အခန်း (၁၀) - ကိုးပွင့်ကြယ်ကြာပန်း?
ပေါက်ကွဲထွက်သွားမလားဆိုတာကိုတော့ ဝမ်ဖုန်း မသိပါ။ သို့သော် ထန်ဆန်း၏ မွေးရာပါ ဝိညာဉ်စွမ်းအားကမူ စုယွမ်ထောင်းကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
ထန်ဆန်း၏ မျက်လုံးထဲမှ သိလိုစိတ်ကို စုယွမ်ထောင်းမြင်သွားဟန်တူပြီးသက်ပြင်းတစ်ချက်ချကာရှင်းလိုက်၏။
"ဝိညာဉ်ဆရာသခင် တစ်ယောက်ဖြစ်ဖို့ဆိုရင် ဝိညာဉ်စွမ်းအားက အရေးအကြီးဆုံးပဲ။ သိုင်းဝိညာဉ်က အညံ့စားဖြစ်နေပါစေ... ဝိညာဉ်စွမ်းအားသာ ရှိမယ်ဆိုရင် တရားထိုင်ကျင့်ကြံပြီး ဝိညာဉ်ဆရာသခင် ဖြစ်လာနိုင်တယ်။ အရှေ့က ကလေးတွေမှာတော့ ဝိညာဉ်စွမ်းအား လုံးဝမပါကြဘူး"
"ဒါပေမဲ့ မင်းကတော့ အဆင့် (၁၀) နဲ့ မွေးဖွားလာတာပဲ။ ဒါကို မွေးရာပါ အမြင့်ဆုံး ဝိညာဉ်စွမ်းအားလို့ ခေါ်တယ်"
စုယွမ်ထောင်း၏ မျက်လုံးများမှာ အလွန်ရှုပ်ထွေးနေသည်။ ရာစုနှစ်တစ်ခုမှာ တစ်ယောက်သာ ပေါ်ထွန်းခဲသည့် 'မွေးရာပါ အမြင့်ဆုံး ဝိညာဉ်စွမ်းအား' ပိုင်ရှင်ဖြစ်သော်လည်း သိုင်းဝိညာဉ်ကမူ 'ငွေပြာမြက်' ဖြစ်နေသောကြောင့်ပင်။
"ဟုတ်ကဲ့" ထန်ဆန်းက ခေါင်းညိတ်ပြလိုက်သည်။
"မွေးရာပါ ဝိညာဉ်စွမ်းအားဆိုတာ မင်းရဲ့ ဝိညာဉ်ဆရာသခင် ဖြစ်လာနိုင်မယ့် အရည်အသွေးကို ပြောတာပဲ။ အရည်အသွေး မြင့်လေလေ ကျင့်ကြံတဲ့ အရှိန်က မြန်လေလေပဲ"
စုယွမ်ထောင်းက ထန်ဆန်းကို ကြည့်ကာ ဆက်ပြောပြန်သည်။ "ဒီလိုစွမ်းအားမျိုးက ဒီတိုက်ကြီးမှာ ပေါ်ထွက်ခဲ့တာ အင်မတန် နည်းပါးတယ်။ အခုထိ ငါမြင်ဖူးသမျှထဲမှာ မင်းက ပထမဆုံးနဲ့ နောက်ဆုံးပဲ။ ဒုတိယတစ်ယောက် ထပ်တွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... နှမြောဖို့ကောင်းတာက မင်းရဲ့ ဝိညာဉ်က ငွေပြာမြက် ဖြစ်နေတာပဲ"
ထိုစကားကို ကြားသောအခါ ဘေးတွင်ရပ်နေသည့် ဝမ်ဖုန်းက မနေနိုင်ဘဲ ရယ်မောလိုက်ပြီး-
"ဆရာ... ကျွန်တော်ကရော ဖောက်ထွင်းမြင်နေရလို့လား? ဒုတိယတစ်ယောက် ဘာလို့ မရှိနိုင်ရမှာလဲ?"
