အခန်း (၁၁၁၁) - အမှောင်နယ်မြေ
ထိုစဉ်က ကျန်းနန်နန်၏ အခြေအနေမှာ သည်ကဲ့သို့ ရုတ်တရက် အရှိန်မြှင့်လိုက်သည့်အခါ မိမိကိုယ်ကိုယ် ထိန်းညှိရန် ခက်ခဲသွားရသည်။ သူမသည် ဝမ်ဖုန်းနှင့် စောင့်မိသွားချိန်၌ တစ်ကိုယ်လုံး ကြောင်အမ်းသွားပြီး မျက်နှာတစ်ခုလုံး ချက်ချင်းပင် ရဲခနဲ ဖြစ်သွားရ၏။ ကံကောင်းသည်မှာ ဝမ်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်မိခြင်းမျိုး မဟုတ်ဘဲ ပခုံးကိုသာ တိုက်မိခြင်း ဖြစ်သည်။
'အရမ်းသက်တောင့်သက်သာရှိတာပဲ... ဒီအနံ့လေးက...'
ကျန်းနန်နန်သည် တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ အလွန်တရာ သန့်စင်သော အရှိန်အဝါတစ်ခုကို မသဲမကွဲ ခံစားလိုက်ရသည်။
“အဟမ်း... ကူညီပေးပါဦး” ဝမ်ဖုန်းက ကျန်းနန်နန်၏ ပခုံးကို ဖိကိုင်လျက် ပြောလိုက်သည်။
လုံရှဲဆိုသည့် ကောင်စုတ်သည် တမင်သက်သက် လုပ်လိုက်ခြင်း ဖြစ်ရမည်။
“အဲ... အော်... အော်...” ကျန်းနန်နန် သတိပြန်ဝင်လာပြီး ဝမ်ဖုန်းကို ရှက်ကိုးရှက်ကန်း ကြည့်ကာ ဘေးနားရှိ ကျောက်တိုင်ကို အမြန်အဆန်း တွဲလိုက်ရသည်။
ရှေ့မှ ရွှေဦးခေါင်းဇီးကွက်သည် ၎င်းတို့အား တစ်နေရာရာသို့ ခေါ်ဆောင်သွားမည့်အလား လျင်မြန်စွာ ပျံသန်းနေဆဲပင် ဖြစ်သည်။
“ကျောင်းတော်မှာ ကြားဖူးတာတော့ စီနီယာတွေက ကျောင်းသားအနည်းငယ်ကို လက်ခံထားတယ်ဆိုတာပဲ၊ စီနီယာတို့က ကျောင်းသားတွေကို အတွေ့အကြုံရှာဖို့ ခေါ်လာရင်းနဲ့ သည်နေရာကို ရောက်လာတာလားဟင်” ကျန်းနန်နန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်မိသည်။
“ဟုတ်တယ်၊ သူတို့ကို ဝိညာဉ်သားရဲ ရှာဖွေပေးဖို့ပဲ” ဝမ်ဖုန်းက ခေါင်းညိတ်ပြလျက် “ငါ့ကို စီနီယာလို့ မခေါ်ပါနဲ့၊ ငါက ငယ်ပါသေးတယ်” ဟု ပြောလိုက်သည်။
“ဝိညာဉ်သားရဲ...” ကျန်းနန်နန် မျက်တောင်ခတ်လိုက်ရင်း “ဒါဆိုရင် စီနီယာဆရာလို့ ခေါ်ရမလား၊ ရှင်က အခုဆိုရင် ကျောင်းတော်ရဲ့ ဆရာတစ်ယောက်ပဲဥစ္စာ။ ဆရာဝမ်?”
