အခန်း (၁၁၁၄) - မိုရင်၏ ဝိညာဉ်
'တစ်ရက်ကျော်ကြာအောင် ရှာဖွေပြီးမှ ခရမ်းကျောက်ကြံ့တစ်ကောင်ပဲ တွေ့ခဲ့တာ မဆန်းတော့ဘူးပဲ။ ဤလောက်ကျယ်ပြန့်တဲ့ ဝိညာဉ်သားရဲတောအုပ်ကြီးထဲမှာ ဒီလိုဝိညာဉ်သားရဲတွေက ရှားပါးတယ်ဆိုပေမဲ့ တစ်ကောင်မှ မတွေ့ရတာတော့ မဖြစ်နိုင်ဘူးလို့ ငါတွေးနေတာ။ တကယ်တော့ ဒီနေရာကို ရောက်လာပြီး ကူးစက်ခံလိုက်ရတာကိုး။'
ဤသို့တွေးမိပြီး ဝမ်ဖုန်း ဖွဖွလေး ပြုံးလိုက်မိသည်။ စိန်နဂါးသိမ်းငှက်နှင့် ထိုကျောက်စိမ်းခွံပုံဆောင်ခဲမိစ္ဆာတို့ကို ရှာဖွေတွေ့ရှိခြင်းမှာ ရှောင်ရှောင်နှင့် ဟော်ယွီယောက် နှစ်ဦးစလုံးအတွက် သင့်လျော်မည့် ဝိညာဉ်သားရဲများကို တွေ့ရှိခြင်းပင် ဖြစ်သည်။ ထိုနှစ်ကောင်စလုံးမှာ အလွန်တရာ ရှားပါးလှသော မျိုးစိတ်များ ဖြစ်ကြသည်။ ၎င်းတို့ကို သေချာ ပြုစုပျိုးထောင်ပေးမည်ဆိုပါက နောင်တစ်ချိန်တွင် ၎င်းတို့၏ အင်အားမှာ အဆမတန် တိုးတက်လာမည်မှာ သေချာလှသည်။
'ပြီးတော့ ရှောင်ဝူထုံအတွက်လည်း ကျန်သေးတာပဲ။'
ဝမ်ဖုန်းသည် မိမိထံသို့ ဦးတည်လှုပ်ရှားချင်နေကြသော ပတ်ဝန်းကျင်ရှိ မိစ္ဆာဝိညာဉ်သားရဲများကို ဝေ့ကြည့်လိုက်ရာ ရှောင်ဝူထုံနှင့် သင့်လျော်မည့် အခြားဝိညာဉ်သားရဲတစ်ကောင်ကို အမှန်ပင် ရှာဖွေတွေ့ရှိသွားခဲ့သည်။ ၎င်းမှာ ရှားပါးလှသော အပင်အမျိုးအစား ဝိညာဉ်သားရဲတစ်မျိုး ဖြစ်သည့် ရန်ယန်နေကြာပင် ဖြစ်သည်။
ထို ပန်းပွင့်မျိုးသည် ထူးခြားသော ရနံ့တစ်မျိုးနှင့် ထူးခြားသော အလင်းတန်းများကို ထုတ်လွှတ်နိုင်စွမ်းရှိပြီး ဝိညာဉ်သားရဲများစွာ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သက်ရောက်မှု ရှိစေနိုင်ရုံမျှမက အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်နိုင်စွမ်းလည်း ရှိသည်။ ၎င်း၏ ပန်းပွင့်ဖတ်များတွင် ပြင်းထန်သော လောင်ကျွမ်းခြင်း အာနိသင်ရှိသဖြင့် အလွန် ထူးခြားဆန်းပြားလှသည်။ ဒါက ကူညီပံ့ပိုးမှုရော တိုက်ခိုက်မှုပါ နှစ်မျိုးစလုံး လုပ်ဆောင်နိုင်သည့် ဝိညာဉ်သားရဲတစ်မျိုး ဖြစ်သဖြင့် ဝမ်တုန်း၏ စွမ်းရည်နှင့် အလွန် ကိုက်ညီလှပေသည်။
ဝမ်တုန်းသည် တိုက်ခိုက်ရေးအမျိုးအစား သိုင်းဝိညာဉ်ဆရာသခင်တစ်ဦး ဖြစ်ရာ သူမအတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ ပြင်းထန်သော ကူညီပံ့ပိုးမှုစွမ်းရည် သို့မဟုတ် မိမိ၏ သိုင်းဝိညာဉ်ကို မြှင့်တင်ပေးနိုင်မည့် စွမ်းရည်မျိုး ဖြစ်သည်။ ဝိညာဉ်သားရဲတစ်ကောင်အနေဖြင့်မူ ထိုရန်ယန်နေကြာသည် အကောင်းဆုံး ကိုက်ညီမှုပင် ဖြစ်သည်။