ဒီအစ်ကိုတော် စုယွမ်ထောင်းကတော့ တကယ်ပဲ။ ငါ ဒီမှာ ရပ်နေတာ ကြာလှပြီ၊ အရင်ဆုံး စစ်ဆေးပေးပြီးမှ စကားပြောလည်း ရတာကို။
"ဝမ်ဖုန်း... လျှောက်မရှုပ်နဲ့!" စုယွမ်ထောင်း မပြောခင်မှာတင် ရွာလူကြီးဂျက်ခ်ကဝမ်ဖုန်းကို စူးစိုက်ကြည့်ကာ ငေါက်လိုက်သည်။ "မင်းက ရှောင်စန်းနဲ့ ယှဉ်နိုင်လို့လား? မင်း ဝိညာဉ်နိုးထနိုင်ရင်တောင် တော်လှပြီ။ မွေးရာပါ အမြင့်ဆုံး ဝိညာဉ်စွမ်းအားဆိုတာ လမ်းဘေးက အမှိုက်တွေလို အလွယ်တကူ ရနိုင်တယ် ထင်နေလား?"
"..." ဝမ်ဖုန်း ဆွံ့အသွားရသည်။
ရွာလူကြီးဂျက်က ကောင်လေးကို ဆူပူနေသည်ကို မြင်သောအခါ စုယွမ်ထောင်းကလည်း ရယ်မောကာ ခေါင်းခါလိုက်ပြီး-
"မွေးရာပါ အမြင့်ဆုံး ဝိညာဉ်စွမ်းအားဆိုတာ နှစ်တစ်ရာမှာ တစ်ယောက်ပဲ ပေါ်တာပါ။ ဒီဝိညာဉ်တော်ရွာမှာ တစ်ယောက်ပေါ်လာတာနဲ့တင် တော်တော်လေး ရှားပါးနေပါပြီ"
သူ့အဓိပ္ပာယ်ကတော့ "မင်းလို ကောင်လေးမျိုးကတော့ စိတ်ကူးမယဉ်စမ်းပါနဲ့" ဟု ဆိုလိုခြင်းပင်။
ထန်ဆန်းကမူ စိတ်ထဲတွင် "ဒါက ရှားပါးတာ မဟုတ်ပါဘူး၊ ငါ့ရဲ့ 'ရွှမ်ထျန်းကျင့်စဉ်' ကြောင့်ပါ" ဟု တွေးနေမိသည်။ သာမန်ကလေးတစ်ယောက်အနေဖြင့် မွေးရာပါ အမြင့်ဆုံးစွမ်းအား ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
ကိုယ့်ဘာသာ ကျင့်ကြံထားသည့် အတွင်းအားမရှိဘဲ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ မည်သို့ ရှိနေနိုင်မည်နည်း။ တကယ့် ပါရမီရှင် အကျော်အမော် ဖြစ်မှသာ ကျင့်စရာမလိုဘဲ မွေးကတည်းက စွမ်းအား ပါလာနိုင်မည်ဖြစ်သည်။
ထိုသို့သော ပါရမီရှင်မျိုးမှာ အလွန်ပင် ရှားပါးပေလိမ့်မည်ဟု ထန်ဆန်း တွေးလိုက်မိသည်။
ထိုအချိန်တွင် ဝမ်ဖုန်းက မကျေမနပ်ဖြစ်ကာ-
"အဲဒါဆို ဆရာစုယွမ်ထောင်း.... ဆရာ့စကားအရဆို ကျွန်တော့်မှာ မွေးရာပါ အမြင့်ဆုံး ဝိညာဉ်စွမ်းအား ရှိဖို့က လုံးဝမဖြစ်နိုင်ဘူးလို့ ပြောတာလား?"
