အခန်း (၁) ဘတ်စ်ကား လမ်းမထက်က ရှင်သန်ရပ်တည်ရေး ကစားပွဲ
"အသက် ၁၈ နှစ်မှ ၆၀ ကြားရှိသော လူသားအားလုံး...လမ်းမထက်က ရှင်သန်ရပ်တည်ရေးကမ္ဘာမှ ကြိုဆိုပါတယ်"
"မင်းတို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ကတော့... ရှင်သန်ကျန်ရစ်ဖို့ပဲ..."
မည်သည့် သတိပေးချက်မှမရှိဘေး ယဲ့ချန် နှင့် အခြားသူများ၏ ခေါင်းထဲသို့ အေးစက်စက် စက်ရုပ်ဆန်သော အသံတစ်သံ တိုးဝင်လာခဲ့သည်။
ယဲ့ချန် မျက်လုံးများကို ရုတ်တရက် ပွင့်ဟလိုက်စဉ် စူးရှလှသော နေရောင်ခြည်ကြောင့် ချက်ချင်းပင် ပြန်မှိတ်လိုက်ရ၏။
သူ့ရှေ့တွင် တည်ရှိနေသည်မှာ ယခင်က သူရင်းနှီးခဲ့သော စာတမ်းဖတ်ပွဲ ခန်းမ မဟုတ်တော့ဘဲ နည်းနည်း ဟောင်းနွမ်းစုတ်ချာနေသည့် ဘတ်စ်ကားတစ်စီး၏ အတွင်းပိုင်း ဖြစ်နေခဲ့သည်။
ကားပြတင်းပေါက် အပြင်ဘက်တွင်မူ ရှေ့သို့ အဆုံးမရှိ မြင်နေသည့် ကတ္တရာလမ်းမကြီးတစ်ခုရှိပြီး ဘေးတစ်ဖက်တစ်ချက်တွင် မည်သည့် သက်ရှိခြေရာမှ မရှိသော ခြောက်ကပ်ကပ် ဂိုဘီသဲကန္တာရကြီးသာ ရှိနေလေသည်။
ယဲ့ချန်၏ ဘေးတွင် ကြောင်အနေကြသည့် မိန်းကလေး ၇ ယောက်နှင့်အတူ ဘတ်စ်ကား လက်ရန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ဟန်ချက်ကို နည်းနည်းမျှ ထိန်းထားရသည့် ဆရာမငယ်တစ်ဦး ထိုင်နေကြ၏။
သူတို့သည် မဟာရှ၏ ထိပ်တန်း ပါရမီရှင် အထူးအတန်းမှ ဖြစ်ကြသည်။ လွန်ခဲ့သည့် တစ်မိနစ်ခန့်ကမှ အပတ်စဉ် စာတမ်းဖတ်ပွဲ ပြုလုပ်နေကြခြင်းဖြစ်သော်လည်း နောက်တစ်စက္ကန့်တွင်မူ မည်သူမှမရှိသည့် စွန့်ပစ်နယ်မြေဆီသို့ အားလုံး စုပေါင်း တယ်လီပို့ လုပ်ခံလိုက်ရခြင်း ဖြစ်၏။
ဒင်…
"ဒီကမ္ဘာမှာ မင်းတို့ဟာ တစ်ခါမှ မကြုံဖူးတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါမယ်"
"စည်းမျဉ်းများကို အောက်ပါအတိုင်း ကြေညာလိုက်တယ်"
"စည်းမျဉ်း (၁) ဘတ်စ်ကားတစ်စီးချင်းစီရဲ့ စတင်တဲ့နေရာရဲ့ အနောက် ၁၀ ကီလိုမီတာမှာ ဆက်တိုက် ကူးစက်ပြန့်နှံ့နေမယ့် မိုးကြိုးမုန်တိုင်းတစ်ခု ရှိနေပါတယ်။ မိုးကြိုးမုန်တိုင်းဟာ အစပျိုး အရှိန်တစ်နာရီ ၅ ကီလိုမီတာနဲ့ ရှေ့ကို တိုးလာမှာဖြစ်ပြီး မုန်တိုင်းမိသွားတဲ့ မည်သည့်အရာမဆို ချက်ချင်း ပြာကျပျက်စီးသွားပါမယ်"
