အခန်း (၁၀၈) - သူ့ကိုပဲ စိန်ခေါ်ချင်တယ်!
"ဒါဆိုရင်တော့ နာမည်ကျော် 'မတုန်မလှုပ်ဘုရင်' ကျောက်ဝူကျီပဲ ဖြစ်ရမယ်... နေဦး? ခုနက ဘာပြောလိုက်တာလဲ? ဒီမြွေကို မင်းရဲ့တပည့်က အနိုင်ယူခဲ့တာ ဟုတ်လား?" မြွေအဖွားသည် ပထမစကားတွင် ကျောက်ဝူကျီ၏ အမှတ်အသားကြောင့် အံ့ဩသွားသော်လည်း နောက်စကားကြောင့် ကြောင်အသွားသည်။
"လိမ်နေတာပဲ!" မိန်းကလေးငယ် မုန့်စန်းယီက မြွေကို နင်းထားသော ဝမ်ဖုန်းကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး "ဒါက အနှစ် ၁၅၀ဝ သက်တမ်းရှိတဲ့ ဒေါင်းမြီးကြက်ဖခေါင်းမြွေလေ၊ သူက ကျွန်မထက်တောင် ငယ်သေးတာကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ? ပြီးတော့ မင်းတို့ဆီမှာ အဆင့် ၃၀ ပြည့်နေတဲ့ ဝိညာဉ်ဆရာတွေလည်း ရှိနေတယ် ဟုတ်လား?"
မြွေအဖွားကလည်း မျက်မှောင်ကြုတ်လျက် ကျောက်ဝူကျီနောက်က ခုနစ်ယောက်ကို ကြည့်လိုက်သည်။ "ညီအစ်ကိုကျောက်... မင်းရဲ့တပည့်တွေက ၁၂ နှစ်၊ ၁၃ နှစ်တွေပဲ ရှိပါသေးတယ်။ ဘယ်လောက်ပဲ ပါရမီထူးထူး ဒီအရွယ်နဲ့ အဆင့် ၃၀ ရှိနေမယ်ဆိုတာ အဖွားကြီးကတော့ သိပ်မယုံချင်ဘူး"
သူမ၏မြေးမလေးမှာ ပါရမီ အလွန်ကောင်းသော်လည်း အသက် ၁၆ နှစ်ရှိမှ အဆင့် ၃၀ သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဒါကို ကြားတော့ ဝမ်ဖုန်းက ပြုံးလိုက်သလို ကျောက်ဝူကျီကလည်း ရယ်မောလိုက်သည်။
"ကောင်းပြီလေ... စီနီယာမြွေအဖွားကို ဗဟုသုတရအောင် ပြရတာပေါ့။ ကလေးတို့... လာကြ၊ ဒီအဖွားကြီးကို မင်းတို့ရဲ့ ဝိညာဉ်တွေကို ထုတ်ပြလိုက်ကြစမ်း" ဟု ကျောက်ဝူကျီက ဆိုသည်။
စကားဆုံးသည်နှင့် အောင့်ထားရသည်မှာ ကြာပြီဖြစ်သော ကလေးများမှာ သူတို့၏ ဝိညာဉ်ကွင်းများကို ချက်ချင်း ထုတ်ဖော်လိုက်ကြသည်။ ဝမ်ဖုန်းကတော့ မြွေကို နင်းထားရသဖြင့် ဘေးကနေသာ ကြည့်နေသည်။ ဝိညာဉ်ကွင်း ဆယ်ကွင်းကျော်၏ အလင်းရောင်ကြောင့် မြွေအဖွားနှင့် မုန့်စန်းယီတို့၏ မျက်လုံးများ ပြူးသွားကြသည်။
"ဒါက အဆင့် ၃၀ ပြည့်နေတဲ့ ကျောင်းသားပါ" ကျောက်ဝူကျီက အော်စကာကို ညွှန်ပြကာ "မြွေအဖွား... အခုတော့ ယုံပြီလား" ဟု မေးသည်။
