အခန်း (၁၁၁၆) - ကျန်းလဲ့ရွှမ်း၏ ကျူးကျော်ဝင်ရောက်မှု
ကျန်းနန်နန်သည် စိတ်ထဲတွင် အနည်းငယ် လေးစားမိသလို တစ်ဖက်ကလည်း ဘာတတ်နိုင်သေးလဲဟူ၍ သက်ပြင်းချမိသည်။ သည်ရွှေဦးခေါင်းဇီးကွက် ၏ ဇွဲနပဲကြီးမားပုံမှာ တကယ့်ကို အညံ့မခံသည့်ပုံစံမျိုး ဖြစ်သဖြင့် လေးစားစရာပင်။ သို့သော်လည်း လုံရှဲသည် တစ်ဖက်လူ၏ အသက်အန္တရာယ်ကို ထိခိုက်အောင် လုပ်မည်မဟုတ်ကြောင်း၊ သေလုမြောပါး ဖြစ်အောင် ပညာပေးပြီးလျှင်ပင် နဂါးတံတွေးဖြင့် ပြန်လည်ကုသပေးမည်ဖြစ်ကြောင်း ကျန်းနန်နန် မြင်ထားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမနှင့် သည်ရွှေဦးခေါင်းဇီးကွက်တို့ကြား ရင်းနှီးမှု အနည်းငယ် ရလာခဲ့သည်။
"အစ်ကိုကြီး လုံရှဲ... ရက်အနည်းငယ်တောင် ရှိသွားပြီ၊ ဆရာဖုန်း ဘာလို့ အခုထိ ထွက်မလာသေးတာလဲဟင်"
အနည်းငယ် ရင်းနှီးသွားပြီ ဖြစ်သဖြင့် ကျန်းနန်နန်သည် လုံရှဲနှင့် အစပိုင်းကလောက် စိမ်းသက်မနေတော့ပေ။
"မကြာခင် ထွက်လာတော့မှာပါ"
လုံရှဲက ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။
"အတွင်းထဲက ထူးခြားတဲ့ အမှောင်စွမ်းအင်တွေ အများကြီး အားနည်းသွားပြီ... ကြည့်ရတာ သခင်က သည်ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာတွေ့သွားတဲ့ပုံပဲ"
ပြောပြီးသည်နှင့် လုံရှဲသည် ထိုရွှေဦးခေါင်းဇီးကွက်ကို ဆက်လက်ပညာပေးရန် ပြင်လိုက်သည်။
"ယင်ယင်လေး... ဒီနေ့ ဘာကစားချင်လဲ"
လုံရှဲက မိစ္ဆာတစ်ကောင်ကဲ့သို့ ရယ်မောလိုက်သည်။
ရွှေဦးခေါင်းဇီးကွက်က လုံရှဲကို အေးစက်စွာ စိုက်ကြည့်လာသည်။ ၎င်းသည် အသက်နှင့်ဝိညာဉ်စာချုပ် မချုပ်ဆိုထားသော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လုံရှဲ၏ နှိပ်စက်ညှင်းပန်းမှုများကြားတွင် ဝိညာဉ်အသိဉာဏ်မှာ အများကြီး တိုးတက်လာခဲ့သည်။
ကျန်းနန်နန် နှာမှုတ်လိုက်မိပြီး ဘာမှမတတ်နိုင်ဘဲ ဒီအတိုင်း ကြည့်နေရုံသာ တတ်နိုင်သည်။ ထိုစဉ် ဝေးလံသောနေရာမှ လူရိပ်အချို့ ရုတ်တရက် ရောက်ရှိလာကြသည်။
"မင်းက ကျန်းနန်နန်လား"
အေးစက်သော အသံတစ်သံ ဝေးလံသောနေရာမှ ထွက်ပေါ်လာသည်။
ကျန်းနန်နန် ကြောင်အသွားသော်လည်း နတ်သမီးတစ်ပါးကဲ့သို့ လွင့်မြောကာ လခြမ်းပုံသဏ္ဌာန် လက်နက်ကို စီးနင်းပြီး ဝေးလံသောနေရာမှ ပျံသန်းလာသည့် လူရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ ထိုသူနောက်တွင် အခြားလူရိပ်အချို့လည်း ပါလာသည်။ ၎င်းတို့ထဲတွင် မီးတောက်တစ်ခုကဲ့သို့ တောက်ပနေသော အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။ ထိုသူမှာ မာရှောင်ထောက်နှင့် သူမ၏ အဖွဲ့ပင် ဖြစ်သည်။
