အခန်း (၄၄) - ထူးခြားသောကိုယ်ထည်ကို နိုးထစေခြင်း၊ဆေးနတ်သမီးလေး၏ အံ့အားသင့်မှု
တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ဆေးနတ်သမီးလေးနှင့် ချင်းလင်တို့သည် အခန်းတစ်ခန်းတည်း၌ အတူတူနေကြသည်။ ချင်းလင်သည် လှပသောရုပ်ရည်ရှိသော်လည်း ငယ်ရွယ်သူဖြစ်သည့်အတွက် အရာရာကို နုံအရှာသေးသည်။ ဆေးနတ်သမီးလေးသည်လည်း ဂူဖေး၏ဘေးတွင် အခြားအမျိုးသမီးများရှိနေခြင်းအပေါ် ဝန်တိုမိခြင်းမရှိပေ။ ထို့အပြင် ဂူဖေးက သူမအား တပည့်အဖြစ်သာ လက်ခံခဲ့ခြင်းဖြစ်ပြီး ချင်းလင်၏ ဘဝနောက်ခံမှာလည်း သနားစရာကောင်းလှသည်။
"ချင်းလင်... ဒါတွေထဲက ကြိုက်တာရှိရင် ရွေးလိုက်ဦး၊ ပြီးရင် ရေချိုးပြီး အသစ်လဲလိုက်နော်" ဟု ဆေးနတ်သမီးလေးက သူမဝယ်လာပေးသော ချင်းလင်နှင့် တော်မည့် အဝတ်အစားသစ်လေးများကို ခင်းကျင်းရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ရှောင်ယီရှန်မမ!" ချင်းလင်၏ မျက်ဝန်းအစုံမှာ နီမြန်းလာပြီး တိုးညှင်းစွာ ကျေးဇူးတင်စကားဆိုရှာသည်။ သူတို့နှင့် ဆုံတွေ့ရခြင်းမှာ သူမအတွက်တော့ ကံကောင်းခြင်း လက်ဆောင်တစ်ခုပင် ဖြစ်တော့သည်။
...
နောက်တစ်နေ့ နံနက်တွင် ဂူဖေး၊ ဆေးနတ်သမီးလေးနှင့် ချင်းလင်တို့ သုံးဦးစလုံး စောစောထကာ ဝူတန်မြို့၏ ကျောက်ဆောင်သဲကန္တာရမြို့တော်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ အစပိုင်းတွင် ချင်းလင်မှာ အနည်းငယ် စိုးရွံ့နေမိသည်။ ဂူဖေးနှင့် ဆေးနတ်သမီးလေးတို့၏ အရှိန်အဝါမှာ သူမယခင်က မြင်တွေ့ခဲ့ရသော ကြေးစားအဖွဲ့သားများနှင့် လုံးဝကွဲပြားခြားနားနေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ဂူဖေးမှာ ကြည့်လိုက်လျှင် ချောမောသောရုပ်ရည်မှလွဲ၍ ရိုးရိုးရှင်းရှင်းသာရှိပြီး သူ၏ ဒိုချီ စွမ်းအင်မှာလည်း အထူးတလည် ပြင်းထန်ခြင်းမရှိလှပေ။ သို့သော်လည်း ချင်းလင်သည် သူ့အပေါ် အလိုလို ကြောက်ရွံ့ရိုသေမှုမျိုး ခံစားနေရပြီး သူသည် သူမတွေ့ဖူးသမျှထဲတွင် အင်အားအကြီးဆုံးသူဖြစ်မည်ဟု ယုံကြည်နေမိသည်။
