အခန်း (၁၁၈) - အခြေအနေ တစ်ပတ်ပြန်လည်ခြင်း!
မီတာပေါင်းများစွာ အဝေးတွင် လဲလျောင်းနေသော ဝမ်ဖုန်းသည် ကျန်ရှိသော အင်အားလေးဖြင့် ခေါင်းမော့ကာ အဝေးက နက်မှောင်လိပ်ကြီးကို လှမ်းကြည့်လိုက်သည်။ ဒါကို မြင်လိုက်ရတော့ ဝမ်ဖုန်း၏ နှလုံးသားတစ်ခုလုံး အေးစက်သွားတော့သည်။
မသေသေးဘူးလား... တကယ်ပဲ အနိုင်နိုင်ပါလား! ငါ့မှာ ဝိညာဉ်စွမ်းအား လုံလောက်ပေမဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက မမီတော့ ပန်ကူးပုဆိန်ရဲ့ စွမ်းအားအပြည့်ကို မထုတ်နိုင်ခဲ့ဘူးပဲ... ဝမ်ဖုန်း သက်ပြင်းချလိုက်မိသည်။ "ဘုရားသခင်က ငါ့ကို သေစေချင်နေတာပဲ"
သို့သော် ဤပန်ဂူပုဆိန်မှာ အမှန်တကယ်ပင် အစွမ်းထက်လွန်းလှသည်။ ဤမျှနှင့်တင် အနှစ်သုံးသောင်း သားရဲကြီးကို တစ်ဝက်သေအောင် လုပ်နိုင်ခဲ့သည်။ တကယ်လို့ သူသာ ခန္ဓာကိုယ် ပိုသန်မာရင် ဒီလိပ်ကြီးကို တစ်ချက်တည်းနဲ့ အမှုန့်ဖြစ်သွားစေမှာ သေချာသည်။
"ဒါပေမဲ့ ဒီတစ်ချက်နဲ့တင် ငါလည်း သေတော့မယ်ထင်တယ်..." နက်မှောင်လိပ်ကြီးသည် သူ့ထံသို့ ဖြည်းဖြည်းချင်း တွားသွားလာနေသော အသံကို ကြားရတော့ ဝမ်ဖုန်း ဘာပြောရမှန်းမသိတော့ပေ။ လိပ်ကြီးသည်လည်း တစ်ဝက်သေနေပြီ ဖြစ်သော်လည်း ဇွဲကတော့ အလွန်ကြီးလှသည်။ သူသည် ဝမ်ဖုန်းကို စားပစ်ရန် တဟိန်းဟောက်နှင့် တွားလာနေသည်။
"မဟုတ်ဘူး... ငါ ဒီလို အသေမခံနိုင်ဘူး... ငါ့ခြေချောင်းတွေမှာ အားရှိသေးတယ်..." ဝမ်ဖုန်းသည် သူ၏ ကျန်ရှိသော အင်အားလေးဖြင့် ပိုးကောင်တစ်ကောင်လို မြေပြင်မှာ တရွတ်တိုက် ရှေ့ဆက်တိုးနေသည်။ ဤသို့ဖြင့် လူတစ်ယောက်နှင့် လိပ်တစ်ကောင်မှာ တစ်ဦးကိုတစ်ဦး သတ်ရန် တွားသွားနေကြတော့သည်။
ဝမ်ဖုန်း ဘယ်လောက်ကြာကြာ တွားခဲ့လဲ မသိပါချေ။ ခန္ဓာကိုယ်ထဲမှ နောက်ဆုံး အင်အားလေးပါ ကုန်ခန်းသွားသည့်တိုင်အောင်ပင်! လိပ်ကြီးမှာ သူ့ထံသို့ မီတာအနည်းငယ်သာ လိုတော့ကြောင်း သူ သိနေသည်။ သို့သော် ထိုအချိန်တွင် သူ၏ နှလုံးသားထဲမှ မိုးကြိုးစက်မျက်ရည် စွမ်းအင်များ ဖြည်းဖြည်းချင်း စီးထွက်လာသည်။
ဒါကို မြင်တော့ ဝမ်ဖုန်း ရယ်ချင်သွားသော်လည်း ရယ်ရန်ပင် အားမရှိတော့ချေ။ "နောက်ဆုံး အင်အားကုန်မှ ထွက်လာတာလား! ဒါပေမဲ့ အခုထွက်လာလည်း ဟိုလိပ်ကြီး ငါ့ကို စားဖို့က လောက်ဦးမှာ မဟုတ်ဘူး..." မိုးကြိုးစက်မျက်ရည်သည် သူ၏ အစွန်းကုန် အခြေအနေရောက်မှသာ အားပြန်ဖြည့်ပေးပုံရသည်။
အင်အား အနည်းငယ် ပြန်ရလာတော့ ဝမ်ဖုန်း သူ၏ ဝိညာဉ်ကိရိယာ ထဲမှ အဝတ်အစား တစ်စုံ ထုတ်လိုက်သော်လည်း ဝတ်ရန်ပင် အားမရှိပေ။ ခုနက ပုဆိန်ကို ကိုင်လိုက်စဉ်က သူ၏ အဝတ်အားလုံး တစ်စစီ ပြဲထွက်သွားခဲ့ခြင်း ဖြစ်သည်။
သေမယ်ဆိုရင်တောင် ကိုယ်လုံးတီးကြီးတော့ အသေမခံနိုင်ဘူး၊ သိက္ခာရှိရှိလေး သေချင်တယ်... ဝမ်ဖုန်း တွေးနေမိသည်။
ရှပ်... ရှပ်!
