အခန်း (၁၁၄၅) - မိစ္ဆာကောင်ကြီး
ဝူရွှမ်းဟော်အနေဖြင့် သေသေချာချာ မပြောနိုင်တော့ချေ၊ ၎င်းက မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်ဟူ၍သာ။ သူရုံတင်မကဘဲ ယခုအခိုက်အတန့်တွင် ဤမြင်ကွင်းကို ကြည့်ရှုနေကြသော လူတိုင်းလည်း ထို့အတူပင် ဖြစ်နေကြသည်။
အနက်ရောင်ဝတ်စုံဝတ် ဒိုင်လူကြီးပင်လျှင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။
‘ရှရက်ခ်အကယ်ဒမီက ဒီလို မိစ္ဆာကောင်မျိုးကို မွေးထုတ်မပေးနိုင်ပါဘူး၊ ဒီလူက ဘယ်ကနေ ရောက်လာတာလဲ’
သူ့စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားမိသည်။
မဟုတ်သေး၊ မိစ္ဆာကောင်ဟူသော စကားလုံးဖြင့်ပင် ၎င်းကို ဖော်ပြရန် မလုံလောက်တော့ချေ။ ဤမျှလောက်အထိ မြင့်မားလှသော ခန္ဓာကိုယ်ကြံ့ခိုင်မှုမျိုးသည် ကောင်းကင်ဘုံကပေးသော ရတနာပစ္စည်းအချို့ကို စားသုံးခဲ့သည်ဆိုဦးတော့… တောင်းလိုက်ခြင်း ခံရသည့်အလား ပျက်စီးသွားလိမ့်မည်ဟု ခန့်မှန်းရသည်။ သို့မဟုတ်လျှင် သူသည် မွေးရာပါ ပါရမီရှင်ဖြစ်ပြီး ကျင့်ကြံခြင်းနှင့် တရားထိုင်ခြင်းတို့ကို မလုပ်ဆောင်တတ်ဘဲ ခန္ဓာကိုယ်ကိုသာ အစဉ်တစိုက် လေ့ကျင့်ခဲ့သဖြင့် နှစ်ပေါင်းရာချီ သို့မဟုတ် ထောင်ချီ လေ့ကျင့်ပြီးနောက်မှ ဤအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်ရမည်။
အမျိုးမျိုးသော ရယ်စရာကောင်းလှသည့် အတွေးပေါင်းစုံသည် သူ့ဦးနှောက်ထဲတွင် တစ်ခုပြီးတစ်ခု လင်းလက် ဖြတ်သန်းသွားခဲ့ကြသည်။
အနက်ရောင်ဝတ်စုံဝတ် ဒိုင်လူကြီးသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ သူ၏ စိတ်ထဲတွင် ယခုပွဲစဉ်များကို ပြန်လည်တွေးတောမိရာ ထိုတစ်ဖက်လူ၏ တပည့်လေးဦးစလုံး၏ တိုက်ပွဲတိုင်းသည် အလွန်ပင် အံ့ဩစရာကောင်းလှပြီး သူ့ကို မျက်စိပွင့်စေခဲ့သည်ဟု ဆိုနိုင်သည်။
ဝိညာဉ်ဆရာသခင်နှင့် ဝိညာဉ်သားရဲတို့၏ ပေါင်းစပ်မှုက ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ခိုက်ရေးစွမ်းရည်ကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းမှာ စိတ်ကူးယဉ်ဆန်းပြားလှကာ အမျိုးမျိုး ပြောင်းလဲနိုင်စွမ်း ရှိသည်။ သူတို့၏ ဝိညာဉ်စွမ်းအားအဆင့်က မမြင့်မားလှသလို ဝိညာဉ်သားရဲ၏ သက်တမ်းကလည်း မမြင့်မားလှသော်လည်း အားကောင်းလှသော စွမ်းအားကို ထုတ်ဖော်ပြသနိုင်ခဲ့ကြသည်။ မိမိတို့ထက် အဆပေါင်းများစွာ သန်မာသော ရန်သူကို ကျော်လွှားအနိုင်ယူနိုင်ခဲ့ကြသည် သည်အဖြစ်။
နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့သော ဝိညာဉ်စာချုပ်သခင် ၏ တည်ထောင်သူကမူ ပိုမို၍ပင် မယုံကြည်နိုင်စရာ ကောင်းလှပေသည်။ တစ်ဖက်လူသည် ဝိညာဉ်စာချုပ်သခင်၏ တည်ထောင်သူဖြစ်သဖြင့် အလွန်သန်မာလိမ့်မည်ဟု သူ ကြိုတင်ပြင်ဆင်တွေးတောထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဤမျှလောက်အထိ သန်မာလိမ့်မည်ဟုမူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိချေ။
တစ်ဖက်လူ၏ ဝိညာဉ်သားရဲနှင့် သူ၏ ကိုယ်ပိုင်စွမ်းအားအားလုံးက ဝိညာဉ်ဆရာသခင်တစ်ဦးသည် အလယ်အလတ်နှင့် အဆင့်မြင့် ဝိညာဉ်ဆရာသခင် နယ်ပယ်တွင်ပင် တောက်ပနိုင်ကြောင်း သက်သေပြနေသည်။ ထို့ပြင် ၎င်းက အားနည်းသူက အားသန်သူကို အနိုင်ယူသည့် အခြေအနေမျိုးပင် ဖြစ်နေဆဲ ဖြစ်သည်။ အဆိုးဆုံးတစ်ချက်မှာ ပုံတူကူးယူ၍ မရနိုင်ခြင်းပင်။ တစ်ဖက်လူ၏ ဝိညာဉ်သားရဲမျိုးကို တစ်ခါမျှ မမြင်ဖူးကြသလို တစ်ဖက်လူ၏ ကိုယ်ပိုင်စွမ်းအားကလည်း မယုံကြည်နိုင်စရာ ကောင်းလှသည်။
အကယ်၍ တစ်ဖက်လူကို ဘွဲ့အမည်ရဒိုလော် တစ်ဦးက တိုက်ခိုက်ခြင်း မပြုလုပ်လျှင် တစ်ဖက်လူကို အနိုင်ယူရန် မည်သည့်အခွင့်အရေးမျှ လုံးဝမရှိနိုင်တော့ကြောင်း အနက်ရောင်ဝတ်စုံဝတ် ဒိုင်လူကြီး အလွန်အမင်း သံသယဝင်မိသည်။ ထိုတစ်ဖက်လူသည် ခုနက သူ၏ သိုင်းဝိညာဉ်ကိုပင် ထုတ်ဖော်ပြသခြင်း မရှိခဲ့ချေ။ ထို့ပြင် သူသည် ဝိညာဉ်ဆရာသခင်၏ စွမ်းရည်ဖြစ်သော ဝိညာဉ်ဆရာသခင်နှင့် ဝိညာဉ်သားရဲအကြား ပူးပေါင်းလုပ်ဆောင်မှု စွမ်းအားကိုလည်း ပြသခြင်း မရှိခဲ့သေးပေ။ ရေခဲတောင်၏ အဖျားအနားမျှသာ ရှိသေးသော ဝိညာဉ်သားရဲနှင့် သူ၏ ကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးခြင်းဖြင့်ပင် သူသည် မရှုံးနိမ့်နိုင်သော အနေအထားတွင် ရှိနေခဲ့ပြီ ဖြစ်သည်။
ဝိညာဉ်တိုက်ခိုက်ရေးကွင်းပြင်ကျယ်ကြီးသည် အလွန်ပင် တိတ်ဆိတ်နေခဲ့ရသည်။
ခဏမျှ ကြာပြီးနောက် အနက်ရောင်ဝတ်စုံဝတ် ဒိုင်လူကြီးသည် ဝမ်ဖုန်းကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီး အကယ်ဒမီနှစ်ကျောင်းလုံးမှ မည်သူမျှ ဆွေးနွေးရန်နှင့် ယှဉ်ပြိုင်ရန် အောက်သို့ ဆင်းမလာတော့သည့် အခြေအနေတွင်မှ ဝမ်ဖုန်း၏ အောင်ပွဲကို ကြေညာလိုက်တော့သည်။
