ဝမ်ဖုန်းမှာ ကျောက်တုံးကြီးပေါ်မှ ဝုန်းခနဲ ခုန်ဆင်းလိုက်သည်။ "ချက်အင်ဝင်စနစ် တဲ့လား... ထူးခြားတဲ့အစွမ်းဆိုတာ နောက်ကျချင်နောက်ကျမယ်၊ ဘယ်တော့မှ ပျက်ကွက်လေ့မရှိဘူးဆိုတာ ဒါမျိုးပဲ!"
"မိုးကြိုးစက်မျက်ရည် ... ဒါ ‘ကြယ်တာရာအသွင်ပြောင်းခြင်း’ဝတ္ထုထဲက ဇာတ်လိုက်ရဲ့ ထူးခြားတဲ့အစွမ်းမဟုတ်လား"
လွန်ခဲ့သော ခြောက်နှစ်အတွင်း ဝမ်ဖုန်း ဤမျှအထိ စိတ်လှုပ်ရှားခဲ့ဖူးခြင်း မရှိပေ။ သူသည် ယခင်ဘဝက အိမ်ထဲမှာပဲ အောင်းနေတတ်သူဖြစ်ရာ အန်နီမေးနှင့် ဝတ္ထုအမျိုးမျိုးကို နှံ့စပ်ပြီးသားဖြစ်သည်။ ‘ကြယ်တာရာအသွင်ပြောင်းခြင်း’ သည် အလွန်ကျော်ကြားသော ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ဇာတ်လိုက် ‘ချင်းယွီ’ ၏ ထူးခြားတဲ့အစွမ်းမှာ မိုးကြိုးစက်မျက်ရည် ဖြစ်သည်။ ၎င်းမှာ ဒဏ္ဍာရီလာ သက်ရှိနတ်ဘုရားမ သေဆုံးပြီးနောက် စုစည်းသွားသော စွမ်းအင်များ၏ အနှစ်ချုပ်ဖြစ်သည်။ အစောပိုင်းကာလတွင် ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ အသက်ဓာတ်များကို စုပ်ယူနိုင်စွမ်းကို အဆမတန် တိုးတက်စေသည့်အပြင် အားကောင်းသော ကုသနိုင်စွမ်းလည်း ရှိသည်။ ဇာတ်လိုက် ချင်းယွီသည် ဤအရာကို အသုံးပြု၍ ခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ထပ်ခါတလဲလဲ ကျော်ဖြတ်ကာ ပိုမိုသန်မာလာခဲ့ခြင်း ဖြစ်သည်။
“ဒီအရာသာရှိရင် ထန်ဆန်းရဲ့ ထန်ဂိုဏ်း လျှို့ဝှက်ကျင့်စဉ်ထဲက လျှို့ဝှက်ပညာရပ်တွေကို ငါမသိရင်တောင်... ငါ့ရဲ့ ခန္ဓာကိုယ်ကန့်သတ်ချက်တွေကို အကြိမ်ကြိမ် ကျော်ဖြတ်ပြီး လေ့ကျင့်နိုင်မယ်ဆိုရင် ငါ့ခန္ဓာကိုယ်က နှိုင်းယှဉ်လို့မရအောင် သန်မာလာမှာပဲ!”
