အခန်း (၁၁၁၃) - စိန်နဂါးသိမ်းငှက်နှင့် ကျောက်စိမ်းခွံပုံဆောင်ခဲမိစ္ဆာ
တစ်ဖက်လူမှာ လုံးဝ မကျေမနပ် ဖြစ်နေရှာသည်။ ဘေးနားရှိ ကျန်းနန်နန်မှာလည်း ဆက်၍ မကြည့်ရက်တော့သဖြင့် လျှောက်သွားကာ လုံရှဲ၏ အတောင်ပံကို မတင်ပေးရန် ကြိုးစားလိုက်မိသည်။ သို့သော်လည်း တစ်ဖက်လူ၏ အတောင်ပံများက အလွန်တရာ လေးလံလွန်းနေသည်ကိုသာ တွေ့လိုက်ရ၏။
“ဟင်း” လုံရှဲက ထိုငှက်လေးကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဒီကောင်စုတ်လေးကို ယာယီလွှတ်ပေးရန် ရည်ရွယ်လိုက်သည်။ သူက အတောင်ပံကို မတင်ပေးလိုက်၏။
ရွှေဦးခေါင်းဇီးကွက်သည် မြေပြင်ပေါ်တွင် ဖိညှပ်ခံထားရသည့်အလား ပြားချပ်လျက် ကျန်ရစ်ခဲ့သည်။ ကျန်းနန်နန်က အနားသို့ လျှောက်သွားပြီး ဝိညာဉ်ကာကွယ်ရေးကိရိယာထဲမှ ဒဏ်ရာကုဆေးတချို့ကို ထုတ်ယူကာ ရွှေဦးခေါင်းဇီးကွက်၏ အတောင်ပံများပေါ်သို့ သုတ်လိမ်းပေးလိုက်သည်။
“ဝူး~~!”
မထင်မှတ်ဘဲ ထိုရွှေဦးခေါင်းဇီးကွက်က သွေးအလိမ်းလိမ်းဖြစ်နေသော ပါးစပ်ကို ဖွင့်လျက် ကျန်းနန်နန်ထံသို့ ဦးတည်ကာ ထိုးဆိတ်ရန် ကြံစည်လေသည်။ ကံကောင်းသည်မှာ ကျန်းနန်နန် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ခြင်းပင်။
“တွေ့လား” လုံရှဲက အကြိမ်အနည်းငယ် ရယ်မောလိုက်ရင်း “ကောင်မလေး... သူက မင်းရဲ့ စေတနာကို လက်ခံမှာ မဟုတ်ဘူး” ဟု ဆိုသည်။
ကျန်းနန်နန် နှုတ်ခမ်းကို တင်းတင်းစေ့လျက် သက်ပြင်းချလိုက်မိသည်။ သို့သော်လည်း ဒဏ်ရာကုဆေးကို ရွှေဦးခေါင်းဇီးကွက်၏ ရှေ့တွင် ချန်ထားပေးခဲ့ဆဲပင်။ သို့သော် လုံရှဲ၏ စကားများကြောင့် သူမသည် ဝိညာဉ်ဆရာသခင်များနှင့် ဝိညာဉ်သားရဲများအကြောင်းကို ပြန်လည်တွေးတောနေမိသည်။
“ငါပဲ လုပ်လိုက်ပါ့မယ်” လုံရှဲ၏ မျက်နှာတွင် ယုံကြည်ချက်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။
“ရှင်... ရှင်က သူ့ကို ကုပေးမလို့လား” ကျန်းနန်နန် ကြောင်အမ်းသွားရသည်။
“ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါပြောပြီးပြီပဲ... ဆုံးမရုံတင် ဆုံးမတာပါလို့” လုံရှဲက ဖွဖွလေး ပြုံးလျက် “ငါက သည်ကောင်စုတ်လေးကို တကယ် သတ်ချင်တာ မဟုတ်ပါဘူး၊ မဟုတ်ရင် သခင်ကြီး ထွက်လာတဲ့အခါ... အဟမ်း”
“အော်... ဒါဆိုရင် ဆရာဖုန်းက ရှင့်ကို ရိုက်မှာ ကြောက်လို့ပေါ့” ကျန်းနန်နန် ရုတ်တရက် ပါးစပ်ကို လက်ဖြင့်အုပ်ကာ အကြိမ်အနည်းငယ် ရယ်မောလိုက်မိသည်။ ဤနှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော ကျောက်ဆောင်နဂါးကြီးသည် ဆရာဖုန်းကို တကယ်ပင် ရိုသေခန့်ညားပြီး ကြောက်ရွံ့ပုံရသည်။ ဒါက ဝိညာဉ်ဆရာသခင်နဲ့ ဝိညာဉ်သားရဲတွေရဲ့ ဆက်ဆံရေးလား။ ကျန်းနန်နန်မှာ ပို၍ပင် စူးစမ်းလိုစိတ် ပြင်းပြလာရသည်။
