အခန်း (၄၈) - မင်းက တကယ်ကို အရည်အချင်းရှိတဲ့ ကောင်ပဲ!
သူတို့နှစ်ယောက် မြန်မြန်ဆန်ဆန် ပြုတ်ကျသွားသည်။ လီယင်း တစ်ယောက် ထိတ်လန့်သွားသည်။ ဒီလိုမျိုး ပြုတ်ကျရင် သူက ကြေးခေါင်းသံလက် အမျိုးအစားလည်း မဟုတ်၊ ကာကွယ်ရေး ဝိညာဉ်ဆရာလည်း မဟုတ်တော့... သူ ပျက်စီးသွားမှာ မဟုတ်ဘူးလား? "ကောင်လေး၊ လွှတ်ပေးလိုက်!" လီယင်းက ဒေါသတကြီး အော်သည်။
"မလွှတ်ဘူး။"
"လွှတ်လိုက်ပါ၊ ငါ မင်းကို အန္တရာယ်ကင်းကင်းနဲ့ ဆင်းသက်နိုင်အောင် ကူညီပေးမယ်။" လီယင်း ပိုပြီး ထိတ်လန့်လာသည်။
"မလွှတ်နဲ့လေ၊ ကမ္ဘာမြေကြီးက ငါတို့ရဲ့ မိခင်ပဲ၊ မိခင်ရဲ့ ရင်ခွင်ထဲကို အတူတူ ခုန်ချကြတာပေါ့။"
"အစ်ကိုကြီး၊ တောင်းပန်ပါတယ်... လွှတ်ပေးလိုက်ပါတော့။" လီယင်း တုန်ယင်နေသည်။ တရွှီးရွှီးမြည်နေတဲ့ လေတိုက်ခတ်သံတွေက သူ့နားနားမှာ ဖြတ်သန်းသွားပြီး ဒီကောင်လေးက ဘယ်ကနေ ဒီလောက် အင်အားတွေ ထွက်လာလဲ မသိဘူး၊ သူ့လက်နဲ့ ခြေထောက်တွေကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသည်။
"ဖေဖေလို့ ခေါ်လည်း အလကားပဲ။"
"..."
ဘုန်း!
သူတို့ သုံးယောက်ရဲ့ အမြင်အာရုံထဲမှာပဲ စက္ကန့်ပိုင်းအတွင်း သူတို့နှစ်ယောက် မြေပြင်ပေါ်ကို တစ်ပြိုင်နက်နီးပါး ပြုတ်ကျသွားသည်။ လေလှိုင်းတွေ ထွက်ပေါ်လာသည်။
"ဟေ့၊ ဒါက မိုးထိကောင်းကင် ပစ်တင်တာ မဟုတ်ဘူးလား၊ ဒါက အတူတူ သေတဲ့ ဝိညာဉ်စွမ်းရည်လား?" လင်ရန် ကြောင်သွားသည်။ "ဘာလို့ သူတို့ အတူတူ ပြုတ်ကျလာတာလဲ..." သူတို့နှစ်ယောက် ဘာဖြစ်သွားမှန်း မမြင်လိုက်ရပေ။
"မြန်မြန်သွားကြည့်ကြမယ်!" စီရုံက အော်လိုက်သည်။ "ရှောင်မိ ထိခိုက်သွားမှာ စိုးရိမ်တယ်!" သုံးယောက်လုံး ပြုတ်ကျတဲ့ နေရာဆီ အမြန် လျှောက်သွားကြသည်။ အနက်ရောင် ဝတ်ရုံဝတ်ထားတဲ့ ကလေးက သူ့ကိုယ်ပေါ်က ဖုန်တွေကို ခါနေတာကို မြင်လိုက်ရသည်။ လူသုံးယောက် လာတာကို မြင်တော့ သူ ပြုံးလိုက်ပြီး "ရောက်လာကြပြီလား?" ဟု မေးသည်။
သုံးယောက်လုံး ဝမ်ဖုန်းကို စိုက်ကြည့်နေကြသည်။ စီရုံက တံတွေးမြိုချကာ "မင်း... မင်း အဆင်ပြေရဲ့လား?" ဟု မေးသည်။ ဒီလောက် မြင့်တဲ့နေရာက ပြုတ်ကျတာတောင် လောင်ဟေးဆိုရင် မူးဝေပြီး သွေးအန်မှာပဲ။ ဒါက... သူက ဘာလို့ ဘာမှမဖြစ်သလို နေနိုင်တာလဲ?