ဝမ်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများက စမ်းသပ်သည့် မှန်စာလုံးကို တုံ့ပြန်မှု ပေးနိုင်မလား မသေချာသော်လည်း၊ ဤသို့ အပယ်ခံရခြင်းကိုမူ သူ အတော်လေး ခံရခက်နေသည်။
ထန်ဆန်းက ဝမ်ဖုန်းအနားသို့ လျှောက်လာပြီး ခဏမျှ တိတ်ဆိတ်နေပြီးမှ-
"အစ်ကိုဖုန်း... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ၊ 'မဖြစ်နိုင်ဘူးလား' ဆိုတဲ့ စကားလုံးထဲက 'လား' ကို ဖြုတ်လိုက်စမ်းပါ"
ထန်ဆန်း ကောင်းကောင်းသိသည်။ သူက ပါရမီရှင် မဟုတ်ဘဲ ကျင့်စဉ်ကြောင့် စွမ်းအားရှိနေခြင်း ဖြစ်သော်လည်း အစ်ကိုဖုန်းတွင် ထိုကျင့်စဉ် မရှိပေ။ အစ်ကိုဖုန်းက ခန္ဓာကိုယ် ကြံ့ခိုင်မှုတွင် ထူးခြားသော်လည်း ဝိညာဉ်စွမ်းအားမှာမူ ခန္ဓာကိုယ်နှင့် သက်ဆိုင်သည်။ သူတို့ အရင်က တိုက်ခိုက်ခဲ့စဉ်ကလည်း အစ်ကိုဖုန်းဆီမှ အတွင်းအားနှင့် ဆင်တူသည့် စွမ်းအားမျိုးကို ထန်ဆန်း မခံစားခဲ့ရဖူးပေ။
စွမ်းအားအစစ်မဟုတ်ဘဲ သန့်စင်သည့် ခန္ဓာကိုယ် ကြံ့ခိုင်မှုသက်သက်သာ ဖြစ်သောကြောင့် မွေးရာပါ အမြင့်ဆုံး ဝိညာဉ်စွမ်းအား ရှိရန်မှာ မဖြစ်နိုင်ဟု ထန်ဆန်း ယူဆထားခြင်း ဖြစ်သည်။
"..." ဝမ်ဖုန်း တစ်ချက် ဆွံ့သွားသည်။
အေးလေ... ရှောင်ဆန်းတောင် တိုးတက်လာပြီပဲ။ ငါ့ဆီကနေ ပြန်ပြောနည်းတွေတောင် သင်နေပြီ။
ဇာတ်လိုက်ဆိုတဲ့အတိုင်း သင်ယူနိုင်စွမ်းကတော့ တကယ်ကို ကောင်းလှသည်။
"ကဲ... မင်းလို ကလေးနဲ့ စကားအပိုတွေ ပြောမနေတော့ဘူး။ လာ... အရင်ဆုံး မင်းရဲ့ ဝိညာဉ်ကို နိုးထအောင် စမ်းသပ်ကြည့်ရအောင်" စူးယွင်ထောင်က ဝမ်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။
ဝမ်ဖုန်းက စိတ်ထဲမှ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခြောက်မြှောင့်ပုံစံ အလယ်တည့်တည့်သို့ လျှောက်လှမ်းသွားလိုက်၏။
"ဒင်! လက်ခံသူများ ဂုဏ်ပြုပါသည် ချက်အင်အောင်မြင်သွားပါပြီ.... လျှို့ဝှက်ဆန်းပြားသော သိုင်းဝိညာဉ် ဆုလာဘ်ကို ရရှိပါပြီ! ကျေးဇူးပြု၍ မျက်စိမှိတ်ပြီး လျှို့ဝှက်သိုင်းဝိညာဉ်ကို ခံစားကြည့်ပါ!"
ရင်းနှီးနေသော အသံတစ်ခု ခေါင်းထဲတွင် မြည်ဟည်းသွားသည်။ ဝမ်ဖုန်း အံ့ဩသွားပြီး ချက်ချင်းပင် မျက်စိမှိတ်လိုက်၏။
ဝုန်း!
ချက်ချင်းပင် သူ၏ စိတ်အာရုံထဲတွင် တစ်ခုခု ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။ အဆုံးမဲ့သော ဖရိုဖရဲ ကမ္ဘာထဲတွင် ပိတ်မိနေသကဲ့သို့ပင်။ ထိုကမ္ဘာ၏ အလယ်ဗဟိုတွင် ရှေးကျပြီး ခန့်ညားလှသော အရှိန်အဝါများ ထွက်ပေါ်နေသည့် လျှို့ဝှက်ဆန်းပြားသော ကြာပန်းတစ်ပွင့်က တိတ်ဆိတ်စွာ ပွင့်လန်းနေသည်။
'အဲဒါက...!'
ဝမ်ဖုန်း ထိုစိမ်းလန်းသော ကြာပန်းကို စိုက်ကြည့်နေမိသည်။ ဝိုးတဝါးဖြင့် ထိုကြာပန်းထဲတွင် အထွတ်အထိပ် ကမ္ဘာတစ်ခုကို မြင်နေရသကဲ့သို့ပင်။ နောက်ခဏတွင် ထိုစိမ်းလန်းသော ကြာပန်းက ဝမ်ဖုန်းထံသို့ ရုတ်တရက် ပျံသန်းလာပြီး သူ၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားတော့သည်။
ဝုန်း!