“ဆရာဖုန်းလို့ ခေါ်လို့ရတယ်” ဝမ်ဖုန်း ခေတ္တမျှ စဉ်းစားလိုက်ပြီး “ကျောင်းတော်မှာ ဝမ်ဆိုတဲ့ ဆရာတွေက အရမ်းများလွန်းတယ်” ဟု ဆိုသည်။
“...” ကျန်းနန်နန် ဖွဖွလေး ပြုံးလိုက်မိသည်။ ဝမ်ဆိုသည့် မျိုးရိုးအမည်မှာ တကယ်ပင် အများဆုံး မျိုးရိုးအမည် ဖြစ်သည်။
“ဆရာဖုန်း... စောစောက အဲဒီမိစ္ဆာဝိညာဉ်သားရဲက ဘာကောင်လဲဟင်” ကျန်းနန်နန်မှာ စောစောက ဖြစ်ပျက်သွားသည့် ကိစ္စများနှင့် ပတ်သက်ပြီး မေးစရာ မေးခွန်းများစွာ ရှိနေသည်မှာ ထင်ရှားသည်။
ဝမ်ဖုန်း ခေတ္တမျှ တွေးတောနေမိရာ ထိုအခြေအနေကို ကျန်းနန်နန်အား ရှင်းပြရန် ခဏတဖြုတ်နှင့် မလွယ်ကူပေ။ ဝိညာဉ်ပြည်ထောင်စုအနေဖြင့်မူ သည်အခြေအနေကို တစ်စုံတစ်ရာ နားလည်ထားနိုင်ခြေ ရှိသည်။
“အတိအကျ ပြောရရင်တော့ ဒါက မိစ္ဆာဝိညာဉ်သားရဲ သက်သက်တော့ မဟုတ်ဘူး” ဝမ်ဖုန်းက အနည်းငယ် ရှင်းပြလိုက်သည်။ သည်မိန်းကလေးငယ်သည် လက်ရှိတွင် အလွန် ထိတ်လန့်နေဆဲ ဖြစ်သည်။ သူမ စိတ်မအေးရသေးသည်မှာ သေချာသလောက်ပင်။ ထို့ကြောင့်လည်း စိတ်ထဲရှိ တင်းမာမှုများနှင့် သံသယများကို လျော့ပါးသွားစေရန် စကားပြောဆိုပြီး မေးခွန်းများ မေးမြန်းနေခြင်း ဖြစ်သည်။
“ဒါပေမဲ့ အဲဒီမိစ္ဆာဝိညာဉ်သားရဲက သူ့ရဲ့ ကူးစက်မှုကို ခံလိုက်ရတာ” ဝမ်ဖုန်းက မိမိအား မျက်လုံးဝိုင်းကြီးများဖြင့် ကလေးငယ်တစ်ဦးကဲ့သို့ စူးစမ်းကြည့်နေသော ကျန်းနန်နန်ကို တစ်ချက် ကြည့်လိုက်သည်။
“သူတို့ကို ငါတို့ လူသားတွေနဲ့ ဆင်တူတဲ့ သက်ရှိတစ်မျိုးလို့ နားလည်ထားလို့ရတယ်” ဝမ်ဖုန်းက ဆက်လက်၍ “သူတို့က သည်လိုနေရာမျိုးမှာ မွေးဖွားလာကြတာ၊ အရင်က အပြည့်အဝ အကောင်မပေါက်သေးလို့ မသိကြတာပဲ။ ပဉ္စမအကြိမ်မြောက် ဝိညာဉ်သားရဲတွေ တိုက်ပွဲဖြစ်ပွားစဉ်တုန်းက အဲဒီမိစ္ဆာဝိညာဉ်သားရဲတွေက သူတို့ရဲ့ ဥတွေကို သည်ဝိညာဉ်သားရဲတောအုပ်ထဲမှာ ချန်ထားခဲ့ကြတာ၊ ပြီးတော့ သည်နေရာရဲ့ သက်စောင့်အား သို့မဟုတ် အခြားဝိညာဉ်သားရဲတွေရဲ့ အား ပြုစုပျိုးထောင်ပေးမှုကြောင့် ဖြည်းဖြည်းချင်း ကြီးထွားလာခဲ့တာပေါ့”
“အခုတလောမှ မွေးဖွားလာတာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ငါ့ရဲ့ ခန့်မှန်းချက်တွေပဲမို့ အတိအကျကြီးတော့ မဟုတ်နိုင်ဘူး”
ကျန်းနန်နန်သည် သဘောပေါက်တစ်ချက် မပေါက်တစ်ချက်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဒါဆိုလျှင် မိစ္ဆာဝိညာဉ်သားရဲ မဟုတ်ပေဘူးလား။