ဝမ်ဖုန်းမှာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အစီအစဉ်ဆွဲတော့သည်။ ယခု ထူးခြားတဲ့အစွမ်းရပြီဖြစ်ရာ ဆားနယ်ငါး လို ဆက်နေ၍ မဖြစ်တော့။ သန်မာလာမည်ဟူသော မျှော်လင့်ချက်ကြောင့် ဝမ်ဖုန်းမှာ တက်ကြွမှုများ ပြည့်လျှံလာပြီး အနာဂတ်မှာလည်း တောက်ပနေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း ဝမ်ဖုန်းမှာ ကျောက်တုံးပေါ်တွင် ပြန်လှဲလိုက်ပြီး တစ်ဖက်သို့ စောင်းလိုက်ပြန်သည်။ ပါးစပ်ထဲတွင် ငွေပြာမြက်ကို ဝါးရင်း ပြန်စဉ်းစားနေမိ၏။
“စနစ်က ပြောတာတော့ မိုးကြိုးစက်မျက်ရည်က ညမှ ရောက်မှာတဲ့... အခု လောနေလည်း အပိုပဲ။ ဘယ်လို လေ့ကျင့်ခန်း လုပ်မလဲဆိုတာ အရင်စဉ်းစားထားရမယ်”
ဝမ်ဖုန်းမှာ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ သူသည် ကမ္ဘာမြေပေါ်တွင် ရှိစဉ်က ကြည့်ခဲ့ဖူးသော လေ့ကျင့်ခန်းဗီဒီယိုများ၊ ဗိုက်ကြွက်သားဖော်နည်းများ၊ ရုရှားစတိုင် အားကစားနည်းများနှင့် အထူးတပ်ဖွဲ့ဝင်များ၏ ငရဲကဲ့သို့သော လေ့ကျင့်ခန်းများကို ပြန်သတိရနေသည်။ ယခင်ကတော့ စိတ်ဝင်စားရုံသာ ကြည့်ခဲ့သော်လည်း အမှန်တကယ် လေ့ကျင့်ဖို့ကတော့ မဖြစ်နိုင်ခဲ့ပေ။ သို့သော် မိုးကြိုးစက်မျက်ရည် ရှိနေလျှင်မူ အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။ အချိန်ကုန်သက်သာစေမည့်အပြင် ထိရောက်မှုလည်း ရှိပြီး ဘာမှလည်း ဖြစ်မည်မဟုတ်ပေ။
“ရွာလူကြီး ဂျက်ခ် ပြောပုံအရဆိုရင်... စုယွမ်ထောင်းက နောက်တစ်လနေရင် ဝိညာဉ်ကျေးရွာရဲ့ ဝိညာဉ်နန်းတော်မှာ ဝိညာဉ်နိုးထခြင်း အခမ်းအနားအတွက် ဒီကို လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဝိညာဉ်နန်းတော်မှာ ငါ ချက်အင်ဝင်ရမယ်။ ‘မွေးရာပါ အမြင့်ဆုံး ဝိညာဉ်စွမ်းအား’ နဲ့ ချက်အင်ဝင်နိုင်မှ အပိုဆုလာဘ် ရမှာဆိုတော့... ဒီတစ်လအတွင်း ငါ့ရဲ့ ဝိညာဉ်စွမ်းအားက ထန်ဆန်းလိုမျိုး အဆင့် ၁၀ အပြည့် ဖြစ်နေဖို့ လိုတယ်”
“ဒါပေမဲ့ ရှောင်စန်းက နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရတာ... တစ်လတည်းနဲ့တော့ အသေအလဲ လေ့ကျင့်ရမှာပဲ” ဝမ်ဖုန်းမှာ တစ်နေ့လုံး အစီအစဉ်များ ဆွဲရင်း ညရောက်ရန် စောင့်ဆိုင်းနေခဲ့သည်။
ညမှောင်လာပြီး လေညင်းလေးများ တိုက်ခတ်နေချိန်တွင် ဝမ်ဖုန်းမှာ တောအုပ်အပြင်ဘက်ရှိ မြင့်သော နေရာတစ်ခုတွင် စောင့်နေသည်။ “မိုးကြိုးစက်မျက်ရည်က ဥက္ကာခဲတွေနဲ့အတူ ကျလာမှာလား?” သူ ကောင်းကင်ကို စေ့စေ့ကြည့်နေစဉ်မှာပင် ရုတ်တရက် အလင်းတန်းတစ်ခု ပေါ်လာပြီး ဥက္ကာခဲတစ်ခုမှာ ဝမ်ဖုန်း ရှိရာသို့ တရှိန်ထိုး ကျဆင်းလာတော့သည်။
“လာပြီ!” ဝမ်ဖုန်းမှာ မျက်လုံးပြူးကာ ကြည့်နေမိသည်။ ဥက္ကာခဲမှာ သူ့ဆီသို့ တည့်တည့်ကြီး ကျလာခြင်းဖြစ်ရာ “သေစမ်း... ငါ့ကို တိုက်ရိုက်ကြီး ထိမှန်ပြီး သတ်ပစ်တော့မှာလား? ငါ ဝမ်ဖုန်းကထူးခြားတဲ့အစွမ်းနဲ့ ထိမှန်ပြီး သေဆုံးရတဲ့ ပထမဆုံးလူ ဖြစ်တော့မှာလား?”
