အခန်း (၁၁၉) - ဝိညာဉ်ကွင်းကို စုပ်ယူခြင်း!
တစ်ခါတရံတွင် လောကကြီးသည် အံ့ဩစရာကောင်းလှပေသည်။ ဓားဒေါင်လော် သာ အချိန်မီ ရောက်မလာပါက ဝမ်ဖုန်းတစ်ယောက် အသက်ပျောက်နေလောက်ပြီ ဖြစ်သော်လည်း၊ ဓားဒေါင်လော် ရောက်လာသည်နှင့် တစ်ပြိုင်နက် အရိုက်ခံရတော့မည့် အခြေအနေကိုမူ ရှောင်လွှဲ၍ မရနိုင်တော့မှန်း ဝမ်ဖုန်း သိလိုက်ရသည်။
ကိုယ်စိုက်သည့်အတိုင်း ကိုယ်ရိတ်ရခြင်းပင် ဖြစ်သည်။ နင်ရုံရုံကို ကန်ခဲ့မိပြီး ထိုမိန်းကလေးကို ငိုအောင် လုပ်ခဲ့သည် မဟုတ်ပါလား။ ထိုအချိန်ကတည်းက ဝမ်ဖုန်းသည် အရိုက်ခံရမည်ကို ကြိုတင်တွေးဆထားပြီး ဖြစ်သောကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် အခုကဲ့သို့ ဒဏ်ရာအပြင်းအထန် ရထားသည့် အခြေအနေမျိုးတွင်မှ အရိုက်ခံရမည်လားဟု သူ တွေးမိသည်။
သို့သော် သူရဲဘောကြောင်၍ မဖြစ်ချေ။ ဝမ်ဖုန်းသည် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး လေးနက်ဟန်ဖြင့် ပြောလိုက်သည်။
"ယုတ္တိရှိရှိ စဉ်းစားကြည့်ရင်တော့ ကောင်မလေးတစ်ယောက် အကန်ခံရတယ်ဆိုတာ သူမကိုယ်တိုင်က မစွမ်းသာလို့ ဖြစ်မှာပေါ့ဗျာ... မဟုတ်ရင် အကန်ခံရပါ့မလား တယ်"
ဤစကားကြောင့် ဓားဒေါင်လော်၏ မျက်နှာ ပျက်သွားသည်။ ဤကလေးသည် အရိုးတော်တော်မာသည့်ပုံပင်၊ ထို့ကြောင့်လည်း ရုံရုံကို အနိုင်ကျင့်ရဲခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ဝမ်ဖုန်းက အလျင်အမြန်ပင် ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ လူကြီးတစ်ယောက်အနေနဲ့ ကိုယ့်မျိုးဆက်သစ်အတွက် မကျေမနပ်ဖြစ်ပြီး လက်စားချေပေးချင်တာကတော့ လူ့သဘာဝပါပဲ။ ဒါကြောင့် ကျွန်တော့်ကို ပြန်ကန်သင့်တယ်လို့ ထင်ပါတယ်... ဒါပေမဲ့ ..."
"ဒါပေမဲ့ ဘာဖြစ်လဲ " ဓားဒေါင်လော် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါပေမဲ့ အဘိုးက ကျွန်တော့်ရဲ့ အားနည်းနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး လက်ဦးမှုမယူလောက်ဘူး မဟုတ်လား?" ဝမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။ "ကျွန်တော်က အခု လေတိုက်ရင်တောင် လဲတော့မယ့် အခြေအနေပါ။ အဘိုးလို နာမည်ကျော် ဘွဲ့အမည်ရ ဒေါင်လော်တစ်ယောက်က သိက္ခာမဲ့တဲ့ အလုပ်မျိုး လုပ်ပါ့မလား? တကယ်လို့ ကျွန်တော့်ကို ကန်ချင်တယ်ဆိုရင်တောင် ဒါက ကျွန်တော့်အတွက်တော့ ကောင်းချီးမင်္ဂလာ တစ်ခုပါပဲ"
"..." ဓားဒေါင်လော် ဆွံ့အသွားသည်။
ဟင်း... ဒီကလေးက စကားပြော တော်တော်တတ်တာပဲ။ ဓားဒေါင်လော်သည် ဝမ်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ တကယ်လည်း သူကဲ့သို့သော ပုဂ္ဂိုလ်ကြီးက ဒဏ်ရာရနေသော ကလေးတစ်ယောက်ကို အနိုင်ကျင့်လျှင် သိက္ခာကျစရာပင် ဖြစ်သည်။
"မင်းက စကားကို ကွေ့ပတ်ပြောပြီး ငါ့ကို မြှောက်ပေးနေတာ၊ ငါ မင်းကို နာလန်ထူတဲ့အထိ စောင့်ခိုင်းချင်တာ မဟုတ်လား?" ဓားဒေါင်လော်က ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်သည်။ "စိတ်မပူနဲ့ ကောင်လေး၊ ငါက ဂုဏ်သိက္ခာရှိတဲ့ ဓားဒေါင်လော်ပဲ၊ အဲဒီလောက် စိတ်သဘောထား မသေးဘူး! မင်းကို နာလန်ထူအောင် စောင့်ပေးမယ်။ အဲဒီအချိန်ကျမှ ရုံရုံတို့အားလုံးရှေ့မှာ မင်း ကြိုက်တဲ့နည်းနဲ့ ခုခံလို့ရတယ်။ ငါက ဝိညာဉ်စွမ်းရည်တွေ မသုံးဘူး၊ ခြေထောက်နဲ့ပဲ ကန်မယ် ! မင်းသာ ငါ့ကန်ချက်ကို ခံနိုင်ရင် ရုံရုံ့ကိစ္စကို ငါ လွှတ်ပေးလိုက်မယ်!"