မြွေအဖွား၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။ ဤကလေးများ၏ အရည်အချင်းမှာ တကယ်ကို ကောင်းလွန်းနေသည် မဟုတ်ပါလော။ "အဖွား... ကျွန်မတို့ ဒီအတိုင်းပဲ လက်လျှော့လိုက်ရမှာလား" ဟု မုန့်စန်းယီက ဇွတ်တရုတ် ပြောသည်။
မြွေအဖွားက စိတ်ကို ပြန်ထိန်းကာ လေးလေးနက်နက် ပြောသည်- "ညီအစ်ကိုကျောက်... ဒီလိုလုပ်ကြရအောင်။ ကျွန်မတို့လည်း ဒီမြွေကို လက်မလွှတ်ချင်ဘူး။ ဒါပေမဲ့ ညီအစ်ကိုနဲ့လည်း ရန်မဖြစ်ချင်ပါဘူး။ ဝိညာဉ်လောကရဲ့ စည်းမျဉ်းအတိုင်း ကလေးနှစ်ယောက်ကိုပဲ ဆုံးဖြတ်ခိုင်းကြရအောင်။ ဘယ်သူနိုင်လဲ... အဲဒီလူက ဒီမြွေကို ရမယ်"
ဝိညာဉ်လောကတွင် နှစ်ဖက်စလုံးက ဝိညာဉ်သားရဲတစ်ကောင်ကို အလိုရှိနေပြီး နှစ်ဖက်စလုံးက အားစိုက်ထားလျှင် ခွန်အားချင်း ယှဉ်ပြိုင်၍ ဆုံးဖြတ်သည့် စည်းမျဉ်းရှိသည်။ ကျောက်ဝူကျီက ပြုံးကာ "မြွေအဖွား... ကျွန်တော့်တပည့်က အစားအစာအမျိုးအစား ဝိညာဉ်ဆရာမို့လို့ တိုက်ခိုက်လို့ မရဘူးဗျ" ဟု ဆိုသည်။
မြွေအဖွား ဆွံ့အသွားသည်။ အစားအစာအမျိုးအစားက အဆင့် ၃၀ တောင်လား? သူမသည် အော်စကာကို ပို၍ စိတ်ဝင်စားသွားသဖြင့် မိမိဘက်သို့ ဆွဲဆောင်ချင်စိတ်ပင် ပေါက်သွားသည်။ ထိုအချိန်တွင် "ဒါဆိုရင်တော့ ကျွန်တော်က အော်စကာကိုယ်စား ဝင်တိုက်ပေးမယ်လေ။ ကျွန်တော်က အဆင့် ၂၉ ဝိညာဉ်ဆရာပါ ဆရာ" ဟု ထန်ဆန်းက ပြောလိုက်သည်။
ထန်ဆန်း၏ အကဲခတ်မှုအရ ဤမိန်းကလေးမှာ သူ့ထက် မသာနိုင်ပေ။ သို့သော် မုန့်စန်းယီကမူ "ဟင့်အင်း! ငါ နင့်နဲ့ မတိုက်ချင်ဘူး! နင်က အဆင့် ၂၉ ပဲ ရှိသေးတာ၊ ငါက နင့်ကို နှိပ်စက်သလို ဖြစ်နေမှာပေါ့" ဟု ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
အားလုံး ဆွံ့အသွားကြသည်။ သို့သော် မုန့်စန်းယီက ဘေးကနေ ပွဲကြည့်နေသော ဝမ်ဖုန်းကို လက်ညှိုးထိုးပြကာ- "ကျွန်မ သူ့ကိုပဲ တိုက်ချင်တယ်! ဒီမြွေကို သူပဲ သတ်ခဲ့တာဆို? ကျွန်မကတော့ မယုံဘူး! တကယ်လို့ သူသာ ကျွန်မကို နိုင်အောင် တိုက်နိုင်ရင် ကျွန်မ ယုံမယ်! ဒီမြွေကိုလည်း မင်းတို့ဆီ ပေးလိုက်မယ်!" ဟု ဝင့်ဝင့်ကြွားကြွား ပြောလိုက်တော့သည်။
ဝမ်ဖုန်း: "..."
