အခန်း (၁၀၅) - ကြယ်တာရာတောအုပ်ကြီး
ဒါကို မြင်လိုက်ရသောအခါ အနောက်က ချမ်းဟွေးကျောင်းသားများအားလုံး ဆွံ့အသွားကြသည်။ ဤသူကား အဆင့် ၅၀ ကျော် ဝိညာဉ်ဘုရင် တစ်ဦး မဟုတ်ပါလော။ တကယ်ကြီး လက်သီးတစ်ချက်တည်းနှင့် အလဲထိုးခံလိုက်ရသည်မှာ မယုံနိုင်စရာပင်။
"မင်းရဲ့ လိပ်အခွံက သိပ်မမာလှဘူးထင်တယ်" ဝမ်ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ကဲ... သွား၊ ဘေးက သစ်ပင်ကို သွားခုတ်ချေ၊ ဒီလိပ်အိုကြီး မြိန်မြိန်ယှက်ယှက် စားလို့ရအောင် လုပ်ပေးလိုက်စမ်း" ဟု ဆိုသည်။
"ဟေး... ဝမ်ဖုန်း၊ ငါ ခုတ်ပြီးပြီဟေ့! ဒီမှာ!" ထိုအချိန်မှာပင် မာဟုန်ကျွန်းက သစ်ပင်ငယ်တစ်ပင်ကို ပွေ့ချီပြီး ပြုံးဖြီးဖြီးနှင့် ရောက်လာသည်။ ၎င်းမှာ မီတာအနည်းငယ်သာ မြင့်သော သစ်ပင်လေး ဖြစ်သည်။
အားလုံးက ရယ်ချင်စိတ်ကို အောင့်ထားရင်း မာဟုန်ကျွန်းက ထိုသစ်ပင်ငယ်ကို ရဲကျစ်ချိုးရှေ့ ပစ်ချပေးလိုက်သည်ကို ကြည့်နေကြသည်။ အဲဒီအချိန်မှာပင် လူရိပ်တစ်ခု ထွက်လာသည်၊ ၎င်းမှာ ဆရာကျောက်ဝူကျီပင် ဖြစ်သည်။ သူ့မျက်နှာမှာလည်း ရယ်ချင်စိတ်ကို အနိုင်နိုင် ထိန်းထားရပုံပင်။ သူက အဆင့် ၇၀ ကျော် ဝိညာဉ်သူတော်စင် (Soul Saint) တစ်ယောက် ဖြစ်နေသဖြင့် တစ်ဖက်မှာ ရန်ဖြစ်တိုက်ခိုက်နေသည်ကို မသိဘဲ မနေနိုင်ပေ။ တမင်တကာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ဤကလေးစုတ်များ မည်သို့ကိုင်တွယ်မည်ကို သူ သိချင်နေခဲ့သည်။ တကယ်လည်း သူ မျှော်လင့်ထားသလို ဖြစ်လာခဲ့သည်။
"သွား... ပြန်ပြီး အိပ်ကြတော့!" ကျောက်ဝူကျီက ချမ်းဟွေးအကယ်ဒမီဘက်ကို လှည့်တောင်မကြည့်ဘဲ ဘာမှမဖြစ်ခဲ့သလို ပြောလိုက်သည်။
ထိုအချိန်တွင် ရဲကျစ်ချိုးက တုန်တုန်ရင်ရင်နှင့် ထရပ်လိုက်ပြီး "နေဦး... မင်းတို့ ရှရက်ခ်အကယ်ဒမီက ငါတို့ ချမ်းဟွေးအကယ်ဒမီကို စော်ကားသွားတာ၊ ဒါအတွက် ရှင်းပြချက် မပေးသင့်ဘူးလား" ဟု အေးစက်စွာ ပြောသည်။
ခုနက လက်သီးတစ်ချက်က သူ့ကို လဲကျသွားစေသော်လည်း တကယ်တမ်းတွင် ဒဏ်ရာ သိပ်မရလိုက်ပေ။ တစ်ကိုယ်လုံး ထုံကျင်သွားခြင်းသာ ဖြစ်ပြီး ၎င်းမှာလည်း မကြာခင် ပျောက်ကွယ်သွားမည် ဖြစ်သည်။ သူသည် အဆင့် ၅၀ ကျော် ဝိညာဉ်ဘုရင်တစ်ယောက် ဖြစ်သဖြင့် ပြန်လည်နာလန်ထူနိုင်စွမ်းမှာ အံ့မခန်းပင်။