"စည်းမျဉ်း (၂) သုံးရက်ကြာ ကာကွယ်ရေး ကာလအတွင်းမှာ စတင်သည့်နေရာရဲ့ အချင်းဝက် ၁၀ ကီလိုမီတာ ပတ်လည်ဟာ ဘေးကင်းဇုန် ဖြစ်ပါတယ်။ ဒီဧရိယာအတွင်းမှာ အန္တရာယ်မှ ရှိမှာမဟုတ်ပါဘူး"
"စည်းမျဉ်း (၃) ကာကွယ်ရေးကာလ ကုန်ဆုံးသွားတာနဲ့ မိုးကြိုးမုန်တိုင်း စတင်ရွေ့လျားပါမယ်"
"စည်းမျဉ်း (၄) လမ်းတစ်လျှောက်မှာ ရိက္ခာသေတ္တာတွေ အမှတ်မထင် ပေါ်လာပါမယ်..ရှင်သန်ရေး ဖိအားကို လျှော့ချဖို့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ကိုယ်ဝန်ဆောင်မှု အခြေအနေကို ဒုတိယမြောက်နေ့မှာ ရှင်းလင်းပေးပါမယ်"
"စည်းမျဉ်း (၅) လူတစ်ယောက်ချင်းစီမှာ ပါရမီစွမ်းရည်ရရှိဖို့ ၁ ရာခိုင်နှုန်း အခွင့်အရေး ရှိပါတယ်"
"စည်းမျဉ်း (၆) မင်းတို့ အခုစီးနင်းထားတဲ့ ဘတ်စ်ကားဟာ မင်းတို့ရဲ့ အစပျိုး ယာဉ်ဖြစ်ပါတယ်။ ယာဉ်တစ်စီးမှာ အများဆုံး လူ ၅၀ တင်ဆောင်နိုင်ပါတယ်။ အဖွဲ့အစည်းတစ်ခုတည်းမှာ ပါဝင်တဲ့ ကစားသမားတွေကို အဖွဲ့အစည်းတူသူတွေနဲ့ စုစည်းပေးမှာဖြစ်ပြီး အဖွဲ့အစည်းမရှိသူတွေကိုတော့ အလိုအလျောက် စုစည်းပေးပါမယ်။ (အဖွဲ့အစည်းများတွင် ကျောင်းအတန်းများ... ကုမ္ပဏီဌာနများ... စစ်တပ် တပ်ခွဲများ စသည်ဖြင့် ပါဝင်ပါတယ်)"
"စည်းမျဉ်း (၇) ဘတ်စ်ကားတစ်စီးချင်းစီမှာ သီးသန့် ယာဉ်စွမ်းရည် တစ်ခုစီ နိုးထလာပါမယ်"
ခေါင်းထဲမှ အသံသည် ဒုတိယအကြိမ် ပြန်ထွက်ပေါ်လာ၏။ ပါဝင်သည့် အကြောင်းအရာများမှာ ရှင်းလင်းပြတ်သားပြီး အေးစက်လှသဖြင့် သေဒဏ် စီရင်ချက်ကျလိုက်သည့်အတိုင်း လူတိုင်း၏ ရင်ကို အေးစက်တုန်လှုပ်သွားစေသည်။
"အခု မင်းတို့အားလုံး စည်းမျဉ်းတွေကို လေ့လာဖို့နဲ့ တစ်ဦးတည်းသော ယာဉ်မှူး(ကားအဖွဲ့ခေါင်းဆောင်)ကို ရွေးချယ်ဖို့ ၁၀ မိနစ် အချိန်ပေးပါမယ်"
"ပြောင်းပြန် ရေတွက်မှု စတင်ပြီ..."
အေးစက်စက် အသံကြီး ပျောက်ကွယ်သွားခဲ့လေပြီ။
ကားအတွင်းပိုင်းမှာ တိတ်ဆိတ်သွားပြီးနောက် ထိန်းမနိုင်သိမ်းမရ ရုတ်ရုတ်သဲသဲ တုန်လှုပ်ချောက်ချားမှုများ စတင်လာခဲ့၏။
လမ်းမထက်က ရှင်သန်ရေး ကစားပွဲ...
