အခန်း (၄၂) - မင်းနေလို့မကောင်းဘူးလား
ယခုတစ်ကြိမ်တွင်တော့ ဂူဖေးသည် ဆေးနတ်သမီးလေး စကားပင်မပြောရသေးခင်မှာပင် ခရမ်းရောင် အတောင်ပံခြင်္သေ့ဘုရင်ကို မြို့ထဲသို့ တိုက်ရိုက်ပျံသန်းဝင်ရောက်ခိုင်းခြင်း မပြုတော့ပေ။ ယခင်ကဲ့သို့ လူအများကို ထိတ်လန့်တုန်လှုပ်ခြင်း မဖြစ်စေရန်အတွက် မြို့ပြင် မိုင်အနည်းငယ်အကွာ၌သာ ရပ်နားစေပြီး ခြင်္သေ့ဘုရင်ကို အပြင်ဘက်တစ်နေရာတွင် စောင့်ဆိုင်းနေစေခဲ့သည်။ ထို့နောက် ဂူဖေးနှင့် ဆေးနတ်သမီးလေးတို့သည် တိတ်တဆိတ်ပင် မြို့ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
သဲကန္တာရမြို့တော်အတွင်း ရောက်ရှိသည်နှင့် ဂူဖေးသည် ဆေးနတ်သမီးလေးကို တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ သဲကန္တာရဖြစ်သည့်အတိုင်း လေထဲတွင် ဝါကျင့်ကျင့်သဲမှုန်များ လွင့်ပျံနေပြီး အသက်ရှူလိုက်တိုင်း သဲများမပါအောင် သတိထားနေရသည်။ မြို့အတော်များများတွင် လေထုသန့်စင်သည့် အစီရင်ခံစနစ်များ ရှိသော်လည်း မလုံလောက်သည်က များသည်။ ဂူဖေးနှင့် ဆေးနတ်သမီးလေးတို့သည် ကောင်းကင်အမြင့်မှ ပျံသန်းလာစဉ်က အကာအကွယ်အတားအဆီးကြောင့် သက်သာခဲ့သော်လည်း မြို့ပြင်မှ မြို့ထဲသို့ လမ်းလျှောက်ဝင်လာသည့် ခဏအတွင်းမှာပင် နှစ်ယောက်သား လေတိုက်၍ လွင့်ပါလာသော သဲများကြောင့် ပေတေကုန်ကြသည်။
ဆေးနတ်သမီးလေးသည် သူမ၏ ညစ်ပတ်သွားသော အဖြူရောင်ဝတ်စုံလေးကို ကြည့်ပြီး ငိုချင်သလို ဖြစ်နေရှာသည်။ သူမ၏ မျက်နှာလေးပေါ်တွင်လည်း သဲမှုန်အချို့ ကပ်တင်နေသည်။ ထိုပုံစံကို မြင်သောအခါ ဂူဖေးမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ သို့သော် နားပါးလှသော ဆေးနတ်သမီးလေးက ရိပ်မိသွားပြီး မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ -
"ရှင် အခု ကျွန်မကို ရယ်လိုက်တာလား"
ဆေးနတ်သမီးလေး သံသယဝင်သွားသည်။ စိတ်ခံစားမှုတန်ဖိုး +၁၀၀
ဂူဖေးသည် အမြန်ပင် လည်ချောင်းရှင်းလိုက်ပြီး တည်တည်တံ့တံ့ဖြင့် ခေါင်းခါပြလိုက်သည်။ ဆေးနတ်သမီးလေး စိတ်ဆိုးတော့မည့်ဆဲဆဲမှာပင် ဂူဖေးက အမြန်စကားဖြတ်ပြောလိုက်သည်။
"အရင်ဆုံး ရေချိုးလို့ရမယ့် နေရာရှာကြရအောင်၊ ပြီးရင် ကိုယ် မင်းကို အဝတ်အစားသွားဝယ်ပေးမယ်"
"ဟုတ်!"
