အခန်း (၁၁၁၉) - ရေစွန်းကွက်နှင့် အမှတ်အသားများ
"ဟင်း..." ဝေဝါးထုံထိုင်းနေသည့် ကြားမှပင် ကျန်းလဲ့ရွှမ်း နောက်ဆုံး၌ နိုးလာခဲ့သည်။ ၎င်းသည် ရှည်လျားလှသောအိမ်မက်တစ်ခု မက်ခဲ့ရသကဲ့သို့ပင်။
သူမ မျက်လုံးကို ပထမဆုံး ဖွင့်လိုက်သည့်အချိန်တွင် ဘယ်သောအခါမှ အိမ်မက်ပင် မမက်ဖူးလောက်အောင် အလွန်တရာ ခန့်ညားချောမောလှသည့် ပါးပြင်တစ်ခုကို မြင်လိုက်ရသည်။
"နိုးပြီလား" ဝမ်ဖုန်းက သူ့လက်ကို ဖယ်လိုက်ပြီး "မင်း ဘာလို့ ဒီနေရာကို ရောက်နေတာလဲ" ဟု မေးလိုက်သည်။
"ငါ..." ကျန်းလဲ့ရွှမ်း၏ စိတ်အာရုံမှာ အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်ပြီး ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားကို ခံစားမိလိုက်ရာ အနည်းငယ် လန့်သွားသည်။
ထိုထူးခြားသော စွမ်းအင်များ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထို့ပြင် ပတ်ဝန်းကျင်ရှိ ထိုထူးခြားသော စွမ်းအင်များပါ ပျောက်ကွယ်စပြုနေပြီး ထူထပ်လှသော မြူခိုးများပင် တဖြည်းဖြည်း လွင့်ပါးသွားခဲ့ပြီ ဖြစ်သည်။
"ဘာတွေ ဖြစ်သွားတာလဲ" ကျန်းလဲ့ရွှမ်းသည် ဝမ်ဖုန်းကို ကြောင်အစွာ စိုက်ကြည့်နေမိပြီး သူမ၏ ဦးနှောက်ထဲတွင် မှတ်ဉာဏ်များမှာ ဒီရေလှိုင်းကဲ့သို့ ပြန်လည်တိုးဝင်လာသည်။
ခေတ္တမျှ ကြာပြီးနောက် ကျန်းလဲ့ရွှမ်းသည် ဝမ်ဖုန်း၏ မျက်နှာပေါ်က အမှတ်အသားများကို ကြည့်ကာ သူမ၏ မျက်နှာတစ်ခုလုံး တစ်ခဏချင်းမှာပင် နီရဲသွားတော့သည်။
"ငါ... ရှင်..." ကျန်းလဲ့ရွှမ်း အလျင်အမြန် မတ်တတ်ရပ်လိုက်မိပြီး ရှက်ရွံ့လွန်းသဖြင့် စကားပင် ရှေ့မဆက်နိုင်တော့ချေ။
"မင်း ခုနက ဒီထဲက အမှောင်စွမ်းအင်တွေရဲ့ တိုက်စားမှုကို ခံလိုက်ရတာ" ဝမ်ဖုန်းက နှစ်ချက်မျှ ချောင်းဟန့်လိုက်ပြီး "ဒါပေမဲ့ ငါက သည်ထူးခြားတဲ့ အမှောင်စွမ်းအင်အချို့ကို စုပ်ယူနိုင်လို့ မင်းခန္ဓာကိုယ်ထဲက အမှောင်စွမ်းအင်တွေကို စုပ်ယူပေးလိုက်တာ။ နောက်တစ်ခါ အဆင်ခြင်မဲ့ပြီး အခုလို မလုပ်နဲ့ဦး။ ငါကတော့ ဒီအတိုင်းပဲ အထဲဝင်လာခဲ့တာ"