“ငါ လုံရှဲက ကြောက်တတ်တဲ့ကောင်လား” လုံရှဲက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ကျန်းနန်နန် ပါးစပ်ကို အုပ်ကာ ခိုးရယ်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်၊ “ဒါဆိုရင် ရှင်က သူ့ကို ဘယ်လိုကုမှာလဲဟင်။ ရှင့်အတောင်ပံနဲ့ သူ့အတောင်ပံတွေကို ချိုးပစ်လိုက်တာလေ။ ရှင့်မှာ ကုသရေးအမျိုးအစား ဝိညာဉ်စွမ်းရည် ရှိလို့လား”
“မရှိတာ အမှန်ပဲ၊ ပြီးတော့ ငါ့အတွက် မလိုလည်းမလိုဘူး” လုံရှဲက ရွှေဦးခေါင်းဇီးကွက်ကို အထင်သေးစွာ တစ်ချက်ဝေ့ကြည့်လျက် “ငါ့ရဲ့ နဂါးတံတွေးက ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အာနိသင်ရှိတယ်၊ ဒီကောင်က အသက် သုံးရာကျော်ပဲ ရှိသေးတဲ့ ဝိညာဉ်သားရဲတစ်ကောင်ဆိုတော့ ငါ နည်းနည်းလောက် ထွေးပေးလိုက်ရင်တင် သူ့ရဲ့ မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားဖို့ လုံလောက်တယ်၊ ကျင့်ကြံခြင်းအဆင့်တောင် တက်သွားနိုင်သေးတယ်”
“နဂါးတံတွေး... ဆိုတာ ရှင့်ရဲ့ တံတွေးကို ပြောတာမလား” ကျန်းနန်နန် ကြောင်တောင်တောင်ဖြင့် ဆိုသည်။
တကယ့် နဂါးစစ်စစ်တစ်ကောင်၏ တံတွေးသည် နဂါးကတိုးဖြစ်ပြီး ၎င်းက ကြီးမားသော အာနိသင်ရှိသည်ကို သူမ ကြားဖူးပါသည်။ နဂါးကတိုးကိုယ်နှိုက်က အသုံးဝင်ပုံများစွာရှိသည့် ရှားပါးသောအရာ ဖြစ်သည်။ သို့သော် ထိုအရာက တကယ့် နဂါးစစ်စစ်များအတွက်သာ ဖြစ်သည်။ ကျန်းနန်နန်အနေဖြင့်မူ တကယ့်နဂါးဝိညာဉ်သားရဲများအကြောင်းကို ကြားရခဲလှသည်။ ကျောက်ဆောင်နဂါး ဆိုသည်မှာ နဂါးမျိုးနွယ်ခွဲတစ်မျိုးသာ ဖြစ်ပြီး နဂါးစစ်စစ်ပင် မဟုတ်ချေ... ရှေ့မှအကောင်က ထူးခြားဆန်းပြားနေသည်ဆိုသော်ငြားလည်း။
သို့သော်လည်း ထိုကျောက်ဆောင်နဂါး၏ စိတ်ဓာတ်က ကောင်းမွန်နေသေးသည်ပင်။ ထိုကျောက်ဆောင်နဂါးသည် ဆရာဖုန်း၏ ဝိညာဉ်သားရဲ ဖြစ်လာပြီးနောက် စိတ်ကောင်းနှလုံးကောင်း ရှိလာပုံရသည်ဟု ကျန်းနန်နန် စိတ်ထဲမှ တွေးမိလိုက်သည်။
သို့သော်ငြားလည်း လုံရှဲ၏ နောက်ထပ်ထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် ကျန်းနန်နန်၏ ကျောပြင်တစ်ခုလုံး စိမ့်ခနဲ ဖြစ်သွားရတော့သည်၊ “ဒီကောင်စုတ်လေးက အရမ်းခေါင်းမာတာ။ ငါ သူ့ကို ကယ်တင်ပြီးရင် နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ပြီး ဆုံးမလို့ရတာပေါ့၊ ဒါမှ ငါလည်း စိတ်မမွန်းကျပ်တော့မှာ”
ထိုသို့ပြောရင်း လုံရှဲသည် ပါးစပ်ကို ဟလျက် သင်းပျံ့သောရနံ့ အနည်းငယ်ရှိသည့် တံတွေးခဲတစ်ခုကို ရွှေဦးခေါင်းဇီးကွက်ထံသို့ အရှိန်ဖြင့် ထွေးထုတ်လိုက်လေသည်။
“...” ကျန်းနန်နန်မှာ ဆွံ့အသွားရသည်။ ဒီကျောက်ဆောင်နဂါးက မိစ္ဆာတစ်ကောင်လား။
“ဝူး~~!”
