
“ကျွန်တော်က ဖုန်းဝူဂျင် ပါ၊ ဖုန်းမျိုးနွယ်စုရဲ့ သခင်လေးပါ။ ဂူမျိုးနွယ်စုရဲ့ 'မီးလျှံလက်သီး' နဲ့ ဆုံရတာ ဂုဏ်ယူမိပါတယ်”
'မီးလျှံလက်သီး' ဆိုသည်မှာ ဒုတိယအကြီးအကဲကို ပေးထားသော ဘွဲ့အမည်ဖြစ်သည်။ ဒုတိယအကြီးအကဲက ဖုန်းဝူဂျင်၏ စကားကို ကြားပြီး ပြုံးလိုက်သည်။ သူ့ဘွဲ့အမည်နှင့် ဂါရဝပြုခံရခြင်းကြောင့် စိတ်ကြည်သွားပုံရသည်။
“ဒါဆို မင်းက ဖုန်းရဲ့ သားပေါ့။ မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက အဲ့ဒီအတိုင်းပဲ။ မျက်နှာကလည်း မင်းတို့ရဲ့ အသုံးမကျတဲ့ ဂိုဏ်းချုပ်ကြီးနဲ့ တစ်ပုံစံတည်းပဲ”
ဖုန်းမျိုးနွယ်စုရဲ့ ဂိုဏ်းချုပ်ကို အသုံးမကျသူဟု ခေါ်ရဲသည်မှာ... ဘယ်လိုပဲကြည့်ကြည့် ဒုတိယအကြီးအကဲနှင့်တော့ လိုက်ဖက်လှသည်။
“ဒါနဲ့ မင်းက ဘာလို့ ဒီကို လာတာလဲ”
“ကျွန်တော် ဂူမျိုးနွယ်စုရဲ့ ဓားသမားတွေကို ကူညီပေးဖို့ လာတာပါ”
“မင်းက ဖုန်းမျိုးနွယ်စုရဲ့ သခင်လေး ဖြစ်နေပြီးတော့ မင်းတို့ဆီက ဓားသမားတွေကို ပစ်ထားခဲ့တာလား”
“အဲ့ဒီမှာက ပျင်းစရာကြီးလေ”
ဖုန်းဝူဂျင်၏ အဖြေကို ကြားပြီး ဒုတိယအကြီးအကဲက အော်ဟဟ ရယ်မောလိုက်သည်။ လူရူးတစ်ယောက်နှင့် စကားပြောနေရသကဲ့သို့ပင်။
“မင်းကတော့ လူရူးပဲ။ ဖုန်းမျိုးနွယ်စုမှာ လူရူးတစ်ယောက် ရှိနေတာပဲ”
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အဲ့ဒီစကားကို ခဏခဏ ကြားဖူးပါတယ်”
“ဒါက ချီးကျူးတာ မဟုတ်ဘူးဟ”
ကျွန်ုပ် ရုတ်တရက် ဖုန်းဝူဂျင်၏ လက်တွင်ရှိသော အနက်ရောင်လက်စွပ်ကို သတိထားမိသွားသည်။ ၎င်းသည် ဖုန်းအာဟီး ဝတ်ထားသည့် လက်စွပ်နှင့် တစ်ပုံစံတည်းပင်။
'ဒုက္ခပဲ... သူက အစစ်ပဲလား...'