မိုးကြိုးမုန်တိုင်းရဲ့ လိုက်လံတိုက်ခိုက်မှု...
ချက်ချင်း ပြာကျသွားမယ့် အန္တရာယ်...
ထွက်ပေါ်လာသည့် သတင်းအချက်အလက် တိုင်းသည် လွန်ခဲ့သော ၁၈ နှစ်လုံးလုံး သူတို့ တည်ဆောက်ခဲ့သည့် သိပ္ပံနည်းကျ ကမ္ဘာအမြင်ကို တူနှင့် ထုရိုက်ခြေဖျက်လိုက်သကဲ့သို့ပင်။
"ကျောင်းသားတို့..."
တည်ငြိမ်ပြီး အာဏာပါသော အသံတစ်သံ ထွက်ပေါ်လာကာ ဆူပူလှုပ်ရှားနေသမျှကို ချက်ချင်း ငြိမ်ကျသွားစေသည်။
လူတိုင်း၏ အကြည့်များက အားကိုးရာ ရလိုက်သကဲ့သို့ ထိုအသံလာရာဆီ သတိမထားမိဘဲ စုပြုံသွားကြ၏။
စကားပြောလိုက်သူမှာ သူတို့၏ အတန်းပိုင်ဆရာမ စုဇီယွင် ဖြစ်သည်။
အသက် ၂၈ နှစ်နှင့် စီမံခန့်ခွဲမှုဆိုင်ရာနှင့် စိတ်ပညာဆိုင်ရာ ဒေါက်တာဘွဲ့ နှစ်ခုလုံး ရရှိထားသည့် ဒီဆရာမသည် မျက်မှန်ကို ကိုင်မြှောက်လိုက်ရာ မျက်မှန်မှန်ဘီလူး အနောက်မှ အကြည့်များမှာ ထောက်လှမ်းမရနိုင်အောင်ပင် တည်ငြိမ်လွန်းနေသည်။
"ကြောက်လန့်နေလို့ ဘာပြဿနာမှ ပြေလည်သွားမှာ မဟုတ်ဘူး..ငါတို့ အခု ခေတ်လွန်ဖြစ်ရပ်တစ်ခုနဲ့ ရင်ဆိုင်နေရတာ မှန်ပေမဲ့ ငါတို့ရဲ့ ဦးနှောက်တွေကတော့ အလုပ်လုပ်နေတုန်းပဲ"
"အခု အားလုံးပဲ မိမိတို့ အကျွမ်းကျင်ဆုံး နယ်ပယ်ကို အသုံးပြုစမ်းပါ..ငါတို့ အခုရောက်နေတဲ့ ပတ်ဝန်းကျင်က အစစ်အမှန် ဟုတ်မဟုတ်နဲ့ ဒီစည်းမျဉ်းတွေရဲ့ ယုံကြည်စိတ်ချရမှုကို အတည်ပြုဖို့ ၅ မိနစ် အချိန်ယူကြမယ်"
သူမ၏ အသံတွင် ငြင်းဆန်၍မရသော သြဇာဓာတ်ပါဝင်နေပြီး ပူပန်နေကြသည့် ကျောင်းသားများ၏ ရင်ထဲသို့ ရေအေးလောင်းထည့်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
"ဟုတ်ကဲ့ပါ..."