သူသည် ခုနက ရရှိခဲ့သော တုန်လှုပ်မှုထဲတွင် နစ်မြုပ်နေဆဲဖြစ်ပုံရပြီး ယခုအကြိမ် အောင်ပွဲကြေညာချက်တွင် မည်သည့်အားပေးသံမျှ ထွက်ပေါ်မလာခဲ့ချေ။ ဝမ်ဖုန်း စင်မြင့်မြင့်ထက်ဆီသို့ လျှောက်လှမ်းသွားသည့် အချိန်ကျမှသာ အားပေးသံများသည် ဆူနာမီလှိုင်းလုံးကြီးအလား သောင်းသောင်းဖျဖျ ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
“ခင်ဗျားတို့ အကယ်ဒမီနှစ်ခုက မစွမ်းသေးဘူးပဲ”
ဝမ်ဖုန်းက ဟယ်ဝမ်ထျန်းနှင့် ချန်ယွမ် တို့ကို လှမ်းကြည့်လိုက်ရင်း -
“ကျွန်တော် ကျွန်တော့်ရဲ့ စွမ်းရည်အစစ်အမှန်တွေကို ထုတ်တောင် မပြရသေးဘူး”
၎င်းမှာ ဝမ်ဖုန်းက ကြွားဝါခြင်း မဟုတ်ပေ။ သူ အမှန်တကယ်ပင် ထုတ်မပြရသေးခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် စွမ်းအား ငါးပုံတစ်ပုံခန့် ပြန်လည်ကောင်းမွန်လာပြီးနောက်တွင် သူ၏ စွမ်းအားသည် အလွန်ပင် သန်မာလှသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားဘုရင် ၏ တံဆိပ်တော်ငါးခုကို ဖြေဖျက်ထားသဖြင့် အခြေခံအားဖြင့် ဘွဲ့အမည်ရဒိုလော်အဆင့်အောက်တွင် မည်သူမျှ သူ၏ ရန်သူ မဟုတ်နိုင်တော့ချေ။ ၎င်းမှာ အဆင့်တစ်ရာရှိသော ဝိညာဉ်စွမ်းအားဖြင့် စစ်မှန်သော နတ်ဘုရားဘုရင်နှင့် ယှဉ်ပြိုင်နိုင်သော ခန္ဓာကိုယ်ကြံ့ခိုင်မှု ဖြစ်ပေသည်။ မည်သည့် ဝိညာဉ်စွမ်းအား၏ ပံ့ပိုးမှုမျှ မရှိလျှင်ပင် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် သန်မာဆဲ ဖြစ်သည်။ မည်သူမျှ ဤမျှလောက် အားကောင်းလှသော စွမ်းအားကို ခုခံနိုင်စွမ်း မရှိချေ။
လုံရှဲလည်း အပြင်သို့ ထွက်မလာသေးသလို နှင်းခဲခြင်္သေ့လင်းကျွင်း၏ စွမ်းအားကိုလည်း အပြည့်အဝ ထုတ်ဖော်မသုံးစွဲရသေးချေ။ မမေ့ပါနှင့်… လက်ရှိ နှင်းခဲခြင်္သေ့လင်းကျွင်းသည် အမှောင်နှင်းခဲခြင်္သေ့လင်းကျွင်း ဖြစ်ပြီး အစွန်းရောက် အမှောင်ဒြပ်စင် ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သာမန်အခြေအနေများတွင် အစွန်းရောက်ဒြပ်စင် တစ်ခုသာ ရှိတတ်သည်။ ထို့ကြောင့်ပင် ၎င်းကို အစွန်းရောက်ဒြပ်စင်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ သို့သော် နှင်းခဲခြင်္သေ့လင်းကျွင်း၏ မွေးဖွားလာမှုမှာ အလွန်ပင် ဆန်းပြားလှပြီး မိစ္ဆာဝိညာဉ်သားရဲ၏ ဥအကူအညီဖြင့် ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့တွင် အစွန်းရောက်ဒြပ်စင် နှစ်ခု ရှိနေခြင်း ဖြစ်သည်။