တံတွေးခဲက ရွှေဦးခေါင်းဇီးကွက်ပေါ်သို့ ကျရောက်သွားသည်။ မထင်မှတ်ဘဲ ရွှေဦးခေါင်းဇီးကွက်သည် ပိုမိုပြင်းထန်စွာ ရုန်းကန်လျက် လုံရှဲ၏ တံတွေးများကို မြေပြင်ပေါ်၌ လူးလှိမ့်ကာ မြေကြီးများဖြင့် ဖုံးအုပ်ပစ်လိုက်တော့သည်။ မိမိကိုယ်ကိုယ် မြေကြီးထဲသို့ ထိုးနှစ်ကာ လုံရှဲ၏ တံတွေးကို လက်ခံမည့်အစား မြေကြီးထဲတွင် သေပွဲဝင်ရန် ရွေးချယ်မည့်အလား ၎င်း၏ နှုတ်သီးကို မြေကြီးထဲသို့ စိုက်ထည့်ထားလိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ လုံရှဲမှာ ထပ်မံ၍ ဒေါသအိုးပေါက်ကွဲသွားရပြန်သည်။ သူ၏ တံတွေးသည် ဒီလို အဆင့်နိမ့်ဝိညာဉ်သားရဲများအတွက် ရတနာတစ်ပါး ဖြစ်သည်။ သို့ပါသော်လည်း ဒီကောင်စုတ်လေးက မည်မျှအထိ ရွံရှာနေရော့သလား။
“ထွက်ခဲ့စမ်း!” လုံရှဲက ခြေလှမ်းတစ်ချက် ပြင်းပြင်းလှမ်းကာ ရွှေဦးခေါင်းဇီးကွက်ကို မြေကြီးထဲမှ ဆွဲထုတ်လိုက်သည်။
ထို့နောက် ၎င်း၏ လက်ဖဝါးများကို ထိန်းချုပ်လျက် ရွှေဦးခေါင်းဇီးကွက်ကို မြေပြင်ပေါ်သို့ အတင်းအဓမ္မ ဖိချကာ တံတွေးတစ်လုံး ထပ်မံထွေးချလိုက်ပြန်သည်။ သည်တံတွေးထဲတွင်မူ ဝိညာဉ်စွမ်းအားများ အမှန်တကယ် ပါဝင်နေသည်။ အမှန်စင်စစ် ၎င်းသည် သာမန်တံတွေးမျှ မဟုတ်ဘဲ သူ၏ မူလစွမ်းအား အနည်းငယ်လည်း ပါဝင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သဘာဝကျစွာပင် သာမန်မဟုတ်ချေ။ မဟုတ်လျှင် လုံရှဲအနေဖြင့် သည်အရာသည် အားနည်းသော ဝိညာဉ်သားရဲများအတွက် ရတနာဖြစ်သည်ဟု ပြောလိမ့်မည် မဟုတ်ပေ။
တံတွေးသည် ရွှေဦးခေါင်းဇီးကွက်၏ အတောင်ပံများပေါ်သို့ ကျရောက်သွားရာ ရွှေဦးခေါင်းဇီးကွက်၏ တစ်ကိုယ်လုံးမှာ ရေထဲမှ ဆယ်ယူထားသည့်အလား ဖြစ်သွားပြီး သင်းပျံ့သော ရနံ့တစ်ခုလည်း ထွက်ပေါ်လာသည်။ သို့သော်လည်း ကျိုးပဲ့နေသော အတောင်ပံများနှင့် သွေးများ စွန်းထင်နေသော နှုတ်သီးတို့မှာ မျက်စိဖြင့် မြင်တွေ့နိုင်သည့် အရှိန်အဟုန်ဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
'တကယ်ပဲ... ကောင်းသွားတာပဲ' ကျန်းနန်နန် ရွှေဦးခေါင်းဇီးကွက်ကို ကြည့်လိုက်မိသည်။
သို့သော်လည်း ထိုရွှေဦးခေါင်းဇီးကွက်ကို ကြည့်ရသည်မှာ ဘဝကို လက်လျှော့လိုက်သည့်အလား ခံစားချက်မျိုး ဖြစ်နေသည်ကို တွေ့လိုက်ရ၏... အဓမ္မကျင့်ခြင်း ခံလိုက်ရသည့် ပုံစံမျိုးနှင့် ခပ်ဆင်ဆင် တူလှသည်။ ထိုအချက်ကို တွေးမိသောအခါ ကျန်းနန်နန်မှာ မိမိ၏ အတွေးက အနည်းငယ် ညစ်ပတ်နေသည်ဟု ခံစားရသဖြင့် မျက်နှာလေး ရဲခနဲ ဖြစ်သွားရရှာသည်။