သူက ဘာကိစ္စ ဒီရောက်ပြီး ဒီလို အဓိပ္ပာယ်မရှိတာတွေ လာလုပ်နေရတာလဲ။
“လက်မှတ်ရှိရင် ဘယ်သူမဆို ယှဉ်ပြိုင်နိုင်တယ်လို့ ကြားလို့ လာခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် သက်သေပြစရာ ရှိတာတွေ အကုန်ပြထားပါလျက်နဲ့ သူတို့က ကျွန်တော့်ကို ဝင်ခွင့်မပေးဘူး”
“...မင်းက ဖုန်းဂိုဏ်းချုပ်ဆီက ခွင့်ပြုချက် ရပြီးမှ လာတာလား”
“သူက ကျွန်တော့်ကို လွှတ်မှာမဟုတ်လို့ ခိုးထွက်လာတာပါ”
သူက တကယ်ပဲ လူရူးတစ်ယောက် ဖြစ်ရမည်။
“မင်းက တကယ့် လူရူးပဲ”
ပထမဆုံးအကြိမ်အဖြစ် ဒုတိယအကြီးအကဲ၏ စကားကို ကျွန်ုပ် ထောက်ခံမိသည်။ ဒီလူက တကယ့်ကို အရူးပဲ။ ဒုတိယအကြီးအကဲက သူ့ခန္ဓာကိုယ်ကို ကြည့်ပြီး ထပ်မံပြုံးလိုက်ပြန်သည်။ ကြည့်ရတာ တစ်မျိုးကြီးပဲ...။
“မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက တော်တော်တောင့်တင်းတာပဲ။ အသက်က ဘယ်လောက်လဲ”
“ဒီနှစ်မှာ ၂၃ နှစ် ပြည့်ပါပြီ”
“ဒီလို ခန္ဓာကိုယ်မျိုးနဲ့ ဒီလောက်အရွယ်မှာ... ဖုန်းမျိုးနွယ်စုက နဂါးတစ်ကောင်ကို မွေးထုတ်လိုက်တာပဲ။ ငါတို့ရဲ့ ဒီကောင်စုတ်လေးကလည်း မင်းရဲ့ ထက်ဝက်လောက် ဖြစ်ရင် ကောင်းမှာပဲ”
သူက 'ကောင်စုတ်လေး' လို့ ပြောတာ ကျွန်တော့်ကို ပြောတာလား။ သို့သော်လည်း ထိုလူနှင့် နှိုင်းယှဉ်ခံရခြင်းအတွက် ကျွန်ုပ် စိတ်မဆိုးမိပါ။ အကယ်၍ ဒီလူက ဖုန်းဝူဂျင်သာ အစစ်အမှန်ဆိုလျှင် သူက တကယ့် နဂါးတစ်ကောင် ဖြစ်နေသောကြောင့်ပင်။
'ဓားဘုရင် ဖုန်းဝူဂျင်'။ ၎င်းသည် မဝေးတော့သော အနာဂတ်တွင် သူရရှိမည့် ဘွဲ့အမည်ဖြစ်သည်။ 'ကောင်းကင်နက်တပ်မတော်' ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ကောင်းကင်အရှင်သခင်များထဲမှ တစ်ဦးဖြစ်သည့် ❰ဂုဏ်သိက္ခာမဲ့ အရှင်သခင်❱ ဘီဂျူး နှင့် အင်အားချင်း တူညီသည်ဟု ကျော်ကြားသူဖြစ်သည်။ ကောင်းကင်အရှင်သခင် တစ်ဦးနှင့် အင်အားချင်း တူညီသည်ဆိုသည်မှာ အခြားသော သိုင်းပညာရှင်များနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ခြင်းပင်။ သို့သော် သူသည် ဖုန်းဝူဂျင်နှင့် တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။ ဖုန်းဝူဂျင်နှင့် မရင်ဆိုင်မီ တိုက်ပွဲများစွာကြောင့် နွမ်းနယ်နေခဲ့သည်ဟု ဆိုကြသော်လည်း ဖုန်းဝူဂျင်သည် သူ့ကို တစ်ဦးတည်း ရင်ဆိုင်ပြီး အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကို ဘီဂျူး ကြားသောအခါ သူကိုယ်တိုင်ပင် ဖုန်းဝူဂျင်ကို 'ဓားဘုရင်' ဟု ဘွဲ့ပေးခဲ့သည်။
ဒုတိယအကြီးအကဲသည် သူ၏ မုတ်ဆိတ်ရှည်ကို သပ်ရင်း ပြုံးလိုက်သည်။
“သူက လက်မှတ်လည်း ပြပြီးပြီ၊ တိုက်ပွဲအတွက်လည်း အသင့်ဖြစ်နေပုံရတာပဲ။ ဒါဆို ပေးဝင်လိုက်လည်း ဖြစ်တာပဲ မဟုတ်လား”
သူ ဘာတွေ ပြောလိုက်တာလဲ။ အစောင့်များလည်း ကျွန်ုပ်ကဲ့သို့ပင် ဒုတိယအကြီးအကဲ၏ စကားကြောင့် အကျပ်ရိုက်သွားပုံရသည်။
“...ဒါပေမဲ့ ဒုတိယအကြီးအကဲခင်ဗျာ၊ အဲ့ဒါက...”
