အခန်း (၁၁၃၇) - ဟော်ယွီယောက်၏ အောင်ပွဲ
“ငါ့ရှေ့မှာ လာရပ်စမ်း...”
ဟော်ယွီယောက်က အော်ဟစ်လိုက်သည့် အချိန်မှာပင် ချော်ရည်များ ဖုံးလွှမ်းနေသော လွင့်ပျံကျောက်တုံး အမြောက်အမြားသည်လည်း သူ့ထံသို့ လျင်မြန်စွာ တိုက်ခိုက်လာခဲ့ပြီ ဖြစ်သည်။
နောက်တစ်ကိုယ်၌—
ဒုန်း... ဒုန်း... ဒုန်း...။
ရိုက်ခတ်မိသံများ တစ်ခုပြီးတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။ ဟော်ယွီယောက်သည် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။ ကျောက်စိမ်းအခွံသလင်းကျောက်မိစ္ဆာသည် စိတ်ဝိညာဉ်စနစ် ဝိညာဉ်သားရဲတစ်ကောင် ဖြစ်ပြီး အလွန်ပင် ရှားပါးလှသည်ဟု ပြောနိုင်သည်။ ၎င်းကို ခရမ်းရောင်မေပယ် ဝိညာဉ်သားရဲတောအုပ် ထဲတွင် ရှာဖွေရန်ပင် အလွန် ခက်ခဲလှသည်။ ဟော်ယွီယောက်သည် လွန်ခဲ့သော နှစ်ရက်ကလည်း ရှာဖွေစုံစမ်းခဲ့ရာ ဤကဲ့သို့သော မိစ္ဆာမျိုးသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်ကတည်းက တည်ရှိခြင်းမရှိဘဲ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် စွမ်းအင်ဒီရေလှိုင်းများ ဖြစ်ပေါ်ပြီးနောက်တွင်မူ ကောင်းကင်နှင့် မြေပြင်သည် တစ်ဖန်ပြန်လည် ပြောင်းလဲကာ ဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ပြီး ကျောက်စိမ်းအခွံသလင်းကျောက်မိစ္ဆာသာမက အခြားသော ဝိညာဉ်သားရဲ အများအပြားလည်း ပေါ်ပေါက်လာခဲ့သည်။ ပတ်ဝန်းကျင် အခြေအနေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် တစ်ချိန်က ပျောက်ကွယ်သွားခဲ့ဖူးသော ဝိညာဉ်သားရဲများသည် ယခုအခါ ဝိညာဉ်ကုန်းမြေ ကမ္ဘာတွင် ပြန်လည်မွေးဖွားကာ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဤကဲ့သို့သော စိတ်ဝိညာဉ်စနစ် ဝိညာဉ်သားရဲသည် ၎င်း၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအတိုင်းပင် အလွန်တရာ အစွမ်းထက်ပြီး အံ့ဩစရာကောင်းလောက်အောင် အထွတ်အထိပ် ခံစစ်စွမ်းအား ရှိပေသည်။ ချော်ရည်များ ပါဝင်သော ပူပြင်းသည့် လွင့်ပျံကျောက်တုံးများသည် ကျောက်စိမ်းကဲ့သို့ ခိုင်ခံ့သော ဒိုင်းမျက်နှာပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်လာပြီး အနည်းငယ် ချိုင့်ဝင်သွားစေသည်။ ထိုအချိန်မှာပင် ဒိုင်းမျက်နှာပြင်ဆီမှ ကွဲကြေပျံ့လွင့်သွားသော အလင်းတန်းတစ်ခုနှင့်အတူ ဤချော်ရည်ကျောက်တုံးများသည် ချက်ချင်းပင် အဝေးသို့ ရောင်ပြန်ဟပ် လွင့်စင်သွားကာ ပေါက်ကွဲသွားတော့သည်။