ပါရမီရှင် မိန်းကလေး ၇ ယောက်စလုံး စီးချက်ကျကျ ပြန်ဖြေလိုက်ကြ၏။ ယဲ့ချန် အပါအဝင် လူတိုင်း ချက်ချင်း စတင် လှုပ်ရှားလိုက်ကြသည်။
ဒါသည်ကား သူတို့၏ အရိုးစွဲနေသည့် ပါရမီရှင် ဗီဇပင် ဖြစ်သည် အသစ်အဆန်း အရာများနှင့် ရင်ဆိုင်ရလျှင် ဦးစွာ ဆန်းစစ်မည်... ပြီးမှ ဆုံးဖြတ်မည်။
ယဲ့ချန်လည်း ကားအတွင်းပိုင်း အသေးစိတ်အချက်အလက်များကို သေချာ စစ်ဆေးကာ ထိုင်ခုံများ... အထည်အသားများကို ကိုင်တွယ်ကြည့်ပြီး အပြင်ဘက် လက်တွေ့တွင် လစ်ဟာချက်များ ရှိမရှိ လိုက်ရှာနေခဲ့သည်။
၅ မိနစ်ဆိုသည့် အချိန်မှာ ခဏလေးအတွင်း ကုန်လွန်သွားခဲ့သည်။
"ဆရာမစု... သတင်းပို့ပါတယ်..." မြင်းမြီးစီး ဆံပင်စတိုင်လ်နှင့် ဖလတ်ဖလတ် လှုပ်ရှားနေသည့် မျက်လုံးပိုင်ရှင် မိန်းကလေးက စတင်ပြောလိုက်သည်။
မင်းသမီးလေးလို လှပသည့်သူမသည် သင်္ချာမော်ဒယ်လ်ပြုလုပ်ခြင်းနှင့် ဖြစ်နိုင်စွမ်းသီအိုရီ ပါရမီရှင် ကူချင်းယန် ဖြစ်၏။
"ဖြစ်နိုင်စွမ်း အရပြောရရင် ငါတို့ ၉ ယောက်စလုံး တစ်ပြိုင်နက်တည်း အိမ်မက်တစ်ခုတည်း တူတူမက်ဖို့နဲ့ အခု ကြားလိုက်ရတဲ့ စည်းမျဉ်းတွေအပါအဝင် အသေးစိတ် အချက်အလက်တွေ ရာနှုန်းပြည့် တူညီနေဖို့ ဆိုတာ ကိန်းဂဏန်းအရ ၁၀ ရဲ့ အနုတ် ၂၈ ထပ် (10^-28) ထက်တောင် နည်းပါတယ်"
"တစ်နည်းအားဖြင့်ပြောရရင် ငါတို့ အိမ်မက်မက်နေဖို့ ဖြစ်နိုင်ခြေက ထီပေါက်စဉ် ပထမဆုကို အကြိမ် ၁၀၀ ဆက်တိုက် ပေါက်တာထက်တောင် နည်းပါတယ် ဒါကြောင့် ဒါဟာ အိမ်မက်မဟုတ်ဖို့ ရာနှုန်းပြည့် နီးပါးပါပဲ"
သူမ စကားဆုံးသည်နှင့် ကလေးမျက်နှာလေးနှင့် အေးစက်စက် စတိုင်လ်ရှိသည့် မိန်းကလေးက မျက်မှန်ကို ပင့်တင်လိုက်ပြီး ဆက်ပြောသည်။
သူမကတော့ သီအိုရီနှင့် အသုံးချ ရူပဗေဒ ပါရမီရှင် ချန်ရှီး ဖြစ်သည်။
"ရူပဗေဒ စည်းမျဉ်းတွေ တည်ရှိနေပါတယ်"
"ဖုန်းထဲက Sensor တွေနဲ့ တိုင်းတာကြည့်ပြီးပြီ… ကမ္ဘာမြေဆွဲအားက တစ်စက္ကန့်မှာ ၉.၈ မီတာ စက္ကန့်စတုရန်း နီးပါးရှိပြီး လေထုဖွဲ့စည်းပုံကလည်း ကမ္ဘာမြေနဲ့ အတူတူပါပဲ..အခြေခံ ရူပဗေဒ ကိန်းသေတွေ ပြောင်းလဲသွားတဲ့ လက္ခဏာ မရှိပါဘူး"
ချန်ရှီး၏ စကားကြောင့် အားလုံး သက်ပြင်းတစ်ချက် ရှူထုတ်နိုင်ခဲ့ကြသည်။
သိုသော် သူမ၏ နောက်ထပ် စကားတစ်ခွန်းက လူတိုင်း၏ ရင်ကို ပြန်လည် အေးစက်သွားစေ၏။
"ဒါပေမဲ့... သိထားတဲ့ ရူပဗေဒ နိယာမတွေကို လုံးဝ ဆန့်ကျင်နေတဲ့ အရာတစ်ခုတော့ ရှိတယ်"