ဆေးနတ်သမီးလေးက လမ်းတစ်လျှောက်တွင် သူမအား စကားစမြည်ပြောဆိုကာ စိတ်အေးအေးထားရန်နှင့် သူစိမ်းဟု မမှတ်ယူရန် အားပေးရှာသည်။ ဂူဖေးနှင့် ဆေးနတ်သမီးလေး နှစ်ယောက်စလုံးက သူမကို ကလေးတစ်ယောက်လို ဂရုစိုက်ကြသဖြင့် သူမ စိတ်အနည်းငယ် ပေါ့ပါးသွားသည်။ တဖြည်းဖြည်းနှင့် အမြဲငုံ့ထားတတ်သော ခေါင်းကို ပြန်မော့လာနိုင်ပြီး သူမ၏ မျက်နှာတွင်လည်း တောက်ပသော အပြုံးလေးများ စတင်ပေါ်ပေါက်လာသည်။ သူမသည် ယခုမှပင် ပူပင်သောကကင်းစင်သော ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် တူလာတော့သည်။
သို့သော်လည်း တစ်ခါတစ်ရံ မျက်လုံးချင်းဆုံမိသည့်အခါ ချင်းလင်၏ မျက်ဝန်းထဲတွင် မိမိကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားတတ်ပြီး မျက်လွှာကို ချက်ချင်း ပြန်ချသွားလေ့ရှိသည်။ သူမ၏ မြွေမျက်လုံးကဲ့သို့ အေးစက်စက် အစိမ်းရောင်မျက်ဝန်းများကို သူတို့အား မမြင်စေချင်ပေ။
အကဲခတ်ကောင်းသော ဆေးနတ်သမီးလေးသည် ယင်းကို သတိပြုမိသွားပြီး ဂူဖေးအား တိုးတိုးလေး ပြောပြလိုက်သည်။ "ချင်းလင်က သူ့ကိုယ်သူ သိမ်ငယ်နေရှာတာ၊ အရင်က ခွဲခြားဆက်ဆံတာတွေကို ခါးခါးသီးသီး ခံခဲ့ရပုံပဲ" ဟု သူမက ဝမ်းနည်းစွာ ဆိုသည်။
ဂူဖေးက ချက်ချင်းပင် "ငါ နည်းလမ်းတစ်ခု စဉ်းစားလိုက်ပါ့မယ်" ဟု နှစ်သိမ့်လိုက်သည်။ ဆေးနတ်သမီးလေးသည် ဂူဖေးကို အကြွင်းမဲ့ ယုံကြည်သူဖြစ်ရာ သူဖြေရှင်းပေးမည်ဟု ပြောလျှင် စောင့်ကြည့်ရန်သာ လိုတော့ကြောင်း သူမသိလိုက်သည်။
ချင်းလင်ကို ခေါ်လာပြီး ရက်အနည်းငယ်အကြာတွင် ဂူဖေးသည် သူမ၏ ပုန်းကွယ်နေသော စွမ်းရည်များကို နိုးထပေးရန် ဆုံးဖြတ်လိုက်သည်။ သူမ ယခင်က အနိုင်ကျင့်ခံခဲ့ရခြင်းမှာ သူမ၏ စစ်မှန်သော စွမ်းအားကို သူမကိုယ်တိုင် မသိရှိခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ ချင်းလင်သာ သူမ၏ ပါရမီကို အပြည့်အဝ အသုံးချနိုင်မည်ဆိုလျှင် မည်သူက သူမကို အထင်သေးရဲတော့မည်နည်း။ သူတစ်ပါးတို့ ရွံရှာကြသော ထိုမြွေမျက်လုံးများထဲတွင် မည်မျှကြီးမားသော စွမ်းအားရှိကြောင်း သိသွားသည့်အခါ သူမကိုယ်တိုင်လည်း ဝမ်းမြောက်သွားပေလိမ့်မည်။ မိမိကိုယ်ကိုယ်နှင့် မိမိတန်ဖိုးထားရသူများကို ကာကွယ်နိုင်မည့် စွမ်းအားကို သူမ ပိုင်ဆိုင်သွားမည် မဟုတ်ပါလား။