ရွှေဦးခေါင်းဇီးကွက်က လမ်းပြမပေးသဖြင့် ၎င်းတို့ သည်နေရာကို ရှာဖွေတွေ့ရှိရန် ရက်အနည်းငယ် ကြာသွားခဲ့ရသည်။ ဦးဆောင်လာသည့် အမျိုးသမီးကို ကျန်းနန်နန် သိရှိသည်။ သူမက အတွင်းဝင်းတွင် နံပါတ်တစ် ဖြစ်သော ကျန်းလဲ့ရွှမ်းပင် ဖြစ်သည်။
"မမတို့ ဘာလို့ ဒီကို ရောက်နေတာလဲ"
ကျန်းနန်နန်သည် ဟော်ယွီယောက်နှင့် အလွန်အမင်း ရင်းနှီးမှုမရှိသော်လည်း မာရှောင်ထောက်နှင့် ကျန်းလဲ့ရွှမ်းတို့ကိုမူ သိရှိသည်။ သို့သော် သိရုံသာသိပြီး ရင်းနှီးကျွမ်းဝင်ခြင်းမရှိပေ။
"အကယ်ဒမီရဲ့ အမိန့်အရ မင်းကို ပြန်ခေါ်ဖို့ လာတာ။ အကယ်ဒမီက အမိန့်ထုတ်ပြန်ထားပြီးပြီ၊ နောက်နောင် အကယ်ဒမီရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်ကျောင်းသားမဆို ဝိညာဉ်သားရဲတောအုပ်ထဲကို ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက်တာကို လုံးဝတားမြစ်တယ်"
ကျန်းလဲ့ရွှမ်း ရှေ့သို့ လှမ်းလာရင်း လုံရှဲကို တစ်ချက်ကြည့်လိုက်သည်။ သူမ တစ်ခုခုကို နားလည်သွားပုံရပြီး
"ဆရာဖုန်းကော ဘယ်မှာလဲ" ဟု မေးလိုက်သည်။
သူမသည် အကယ်ဒမီမှ လာရောက်ပြီး ခရမ်းရောင်မေပယ် ဝိညာဉ်သားရဲတောအုပ်ထဲသို့ ဝင်ရောက်ခဲ့ရာ မာရှောင်ထောက်နှင့် အဖွဲ့ကို ချက်ချင်း ရှာတွေ့ခဲ့သော်လည်း ဝမ်ဖုန်းကိုမူ မတွေ့ခဲ့ရပေ။ မာရှောင်ထောက်၏ ရှင်းပြချက်အရ ဝမ်ဖုန်းသည် မိစ္ဆာဝိညာဉ်သားရဲ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် အကယ်ဒမီကျောင်းသားများကို ရှာဖွေရန် ရှေ့ကနေ အရင်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်းလဲ့ရွှမ်းသည် အခြားသူများကို ခေါ်ဆောင်ကာ ဝိညာဉ်သားရဲတောအုပ်အတွင်း အလျင်အမြန် ရှာဖွေခဲ့ရသည်။
ရက်အနည်းငယ်အကြာတွင် နောက်ဆုံး၌ သည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး မိစ္ဆာဝိညာဉ်သားရဲ၏ တိုက်ခိုက်ခြင်းကို ခံရကာ ပျောက်ဆုံးနေသည့် ကျန်းနန်နန်ကို တွေ့ရှိခဲ့ရသည်။ ယခုအခါ သည်ဝိညာဉ်သားရဲလည်း ရှိနေသဖြင့် ဝမ်ဖုန်းသည် သည်အနီးအနားတွင် ရှိနေရမည်ဟု အဓိပ္ပာယ်ရသည်။
ဒါဆို ကေကေကော ဘယ်မှာလဲ။ ကျန်းလဲ့ရွှမ်းသည် ရှေ့ရှိ မှောင်မိုက်နေသော ဧရိယာကို လှမ်းကြည့်လိုက်သည်။ အမည်းရောင် မြူခိုးများ ဖုံးလွှမ်းနေပြီး အတွင်းထဲတွင် ဘာကိုမျှ မမြင်ရချေ။
