အခန်း (၄၆) - ယွဲ့မေ၏ စိုးရိမ်ထိတ်လန့်မှု
"ဟားဟား... သဲကန္တာရထဲ စဝင်ကာရှိသေး ဒိုချီဘုရင်အဆင့် ပညာရှင်တစ်ယောက်နဲ့ တိုးမယ်လို့ မထင်ထားခဲ့ဘူး။ မင်းက မြွေလူသားမျိုးနွယ်စုရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ရမယ် ဟုတ်တယ်မလား"
ဂူဟေက ပြုံးရွှင်စွာဖြင့် ကျောပြင်မှ တိုက်ပွဲဝင်အတောင်ပံများကို ခတ်ထုတ်ကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူသည် အဝေးမှ ဆွဲဆောင်မှုရှိသော မြွေအမျိုးသမီးတစ်ဦးကို ကြည့်ကာ ပြုံးနေခြင်းပင်။ ထိုမြွေအမျိုးသမီးသည် ကောက်ကြောင်းအလှများဖြင့် ညှို့ယူဖမ်းစားနိုင်စွမ်းရှိပြီး သူမ၏ စိန်ပွင့်ပုံစံ လှပသောမျက်ဝန်းများကလည်း မြင်သူတကာကို မိန်းမောသွားစေနိုင်သည့် အလှတရားများဖြင့် တောက်ပနေသည်။
"ရှင်တို့က ဘယ်သူတွေလဲ... ဘာကိစ္စရှိလို့ ငါတို့မျိုးနွယ်စုရဲ့ အသည်းနှလုံးနယ်မြေထဲကို သန်းခေါင်ယံအချိန်ကြီး ကျူးကျော်လာရတာလဲ။ ဒီနေရာက လူသားတွေ ခြေမချရတဲ့ နယ်မြေဆိုတာ မသိဘူးလား"
ယွဲ့မေ၏ ဆွဲဆောင်မှုရှိသော အပြုံးများ ပျောက်ကွယ်သွားပြီး ခက်ထန်အေးစက်သော မျက်နှာထားဖြင့် အစားထိုးဝင်ရောက်လာသည်။ ရုတ်တရက် ရောက်ရှိလာသော ဤကြောက်မက်ဖွယ်အဖွဲ့နှင့် စကားဖောင်ဖွဲ့နေရန် သူမတွင် အစီအစဉ်မရှိသည်မှာ ရှင်းလှသည်။
"ငါတို့က မဒူဆာဘုရင်မကို တွေ့ချင်ရုံပါ" ဟု ဂူဟေက တဲ့တိုးပင် ပြောလိုက်သည်။
"ဘုရင်မကို တွေ့ချင်တယ် ဟုတ်လား"
ယွဲ့မေ၏ လှပသောမျက်ဝန်းများက အန္တရာယ်ရှိသော အရိပ်အယောင်ဖြင့် ကျဉ်းမြောင်းသွားကာ လှောင်ပြုံးပြုံးလိုက်ပြီး "ငါတို့ မြွေလူသားမျိုးနွယ်စုက လူသားတွေနဲ့ ရန်ဘက်ဖြစ်နေတာ နှစ်ပေါင်းမနည်းတော့ဘူး။ ဘာစကားပြောစရာ ရှိလို့လဲ" ဟု ဆိုလိုက်သည်။
"ရှင်တို့ အသိတရားရှိရင် အခုချက်ချင်း ပြန်လှည့်သွားလိုက်တာ ပိုကောင်းမယ်။ မဟုတ်လို့ ငါတို့မျိုးနွယ်စုရဲ့ ခေါင်းဆောင်ရှစ်ယောက်သာ စုမိသွားရင် ကျားမာအင်ပါယာရဲ့ အင်အားကြီးပညာရှင်စာရင်းက တော်တော်လေး လျော့သွားလိမ့်မယ်" ဟု ယွဲ့မေက ခြိမ်းခြောက်လိုက်သည်။
"စကားပြောလို့ ရမယ့်ပုံမပေါ်တော့ဘူးပဲ" ဂူဟေက သူမ၏ခြိမ်းခြောက်မှုကို ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ သူပြောပြီးသည်နှင့် ဘေးရှိ ဒိုချီဘုရင်နှစ်ဦးက ယွဲ့မေကို ဝိုင်းရံပိတ်ဆို့ရန် ပြင်လိုက်ကြသည်။ အခြေအနေမဟန်သည်ကို ရိပ်မိသွားသော ယွဲ့မေသည် ဆုတ်ခွာရန်သာ ရွေးချယ်လိုက်တော့သည်။
...