အမှန်စင်စစ်တွင်မူ အပင်အမျိုးအစား ဝိညာဉ်သားရဲများနှင့် ကောင်းကင်နှင့်မြေပြင်၏ ရတနာအဆီအနှစ်များမှာ အနှစ်သာရအားဖြင့် အတူတူပင် ဖြစ်သည်။ သို့သော် ထိုကောင်းကင်နှင့်မြေပြင်၏ ရတနာအဆီအနှစ်များကမူ ၎င်းတို့ကိုယ်နှိုက်ကပင် ထူးခြားဆန်းပြားနေခြင်း ဖြစ်သည်။ အပင်အမျိုးအစား ဝိညာဉ်သားရဲများမှာမူ ပို၍ ကျယ်ပြန့်လှသည်။ ၎င်းတို့တွင်လည်း သက်ရှိဇီဝ ရှိသော်ငြားလည်း ကျင့်ကြံခြင်း၏ ခက်ခဲမှုနှင့် အရှိန်အဟုန်မှာမူ ကောင်းကင်နှင့်မြေပြင်၏ ရတနာအဆီအနှစ်များနှင့် များစွာ ကွာခြားလှပေသည်။
အကြီးမားဆုံး ကွာခြားချက်မှာ ဝိညာဉ်ကွင်းပင် ဖြစ်သည်။ ထိုကောင်းကင်နှင့်မြေပြင်၏ ရတနာအဆီအနှစ်များသည် ကျင့်ကြံခြင်းနည်းလမ်းမှာ ဝိညာဉ်သားရဲများနှင့် ကွာခြားသဖြင့် ယေဘုယျအားဖြင့် ဝိညာဉ်ကွင်း ရှိမနေတတ်ချေ။ အလွန်မြင့်မားသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိမှသာ ရှိတတ်သည်။ ထို့ပြင် အဓိကကွာခြားချက်မှာ ၎င်းတို့ကို တိုက်ရိုက်မျိုချစားသုံးသည့်အခါ ကြီးမားသော အာနိသင်ကို ပေးစွမ်းနိုင်ခြင်း ဖြစ်သည်။
အပင်အမျိုးအစား ဝိညာဉ်သားရဲများတွင်မူ ဝိညာဉ်ကွင်း ရှိကြပြီး လူသားများကို ပေးအပ်နိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့ကို မျိုချစားသုံးမည်ဆိုပါက ကြီးမားသောအာနိသင် မရှိသည့်အပြင် ဘေးထွက်ဆိုးကျိုးများပင် ရှိတတ်သည်။
“ဒီရန်ယန်နေကြာကို ပြုစုပျိုးထောင်ရတာက သိပ်ပြီး မရှုပ်ထွေးပါဘူး” သင့်လျော်မည့် ဝိညာဉ်သားရဲ သုံးကောင်ကို ရှာဖွေတွေ့ရှိပြီးနောက် ဝမ်ဖုန်းတစ်ယောက် စိတ်ကြည်လင်သွားရသည်။
နောက်တစ်ဆင့်အနေဖြင့် ဤနေရာကို ရှင်းလင်းပြီး သည်မိစ္ဆာဝိညာဉ်သားရဲများကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်နိုင်လျှင်ပင် ထိုခရီးစဉ်သည် ပြီးပြည့်စုံသော အဆုံးသတ်သို့ ရောက်ရှိပြီဟု သတ်မှတ်နိုင်သည်။
ဝမ်ဖုန်း ဖြည်းဖြည်းချင်း ရှေ့သို့ လျှောက်လှမ်းလာခဲ့ရာ မည်မျှကြာအောင် လျှောက်ခဲ့မှန်းမသိဘဲ နောက်ဆုံးတွင် ကျိုးပဲ့နေသော ဥ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဤကဲ့သို့ ရှည်လျားသော အကွာအဝေးမှာ အစောပိုင်းက ပြင်ပမှ မြင်တွေ့ခဲ့ရသည့် အကွာအဝေးထက် များစွာ ပိုမိုဝေးကွာလှပေသည်။