ကျန်းနန်နန်သည် ယခင်က ဖြစ်ပျက်ခဲ့သမျှကို ကျန်းလဲ့ရွှမ်းအား အလျင်အမြန် ပြောပြလိုက်သည်။ သူမသည် မော့ယင်အကြောင်းကို အများကြီးမသိသဖြင့် ဝမ်ဖုန်းက သည်မိစ္ဆာ နှစ်သောင်းသက်တမ်း ဝိညာဉ်သားရဲကို နှိမ်နင်းခဲ့ပြီးနောက် တစ်ဖက်လူ၏ ဝိညာဉ်ကို အမြစ်ပြတ်ချေမှုန်းရန်အတွက် သည်နေရာသို့ ဝင်ရောက်သွားခဲ့ကြောင်းသာ ပြောပြနိုင်သည်။
"ဘယ်နှစ်ရက် ရှိသွားပြီလဲ" ကျန်းလဲ့ရွှမ်းက မေးသည်။
"သုံးရက် ရှိသွားပြီရှင့်" ကျန်းနန်နန်က ပြန်ဖြေသည်။ "ဆရာဖုန်းက အစ်ကိုကြီး လုံရှဲကို ဒီမှာပဲ စောင့်ခိုင်းထားတာ။ ကျွန်မတို့ အထဲဝင်လို့ မရဘူး"
"သုံးရက်တောင်လား" ကျန်းလဲ့ရွှမ်း မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
"သမီး အထဲဝင်ပြီး စီနီယာကို သွားရှာလိုက်မယ်"
မာရှောင်ထောက် ရှေ့သို့ လှမ်းထွက်ကာ အထဲသို့ ဝင်ရန် ပြင်လိုက်သည်။
"မမတို့ ဒီမှာပဲ စောင့်နေပါ။ စီနီယာမမ ကျန်း... မမက သူတို့ကို ကာကွယ်ပေးဖို့ ဒီမှာပဲ နေခဲ့ပါ"
သို့သော် ကျန်းလဲ့ရွှမ်းက သူမကို တားလိုက်သည်။
"ရှောင်ထောက်... ငါက မင်းထက် ပိုသန်မာတယ်၊ ပြီးတော့ မင်းတို့အားလုံးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်သွားဖို့ ငါ့မှာ တာဝန်နဲ့ ဝတ္တရား ရှိတယ်။ မင်း တစ်ခုခုဖြစ်သွားရင် ငါ ဘယ်လိုလုပ် ပြန်ပြီး ရှင်းပြရမလဲ။ သူလည်း ထို့အတူပဲ"
ကျန်းလဲ့ရွှမ်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ငါပဲ သွားရှာလိုက်မယ်။ အခုတော့ မင်း သူတို့ကို ကာကွယ်ပေးထားလိုက်ဦး"
မာရှောင်ထောက် ကြောင်အသွားပြီး ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသည်။ ထို့နောက် ရုတ်တရက် လုံရှဲကို လှမ်းကြည့်ကာ
"လုံရှဲ... စီနီယာက နင့်ရဲ့ သခင်လေ၊ နင်က ဒီအတိုင်း စိတ်ချလက်ချ နေနိုင်တာလား။ နင် ဘာလို့ အထဲမဝင်တာလဲ"
"မိန်းကလေးတွေ ဘာသိမှာလဲ"
လုံရှဲက မာရှောင်ထောက်နှင့် ကျန်းလဲ့ရွှမ်းတို့ကို တစ်ချက်ကြည့်လိုက်သည်။
"သခင်ပြောတာကို နားထောင်တာ အမှန်ဆုံးပဲ။ သူက ငါတို့ကို အထဲမဝင်နဲ့လို့ ပြောထားတယ်၊ ငါတို့ ဝင်သွားရင်တောင် ဘာမှ အကူအညီဖြစ်မှာ မဟုတ်ဘူး။ ငါ အကြံပေးချင်တာကတော့ မင်းတို့လည်း ဒီမှာပဲ စောင့်နေကြတာ ကောင်းလိမ့်မယ်။ မင်းတို့ ဝိညာဉ်ဆရာသခင်တွေက ဒီထဲက အမှောင်စွမ်းအင်တွေကို စုပ်ယူနိုင်တာ မဟုတ်ဘူး၊ အထဲဝင်သွားရင် ဒုက္ခရောက်ဖို့ လွယ်ကူလိမ့်မယ်"