"တစ်ခုခုတော့ ဖြစ်တာပေါ့၊ တစ်ကိုယ်လုံး နာကျင်နေတာပဲ..." ဝမ်ဖုန်းက ပြုံးပြီး ပြောသည်။ ဒါကိုကြည့်ပြီး သုံးယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ စကားမပြောနိုင် ဖြစ်သွားကြသည်။ သူတို့စိတ်ထဲမှာ "မင်းပုံစံက အရမ်းနာကျင်နေတဲ့ပုံ ပေါက်ရဲ့လား?" ဟု တွေးလိုက်မိသည်။
"အဲဒီကောင်ကော၊ ဘယ်မှာလဲ?" လောင်ဟေးက မေးသည်။
ဝမ်ဖုန်းက တစ်ခုခု သတိရသွားတဲ့ပုံနဲ့ သူ ဖောက်ထားတဲ့ ကျင်းငယ်လေးထဲကနေ ခုန်ထွက်လာပြီး အဲဒီထဲမှာ ရှိနေတဲ့ လီယင်းကို လက်ညှိုးထိုးပြလိုက်သည်။ "ဟိုမှာလေ၊ ဒီမှာ မဟုတ်ဘူးလား?" သုံးယောက်လုံး ကြည့်လိုက်ပြီး အံ့ဩစွာ အသက်ရှူမှားသွားကြသည်။
ဘာမှမဖြစ်တဲ့ ဝမ်ဖုန်းနဲ့ ယှဉ်ရင် လီယင်းက အတော်လေး ဆိုးရွားလှသည်။ သူ့မျက်လုံးတွေက ဖြူစင်နေပြီး ပါးစပ်က သွေးတွေ စီးကျနေကာ တစ်ကိုယ်လုံးက ငါးသေတစ်ကောင်လို လဲလျောင်းနေသည်။ "ခုနက ပြုတ်ကျတုန်းက ကျွန်တော် သူ့ကို ခေါင်းအုံး (အောက်ခံ) အဖြစ် သုံးလိုက်တာပါ။" ဝမ်ဖုန်းက ပြုံးပြီး ပြောသည်။
တကယ်တော့ သူတို့နှစ်ယောက် အတူတူ ပြုတ်ကျလာတာပါ။ ဒါပေမဲ့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အလွန်ကောင်းလွန်းတာကြောင့် ပေ (၂၀) လောက်ကနေ ပြုတ်ကျတာတောင် ဘာမှ မဖြစ်တာပါ။ ဒါပေမဲ့ လီယင်းကတော့ သနားစရာပါပဲ။ သူ့ကိုယ်ခန္ဓာ အကြီးအကျယ် ဒဏ်ရာရသွားပြီး နံရိုးတချို့ ကျိုးသွားပုံရသည်။ သုံးယောက်လုံး ကြောင်သွားကြသည်။ အမှန်က ဒီလို ဖြစ်ခဲ့တာပါလား။
"သူက ဘာလို့ ခုနက လွှတ်မပေးတာလဲ?" လင်ရန်က တွေးတောသည်။ "အဲဒါက တကယ်ပဲ အတူတူ သေတဲ့ ဝိညာဉ်စွမ်းရည်လား?" လီယင်းက ဝမ်ဖုန်းကို ဖမ်းဆွဲပြီး ခုန်တက်ချိန်မှာ သူတို့နှစ်ယောက် မြန်နှုန်းမြင့် လည်ပတ်နေတာမို့ သုံးယောက်လုံး ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ဘာပြောနေကြမှန်းလည်း မကြားလိုက်ရပေ။