အိုအေစစ်ရှိရာသို့ ပြန်လှည့်ကြည့်လျှင် မေမြွေမျိုးနွယ်စုဝင်များသည် ခရမ်းရောင်အတောင်ပံခြင်္သေ့ဘုရင်၏ ဖိအားအောက်တွင် အိုအေစစ်အနားသို့ မချဉ်းကပ်ရဲဘဲ သတင်းပို့ရန်သာ ကြိုးစားနေကြသည်။ အဆင့် (၆) ရှိသော မှော်သားရဲတစ်ကောင်ကို သူတို့၏ အသန်မာဆုံးခေါင်းဆောင် ယွဲ့မေပင် တားဆီးနိုင်မည်မဟုတ်ပေ။ ထို့ပြင် ယွဲ့မေမှာလည်း ထွက်ခွာသွားပြီ ဖြစ်သည်။ ကျန်ရှိနေသော မြွေလူသားများသည် ခြင်္သေ့ဘုရင်နှင့် ဂူဖေးတို့အဖွဲ့ကို ရန်လိုသောမျက်လုံးများဖြင့်သာ စောင့်ကြည့်နေရုံမှအပ ဘာမျှမတတ်နိုင်ကြပေ။ ပုံမှန်ဆိုလျှင် လူသားများကို မြင်သည်နှင့် သတ်ဖြတ်တတ်သော ဤမြွေလူသားများသည် ယခုမူ တိုက်ခိုက်ရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။
ဆေးနတ်သမီးနှင့် ချင်းလင်းတို့ ရေချိုးသန့်စင်ပြီး အဝတ်အစားသစ်များ လဲလှယ်ပြီးနောက် ဂူဖေးက ဆက်လက်ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ဆေးနတ်သမီးမှာ နူးညံ့သိမ်မွေ့သော အလှဖြင့် တင့်တယ်နေပြီး စိမ်းမြမြမျက်ဝန်းပိုင်ရှင် ချင်းလင်းမှာမူ ချစ်စဖွယ်ကောင်းလောက်အောင် ထူးခြားနေသည်။ သဲကန္တာရနှင့် လိုက်ဖက်သော အဝတ်အစားများကြောင့် သူတို့နှစ်ဦး၏ အလှတရားက ပို၍ပင် ထင်ရှားနေတော့သည်။
သဲကန္တာရ၏ အပူရှိန်က ပြင်းထန်လှသည်။ ဒိုချီစွမ်းအင်ဖြင့် အကာအကွယ်ယူထားသော်လည်း ဆေးနတ်သမီးမှာ အနှောင့်အယှက်ဖြစ်သည်ဟု ခံစားရသဖြင့် ချင်းလင်းကဲ့သို့ပင် သူမ၏ ခရမ်းရောင်ဆံနွယ်ရှည်များကို ကျစ်ဆံမြီးကျစ်ကာ ပခုံးပေါ်သို့ ချထားလိုက်သည်။ ထိုသို့ လှပကျော့ရှင်းနေသော သူမ၏ပုံရိပ်ကို မြင်လိုက်ရချိန်တွင် ဂူဖေးပင် ခေတ္တမျှ ငေးမောသွားမိသည်။ ဆေးနတ်သမီးသည် သူမ၏ ဖြူဖွေးသော လက်မောင်းများကို ပေါ်လွင်စေသည့် ဝတ်စုံကြောင့် အနည်းငယ် ရှက်သွေးဖြန်းသွားသည်။ ဂူဖေး၏ အကြည့်ကို သတိထားမိသွားသောအခါ သူမ၏ နားရွက်လေးများအထိ နီမြန်းသွားကာ မျက်နှာကို အသာလွှဲလိုက်တော့သည်။
ဆေးနတ်သမီး ရှက်သွားသည်။ စိတ်ခံစားမှုတန်ဖိုး +၁၀၀
သူတို့သုံးဦးသည် ခရမ်းရောင်အတောင်ပံခြင်္သေ့ဘုရင်၏ ကျောပေါ်သို့ တက်လိုက်ကြပြီး သဲကန္တာရအတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်လာခဲ့သည်။ ညမှောင်လာသည်နှင့်အမျှ ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းဆီတွင် ကြီးမားလှသော ခံတပ်မြို့ကြီးတစ်မြို့ ပေါ်လာသည်။ ခံတပ်တစ်ခုလုံး မီးရောင်များဖြင့် ထိန်ထိန်လင်းနေသော်လည်း ထိုမီးရောင်များကြားတွင် မငြိမ်မသက်ဖြစ်နေသည့် အရိပ်အယောင်များ ခိုအောင်းနေသည်။
ပေပေါင်းများစွာ မြင့်မားသော တံတိုင်းများပေါ်တွင် မြားမျှော်စင်များ အစီအရီရှိနေပြီး ခရမ်းရောင်အဆိပ်များ လူးထားသော မြားဦးများက လရောင်အောက်တွင် အေးစက်စွာ တောက်ပနေသည်။ ထိုမြားများက လာသမျှရန်သူကို အပေါက်ပေါင်းများစွာ ဖြစ်သွားစေရန် အသင့်ချိန်ရွယ်ထားသကဲ့သို့ပင်။ သို့သော် ထူးဆန်းသည်မှာ ထိုတင်းကျပ်လှသော ခံစစ်တံတိုင်းကြီးမှာ အားပါသော တိုက်ခိုက်မှုတစ်ခုကြောင့် လမ်းကြောင်းတစ်ခုအဖြစ် ပွင့်ထွက်နေခြင်းပင်။ ပို၍ထူးဆန်းသည်မှာ ထိုလမ်းကြောင်းအနားရှိ မြားမျှော်စင်များမှာ အမည်မသိ အင်အားကြီးစွမ်းအင်တစ်ခုကြောင့် အစအနမကျန်အောင် ဖျက်ဆီးခံထားရခြင်းဖြစ်သည်။
