အခန်း (၁၂၁) - အပြင်ဘက် ဝိညာဉ်အရိုး၊ ဆူးချွန်နက်မှောင်သံချပ်ကာ
"တခြား ဘာလုပ်နိုင်သေးလဲတော့ မသိသေးဘူး။ အနည်းဆုံးတော့ ခုခံအားကတော့ အထူးသန်မာမှာပဲ။ အဲဒီအပြင် တိုက်ခိုက်မှုကို ပြန်ကန်ထုတ်ပေးတဲ့ သဘာဝစွမ်းရည်ကော ပါမလား " ဟု ဝမ်ဖုန်းက ဆူးချွန်အရိုးများဖြင့် ဖွဲ့စည်းထားသော ရင်ဘတ်သံချပ်ကာကို ပွတ်သပ်ရင်း တွေးလိုက်သည်။ ၎င်းသည် ပြောင်ချောနေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ဆူးချွန်များ အလွန်သိပ်သည်းစွာ တည်ရှိနေခြင်းကြောင့် အဝေးမှကြည့်လျှင် မမြင်နိုင်ခြင်းပင် ဖြစ်သည်။
ဤသို့ တွေးမိသည်နှင့် ဝမ်ဖုန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ ဓားဒေါင်လော်က ဝိညာဉ်စွမ်းအားနဲ့ ဝိညာဉ်ကို မသုံးဘဲနဲ့ပဲ ငါ့ကို ကန်မှာဆိုတော့... မသက်မသာ မဖြစ်လောက်ဘူး မဟုတ်လား? သို့သော် ၎င်းတို့ကို စမ်းသပ်ကြည့်မှသာ ဝမ်ဖုန်း သေချာနိုင်မည် ဖြစ်ရာ နောက်မှ အခွင့်အရေးရလျှင် စမ်းကြည့်ရပေမည်။
"ဒီအပြင်ဘက် ဝိညာဉ်အရိုးက ဆူးချွန်နက်မှောင်လိပ်ဆီက ရလာတာဆိုတော့... ဆူးချွန်နက်မှောင် သံချပ်ကာ လို့ပဲ ခေါ်လိုက်တော့မယ်။ တခြား လုပ်ဆောင်ချက်တွေလည်း ရှိဦးမှာပါ၊ နောက်ကျရင် ငါ့သဘောကျ ဖြစ်လာမှာပါ" ဟု ဝမ်ဖုန်း စိတ်ထဲက ကျိတ်တွေးလိုက်သည်။
ဤတိုက်ပွဲတွင် ဝမ်ဖုန်း အမြတ်အများကြီး ထွက်ခဲ့သည်။ ဝိညာဉ်ကွင်းနှင့် ဝိညာဉ်အရိုးအပြင် သူ၏ အကြီးမားဆုံး လက်နက်ဖြစ်သော ပန်ဂူပုဆိန် အကြောင်းကိုလည်း သူ ပိုမို နားလည်လာခဲ့သည်။ ၎င်းကို သုံးပြီးနောက် ဤသည်မှာ တိုက်ခိုက်မှုစွမ်းအား အပြင်းထန်ဆုံး ဖြစ်ကြောင်း သူ ခံစားရသည်။ အပိုအလို မပါဘဲ ပုဆိန်တစ်ချက်တည်းနှင့်ပင် ခုခံအား အလွန်ကောင်းမွန်သော အနှစ်သုံးသောင်းသက်တမ်းရှိ နက်မှောင်လိပ်ကို တစ်ဝက်သေအောင် လုပ်နိုင်ခဲ့သည်။ ၎င်းမှာ တကယ့်ကို ကမ္ဘာမြေကို တုန်ခါသွားစေနိုင်သော အစွမ်းပင် ဖြစ်သည်။
သို့သော် ၎င်းကို သုံးလျှင် စွမ်းအင်ကုန်ဆုံးမှုမှာလည်း အလွန်ကြီးမားသည်။ ဝမ်ဖုန်း၏ ခန့်မှန်းချက်အရ အဆင့် ၄၀ ကျော်မှသာ အန္တရာယ်ကင်းကင်း သုံးနိုင်မည် ဖြစ်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း လိုက်မီရန် လိုအပ်သေးသည်။ မဟုတ်လျှင် ကိုယ့်ကိုယ်ကိုယ် ပြန်သတ်သလို ဖြစ်သွားနိုင်ပေသည်။
ဝိညာဉ်ကွင်း စုပ်ယူပြီးနောက် ဝမ်ဖုန်းသည် အဝတ်အစားများ ပြန်ဝတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ မကြာမီတွင်ပင် ဓားဒေါင်လော်နှင့် အဖွဲ့သည် ဝမ်ဖုန်း၏ မျက်စိရှေ့သို့ ရောက်ရှိလာသည်။ ထိုအဖွဲ့ထဲတွင် ထန်ဆန်းလည်း ပါဝင်သော်လည်း ရှောင်ဝူမှာမူ မပါဝင်ပေ။ ဝမ်ဖုန်းသည် ဓားဒေါင်လော်ကို မြင်မှသာ သူတို့က ရှောင်ဝူကို ဘာကြောင့် ထားခဲ့ပြီး သူမကလည်း ဘာကြောင့် ပြန်မလိုက်လာခဲ့သလဲဆိုသည်ကို နားလည်သွားသည်။