“ဒီလိုပဲ ဖြစ်ရမယ်လေ” လုံရှဲက လက်ကို လွှတ်ပေးလိုက်ရင်း မာနတထောင်ဖြင့် ပြုံးလျက် “ငါလုံရှဲက မင်းကို မနှိမ်နင်းနိုင်ဘူးလို့ ထင်နေလား” ဟု ဆိုသည်။
လက်ကို လွှတ်ပေးပြီးနောက် လုံရှဲက ရွှေဦးခေါင်းဇီးကွက်ကို ကြည့်လိုက်ရာ တစ်ဖက်လူ၏ မျက်လုံးများက သူ့ကို စိုက်ကြည့်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ဒေါသနှင့် မုန်းတီးမှုများ ပြည့်နှက်နေသော်လည်း နောက်ဆုံးတွင် အနည်းငယ် ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းက လုံရှဲ၏ စိတ်ကို တစ်ချက် လှုပ်ခတ်သွားစေသည်။ ထိုငှက်ကလေးက တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းလှသည်။
နာရီအနည်းငယ် ကြာပြီးနောက် ရွှေဦးခေါင်းဇီးကွက်သည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပြီး လုံရှဲထံသို့ တိုက်စစ်အသစ်တစ်ရပ်ကို ဆက်လက် ဆင်နွှဲလေတော့သည်။
ပြင်ပတွင် ရွှေဦးခေါင်းဇီးကွက်နှင့် လုံရှဲတို့ တိုက်ခိုက်နေကြစဉ်အတွင်း ဝမ်ဖုန်းသည်လည်း ထိုထူးခြားသော နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ထူးခြားသော အမှောင်စွမ်းအင်များက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့နှက်နေသည်။ ဒါက ဝိညာဉ်နယ်မြေ ကမ္ဘာထဲရှိ ကောင်းကင်နှင့်မြေပြင်၏ မူလစွမ်းအင်များနှင့် တစ်နည်းတစ်ဖုံ ဆင်တူသော ထူးခြားသည့် စွမ်းအင်တစ်မျိုး ဖြစ်သည်။ သဘာဝကျစွာပင် ဝိညာဉ်ဆရာသခင်များအတွက်မူ သည်အရာကို စုပ်ယူရန် လုံးဝ မဖြစ်နိုင်ချေ။ စုပ်ယူမိသည်နှင့် ဝိညာဉ်ဆရာသခင်၏ ခန္ဓာကိုယ်သည် သည်ထူးခြားသော အမှောင်စွမ်းအင်ကို တောင့်ခံနိုင်မည် မဟုတ်ပေ။ သို့သော်လည်း အတင်းအဓမ္မ စုပ်ယူမည်ဆိုပါက ထူးခြားသောအမှောင်စွမ်းအင်သည် ဝိညာဉ်ဆရာသခင်၏ ကျင့်ကြံခြင်းကို လှုံ့ဆော်ပေးနိုင်ပြီး အချိန်တိုအတွင်း၌ ဝိညာဉ်ဆရာသခင်၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ပြဿနာများစွာ ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။ ဝမ်ဖုန်း၏ ခန့်မှန်းချက်အရ ဆိုလျှင် သက်တမ်း တိုတောင်းသွားခြင်း၊ သက်စောင့်အား လျော့နည်းသွားခြင်းနှင့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်အမျိုးမျိုး ပျက်စီးသွားခြင်းတို့ ဖြစ်ပေါ်လာလိမ့်မည်။ ၎င်းက ဝိညာဉ်ဆရာသခင်၏ ဝိညာဉ်နှင့် စိတ်ဓာတ်အပေါ် ကြီးမားသော သက်ရောက်မှု ရှိစေပြီး နောက်ဆုံးတွင် ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးကာ မိစ္ဆာဝိညာဉ်သားရဲများနှင့် ဆင်တူသော တည်ရှိမှုမျိုး ဖြစ်သွားစေပေလိမ့်မည်။