သူမသည် လက်ညှိုးလေးထိုးပြလိုက်ရာ ကား၏ အနောက်ဘက် တိုက်ရိုက် ကောင်းကင်ယံဆီသို့ ဖြစ်သည်။
"အဲဒီ မိုးကြိုးမုန်တိုင်းပဲ"
လူတိုင်း သူမ ထိုးပြရာဆီ ကြည့်လိုက်ကြသည်။
ကား၏ အနောက်ဘက် ၁၀ ကီလိုမီတာခန့် အကွာ လိုက်ကာကြီးတစ်ခုအလား မည်းမှောင်နေသော တိမ်တိုက်ကြီးများ ဆိုင်းဆိုင်းမည်းမည်း ရှိနေ၏။ ထိုအထဲတွင် ခရမ်းရောင် လျှပ်စီးကြောင်းများ ရူးသွပ်စွာ စီးဆင်းနေပြီး ပျက်စီးခြင်း အငွေ့အသက်များမှာ ဒီအကွာအဝေးမှပင် ရင်တုန်စရာ ကောင်းလှသည်။
"မိုးကြိုးမုန်တိုင်းဆိုတာ အလွန်မတည်ငြိမ်တဲ့ စွမ်းအင်တွေပါတဲ့ အစွန်းရောက် ရာသီဥတု ဖြစ်စဉ်တစ်ခုပါ"
"အခုလိုမျိုး နံရံတစ်ခုလိုမျိုး နေရာတစ်ခုတည်းမှာ မိနစ်ပေါင်းများစွာ ငြိမ်နေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး"
"ကောင်းကင်မှာ ဆွဲထားတဲ့ နောက်ခံကားချပ်ကြီးအတိုင်းပဲ... ဒါဟာ သိပ္ပံနည်းကျ လုံးဝ မဟုတ်ပါဘူး"
ချန်ရှီးက အေးဆေးစွာ ကောက်ချက်ချလိုက်သော်လည်း သူမအသံတွင် မသိနိုင်သော ဖြစ်စဉ်တစ်ခုအပေါ် ဇဝေဇဝါဖြစ်မှုနှင့် စိုးရိမ်မှုများ ပါဝင်နေသည်။
အဖွဲ့ဝင်များ၏ သတင်းပို့ချက်များကို နားထောင်ပြီးနောက် ဆရာမ စုဇီယွင် က ခေါင်းညိတ်လိုက်သည်။ အမြဲ အေးဆေးနေသည့် သူမ၏ မျက်နှာတွင် စိုးရိမ်စိတ် လှိုင်းအနည်းငယ် ပေါ်လာ၏။
သူမသည် အပြီးသတ် သုံးသပ်ချက် ပေးလိုက်သည်။
"ပထမအချက် ငါတို့ အိမ်မက် မက်နေတာ မဟုတ်ဘူး"
"ဒုတိယအချက် ငါတို့ မူလကမ္ဘာမှာ မရှိတော့တာ သေချာပေမဲ့ ဒီကမ္ဘာရဲ့ အခြေခံ ရူပဗေဒ နိယာမတွေက ကမ္ဘာမြေနဲ့ တူတူပဲ.. ဒါကြောင့် ငါတို့ ဗဟုသုတတွေက အသုံးဝင်နေတုန်းပဲ"
"တတိယအချက် ငါတို့အားလုံး 'မိုးကြိုးမုန်တိုင်း' လို့ခေါ်တဲ့ သေခြင်းအန္တရာယ် ရှိတဲ့ ကမ္ဘာတစ်ခုဆီ စုပေါင်း ရောက်ရှိလာကြတာ ဖြစ်ပြီး ဒါဟာ ထိုအသံရဲ့ စည်းမျဉ်းတွေအတိုင်း လည်ပတ်နေတာ ဖြစ်တယ်"
စုဇီယွင်၏ စကားများသည် ကျောင်းသားများ၏ ရင်ထဲမှ နောက်ဆုံး မျှော်လင့်ချက်လေးကိုပင် ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ကားအတွင်းပိုင်း လေထုမှာ အလွန်ပင် ဖိစီးမှုများလာခဲ့၏။
"ကဲ... ဒုတိယ အစီအစဉ်ကို သွားကြရအောင်" စုဇီယွင်၏ အသံမှာ မနားတမ်း ထွက်ပေါ်လာသည်။
"ယာဉ်မှူး ရွေးချယ်ဖို့ပဲ"
"ဒါကို ရွေးနေဖို့ လိုသေးလို့လား... ဆရာမ စုပဲ လုပ်ရမှာပေါ့..."