ချင်းလင်သည် မြွေမျိုးနွယ် သတ္တဝါများကို ထိန်းချုပ်နိုင်ပြီး ၎င်းတို့၏ စွမ်းအင်ကို စုပ်ယူအသုံးချနိုင်သည့် အစွမ်းထက်လှသော “သုံးထပ် ကျောက်စိမ်းမြွေပန်းမျက်လုံး” ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမ၏ အလားအလာမှာ အံ့မခန်းပင်။ ဤရှားပါးလှသော စွမ်းရည်မှာ လူသန်းပေါင်းများစွာထဲမှ တစ်ယောက်သာ ပိုင်ဆိုင်နိုင်သည့်အရာ ဖြစ်သည်။ အကယ်၍ ချင်းလင်သာ စနစ်တကျ အသုံးချနိုင်ပါက သူမ၏ အနာဂတ်သည် အလွန်တောက်ပလာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
အစပိုင်းတွင် ဂူဖေးသည် မြေအောက် ချော်ရည်ပြင်ဆီသို့ သွားရန် အစီအစဉ်မရှိခဲ့ပေ။ အကြောင်းမှာ ထိုနေရာရှိ ထူးခြားသော မီးလျှံကို မဒူဆာဘုရင်မက ယူဆောင်သွားပြီဖြစ်ရာ 'ကြာပန်းစိမ်းပလ္လင်' နှင့် 'မီးလျှံကြာစေ့' များသာ ကျန်ရှိတော့မည်ဖြစ်ပြီး ၎င်းတို့မှာ သူ့အတွက် အသုံးမဝင်လှဟု ယူဆသောကြောင့် ဖြစ်သည်။ သို့သော် ယခုမူ သူ စိတ်ပြောင်းသွားပြီ။ ချင်းလင်၏ ပါရမီကို နိုးထစေရန်နှင့် 'ခေါင်းနှစ်လုံး မီးလျှံဝိညာဉ်မြွေ' ကို ထိန်းချုပ်နိုင်ရန်အတွက် သူမကို ထိုနေရာသို့ ခေါ်သွားရမည်။ တစ်ဆက်တည်းမှာပင် ကြာပန်းစိမ်းပလ္လင်နှင့် မီးလျှံကြာစေ့များကိုပါ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ ထိုအရာများသည် သူ့အတွက် အသုံးမဝင်သော်လည်း ဆေးနတ်သမီးလေးနှင့် ချင်းလင်တို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရာတွင် များစွာ အထောက်အကူပြုပေလိမ့်မည်။
ထိုညတွင် ဂူဖေးက ဆေးနတ်သမီးလေးနှင့် ချင်းလင်တို့ကို အစီအစဉ်ကို ပြောပြလိုက်သည်။
[ချင်းလင် စိတ်လှုပ်ရှားသွားသည်၊ စိတ်ခံစားမှုတန်ဖိုး +၇၀]
ခရီးထွက်ရမည်ဟု ကြားလိုက်ရသဖြင့် ချင်းလင်၏ စိတ်လှုပ်ရှားမှုမှာ အထင်အရှားပင်။ သူမသည် အခန်းထဲသို့ ချက်ချင်းပြန်သွားသော်လည်း ဆေးနတ်သမီးလေးနှင့် စကားကောင်းနေသဖြင့် အိပ်မပျော်နိုင်ဖြစ်နေရှာသည်။ သူမသည် ကလေးမလေးတစ်ယောက်သာ ရှိသေးသည် မဟုတ်ပါလား၊ ဤခရီးမှာ သူမအတွက် ပထမဆုံးသော အပျော်ခရီးပင် ဖြစ်ပေလိမ့်မည်။
နောက်တစ်နေ့ နံနက်တွင် ဂူဖေးသည် ဆေးနတ်သမီးလေးနှင့် ချင်းလင်တို့ကို ခေါ်ထုတ်လာခဲ့သည်။ မူရင်းဇာတ်လမ်းအရ သူသည် ချော်ရည်ပြင်၏ တည်နေရာကို ခန့်မှန်းမိပြီးသား ဖြစ်သည်။ အနားသို့ ချဉ်းကပ်လာသည်နှင့်အမျှ သူ၏ အားကောင်းသော ဝိညာဉ်အာရုံခံစားမှုဖြင့် ထိုနေရာရှိ ထူးခြားသော စွမ်းအင်ကို အာရုံရလာသည်။
"ဒီနေရာပဲ..."