"ရှင်းပြချက် ဟုတ်လား?" ကျောက်ဝူကျီက ပြုံးလိုက်ပြီး "မင်းတို့ ချမ်းဟွေးအကယ်ဒမီလို အမှိုက်တွေက ငါ့ဆီက ရှင်းပြချက် လိုချင်တယ်ပေါ့? ကောင်းပြီလေ... မင်းသာ ဒီသစ်ပင်ကို အကုန်စားနိုင်ရင် ငါ ရှင်းပြချက်ပေးမယ်။ စားမလား" ဟု မေးကာ ရဲကျစ်ချိုး ခြေထောက်အောက်က သစ်ပင်ကို လက်ညှိုးထိုးပြလိုက်သည်။
အနောက်က ခုနစ်ယောက်လုံး ပြိုင်တူ ရယ်မောလိုက်ကြပြန်သည်။ ရဲကျစ်ချိုးမှာတော့ စက္ကန့်ပိုင်းအတွင်း မျက်နှာအဖြတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
"သွားကြစို့!" ရဲကျစ်ချိုးက ကျောက်ဝူကျီကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာမှာ အနည်းငယ် ဖြူလျော့နေသည်။ ခုနက ကောင်လေး၏ လက်သီးမှာ အရမ်းထူးဆန်းလွန်းလှသည်။ သူ့ခွန်အားမှာ ယခုမှ ရာခိုင်နှုန်းအနည်းငယ်သာ ပြန်ကောင်းလာသေးသည်။ ဤမိစ္ဆာလေးများမှာပင် ဤမျှသန်မာနေလျှင် သူတို့၏ဆရာမှာလည်း သူ့ထက် မနိမ့်ကျမှာ သေချာသည်။ ဒါ့အပြင် မနက်ဖြန်တွင် ဝိညာဉ်သားရဲ အမဲလိုက်ရန် သွားရဦးမည်ဖြစ်ရာ ဆက်ပြီး ပြဿနာရှာမနေတော့ခြင်းက ပိုကောင်းမည်ဟု သူ တွက်ချက်လိုက်သည်။ ရဲကျစ်ချိုးက မိုက်မဲသူ မဟုတ်ပေ။ အကျိုးအမြတ်ကို တွက်ချက်ပြီးနောက်တွင်တော့ ဒေါသကို မြိုသိပ်ကာ သူ၏ကျောင်းသားများကို ခေါ်ပြီး ထွက်ခွာသွားပါတော့သည်။
ကျောက်ဝူကျီကတော့ လက်ယားနေသောပုံစံဖြင့် "ဒီလိပ်အိုကြီးက ထွက်သွားပြီလား၊ ငါတောင် ကိုယ်လက်လှုပ်ရှား လုပ်ချင်နေတာ" ဟု စိတ်ထဲက ရေရွတ်လိုက်သည်။ ထို့နောက် တပည့်များဘက် လှည့်ကြည့်ပြီး ပြုံးလျက် ဆူလိုက်သည်- "တကယ့်ကို အသုံးမကျတဲ့ကောင်တွေ၊ ခုနစ်ယောက်တောင်ရှိတာ တစ်ယောက်တည်းကို မနိုင်ဘူး။ မနိုင်ရင် ဦးနှောက်သုံးရမှာပေါ့။ ဝမ်ဖုန်းကို ကြည့်စမ်း၊ သူ ခုနက ခွန်အားအများကြီး မသုံးဘဲ လိပ်အိုကြီးကို လဲအောင် လုပ်ပြသွားတယ်"