“ဘာကိစ္စရှိလို့လဲ။ ဒါက သူဖြစ်ချင်တဲ့အတိုင်းပဲ မဟုတ်လား”
“ဟုတ်ကဲ့ပါ အရှင်။ ကျွန်တော် ကိုးနဂါးပြိုင်ပွဲမှာ ပါဝင်ချင်ပါတယ်။ ဂူမျိုးနွယ်စုရဲ့ ဓားသမားတစ်ယောက်အဖြစ် တကယ် လုပ်ချင်တာပါ”
“တွေ့လား၊ သူကိုယ်တိုင် ဖြစ်ချင်နေတာလေ”
အစောင့်များ၏ မျက်လုံးများမှာ မြေငလျင်လှုပ်နေသကဲ့သို့ တုန်ရင်နေသည်။ ဤအခြေအနေကို ဘယ်လို ကိုင်တွယ်ရမှန်း သူတို့ မသိကြပေ။ အစောင့်များထံမှ ချွေးစေးများ မြေပြင်ပေါ်သို့ စီးကျတော့မည့်အချိန်တွင် ကယ်တင်ရှင်တစ်ဦး ပေါ်လာသည်။
“အစ်ကို!”
ကျယ်လောင်သော အသံနှင့်အတူ ပေါ်လာသူမှာ ဖုန်းအာဟီး ဖြစ်သည်။
“အရူးကောင်!”
သူမက သူ့ဝမ်းဗိုက်ကို ပြင်းထန်စွာ ကန်လိုက်သည်။ ထိုကန်ချက်တွင် အတွင်းအားတွေ ပါဝင်နေသည်မှာ သေချာသည်။
“အု!”
ဝမ်းဗိုက်ကို အလစ်အငိုက် အကန်ခံလိုက်ရသော ဖုန်းဝူဂျင်သည် အနည်းငယ် လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် လိမ့်သွားလေသည်။
“...အမလေး၊ ကြည့်ရတာ တော်တော်နာမှာပဲ”
သူ သေသွားပြီလား မသိဘူး။
“နင်ကတော့လေ၊ သခင်လေးဆိုတဲ့ ဘွဲ့ကို ရထားပြီးတော့ စာတစ်စောင်ပဲ ထားခဲ့ပြီး ထွက်ပြေးရဲတယ်ပေါ့လေ!”
ကန်ချက်တစ်ချက်နှင့် အားမရသေးသော ဖုန်းအာဟီးသည် ဖုန်းဝူဂျင်ရှိရာသို့ ပြေးသွားပြီး ထပ်မံ ထိုးကြိတ်ကန်ကျောက်တော့သည်။ ကံကောင်းထောက်မစွာဖြင့် ဖုန်းဝူဂျင် မသေသွားပါ။ ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ အော်ဟစ်သံများ ပိုမိုကျယ်လောင်လာခြင်းပင်။
“အား... အား! ခဏ... ခဏလေး...!”
“နင်က တခြားမျိုးနွယ်စုရဲ့ ဓားသမား လုပ်ဖို့အတွက် ထွက်ပြေးလာတာပေါ့လေ။ နင် တကယ်ပဲ စိတ်ဖောက်ပြန်နေတာလား!”
ဒုက္ခပဲ၊ အဲ့ဒီနေရာကိုတော့ မကန်သင့်ဘူး...။
“အစ်ကို... အား... သေတော့မယ်! ခဏ... အု... အာဟီး!”
“ဒါဆိုလည်း သေလိုက်လေ! သေလိုက်တော့ အရူးရဲ့!”
“ငါသေရင် ဘယ်သူက ဂိုဏ်းချုပ်လုပ်မှာလဲ!”