“တောင့်ခံထားစမ်း...” ဟော်ယွီယောက်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်—
“ဒီလို ဝိညာဉ်စွမ်းရည်မျိုးကို ပြိုင်ဘက်အနေနဲ့ ဒုတိယအကြိမ် ထုတ်ဖော်ဖို့ အခွင့်အရေး ရှိချင်မှ ရှိမှာ။ ရှိတယ်ဆိုရင်တောင် ပြန်လည်သက်သာလာဖို့ အချိန်အများကြီး ယူရလိမ့်မယ်”
ဒုန်း... ဒုန်း... ဒုန်း...။
ချော်ရည်ကျောက်တုံးများ ဆက်တိုက် ကျရောက်လာသည်နှင့်အမျှ သလင်းကျောက်မိစ္ဆာဖြင့် ဖွဲ့စည်းထားသော ဒိုင်းမျက်နှာပြင်သည် တဖြည်းဖြည်းနှင့် အနည်းငယ် နီရဲကာ ဖောင်းကြွလာခဲ့သည်။ သေချာပေါက်ပင် ၎င်းသည် ရောင်ပြန်ဟပ် လွှတ်လိုက်သည့် အချိန်တွင်လည်း တိုက်ခိုက်မှုကို ခံရခြင်း ဖြစ်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ ထိုဒုန်းဒုန်းမြည်သံများသည် တဖြည်းဖြည်းချင်း တိတ်ဆိတ်သွားခဲ့သည်။ ယခုအချိန်တွင်မူ ဤမျှ ထူထပ်လှသော အုပ်စုလိုက် တိုက်ခိုက်မှုကြောင့် ကွင်းတစ်ခုလုံးတွင် ထူထပ်သော မြူခိုးများ ပျံ့နှံ့သွားပြီး လူအများအပြား၏ အမြင်အာရုံကို ပိတ်ဆို့သွားစေသည်။ ဟော်ယွီယောက်၏ အခြေအနေကို မည်သူမျှ မသိရှိနိုင်ကြတော့ချေ။
အချိန် မည်မျှ ကုန်လွန်သွားသည်မသိသော်လည်း ဤအခိုက်အတန့်တွင် ထူထပ်သော မြူခိုးများထဲမှ ပုံရိပ်တစ်ခု ဖြတ်ကျော်ကာ ပြေးထွက်လာခဲ့သည်။
ထိုသူကား ဟော်ယွီယောက်ပင် ဖြစ်သည်။
တိုက်ခိုက်မှု အရှိန်အဟုန် လျော့နည်းသွားပြီးနောက် ဟော်ယွီယောက်သည် ချက်ချင်းပင် ပြေးထွက်လာခဲ့ခြင်း ဖြစ်သည်။ ဤအချိန်တွင် ဟော်ယွီယောက်ထံသို့ ထိမှန်လာဆဲဖြစ်သော ချော်ရည်ကျောက်တုံး အချို့ ရှိနေသေးသော်လည်း အစောပိုင်းကလောက် ထူထပ်ခြင်း မရှိတော့ဘဲ စွမ်းအားလည်း မပြင်းထန်တော့ချေ။ သူသည် ရှေ့မှ မိုယန်ထံသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။ ဤကဲ့သို့သော အုပ်စုလိုက် တိုက်ခိုက်မှုက ပြင်းထန်လွန်းလှသဖြင့် သလင်းကျောက်မိစ္ဆာပင်လျှင် ဒုတိယအကြိမ် ထပ်မံတောင့်ခံနိုင်ရန် မစွမ်းသာတော့ချေ။ သို့မဟုတ်ပါက အပြင်းအထန် ဒဏ်ရာရရှိသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် သူ့၌ ဝိညာဉ်စွမ်းအား ကျန်ရှိနေသေးသည်။
ဟော်ယွီယောက်သည် တစ္ဆေအရိပ် ခြေလှမ်းကို အသုံးပြု၍ မိုယန်ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
“ဒါက ဝိညာဉ်သားရဲလား...”