"ရှင်က ဒါကို စုပ်ယူနိုင်တယ် ဟုတ်လား" ကျန်းလဲ့ရွှမ်း ကြောင်အသွားသည်။
"ဒါပေါ့၊ မဟုတ်ရင် မင်း ဘယ်လိုလုပ် နိုးလာမယ် ထင်လို့လဲ" ဝမ်ဖုန်းသည် သူ၏ မျက်နှာပေါ်က ရေစွန်းကွက်များနှင့် အမှတ်အသားများကို မသိမသာ သုတ်ဖယ်လိုက်သည်။
သို့သော် သည်အပြုအမူကို ကျန်းလဲ့ရွှမ်းက အထင်အရှား သတိပြုမိသွားခဲ့သည်။
'သူ အသေအချာ သိနေတာပဲ... ငါ ခုနက သူ့ကို...' ကျန်းလဲ့ရွှမ်း မျက်နှာ ပို၍ နီမြန်းလာသည်။ ကံကောင်းသည်မှာ သူမသည် လူကြီးတစ်ယောက် ဖြစ်နေပြီမို့ ဖြစ်သည်။ အခြားသော အမျိုးသားများကို တစ်ခါမျှ သည်လိုမျိုး မလုပ်ဖူးသော်လည်း လောကကြီးကို ဘာမှမသိသည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့တော့ အလွန်အမင်း အနေရခက်ကာ ရှက်ကိုးရှက်ကန်း ဖြစ်မနေခဲ့ပေ။
"ငါက ရှင် အဲ့ထဲက စွမ်းအင်တွေကြောင့် ကူးစက်ခံလိုက်ရပြီ ထင်လို့..." ကျန်းလဲ့ရွှမ်းက တိုးညှိသော အသံဖြင့် ပြောလိုက်ပြီး "ဒါနဲ့... ဟို ဥကြီးကော ဘယ်မှာလဲ" ဟု မေးလိုက်သည်။ ကျန်းလဲ့ရွှမ်း ရှေ့သို့ လှမ်းကြည့်လိုက်ရာ ယခင်က ဝမ်ဖုန်း၏ ရှေ့တွင် ရှိနေခဲ့သော ဥကြီးကို မတွေ့ရတော့ချေ။ ဘာဖြစ်လို့ အခု မရှိတော့တာလဲ။
"ဘာဥလဲ" ဝမ်ဖုန်းက တည်ငြိမ်စွာ ပြန်ပြောသည်။
ကျန်းလဲ့ရွှမ်း မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း သူမ၏ ရည်ရွယ်ချက်များနှင့် ထိုဥအကြောင်းကို ဘေးဖယ်ထားလိုက်သည်။
"ပြည်ထောင်စုရဲ့ ခန့်မှန်းချက်အရတော့ အဲဒီလိုဥမျိုးဟာ မိစ္ဆာဝိညာဉ်သားရဲတွေက ဝိညာဉ်သားရဲတောအုပ်ထဲမှာ တမင်တကာ ချန်ထားခဲ့တဲ့ ဥမျိုးပဲ။ မကြာသေးခင်ကပင် အုပ်ချုပ်ရေးနယ်မြေကြီး သုံးခုမှာ ရှင်းလင်းပြီးသား ဖြစ်တဲ့ ဝိညာဉ်သားရဲတောအုပ် အတော်များများမှာ ပမာဏအမျိုးမျိုးနဲ့ မိစ္ဆာဝိညာဉ်သားရဲတွေ ရုတ်တရက် ပေါ်ပေါက်လာခဲ့တယ်။ ပြည်ထောင်စုက ဘွဲ့အမည်ရဒိုလော်တွေကို အထူးစေလွှတ်ပြီး စုံစမ်းစူးစမ်းခိုင်းပြီးတဲ့နောက်မှာ ဒါဟာ အဲဒီဥကနေ မွေးဖွားလာတဲ့ ထူးခြားတဲ့ မိစ္ဆာဝိညာဉ်သားရဲကြောင့် ဖြစ်ဖို့ အများဆုံးပဲလို့ တွေ့ရှိခဲ့ရတယ်..."