သို့သော် ဝမ်ဖုန်း အထင်မှားသွားခြင်း ဖြစ်သည်။ ထိုအလင်းတန်းမှာ သူ၏ နှလုံးသားနေရာသို့ တိုက်ရိုက် တိုးဝင်သွားပြီး ရင်ဘတ်ပေါ်တွင် လှပသော အလင်းတန်းများ ပေါ်လာသည်။ ပွင့်အာနေသော နေကြာပန်းတစ်ပွင့်ကဲ့သို့ပင်။ ဝမ်ဖုန်းမှာ သူ၏ နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်လာပြီး ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ပြည့်လျှံလာသည်ကို ခံစားလိုက်ရသည်။
“ငါ့နှလုံးက မိုးကြိုးစက်မျက်ရည်နဲ့ ပေါင်းစပ်သွားပြီပေါ့...” သူသည် အလင်းဖျော့ဖျော့ ထွက်နေသော ရင်ဘတ်ကို ကြည့်ကာ “ဒါက နျူကလီးယားဓာတ်ပေါင်းဖို ဖြစ်သွားတာလား?” ဟု တွေးတောရင်း စိတ်လှုပ်ရှားစွာဖြင့် တောအုပ်ထဲသို့ အားကုန် ပြေးလွှားကြည့်လိုက်သည်။ ခန္ဓာကိုယ် အပြောင်းအလဲကို သိချင်၍ဖြစ်သည်။ သို့သော် ခဏကြာ ပြေးပြီးနောက် သူ၏ ခြေထောက်များ ထုံကျင်လာပြီး ခေါင်းမူးလာ၏။
“ခန္ဓာကိုယ်က ချက်ချင်းကြီး သန်မာမလာသေးဘူးပဲ... ကန့်သတ်ချက်တစ်ခုကို ရောက်မှ မိုးကြိုးစက်မျက်ရည်ရဲ့ စွမ်းအားက ထွက်လာတာထင်တယ်” ဝမ်ဖုန်းမှာ အံကြိတ်ကာ ဆက်ပြေးသည်။ ဤတောအုပ်ထဲရှိ လမ်းမှာ ကြမ်းတမ်းလှသဖြင့် ရိုးရိုးလမ်းထက် ပိုမောသည်။ ခြောက်နှစ်သား ခန္ဓာကိုယ်ဖြင့် အရှိန်ပြင်းပြင်း ပြေးနေရခြင်းမှာ ဆယ်မိနစ်ကျော်လာသည်နှင့် အသက်ရှူရ ခက်ခဲလာသည်။
“ဒီထူးခြားတဲ့အစွမ်းက အတုကြီးတော့ မဟုတ်ပါဘူးနော်” စိတ်ထဲတွင် ‘ရပ်လိုက်ပါတော့၊ ဆက်ပြေးရင် မင်းသေလိမ့်မယ်၊ အတင်းမလုပ်ပါနဲ့... အပိုပဲ’ ဟု အသိစိတ်က သွေးဆောင်နေသော်လည်း သူက မရပ်တန့်ခဲ့ပေ။ “ငါ သန်မာချင်တယ်! ငါ မိန်းကလေးတွေရော၊ သိုင်းပညာတွေရော၊ မွေးရာပါ ဝိညာဉ်စွမ်းအားတွေရော အကုန်လိုချင်တယ်! ငါ ဟိတ်ဟန်ထုတ်ချင်သေးတယ်! မင်း ငါ့ကို လာပြီး မလှည့်ဖြားနဲ့!”
ဝမ်ဖုန်းမှာ စိတ်ထဲမှ အော်ဟစ်လိုက်သည်။ “ငါ့မှာ ထူးခြားတဲ့အစွမ်းရှိနေပြီပဲ... ဒီလောက်လေးမှ မတောင့်ခံနိုင်ရင် ငါ ဝမ်ဖုန်းက တကယ့် အသုံးမကျတဲ့ကောင်ပဲ ဖြစ်မှာပေါ့!” သူသည် ယခင်ဘဝက အသုံးမကျခဲ့မှုများကို အံတုသည့်အလား၊ ဝိညာဉ်ကုန်းမြေသို့ ရောက်လာပြီး ထန်ဆန်းကို ကြည့်ကာ မနာလိုဖြစ်ခဲ့ရသမျှကို ဖောက်ထွက်သည့်အလား အားကုန် ဆက်ပြေးသည်။
ဝမ်ဖုန်း၏ အရှိန်မှာ တဖြည်းဖြည်း နှေးလာသည်။ ခြေထောက်များ တုန်ယင်လာပြီး မျက်နှာမှာလည်း နီမြန်းနေကာ မျက်လုံးများ ပြာဝေလာသည်။ ၎င်းမှာ ခန္ဓာကိုယ် ပြိုလဲတော့မည့် လက္ခဏာပင်။ ထိုအချိန်တွင် သူ ပြေးနေသည်မှာ တစ်နာရီနီးပါး ရှိနေပြီဖြစ်ပြီး လေ့ကျင့်ခန်း မလုပ်ဖူးသော ခြောက်နှစ်သား ခန္ဓာကိုယ်အတွက် ကန့်သတ်ချက်သို့ ရောက်နေပြီဖြစ်သည်။ ချွေးစက်များမှာ တစ်ကိုယ်လုံးမှ စီးကျလာပြီး အင်္ကျီများလည်း ရွှဲရွှဲစိုနေကာ ဆံပင်တိုလေးများမှာလည်း ရေချိုးထားသကဲ့သို့ ဖြစ်နေသည်။