မိုယန်သည် ဟော်ယွီယောက်က ဒိုင်းအဖြစ် လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော သလင်းကျောက်မိစ္ဆာကို စိုက်ကြည့်လိုက်သည်။ ဤဝိညာဉ်သားရဲသည် အထူးဝိညာဉ်စွမ်းရည်တစ်ခုကို အသုံးပြုပြီး တစ်ဖက်လူ၏ ရှောင်တိမ်းမှုနှင့်အတူ သူ၏ ဝိညာဉ်စွမ်းရည် သုံးခုစလုံးကို အပြည့်အဝ ရှောင်ကွင်းသွားနိုင်ခဲ့သည်။ ၎င်းက အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်။ အသက် တစ်ဆယ့်ခုနစ်နှစ်အရွယ် စိတ်ဝိညာဉ်စနစ် ဝိညာဉ်ဆရာသခင်တစ်ယောက်သည် မိမိ၏ စိတ်ဝိညာဉ်စွမ်းအားကို ဖိနှိပ်ထားခြင်း ခံရသည့်တိုင်အောင် မိမိ၏ တိုက်စစ်ဆင်မှုအတွင်းမှ ဒဏ်ရာအနာတရမရှိဘဲ လွတ်မြောက်လာနိုင်သည်ဟု ဆိုရမည် ဖြစ်သဖြင့် ပုံကြီးချဲ့ပြောခြင်း မဟုတ်ပေ။
“နှမြောစရာပဲ... မင်းက နောက်ဆုံးတော့လည်း အဆင့် တစ်ဆယ့်ခုနစ်ပဲ ရှိသေးတာပါ”
မိုယန်သည် မီးတောင်၏ နောက်ကွယ်တွင် ရပ်နေရင်း ၎င်းကို ရှေ့သို့ ပြင်းထန်စွာ တွန်းလွှတ်လိုက်သည်။ တစ်ခဏချင်းမှာပင် ထိုမီးတောင်သည် ဝိညာဉ်စွမ်းအားကြောင့် မောင်းနှင်ခံလိုက်ရသကဲ့သို့ ဟော်ယွီယောက်၏ လားရာဘက်သို့ တိုက်ရိုက် ပြိုကျသွားတော့သည်။ ၎င်းကို မိုယန်က လက်နက်တစ်ခုကဲ့သို့ တိုက်ရိုက် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ဘုန်း...။
မီးတောင်ကြီးသည် ပြိုကျပျက်စီးသွားပြီး ကြီးမားလှသော တောင်ကုန်းကြီးကဲ့သို့ ခန္ဓာကိုယ်သည် အရာအားလုံးကို တစ်ခဏချင်းအတွင်း ဝါးမြိုသွားခဲ့သည်။ ကွင်းပြင်ပေါ်တွင် ဖုန်မှုန့်များ အလိပ်လိုက် ထွက်ပေါ်လာခဲ့သည်။ ကြည့်ရှုသူ အများအပြား၏ နှလုံးသားများ တုန်လှုပ်ချောက်ချားသွားကြရသည်။ ဤနောက်ဆုံး ပိတ်လှုပ်ရှားမှုကို လူအများအပြား ကြိုတင်တွေးဆထားမိမည် မဟုတ်ချေ။ ခုနစ်မီတာ၊ ရှစ်မီတာခန့် မြင့်သော မီးတောင်ငယ်တစ်ခု ပြိုကျလာခြင်းသည် လူသားတစ်ယောက်အတွက်မူ ဧရာမဘီလူးကြီးတစ်ကောင်နှင့် တူလှသည်။ အောက်သို့ ဖိသိပ်ကျရောက်လာသော စွမ်းအင်သည် အဆင့် ဆယ်ဂဏန်းကျော်မျှသာ ရှိသေးသော ဝိညာဉ်ဆရာသခင်တစ်ယောက် ခုခံနိုင်သောအရာ မဟုတ်ပေ။ အကယ်၍ အနီးကပ်လွန်းပါက အပြင်းအထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။ ထို့အပြင် မီးတောင်ပေါ်တွင် ချော်ရည်များစွာ ရှိနေသေးသည်ကိုလည်း မမေ့အပ်ပေ။ ၎င်းက ပန်းထွက်လာသည်နှင့်တစ်ပြိုင်နက် နတ်သမီးက ပန်းကြဲသကဲ့သို့ ဖြစ်လာမည် ဖြစ်ရာ မတော်တဆ သတိမထားမိပါက မည်သို့မျှ ကာကွယ်နိုင်မည် မဟုတ်ချေ။