“အဲဒီမိစ္ဆာက အသက်ရှင်နေသေးတာလားဟင်” ကျန်းနန်နန် ဆက်မေးပြန်သည်။ သူမသည် အစောပိုင်းက တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ ကောင်းကင်ယံမှ အရှိန်အဝါကြီးမားစွာ ကျဆင်းလာသည့် ထိုကဲ့သို့ ကြောက်မက်ဖွယ် နတ်ဘုရားမိုးကြိုးသည်ပင် တစ်ဖက်လူကို အပြတ်အသတ် မဖျက်ဆီးနိုင်ခဲ့ချေ။
“သူ့ရဲ့ အစိတ်အပိုင်းတချို့ သေဆုံးသွားပြီ၊ ဒါပေမဲ့ ဝိညာဉ်ကတော့ ပျက်ပြယ်မသွားသေးဘူး” ဝမ်ဖုန်းက အဝေးသို့ စိုက်ကြည့်လျက် “တစ်ဖက်လူရဲ့ ဝိညာဉ်က သည်ဝိညာဉ်သားရဲတောအုပ်ထဲက မိစ္ဆာဝိညာဉ်သားရဲတွေရဲ့ မူလမြစ်ဖျားခံရာ ဖြစ်ရမယ်။ တစ်ဖက်လူကို ဖျက်ဆီးပြီးရင်တော့ သည်တောအုပ်ထဲမှာ မိစ္ဆာဝိညာဉ်သားရဲအသစ်တွေ ထပ်ရှိလာတော့မှာ မဟုတ်ဘူး” ဟု ဆိုသည်။
ကျန်းနန်နန် ခေါင်းညိတ်လိုက်ပြီး အကြမ်းဖျင်းအားဖြင့် သဘောပေါက်သွားသည်။
“ဝူး~~!”
ထိုစဉ် ရှေ့မှ ရွှေဦးခေါင်းဇီးကွက်က ရုတ်တရက် အော်ဟစ်လိုက်သည်။ ထို့နောက် ၎င်းသည် လေထုထဲမှ အောက်သို့ ထိုးဆင်းသွားလေသည်။
“အစ်ကိုကြီး... ရောက်ပြီဗျ” လုံရှဲကလည်း ချက်ချင်း အောက်သို့ ထိုးဆင်းသွားသည်။
“ငါ သတိထားမိတယ်” ဝမ်ဖုန်းက ခေါင်းအနည်းငယ် ညိတ်ပြရင်း အဝေးသို့ လှမ်းကြည့်လိုက်ရာ စိတ်ထဲတွင် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာရသည်။
၎င်းတို့ရှေ့တွင် ရှိနေသည်မှာ ဤတောအုပ်ထဲရှိ ချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။ မြေမျက်နှာသွင်ပြင်မှာ ဆယ်မီတာကျော်မျှ နိမ့်ဆင်းနေပြီး ထူးခြားသည့် အမှောင်စွမ်းအင်များ ထုတ်လွှတ်နေသော အပင်အမျိုးမျိုးဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ ၎င်းသည် အခြားကမ္ဘာတစ်ခုနှင့် လဲလှယ်ထားသည့်အလား ထင်မှတ်ရ၏။ မူလက ခရမ်းရောင်ရှိသော မေပယ်ပင်များသည်လည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် လောင်ကျွမ်းထားသည့် သစ်ရွက်များဖြင့် မည်းမှောင်နေသော သစ်ပင်များ ဖြစ်သွားကြပြီ။ အမည်မသိ ထူးဆန်းသော ပန်းမန်များနှင့် မြက်ပင်မျိုးစုံက ရှေ့မျက်နှာစာတစ်ခုလုံးကို လွှမ်းခြုံထားပြီး မြေပြင်ပေါ်ရှိ ကော်ဇောတစ်ခုကဲ့သို့ ရှုပ်ထွေးယှက်တင် ဖြန့်ကျက်နေကာ အမှောင်ထု၏ အငွေ့အသက်များနှင့် ပြည့်နှက်နေလေသည်။
“ဒါက...” ကျန်းနန်နန်သည် မြေပြင်သို့ မဆင်းသက်မီကပင် ရှေ့မှ နေရာကို ကြည့်ပြီး မှင်တက်သွားရသည်။ သည်နေရာသည် ပြင်ပကမ္ဘာနှင့် လုံးဝ ကွာခြားနေသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