“ငါ့ရဲ့ ဘဝနှစ်ခုစာ စိတ်ဓာတ်ခွန်အားတွေကို အကုန်သုံးလိုက်ပြီ... ငါ ရပ်လို့မဖြစ်ဘူး...” သူ ဘယ်လောက်ကြာကြာ ပြေးခဲ့မိသည်ကိုပင် မသိတော့ပေ။ နှစ်နာရီနီးပါး ရှိမည်ထင်သည်။ သူ ကန့်သတ်ချက်ကို ရောက်သွားခဲ့ပြီ။ အမြင်အာရုံများလည်း ဝေဝါးနေပြီဖြစ်သည်။
ဝုန်း!
ညောင်းညာနေသော ခြေထောက်မှာ ကျောက်တုံးတစ်ခုနှင့် ခိုက်မိကာ ဝမ်ဖုန်းမှာ မြေကြီးပေါ်သို့ မှောက်ရက်လဲကျသွားတော့သည်။ ထိုသို့ လဲကျသွားပြီးနောက် အဆုံးမရှိသော မောပန်းနွမ်းနယ်မှုများက အရပ်မျက်နှာအနှံ့မှ လှိုင်းလုံးများကဲ့သို့ တိုးဝင်လာပြီး ခန္ဓာကိုယ်မှာ မိမိပိုင်ဆိုင်သည်ဟုပင် မခံစားရတော့ပေ။ ဤအခြေအနေမှာ သေခြင်းတရားနှင့် နီးကပ်နေသည်ဟု ခံစားရ၏။ လေ့ကျင့်ခန်းမလုပ်ဖူးသော ကလေးတစ်ဦးအဖို့ ဤကဲ့သို့ အလွန်အမင်း လေ့ကျင့်ခြင်းမှာ မော၍ သေဆုံးသွားနိုင်သည်။
သို့သော်... ဤအချိန်မှာပင် ဝမ်ဖုန်း၏ နှလုံးသားနေရာမှ နွေးထွေးသော စွမ်းအင်တစ်ခု စိမ့်ထွက်လာပြီး ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။ ထိုခံစားချက်မှာ ရေပူစမ်းတွင် စိမ်နေရသည်ထက် အဆပေါင်းသောင်းခြောက်ထောင်မက ပိုပြီး နေလို့ကောင်းလှသည်။ ညောင်းညာနေသော ကြွက်သားများ၊ အဆစ်အမြစ်များနှင့် ပွန်းပဲ့ဒဏ်ရာများမှာ ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာသည်။ ပြာပုံထဲမှ တစ်ဖန်ပြန်လည်ရှင်သန်လာသည့် ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ပင်၊ ဆဲလ်များမှာ အသစ်တဖန် ပြန်လည်မွေးဖွားလာသည့်အလား အသက်ဓာတ်များ ပြည့်ဝလာသည်။
“အရမ်းကောင်းတာပဲ...” ဝမ်ဖုန်းမှာ အော်ဟစ်လိုက်ချင်စိတ်ပင် ပေါက်လာသည်။ ခုနက ဘယ်လောက် နာကျင်ခဲ့သလဲ၊ အခု ဘယ်လောက် နေလို့ကောင်းသလဲ။ ထို့အပြင် မိုးကြိုးစက်မျက်ရည်၏ စွမ်းအင်ကြောင့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်း ပိုမိုသန်မာလာသည်ကို သူ သိသိသာသာ ခံစားနေရသည်။
ဆယ်မိနစ်ခန့်အကြာတွင် ဝမ်ဖုန်း မျက်လုံးဖွင့်လိုက်ပြီး လျင်မြန်စွာ ထရပ်လိုက်သည်။ “ခန္ဓာကိုယ်ကန့်သတ်ချက် ကျော်ဖြတ်ပြီးနောက်... ပိုသန်မာလာတာပဲ။ ဒီမိုးကြိုးစက်မျက်ရည်က တကယ်စွမ်းတာပဲ။ ငါ ဘာကျင့်စဉ်မှ မသိရင်တောင် ငါ့ကို သန်မာအောင် လုပ်ပေးနိုင်တယ်!”
