အခန်း (၁၁၃၉) - သာမန်အတိုင်း ဖဲချပ်မဆော့သူ
“နောက်နောင် သံလိုက်ဓာတ်ပါတဲ့ သိုင်းဝိညာဉ်တွေနဲ့ တွေ့ရင် မင်းတို့ သတိထားဖို့ လိုလိမ့်မယ်။ မင်းတို့ စိတ်ဝိညာဉ်စနစ်သမားတွေအတွက်တော့ သူတို့က သဘာဝတရားရဲ့ ကလဲ့စားချေဘက်တွေ ဖြစ်နိုင်ပြီး မင်းတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ကြီးကြီးမားမား ထိခိုက်စေနိုင်တယ်”
ဝမ်ဖုန်းက နောက်ဆုံး ဝါကျတစ်ခွန်းကို ပြောကြားလိုက်သည်။ ဟော်ယွီယောက်လည်း ခေါင်းညှမ့်လိုက်၏။
“ဆရာဝမ်ရဲ့ ရှင်းပြချက်က တကယ်ကို ဆန်းသစ်တာပဲဗျာ။ ကျွန်တော် ‘သံလိုက်စက်ကွင်း’ ဆိုတဲ့ စကားလုံးကို ကြားဖူးတာ ဒါပထမဆုံးပဲ”
ဤအခိုက်အတန့်တွင် အဝေးဆီမှ မပွင့်တပွင့် ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူနှစ်အုပ်စုသည် ဤဘက်သို့ လှမ်းလျှောက်လာကြခြင်း ဖြစ်သည်။ စကားပြောလိုက်သူမှာ ဇီရှင်းအကယ်ဒမီမှ ကျောင်းအုပ်ချန် ဖြစ်ပြီး ဘေဟယ်အကယ်ဒမီမှ ဟော်ဝမ်ထျန်းသည်လည်း သူနှင့်အတူ ပါလာခဲ့သည်။
“ဟုတ်လို့လား... ဒါဆိုလည်း မင်းက နည်းနည်း အမြင်ကျဉ်းသေးတာပေါ့”
ဝမ်ဖုန်းက ထိုလူနှစ်အုပ်စုကို မျက်နှာတွင် အပြုံးတစ်ခုဖြင့် ကြည့်လိုက်ပြီး—
“ပြိုင်ပွဲကတော့ ပြီးသွားပြီ၊ ဒီဝိညာဉ်စာချုပ်သခင် အသက်မွေးဝမ်းကျောင်းက ခင်ဗျားတို့အတွက် မျက်စိပွင့်သွားစေလောက်မယ်လို့ ထင်ပါတယ်။ ခင်ဗျားတို့နှစ်ယောက် တခြားကိစ္စ ရှိသေးလို့လား” ဟု မေးလိုက်သည်။
“ဟားဟားဟား... သေချာပေါက် ကိစ္စရှိတာပေါ့”
ဟော်ဝမ်ထျန်းက ဝမ်ဖုန်းကို အနီးကပ် စိုက်ကြည့်လိုက်ရင်း—
“ဆရာဝမ်က ဒီကျောင်းသားတွေကို လေ့ကျင့်ပေးနိုင်တာ တကယ်ကို ထူးခြားဆန်းပြားလှပါတယ်။ ဆရာ့ရဲ့ ရုပ်ရည်နဲ့ အရှိန်အဝါကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ပြောရင်တောင် ပုံကြီးချဲ့ရာ မကျပါဘူး။ ကောင်းကင်ဘုံက နတ်သားတစ်ပါးလိုပါပဲလား” ဟု ဆိုလိုက်သည်။
“ဟုတ်တယ်... ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်” ဝမ်ဖုန်းက ခေါင်းညှမ့်လိုက်သည်။
“...” ဟော်ဝမ်ထျန်း စွန့်အသွားရသည်။