ထို့ပြင် ရေခဲစွမ်းအားသည်လည်း အစွန်းရောက်အထက်ရှိ ရေခဲဒြပ်စင်ကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ တည်းဟူသော ဒုက္ခတစ်ခုမှာ နှင်းခဲခြင်္သေ့လင်းကျွင်းသည် အစွန်းရောက်ဒြပ်စင်နှစ်ခုကို တစ်ချိန်တည်းမှာ အသုံးမပြုနိုင်ခြင်းပင်။ တစ်ခုကို အသုံးပြုပြီးမှသာ အခြားတစ်ခုကို အသုံးပြုနိုင်သည်။ ၎င်းသည် ဝိညာဉ်ဆရာသခင်တစ်ဦးက သိုင်းဝိညာဉ်နှစ်ခု၏ ဝိညာဉ်စွမ်းရည်များကို တစ်ချိန်တည်းမှာ အသုံးမပြုနိုင်ခြင်းနှင့် အလားတူပင် ဖြစ်သည်။ သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား နှင်းခဲခြင်္သေ့လင်းကျွင်းသာ အမှောင်ဒြပ်စင်ကို အသုံးပြုလိုက်ပါက ခုနက ဝူရွှမ်းဟော်အတွက် ရင်ဆိုင်ရန် အလွန်ခက်ခဲသွားလိမ့်မည် ဖြစ်သည်။
အသုံးမပြုရသည့် အကြောင်းရင်းမှာ နှင်းခဲခြင်္သေ့လင်းကျွင်းနှင့် ဝမ်ဖုန်းတို့သည် ဤအမှောင်ဒြပ်စင်ကို ထိန်းချုပ်ရန် လေ့ကျင့်ထားခြင်း မရှိသေးသောကြောင့် ဖြစ်ပြီး မဟုတ်ပါက လူ့အသက်ကို အလွယ်တကူ ထိခိုက်စေနိုင်ခြင်းကြောင့် ဖြစ်သည်။ အမှန်တရား ရေခဲစွမ်းအားနှင့် ရင်းနှီးကျွမ်းဝင်မှုနှင့်အတူ နှင်းခဲခြင်္သေ့လင်းကျွင်းသည် ဤခန္ဓာကိုယ်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ပြီး အမှန်တရား ရေခဲစွမ်းအားကို ပြန်လည်ထိန်းချုပ်နိုင်ရုံမျှသာ ရှိသေးသည်။
“ဆရာကြီးက နောက်ပြောင်နေတာပဲ”
ကျောင်းအုပ်ကြီး ချန်က ရုတ်တရက် ရယ်မောလိုက်ရင်း -
“ခင်ဗျားက ဒီလောက် စွမ်းအားကြီးမားလှပေမဲ့ အဆင့် ၂၀ ကျော် ဝိညာဉ်ဆရာသခင်တစ်ယောက်အဖြစ် ဟန်ဆောင်ထားတာကို ကျွန်တော် နားမလည်နိုင်ဘူး။ ခင်ဗျားကို ဘွဲ့အမည်ရဒိုလော်တစ်ယောက်လို့ ပြောရင်လည်း ကျွန်တော် ချန်ရှင်း လုံးဝ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ အခက်အခဲတွေကို ကျွန်တော် နားလည်ပါတယ်။ ဝိညာဉ်စာချုပ်သခင်အကြောင်း ပျံ့နှံ့စေဖို့အတွက် ဒီရှရက်ခ်အကယ်ဒမီထဲကို ဝင်ရောက်လာခဲ့တာ မဟုတ်လား”