“အစ်ကိုကြီး... ထူးခြားတဲ့ စွမ်းအင်တွေ တော်တော် ပြင်းထန်တာပဲ” လုံရှဲက မြင့်မားသော စင်မြင့်တစ်ခုပေါ်သို့ ဆင်းသက်ကာ အောက်ခြေအခြေအနေကို စောင့်ကြည့်ရင်း ပြောလိုက်သည်။ ထိုနေရာတွင် မိစ္ဆာဝိညာဉ်သားရဲများ၌သာ ရှိတတ်သည့် ထူးခြားသော အမှောင်စွမ်းအင်များ အမှန်ပင် ရှိနေသည်။
“ဒီနေရာက အရမ်းကြောက်စရာကောင်းတာပဲ...” ကျန်းနန်နန် တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ရှေ့မှ မြင်ကွင်းသည် သူမ နားလည်ထားသည့် တောအုပ်နှင့် လုံးဝ မကိုက်ညီချေ။ သည်အမည်းရောင် အပင်များဖြင့် ဖုံးလွှမ်းနေခြင်းက မိစ္ဆာဆန်သော ခံစားချက်ကို ပေးစွမ်းနေပြီး သူမကို ဗီဇအရပင် ကြောက်ရွံ့စိတ် ဖြစ်ပေါ်စေသည်။
ရွှေဦးခေါင်းဇီးကွက်သည် လုံရှဲ၏ ရှေ့သို့ ပျံသန်းလာပြီး လုံရှဲကို တစ်ချက် ထပ်မံတိုက်ခိုက်ကာ ဝမ်ဖုန်း၏ ပခုံးပေါ်သို့ ပျံတက်လျက် တကျိကျိ မြည်တမ်းနေသည်။ ထို့နောက် ၎င်းသည် လေထုထဲသို့ ပြန်လည်ပျံတက်သွားသော်လည်း ရှေ့မှ အမှောင်ချိုင့်ဝှမ်းထဲသို့မူ ခြေလှမ်းမလှမ်းဝံ့ဘဲ လေထဲ၌သာ ဝဲပျံရင်း စောင့်ကြည့်နေရှာသည်။ ထိုနေရာတွင် မိစ္ဆာဝိညာဉ်သားရဲများစွာ ရှိနေသည်။
“ဆရာဖုန်း... ဟိုမှာ ကြည့်ပါဦး” ကျန်းနန်နန်က အဝေးက အလယ်ဗဟိုနေရာကို လက်ညှိုးထိုးပြရင်း ရုတ်တရက် အလန့်တကြား အော်လိုက်သည်။
ထိုနေရာတွင် ထူးဆန်းစွာ စိမ့်ဝင်နေပုံရသော အမှောင်စွမ်းအင်ထုကြီးတစ်ခု လွင့်မျောနေသည်။ ထိုအမည်းရောင် စွမ်းအင်ထု၏ အောက်တွင်မူ ကျိုးပဲ့နေသော ဥခွံတစ်ဝက် အပါအဝင် မိစ္ဆာဝိညာဉ်သားရဲများစွာ ရှိနေဆဲပင်။ သည်မြင်ကွင်းသည် မြင်ကွင်းအတွင်း၌ ထင်ရှားစွာ ပေါ်ထွက်နေဆဲ ဖြစ်သည်။ ၎င်းသည် သိပ်မဝေးလှဟု ထင်ရသော်လည်း အလွန် ဝေဝါးနေပြီး တံလျှပ်တစ်ခုနှင့် ခပ်ဆင်ဆင် တူလှသဖြင့် အမှန်တကယ်တွင်မူ အလွန်ဝေးကွာသော နေရာ၌ ရှိနေခြင်းလည်း ဖြစ်နိုင်သည်။
“အဲဒါ အမှန်ပဲပဲ” ဝမ်ဖုန်းသည် ကျိုးပဲ့နေသော ဥကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားမိသည်။ ထိုဥ၏ အရှိန်အဝါသည် ထျန်းမုန့်ရေခဲပိုးကောင် ပြုစုပျိုးထောင်ခဲ့သည့် မိစ္ဆာဝိညာဉ်သားရဲ၏ ဥနှင့် ဆင်တူနေသည်။ ပြီးတော့ သည်ဥက အပြည့်အဝ ရင့်မှည့်ပြီး မိစ္ဆာကောင် မွေးဖွားပြီးသွားပြီဖြစ်ကြောင်း ထင်ရှားလှသည်။