သူသည် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး စိတ်ထဲမှနေ၍ ‘ခင်ဗျားကတော့ တကယ်ကို မျက်နှာပြောင်တိုက်ပြီး အမွှန်းတင်တာကို လက်ခံတာပဲ’ ဟု တွေးလိုက်မိသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော ဆရာဝမ်သည် နည်းနည်းလေးမျှ နှိမ့်ချခြင်း မရှိချေ။
နောက်ကွယ်မှ ကျောင်းသားများသည်လည်း မှင်တက်သွားကြရသည်။ တစ်ဖက်လူသည် တည်ကြည်ပြီး သွေးအေးသော ဆရာဝမ်တစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသလို တစ်ဖက်လူ၏ ရုပ်ရည်နှင့် အရှိန်အဝါကလည်း အနည်းငယ် ပုံကြီးချဲ့ထားသကဲ့သို့ ရှိနေသည်။ သို့သော် အခြေအနေက ထိုသို့ ဖြစ်မနေပုံရချေ။
“ဝိညာဉ်စာချုပ်သခင်လို အသက်မွေးဝမ်းကျောင်းမျိုးကို တည်ထောင်နိုင်ခဲ့တာဆိုတော့ ဆရာဝမ်မှာ ဒီလို ယုံကြည်မှုမျိုး ရှိသင့်တာပေါ့”
ကျောင်းအုပ်ချန်က ပြုံးလျက် ပြောလိုက်သည်—
“ဒီနေ့မှာ ကျွန်တော် ရှရက်ခ်ကျောင်းသားတွေကြားထဲက ဆရာဝမ်ရဲ့ ပုံရိပ်ကို လိုက်လံစုံစမ်းနေခဲ့တာ၊ အဲဒီကျောင်းသားတွေက ဆရာ့ကို အမွှန်းတင်လွန်းလို့ ကျွန်တော် သိပ်ပြီး အလေးမထားခဲ့မိဘူး။ ဒါပေမဲ့ ဒီနေ့ မျက်မြင်တွေ့ရတဲ့အခါမှာတော့ တကယ်ကို နာမည်နဲ့ လိုက်ဖက်ပါပေတယ်”
“ကဲပါ... ကျွန်တော် ခန့်ညားတာကို ခင်ဗျားတို့ ဒီမှာ လာပြီး လေကန်နေဖို့ မလိုပါဘူး”
ဝမ်ဖုန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး—
“ခင်ဗျားတို့ရဲ့ လေကန်တဲ့ အဆင့်အတန်းနဲ့ဆိုရင် ကျွန်တော့်ရဲ့ ရုပ်ရည်ကို ဆယ်ပုံတစ်ပုံတောင် ဖော်ပြနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် နည်းနည်းလေးမှ မပျော်တဲ့အပြင် စော်ကားခံရသလိုတောင် ခံစားရတယ်။ ဒါကြောင့် ခင်ဗျားတို့ သွားနိုင်ပါပြီ” ဟု နှင်ထုတ်လိုက်သည်။
ဤစကားကို ကြားရသောအခါ လူနှစ်ယောက်လုံး၏ မျက်နှာများ တောင့်တင်းသွားကြရသည်။ ဟော်ယွီယောက်နှင့် အခြားသူများမှာမူ တဟားဟား ရယ်မောမိကြတော့သည်။ ကြည့်စမ်း... ဒါက ဆရာပဲဟာကို။ စကားအရာတွင် အလွန် ထက်မြက်လှပြီး မည်သည့်အခါမျှ အလိုက်မောမခံဘဲ စကားတစ်ခွန်း၊ နှစ်ခွန်းဖြင့်တင် ဤကျောင်းအုပ်ကြီးများကို စကားတစ်ခွန်းမှ ပြန်မပြောနိုင်အောင် လုပ်နိုင်စွမ်း ရှိပေသည်။ မည်သည့်အခါမျှ ရိုးရိုးပုံမှန်လမ်းအတိုင်း လျှောက်လှမ်းလေ့ မရှိချေ။