ဝမ်ဖုန်း တစ်ယောက် ဘာမှပြန်မပြောနိုင်တော့ပေ။ ငါ ဘာမှတောင် မပြောရသေးဘူးလေ၊ ငါ့ကိုမှ လာရွေးရသလား? သူက ဇာတ်လမ်းကို သိထားပြီးသား ဖြစ်သည်။ မူလက ထန်ဆန်းနှင့် မုန့်စန်းယီတို့ တိုက်ရမည်ဖြစ်ပြီး၊ ထန်ဆန်းက သူမကို အနိုင်ယူလိုက်သဖြင့် မုန့်စန်းယီမှာ အဝတ်အစားများ စုတ်ပြတ်သတ်ကာ အလှကြီး လှသွားရမည် မဟုတ်ပါလော။ ဝမ်ဖုန်းက ဘေးကနေ အေးဆေးကြည့်ပြီး မျက်စိအစာကျွေးမလို့ ပြင်နေခါမှ သူ့ကို လာရွေးနေခြင်း ဖြစ်သည်။
ထန်ဆန်းတို့အုပ်စုကတော့ မုန့်စန်းယီကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဘယ်သူ့ကိုမှ မရွေးဘဲ ဒီမိစ္ဆာကောင်ကိုမှ လာရွေးရသလား... နင်ကတော့ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ... ဟု သူတို့ စိတ်ထဲက တွေးနေကြသည်။
"အဟမ်း... မိန်းကလေး၊ ပြန်စဉ်းစားပါဦးလား" ဝမ်ဖုန်းက ထန်ဆန်းကို လက်ညှိုးထိုးပြကာ "ဒီမြွေကို ငါ သတ်တာ မဟုတ်ပါဘူး၊ သူ သတ်တာပါ။ ငါက ဒီမြွေကို မပြေးအောင် ထိန်းထားပေးရုံတင်ပါ" ဟု တိုးတိုးလေး ပြောလိုက်သည်။ ဝမ်ဖုန်းကတော့ တကယ်မတိုက်ချင်ပေ။ သူက ပွဲကြည့်ချင်နေခြင်း ဖြစ်သည်။
ထန်ဆန်း: "..." အစ်ကိုဖုန်းက ဘာလို့ ဒီမိန်းကလေးကို အလျှော့ပေးချင်နေရတာလဲ? သနားလို့လား? မဖြစ်နိုင်တာ... သူသည် ဝမ်ဖုန်း၏ အတွေးကို လုံးဝ မသိနိုင်ပေ။
ကျောက်ဝူကျီကတော့ ရယ်မောလိုက်ပြီး "ဒီကလေးစုတ်က မြွေအဖွားကို ကြောက်နေတာလား၊ ဒါမှမဟုတ် မုန့်စန်းယီကို ထိခိုက်မှာ စိုးရိမ်နေတာလား" ဟု တွေးကာ ခေါင်းခါလိုက်သည်။ မဖြစ်နိုင်တာ၊ သူက နင်ရုံရုံကိုတောင် ကန်ခဲ့တဲ့ကောင်ပဲ၊ ဘာကို ကြောက်မှာလဲ? သူ ဘာတွေ တွေးနေတာပါလိမ့်?
မုန့်စန်းယီကတော့ ဝမ်ဖုန်းကို ကြည့်ကာ ပြုံးလိုက်သည်။ ဤလူငယ်လေးမှာ တကယ်ကို ချောမောလှပသည်ဟု သူမ တွေးမိသည်။ "ငါ နင်နဲ့ပဲ တိုက်မယ်၊ စိတ်မပူပါနဲ့ မောင်လေးရဲ့၊ ငါ အလျှော့ပေးပြီး တိုက်ပါ့မယ်... ဟုတ်ပြီလား"
ဝမ်ဖုန်း သက်ပြင်းချလိုက်သည်။ တောက်... ငါ့မျက်စိ အစာကျွေးဖို့ အခွင့်အရေးတော့ မရှိတော့ဘူးပဲ။
"အဟမ်း... ဝမ်ဖုန်း၊ သွားလိုက်တော့" ကျောက်ဝူကျီက မျက်ရိပ်ပြကာ "လက်လျှော့ပေးလိုက်ဦးနော် (ညှာလိုက်ဦးနော်)" ဟု တိုးတိုးလေး ပြောသည်။ မြွေအဖွားကတော့ ဒါကို ကြားသွားပြီး ဝမ်ဖုန်းကို သံသယဖြင့် ကြည့်သည်။ ဒီကလေးက ဝိညာဉ်ကွင်းလည်း မပြဘူး၊ တိတ်တိတ်လေးပဲ နေနေတာ။ ရုပ်ချောတာကလွဲရင် ဘာမှ ထူးခြားပုံမရဘူး။ ဒါကို ကျောက်ဝူကျီက ဘာလို့ ညှာခိုင်းနေတာလဲ?