နက်မှောင်လိပ်ကြီးသည် ကြောက်စရာကောင်းသော ခေါင်းကြီးကို ဝမ်ဖုန်းထံသို့ ထိုးပေးလိုက်သည်။ သူသည်လည်း သေလုနီးပါး ဖြစ်နေသော်လည်း မသေခင် ဤလူသားကို စားသွားမည်ဟု ဆုံးဖြတ်ထားပုံရသည်။ သူသည် ဂုဏ်သိက္ခာရှိသော ဆူးချွန်နက်မှောင်လိပ် ဖြစ်ရာ ဘယ်သူ့ကိုမှ အလျှော့မပေးလိုချေ။ ယခုမူ လူသားတစ်ယောက်၏ လက်ချက်ဖြင့် ဤသို့ ဖြစ်ရသည်ကို သူ လက်မခံနိုင်ပေ။
သူသည် ပါးစပ်ကြီးကို ဟလိုက်ပြီး ဝမ်ဖုန်းကို ကိုက်ရန် ပြင်လိုက်စဉ်မှာပင်!
ရွှပ်! ရွှပ်! ရွှပ်!
အပြာရောင် အလင်းတန်းဖြာနေသော ဓားရှည်တစ်လက်သည် နက်မှောင်လိပ်ကြီး၏ ရှေ့တွင် တိုက်ရိုက် စိုက်ဝင်သွားတော့သည်။ ၎င်းထံမှ အလွန်ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ လိပ်ကြီးမှာ ချက်ချင်းပင် တုန်လှုပ်သွားတော့သည်။
ဝမ်ဖုန်း မျက်လုံးဖွင့်ကြည့်လိုက်ပြီး ဆွံ့အသွားသည် - "ဒီဓားက?"
တစ်ပြိုင်နက်တည်းမှာပင် အသံတစ်ခု ထွက်ပေါ်လာသည် - "အနှစ်သုံးသောင်း သားရဲကြီးက ဒီလောက်အထိ ဒဏ်ရာရနေတာလား? ကောင်လေး... မင်းက ဝမ်ဖုန်း လား?"
အဖြူရောင် ဝတ်စုံဝတ်ထားသော အဘိုးအိုတစ်ဦးသည် နတ်ဘုရားတစ်ပါးပမာ သူ၏ ရှေ့တွင် ပေါ်လာတော့သည်။
"အဘိုး... အဘိုးက ဘယ်သူလဲ?" ဝမ်ဖုန်း အားတင်းပြီး မေးလိုက်သည်။ မိုးကြိုးစက်မျက်ရည်ကြောင့် ဒဏ်ရာများမှာ ဖြည်းဖြည်းချင်း သက်သာနေပြီ ဖြစ်သော်လည်း အချိန်တော့ လိုဦးမည် ဖြစ်သည်။
"ငါက ဘယ်သူလဲ ဟုတ်လား?" အဘိုးအိုက လှည့်ကြည့်ကာ ပြုံးစိစိဖြင့် ပြောသည် - "ငါ့ရဲ့ ဓား ကို မမြင်ဘူးလား?"