ဓားဒေါင်လော်သည် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာသူ ဖြစ်သဖြင့် ဤကလေး ဘာကြံစည်နေသည်ကို သိရှိသည်။ သို့သော် သူသည်လည်း မျိုးဆက်သစ်ကလေးကို အနိုင်မကျင့်လိုပေ။
"စီနီယာက တကယ့်ကို စိတ်သဘောထား ကြီးမြတ်သူပါပဲ၊ လောကမှာ ဒီလို သူတော်စင်မျိုး ရှားပါတယ် " ဝမ်ဖုန်းက မြှောက်ပင့်လိုက်ပြန်သည်။
ဓားဒေါင်လော်မှာ ဝမ်ဖုန်း၏ စကားကြောင့် မျက်နှာပင် နီမြန်းသွားသည်။ ဤကလေးသည် စကားအပြောအဆို အလွန်ပြေပြစ်ပေသည်။ နားထောင်ရသည်မှာ အလွန်ပင် စိတ်ချမ်းသာစရာ ကောင်းသဖြင့်၊ နောင်ကျလျှင် ခပ်ဖွဖွလေးသာ ကန်တော့မည်ဟု ဓားဒေါင်လော် စိတ်ထဲက ကျိတ်တွေးလိုက်သည်။
"စီနီယာက အရမ်း သဘောကောင်းတယ်ဆိုတော့... ကျွန်တော် အင်အားပြန်ဖြည့်နေတုန်း ဒီမှာ စောင့်ရှောက်ပေးလို့ ရမလား? ဒီနေရာက တော်တော် အန္တရာယ်များလို့ပါ " ဝမ်ဖုန်းက ဆက်ပြောလိုက်ပြန်သည်။
ဒါကို ကြားသောအခါ ဓားဒေါင်လော် ကြောင်သွားပြီး ရယ်ချင်သွားသည်။
"ကောင်လေး၊ မင်းက တော်တော် အတင့်ရဲတာပဲ။ ငါ့ကို ဘွဲ့အမည်ရ ဒေါင်လော် တစ်ယောက်ကို အစောင့်အရှောက် လုပ်ခိုင်းတယ်ပေါ့? မင်းအသက်ကို ကယ်ခဲ့တာပဲ ကျေးဇူးတင်ဦး။ မင်းဘာသာမင်း အင်အားပြန်ဖြည့်ပေတော့၊ တကယ်လို့ ကံဆိုးလို့ ဝိညာဉ်သားရဲတွေ ထပ်လာရင်တော့ မင်းကံပေါ့ ... ငါတော့ ရုံရုံတို့ဆီ ပြန်သွားရတော့မယ် "
ပြောပြီးသည်နှင့် ဓားဒေါင်လော်သည် နှာခေါင်းရှုံ့ကာ မြေပြင်ပေါ်က ဓားကို သိမ်း၍ လေထဲသို့ ပျံထွက်သွားတော့သည်။ သူသည် ခုနက အလင်းတန်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ကျောက်ဝူကျီနှင့် အဖွဲ့ကို ရှာရန် ပြန်သွားခြင်း ဖြစ်သည်။ ထို့အပြင် ခုနက အရှိန်အဝါကြောင့် ပတ်ဝန်းကျင်တွင် ဝိညာဉ်သားရဲများ မရှိတော့သဖြင့် ဝမ်ဖုန်းအတွက် စိတ်ပူစရာ မရှိဟု သူ ယူဆလိုက်ခြင်း ဖြစ်သည်။
ဓားဒေါင်လော် ထွက်သွားသည်ကို မြင်သောအခါ ဝမ်ဖုန်း၏ မျက်နှာတွင် ပါးနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
"သွားတာ ကောင်းတယ်"
ဝမ်ဖုန်းသည် သူ၏ ခန္ဓာကိုယ်ကို အားတင်းကာ တစ်ဝက်သေနေသော ဆူးချွန် နက်မှောင်လိပ် ဆီသို့ တွားသွားလိုက်သည်။ သူ၏ မျက်လုံးများမှာ နှစ်ပေါင်း ၃၀ ခန့် မိန်းမနှင့် ကင်းကွာနေသော ယောကျ်ားတစ်ယောက်က အလှပန်းလေးတစ်ပွင့်ကို ကုတင်ပေါ်တွင် တွေ့လိုက်ရသကဲ့သို့ စွဲမက်တောင့်တမှုများ ပြည့်နှက်နေသည်။
"လိပ်အိုကြီး... မင်းက ငါ့ရဲ့ ဝိညာဉ်ကွင်း ဖြစ်လာဖို့ ကံပါလာပုံရတယ်"
ဝမ်ဖုန်း လိပ်ကြီးအနား ရောက်သွားသည်။ လိပ်ကြီးမှာ အသက်ငင်နေပြီ ဖြစ်သော်လည်း ဝမ်ဖုန်းကို အထင်သေးသလို တစ်ချက်ကြည့်လိုက်သည်။ မင်းလို အဆင့် ၃၀ လောက်က ငါ့ကို စုပ်ယူနိုင်ပါ့မလား? ဟု မေးနေသယောင်ပင် ရှိသည်။