ဝမ်ဖုန်း၏ ခရမ်းရောင် မူလအဆီအနှစ် အလင်းတန်းကမူ သည်ထူးခြားသော အမှောင်စွမ်းအင်ကို စုပ်ယူပြီး အသွင်ပြောင်းလဲပေးနိုင်သည်။
အချိန်အတော်ကြာ လျှောက်လှမ်းပြီးနောက် ဝမ်ဖုန်းသည် အလယ်ဗဟိုနေရာသို့ ရောက်ရှိလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ မိစ္ဆာမြူခိုးများသည် ပိုမိုထူထပ်လာပြီး တစ်ခါတစ်ရံတွင် မိစ္ဆာဝိညာဉ်သားရဲများ၏ ဟိန်းဟောက်သံများနှင့် ရောနှောနေတတ်သည်။ ဝိညာဉ်သားရဲအုပ်စုများသည် အရပ်မျက်နှာအသီးသီးမှ ဒီရေလှိုင်းကဲ့သို့ အလုံးအရင်းဖြင့် ပြေးလွှားနေကြ၏။ မြေပြင်ပေါ်တွင် ပြန့်နှံ့နေသော အမည်းရောင် ပေါင်းမြက်များကလည်း ဝိညာဉ်ကို တိုက်စားတော့မည့်အလား ထူးဆန်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ဝမ်ဖုန်းသည် ဝိညာဉ်သားရဲများစွာကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့အနက် အများစုမှာ ကူးစက်ခံရပြီး မိစ္ဆာဝိညာဉ်သားရဲများ ဖြစ်သွားကြပြီ ဖြစ်သည်။ အစောပိုင်းတုန်းက ရှောင်ရှောင်ကို ပြောပြခဲ့ဖူးသည့် စိန်နဂါးသိမ်းငှက်ကဲ့သို့သော အကောင်မျိုးပင် သည်နေရာတွင် ရှိနေသည်။ ဤကဲ့သို့ အလွန်ရှားပါးလှသော ဝိညာဉ်သားရဲမျိုးသည် ရွှေဦးခေါင်းဇီးကွက်ကဲ့သို့သော သာမန်သိမ်းငှက်အမျိုးအစား ဝိညာဉ်သားရဲများနှင့် ယှဉ်နိုင်ခြင်း မရှိချေ။
ထို့အပြင် ဝမ်ဖုန်းသည် အတော်အတန် ရှားပါးလှသော စိတ်ဝိညာဉ်အမျိုးအစား ဝိညာဉ်သားရဲတစ်မျိုး ဖြစ်သည့် ကျောက်စိမ်းခွံပုံဆောင်ခဲမိစ္ဆာကိုလည်း မြင်တွေ့ခဲ့ရသည်။ ထိုဝိညာဉ်သားရဲသည် ခြောက်ထောင့်ပုံစံ ကျောက်စိမ်းတုံးတစ်ခုနှင့် ဆင်တူပြီး မျက်လုံးတစ်စုံနှင့် ပါးစပ်တစ်ခုသာ ပါရှိသည်။ အကယ်၍ ၎င်းကို တစ်ဖက်တည်းမှ ကြည့်မည်ဆိုပါက နှစ်ဖက်မြင် (2D) သတ္တဝါတစ်ခုကဲ့သို့ ထင်ရသည်။ ဘေးတိုက်မှ ကြည့်မှသာ သုံးဖက်မြင် (3D) အကျိုးသက်ရောက်မှုကို မြင်တွေ့နိုင်မည် ဖြစ်သည်။
စိတ်ဝိညာဉ်အမျိုးအစား ဝိညာဉ်သားရဲများသည် တကယ်ပင် အလွန်ရှားပါးလှသည်။ ဤမျှလောက်များပြားသော မိစ္ဆာဝိညာဉ်သားရဲများထဲတွင်မှ သည်ကျောက်စိမ်းခွံပုံဆောင်ခဲမိစ္ဆာမျိုးမှာ ပို၍ပင် ရှားပါးလှပေသည်။ ၎င်းသည် အင်အားမသန်မာသော်လည်း ဟော်ယွီယောက်အတွက်မူ ဝိညာဉ်သားရဲအဖြစ် ရွေးချယ်ရန် တော်တော်လေး သင့်လျော်လှသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျောက်စိမ်းခွံပုံဆောင်ခဲမိစ္ဆာမျိုးသည် စိတ်ဝိညာဉ်စွမ်းအားပိုင်းတွင် သန်မာရုံသာမက ကာကွယ်ရေးပိုင်းတွင်လည်း ထူးချွန်ပြောင်မြောက်သောကြောင့်ပင် ဖြစ်သည်။