သို့သော်လည်း ထိုအချိန်မှာပင်—
မီးတောင်အောက်တွင် နစ်မြုပ်သွားသော အခြားတစ်ဖက်မှ ဂျိုင်းခနဲ လည်ပတ်နေသော စက်ဝိုင်းချပ်ကဲ့သို့ အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာခဲ့သည်။ သို့သော် ၎င်းက ဟော်ယွီယောက် မဟုတ်ချေ။
၎င်းကား သလင်းကျောက်မိစ္ဆာပင် ဖြစ်သည်။
ထောင့်ခြောက်ထောင့်ရှိသော သလင်းကျောက်မိစ္ဆာသည် ပစ်လွှတ်လိုက်သော လက်နက်တစ်ခုကဲ့သို့ မိုယန်ထံသို့ တိုက်ခိုက်လာခဲ့သည်။ မိုယန် ထိတ်လန့်သွားရပြီး ထိုကလေးက ဤမျှအထိ ပါးနပ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။ သူသည် မိမိ၏ ဝိညာဉ်သားရဲကို အသုံးပြု၍ ဤကဲ့သို့သော တိုက်ခိုက်မှုကို ပြုလုပ်နိုင်သေးသည်။ ထို့အပြင် ၎င်းက သေချာပေါက်ပင် ဝိညာဉ်စွမ်းရည်တစ်ခု မဟုတ်ချေ။
“နှမြောစရာပဲ...”
မိုယန်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး ယုံကြည်မှုရှိသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဝိညာဉ်ကိရိယာဆရာသခင် တစ်ယောက်အနေဖြင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အလွန်တရာ အစွမ်းထက်လှသည်။ ဝင်ရောက်လာသော သလင်းကျောက်မိစ္ဆာကို ကြည့်ပြီး ၎င်းကို အပြည့်အဝ ဖမ်းဆွဲနိုင်မည်ဟု သူ ယုံကြည်ချက် ရှိနေသည်။
သို့သော်လည်း ထိုအချိန်မှာပင်—
လည်ပတ်နေသော သလင်းကျောက်မိစ္ဆာသည် မိုယန်၏ ဘေးနားသို့ ချဉ်းကပ်လာသည့် အခိုက်အတန့်တွင် ရုတ်တရက် ဝုန်းခနဲ လည်ပတ်သွားပြီး ငွေဖြူရောင် အရာဝတ္ထုတစ်ခုကို အဝေးသို့ လွှတ်တင်လိုက်သည်။ ၎င်းကို မိုယန်၏ အခြားတစ်ဖက်ဆီသို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
၎င်းကား အရှည် နှစ်ဆယ်စင်တီမီတာပင် မပြည့်သော ငွေရောင်အစင်းကြောင်းပါ ပိုးကောင်ငယ် တစ်ကောင် ဖြစ်သည်။
ရှူး...။
၎င်းကို သလင်းကျောက်မိစ္ဆာက ပစ်လွှတ်လိုက်သည့် အခိုက်အတန့်တွင်ပင် ငွေရောင်အစင်းကြောင်းပါ ပိုးကောင်ငယ်၏ ပါးစပ်မှ မရေမတွက်နိုင်သော ငွေရောင်မျှင်များ မှုတ်ထုတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ မိုယန် ထိတ်လန့်သွားရပြီး တုန့်ပြန်ရန်ပင် အချိန်မရလိုက်ချေ။ ထိုငွေရောင်မျှင်များသည် အလွန် သေးငယ်ပြီး ပါးလွှာပုံရသော်လည်း ချက်ချင်းပင် မိုယန်ကို လွှမ်းခြုံသွားတော့သည်။