“ခင်ဗျားက ဘာတွေ ဂုဏ်ယူနေတာလဲ”
ဤအချိန်တွင် ဟော်ဝမ်ထျန်း၏ နောက်ကွယ်မှ ဖေးလုံသည် ရှေ့သို့ ထွက်လာပြီး အေးစက်စွာ ပြောဆိုလိုက်သည်—
“ခင်ဗျားရဲ့ ကျောင်းသားလေးယောက်က ဘာကိုမှ သက်သေမပြနိုင်ပါဘူး။ အလွန်ဆုံးရှိလှ အောက်ခြေအဆင့် ဝိညာဉ်ဆရာသခင်တွေရဲ့ အဆင့်အတန်းကိုပဲ ကိုယ်စားပြုနိုင်တာပါ။ ကျွန်တော်တို့ ဝိညာဉ်ဆရာသခင်တွေထက် ပိုပြီး အစွမ်းထက်တယ်ဆိုတာထက် မပိုပါဘူး။ ဒါပေမဲ့ အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့်နဲ့ ထိပ်တန်း ဘွဲ့အမည်ရဒိုလော် အဆင့်တွေမှာတော့ ၎င်းက ဘာကိုမှ သက်သေမပြနိုင်သေးပါဘူး။ အချိန်ကပဲ ဒါတွေအားလုံးကို သက်သေပြသွားပါလိမ့်မယ်။ ကျွန်တော်တို့က ဝိညာဉ်စာချုပ်သခင်တွေကို ယာယီပဲ အသိအမှတ်ပြုထားတာပါ။ ကမ္ဘာပေါ်မှာ အစွမ်းထက်တဲ့သူတွေ မရေမတွက်နိုင်အောင် ရှိသေးတယ်။ ဆရာကိုယ်တိုင် စင်မြင့်ထက်ကို တက်လာဖို့ကတော့ အများကြီး စောပါသေးတယ်”
ဤစကားကို ကြားသောအခါ ဝမ်ဖုန်းက ဖေးလုံကို စိတ်ဝင်တစား ကြည့်လိုက်ပြီး—
“လူငယ်လေး... မင်းရဲ့ စကားတွေက နည်းနည်း ရန်လိုနေပေမဲ့ မင်းပြောတာ ကောင်းပါတယ်။ မင်းက ဒီစကားတွေနဲ့ ငါ့ကို ဆွပြီး မင်းရဲ့ ဆရာတွေကိုပါ လာရောက်လဲလှယ် တိုက်ခိုက်ခိုင်းချင်တာ မဟုတ်လား” ဟု မေးလိုက်သည်။
“ပြဿနာမရှိဘူး... ငါ စိန်ခေါ်မှုကို လက်ခံတယ်။ လာကြစမ်းပါ... စကားအပိုတွေ ပြောမနေနဲ့တော့။ ခင်ဗျားတို့ အကယ်ဒမီ နှစ်ခုလုံးက ဆရာတွေ ကောင်းကောင်း လုပ်နိုင်သရွေ့ ပွဲကို အဆုံးသတ်နိုင်ပါတယ်။ ငါ ခင်ဗျားတို့ကို ဒီနေ့ပဲ ဝိညာဉ်စာချုပ်သခင်ရဲ့ အလယ်အလတ် ဒါမှမဟုတ် အဆင့်မြင့်အဆင့်မှာ ဘယ်လို စွမ်းအားမျိုး ရှိလဲဆိုတာ သိအောင် လုပ်ပေးမယ်”