"အော်..." ဝမ်ဖုန်း စဉ်းစားမိလိုက်သည်မှာ ပြည်ထောင်စုကလည်း ဒါကို သတိပြုမိသွားပုံရပြီး တစ်စုံတစ်ခုကို ထိတွေ့မိသွားပုံရသည်။ သို့သော် အနည်းငယ် နောက်ကျသွားခဲ့ပြီ။
ဒါပေမဲ့ ဒီလိုမျိုး ဖုံးကွယ်ထားခြင်းက တကယ့်ကို ဒုက္ခပေးလှသည်။ ဥပမာအားဖြင့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်သည် ထိုဥကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော်လည်း တစ်ဖက်လူက ကြက်ကိုငှားပြီး ဥဥခိုင်းထားခြင်း ဖြစ်သည်ကို မသိရှိခဲ့ချေ။ သူ၏ နေရာတွင်လည်း အလားတူ အခြေအနေမျိုး ရှိနေနိုင်ကြောင်း ခန့်မှန်းရသည်။
"အဲဒါဆိုရင်တော့ ဟုတ်ပြီ၊ ဒီဥကို ငါ့ရဲ့ ဝိညာဉ်သားရဲက စားပစ်လိုက်ပြီ ထင်တယ်" ဝမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ရှင့်ရဲ့ ဝိညာဉ်သားရဲက အပြင်မှာ မဟုတ်ဘူးလား..." ကျန်းလဲ့ရွှမ်း လန့်သွားသည်။ စားပစ်လိုက်တယ် ဟုတ်လား။ ဒါကို စားလို့ရလို့လား။ အကုန်စားလို့ကော ကုန်ရဲ့လား။ စားပြီးရင် တကယ့် မိစ္ဆာဝိညာဉ်သားရဲကြီး ဖြစ်သွားမှာ မဟုတ်ဘူးလား။
"ဒါက ငါ့ရဲ့ ဒုတိယ ဝိညာဉ်သားရဲလေ" ဝမ်ဖုန်းက ဝေးလံသော နေရာတွင် အမှောင်မိစ္ဆာစွမ်းအင်များကို စုပ်ယူနေပြီး မိစ္ဆာဝိညာဉ်သားရဲ အမြောက်အမြားအား စုပ်ယူပြန်လည်ကုသပေးရန် ကူညီပေးနေသောအရာကို လက်လှမ်းပြလိုက်သည်။
"သူ့နာမည်က လင်းကျွင်းတဲ့" ဝမ်ဖုန်းက ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။
"လင်းကျွင်း?" ကျန်းလဲ့ရွှမ်း လှမ်းကြည့်လိုက်ရာ အမှောင်နှင်းခဲလင်းကျွင်း၏ အမည်းရောင်နှင့် အဖြူရောင် ရောယှက်နေသော ကျောပြင်၊ အနုပညာဆန်သော ခန္ဓာကိုယ်နှင့် ထူးခြားလှသော စက်မှုဗေဒ အာရုံခံစားမှုကို မြင်တွေ့လိုက်ရသည်။
ခေါင်းပေါ်မှ ထောင်မတ်နေသော အမည်းရောင် ရေခဲဂျိုများမှာ သရဖူတစ်ခုကဲ့သို့ ဖြစ်နေပြီး ၎င်းမတ်တတ်ရပ်နေသည့် အနေအထားမှာတင် လူကို ပြင်းထန်သော ဖိအားကို ပေးစွမ်းနိုင်သည်။ ထိုကဲ့သို့သော အစွမ်းထက်သည့် အရှိန်အဝါက လူသားတို့အား မိမိဘာသာ မသိစိတ်ဖြင့် အညံ့ခံလိုစိတ် ဖြစ်ပေါ်စေသည်။
"ဟုတ်တယ်၊ ငါ့ရဲ့ ဝိညာဉ်သားရဲဖြစ်တဲ့အတိုင်း သူကလည်း သည်အမှောင်စွမ်းအင်တွေကို စုပ်ယူနိုင်တဲ့ စွမ်းရည်ရှိတယ်" ဝမ်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။