"ဘယ်သူသိမလဲ?" ဝမ်ဖုန်းက ပခုံးတွန့်လိုက်သည်။ "သူက ဘာမှ မပြောဘူး၊ ဒါ သူ့ ဝိညာဉ်စွမ်းရည်သစ် ဖြစ်နိုင်တယ်။ သူ အဲဒါကို ကျွမ်းကျင်အောင် မလုပ်ရသေးဘူး ထင်တယ်။ မဟုတ်ရင် ကျွန်တော့်ကို အောက်ခံအဖြစ် အသုံးချ ခံရမှာ မဟုတ်ဘူး။"
"ဟုတ်လောက်တယ်။ ဝိညာဉ်စွမ်းရည်သစ်တွေကို ကျွမ်းကျင်ဖို့ အချိန်ယူရတယ်။ ဒီလို တိုက်ခိုက်မှုမျိုးက အန္တရာယ် အရမ်းများတယ်။" လောင်ဟေးက လီယင်းကို လှောင်ပြောင်ပြီး တစ်ချက် ကန်လိုက်သည်။ "မင်းက တုံးတာပဲ။ မကျွမ်းကျင်ဘဲနဲ့ ဝိညာဉ်စွမ်းရည်ကို သုံးရဲတာလား? အောက်ခံအဖြစ် အသုံးချခံရတာကော။ ဒီလို လုပ်ရပ်မျိုးက ရန်သူကို အခွင့်အရေး ပေးသလိုပဲ၊ လေထဲမှာ ရှိနေတဲ့အခါ ပြန်ဆုတ်သင့်တာကို အတူတူ ပြုတ်ကျလာတယ်? တုံးလိုက်တာ!"
လီယင်းက သွေးတစ်ဖျတ် ထွေးထုတ်လိုက်ပြီး ဝမ်ဖုန်းကို လက်ညှိုးထိုးပေမဲ့ စကားတစ်ခွန်းမှ မပြောနိုင်ပေ။ သူက ကျွမ်းကျင်တာ မဟုတ်ဘူး၊ ဒီကောင်လေးက ချည်နှောင်ထားလို့ လွှတ်လို့ မရတာပါ!
"သူ့ဆီမှာ ရွှေဒင်္ဂါးတွေ ပါမပါ မြန်မြန် စစ်ကြည့်ဦး။" ဝမ်ဖုန်းက သုံးယောက်လုံးကို တိုက်တွန်းသည်။ "မဟုတ်ရင် ဒီခရီးက အလကား ဖြစ်သွားလိမ့်မယ်..."
"ကောင်းပြီ၊ ငါ အရင်စမယ်!" လောင်ဟေးက အတွေ့အကြုံရှိတဲ့ပုံနဲ့ လီယင်းရဲ့ ခန္ဓာကိုယ်ကို ရှာဖွေသည်။ အိတ်တစ်လုံးကို ထုတ်လာသည်။ "ရွှေဒင်္ဂါးတွေ နည်းနည်းတော့ ပါမှာပါ။" လောင်ဟေးက အိတ်ကို ဖွင့်ကြည့်လိုက်တော့ မျက်နှာပျက်သွားသည်။ "ဘာလို့ ငွေဒင်္ဂါးတွေပဲ ပါတာလဲ? ရွှေဒင်္ဂါးက နည်းနည်းလေးပဲ ရှိတာလား?"
"အရမ်းဆင်းရဲတာပဲ!" လောင်ဟေး စကားမပြောနိုင် ဖြစ်သွားသည်။ "တခြားသူရဲ့ ဝိညာဉ်ကွင်းကို လုယူရတာ မထူးဆန်းတော့ပါဘူး!"