“ဘယ်သူဂရုစိုက်လို့လဲ။ နင့်ထက်စာရင် ခွေးတစ်ကောင်ကတောင် ပိုတော်ဦးမယ်!”
“အား!”
ရက်စက်လှသော မြင်ကွင်းကြောင့် ကျွန်ုပ် အကြည့်လွှဲလိုက်မိသည်။ ဒုတိယအကြီးအကဲသည်လည်း ထိုအခြေအနေကြောင့် အကျပ်ရိုက်ကာ ပါးကို ကုတ်နေလေသည်။ ကျွန်ုပ် ဒုတိယအကြီးအကဲနားသို့ တိုးသွားပြီး တိုးတိုးလေး ပြောလိုက်သည်။
“သူတို့ကို ဒီအတိုင်း ထားထားလို့ ဖြစ်ပါ့မလား။ ဒီအတိုင်းသာ ဆက်လွှတ်ထားရင် သူ တကယ် သေသွားလိမ့်မယ်”
“ဖုန်းမျိုးနွယ်စုက လူတွေက ခန္ဓာကိုယ် တောင့်တင်းပြီးသားပါ။ အမာဆုံး သံမဏိနဲ့ ထုရင်တောင် မသေပါဘူး။ စိတ်မပူပါနဲ့”
“ကယ်ကြပါဦး...”
“...အဘိုး တကယ်ပဲ သေချာရဲ့လား”
ဖုန်းအာဟီးသည် ထိုလူကို အရုပ်တစ်ရုပ်လို ထိုးကြိတ်ပြီးနောက် အသက်ပြင်းပြင်းရှူကာ အနည်းငယ် စိတ်အေးသွားပုံရသည်။ တစ်ဖက်တွင်မူ ဖုန်းဝူဂျင်မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်ပြီး သူ အသက်ရှင်သေးရဲ့လားဆိုသည်မှာ မသေချာတော့ပေ။
“ထစမ်း”
ဖုန်းအာဟီးက အေးစက်သောလေသံဖြင့် ပြောလိုက်သော်လည်း ဖုန်းဝူဂျင်ကတော့ အသက်မရှိတော့သည့်အတိုင်း မြေပြင်ပေါ်တွင် ဆက်လက် လဲလျောင်းနေသည်။
“နင် အခုချက်ချင်း မထရင် နင့်ရဲ့ မျိုးပွားအင်္ဂါကို အုတ်ခဲနဲ့ ထုပစ်မယ်”
“ထပြီ၊ ထပြီ!”
ထိုရက်စက်ကြမ်းကြုတ်လှသော စကားကို ကြားသည်နှင့် ဖုန်းဝူဂျင်သည် ကျောပြင်မှ ချွေးစေးများ ထွက်လာပြီး ချက်ချင်း ထရပ်လိုက်သည်။ ဖုန်းအာဟီးက ဖုန်းဝူဂျင်ကို ကြည့်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူမတွင် တွေးစရာတွေ အများကြီး ရှိနေပုံရသည်။
“ကဲ၊ နင့်ကို တွေ့ပြီဆိုတော့လည်း ကိစ္စမရှိပါဘူး... အိမ်ပြန်ကြစို့ အစ်ကို”
ဖုန်းအာဟီး၏ နောက်ကွယ်တွင် အနက်ရောင် ဝတ်စုံဝတ်ထားသော လူများ ပေါ်လာသည်။ သူတို့မှာ ဖုန်းအာဟီး၏ အစောင့်အဖြစ် ပါလာသော ဖုန်းမျိုးနွယ်စုဝင်များ ဖြစ်ကြသည်။ ကျွန်ုပ်နှင့် ဒုတိယအကြီးအကဲကို မြင်သောအခါ ဖုန်းအာဟီး ခေတ္တမျှ အံ့အားသင့်သွားပြီး ကျွန်ုပ်တို့ဆီသို့ လျှောက်လာသည်။
“ပြဿနာတွေ အများကြီး ဖြစ်သွားစေတဲ့အတွက် တောင်းပန်ပါတယ် ရှင့်”
“မင်းက ဖုန်းမျိုးနွယ်စုရဲ့ သမီးတော်လား”
“ဟုတ်ကဲ့ပါ၊ ကျွန်မ ဖုန်းအာဟီး ပါ၊ မီးလျှံလက်သီး သခင်ကြီး”