ဂူဖေးသည် ထိုပျက်စီးနေသော ခံတပ်ကို အဝေးမှလှမ်းမြင်ကာ စဉ်းစားခန်းဝင်သွားသည်။
"ဂူဟေတို့အဖွဲ့က ငါတို့ရှေ့က ကြိုရောက်နေပြီး မေမြွေမျိုးနွယ်စုရဲ့ ခံတပ်ကို အတင်းထိုးဖောက်သွားတာများလား"
မူလဇာတ်လမ်းအရဆိုလျှင် ဂူဟေတို့အဖွဲ့သည် ဤအချိန်တွင် မထွက်ခွာသေးသင့်ပေ။ သို့သော် ဤပျက်စီးမှု အမှတ်အသားများအရ ဂူဟေတို့အဖွဲ့မှအပ အခြားမည်သူမျှ မဖြစ်နိုင်ပေ။ ဤသို့သော အင်အားမျိုးရှိသူသည် မြွေလူသားမျိုးနွယ်စု၏ တည်နေရာကို တိတိကျကျ သိရှိပြီး ကျူးကျော်လာရန်မှာ ဂူဟေသာ ဖြစ်နိုင်သည်။ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သူသည် ဇာတ်လမ်းထက် စော၍ လှုပ်ရှားလာခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ဂူဖေးက ဤအကြောင်းကို များများစားစား မတွေးတော့ပေ။ သူ ဤကမ္ဘာသို့ ရောက်ရှိလာခြင်းကပင် လိပ်ပြာတောင်ပံခတ်ခြင်းကဲ့သို့သော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေကာ ဇာတ်လမ်းလမ်းကြောင်း အနည်းငယ်လွဲချော်သွားခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
ဂူဖေးက ခံတပ်ကိုကြည့်ကာ အလွန်အမင်း သတိထားနေစရာ မလိုတော့ဟု ဆုံးဖြတ်လိုက်သည်။
"ခြင်္သေ့ဘုရင်... တန်းပြီး ဖြတ်ကျော်လိုက်တော့၊ ဘယ်မှာမှ မရပ်နဲ့"
ခရမ်းရောင်အတောင်ပံခြင်္သေ့ဘုရင်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အရှိန်အကုန်တင်ကာ မေမြွေမျိုးနွယ်စုဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။ မျိုးနွယ်စုအတွင်းရှိ ကင်းစောင့်များသည် အစပိုင်းတွင် ဘာမျှ သတိမထားမိသော်လည်း ကြီးမားလှသော သားရဲကြီး တစ်ဟုန်ထိုး ချဉ်းကပ်လာသည်ကို မြင်သောအခါမှ ပျာပျာသလဲ ဖြစ်ကုန်ကြသည်။
"တားကြစမ်း!" တစ်စုံတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချက်ချင်းပင် တံတိုင်းပေါ်မှ အဆိပ်လူးမြားများနှင့် လှံများ မိုးရွာသကဲ့သို့ ပျံသန်းလာသည်။ ခြင်္သေ့ဘုရင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ ဒီမြွေလူသားတွေက သူ့ကို အထင်သေးနေတာလား။ ဒီလို အဆိပ်အတောက်လေးတွေနဲ့ သူ့ကို တားနိုင်မယ် ထင်နေတာလား။ အတောင်ပံကို တစ်ချက်ခတ်လိုက်ရုံဖြင့် ပြင်းထန်သော လေပြင်းများ ထွက်ပေါ်လာပြီး အဆိပ်လှံများကို မြေပြင်ပေါ်သို့ အလွယ်တကူ လွင့်စင်သွားစေသည်။ ခြင်္သေ့ဘုရင်သည် ထိုတိုက်ခိုက်မှုများကို လျစ်လျူရှုကာ ဆက်လက်ပျံသန်းသွားသည်။
ဂူဖေးသည် ရက်စက်တတ်သူမဟုတ်သဖြင့် အတင်းအဓမ္မ ဝင်ရောက်ခဲ့သော်လည်း မည်သူ့ကိုမျှ သတ်ဖြတ်ခြင်းမပြုခဲ့ပေ။ ခံတပ်ကို ဖြတ်ကျော်ပြီးနောက် ခရီးကို ဆက်ခဲ့သည်။ လမ်းခရီးတွင် တားဆီးရန် ကြိုးစားသော မြွေလူသားအချို့နှင့် ထပ်မံတွေ့ဆုံခဲ့သော်လည်း အမြင့်ပျံနေသော ခြင်္သေ့ဘုရင်ကို မည်သူမျှ အန္တရာယ်မပေးနိုင်ခဲ့ကြပေ။
...