ပြောပြီးသည်နှင့် ဝမ်ဖုန်းသည် လက်ကို ခါယမ်းကာ စင်မြင့်ထက်မှ တိုက်ရိုက် ဆင်းသွားခဲ့သည်။ သူ၏ စိတ်ထဲတွင်မူ ‘နှင်းခဲခြင်္သေ့လင်းကျွင်း’ သည်လည်း ခုလေးတင် မွေးဖွားလာခဲ့ပြီး မိမိ၏ ခန္ဓာကိုယ်နှင့်လည်း အနည်းငယ် အသားမကျသေးရာ အံဝင်ခွင်ကျ ဖြစ်နေသည်ဟု တွေးလိုက်မိသည်။ ဤမာနကြီးသော ဝိညာဉ်ဆရာသခင်များကို အရိုက်အနှက်ပေးပြီး သူတို့၏ မာနကို ချိုးနှိမ်ရန် အချိန်ကိုက်ပင်။ ထို့ပြင် နှင်းခဲခြင်္သေ့လင်းကျွင်းကိုလည်း အာရုံအချို့ ပြန်လည်ရရှိစေနိုင်မည် ဖြစ်သည်။
ဝမ်ဖုန်း ကွင်းထဲသို့ လှမ်းဝင်သွားချိန်တွင် ဟော်ဝမ်ထျန်းနှင့် ကျောင်းအုပ်ချန်တို့မှာ တုန့်ပြန်ရန်ပင် အချိန်မရလိုက်ကြချေ။
ဟင်... ဒီလောက်တောင် လွယ်လွယ်ကူကူ လက်ခံတာလား။
သူတို့သည် ဤအချက်ကို တကယ်ပဲ အာရုံစိုက်နေခဲ့ကြခြင်း ဖြစ်သည်။ အဓိကမှာ ဤလျှို့ဝှက်ဆန်းကြယ်သော ဆရာဝမ်၏ နောက်ကြောင်းကို စုံစမ်းလိုခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်လူသည် မာနကို နှိမ့်ချထားသော ပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့မိသော်လည်း မည်သို့ကြောင့် ခြေလှမ်းတိုင်းက သာမန်အတိုင်း ဖဲချပ်မဆော့သကဲ့သို့ ဖြစ်နေရပါသနည်း။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ” ကျောင်းအုပ်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး—
“ဂျိုက်... မင်းသွားပြီး ဒီဝိညာဉ်စာချုပ်သခင် ဆရာဖြစ်တဲ့ ဆရာဝမ်နဲ့ တိုက်ခိုက်လိုက်စမ်း။ သူ့ရဲ့ နောက်ကြောင်းက ဘာလဲဆိုတာ ကြည့်ရအောင်။ ရှရက်ခ်အကယ်ဒမီက လူတစ်ယောက်ကို အယောင်ဆောင်ထားတာများလား” ဟု အမိန့်ပေးလိုက်သည်။
“ပြဿနာမရှိပါဘူး” ဂျိုက်က ပြုံးလိုက်သည်။
သူသည် နေလ အင်ပါယာမှ အသားညိုသော ဆယ်လ်မန် လူမျိုးတစ်ဦး ဖြစ်သည်။ သူသည် သွားဖြူဖြူကြီးများ ပေါ်အောင် ပြုံးလိုက်ရာ ပိန်ခြောက်ခြောက် ပုံစံမျိုး ပေါက်နေသည်။ သို့သော် အသားအရောင်ကို ကြည့်ခြင်းအားဖြင့် ယနေ့ခေတ် ဝိညာဉ်ကုန်းမြေ ကမ္ဘာတွင် လူမျိုးစု မည်မျှအထိ ကွဲပြားသွားသည်ကို မည်သူမျှ မသိရှိနိုင်ကြတော့ချေ။ ပင်လယ်ကမ်းခြေတွင် နေထိုင်ကြသော လူမျိုးစု အများအပြား ရှိပြီး သူတို့၏ အသားအရောင်သည် အပြာရောင် သန်းနေတတ်သည်။ အပြာရင့်ရောင်၊ အပြာနုရောင်၊ နက်မှောင်သော အပြာရောင်၊ စိမ်းပြာရောင် စသည်ဖြင့် လူမျိုးစု ကွဲပြားမှုများစွာ ရှိကြသည်။ ဤအသားမည်းသော သူတစ်ယောက်သာလျှင် အမှတ်ရဆုံးသူ ဖြစ်ပေသည်။