ထိုဥသည် အတော်အတန် ကြီးမားပြီး တစ်ဝက်မျှ ကျိုးပဲ့နေသည်။ ထိုအချိန်တွင် ဥ၏ အပေါ်ဘက်၌ အမည်းရောင် မြူခိုးထုကြီးတစ်ခု လွင့်မျောနေ၏။ အမည်းရောင် မြူခိုးများနှင့် ဥခွံတစ်ဝက်မှာ ဤနယ်မြေတစ်ခုလုံး၏ မြစ်ဖျားခံရာ မြစ်ဝှမ်းပင် ဖြစ်သည်။
“လူသား... မင်းကို ငါ စောင့်နေတာ ကြာလှပြီ” မြူခိုးထုအတွင်းမှ မိုရင်၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဘာလဲ... ငါ့ရဲ့ ဖျက်ဆီးခြင်းကို ခံရဖို့ မစောင့်နိုင်တော့လို့လား” ဝမ်ဖုန်းက ပြုံးလျက် ဆိုသည်။
“မင်းရဲ့ ဖျက်ဆီးခြင်းကို ခံရဖို့ ဟုတ်လား” အမည်းရောင် မြူခိုးထုထဲမှ ထူးဆန်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး “ဘယ်သူက ဘယ်သူ့ကို ဖျက်ဆီးမလဲဆိုတာ မရေရာသေးပါဘူး။ မင်းက ဒီကမ္ဘာရဲ့ စွမ်းအားထက် ကျော်လွန်တဲ့ စွမ်းရည်နဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တယ်၊ မင်းက တကယ် သန်မာပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်က ဘာဖြစ်လို့ ထွက်မပြေးတာလဲဆိုတာ မင်းသိလား”
“ဘာလို့လဲ”
မိုရင်က ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း တစ်ခွန်းမျှ ထပ်မပြောတော့ချေ။ ၎င်းတို့၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြရန် မလိုလားသည်မှာ ထင်ရှားသည်။
“ငါ ခန့်မှန်းကြည့်ပါရစေ” သို့သော်ငြားလည်း ဝမ်ဖုန်းက ပြုံးလျက်ပင် ဆက်ပြောလိုက်သည်၊ “မင်း စဉ်းစားနေတာက... ဒီလူသားက ဒီလောက်တောင် သန်မာနေတာ၊ မင်းဒီနေရာမှာ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့တဲ့ ခန္ဓာကိုယ်ထက်တောင် ပိုပြီး သန်မာသေးတယ်။ အကယ်၍ သည်လူသားရဲ့ ခန္ဓာကိုယ်ကိုသာ သိမ်းပိုက်လိုက်ရင် မင်း ပိုပြီးတော့တောင် သန်မာမလာဘူးလား ဆိုတာမလား”
“ဒါကြောင့် မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို လောဘတက်နေတာပေါ့။ မဟုတ်ရင် မင်းရဲ့ ဝိညာဉ်က အစောကြီးကတည်းက ထွက်ပြေးသွားလောက်ပြီ”
မိုရင် - “...”
မိုရင် အကြိမ်အနည်းငယ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း ပြန်လည်မချေပသလို ဝန်လည်းမခံချေ။
“ဒီမိန်းကလေးတွေတင် မကဘူး ထင်တယ်...” ဝမ်ဖုန်း သက်ပြင်းချလိုက်မိသည်၊ “မင်းတို့လို အခြားကမ္ဘာက သတ္တဝါတွေပါ ငါ့ကို လောဘတက်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဟူး...”
ဒီလူသားကတော့...