[ချင်းလင် တွေဝေသွားသည်၊ စိတ်ခံစားမှုတန်ဖိုး +၇၀]
သဲကန္တာရထဲသို့ ရောက်သောအခါ ချင်းလင်မှာ တွေဝေသွားဟန်ရှိသည်။ သူမသည် တိုးတိုးလေး တစ်ခုခုကို ရေရွတ်နေသော်လည်း ဂူဖေးက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူက ဘာမှပြန်မပြောသော်လည်း ဆေးနတ်သမီးလေးကမူ သူမကို စူးစမ်းစွာ ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ ချင်းလင်?"
ဆေးနတ်သမီးလေး၏ ဂရုဏာပါသော အကြည့်ကို မြင်သောအခါ ချင်းလင်သည် အတန်ကြာ တွေဝေနေပြီးမှ ပြောရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ဂူဖေးဘက်သို့ လှည့်လိုက်သည်။ သူသည် အင်အားအကြီးဆုံးဖြစ်သဖြင့် သူမ၏ စိုးရိမ်မှုကို နားလည်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
"အစ်ကိုကြီး ဂူဖေး... လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ဒီနေရာမှာ ထူးဆန်းတဲ့အရာတစ်ခုကို ညီမ အာရုံခံမိခဲ့ဖူးတယ်၊ အရမ်းအားကောင်းတဲ့ အရှိန်အဝါတစ်ခု ဒီနေရာကို ဖြတ်သွားခဲ့တာ၊ အဲဒီအရှိန်အဝါက... ညီမရဲ့ သွေးမျိုးဆက်နဲ့ တစ်မျိုးကြီး ဆင်တူနေသလိုပဲ"
သူမ၏ သွေးမျိုးဆက်အကြောင်း ပြောသည့်အခါ ချင်းလင်၏ အသံမှာ တုန်ယင်သွားပြီး စကားကို အမြန်ပင် ဖြတ်ပြောလိုက်သည်။ "ပြီးတော့ အဲဒီအရှိန်အဝါရဲ့ ရှေ့မှာဆိုရင် သဲကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင်တောင်မှ အများကြီး အားနည်းသွားလိမ့်မယ်" ဟု သူမက ဆက်ပြောသည်။
ဆေးနတ်သမီးလေးသည် စူးစမ်းစိတ်ဖြင့် ချင်းလင်ကို စိုက်ကြည့်နေမိရာ ချင်းလင်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရှာသည်။ ချင်းလင်သည် မိုင်ပေါင်းများစွာ အကွာအဝေးမှ အားကောင်းသော ဖြစ်တည်မှုကို အာရုံခံနိုင်လိမ့်မည်ဟု သူမ မထင်ထားမိပေ။ ဂူဖေးက ချင်းလင်ကို ပါရမီထူးသူဟု ပြောခဲ့ပြီး တပည့်အဖြစ် လက်ခံချင်သည်ဟု ဆိုခဲ့ခြင်းကို ဆေးနတ်သမီးလေး ယခုမှပင် နားလည်သွားတော့သည်။
"ချင်းလင်... မင်းပြောတာ မှန်တယ်၊ အစွမ်းထက်တဲ့ ဖြစ်တည်မှုတစ်ခု ဒီနေရာကို တကယ်ပဲ ဖြတ်သွားခဲ့တာ" ချင်းလင်၏ စကားကို နားထောင်ပြီးနောက် ဂူဖေးက အတည်ပြုပေးလိုက်သည်။ ထို့နောက် သူသည် ဒိုချီစွမ်းအင်ကို အသုံးပြုကာ ဝေဟင်သို့ ပျံတက်သွားသည်။ သူသည် ကောင်းကင်ထက်၌ ရပ်တန့်ကာ သဲကန္တာရ၏ နေရာတစ်ခုသို့ လက်ကို ဆန့်ထုတ်လိုက်သည်။ ခေတ္တမျှ လေထုကြီး ငြိမ်သက်သွားပြီးနောက် သဲပြင်ကြီးမှာ ဘေးသို့ လွင့်စင်သွားပြီး လျင်မြန်စွာ ပွင့်ထွက်သွားတော့သည်။ ခဏချင်းမှာပင် သဲပြင်အောက်၌ လိုဏ်ခေါင်းလမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။