ဆံပင်တိုတိုနှင့် ဓားသွားကဲ့သို့ ထက်မြက်သည့် မျက်လုံးများရှိသော မိန်းကလေး ချင်လန် က စကားဆိုသည်။ အသက် ၁၈ နှစ်အရွယ်များထဲတွင် စစ်ဗျူဟာ ကွပ်ကဲမှုနှင့် တိုက်ပွဲပုံစံငယ် ပြုလုပ်ခြင်း ပါရမီကြောင့် သူမတစ်ယောက်တည်း အသက် ၂၀ ဖြင့် ခြွင်းချက်အနေဖြင့် အထူးတန်းကိုတက်ရောက်ခွင့် ရရှိခဲ့သူဖြစ်သည်။
"ဟုတ်တယ်... ဆရာမ စု ရဲ့ စီမံခန့်ခွဲမှုနဲ့ စိတ်ပညာ စွမ်းရည်တွေက ငါတို့ကို ဦးဆောင်ဖို့ အကောင်းဆုံးပဲ..." လင်းဝမ်ချင်းကလည်း ချက်ချင်း ထောက်ခံလိုက်သည်.. စီးပွားရေး ပညာရပ်ကို အဓိကထားသည့် သူမအတွက် အကျိုးအမြတ် အများဆုံးကို ရွေးချယ်ခြင်းက ဗီဇတစ်ခု ဖြစ်နေခဲ့ပြီ။
"သဘောတူတယ်..."
"ထောက်ခံတယ်..."
ယဲ့ချန် အပါအဝင် မိန်းကလေး အားလုံးက ယာဉ်မှူးနေရာအတွက် စုဇီယွင် ကလွဲ၍ အခြားသူ မရှိဟု တညီတညွတ်တည်း သဘောတူကြသည်။
သို့သော် စုဇီယွင်က ခေါင်းကို ဖြည်းဖြည်းချင်း ခါရမ်းလိုက်၏။
"ဟင့်အင်း... ငါ ယာဉ်မှူး မလုပ်နိုင်ဘူး"
အားလုံး ကြောင်အံ့သွားကြပြီး မျက်နှာများတွင် ဇဝေဇဝါ ဖြစ်သွားကြသည်။
"ဘာလို့လဲ ဆရာမ..." ချင်လန် က မျက်မှောင်ကြုတ်ကာ တိုက်ရိုက် မေးလိုက်သည်။
"ဆရာမကလွဲရင် ဘာလို့ တခြားသူတွေ အရည်အချင်း ပြည့်မီမှာလဲ..."
စုဇီယွင်၏ အကြည့်များသည် ဇဝေဇဝါဖြစ်နေသော မျက်နှာလေးများကို ကျော်လွန်၍ ကားပေါ်ရှိ တစ်ဦးတည်းသော အမျိုးသား ဖြစ်သူ ယဲ့ချန် ထံသို့ ရောက်ရှိသွားသည်။
သူမ၏ အကြည့်မှာ တည်ငြိမ်ပြီး ထိုးဖောက်မြင်နိုင်ကာ ရက်စက်သည့် အမှန်တရား၏ အရိပ်အယောင်ပင် ပါဝင်နေသည်။
"ဘာလို့လဲဆိုတော့ ငါတို့ဟာ ကမ္ဘာသစ်တစ်ခုဆီ ရောက်လာလို့ပဲ..ဥပဒေ... စည်းကမ်းမရှိဘဲ အသက်ရှင်သန်ရေး နိယာမပဲရှိတဲ့ ရက်စက်တဲ့ ကမ္ဘာဆီ ရောက်လာကြတာ"
"မူလကမ္ဘာမှာ မင်းတို့ဟာ ရွေးချယ်ခံ ပါရမီရှင်တွေ ဖြစ်ပေမဲ့ ဒီမှာတော့ မင်းတို့ရဲ့ နေရာကို မင်းတို့ အရင် သိဖို့လိုတယ် မင်းတို့... ငါတို့ ဘာဖြစ်သွားမလဲ..."