ကျန်းလဲ့ရွှမ်း ဆိတ်ဆိတ်သာ နေလိုက်တော့သည်။ အခြေအနေက သည်လိုမျိုး ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
ခေတ္တမျှ ကြာပြီးနောက်...။
ပတ်ဝန်းကျင်ရှိ ထူထပ်လှသော အမည်းရောင် မြူခိုးများ ပျောက်ကွယ်သွားပြီး အမှောင်မိစ္ဆာစွမ်းအင်များ၏ အရင်းအမြစ်နှင့် စုပ်ယူမှုများ နည်းပါးသွားသည်။ သဘာဝအတိုင်းပင် ၎င်းသည် မကြာခင် လျော့နည်းသွားပေလိမ့်မည်။ ဝမ်ဖုန်းသည် ရှောင်ရှောင်၊ ဝမ်ဒုန်းနှင့် ဟော်ယွီယောက်တို့ စိတ်ဝင်စားနေသည့် ဝိညာဉ်သားရဲအချို့ကိုလည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် အစားထိုး ပြောင်းလဲပေးခဲ့သည်။
"ကဲ သွားကြစို့၊ အပြင်ထွက်ရအောင်။ သူတို့တွေ အတော်လေး စိတ်ပူနေကြလောက်ပြီ" ဝမ်ဖုန်း သူ၏ ဝတ်စုံကို ပြန်လည်ပြုပြင်လိုက်သည်။ သည်တစ်ခေါက် ခရီးစဉ်က အတော်လေး အကျိုးအမြတ် ရရှိခဲ့သည်ဟု ဆိုရမည်။
အကြီးမားဆုံးသော ရရှိမှုမှာ အမှောင်မိစ္ဆာလောကအကြောင်း သိရှိခွင့်ရခဲ့ခြင်းပင် ဖြစ်သည်။ ထို့ပြင် နတ်ဘုရားလောကနှင့် ဒိုလော်တိုက်ကြီးတို့ကြား အဆက်အသွယ် ပြတ်တောက်သွားရသည့် အကြောင်းအရင်းကိုလည်း သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဒါဟာ အမှောင်မိစ္ဆာလောက၏ လျှို့ဝှက်ခြယ်လှယ်မှုကြောင့် ဖြစ်ရမည်မှာ သေချာသည်။
ကျန်းလဲ့ရွှမ်း ခေါင်းညိတ်လိုက်ပြီး ဝမ်ဖုန်းနှင့်အတူ အပြင်သို့ လျှောက်လှမ်းခဲ့သည်။ သို့သော် သူမ၏ နှလုံးသားထဲတွင် သံသယအချို့ ရှိနေဆဲ ဖြစ်သည်...။ အဘယ်ကြောင့်ဆိုသော် အမည်းရောင် မြူခိုးများ လွင့်ပါးသွားသဖြင့် ကျန်းလဲ့ရွှမ်းသည် သည်နေရာ၏ အတွင်းပိုင်းကို အသေအချာ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ထိုနေရာသည် ဝင်္ကပါတစ်ခုကဲ့သို့ပင် ထူးခြားသော သစ်ပင်များနှင့် အပင်များဖြင့် ဖွဲ့စည်းထားသည့် ထူးခြားသော ဝင်္ကပါကြီး ဖြစ်ပြီး သည်ဧရိယာထဲသို့ ခြေချလိုက်သည်နှင့် လမ်းကြောင်းများက အမြဲပြောင်းလဲနေခြင်း ဖြစ်သည်။
'ငါ အရင်က လမ်းပျောက်ခဲ့တာ မဆန်းပါဘူး...' ကျန်းလဲ့ရွှမ်း ဘာတတ်နိုင်သေးလဲဟူ၍ သက်ပြင်းချမိသည်။