“မင်းရဲ့ အစ်ကိုနဲ့မတူဘဲ မင်းကတော့ အဆုံးအမ ကောင်းပုံရတာပဲ။ အဲ့ဒီ ဝက်ဝံလို လူကြီးမှာ ဒီလိုမျိုး တော်တဲ့ ကလေးတွေ ရှိနေတာပဲ”
ဝက်ဝံလို လူတစ်ယောက်က နောက်လူတစ်ယောက်ကို ဝက်ဝံလို့ ခေါ်နေတာလား...။
“ဒီမှာ ဖြစ်သွားတဲ့ ကိစ္စတွေအတွက် ကျွန်မတို့ မမေ့ပါဘူး၊ သေချာပေါက် ပြန်လည် ပေးဆပ်ပါ့မယ်။ နောက်ထပ် ပြဿနာတွေ မဖြစ်အောင် ကျွန်မတို့ အခုပဲ ပြန်ပါတော့မယ်”
“ငါ ပြန်မလာဘူး၊ အာဟီး”
ဖုန်းအာဟီးက နောက်သို့လှည့်ပြီး ဖုန်းဝူဂျင်ကို ပုဆိန်နှင့် ပေါက်မတတ် ကြည့်လိုက်သည်။
“နင် တကယ်ပဲ အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေဦးမှာလား”
“ငါ အဓိပ္ပာယ်မရှိတာ ပြောနေတာ မဟုတ်ဘူး။ ငါ ဖုန်းမျိုးနွယ်စုဆီ ပြန်ဖို့ အစီအစဉ် မရှိဘူး”
“ဒါဆို ဘာလို့လဲ အစ်ကို၊ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ”
“ဖုန်းမျိုးနွယ်စုက ပျင်းစရာကောင်းလို့လေ”
ဒီလူရူးက ဘာလို့ အမြဲတမ်း ပျော်ဖို့ပဲ ပြောနေရတာလဲ။ ဖုန်းအာဟီးကလည်း ကျွန်ုပ်တွေးနေသည်ကို သိသည့်အတိုင်း ပြန်ပြောလိုက်သည်။
“ဒါဆို ဂူမျိုးနွယ်စုက ပျော်စရာကောင်းလို့လား။ တခြားမျိုးနွယ်စုတွေ အကုန်လုံးက ဖုန်းမျိုးနွယ်စုထက် ပိုပျော်စရာကောင်းနေလို့လား။ နင်က ဘာလို့ တခြားနေရာတွေမှာပဲ ပျော်ဖို့ လိုက်ရှာနေရတာလဲ”
“အနည်းဆုံးတော့ ငါတို့နေရာထက် ပိုပျော်ဖို့ကောင်းမှာပါ”
“အစ်ကို၊ ကျေးဇူးပြုပြီး လူကြီးစိတ်မွေးစမ်းပါ။ နင်က သခင်လေးလေ”
“အဲ့ဒါကြောင့်ပဲ ငါ ဂိုဏ်းချုပ်မဖြစ်ခင်မှာ ပျော်အောင် နေရမှာပေါ့။ ဂိုဏ်းချုပ်မဖြစ်မယ့် တစ်ခုတည်းသော နည်းလမ်းက သေတာ ဒါမှမဟုတ် မသန်မစွမ်းဖြစ်သွားတာပဲ ရှိတယ်၊ ငါက အဲ့ဒါတွေကို မကြိုက်ဘူး”
ဖုန်းဝူဂျင်၏ မျက်လုံးများက သူ ဆုံးဖြတ်ချက် ခိုင်မာကြောင်း ပြသနေသည်။
“ငါက ဂိုဏ်းချုပ် မဖြစ်ချင်ပေမဲ့ တခြား ဘယ်သူ့ကိုမှလည်း ဂိုဏ်းချုပ်ဖြစ်ဖို့ ထိုက်တန်တယ်လို့ မမြင်ဘူး။ အာဟီး၊ နင်ကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံးက ဖုန်းနာမည်ခံထားတဲ့ သားရဲတွေပဲ၊ သူတို့အားလုံး ပေါင်းတိုက်ရင်တောင် ငါ့ကို မနိုင်ကြဘူး”
သူက မိမိ၏ မျိုးနွယ်စုဝင်များကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်သည်။ သူက မာနကြီးပြီး ထောင်လွှားသူဟု ထင်ရသော်လည်း သူ့တွင် ထိုသို့ပြောနိုင်လောက်သည့် အရည်အချင်းရှိသည်မှာ သေချာသည်။