ကျောင်းအုပ်ကြီး ချန်က ဝမ်ဖုန်း၏ အဖြေကို မစောင့်ဘဲ ဆက်လက်၍ -
“ဒီအကြောင်းကို ပြောရရင်တော့… တခြားအရာတွေကို ဖယ်ထားဦး၊ ဒီဝိညာဉ်စာချုပ်သခင်ကတော့ တကယ်ကို မျက်စိပွင့်စရာပါပဲ။ ဒါက လမ်းလွဲတစ်ခုလားဆိုတာကိုတော့ ကျွန်တော် မပြောဝံ့ပါဘူး။ ဒါပေမဲ့ ဝိညာဉ်စာချုပ်သခင်ကတော့ အလွန်တရာ စွမ်းအားကြီးမားလှတဲ့ သက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်တာကတော့ အသေအချာပါပဲ”
ထိုသို့ပြောရင်း ကျောင်းအုပ်ကြီး ချန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ဦးညွှတ်လျက် -
“နောင်အနာဂတ်မှာ ကျွန်တော်တို့နဲ့ ခင်ဗျားကြား ပြန်လည်ဆုံတွေ့ဖို့ အခွင့်အရေး ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒီအချိန်ကျရင် ခင်ဗျားရဲ့ ပြိုင်ဘက်ကင်း ဝိညာဉ်ဆရာသခင် စွမ်းရည်တွေကို ပြန်လည်မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောင်အနာဂတ် တိုက်ကြီးတစ်ခုလုံးရဲ့ အဆင့်မြင့်ဝိညာဉ်ဆရာသခင် ပြိုင်ပွဲမှာ ပြန်လည်ဆုံတွေ့ကြတာပေါ့”
ကျောင်းအုပ်ကြီး ချန်က ဝမ်ဖုန်းကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
ဘေးနားရှိ ဟယ်ဝမ်ထျန်းကလည်း ပြုံးလိုက်ရင်း -
“တကယ်ကို အံ့ဩစရာကောင်းလှပါတယ်။ အဘိုးကြီး ချန်က မပြောဝံ့ဘူးဆိုရင်တော့ ကျွန်တော်ပဲ ပြောလိုက်ပါ့မယ်။ သည်ဝိညာဉ်စာချုပ်သခင်က တကယ့်ကို ထူးခြားလွန်းတယ်။ ဒီနေ့ ကျွန်တော့်အကယ်ဒမီ နှစ်ခုလုံးကတော့ လက်ခံနိုင်စရာ ရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ လာမယ့်အချိန်တွေက အဝေးကြီး ကျန်ပါသေးတယ်။ ဒီနေ့ ခင်ဗျားရဲ့ စွမ်းရည်အစစ်အမှန်တွေကို ထုတ်ပြခွင့် မရစေခဲ့ပေမဲ့… တိုက်ကြီးတစ်ခုလုံးရဲ့ အဆင့်မြင့်ဝိညာဉ်ဆရာသခင် ပြိုင်ပွဲမှာတော့ ကျွန်တော်တို့ ပေဟယ်အကယ်ဒမီက ခင်ဗျားရဲ့ စွမ်းရည်အစစ်အမှန်တွေကို မဖြစ်မနေ ထုတ်ပြခွင့် ရစေရမယ်”
ဟယ်ဝမ်ထျန်းက အလွန် အားပြင်းလှသော လေသံဖြင့် ပြောကြားခဲ့သည်။ သူသည် ဟော်ယွီယောက်နှင့် သူတို့လေးဦးကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
“နှုတ်ဆက်ခဲ့ပါတယ်”