အမည်းရောင် မြူခိုးထုကြီးသည် မနေနိုင်ဘဲ ဆူဝေလှုပ်ရှားလာခဲ့သည်။ ချက်ချင်းပင် ၎င်းသည် ရက်စက်ကြမ်းကြုတ်သော အရိပ်ဆိုးကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ဖုန်းထံသို့ အလွန် ပြတ်သားစွာဖြင့် အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာတော့သည်။
ဝမ်ဖုန်း မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။ အမည်းရောင် မြူခိုးများသည် သွေးမြူခိုးကိုယ်နှိုက် ဖြစ်ပြီး ဝိညာဉ်စွမ်းအင်များ ဖြစ်ကြသည်။ ၎င်းသည် ဥထဲမှ သန့်စင်မွေးဖွားလာခြင်းဖြစ်ပြီး ထူးခြားသော အမှောင်စွမ်းအင်မျိုး မဟုတ်ချေ။ ထိုနေရာရှိ အမှောင်စွမ်းအင် ဆိုသည်မှာ မိုရင်က သူ၏ ဝိညာဉ်စွမ်းအားကို သုံးပြီး ဥခွံတစ်ဝက်ကို နှိုးဆွလိုက်ရာမှ ထွက်ပေါ်လာသော အမှောင်စွမ်းအင်များသာ ဖြစ်ပြီး သူ၏ ဝိညာဉ်မှ ထွက်ပေါ်လာခြင်း မဟုတ်ချေ။ မဟုတ်လျှင် သူသည် ထိုကျိုးပဲ့နေသော ဥခွံထဲတွင် ရှိနေလိမ့်မည် မဟုတ်ပေ။
“ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား” ဝမ်ဖုန်း အေးစက်စွာ နှာခေါင်းရှုံ့လျက် ရှေ့သို့ တိုးဝင်သွားသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင် မူလအဆီအနှစ် အလင်းတန်း ခုနစ်ကြောင်းက တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သည်ဖြစ်စေ၊ မစုပ်ယူနိုင်သည်ဖြစ်စေ။ သူ၏ အသိစိတ်ပင်လယ်ထဲရှိ ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအားများနှင့်အတူ လင်းလက်တောက်ပသော အလင်းနှင့်အမှောင်နတ်သမီး သိုင်းဝိညာဉ်တို့၏ ဖိနှိပ်မှုအောက်တွင်မူ သာမန်ဝိညာဉ်တစ်ခုက သူ၏ ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်ချင်နေခြင်းမှာ ပေါကြောင်ကြောင် အိပ်မက်တစ်ခုမျှသာ ဖြစ်သည်။
စုတ်ချက်ကဲ့သို့ အမည်းရောင် အရိပ်ဆိုးကြီးသည် ဝမ်ဖုန်းကို ချက်ချင်းပင် တိုက်ရိုက် လွှမ်းခြုံသွားတော့သည်။ ချက်ချင်းဆိုသလို ဝမ်ဖုန်း၏ အသိစိတ်ပင်လယ်ထဲသို့ အသိစိတ်တစ်ခု ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင် အလင်းတန်း ခုနစ်ကြောင်းသည် တစ်ဖက်လူ၏ ဝိညာဉ်ကို စုပ်ယူတော့မည့်အလား ဖွဖွလေး လင်းလက်လာသည်။ သို့သော် ထင်ရှားလှသည်မှာ ဝိညာဉ်စွမ်းအား၏ နာမ်ပိုင်းဆိုင်ရာအနှစ်သာရနှင့် အမှောင်စွမ်းအင်၏ ရုပ်ပိုင်းဆိုင်ရာ အနှစ်သာရတို့မှာ အခြေခံအားဖြင့် ကွာခြားလှသဖြင့် ခရမ်းရောင် အလင်းတန်း ခုနစ်ကြောင်းသည် ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ခြင်း မရှိချေ။ ထူးခြားသော အမှောင်စွမ်းအင်ကိုသာ စုပ်ယူနိုင်သည်။
သို့သော်လည်း ဝမ်ဖုန်း အလျင်မလိုခဲ့ချေ။ သူသည် လျှို့ဝှက်ကျင့်စဉ်ကို တိုက်ရိုက် အသုံးပြုလိုက်ပြီး သည်ပြင်းထန်လှသော ဝိညာဉ်ကျင့်စဉ်နည်းလမ်း၏ အကူအညီဖြင့် အသိစိတ်ပင်လယ်ထဲတွင် ဝိညာဉ်မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်လေသည်။