"ငါ သတိမပေးဘူးလို့တော့ မပြောနဲ့နော်"
လုံရှဲသည် ပြောပြီးသည်နှင့် ရွှေဦးခေါင်းဇီးကွက်ကို ဆက်လက် ပညာပေး နှိပ်စက်နေပြန်သည်။
မာရှောင်ထောက် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့ ဆရာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ" ဟော်ယွီယောက်က တိုးညှိသော အသံဖြင့် ပြောသည်။
"ဟုတ်တယ်၊ ဟုတ်တယ်" စုစုက ခေါင်းညိတ်သည်။
"မင်းတို့တွေက သတ္တိမရှိတာလား" ဝမ်ဒုန်းက တိုက်ရိုက်ပင် အားမနာတမ်း ပြောလိုက်သည်။
လုံရှဲက သက်ပြင်းချကာ မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်ပြီး
"မင်းတို့တွေ တကယ် အရူးပဲ။ ဝိညာဉ်စာချုပ်သခင် ဖြစ်တော့မယ့်သူတွေက အခုထိ ဒါကို နားမလည်သေးဘူး။ သခင် တကယ် အန္တရာယ်ရှိနေရင် ငါ မသိဘဲ နေမလား။ သခင် တစ်ခုခု ဖြစ်သွားရင် ငါက အရင်ဆုံး ခံစားသိရှိရမှာ!"
ဒါကို ကြားတော့ ဟော်ယွီယောက်နှင့် အခြားသူများ ကြောင်အသွားကြပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြသည်။
"အဲဒါတော့ ဟုတ်တယ်" ဟဲချိုက်ထိုးက သူ့ဘေးနားရှိ ခရမ်းရောင် နဂါးသွေး သတ္တဝါကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "ဝိညာဉ်သားရဲ အန္တရာယ်ရှိရင် အချင်းချင်း အဝေးကြီးမှာ ရှိမနေသရွေ့ အဖော်ဖြစ်တဲ့ ကျွန်တော်က အသေအချာ ခံစားသိရှိနိုင်တယ်"
"ဒါဆို ဒီအတိုင်းပဲ စောင့်ရအောင်" ကျန်းလဲ့ရွှမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ရှောင်ထောက်... ငါ့စကားကို နားထောင်၊ ငါ အရင်သွားကြည့်လိုက်မယ်"
သူမက ဝိညာဉ်စာချုပ်သခင် မဟုတ်သဖြင့် လုံရှဲ၏ စကားကို သဘာဝအတိုင်း သံသယဝင်မိသည်။
"ဒါဆိုလည်း... ကောင်းပါပြီ" မာရှောက်ထောက် ခေတ္တမျှ စဉ်းစားပြီးမှ သဘောတူလိုက်သည်။
ကျန်းနန်နန် နှုတ်ခမ်းလှုပ်သွားပြီး တားဆီးရန် ကြိုးစားသေးသော်လည်း ကျန်းလဲ့ရွှမ်းသည် သူမ၏ လက်ဖဝါးကို လှည့်လိုက်ကာ လခြမ်းပေါ်သို့ ခြေချရင်း နတ်သမီးတစ်ပါးကဲ့သို့ မြေပြင်မှ လွင့်ပျံကာ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
လုံရှဲသည် ကျန်းလဲ့ရွှမ်း၏ ကျောပြင်ကို ကြည့်ကာ နှစ်ချက်မျှ ရယ်မောလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
'ဒီကောင်မလေးက တာဝန်သိစိတ် ရှိပေမဲ့ ကောင်းကင်က ဘယ်လောက်မြင့်လဲဆိုတာ မသိသေးဘူးပဲ... ထားလိုက်ပါတော့၊ သခင့်ဆီပဲ လွှဲလိုက်ရုံပေါ့... ဟီးဟီးဟီးဟီး...'