"ဝမ်ဖုန်း!" ဝမ်ဖုန်းကို မြင်သည်နှင့် အားလုံး၏ မျက်လုံးများ ပြူးကျသွားပြီး ဝမ်ဖုန်းကို ဝိုင်းပတ်လိုက်ကြသည်။ နင်ရုံရုံသည် ဝမ်ဖုန်းရှေ့သို့ အရင်ဆုံး ပြေးလာကာ မျက်ရည်စက်လက်ဖြင့် စိုက်ကြည့်လိုက်သည်။ သူမ တစ်ခုခု လုပ်ချင်ဟန်ရှိသော်လည်း နောက်ဆုံးတွင် နှာခေါင်းရှုံ့လိုက်သည်။
"ဟွန်း၊ နင် ဘာမှမဖြစ်တာပဲ! အဘိုးဓားက နင် ဒဏ်ရာပြင်းထန်လို့ မလှုပ်နိုင်ဘူးလို့ လိမ်ပြောတယ်! ငါ့ကို စိုးရိမ်အောင် လုပ်တာပဲ တယ်..." ဟု ပြောပြီးနောက် နင်ရုံရုံသည် စကားမဆက်တော့ဘဲ မျက်နှာလွှဲသွားသည်။
"..." ဝမ်ဖုန်းသည် ဓားဒေါင်လော်ကို တစ်ချက်ကြည့်လိုက်သည်။ ဤဘွဲ့အမည်ရ ဒေါင်လော်သည်လည်း သူ့ကို ကြည့်နေပြီး မျက်လုံးထဲတွင် အံ့ဩရိပ်နှင့် အပြုံးပါးပါးလေးတစ်ခု ရှိနေသည်။
"သေစမ်း၊ ဘာလို့ ဒီလောက် အားအင်တွေ ပြည့်ဝနေတာလဲ?" အော်စကာသည် လက်ထဲတွင် ဝက်အူချောင်းအချို့ကိုင်ကာ လျှောက်လာသည်။ ဓားဒေါင်လော် ပြန်လာစဉ်က ဝမ်ဖုန်း ဒဏ်ရာရနေပြီး မလှုပ်နိုင်ဟု ပြောသဖြင့် အော်စကာသည် ကုသပေးရန် ဝက်အူချောင်းများကို အသင့်ပြင်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ ဝမ်ဖုန်းမှာ သူထက်ပင် ကျန်းမာနေသယောင် ရှိသည်။
"ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပြန်လည်ကုသနိုင်စွမ်းက အရမ်းသန်မာတယ်။ အနာဂတ်မှာ အားလုံး အကျင့်ဖြစ်သွားမှာပါ၊ ကျွန်တော့်အတွက် ဒီလောက် စိုးရိမ်မနေကြပါနဲ့" ဟု ဝမ်ဖုန်းက လက်ပြနှုတ်ဆက်လိုက်သည်။
"..." အော်စကာ။
"..." အားလုံး။
"ဟွန်း၊ ဘယ်သူက နင့်အတွက် စိုးရိမ်နေလို့လဲ!" နင်ရုံရုံက ပြောလိုက်သည်။ "ဝါကြွားမနေနဲ့၊ ငါတို့က ရှောင်ဝူအတွက် စိုးရိမ်နေတာ " ဟု ပြောပြီး နင်ရုံရုံသည် ဝမ်ဖုန်းကို မေးစေ့မော့၍ ကြည့်လိုက်သည်။
သို့သော် ထိုအချိန်တွင် ဖက်တီးမ မာဟုန်းကျွန်းက ကြားဖြတ်ပြောလိုက်သည်။ "တကယ်လား? ဒါပေမဲ့ ငါ ဘာလို့ ကြားနေရတာလဲ? တစ်ယောက်ယောက်က ဝမ်ဖုန်းအကြောင်း ပြောနေတယ်... ဝမ်ဖုန်းကို တွေ့ချင်တယ်တဲ့။ ဟေး... စကားပြောနေတဲ့လူက မျက်ရည်တောင် မသုတ်ရသေးဘူး မဟုတ်လား ?" ဟု မာဟုန်းကျွန်းက နင်ရုံရုံ၏ မျက်ရည်စက်လေးများကို ထောက်ပြလိုက်သည်။
"..." နင်ရုံရုံသည် ရှက်လွန်း၍ မျက်နှာရဲသွားပြီး မာဟုန်းကျွန်းကို ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဖက်တီးမ၊ နင် သေချင်နေတာလား? ဓားအဘိုး....ဒီဝက်ဝံကောင်က ကျွန်မကို အနိုင်ကျင့်နေတယ်"
အားလုံး ရယ်မောလိုက်ကြသည်။ ဓားဒေါင်လော်က ပါးစပ်ကို တွန့်ရုံတွန့်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ဒီကလေးမလေးက ပုံမှန်ဆိုရင် တော်တော်ထက်မြက်တာပါ ... သူတို့က ဘာမှမပြောဘဲနဲ့ နင်က ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ ? အဲဒါ ကိုယ့်ပါးစပ်နဲ့ ကိုယ် ဝန်ခံလိုက်တာ မဟုတ်လား ?"