"သေစမ်း... ငါ့ကို အထင်သေးတာလား ?" ဝမ်ဖုန်းက လှောင်ပြုံးပြလိုက်သည်။ သူ၏ ကိုယ်ထဲတွင် မိုးကြိုးစက်မျက်ရည် မှ စွမ်းအင်များ ထွက်ပေါ်နေသဖြင့် ဝိညာဉ်ကွင်း စုပ်ယူရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
ဝမ်ဖုန်းသည် ဝိညာဉ်လက်စွပ်ထဲမှ ဓားတိုတစ်လက်ကို ထုတ်ကာ လိပ်ကြီးကို အဆုံးသတ်လိုက်တော့သည်။ ချက်ချင်းပင် အနက်ရောင် ဝိညာဉ်ကွင်းကြီး တစ်ကွင်း ထွက်ပေါ်လာသည်။ ဝမ်ဖုန်းသည် တရားထိုင်ကာ အနက်ရောင် ဝိညာဉ်ကွင်းကို ဆွဲယူပြီး စတင် စုပ်ယူလိုက်ပါတော့သည်။
ခဏချင်းမှာပင်! ယန်ဇီမြစ်ရေကဲ့သို့ ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများသည် ဝမ်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ဓားပြတိုက်သလို တိုးဝင်လာသည်။ ဤနက်မှောင်လိပ်ကြီးမှာ အေးခဲဧကရာဇ် ပုတ်သင်ညိုကဲ့သို့ မိမိဆန္ဒအရ ဝိညာဉ်ကွင်းပေးခြင်း မဟုတ်သဖြင့် စွမ်းအင်များကို ဝမ်ဖုန်း မထိန်းချုပ်နိုင်ပါချေ။
ဝမ်ဖုန်း၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်ထွက်တော့မည့်အတိုင်း နာကျင်လှသည်။ သွေးများမှာလည်း တစ်ကိုယ်လုံးမှ ပြန်ထွက်လာပြန်သည်။ ဤနာကျင်မှုမှာ သူ၏ ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် ပြန်လည် တည်ဆောက်စဉ်က နာကျင်မှုမျိုးပင် ဖြစ်သည်။
သို့သော် ထူးခြားချက်မှာ ယခုအကြိမ်တွင် မိုးကြိုးစက်မျက်ရည် က နွေးထွေးသော စွမ်းအင်များကို ထုတ်ပေးပြီး ဒဏ်ရာများကို ချက်ချင်း ပြန်ပြုပြင်ပေးနေခြင်း ဖြစ်သည်။ စွမ်းအင်က ဖျက်ဆီးလိုက်၊ မိုးကြိုးစက်မျက်ရည်က ပြန်ပြင်လိုက်နှင့် "နာကျင်မှုနှင့် ပျော်ရွှင်မှု" မှာ တစ်ပြိုင်တည်း ဖြစ်နေတော့သည်။
နောက်ဆုံးတွင် ဝိညာဉ်ကွင်းစွမ်းအားများသည် ဝမ်ဖုန်း၏ ခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်တော့မှန်း သိသွားသောအခါ ဝိညာဉ်အာရုံထဲရှိ အမည်းရောင်ကြာပန်းဆီသို့ စီးဝင်သွားတော့သည်။
ဝူးးးး ဝိုးးးး!!
ဝိညာဉ်အာရုံထဲတွင် နက်မှောင်လိပ်ကြီး၏ ဝိညာဉ်အသိက ဒေါသတကြီး ဟိန်းဟောက်နေသည်။ အဆင့် ၃၀ ရှိသော ဝိညာဉ်ဆရာလေးက သူ့ကို စုပ်ယူချင်နေသည်ကို သူက လက်မခံနိုင်ချေ။
"အမည်းရောင်ကြာပန်း!"
ဝမ်ဖုန်း၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်သွားသည်။ အမည်းရောင်ကြာပန်းသည် အမည်းရောင် အကာအကွယ်တစ်ခုကို ထုတ်လွှင့်လိုက်ပြီး လိပ်ကြီး၏ ဝိညာဉ်အသိကို ဖုံးအုပ်လိုက်သည်။ အမည်းရောင်ကြာပန်းသည် ဒေါသနှင့် ရက်စက်သော အရှိန်အဝါများကို စုပ်ယူနိုင်စွမ်း ရှိသဖြင့် လိပ်ကြီး၏ ဝိညာဉ်အသိကို နှိမ်နင်းရန် အလွန်ထိရောက်လှပေသည်။