"အဘိုးကလည်း... ဘာလို့ ကိုယ့်ကိုယ်ကို ဆဲနေတာလဲ?" ဝမ်ဖုန်း ကြောင်သွားသည်။ ငါက မင်းရဲ့ ဓားကို မြင်ရမှာလား၊ မင်းကို ဆဲနေတာ မြင်ရမှာလား?
"..." အဘိုးအို၏ မျက်နှာ အနည်းငယ် တောင့်တင်းသွားပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ ဘာမှမပြောတော့ဘဲ သူ၏ ကိုယ်ပေါ်တွင် ဝိညာဉ်ကွင်း ကိုးကွင်းကို ထုတ်ဖော်လိုက်ရာ ဝမ်ဖုန်း၏ မျက်လုံးများပင် ပြူးကျသွားတော့သည်။
သေစမ်း... ဒါ ဓားဒေါင်လော် ပဲ ဖြစ်ရမယ်! သူ ကြယ်တာရာတောအုပ်ကို တကယ် ရောက်လာတာလား? ငါ့ကို လာရှာတာလား? ဘာလို့ ဒီအချိန်မှ လာရတာလဲ! တကယ် သေဖို့ ကောင်းနေပြီ!
"စီနီယာ... ကျွန်တော့်ကို ဘာကိစ္စများ ရှိလို့ လိုက်ရှာနေတာလဲ ခင်ဗျာ?" ဝမ်ဖုန်း အင်အားအနည်းငယ် ပြန်ရလာသဖြင့် မတ်တတ်ရပ်လိုက်သည်။ မိုးကြိုးစက်မျက်ရည်က တကယ်ကို အစွမ်းထက်လှသည်။
ဓားဒေါင်လော်က သွေးများဖြင့် ရွှဲနေသော်လည်း မတ်တတ်ရပ်နိုင်သော ဝမ်ဖုန်းကို ကြည့်ကာ အံ့ဩသွားသည်။ ဤကလေး၏ ပြန်လည် ကုသနိုင်စွမ်း မှာ ကြောက်စရာပင်။
"ငါ အရင်ဆုံး မေးခွန်းအချို့ မေးမယ်" ဓားဒေါင်လော်က တည်ငြိမ်စွာ ပြောသည် - "မင်း အဖြေမှန်အောင် မပြောနိုင်ရင် ငါ့ဓားက ဘယ်သူ့ကိုမှ ညှာမှာ မဟုတ်ဘူး"
"မေးပါ... မေးပါ!" ဝမ်ဖုန်း ချောင်းဆိုးရင်း ပြန်ပြောလိုက်သည်။ ဒါက ဘွဲ့အမည်ရ ဒေါင်လော် ဖြစ်သဖြင့် သူ ကလိမ်ကကျစ် လုပ်၍ မရမှန်း သိသည်။
"ခုနက ဒီနားမှာ အလင်းတန်းကြီး တစ်ခု ထွက်လာတာ မြင်လား?" ဓားဒေါင်လော်က အဝေးက နေရာတစ်ခုကို ညွှန်ပြသည်။ ထိုနေရာမှာ ဝမ်ဖုန်း ပုဆိန်သုံးခဲ့သည့် နေရာပင်။
ဝမ်ဖုန်း၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည် - ပန်ဂူပန်ဆိန် သုံးခဲ့တဲ့ အရှိန်အဝါက တော်တော် ကြီးပုံရတယ်။ ဓားဒေါင်လော်တောင် သတိထားမိတယ်ဆိုတော့...
"ဪ... မြင်တာပေါ့" ဝမ်ဖုန်းက မျက်နှာမပျက်ဘဲ လိမ်လိုက်သည် - "အဲဒီအချိန်တုန်းက အလင်းတန်းကြီးက အရမ်းကြီးပြီး အထဲမှာ ခန့်ညားထည်ဝါလှတဲ့ ပုံရိပ်ကြီး တစ်ခုကို ဝါးတားတား မြင်လိုက်ရတယ်။ လောကကြီးမှာ ရှိသမျှ ယောကျ်ားပီသတဲ့ အရှိန်အဝါတွေ အကုန် သူရှိနေသလိုပဲ!"