မကြာမီမှာပင် ကျန်းလဲ့ရွှမ်းသည် မာရှောက်ထောက်နှင့် အဖွဲ့ကို မြင်လိုက်ရသဖြင့် စိတ်အေးသွားခဲ့ရသည်။
"သခင်... နောက်ဆုံးတော့ ထွက်လာပြီပဲ..." လုံရှဲက အရင်ဆုံး ပျံသန်းလာပြီးနောက် ဝမ်ဖုန်း၏ နောက်က နှင်းခဲခြင်္သေ့လင်းကျွင်းကို မြင်လိုက်ရသည်။
"တောက်... အဖိုးကြီးလင်း၊ မင်း အရေပြား လဲလိုက်တာလား။ ဘာလို့ ဒီလောက်တောင် ခန့်ညားသွားရတာလဲ" လုံရှဲသည် နှင်းခဲခြင်္သေ့လင်းကျွင်းကို ကြောင်အစွာ စိုက်ကြည့်နေမိသည်။
အမည်းရောင်နှင့် အဖြူရောင် ရောယှက်နေသော ခန္ဓာကိုယ်၊ ပြာလဲ့သော မျက်ဝန်းများမှာ တစ်ကိုယ်လုံး အနည်းငယ် ငယ်ရွယ်သေးသည့် အဆင့်ရှိနေသေးသော်လည်း ထူးခြားဆန်းပြားမှုကိုမူ မြင်တွေ့နိုင်သည်။
"တစ်ဝက်စီပေါ့၊ အနည်းငယ် ပြောင်းလဲသွားတာပါ" နှင်းခဲခြင်္သေ့လင်းကျွင်းက အနည်းငယ် သက်ပြင်းချရင်း ပြောလိုက်သည်။
"မင်းက ဘာဖြစ်လို့ အပြောင်းအလဲတွေ ရှိနေရတာလဲ" လုံရှဲ၏ အသံနေအသံထားမှာ မနာလိုဖြစ်မှု အပြည့်ဖြင့် "မင်း အများကြီး ပိုသန်မာလာတာ မဟုတ်လား" ဟု မေးလိုက်သည်။
ဝိညာဉ်သားရဲ အချင်းချင်းဖြစ်သည့်အတိုင်း လုံရှဲသည် နှင်းခဲခြင်္သေ့လင်းကျွင်း၏ ယခုခန္ဓာကိုယ်မှာ အလွန်တရာ စွမ်းအားကြီးမားကြောင်း အစပိုင်းကတည်းက သဘာဝအတိုင်း ခံစားမိသည်။ ထို့ပြင် ၎င်းသည် မွေးကင်းစမျှသာ ရှိသေးသော်လည်း နှင်းခဲခြင်္သေ့လင်းကျွင်းသည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခြင်းအဆင့် ရှိနေပြီး သူ၏ အစပျိုးမှတ်မှာ မိမိထက် အများကြီး ပိုမိုမြင့်မားနေသည်။ အစွန်းရောက်ထက် ကျော်လွန်သည့် ဂုဏ်သတ္တိနှစ်မျိုး ရှိနေသည့် သည်ကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်မျိုးဆိုလျှင် လုံရှဲသည် နှင်းခဲခြင်္သေ့လင်းကျွင်းအနေဖြင့် နှစ်ပေါင်းတစ်သောင်း ကျင့်ကြံခြင်းအဆင့် မရှိဘဲနှင့်ပင် နှစ်ပေါင်းတစ်သိန်း သက်တမ်းရှိ ဝိညာဉ်သားရဲတစ်ကောင်ကို တစ်ကိုယ်တော် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သံသယဝင်မိသည်။
၎င်းအပြင် နှင်းခဲခြင်္သေ့လင်းကျွင်း၏ အစွမ်းထက်လှသော ဝိညာဉ်နှင့်ပါ ပေါင်းစပ်လိုက်လျှင်... လုံရှဲသည် မိမိကိုယ်တိုင်ပင် သူ့ကို အနိုင်ယူနိုင်ပါ့မလားဟု ခံစားမိကာ နေရခက်သွားတော့သည်။
"ဆရာ!"