“ဆရာလည်း စင်ပေါ်တက်တော့မယ်” ရှောင်ရှောင်က အနည်းငယ် စိတ်လှုပ်ရှားနေပြီး—
“ကျွန်မ ဆရာ တိုက်ခိုက်တာကို ကြည့်ရတာ အကြိုက်ဆုံးပဲ၊ သူက အရမ်း ခန့်တာပဲ” ဟု ဆိုလိုက်သည်။
“မင်းက တကယ့်ကို ယောကျာ်းမက်တဲ့သူပဲ” ဝမ်တုံးက ဘေးနားမှနေ၍ လှောင်ပြောင်လိုက်သည်။
“ကျွန်မက ယောကျာ်းမက်တော့ ဘာဖြစ်လဲ” ရှောင်ရှောင်က မျက်နှာပြောင် တိုက်လိုက်သည်။
“အမှန်တော့ ကျွန်တော်လည်း ဆရာ တိုက်ခိုက်တာကို ကြည့်ရတာ ကြိုက်တယ်” ဟော်ယွီယောက်က ပြုံးလိုက်ပြီး—
“ရှောင်ရှောင်... ငါ မင်းဘက်ကပဲ” ဟု ထောက်ခံလိုက်သည်။
ဟဲချိုက်ထိုးက မေးစေ့ကို ပွတ်သပ်ရင်း—
“ဆရာသာ ဝိညာဉ်ကာကွယ်ရေး ကိရိယာကို သုံးနိုင်ရင် ပိုပြီး ခန့်သွားမှာ သေချာတယ်။ ဒါပေမဲ့ ဆရာ့ရဲ့ စွမ်းအားနဲ့ဆိုရင် ဝိညာဉ်ကာကွယ်ရေး ကိရိယာက သူ့ရဲ့ စွမ်းအားတိုးတက်ဖို့အတွက် သိပ်ပြီး ထိရောက်မှာ မဟုတ်ဘူး” ဟု ဆိုလိုက်သည်။
“ဒါနဲ့ ပြောရဦးမယ်... ကျွန်တော် ဆရာ့ရဲ့ ဝိညာဉ်သားရဲကို တစ်ခါမှ မမြင်ဖူးဘူး၊ အမည်းရောင်နဲ့ အဖြူရောင် အရောင်နှစ်မျိုးပါတဲ့ ဝိညာဉ်သားရဲလေ”
လေးယောက်စလုံးသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး ကွင်းပြင်ကို အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မကြည့်ဘဲ မနေနိုင်ကြတော့ပေ။
“ဒီကျောင်းသားတွေက သူတို့ရဲ့ ဆရာဝမ်အပေါ် တော်တော်လေး ယုံကြည်မှု ရှိနေကြတာပဲ” ဖေးလုံက သာယာစွာ ရယ်မောလိုက်ပြီး—
“ဇီရှင်းအကယ်ဒမီက ကျွန်တော်တို့ ဘေဟယ်ထက်တောင် ပိုပြီး သန်မာသေးတယ်။ ဆရာအများစုက ဝိညာဉ်ဧကရာဇ်အထက်မှာ ရှိကြတာ။ အဲဒီ ဂျိုက် ဆိုတဲ့လူက ဝိညာဉ်သူတော်စင် တစ်ယောက်ပဲ။ အဆင့်မြင့် ဝိညာဉ်ဆရာသခင်တွေရဲ့ တိုက်ပွဲကို နှစ်တစ်ရာသက်တမ်း ဝိညာဉ်သားရဲ အနည်းငယ်နဲ့ မပြောင်းလဲနိုင်ဘူးဆိုတာကို သူတို့ နားမလည်ကြဘူးလားမသိဘူး” ဟု ဆိုလိုက်သည်။
“အဲဒါကတော့ သေချာပေါက် ပြောလို့မရဘူး”
ကျောင်းအုပ်ချန်က ဖေးလုံ၏ တိုးတိုးရေရွတ်သံကို ကြားသွားပုံရပြီး—