တစ်ရက်အကြာတွင် မဒူဆာ၏ မြင့်မြတ်သောမြို့တော်၌ ဖြစ်သည်။
ကျယ်ဝန်းပြီး ခမ်းနားထည်ဝါလှသော ခန်းမကြီးအတွင်း၌ ယွဲ့မေသည် ကုလားထိုင်ပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ မှီထိုင်နေသည်။ သူမ၏ ပျင်းရိဖွယ်အကြည့်များက ခရမ်းရောင်သလင်းကျောက် ပလ္လင်အလွတ်ကြီးဆီသို့ ခဏခဏ ရောက်သွားတတ်ပြီး ခေါင်းကိုသာ သက်ပြင်းချရင်း ခါယမ်းနေမိသည်။ သူမ၏ ချောမောလှပသော နဖူးပြင်ကို လက်ဖြင့်အသာပွတ်သပ်နေစဉ် ခန်းမအတွင်းသို့ လျှပ်စီးကဲ့သို့ ဝင်ရောက်လာသော အရိပ်တစ်ခုကို မြင်လိုက်ရသောအခါမှ သူမ၏မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားတော့သည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့..." ထိုလူကို မြင်လိုက်ရမှ ယွဲ့မေ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။
"ယွဲ့မေ... ဘာတွေဖြစ်နေတာလဲ"
"ဘာလို့ အရေးပေါ်အမိန့်စာ သုံးစောင်တောင် ထုတ်လိုက်ရတာလဲ။ အဲဒီလူသားတွေက တကယ်ပဲ အဲဒီလောက် အားကောင်းလို့လား"
ခန်းမထဲသို့ ဝင်လာသူမှာ ခက်ထန်သောအရှိန်အဝါများ ထွက်ပေါ်နေသည့် မြွေလူသားအမျိုးသားတစ်ဦးပင် ဖြစ်သည်။ ယွဲ့မေက သူမနှင့် ရာထူးတူသော ထိုအမျိုးသားကို ကြည့်ကာ ပျင်းရိပျော့ပျောင်းစွာပင် ပြန်ဖြေလိုက်သည်။
"အားကောင်းတယ်... အရမ်းအားကောင်းတာ။ မနေ့ညက သူတို့နဲ့ တိုးလို့ ငါတောင် ထွက်ပြေးခဲ့ရတယ်။ ပြီးတော့ အဲဒီအဖွဲ့ တစ်ဖွဲ့တည်းလည်း မဟုတ်ဘူး"
"အို... သူတို့ရဲ့ အင်အားအစစ်အမှန်ကို မင်းသိလား"
ထိုစကားကြောင့် မြွေလူသားအမျိုးသား၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး စားပွဲရှေ့တွင် ထိုင်ကာ အေးစက်သောလေသံဖြင့် မေးလိုက်သည်။
"ဒိုချီဧကရာဇ်တစ်ယောက်၊ ဒိုချီဘုရင် သုံးယောက်နဲ့ ဒိုချီဝိညာဉ် လေးယောက်" ယွဲ့မေက သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာများကို စေ့ကာ ဖြေလိုက်သည်။ သူမ၏ ပျင်းရိသော အမူအရာများ ပျောက်ကွယ်သွားပြီး လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်မှာ -
"ဒါပေမဲ့ အရေးကြီးဆုံးက နောက်ထပ်လာနေတဲ့ အဖွဲ့ပဲ!"