လီယင်းရဲ့ နှုတ်ခမ်းတွေ တုန်သွားသည်။
ဝမ်ဖုန်းက လီယင်းကို တစ်ချက်ကြည့်ပြီး သွားရှာလိုက်သည်။ ခဏကြာတော့ လက်စွပ်လိုမျိုး အဖြူရောင် ကွင်းတစ်ခုကို တွေ့လိုက်သည်။ "ဟေ့၊ ဒါက ဘာလဲ?" ဝမ်ဖုန်းက မေးသည်။ "ဒီကောင်က အိမ်ထောင်ပြုထားတာလား? ဒီလိုပုံစံနဲ့ ဘယ်သူက လက်ထပ်မှာလဲ?"
"..." လီယင်း။
ဒီလက်စွပ်ကို မြင်တော့ လီယင်း ရုန်းကန်ပေမဲ့ မရတော့ပေ။
"အရမ်း စိတ်လှုပ်ရှားနေတာ၊ ဒါက အချစ်လက်ဆောင်များလား?" ဝမ်ဖုန်း တွေးသည်။
ဒီအချိန်မှာ စီရုံက "ရှောင်မိ၊ ဒါ လက်စွပ် မဟုတ်ဘူး... ဒါ ဝိညာဉ်ကိရိယာ ဖြစ်မယ်! ဒီကောင်ဆီမှာ ဒီလောက် တန်ဖိုးကြီးတဲ့ ဝိညာဉ်ကိရိယာ ရှိလိမ့်မယ်လို့ မထင်ထားဘူး!" ဟု အလေးအနက် ပြောသည်။
ဝိညာဉ်ကိရိယာ ဆိုတဲ့ စကားကို ကြားတော့ ဝမ်ဖုန်း အံ့ဩသွားသည်။ သူ ဒါကို သိသည်။ ဒါက နေရာလွတ် သိမ်းဆည်းနိုင်တဲ့ ပစ္စည်းမျိုး ဖြစ်သည်။
"ဝိညာဉ်ကိရိယာ? သောက်ကျိုးနည်း၊ ဒီကောင်က ကောင်းတဲ့ ပစ္စည်းတွေ အကုန် ဒီထဲမှာ ဖွက်ထားတာ မဟုတ်ဘူးလား?" လင်ရန်က စိတ်လှုပ်ရှားစွာ ပြောသည်။ ဝမ်ဖုန်းက သူ့ ဝိညာဉ်စွမ်းအားကို ဒီလက်စွပ်ထဲ ထည့်လိုက်သည်။ စာအုပ်အချို့ ထွက်လာသည်။
"အသုံးမဝင်တဲ့ စာအုပ်တွေပဲ..." ဝမ်ဖုန်း စိတ်ပျက်သွားသည်။
စီရုံက စာအုပ်တွေကို ကြည့်လိုက်တဲ့အခါ မျက်နှာ ရဲတက်သွားပြီး လီယင်းကို "ယုတ်မာတဲ့ ကောင်!" ဟု ဆဲဆိုလိုက်သည်။
ဝမ်ဖုန်း၊ လင်ရန်နဲ့ လောင်ဟေးတို့ ကြောင်သွားကြသည်။ စာအုပ်တွေကို ကြည့်လိုက်တော့ သူတို့ရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ (အဲဒီစာအုပ်တွေက အပြာစာအုပ်တွေ ဖြစ်နေတာကြောင့် ဖြစ်သည်)။
"ဟားဟားဟားဟား၊ သောက်ကျိုးနည်း၊ ဝိညာဉ်ကိရိယာလို တန်ဖိုးကြီးတဲ့ ပစ္စည်းကို ဒီလို အသုံးမကျတဲ့ အရာတွေ ထည့်ထားတာလား?" ဝမ်ဖုန်းက လီယင်းကို ကြည့်ပြီး ရယ်မောလိုက်သည်။ "မင်းက တကယ်ကို အရည်အချင်းရှိတဲ့ ကောင်ပဲ!"