ဝမ်ဖုန်း၏ အသိစိတ်ပင်လယ်ထဲသို့ အရှိန်ဖြင့် ဝင်ရောက်လာခါစ ရှိသေးသော မိုရင်၏ ဝိညာဉ်သည် ဝိညာဉ်မုန်တိုင်းထဲသို့ ချက်ချင်းပင် ရောက်ရှိသွားရတော့သည်။ ကံဆိုးသည်မှာ အကယ်၍သာ ဖရိုဖရဲစိမ်းပြာကြာပန်းနှင့် ပန်ဂူပုဆိန် သိုင်းဝိညာဉ်များသာ ရှိနေမည်ဆိုပါက တစ်ဖက်လူ၏ ဝိညာဉ်သည် တိုက်ရိုက် ဖိနှိပ်ချေမှုန်းခြင်း ခံရမည် ဖြစ်သည်။ လုံရှဲက ဝမ်ဖုန်း၏ အသိစိတ်ပင်လယ်ထဲသို့ မိစ္ဆာအတွေးတစ်ခု စေလွှတ်လိုက်စဉ်တုန်းကကဲ့သို့ပင်။
ထိုဝိညာဉ်မုန်တိုင်းအောက်တွင် မိုရင်၏ ဝိညာဉ်သည် စူးရှစွာ အော်ဟစ်မြည်တမ်းလိုက်ရသည်။ သို့သော်လည်း သည်အော်ဟစ်သံထဲတွင် ထူးဆန်းသော ရယ်မောသံတစ်ခု ပါဝင်နေ၏။ ပျော်ရွှင်နေသော ရယ်မောသံမျိုး။
ဝမ်ဖုန်းအနေဖြင့် မိုရင်ဆိုသည့်ကောင်သည် နာကျင်မှုကို သာယာတတ်သည့် လူမိုက်တစ်ယောက်လားဟူ၍ အလွန် သံသယဖြစ်မိသွားသည်။ သူ၏ အသိစိတ်ပင်လယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားများသည် မြူခိုးများမှ ရေစက်ကလေးများအဖြစ်သို့ စုစည်းထားခြင်းဖြစ်ရာ စိတ်ဝိညာဉ်စွမ်းအားက အလွန်တရာ ပြင်းထန်လှသည်။ မိုရင်၏ ဝိညာဉ်သည် မုန်တိုင်းထဲတွင် ပိတ်မိနေပြီး စုတ်ဖြဲချေမှုန်းခြင်း ခံနေရပြီ ဖြစ်သည်။ သို့ပါသော်လည်း ရယ်နိုင်သေးသည်လား။
“အား... အား...!! ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ၊ ငါ့ရဲ့ ဝိညာဉ်ကို ဝါးမြိုမပစ်ပါနဲ့... ငါသိသမျှ အကုန်လုံးကို မင်းကို ပြောပြပါ့မယ်” ပျော်ရွှင်ဖွယ် ရယ်မောသံများကြားမှပင် မိုရင်က အသနားခံ တောင်းပန်လာခဲ့ပြန်သည်။
ဒါက ဝမ်ဖုန်းကို ပို၍ပင် ကြောင်အမ်းသွားစေသည်။ ထိုကိစ္စထဲတွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေသည်မှာ သေချာသလောက်ပင်။ တစ်စုံတစ်ခုသော လှည့်ကွက် ရှိနေနိုင်သည်... ဝမ်ဖုန်း စိတ်ထဲမှ ထိတ်လန့်သွားရသည်။
သာမန်လူတစ်ယောက်ဆိုလျှင် သည်စကားကို ကြားသည်နှင့် မိုရင်သိသမျှကို ထုတ်ဖော်ပြောခိုင်းမည်မှာ သေချာသည်။ သို့သော် တစ်ဖက်လူက အခုလို ပြောလာသည့်အခါ ဝမ်ဖုန်းကို အနည်းငယ် သံသယဝင်သွားစေသည်။
“အုန်း?” ဝမ်ဖုန်းက တည်ငြိမ်စွာဖြင့် “မင်း ဘာတွေ သိလဲ” ဟု မေးလိုက်သည်။
“ငါ အများကြီး သိတာပေါ့...” မိုရင်က အလျင်အမြန်ပင် “ဥပမာ- ငါ ဘယ်ကလာလဲ။ ငါတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒီမိစ္ဆာဝိညာဉ်သားရဲတွေနဲ့ ငါတို့နဲ့က ဘာတွေ ပတ်သက်နေလဲ ဆိုတာမျိုးပေါ့။ နေပါဦး... မင်း ဒါတွေကို စိတ်မဝင်စားဘူးလား”
ဝမ်ဖုန်း အမှန်ပင် စူးစမ်းလိုစိတ် ရှိသည်။ ဒီကောင်တွေက ဘယ်ကမ္ဘာက လာကြတာလဲ။
“မင်းပြောတဲ့အရာတွေကို... ငါ မင်းရဲ့ ဝိညာဉ်ကို တိုက်ရိုက် ဝါးမြိုပြီးရင်လည်း သိနိုင်တာပဲ မဟုတ်ဘူးလား” ဝမ်ဖုန်းက ရုတ်တရက် မေးလိုက်သည်၊ “ဘာဖြစ်လို့ မင်းကိုယ်တိုင် ပြောပြဖို့ လိုနေရတာလဲ”