ကျန်းလဲ့ရွှမ်းသည် သည်မှောင်မိုက်သော ဧရိယာထဲသို့ ဝင်ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နှလုံးသားထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဝိညာဉ်စွမ်းအားက အကာအကွယ်ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ အမည်းရောင် မြူခိုးများကို အထီးကျန်စေသည်။ သို့သော် ကျန်းလဲ့ရွှမ်းသည် သည်အမှောင်စွမ်းအင်များက အလွန်တရာ အဆိပ်ပြင်းပြီး ရန်လိုမှု ပြင်းထန်ကြောင်း ထင်ရှားစွာ ခံစားမိသည်။ ၎င်းသည် ပုံမှန် ကောင်းကင်နှင့် မြေကြီး စွမ်းအင်များကဲ့သို့ နူးညံ့ပြီး ကြည်လင်မှုမရှိပေ။ ဒါကို ခန္ဓာကိုယ်ထဲ ရှူရှိုက်မိလျှင် ဝိညာဉ်ဆရာသခင်၏ ခန္ဓာကိုယ်ကို ကြီးမားသော ထိခိုက်မှု ဖြစ်စေလိမ့်မည် ဖြစ်သည်။
ကျန်းလဲ့ရွှမ်းသည် အသက်ကို အောင့်ထားရင်း ရှေ့သို့ ဆက်လျှောက်ခဲ့သည်။ မကြာခင်မှာပင် သူမ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားများ အလွန်လျင်မြန်စွာ ကုန်ဆုံးနေကြောင်း ကျန်းလဲ့ရွှမ်း ရှာဖွေတွေ့ရှိလိုက်ရသည်။ သည်နေရာတွင် သူမ အကြာကြီး မတောင့်ခံနိုင်ပေ။
'ဒီအတိုင်းသာ ဆက်သွားရင် ဝမ်ဖုန်းကို မရှာတွေ့ခင် ငါကိုယ်တိုင် ဒုက္ခအကြီးအကျယ် ရောက်သွားလိမ့်မယ်'
ကျန်းလဲ့ရွှမ်း စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် ပြတ်ပြတ်သားသားပင် နောက်ကြောင်းပြန်လှည့်ရန် ဆုံးဖြတ်လိုက်သည်။ ဝိညာဉ်စွမ်းအားကို ချွေတာရန်အတွက် သူမ ပျံသန်းခြင်းပင် မပြုလုပ်တော့ပေ။
သို့သော် နောက်ကြောင်းပြန်လှည့် လျှောက်ခဲ့သော်လည်း ထူထပ်သော မြူခိုးများအောက်တွင် ပတ်ဝန်းကျင်ရှိ လမ်းများကို ခွဲခြားရခက်ခဲနေကြောင်း တွေ့ရှိလိုက်ရသည်။ အချိန်အတော်ကြာ လျှောက်ခဲ့သော်လည်း အပြင်သို့ မရောက်ရှိခဲ့ချေ။
ဒါကို မြင်တော့ ကျန်းလဲ့ရွှမ်း၏ နှလုံးသားက ပို၍ပင် လေးလံသွားသည်။ လမ်းပျောက်သွားတာလား။ ဒီနေရာက အပင်များက အမည်းရောင် သက်သက်ဖြစ်ပြီး ထူးထူးခြားခြား ကွဲပြားမှုမရှိချေ။ တစ်ချိန်တည်းမှာပင် ကျန်းလဲ့ရွှမ်းသည် ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်နေသည်။
ဘာမှတတ်နိုင်ခြင်းမရှိသည့်အဆုံး ကျန်းလဲ့ရွှမ်းသည် ရှေ့သို့သာ ဆက်လျှောက်ရန် ရွေးချယ်လိုက်ရပြီး တစ်ဖက်ကလည်း လမ်းရှာရန်အတွက် သူမ၏ လမင်းသိုင်းဝိညာဉ်ကို ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်ကာ ရှေ့သို့ စေလွှတ်လိုက်သည်။ သူမ ဘယ်လောက်အထိ လျှောက်ခဲ့မိသည်ကို မသိသော်လည်း ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားများ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဟု ခံစားလိုက်ရသည်။
နောက်ဆုံးတွင် ရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားသည်။ သို့သော် သူမ၏ သတိအသိဉာဏ်မှာ အနည်းငယ် ဝေဝါးနေပြီ ဖြစ်သည်။
လူရိပ်တစ်ခု သူမ၏ ရှေ့တွင် ပေါ်လာပြီး ကျန်းလဲ့ရွှမ်း၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားရတော့သည်။