ဝမ်ဖုန်းမှာ လက်သီးကို ဆုပ်ကြည့်လိုက်ပြီး မိမိကိုယ်မိမိ သန်မာလာသည်ကို မြင်တွေ့နေရသည်။ “မလုံလောက်သေးဘူး... ခန္ဓာကိုယ်ထဲမှာ စွမ်းအင်အချို့ စီးဆင်းနေသလိုပဲ... အလိုအလျောက် စုပ်ယူနေတာလား?” သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို စမ်းကြည့်လိုက်ရာ နွေးထွေးသော စီးကြောင်းတစ်ခု ခန္ဓာကိုယ်အနှံ့ အလိုအလျောက် လှည့်ပတ်နေသည်ကို ခံစားရ၏။
“အခုဆို ငါက ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးတစ်ယောက်ကိုတောင် လက်သီးတစ်ချက်တည်းနဲ့ လဲအောင် ထိုးနိုင်ပြီ... ဒါက နှစ်နာရီပဲ လေ့ကျင့်ရသေးတာနော်” သူ၏ စိတ်ထဲတွင် တက်ကြွမှုများ ပြည့်နှက်နေသည်။ “ဒါပေမဲ့ ငါ ပိုသန်မာလာလေလေ ခန္ဓာကိုယ်ကန့်သတ်ချက်ကို ကျော်ဖြတ်ဖို့ ပိုခက်လာလေလေပဲ။ ဒီနွေးထွေးတဲ့ စွမ်းအင်က မွေးရာပါ ဝိညာဉ်စွမ်းအားအတွက် သော့ချက်ပဲ ဖြစ်ရမယ်!”
“ထားလိုက်ပါတော့... ဆက်ပြီး လေ့ကျင့်မယ်! ငါ ကန့်သတ်ချက်ကို ထပ်ခါထပ်ခါ ကျော်ဖြတ်ပြမယ်!” တောအုပ်ထဲတွင် ဝမ်ဖုန်း၏ အသက်ရှူသံများ ထပ်မံထွက်ပေါ်လာပြန်သည်။
နောက်တစ်နေ့ မနက်ခင်းတွင်။
ထန်ဆန်းသည် ထုံးစံအတိုင်း မျက်နှာသစ်ပြီးနောက် အသက်ရှူနှုန်းကို ထိန်းညှိကာ ရွာပြင်ရှိ တောင်ကုန်းသို့ ပြေးထွက်လာရာ ကျောက်တုံးကြီးပေါ်တွင် ဝမ်ဖုန်းကို မတွေ့ရသဖြင့် အံ့အားသင့်သွားသည်။ “ဟင်... အစ်ကိုဖုန်း ဘယ်ရောက်သွားတာလဲ”
ထုံးစံအတိုင်းဆိုလျှင် ဤအချိန်၌ အစ်ကိုဖုန်းကို ကျောက်တုံးပေါ်တွင် ဆားနယ်ငါးတစ်ကောင်လို လှဲနေသည်ကို တွေ့ရမြဲဖြစ်သည်။ ပါးစပ်ထဲတွင်လည်း ငွေပြာမြက်ကို ဝါးနေရမည်။ ဒါပေမဲ့ ဒီနေ့တော့... မရှိဘူးလား? ထူးဆန်းလိုက်တာ။
ထန်ဆန်းမှာ ပတ်ဝန်းကျင်ကို လိုက်ရှာကြည့်လိုက်ရာ တောအုပ်ထဲရှိ သစ်ပင်တစ်ပင်ကို မှီကာ ငွေပြာမြက်ကို ဝါးရင်း ပျင်းရိစွာ ကြည့်နေသော ဝမ်ဖုန်းကို တွေ့လိုက်ရသည်။ သို့သော် ထိုအချိန်တွင် ထန်ဆန်းမှာ အစ်ကိုဖုန်းမှာ တစ်ခုခု ထူးခြားပြောင်းလဲနေသည်ဟု ခံစားလိုက်ရသည်။ ပြောမပြတတ်သော ခံစားချက်မျိုးပင်။
ဝမ်ဖုန်း၏ မျက်ဝန်းများမှာ ပျင်းရိနေပုံရသော်လည်း အရင်ကထက် ပိုမိုစူးရှနေသည်။ သူ့အဖေ ထန်ဟောက်မှာလည်း တစ်နှစ်ပတ်လုံး ပျင်းရိနေတတ်သော်လည်း သံတူထုသည့်အခါမျိုးတွင် စူးရှသော မျက်လုံးမျိုး ရှိတတ်သည်ကို သူ သတိရသွားပြီး ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားသည်။ ဝမ်ဖုန်းဆီမှ ဖိအားအနည်းငယ်ကိုပါ ခံစားရပြီး အရပ်လည်း အနည်းငယ် မြင့်လာသယောင် ရှိသည်။