တကယ်တော့ ကျောက်ဝူကျီကိုယ်တိုင်လည်း ဝမ်ဖုန်းက လက်သီးတစ်ချက်တည်းနှင့် လဲအောင်လုပ်နိုင်လိမ့်မည်ဟု မထင်ထားပေ။ သူ့ခန့်မှန်းချက်အရ ဝမ်ဖုန်း အစွမ်းကုန်သုံးလျှင်တောင် အနိုင်ရရန် အတော်လေး ရုန်းကန်ရလိမ့်မည်ဟု ထင်ထားခြင်း ဖြစ်သည်။ ဤမျှ လွယ်လွယ်ကူကူ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
"အရင်တုန်းက အစ်ကိုဖုန်းရဲ့ လက်ချက်နဲ့ လဲသွားတာ ဆရာ မဟုတ်ဘူးလား" ဟု ရှောင်ဝူက ဘေးကနေ တိုးတိုးလေး ပြောလိုက်သည်။
ကျောက်ဝူကျီ မျက်နှာ မှောင်ကျသွားပြီး "ငါက သိက္ခာရှိတဲ့ အဆင့် ၇၆ ဝိညာဉ်သူတော်စင် တစ်ယောက်ပါကွ၊ ငါ့မျက်နှာကိုလည်း ထောက်ဦး။ ငါ့ကို ဒီလိပ်အိုကြီးနဲ့ လာနှိုင်းရဲတယ်ပေါ့" ဟု ဟောက်လိုက်သည်။ လူအုပ်ကြီးက ပြန်ပြီး ရယ်မောကြပြန်သည်။
"ဒီကလေးမကတော့ ငါ့အကြောင်းကို လျှောက်ပြောနေပြန်ပြီ" ဟု ဆိုကာ ကျောက်ဝူကျီက ရှောင်ဝူကို စိုက်ကြည့်လိုက်သည်။ ရှောင်ဝူမှာတော့ ဘာမှပြန်မပြောရဲတော့ပေ။
ကျောက်ဝူကျီက လေးလေးနက်နက် ဆက်ပြောသည်- "ကဲ... တကယ်တော့ မင်းတို့ ခုနက လုပ်တာ ကောင်းပါတယ်။ နင်ရုံရုံ၊ မင်း တကယ်ပဲ ပြောင်းလဲသွားပြီပဲ။ အဖွဲ့လိုက်လုပ်ဆောင်ရမယ်ဆိုတဲ့ အသိစိတ် ရှိနေပြီ။ ဘယ်သူမှ သတိမပေးရဘဲနဲ့ အသင်းဖော်တွေကို တက်တက်ကြွကြွ ကူညီပေးနိုင်ခဲ့တယ်။ ဖလန်ဒါ ပြောတုန်းက ငါမယုံခဲ့ဘူး၊ အခုတော့ ယုံသွားပြီ။ ဟုတ်တယ်... ဒါကို မှတ်ထား၊ နောက်နောင် ဒီလိုကိစ္စမျိုး ကြုံလာရင် ဘယ်တော့မှ သူရဲဘောမကြောင်နဲ့။ မင်းတို့က အဖွဲ့အစည်းတစ်ခုပဲ၊ တကယ်သာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အစွမ်းထက်တဲ့ ဝိညာဉ်ဆရာတစ်ယောက်ကို အနိုင်ယူဖို့ မခက်ခဲပါဘူး"
နင်ရုံရုံမှာ ချီးကျူးခံလိုက်ရသော်လည်း ဝမ်ဖုန်း ခုနက သူမကို လက်မထောင်ပြတုန်းကလောက် မပျော်ရွှင်ဘဲ ရှိနေသည်။
"အားလုံး သွားနားကြတော့" ဟု ကျောက်ဝူကျီက လက်ယမ်းပြလိုက်သဖြင့် လူတိုင်း ဟိုတယ်သို့ ပြန်ကာ အနားယူလိုက်ကြသည်။
နောက်တစ်နေ့