မိုယန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ပထမဆုံးအကြိမ်အဖြစ် ချုပ်နှောင်ခြင်း ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
“ဝိညာဉ်စွမ်းရည် - စိတ်ဝိညာဉ် ပတ်နွယ်ခြင်း”
ဒါက ငွေရောင်အစင်းကြောင်းပါ ပိုးကောင်ငယ်၏ နှစ်တစ်ရာသက်တမ်း ဖြစ်ပြီးနောက် ရရှိလာသော ဒုတိယမြောက် ဝိညာဉ်စွမ်းရည် ဖြစ်သည်။ ၎င်းက ဟော်ယွီယောက် ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ ကြာပြီဖြစ်သော ဝိညာဉ်စွမ်းရည်လည်း ဖြစ်သည်။ သူ၏ တိုက်စစ်ဆင်မှု သို့မဟုတ် သလင်းကျောက်မိစ္ဆာ၏ တိုက်ခိုက်မှုအားလုံးသည် ဟန်ပြသက်သက်သာ ဖြစ်ကြသည်။ အမှန်တကယ် တိုက်ခိုက်မှုအဖြစ် အသုံးပြုခဲ့သည်မှာ ကာကွယ်မှု အနည်းဆုံး ဖြစ်နေသော မိုယန်ပင် ဖြစ်သည်။ ယခုအချိန်သည် မိုယန် စိတ်အလက်လျော့ဆုံး အချိန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အမြင်တွင် တစ်ဖက်လူ ရှုံးနိမ့်သွားပြီဖြစ်ရာ ကြာရှည် တောင့်ခံနိုင်တော့မည် မဟုတ်ဟု ထင်မှတ်ထားသောကြောင့် ဖြစ်သည်။ စိတ်အာရုံက မသိစိတ်ဖြင့် လျော့ရဲသွားခဲ့ရသည်။
ငွေရောင်အစင်းကြောင်းပါ ပိုးကောင်ငယ်၏ နှစ်တစ်ရာသက်တမ်း ဝိညာဉ်စွမ်းရည်ဖြစ်သော ဤငွေရောင်မျှင်များသည် ဝိညာဉ်ဆရာသခင်အပေါ် ပြင်းထန်သော ချုပ်နှောင်မှု အာနိသင်ရှိရုံသာမက ဝိညာဉ်ဆရာသခင်၏ စိတ်ဝိညာဉ်အပေါ်တွင်လည်း ကြီးမားသော ဟန့်တားမှုနှင့် ပတ်နွယ်မှု အာနိသင် ရှိပေသည်။ ဝိညာဉ်ဆရာသခင်၏ စိတ်ဝိညာဉ်စွမ်းအားသည် ဤငွေရောင်မျှင်များနှင့် ရစ်ပတ်မိသွားသည်နှင့်အမျှ သူ၏ ဝိညာဉ်စွမ်းအားကိုပင် ထုတ်ဖော်ရန် ခက်ခဲသွားပေလိမ့်မည်။
စိတ်ဝိညာဉ်စနစ် ဝိညာဉ်သားရဲတစ်ကောင်အနေဖြင့် ‘ကျင့်ကျင့်’ မိစ္ဆာတွင် ပထမ ဝိညာဉ်စွမ်းရည် ဖြစ်သော ‘စိတ်ဝိညာဉ် မြှင့်တင်ခြင်း’ ရှိရာ ၎င်းက ဟော်ယွီယောက်၏ ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရုံသာမက စိတ်ဝိညာဉ်စနစ် ဝိညာဉ်သားရဲလည်း ဖြစ်သော ငွေရောင်အစင်းကြောင်းပါ ပိုးကောင်ငယ်၏ ဝိညာဉ်စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုယန်သည် အီဂျစ်မမ်မီရုပ်အလောင်းတစ်ခုကဲ့သို့ ချုပ်နှောင်ခြင်း ခံလိုက်ရတော့သည်။