"?" ဓားဒေါင်လော်က ဤကလေးကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
ဝမ်ဖုန်းက ဆက်ပြောသည် - "ကျွန်တော်က အရမ်းဝေးနေတော့ သေသေချာချာ မမြင်ရဘူး။ မျောက်ဝံကြီးက ပစ်ချလိုက်လို့လည်း ဒဏ်ရာတွေ ရနေတာ။ ဒါပေမဲ့ အဲဒီလူက ကမ္ဘာကြီးကတောင် သူ့ကို ဦးညွှတ်ရမယ့်ပုံမျိုးနဲ့ ပုဆိန်ကြီး တစ်လက်ကို ကိုင်ပြီး တစ်ချက်တည်း ခုတ်ချလိုက်တာ! အဲဒီအချိန်မှာ ကမ္ဘာကြီးကော ကောင်းကင်ကြီးကော တုန်ခါသွားပြီး ပတ်ဝန်းကျင်က ဝိညာဉ်သားရဲတွေ အကုန်လုံး ကြွက်တွေလို ထွက်ပြေးကုန်ကြတာ! အဘိုးသာ အဲဒီအရှိန်အဝါကို မြင်ရင် အံ့ဩသွားမှာ သေချာတယ်!"
ဓားဒေါင်လော် စိတ်ထဲတွင် ထိတ်လန့်သွားသည် - တကယ်ပဲလား! အဲဒီလောက်ထိ သန်မာတာလား? လူသားလား? ဒါမှမဟုတ် ဝိညာဉ်ကိုယ်ပွားလား? ဘယ်လောက်တောင် အစွမ်းထက်နေလို့လဲ? ဘယ်လို ဝိညာဉ်မျိုး ဖြစ်မလဲ? သူသည်လည်း ထိုအရှိန်အဝါကို ခံစားမိခဲ့သဖြင့် ယုံသွားပုံရသည်။
"နောက်ထပ်ကော?" ဓားဒေါင်လော်က မေးသည်။
"နောက်ထပ်လား?" ဝမ်ဖုန်းက အံ့ဩဟန်ဆောင်လိုက်သည် - "မရှိတော့ဘူးဗျ။ သူကိုင်ထားတဲ့ လက်နက်က အာကာသကိုတောင် ခွဲပစ်လိုက်ပြီး ပျောက်ကွယ်သွားတာ။ ကျွန်တော်ကတော့ ကံမကောင်းစွာနဲ့ ဒီလိပ်ကြီးရဲ့ အနားမှာ ရှိနေတာဆိုတော့ သေလုနီးပါး ဖြစ်သွားတာပေါ့။ သူက ကျွန်တော့်အနံ့ရလို့ လာစားမလို့ လုပ်နေတာ... တော်သေးတာပေါ့ အဘိုး ရောက်လာလို့"
ဒါကို ကြားတော့ ဓားဒေါင်လော် သက်ပြင်းချလိုက်မိသည်။ အာကာသကို ခွဲပစ်လိုက်တယ် ဟုတ်လား? ဘုရားရေ... ဒါက ဘယ်လို အစွမ်းမျိုးလဲ? တော်သေးတယ် ငါ အစောကြီး မရောက်သွားလို့... မဟုတ်ရင် ငါလည်း ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒီလောကမှာ ဒီလောက် သန်မာတဲ့သူ ရှိနေသေးတာလား! သူသည် ဝမ်ဖုန်း၏ စကားကို အကုန်လုံး မယုံသော်လည်း မှန်နိုင်သည်ဟုတော့ ထင်နေမိသည်။
"အဘိုး... မေးစရာ ကျန်သေးလား ခင်ဗျာ?" ဝမ်ဖုန်းက သတိထားပြီး မေးလိုက်သည်။ သူသည် နက်မှောင်လိပ်ကြီးကို တစ်ချက်ကြည့်ကာ စိတ်ထဲက ကျိတ်ဝမ်းသာနေသည်။ အသက်ရှင်ဖို့ အခွင့်အရေး ရပြီ!
"နောက်တစ်ခု ကျန်သေးတယ်။ အဖြေမှန်ရင် မင်းကို လွှတ်ပေးမယ်။ မှားရင်တော့... ဟဲဟဲ" ဓားဒေါင်လော်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"မေးပါ အဘိုး"
"ရိုးရိုးလေးပါပဲ... ကလေးတစ်ယောက်က ကန်ခံလိုက်ရရင် လူကြီးက အဲဒီကလေးကို ပြန်ကန်သင့်သလား?" ဓားဒေါင်လော်က မျက်လုံးမှေးပြီး အေးစက်စက် မေးလိုက်သည်။
"..." ဝမ်ဖုန်း၏ ရင်ထဲ အေးစိမ့်သွားတော့သည်။