[ချင်းလင် တုန်လှုပ်သွားသည်၊ စိတ်ခံစားမှုတန်ဖိုး +၇၀]
"အစ်ကိုကြီး ဂူဖေး... အဲဒါကို သိနေတာလား၊ တကယ်ကို အံ့သြဖို့ကောင်းတာပဲ!" ဝှက်ထားသော လမ်းကြောင်းကို ဂူဖေးက အလွယ်တကူ ရှာဖွေဖော်ထုတ်လိုက်ပုံကြောင့် ချင်းလင်မှာ အံ့အားသင့်ကာ အော်ဟစ်မိတော့သည်။ သူသည် အစွမ်းထက်ကြောင်း သူမသိထားသော်လည်း ယခုကဲ့သို့ လျင်မြန်လှသော လုပ်ဆောင်ချက်ကြောင့် သူမ မှင်တက်သွားရသည်။
ဂူဖေးက အေးဆေးစွာ ပြုံးလိုက်ရင်း မြေပြင်သို့ ပြန်ဆင်းလာသည်။ ထို့နောက် ဆေးနတ်သမီးလေးနှင့် ချင်းလင်တို့ကို ခေါ်ဆောင်ကာ လျှို့ဝှက်ဆန်းကြယ်သော ထိုလမ်းကြောင်းအတိုင်း အောက်ခြေအနက်ဆုံးနေရာသို့ ဦးဆောင်သွားတော့သည်။
ဤမြေအောက် နယ်မြေထဲတွင် မီးစွမ်းအင်မှာ အလွန်သိပ်သည်းလှပြီး အပူချိန်မှာလည်း အလွန်မြင့်မားလှသည်။ ပတ်ဝန်းကျင်ရှိ လေထုမှာ အပူရှိန်ကြောင့် ပုံပျက်နေသကဲ့သို့ ရှိနေပြီး ပြင်းထန်သော အပူလှိုင်းများက နေရာအနှံ့ ပျံ့နှံ့နေသည်။ သို့သော်လည်း ဂူဖေး၏ ဒိုချီကာကွယ်မှုအောက်တွင် ဆေးနတ်သမီးလေးနှင့် ချင်းလင်တို့မှာ ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။ ချင်းလင်သည် ယခုကဲ့သို့သော ဒိုချီအကာအကွယ်မျိုးကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းဖြစ်ရာ စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို အကြာကြီး ကြည့်နေမိသည်။
အတန်ကြာ လမ်းလျှောက်ပြီးနောက် လမ်းကြောင်း၏ အဆုံးသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် မြေအောက် ချော်ရည်အိုင်ကြီးတစ်ခု ရှိနေသည်။ ကြီးမားလှသော လိုဏ်ဂူကြီးအတွင်းတွင် နီရဲနေသော ချော်ရည်များမှာ ဖြည်းညှင်းစွာ စီးဆင်းနေသည်။ တစ်ခါတစ်ရံတွင် ချော်ရည်များကြားမှ ပူပေါင်းကြီးများ ထွက်ပေါ်လာပြီး ပေါက်ကွဲသွားသည့်အခါ နီရဲတောက်နေသော ချော်ရည်စက်များမှာ ကောင်းကင်ယံရှိ မီးရှူးမီးပန်းများကဲ့သို့ လေထဲသို့ လွင့်စင်သွားကြလေသည်။