"ဆရာဖုန်း!"
"စီနီယာ!"
ကျန်ရှိနေသော သူများလည်း ၎င်းတို့၏ စိတ်ပူမှုကို ဖော်ပြရန်အတွက် ဝိုင်းအုံလာကြသည်။ အစိုးရိမ်ဆုံးသူမှာ သဘာဝအတိုင်း ကျန်းနန်နန်ပင် ဖြစ်သည်။ ဘာမှမတတ်နိုင်ချေ၊ သူမသည် သုံးရက်တိုင်တိုင် စောင့်ဆိုင်းခဲ့ရသော်လည်း မတွေ့ခဲ့ရသဖြင့် အတော်လေး စိုးရိမ်သောက ရောက်နေခဲ့ခြင်း ဖြစ်သည်။
ဝမ်ဖုန်းက လက်ဝှေ့ယမ်းပြလိုက်ပြီး "ငါ အဆင်ပြေပါတယ်။ ဒါနဲ့ မင်းတို့တွေ သည်တစ်ခေါက် အထဲဝင်ရတာ ကံကောင်းတယ်လို့ ပြောရမယ်၊ ငါ မင်းတို့အတွက် သင့်တော်မယ့် ဝိညာဉ်သားရဲ သုံးကောင် ရှာပေးထားတယ်။ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ မင်းတို့ရဲ့ အရည်အချင်းအပေါ်ပဲ မူတည်လိမ့်မယ်" ဟု ပြောလိုက်သည်။
ဝမ်ဖုန်း အချက်ပြလိုက်သည်နှင့် ဝမ်ဖုန်း၏ နောက်က လိုက်ပါလာသည့် ဝိညာဉ်သားရဲနှစ်ကောင်ဖြစ်သော စိန်ကျောက်နဂါးသိမ်းငှက်နှင့် ကျောက်စိမ်းအခွံသလင်းကျောက်မိစ္ဆာတို့ သီးခြားစီ ထွက်ပေါ်လာကြသည်။
"ဒီအချိန်မှာ..." လူအချို့ ကြောင်အသွားကြသည်။
"ဒါ... စိန်ကျောက်နဂါးသိမ်းငှက် မဟုတ်လား" ရှောင်ရှောင်က ဝမ်ဖုန်းနောက်က စိန်ကျောက်နဂါးသိမ်းငှက်ကို ကြည့်ကာ အံ့ဩတုန်လှုပ်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
ဤကဲ့သို့သော သိမ်းငှက်မျိုးသည် အလယ်အလတ်အဆင့် ဧကရာဇ်တစ်ကောင်၏ ဟန်ပန်မျိုး ရှိပြီး ၎င်း၏ အရွယ်အစားမှာ သေးငယ်ပုံရကာ ရွှေဦးခေါင်းဇီးကွက်ထက်ပင် သေးငယ်လှသည်။ ၎င်းသည် ဝမ်ဖုန်း၏ ပုခုံးပေါ်တွင် ရပ်နားရန် ကွက်တိပင် ဖြစ်သော်လည်း ၎င်း၏ တစ်ကိုယ်လုံးမှာ ရွှေအိုရောင် တောက်ပနေပြီး အမွေးအတောင်တိုင်းမှာ ရွှေကဲ့သို့၊ စိန်ကဲ့သို့ ဖြစ်နေသည်။ ဖျက်ဆီး၍မရနိုင်သော ခံစားချက်မျိုးကို ပေးစွမ်းသည်။ ၎င်း၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်ပြီး ပြင်းထန်သော ရန်လိုမှုများနှင့်အတူ အားလုံးကို အပေါ်စီးမှ ငုံ့ကြည့်နေကာ အားကောင်းမောင်းသန်သော ဟန်ပန်အပြည့် ရှိနေပေသည်။