"..." နင်ရုံရုံ စကားမပြောတော့ဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်သည်။ သူမသည် ထက်မြက်သူ ဖြစ်သော်လည်း ဤအချိန်တွင်မူ နည်းနည်းလေး တုံးအနေသည်။ မာဟုန်းကျွန်း စိတ်ထဲက ကျိတ်တွေးလိုက်သည်၊ ကြိုက်တဲ့ယောကျ်ားနဲ့ တွေ့ရင် မိန်းကလေးတွေရဲ့ ဉာဏ်ရည် က ရုတ်တရက် ကျသွားတာပဲ...
ထိုစဉ် ထန်ဆန်း လျှောက်လာပြီး ဝမ်ဖုန်းကို တိုးတိုးလေး မေးလိုက်သည်။ "ဖုန်းအစ်ကို... ရှောင်ဝူကို တွေ့လိုက်မိလား?"
အားလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ နင်ရုံရုံပင် ခေါင်းမော့လာပြီး ရှက်ရိပ်သန်းလျက် ဝမ်ဖုန်းကို စိုက်ကြည့်နေသည်။
"စိတ်မပူပါနဲ့ ရှောင်ဆန်းရာ... ရှောင်ဝူ အန္တရာယ်ကင်းမှာ သေချာပါတယ်" ဝမ်ဖုန်း ခဏစဉ်းစားပြီး တိုးတိုးလေး ပြောလိုက်သည်။ "မင်းတို့အားလုံး ခုနက အလင်းတန်းကို မြင်လိုက်တယ် မဟုတ်လား? အဲဒီ အလင်းတန်းကို မြင်တော့ တိုက်တန်မျောက်ဝံကြီးတောင် တုန်လှုပ်နေတာ၊ ပြီးတော့ အလယ်ဗဟိုမှာ နွားအော်သံလည်း ကြားလိုက်ရတယ်၊ အဲဒီအသံ ကြားလိုက်တာနဲ့ မျောက်ဝံကြီးက ငါတို့နှစ်ယောက်လုံးကို ပစ်ချပြီး ထွက်ပြေးသွားတာပဲ။"
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
"နွားအော်သံလား? ကောင်းကင်ပြာနွားနဂါးများ ဖြစ်မလား..." ဓားဒေါင်လော်က လေးနက်စွာ ပြောလိုက်သည်။ "ဒီလောက်အဆင့်ရှိတဲ့ ဝိညာဉ်သားရဲတောင် အဲဒီအလင်းတန်းထဲက အရှိန်အဝါကို ကြောက်နေတယ်ဆိုရင် အဲဒီလိုပဲ ဖြစ်မှာပေါ့။ ဒါကြောင့် အလောတကြီးနဲ့ ထွက်ပြေးသွားတာ ဖြစ်မယ်။"
ဓားဒေါင်လော်၏ စကားကို ကြားသောအခါ အားလုံး စိတ်သက်သာရာ ရသွားကြသည်။
"ဒါကြောင့် ရှောင်ဆန်းရာ... ငါ အာမခံပါတယ်၊ စိတ်မပူပါနဲ့။ ရှောင်ဝူ အခုဆိုရင် အန္တရာယ်ကင်းမှာ သေချာပါတယ်။ အဲဒီနေရာမှာ အလင်းတန်းကြောင့် ပတ်ဝန်းကျင်က ဝိညာဉ်သားရဲတွေ အကုန် ထွက်ပြေးကုန်ကြပြီ။ သူ အခုဆိုရင် သတိမေ့နေလောက်မယ်၊ နောက်ကျရင် သူ့ဘာသာသူ ပြန်နိုးလာပြီး ငါတို့ကို လိုက်ရှာမှာပါ!" ဝမ်ဖုန်းက ထန်ဆန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ ထန်ဆန်းလည်း အနည်းငယ် စိတ်အေးသွားသည်။
အားလုံး စိတ်သက်သာရာ ရသွားကြစဉ် ဓားဒေါင်လော်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ကောင်လေး... မင်း နာလန်ထူသွားပြီဆိုတော့ ခုနက ငါ့ကို ပေးထားတဲ့ ကတိအတိုင်း မင်း နောက်ပြန်မဆုတ်ဘူး မဟုတ်လား?"