ဝမ်ဖုန်း၏ အသိစိတ်များ ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရပြီး ခေါင်းထဲတွင် အဆုံးမဲ့သော ပဲ့တင်သံများ ကြားနေရသော်လည်း ဘာကိုမှ မမြင်ရ၊ မကြားရတော့ပေ။ အချိန်အတော်ကြာ ဖြတ်သန်းသွားပြီးမှ ဝမ်ဖုန်း သတိပြန်ဝင်လာပြီး နားထဲတွင် အေးစက်စက် အသံတစ်ခုကို ကြားလိုက်ရသည်။
"နောက်ထပ် အသုံးမကျတဲ့ သိုင်းဝိညာဉ်တစ်ခုပဲ... ဘာမှန်းမသိတဲ့ တောပန်းလေး တစ်ပွင့်ပေါ့"
ထိုအသံကြောင့် ဝမ်ဖုန်း မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့လက်ထဲတွင် ရှိနေသော သိုင်းဝိညာဉ်ကို မြင်လိုက်ရသည်။
စိမ်းလန်းပြီး လျှို့ဝှက်ဆန်းပြားသော ကြာပန်းလေးတစ်ပွင့်က သူ့လက်ဖဝါးပေါ်တွင် ငြိမ်သက်စွာ ပွင့်လန်းနေ၏။ ပုံစံမှာ 'ကိုးပွင့်ကြယ် ဂန့်ဂေါ်'နှင့် အနည်းငယ် ဆင်တူသော်လည်း ပွင့်ချပ်ပုံစံက လုံးဝကွဲပြားနေသည်။ အရွက် ၁၂ ရွက် ရှိပြီး အလယ်တွင် ပွင့်ချပ် ၂၄ ခုကို ဝန်းရံထားသည်။
အင်မတန်မှ လှပလွန်းလှသည်။
"အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ပန်းပုံစံ သိုင်းဝိညာဉ်ပဲ" စုယွမ်ထောင်းကခေါင်းခါလိုက်ရင်း "ကြည့်ရတာတော့ လှပါတယ်။ အသုံးဝင်ရင် ဝင်မှာပေါ့... ဒါပေမဲ့ ငွေပြာမြက်ထက်တော့ သိပ်ထူးခြားမှာ မဟုတ်ပါဘူး"
ဆန့်ကျင်ဘက်အနေဖြင့် ထန်ဆန်းကမူ ထိုကြာပန်းကို ကြည့်ကာ အံ့ဩနေမိသည်။
ကြာပန်းလား? အစ်ကိုဖုန်းရဲ့ သိုင်းဝိညာဉ်က သူ အရင်ဘဝက မြင်ဖူးခဲ့တဲ့ ကြာပန်းနဲ့ တော်တော်လေး ဆင်နေသည်။ သို့သော် ဤစိမ်းလန်းသော ကြာပန်းမှာ ထူးခြားသော အလှတရား ရှိနေသည်။ စုယွမ်ထောင်းမမှတ်မိသည်မှာ မဆန်းပေ။
"ကြာပန်းနဲ့ တူပေမဲ့ လုံးဝကြီးတော့ မဟုတ်ဘူး..." ထန်ဆန်းက စဉ်းစားနေမိသည်။ "ဒါက အသုံးမကျတဲ့ ဝိညာဉ် မဖြစ်နိုင်လောက်ဘူး"
"မဆိုးပါဘူး!" ရွာလူကြီးဂျက်က ပြုံးလျက် ပြောသည်။ "ဝမ်ဖုန်း... ငါတို့ရွာမှာ ဒီလို လှတဲ့ပန်းတွေ အနာဂတ်မှာ အများကြီး စိုက်နိုင်ရင် မကောင်းဘူးလား"
"..."