“ဒါပေမဲ့ နင့်ကိုလည်း ဂိုဏ်းချုပ် အဖြစ်မခံနိုင်ဘူး၊ အဲ့ဒီတော့ ငါပဲ တစ်နေ့မှာ ဂိုဏ်းချုပ် ဖြစ်လာရမှာပဲ။ အဲ့ဒါကြောင့်ပဲ ငါ အရမ်းမုန်းပြီး စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ဒီသခင်လေး ဘွဲ့ကို လက်ခံခဲ့တာ”
ထိုလူရူး၏ အကြောင်းပြချက်ကို နားထောင်ရင်း ကျွန်ုပ်ကိုယ်တိုင်လည်း အရူးဖြစ်သွားသကဲ့သို့ပင် သူပြောသည်မှာ မှန်နေသလိုလို ခံစားလိုက်ရသည်။ ဖုန်းအာဟီးက နားထင်ကို ပွတ်နေသည်။ ထိုအခြေအနေကြောင့် သူမ ခေါင်းကိုက်သွားပုံရသည်။ ထိုအချိန်တွင် ဒုတိယအကြီးအကဲက ကြားဝင်ပြောလိုက်သည်။
“ငါကတော့ ပျော်စရာကောင်းမယ်ထင်လို့ သူ့ကို ယှဉ်ပြိုင်ခွင့် ပေးမလို့ပဲ၊ ဒါပေမဲ့ ဖုန်းမျိုးနွယ်စုရဲ့ အမြင်ကိုလည်း ထည့်စဉ်းစားပေးရဦးမှာဆိုတော့... ဒီလို လုပ်ကြတာပေါ့”
ဒုတိယအကြီးအကဲ၏ စကားကြောင့် ဖုန်းအာဟီးက စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း ဖုန်းဝူဂျင်ကတော့ စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။
“မင်း ငါနဲ့ တိုက်ခိုက်လို့ နိုင်ရင် မင်းကို ပေးဝင်မယ်”
“...ဘာတွေ ပြောနေတာလဲ အဘိုးရဲ့”
ကျွန်ုပ်က သူ တစ်ခုခု အမြော်အမြင်ရှိတာ ပြောမလားလို့ မျှော်လင့်မိသော်လည်း မဟုတ်ခဲ့ပေ။ ဖုန်းဝူဂျင်သည် အနာဂတ်တွင် အတောင့်တင်းဆုံးသော သိုင်းပညာရှင် ဖြစ်လာမည် ဖြစ်သော်လည်း ယခုအချိန်တွင်တော့ သင်ယူစရာတွေ အများကြီး ရှိနေသေးသည်။ သူ ဒုတိယအကြီးအကဲကို အနိုင်ယူနိုင်စရာ အကြောင်းမရှိပါ။
“...နေဦး၊ မင်း ငါ့ကို အင်အားသုံးပြီး နိုင်စရာမလိုပါဘူး။ မင်း ငါ့ကို ဆယ်ကြိမ်အတွင်း ထိအောင် တိုက်နိုင်ရင် မင်းနိုင်တယ်လို့ သတ်မှတ်ပေးမယ်”
“ဒါပဲလား”
ဒုတိယအကြီးအကဲ၏ စကားကြောင့် ဖုန်းဝူဂျင် မျက်နှာ ဝင်းပသွားသည်။ နောက်ကွယ်မှ ဖုန်းအာဟီးမှာတော့ ဘာမှ ဝင်မပြောနိုင်ဘဲ စိုးရိမ်တကြီးသာ ကြည့်နေလေသည်။
“အေး၊ ဆယ်ကြိမ် တိုက်ခိုက်ခွင့်ပေးမယ်။ အဲ့ဒီ ဆယ်ကြိမ်အတွင်း ငါ့အဝတ်အစားကို တစ်ချက်လောက် ထိနိုင်ရင်တောင် မင်းနိုင်ပြီ”
စကားဆုံးသည်နှင့် ဖုန်းဝူဂျင်က သူ့ဓားကို ထုတ်လိုက်ပြီး တိုက်ခိုက်ရန် အနေအထား ပြင်လိုက်သည်။
နေဦး... သူတို့က လူတွေ ဒီလောက်အများကြီး ရှိတဲ့နေရာမှာ တကယ် လုပ်ကြတော့မှာလား။
“နေပါဦး...”