စုဇီယွင်၏ မေးခွန်းက ပါရမီရှင် မိန်းကလေးများကို အေးစက်သွားစေသည်။ မိမိတို့ နယ်ပယ်အလိုက် တွေးတောနိုင်ကြသော်လည်း ဒီအချိန်တွင် အဖြေမှာ အလွန်ပင် ထင်ရှားလွန်းနေသည်။
လင်းဝမ်ချင်း က ပထမဆုံး သဘောပေါက်သွားသူ ဖြစ်သည်။ တန်ဖိုးနှင့် တိုင်းတာတတ်သည့် သူမ၏ စိတ်ဓာတ်ကြောင့် ရရှိလိုက်သော နိဂုံးက သူမ၏ မျက်နှာကို ဖြူဖျော့သွားစေ၏။
စုဇီယွင်က သူမ၏ အမူအယာကို ရိပ်မိကာ ခေါင်းညိတ်လိုက်ပြီး သွေးဆာနေသည့် အမှန်တရားကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
"ဟုတ်တယ်…စည်းကမ်းတွေ ဥပဒေတွေ..ပျက်စီးသွားတဲ့ ကမ္ဘာမှာ အမျိုးသမီးတွေ... အထူးသဖြင့် မင်းတို့လို လှပတဲ့ အမျိုးသမီးတွေဟာ တန်းတူညီမျှတဲ့ လူသားတွေ မဟုတ်တော့ဘဲ လုယူရမယ့် 'သယံဇာတ' တွေ ဖြစ်သွားလိမ့်မယ်"
’သယံဇာတ…’
ဒီစကားလုံး နှစ်လုံးသည် မိန်းကလေးများ၏ အဓိက ဂုဏ်သိက္ခာကို အပ်နှင့် ထိုးလိုက်သကဲ့သို့ စိမ့်ခနဲ ဖြစ်သွားစေသည်။
"ဒီကားပေါ်မှာ အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၁ ယောက်ပဲ ရှိတယ်"
"ငါသာ ယာဉ်မှူး လုပ်လိုက်ရင် နောက်ပိုင်း တခြားအဖွဲ့တွေနဲ့ တွေ့တဲ့အခါ ယာဉ်မှူး အချက်အလက်တွေ ပေါ်လာလိမ့်မယ်... အမျိုးသမီးတစ်ယောက် ဦးဆောင်ပြီး အများစုက အမျိုးသမီးတွေဖြစ်နေတဲ့ အဖွဲ့ကို တခြားသူတွေက ဘယ်လိုမြင်မလဲ..."
သူမ၏ အသံမှာ ကျယ်လောင်မနေသော်လည်း လူတိုင်း၏ ကျောရိုးထဲအထိ စိမ့်ခနဲ အေးစက်သွားစေသည်။
သူမက အဖြေကို မစောင့်ဘဲ တိုက်ရိုက် ပြောလိုက်၏။
"ဒါဟာ အားနည်းချက်နဲ့ ခင်းကျင်းထားတဲ့ အခွင့်အရေးပဲ... အများကြီး စိစစ်စရာမလိုဘဲ တိုက်ခိုက်ပြီး လုယူလို့ရတဲ့ ရတနာသေတ္တာကြီးတစ်ခုလို မြင်ကြလိမ့်မယ်..."