ထိုအချိန်ကျမှသာ ဟော်ယွီယောက်သည် မီးတောင်ပြိုကျရာ ပုံအောက်ခြေမှ ဖြည်းညှင်းစွာ တွားသွားလျက် တက်လာခဲ့သည်။ သူသည် မည်သည့်အရာကိုမျှ မမျှော်လင့်ထားခဲ့ဘဲ မိုယန်၏ နောက်ဆုံး တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိသည်မှာ ထင်ရှားလှသည်။ သူလည်း အနည်းငယ် ဒဏ်ရာရရှိသွားခဲ့သည်။ သို့သော်လည်း သူ၏ ထူးကဲလှသော စိတ်ဝိညာဉ်စွမ်းအားဖြင့် မီးတောင်ပြိုကျလာချိန်တွင် အများအပြားကို ရှောင်ကွင်းနိုင်ခဲ့သည်။
“မင်း ရှုံးသွားပြီ” ဟော်ယွီယောက် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်သည်။
တစ်ခုတည်းသော အနိုင်ရနိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသည် အဆင့် သုံးဆယ်ကျော် ရှိသော ဤဝိညာဉ်ဆရာသခင် ကို မိမိဘာသာ အနိုင်ယူလိုလျှင် အစ်ကိုကြီးထျန်းမုန်း၏ အကူအညီကို အားမကိုးဘဲ နှစ်တစ်ရာသက်တမ်း ဝိညာဉ်သားရဲ နှစ်ကောင်နှင့် မိမိ၏ ကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးရမည် ဖြစ်သည်။ ဟော်ယွီယောက်သည် ယခုအခါတွင် ယုံကြည်မှုများ အပြည့် ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူတစ်ယောက်တည်းသာ ဆိုပါက ဤအဆင့် သုံးဆယ်ကျော် ဝိညာဉ်ဆရာသခင်ကို အနိုင်ယူရန် မည်သို့မျှ မဖြစ်နိုင်ချေ၊ အခွင့်အရေး လုံးဝမရှိပါ။ ထိုသို့ဆိုလျှင်ပင် ၎င်းတို့ထဲမှ တစ်ခုခုသာ လွဲချော်သွားခဲ့ပါက သူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
‘ဆရာ... ကျွန်တော် ဆရာ့မျက်နှာကို မပျက်စေခဲ့ပါဘူး’ ဟော်ယွီယောက်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဤအချိန်တွင် ဝတ်စုံနက်ဝတ် ဒိုင်လူကြီးသည် ပရိသတ်များထံမှ ကြွေးကြော်သံများ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာသည့်တိုင်အောင် အချိန်အတော်ကြာ ငေးကြည့်နေမိပြီးမှ သတိပြန်ဝင်လာကာ လေးနက်စွာ ကြေညာလိုက်သည်—
“ရှရက်ခ် အကယ်ဒမီက ဝိညာဉ်ဆရာသခင် ဟော်ယွီယောက် အနိုင်ရရှိပါတယ်”
ဟော်ယွီယောက်သည် ရုတ်တရက် ရယ်မောလိုက်တော့သည်။ ဤကဲ့သို့သော ခက်ခဲလှသည့် ပြိုင်ဘက်ကို အနိုင်ယူရန် မည်မျှပင် ခက်ခဲလိုက်ပါသနည်း။