“ရှောင်စန်း... လူဆိုတာ အမြဲတမ်း အထက်ကိုပဲ တက်လှမ်းနေရမှာကွ။ အစ်ကိုဖုန်းလည်း လှုပ်ရှားရမယ့်အချိန် ရောက်ပြီပေါ့” ဝမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ တစ်ညလုံး လေ့ကျင့်ပြီးနောက် နေထွက်ခါနီးအချိန်တွင် သူသည် ဒုတိယအကြိမ်မြောက် ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး မိုးကြိုးစက်မျက်ရည်၏ စွမ်းအင်ကြောင့် ပိုမိုသန်မာလာခဲ့ပြီဖြစ်သည်။
“ဒါဆို ဒီနေ့ ကျွန်တော်နဲ့အတူ လေ့ကျင့်မလို့လား” ထန်ဆန်းက ပြုံးပြီး ရှေ့က တောင်ကုန်းကို ညွှန်ပြသည်။ “ဒါပေမဲ့ အစ်ကိုဖုန်း လေ့ကျင့်ခန်း မလုပ်တာ ကြာပြီဆိုတော့ အခြေခံကနေပဲ စရမှာနော်...”
ထိုအချိန်တွင် ဝမ်ဖုန်းက ထန်ဆန်း၏ ပုခုံးကို ပုတ်ကာ လေသံနှိမ့်ပြီး ပြောလိုက်သည်။ “ရှောင်စန်း... တကယ်တော့ ငါ မင်းကို မပြောခဲ့တာ တစ်ခုရှိတယ်... အဲဒီတောင်ကုန်းကို ငါ အောင်နိုင်ခဲ့တာ ကြာလှပြီ”
ထန်ဆန်းမှာ ကြောင်သွားပြီးနောက် ရယ်လိုက်မိသည်။ ‘အစ်ကိုဖုန်းကတော့ နောက်ပြန်ပြီ... အစ်ကိုက နေ့တိုင်း ကျောက်တုံးပေါ်မှာ လှဲနေပြီး ငါလေ့ကျင့်တာကိုပဲ ကြည့်နေတာလေ၊ လေထုကို အောင်နိုင်နေတာလား?’ ထန်ဆန်းမှာ သူကိုယ်တိုင် ထန်ဂိုဏ်း လျှို့ဝှက်ကျင့်စဉ် ရှိ၍သာ ဤတောင်ပေါ်ကို လွယ်လွယ်တက်နိုင်ခြင်းဟု ယူဆထားသည်။
ထို့ကြောင့် ထန်ဆန်းက သတိထားပြီး ပြန်ပြောလိုက်သည်။ “ဒီမှာ အစ်ကိုဖုန်း... အခုက မနက်လင်းနေပြီနော်... (အိမ်မက်မက်မနေနဲ့တော့လို့ ဆိုလိုခြင်း)”
ဝမ်ဖုန်း၏ ပါးစပ်မှာ တွန့်သွားပြီး ပြုံးလိုက်သည်။ “ဟုတ်ပြီ ရှောင်စန်း! ငါ ဘယ်တော့မှ ကြွားလုံးမထုတ်ဘူးဆိုတာ မင်း သိစေရမယ်!” ဝမ်ဖုန်းက အော်ဟစ်လိုက်ပြီး တောင်ကတ္တားပေါ်ရှိ ကျောက်တုံးများကို လက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ကာ အံ့ဩဖွယ် ကောင်းလောက်အောင် မြန်ဆန်သော အရှိန်ဖြင့် တောင်ပေါ်သို့ တက်သွားတော့သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ထန်ဆန်းမှာ ပါးစပ်အဟောင်းသားဖြင့် မယုံနိုင်လောက်အောင် ငေးကြည့်နေမိလေတော့သည်။
[အခန်း ၂ ပြီး၏]