ဝမ်ဖုန်း ရုတ်တရက် ရယ်မောလိုက်မိသည်။
ဒါက အသုံးမကျတဲ့ ဝိညာဉ် မဟုတ်သလို သာမန်ကြာပန်းလည်း မဟုတ်ပေ။ စနစ်က ပေးသော အရာတစ်ခုက မည်သို့ ရိုးရှင်းနိုင်မည်နည်း။
"ဒါက... ဖရိုဖရဲ ကမ္ဘာဦးကြာပန်းများလား!" ဝမ်ဖုန်း၏ ရင်ထဲတွင် တုန်လှုပ်စွာ တွေးလိုက်မိသည်။
ယခင်ဘဝက ဝတ္ထုဝါသနာအိုး တစ်ယောက်အနေဖြင့် ရှေးဟောင်းဒဏ္ဍာရီလာဖရိုဖရဲကမ္ဘာဦးကြာပန်းအကြောင်းကို သူ ကောင်းကောင်းသိသည်။ ကမ္ဘာဦးကာလ၏ အဖိုးမဖြတ်နိုင်သော ရတနာဖြစ်ပြီး စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အရာ ဖြစ်သည်။
မိမိ၏ သိုင်းဝိညာဉ်က ထိုကဲ့သို့သော အရာ ဖြစ်နေသည်လား? ဝမ်ဖုန်း၏ ခန္ဓာကိုယ်မှာ တုန်ရင်လာသည်။ ဒဏ္ဍာရီများအရ ကမ္ဘာဦးနတ်ဘုရား 'ဖန်ကု' ပင်လျှင် ဤကြာပန်း၏ အစေ့မှ မွေးဖွားလာခြင်း ဖြစ်သည်။ သို့သော် ဝမ်ဖုန်း၏ ကြာပန်းတွင် ကြာစေ့ ၄ စေ့သာ ရှိသေးသဖြင့် ဒဏ္ဍာရီနှင့် အနည်းငယ် ကွဲပြားနိုင်သည်။
ဒဏ္ဍာရီများအရ ဤကြာစေ့များမှတစ်ဆင့် အစွမ်းထက်သော လက်နက်ရတနာများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း သူ သိထားသည်။ ဆိုလိုသည်မှာ ဝမ်ဖုန်း၏ သိုင်းဝိညာဉ်မှာ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ပြီး အစွမ်းများစွာ ရှိနေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဝမ်ဖုန်း၏ မျက်လုံးများ နီမြန်းလာကာ ဤလျှို့ဝှက်ဆန်းပြားသော ကြာပန်းကို ကြည့်နေမိသည်။ ဤအရာသည် အစုံအလင် ပါဝင်သော သိုင်းဝိညာဉ်တစ်ခုပင်။
"ငါ့ရဲ့ ဝိညာဉ်အဆင့် တိုးတက်လာတာနဲ့အမျှ ဒီကြာပန်းက ထူးခြားပြီး ကွဲပြားတဲ့ စွမ်းအားတွေကို ထုတ်ပေးနိုင်မှာပဲ..."
ဝမ်ဖုန်း၏ ရင်ထဲတွင် အလိုလို သိလိုစိတ်များ ပြင်းထန်လာသည်။ ဤကြာပန်း၏ စွမ်းအားမှာ သူ စိတ်ကူးထားသကဲ့သို့ တကယ်ပဲ ကြောက်စရာကောင်းမလား ဆိုသည်ကို သိချင်နေပြီဖြစ်သည်။
စုယွမ်ထောင်းကမူ စိတ်လှုပ်ရှားနေသော ဝမ်ဖုန်းကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။ ဘာမှန်းမသိတဲ့ တောပန်းလေးတစ်ပွင့်ကို ဒီလောက်ထိ စိတ်လှုပ်ရှားနေရသလား။
"ကဲ... ဝိညာဉ်စွမ်းအားရော စမ်းဦးမလား?" စုယွမ်ထောင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မစမ်းတော့ဘူးမလား?"
သူက ကောင်လေး အရှက်မကွဲအောင် အလိုက်တသိ မေးလိုက်ခြင်း ဖြစ်သည်။
"မစမ်းတော့ဘူးလား ဟုတ်လား?" ဝမ်ဖုန်း တစ်ချက် ကြောင်သွားပြီးမှ လက်ကာပြလိုက်သည်။ "မဟုတ်ဘူး... စမ်းမှာပေါ့၊ ဒီတိုင်းပဲ အပျော်သဘော စမ်းကြည့်မယ်လေ"
ပြောပြောဆိုဆိုဖြင့် ဝမ်ဖုန်းက သူ၏ လက်ဖဝါးကို မှန်စာလုံးပေါ်သို့ ပေါ့ပေါ့ပါးပါးလေး တင်လိုက်သည်။
ဝုန်း!
ရွှေရောင် အလင်းတန်းကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ လူတိုင်း မျက်စိမဖွင့်နိုင်လောက်အောင်ပင် တောက်ပလွန်းလှသည်။
စုယွမ်ထောင်းမှာ တစ်နေရာတည်းမှာတင် ကျောက်ရုပ်လို မှင်သက်ကာ ရပ်နေမိတော့သည်။