ကျွန်ုပ်က သူတို့ကို တားရန် ပြင်လိုက်သော်လည်း ဒုတိယအကြီးအကဲ၏ လက်သီးက ဖုန်းဝူဂျင်၏ မျက်နှာသို့ လျှပ်စီးကဲ့သို့ ရောက်ရှိသွားသည်။
ဖုန်း!
သာမန်လက်သီးတစ်ချက်က မထွက်ပေါ်သင့်သော အသံနှင့်အတူ ဖုန်းဝူဂျင် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ လဲကျသွားပုံမှာ ဖုန်းအာဟီး ကန်လိုက်တုန်းကနှင့် မတူပေ။
...သူ ဒီတစ်ခါတော့ တကယ် သေသွားတာ ဖြစ်နိုင်တယ်။
“ငါ အရှိန်ကို ထိန်းထားပါတယ်၊ ခဏနေရင် သူ ပြန်ထလာလိမ့်မယ်”
“...ဒုတိယအကြီးအကဲ၊ အဘိုးက ရှောင်ရုံပဲ ရှောင်မှာ မဟုတ်ဘူးလား”
“ငါ အဲ့ဒီလို မပြောခဲ့ပါဘူး”
ဒီအဘိုးကြီးကတော့လေ...။
“ဘာပဲဖြစ်ဖြစ်၊ ကိစ္စကတော့ ပြတ်သွားပြီ မဟုတ်လား”
“ဒါပေမဲ့လည်း အဘိုးရယ်၊ အဘိုး လက်သီးနဲ့ ထိုးလိုက်တာက လွဲလို့ တခြားနည်းလမ်း မရှိတော့ဘူးလား။ အထူးသဖြင့် အဘိုး ထိုးလိုက်တဲ့လူက သခင်လေးတစ်ယောက် ဖြစ်နေတာကို”
“ယောက်ျားတစ်ယောက်က စိတ်အနှောင့်အယှက်ပေးလာရင် သူ့ကို ပါးစပ်ပိတ်သွားအောင် လုပ်တာက အကောင်းဆုံး နည်းလမ်းပဲ”
“...အကြမ်းဖက်တာကတော့ အဖြေမဟုတ်ပါဘူး”
“မင်းက ဘယ်လိုများ အကြမ်းဖက်တာလို့ ပြောရဲတာလဲ။ ဒါက ယှဉ်ပြိုင်မှုပဲ”
“...ဒါပေမဲ့ အဘိုးပြောတော့ သူ့ဘက်က အဘိုးရဲ့ အဝတ်အစားကို ထိရင် နိုင်တယ်ဆို။ အခုက သူက အဘိုးရဲ့ လက်သီးကို ထိလိုက်တာပဲ မဟုတ်ဘူးလား၊ အဲ့ဒါဆို သူနိုင်တာပေါ့”
ကျွန်ုပ်က အချက်အလက်နှင့် ထိုးနှက်လိုက်သောအခါ ဒုတိယအကြီးအကဲက ချောင်းအတု ဟန့်လိုက်သည်။ သူ ထိုကိစ္စကို ထည့်မစဉ်းစားမိခဲ့သည်မှာ သေချာသည်။