အားလုံး ကြောင်သွားပြီး ဓားဒေါင်လော်ကို နားမလည်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ ကျောက်ဝူကျီ တစ်ယောက်သာ တစ်ခုခုကို သတိရသွားပုံရပြီး ဝမ်ဖုန်းကို စနောက်သည့်အကြည့်ဖြင့် ကြည့်နေသည်။ သူ၏ မျက်နှာအမူအရာမှာ တကယ့်ကို ပျော်စရာကောင်းနေသည်။ ကျောင်းစာအိမ်စာ မလုပ်လို့ အတန်းပိုင်ဆရာမဆီ အရိုက်ခံရမည့်အချိန်မှာ ကိုယ့်ဘေးကသူငယ်ချင်းလည်း အိမ်စာမလုပ်ထားမှန်း သိလိုက်ရသလိုမျိုးပင်။ ကျောက်ဝူကျီ လျှောက်လာပြီး ဝမ်ဖုန်းပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"ဝမ်ဖုန်း... စိတ်မပူနဲ့၊ ခဏပဲ ခံလိုက်ရမှာပါ ။ ဘာမှ မဟုတ်ပါဘူး " ဟု ပြောလိုက်သည်။ သူကိုယ်တိုင်လည်း ထန်ဟောက်လက်ချက်ဖြင့် အရိုက်ခံရပြီး နှာခေါင်းကြီးရောင်ရမ်းနေသည်ကို မေ့သွားပုံရသည်။
"ဆရာ... ဝမ်ဖုန်းက ဒီဓားဒေါင်လော် စီနီယာကို ဘာကတိပေးထားတာလဲ?" အော်စကာက မေးလိုက်သည်။ အားလုံးလည်း စိတ်ဝင်စားနေကြသည်။ ကျူးကျူးချင်းသာ နင်ရုံရုံကို တစ်ချက်ကြည့်လိုက်သည်။ ကျောက်ဝူကျီကတော့ စကားမပြောဘဲ ပြုံးနေသည်။
ဝမ်ဖုန်း၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ဘာမှ ပြန်မပြောဘဲ လေးနက်စွာ မေးလိုက်သည်။ "ဒီလူတွေ အများကြီးရှေ့မှာ လုပ်မှာလား?"
"ဘာလို့ မလုပ်ရမှာလဲ?" ဓားဒေါင်လော်က အနည်းငယ် ရှေ့တိုးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းက အဆင့် ၃၀ ပဲ ရှိသေးတာဆိုတော့ ငါ မင်းကို အနိုင်ကျင့်တယ်လို့ မပြောပါနဲ့ ။ မင်း သုံးနိုင်တဲ့ အကွက်အကုန်သုံး ။ ငါက ဝိညာဉ်စွမ်းရည်တွေ၊ ဝိညာဉ်တွေကို မသုံးဘူး။ မင်းက ငါ့ရဲ့ ကန်ချက် သုံးချက်ကို ခံနိုင်ရင် အောင်မြင်တယ် ။"
သူပြောပြီးသည်နှင့် အားလုံး၏ မျက်နှာများမှာ ထိတ်လန့်သွားကြသည်။ ကန်ချက် သုံးချက်? ဘွဲ့အမည်ရ ဒေါင်လော်တစ်ယောက်က ဝိညာဉ်စွမ်းရည်မသုံးဘဲ ကန်ထုတ်လိုက်လျှင် အဆင့် ၃၀ ဝိညာဉ်ဆရာတစ်ယောက်အနေဖြင့် မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။ ဓားဒေါင်လော်သည် တိုက်ခိုက်ရေးဝိညာဉ်ရှင် ဖြစ်သည့်အပြင် ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အလွန်သန်မာလှသည်။ ကျောက်ဝူကျီပင်လျှင် ထန်ဟောက်၏ ကန်ချက်ကို မခံနိုင်ခဲ့ဘဲ မျက်နှာရောင်ရမ်းနေရသည် မဟုတ်ပါလား။ ဝမ်ဖုန်းအတွက်တော့ ဤကန်ချက်သုံးချက်မှာ အသက်အန္တရာယ်ပင် ရှိနေသည်။