ဟယ်ဝမ်ထျန်းကလည်း လက်သီးဆုပ်ကာ နှုတ်ဆက်ပြီးနောက် ကျောင်းသားများကို ဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်၊ ဆက်လက်နေထိုင်ရန် အလိုမရှိတော့သည့်အလား။ ဆက်တိုက် ရှုံးနိမ့်ခဲ့ရပြီး သည်မျှလောက် ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ရသဖြင့် သူတို့အနေဖြင့် ဤနေရာတွင် ဆက်နေရန် မျက်နှာမရှိကြတော့သည်မှာ ဓမ္မတာပင်။ သို့သော် သူ၏ စိတ်ထဲတွင်မူ ရိုးရာအစဉ်အလာကို တွန်းလှန်ဖျက်ဆီးနိုင်ပြီး အလွန်တရာ စွမ်းအားကြီးမားလှသော ဝိညာဉ်စာချုပ်သခင် ဟူသည့် ကုန်အမှတ်တံဆိပ်သစ် ကျင့်စဉ်စနစ်ကို လျှို့ဝှက်စွာ မှတ်သားထားလိုက်မိပြီ ဖြစ်သည်။
“အရမ်း သန်မာလွန်းတယ်”
ပြန်လမ်းတွင် ဟယ်ဝမ်ထျန်းနှင့် သူ၏ နောက်ကွယ်မှ ကျောင်းသားများသည် အခုထက်ထိ တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။
“အဆင့် ၂၀ ကျော် ဝိညာဉ်ဆရာသခင်တစ်ယောက်က ဘယ်လိုလုပ် သည်လောက်အထိ သန်မာနိုင်ရတာလဲ”
ဖေးလုံ က စဉ်းစား၍ မရနိုင်တော့ချေ။ သို့သော် ၎င်းက အမှန်တရား ဖြစ်နေသည်။
“သူ သန်မာတာ မသန်မာတာက အရေးမကြီးပါဘူး၊ ဒါပေမဲ့ ဝိညာဉ်စာချုပ်သခင်ကတော့ တကယ်ကို သန်မာတာပဲ”
ဟော်ယွီယောက်နှင့် တိုက်ခိုက်ခဲ့သော မီးတောင်သိုင်းဝိညာဉ်ပိုင်ရှင် မိုယန် က ခေါင်းခါလိုက်ရင်း -
“အဲ့ဒီ ဟော်ယွီယောက်မှာ ဝိညာဉ်သားရဲ နှစ်ကောင် ရှိနေပြီး ဝိညာဉ်သားရဲ တစ်ကောင်စီမှာလည်း ဝိညာဉ်စွမ်းရည် နှစ်ခုစီ ရှိနေတယ်၊ အားလုံးပေါင်းလိုက်ရင် ဝိညာဉ်စွမ်းရည် လေးခု ဖြစ်သွားတယ်၊ ဝိညာဉ်စွမ်းရည် လေးခု… အဲ့ဒါအပြင် သူ့ရဲ့ ကိုယ်ပိုင် ဝိညာဉ်စွမ်းရည် နှစ်ခုပါ ပေါင်းလိုက်ရင် အားလုံးပေါင်း ဝိညာဉ်စွမ်းရည် ခြောက်ခု ဖြစ်သွားပြီလေ၊ တခြား ပံ့ပိုးမှုတွေကို ထည့်မတွက်ရင်တောင်မှ။ ဝိညာဉ်စွမ်းရည် ခြောက်ခုဆိုတာ ဝိညာဉ်ဧကရာဇ် တွေရဲ့ ကိုယ်ပိုင်စွမ်းရည် ပုံစံမျိုးပဲ”
“အဲ့ဒါအပြင် ဝိညာဉ်သားရဲရဲ့ ထူးခြားချက်တွေနဲ့ ပေါင်းစပ်လိုက်ရင် ပြီးပြည့်စုံတဲ့ အဖြေတစ်ခုပဲ။ ဝိညာဉ်ဆရာသခင်တွေရဲ့ အားနည်းလှတဲ့ ခံစစ်ကြောင့် ဒါကို ဘယ်လို တိုက်ခိုက်ရမလဲ။ အဲ့ဒါအပြင် အဲ့ဒီဝိညာဉ်သားရဲတွေက ဘာပုန်ကန်မယ့် အရိပ်အယောင်မှလည်း မရှိကြဘူး။ ဟွမ်ယန် က ဝမ်းဗိုက်သုံး စကားပြောနည်း ကို အသုံးပြုပြီး သိမ်းငှက်ကို ချီလင်း ဆီ လှည့်ပြီး တိုက်ခိုက်ခိုင်းဖို့ အများကြီး ကြိုးစားခဲ့ရသေးတယ်၊ ဒါပေမဲ့ ဝိညာဉ်ဆရာသခင်ကိုယ်တိုင်ကတော့ ရှုံးနိမ့်သွားခဲ့ရတာပဲ”