အမှန်တော့ ဒါက ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စပင်။ ထိုမိစ္ဆာယင်ချန်သည် သန်မာသည်ဆိုသော်ငြား အနှိုင်းမဲ့ အစွမ်းထက်နေခြင်းမျိုး မဟုတ်ဘဲ သူ သေဆုံးသွားလျှင်ပင် ဘွဲ့အမည်ရဒိုလော်တစ်ဦး၏ အင်အားမျိုး ရှိနေလိမ့်မည်။ အမှန်တကယ်တွင် အခက်ခဲဆုံးအရာမှာ ဤကဲ့သို့ ကူးစက်ပြန့်ပွားခြင်း ဖြစ်သည်။ ဒီဝိညာဉ်သားရဲများသည် ထူးခြားသော အမှောင်စွမ်းအင် ကူးစက်ခံရသည်နှင့် ၎င်းတို့၏ အင်အားက အဆမတန် တိုးပွားလာရုံသာမက ပြင်းထန်သော ရန်လိုတိုက်ခိုက်လိုစိတ်များနှင့်လည်း ပြည့်နှက်သွားတတ်သည်။ ရွှေဦးခေါင်းဇီးကွက်၏ ဖြစ်ရပ်မှာလည်း သည်အတိုင်းပင်။ သည်ကောင်လေးသည် ဗီဇအရ ခေါင်းမာတတ်သည့် မျိုးနွယ်စု ဖြစ်သော်လည်း လုံရှဲနှင့် တွေ့တွေ့ချင်း ထိုမျှအထိ ပြင်းထန်စွာ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ၎င်း၏ သဘာဝစိတ်မှာ လွှမ်းမိုးခြင်း ခံလိုက်ရခြင်း ဖြစ်သည်။
“ဆရာဖုန်း... ဒီနေရာမှာ မိစ္ဆာဝိညာဉ်သားရဲတွေ အများကြီးပဲနော်” ကျန်းနန်နန်က တိုးတိုးလေး ဆိုသည်။ သူမသည် မှားယွင်းဝင်ရောက်လာကြသည့် ဝိညာဉ်သားရဲ တော်တော်များများကိုပင် ကိုယ်တိုင် မြင်တွေ့နေရသည်။ ဝိညာဉ်သားရဲတစ်ကောင်သည် သည်နယ်မြေထဲသို့ ဝင်ရောက်လာသည်နှင့် ဖြည်းဖြည်းချင်း ပြောင်းလဲသွားရစမြဲ ဖြစ်သည်။ ၎င်းသည် ထိုနယ်မြေအတွင်းရှိ မည်သည့်အပင်ကိုမဆို စားသုံးမိသည်နှင့် မျက်စိဖြင့် မြင်တွေ့နိုင်သည့် အရှိန်အဟုန်ဖြင့် မိစ္ဆာဝိညာဉ်သားရဲအဖြစ်သို့ ပြောင်းလဲသွားရသည်။ သည်နယ်မြေသည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။ သည်ပျံ့နှံ့မှုအရ ဆိုလျှင် အလွန်ဆုံး တစ်နှစ်အတွင်း၌ ဝိညာဉ်သားရဲတောအုပ်တစ်ခုလုံးသည် သည်ထူးခြားသော နယ်မြေအဖြစ်သို့ လျင်မြန်စွာ ကူးပြောင်းသွားနိုင်ချေ ရှိသည်။
“မင်း သည်မှာပဲ နေခဲ့၊ ငါ သွားကြည့်လိုက်ဦးမယ်” ဝမ်ဖုန်းက ထိုနေရာကို ကြည့်လျက် ပြောလိုက်သည်။
ရွှေဦးခေါင်းဇီးကွက်က သူ့ကို ထိုနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်ရာ ဤကောင်လေးသည် ထိုနေရာတွင်ပင် ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ ထိုနေရာ၌ တစ်ရက် တိုးလာလေလေ၊ ဤဝိညာဉ်သားရဲတောအုပ်၏ နယ်မြေက ကျဉ်းမြောင်းသွားလေလေဖြစ်ပြီး မိစ္ဆာဝိညာဉ်သားရဲများလည်း ပိုမိုထွက်ပေါ်လာလေလေ ဖြစ်လိမ့်မည်။ တစ်နေ့တွင်မူ မိစ္ဆာဝိညာဉ်သားရဲများ အလုံးအရင်းဖြင့် ပေါက်ကွဲထွက်လာလိမ့်မည်ဖြစ်ရာ ရှရက်ခ်မြို့တော်သည် ပထမဆုံး အန္တရာယ်ကြုံတွေ့ရမည့် နေရာ ဖြစ်လာပေလိမ့်မည်။