“မင်းရဲ့ အချက်အလက်တွေက မမှန်ကန်ဘူး။ ဒီဆရာဝမ်က လွန်ခဲ့တဲ့ လေးလက ကျန်းလဲ့ရွှမ်းကို အနိုင်ယူခဲ့တာ။ ကျန်းလဲ့ရွှမ်းက ဘယ်သူလဲဆိုတာ မင်းသိလား။ သူက ကုန်းမြေတိုက်ကြီး ဝိညာဉ်ဆရာသခင် ပြိုင်ပွဲကို နှစ်နှစ်ဆက်တိုက် ပါဝင်ခဲ့ပြီး လူငယ်အုပ်စုရဲ့ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ အစွမ်းထက်သူပဲ”
“အခု သူက ဝိညာဉ်သူတော်စင် ဖြစ်နေပြီ၊ အကယ်၍ သူသာ ဒီတစ်ကြိမ် ထပ်ပြီး ပါဝင်မယ်ဆိုရင် အဆင့်မြင့်အုပ်စုမှာ ပါဝင်ရလိမ့်မယ်။ ကျွန်တော်တို့ အကယ်ဒမီက ဆရာအများစုက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ကြဘူး”
ပြောပြီးသည်နှင့် ကျောင်းအုပ်ချန်သည်လည်း ဝိညာဉ်ကွင်းပြင်အတွင်းရှိ ပုံရိပ်ကို စိုက်ကြည့်နေမိတော့သည်။
“ဒီလိုကိစ္စမျိုးလည်း ရှိသေးတာလား” ဟော်ဝမ်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။
သူတို့ ရရှိထားသော အချက်အလက်များတွင် ဤဆရာဝမ်သည် ဝိညာဉ်စာချုပ်သခင် ပညာရပ်ကို တည်ထောင်သူ ဖြစ်ပြီး အလွန်ခန့်ညားကာ အလွန်အမင်း ချောမောလှပသည်ဟူ၍သာ ပါရှိပြီး... အခြားအချက်အလက်များမှာမူ... အလွန်ပင် နည်းပါးလှသည်။ ကျောင်းသား အများအပြားက ဤအချက်ကိုသာ မှတ်မိနေကြခြင်း ဖြစ်သည်။
“ဟားဟားဟား...” ကျောင်းအုပ်ချန်က ရယ်မောလိုက်သည်။ အဓိပ္ပာယ်ဖော်ရခက်သော အပြုံးမျိုး ဖြစ်သည်။
တစ်ချိန်တည်းမှာပင်—
“သူ တကယ်ပဲ ကွင်းထဲ ဆင်းတော့မယ့်ပုံပဲ။ ဒီဆရာဝမ်က တကယ့်ကို ရိုးရိုးပုံမှန်လမ်းအတိုင်း လျှောက်လှမ်းလေ့ မရှိဘူးပဲ...”
ချန်တွတ်တွတ်၏ မျက်လုံးများသည် မြင့်မားသော စင်မြင့်ထက်မှ တိုက်ပွဲကွင်းပြင်ဆီသို့ လှမ်းလျှောက်သွားသော ဝတ်စုံနက်ဝတ် ပုံရိပ်ဆီသို့ ကျရောက်သွားပြီး—
“သူ့ရဲ့ အရှိန်အဝါကို ကြည့်ဦး၊ ကွင်းထဲ ဆင်းလာတာနဲ့ သူ့ရဲ့ ကိုယ်ပိုင်ထူးခြားချက်ကြောင့် ပရိသတ်တွေ အားလုံး တိတ်ဆိတ်သွားကြတယ်။ ကျွန်တော်တို့ ဘွဲ့အမည်ရဒိုလော်တွေတောင် အဲဒီလိုမျိုး လုပ်နိုင်စွမ်း မရှိကြဘူး” ဟု ဆိုလိုက်သည်။
“အားကျလိုက်တာ... တကယ်ကို အားကျမိတာပါပဲ” ချန်တွိုတွိုက ရိုးသားစွာ ပြောဆိုလိုက်တော့သည်။