မနက်စောစောတွင် ကျောက်ဝူကျီက ရှစ်ယောက်လုံးကို နှိုးပြီး မိုင်တစ်ရာဝေးသော ကြယ်တာရာတောအုပ်ကြီးဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ မကြာခင်မှာပင် အဖွဲ့သားများသည် ကြယ်တာရာတောအုပ်ထဲသို့ ခြေချလိုက်ကြပြီ ဖြစ်သည်။ အင်ပါယာကြီးနှစ်ခု၏ နယ်စပ်တွင်ရှိသော ကြယ်တာရာတောအုပ်ကြီးသည် ဝိညာဉ်သားရဲများ၏ အဓိက ကျက်စားရာ နေရာသုံးခုထဲက တစ်ခု ဖြစ်သည်။ ဝိညာဉ်ဆရာ အမြောက်အမြားအတွက် ဤနေရာကား မျှော်လင့်ချက်များ ပြည့်နှက်နေသလို အန္တရာယ်အရှိဆုံး နေရာလည်း ဖြစ်သည်။
ဝမ်ဖုန်း တောအုပ်ထဲသို့ ခြေချလိုက်သည့်အခါ တောအုပ်ကြီး၏ ထူးခြားမှုကို သူ တကယ် ခံစားလိုက်ရသည်။ သဘာဝလေစစ်စစ်နှင့် ကောင်းကင်ထိအောင် မြင့်မားသော သစ်ပင်ကြီးများက တကယ့်ကို အပျိုစင်တောနက်ကြီးထဲ ရောက်သွားသလို ခံစားရစေသည်။ မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြန့်လှသော စိမ်းလန်းစိုပြည်သည့် ပင်လယ်ပြင်ကြီးမှာ ကြည့်လိုက်ရုံနှင့်တင် လန်းဆန်းစေသည်။ အနားကပ်သွားလျှင်တော့ သစ်ပင်ရိပ်များ တစ်ခုပေါ်တစ်ခု ထပ်နေပြီး မြူခိုးမှိန်မှိန်များ ဖုံးလွှမ်းနေသဖြင့် အတွင်းဘက်ကို မြင်ရရန် ခက်ခဲလှသည်။
တောအုပ်၏ အပြင်ဘက်ပိုင်းကပင် အန္တရာယ်ရှိသော ခံစားချက်မျိုး ပေးနေသော်လည်း အတွင်းထဲက လေထုကတော့ အလွန်ပင် သက်သောင့်သက်သာရှိလှသည်။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များ ကြွယ်ဝနေခြင်းကြောင့် ဖြစ်သည်ကို ဝမ်ဖုန်း သိရှိသည်။
"ခဏရပ်ကြဦး။ အထဲမဝင်ခင် ငါအရင်ပြောမယ်။ အတွင်းထဲက ဝိညာဉ်သားရဲတွေက အရမ်းအန္တရာယ်များတယ်။ ဘယ်အချိန် ဘယ်နေရာမှာမဆို အနှစ်ထောင်ချီ၊ ဒါမှမဟုတ် အနှစ်သောင်းချီ သားရဲတွေရဲ့ တိုက်ခိုက်မှုကို ခံရနိုင်တယ်" ကျောက်ဝူကျီက တည်ကြည်သော မျက်နှာနှင့် ပြောသည်- "မှတ်ထားပါ၊ မင်းတို့ရဲ့ လူစုကို မပျက်စေနဲ့၊ ငါနဲ့လည်း အရမ်းဝေးမသွားနဲ့။ ပြီးတော့ အနှစ်တစ်ထောင်အောက် သားရဲတွေကို ငါ ဝင်မတိုက်ပေးဘူး။ အနှစ်တစ်ထောင်ကျော်မှ ငါ ဝင်တိုက်မယ်! ပြီးတော့ မလိုအပ်ဘဲနဲ့ ဝိညာဉ်သားရဲတွေကို အရင်သွားမတိုက်နဲ့"
"ဘာလို့လဲဆိုတော့ ဒီလိုနေရာမျိုးမှာ မတော်တဆ အားနည်းတဲ့ သားရဲတစ်ကောင်ကို သွားတိုက်မိရင်တောင် အဲဒီသားရဲရဲ့ အမျိုးအနွယ်တွေဆီကနေ လက်စားချေ တိုက်ခိုက်တာကို ခံရနိုင်လို့ပဲ၊ နားလည်လား" ဟု သူက ဆိုသည်။ အားလုံးက ဒါကို သေချာနားလည်ကြသည်။