"ဒါဟာ မလိုလားအပ်တဲ့ ရန်စမှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ငါတို့ဆီ ဖိတ်ခေါ်လိုက်တာပဲ..ငါတို့ရဲ့ ရှင်သန်ရေး ခက်ခဲမှုက အဆပေါင်းများစွာ မြင့်တက်သွားလိမ့်မယ်"
စုဇီယွင်၏ တွေးခေါ်မှုမှာ ရှင်းလင်းပြီး အေးစက်ကာ အလွန်ပင် လက်တွေ့ကျလှသည်။
ဒီ ပထမဆုံး ရှင်သန်ရေး သင်ခန်းစာသည် ပန်းခြံထဲက ပန်းကလေးများ ဖြစ်ကြသည့် သူတို့အတွက် ကမ္ဘာပျက်ကပ်၏ သွေးနံ့ကို ပထမဆုံးအကြိမ် နမ်းရှုလိုက်ရသကဲ့သို့ပင်။
"ဒါကြောင့်... ဒီ ယာဉ်မှူး နေရာကို ငါတို့ထဲက တစ်ဦးတည်းသော အမျိုးသားပဲ ယူရမယ်"
လူတိုင်း၏ အကြည့်များက ယဲ့ချန် ထံသို့ တပြိုင်နက်တည်း ရောက်ရှိသွားကြပြီး ရောထွေးနေသော စိတ်ခံစားမှုများဖြင့် ကြည့်လိုက်ကြ၏။
"ယဲ့ချန် ယာဉ်မှူး လုပ်ရင် အပြင်လူတွေအတွက် ဒါဟာ အမျိုးသားတစ်ယောက် ဦးဆောင်တဲ့ အဖွဲ့လို့ မြင်ရလိမ့်မယ်..ဒါဆိုရင် ကျား/မ ကွဲပြားမှုကြောင့် လာမယ့် မလိုလားအပ်တဲ့ ဒုက္ခတွေကို ရှောင်ရှားနိုင်လိမ့်မယ်"
"အတွင်းပိုင်းမှာတော့ ငါဟာ မင်းတို့ရဲ့ ဆရာမ... ဗျူဟာအကြံပေးနဲ့ စိတ်ပညာရှင် အဖြစ် အမြဲရှိနေမယ်..ဒါက ပြောင်းလဲမှာ မဟုတ်ဘူး..ငါ ယဲ့ချန်ကို အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးမယ်"
"ယဲ့ချန်က အပြင်ဘက် ကိစ္စတွေကို ကိုင်တွယ်မယ်... ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်မယ်... ဆွေးနွေးပွဲတွေကို လုပ်မယ်..ငါက အတွင်းပိုင်း ကိစ္စတွေကို ကိုင်တွယ်မယ်... ဗျူဟာနဲ့ ရိက္ခာတွေကို စီစဉ်မယ်..ဒါဟာ ငါတို့အတွက် အကောင်းဆုံး နည်းလမ်းပဲ"
စုဇီယွင် က ယဲ့ချန်ကို ကြည့်ကာ စကားတစ်ခွန်းချင်း ပြောလိုက်သည်။
"ကျောင်းသား ယဲ့ချန်... မင်း ဒီတာဝန်ကို ယူဖို့ လိုလိုလားလား ရှိရဲ့လား..."
ယဲ့ချန် ကြောင်အံ့သွားခဲ့သည်။
သူသည် တစ်နေ့တွင် ဒီလိုနေရာသို့ ရောက်ရှိလာလိမ့်မည်ဟု လုံးဝ မတွေးဖူးခဲ့ပေ။
စုဇီယွင်၏ တည်ငြိမ်ပြီး ယုံကြည်မှုပြည့်ဝသည့် အကြည့်နှင့် ဘေးပတ်ဝန်းကျင်မှ ထူးချွန်သည့် ကျောင်းသူ ၇ ယောက်၏ အားကိုးမှု... စိစစ်မှုနှင့် မျှော်လင့်ချက်များ ရောထွေးနေသည့် အကြည့်များကို ကြည့်လိုက်၏။
သူ့မှာ နောက်ပြန်ဆုတ်စရာ လမ်းမရှိတော့ကြောင်း သူ သိလိုက်သည်။
ဒီရူးသွပ်ဖွယ်ရာ ကမ္ဘာကြီးထဲတွင် အဖွဲ့ငယ်လေး၏ တစ်ဦးတည်းသော အမျိုးသားအဖြစ် သူသည် ယောက်ျားတစ်ယောက်လို တာဝန်ယူရပေတော့မည်။
ယဲ့ချန် သက်ပြင်းတစ်ချက်ကို ပြင်းပြင်းရှူလိုက်ပြီး ထိုင်ခုံမှ မတ်တပ်ထရပ်လိုက်သည်။
"ကျနော် တာဝန်ယူပါ့မယ်"
သူ၏ အသံမှာ ခိုင်မာပြီး အာဏာပါလှပေသည်။
"အချိန်စေ့ပါပြီ"
"ယာဉ်မှူး ရွေးချယ်မှု ပြီးစီးပါပြီ"
"ယာဉ်မှူး ယဲ့ချန်"
"ယာဉ်စွမ်းရည် နိုးထမှု စတင်နေပါပြီ..."