ဝမ်ဖုန်းက စိတ်မပါသလို လျှောက်လာပြီး မြေပြင်ပေါ်က သစ်ရွက်အချို့ကို ကောက်ယူလိုက်သည်။
"မောင်လေးက စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ ဘာလို့ သစ်ရွက်တွေ ကောက်နေတာလဲ" မုန့်စန်းယီက စပ်စုလိုက်သည်။ "နင့်ရဲ့ ဝိညာဉ်က သစ်ရွက်လား?" ဝမ်ဖုန်းက ခေါင်းခါပြပြီး ဘာမှ မပြောပေ။
တိုက်ပွဲ စတင်ပြီ ဖြစ်သည်။ "ငါ့နာမည်က မုန့်စန်းယီ၊ ဝိညာဉ်က မြွေတောင်ဝှေး၊ အဆင့် ၃၀ ဝိညာဉ်ဆရာမပါ" ဟု သူမက မိတ်ဆက်သည်။
ဝမ်ဖုန်း အနားရောက်မှ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို သေချာမြင်ရသဖြင့် စိတ်ပျက်သွားကာ ခေါင်းခါလိုက်သည်။ "ငါက ဝမ်ဖုန်း၊ ဝိညာဉ်က အစိမ်းရောင်ကြာပန်း ၊ အဆင့် ၃၀ အကူအညီပေးဝိညာဉ်ဆရာပါ" ဟု ပြောကာ သူ၏ ဝိညာဉ်ကွင်းကို ဖြည်းဖြည်းချင်း ထုတ်ပြလိုက်သည်။
ချက်ချင်းပင်! မြွေအဖွား ဆွံ့အသွားသည်။ မုန့်စန်းယီလည်း ကြောင်အသွားသည်။
"အနှစ်သောင်းချီ ဝိညာဉ်ကွင်း? အဆင့် ၃၀ မှာ အနှစ်သောင်းချီ ကွင်းကြီးလား?" မြွေအဖွားက တုန်တုန်ရင်ရင် ရေရွတ်သည်- "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူက အသက် ၁၂ နှစ်ပဲ ရှိသေးတာလေ!"
မုန့်စန်းယီမှာလည်း ဤမျှ ကြောက်စရာကောင်းသော ဝိညာဉ်ကွင်းကို မြင်လိုက်ရသဖြင့် ကြောင်တောင်တောင် ဖြစ်နေသည်။ "နေဦး... နင်က အကူအညီပေးဝိညာဉ်ဆရာ ဟုတ်လား?" သူမ မျက်နှာတွင် အပြုံးတစ်ခု ပြန်ပေါ်လာသည်။ "ဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့!"
သို့သော် သူမ စကားပင် မဆုံးသေးခင်မှာပင်! ရွှစ်! ရွှစ်! ရွှစ်!
လေထုကို ဖြတ်သန်းသွားသော အသံအချို့ ထွက်ပေါ်လာပြီး မုန့်စန်းယီ၏ မျက်နှာ၊ ပုခုံးနှင့် ပေါင်တို့တွင် သွေးစလေးများ စိမ့်ထွက်လာကာ အဝတ်အစားများ စုတ်ပြဲသွားတော့သည်။
လူတိုင်း သေချာမမြင်လိုက်ရသော်လည်း မုန့်စန်းယီ အနောက်က သစ်ပင်ကြီးမှာ တစ်ခုခုနှင့် အတိုက်ခံရသလို တုန်ခါသွားသည်။ လေထဲက အသံတွေ ငြိမ်သွားမှ အားလုံး လှမ်းကြည့်လိုက်ကြရာ... အံ့ဩစရာကောင်းလှသည်မှာ ၎င်းတို့မှာ သစ်ရွက်အချို့ သာ ဖြစ်သည်။
"နင် ရှုံးပြီ" ဝမ်ဖုန်းက လက်ကို ခါလိုက်ပြီး လှည့်ထွက်လာခဲ့ပါတော့သည်။