"သွားကြစို့!" ဟု ဆိုကာ ကိုးယောက်သား ကြယ်တာရာတောအုပ်ကြီးထဲသို့ လျှောက်လှမ်းဝင်လိုက်ကြသည်။
ဝမ်ဖုန်း၊ ထန်ဆန်းနှင့် ရှောင်ဝူတို့သည် ဤတောအုပ်ကြီးသို့ တစ်ခါမှ မရောက်ဖူးသဖြင့် အရမ်းကို စပ်စုချင်နေကြသည်။
ထူးဆန်းတဲ့ ဝိညာဉ်သားရဲတွေ အများကြီးပဲ... ဝမ်ဖုန်း မျက်လုံးမှိတ်ပြီး အနံ့ခံလိုက်သည်။ ဝိညာဉ်သားရဲများ၏ အသက်ရှူသံများကိုပင် အဝေးကနေ သူ ခံစားသိရှိနိုင်သလိုပင်။ မသိစိတ်ထဲတွင် ဝမ်ဖုန်းက သူငယ်ချင်းလေး သုံးကောင်အကြောင်း ပြန်တွေးမိပြန်သည်။
ထိုငှက်ပြာကြီးသည် ဝိညာဉ်သားရဲတစ်ကောင် ဖြစ်သွားခဲ့ပြီ။ သို့သော် နှစ်တိုင်း 'ဝိညာဉ်တော်ကျေးရွာ' သို့ သူ ပြန်သည့်အခါတိုင်း ဒဏ်ရာအမျိုးမျိုး ရထားသော ငှက်ပြာကြီးကို အမြဲတွေ့ရတတ်သည်။ လွန်ခဲ့သော တစ်နှစ်က သူ ပြန်သွားချိန်မှာတော့ ငှက်ပြာကြီးကို မတွေ့ရတော့ဘဲ ဘယ်ကို ပျံသွားပြီလဲ သူ မသိတော့ပေ။ အခု ပြန်တွေးကြည့်တော့ နည်းနည်းတော့ သတိရမိသား။
ဒါ့အပြင် ဝိညာဉ်အမဲလိုက်တောအုပ်ထဲက သူငယ်ချင်းလေး နှစ်ကောင်ဖြစ်သည့် 'လစန္ဒာမြေခွေး' နှင့် 'နှင်းအေးဧကရာဇ် ပုတ်သင်ညို' တို့လည်း ရှိပါသေးသည်။ လွန်ခဲ့သော ငါးနှစ်အတွင်း ဝမ်ဖုန်းသည် သူတို့ဆီသို့ မကြာခဏ သွားကြည့်ခဲ့သည်။ အထူးသဖြင့် ပုတ်သင်ညိုလေးကို ဝမ်ဖုန်းက တဖြည်းဖြည်း ကြီးပြင်းလာသည်ကို ကြည့်ခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်း လွန်ခဲ့သော နှစ်နှစ်တွင်တော့ ဝမ်ဖုန်းသည် မိတ်ကပ်နည်းပညာကို သုံး၍ ဤအနှစ်ထောင်ချီ သားရဲနှစ်ကောင်ကို အဆင့်နိမ့် ဝိညာဉ်သားရဲလေးများအဖြစ် ဟန်ဆောင်ခိုင်းပြီး တောအုပ်စောင့်များကို ရွှေဒင်္ဂါးများပေးကာ တိတ်တဆိတ် အပြင်သို့ ခိုးထုတ်ခဲ့သည်။ ဝိညာဉ်အမဲလိုက်တောအုပ်မှာ အလွန်အန္တရာယ်များလွန်းသောကြောင့် ဖြစ်သည်။ သူတို့နှစ်ကောင် ဒဏ်ရာများဖြင့် သေလုမျောပါး ဖြစ်နေသည်ကို သူ မကြာခဏ တွေ့ခဲ့ရသဖြင့် အခုတော့ သူတို့ကို ဘေးကင်းရာတွင် ထားပေးခဲ့ပါတော့သည်။