ဆေးနတ်သမီးလေး၏ မျက်ဝန်းများ ဝင်းလက်သွားပြီး စိတ်ဆိုးနေသည်ကို မေ့သွားတော့သည်။
ဆေးနတ်သမီးလေး စိတ်လှုပ်ရှားသွားသည်။ စိတ်ခံစားမှုတန်ဖိုး +၁၀၀
"တကယ်လား ဂူဖေး၊ ရှင် ကျွန်မကို ညာလို့မရဘူးနော်။ ခုနက လမ်းမှာ ဆိုင်တွေထဲက လှလှပပဝတ်စုံတွေကို ကျွန်မ အများကြီး တွေ့ခဲ့တယ်"
ဂူဖေးက ရယ်မောရင်း သူမ၏ နူးညံ့သော ဦးခေါင်းလေးကို ပုတ်ပေးလိုက်ကာ -
"ကောင်းပါပြီ... ကောင်းပါပြီ၊ ခဏနေရင် ကိုယ့်ဆီက ပိုက်ဆံတွေအကုန်လုံး သုံးပြီးတော့သာ ဝတ်စုံတွေ ဝယ်ချင်သလောက်ဝယ်တော့"
ဆေးနတ်သမီးလေး စိတ်လှုပ်ရှားသွားသည်။ စိတ်ခံစားမှုတန်ဖိုး +၁၀၀
ပုံမှန်အားဖြင့် တည်ငြိမ်လှသော ဆေးနတ်သမီးလေးပင် ဖြစ်လင့်ကစား လှပသောအဝတ်အစားများ၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်သည့် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်သည်။ သူမသည် ချင်းရှန်းမြို့ငယ်လေးမှသည် သဲကန္တာရမြို့တော်အထိ ဂူဖေးနောက်သို့ တစ်ချက်မညည်းမညူ လိုက်ပါလာခဲ့သူဖြစ်ရာ ဂူဖေးအနေဖြင့်လည်း သူမကို ကောင်းကောင်းမွန်မွန် ထားချင်သည်မှာ သဘာဝပင်။ ဆေးနတ်သမီးလေးသည် ပျော်ရွှင်စွာ သဘောတူပြီး ရေချိုးရန် ပြေးထွက်သွားတော့သည်။ ဂူဖေးမှာ သဲများ မပေသော်လည်း ကိုယ်လက်မအီမသာ ဖြစ်နေသဖြင့် ရေချိုးသန့်စင်လိုက်သည်။
နှစ်ယောက်သား ပြင်ဆင်ပြီးသွားသောအခါ ဆေးနတ်သမီးလေးသည် ဂါဝန်ရှည်တစ်ထည် လဲလှယ်ဝတ်ဆင်ကာ လမ်းပေါ်သို့ အရင်ဆုံး ထွက်လာခဲ့သည်။ ဂူဖေးသည် သူမနောက်မှ လိုက်ပါလာရင်း တက်ကြွလန်းဆန်းနေသော မိန်းကလေးကို ကြည့်ကာ ပြုံးနေမိသည်။ သဲကန္တာရသို့ ရောက်ကတည်းက သူမ၏ ပင်ကိုယ်စရိုက်မှာ ပို၍ ရွှင်လန်းလာခဲ့သည်။ ယခုဆိုလျှင် သူမသည် လိုချင်သည်ကို ပွင့်ပွင့်လင်းလင်း တောင်းဆိုတတ်လာသလို နောက်ပြောင်တတ်လာသည်မှာ ဂူဖေးကို များစွာ စိတ်ချမ်းမြေ့စေသည်။ ၎င်းမှာ ဆေးနတ်သမီးလေးသည် သူ့အပေါ် အပြည့်အဝ ယုံကြည်သွားပြီဖြစ်ကြောင်း သက်သေပင်။
မဟုတ်သေး... သူမသည် ချင်းရှန်းမြို့မှ သူနှင့်အတူ လိုက်လာရန် မဆိုင်းမတွ သဘောတူခဲ့သည့် အချိန်ကတည်းက သူ့ဘေးနား၌သာ ရှိနေဖို့ ကံပါလာခဲ့ခြင်း ဖြစ်နိုင်သည်။ သူမ၏ စရိုက်အစစ်အမှန်မှာ ယခုကဲ့သို့ပင် ရွှင်ရွှင်လန်းလန်းနှင့် ဆော့ကစားတတ်သူ ဖြစ်ပေလိမ့်မည်။ ချင်းရှန်းမြို့မှ သိမ်မွေ့လွန်းသော ဆေးနတ်သမီးလေးဆိုသည်မှာ မိမိကိုယ်ကို ဖုံးကွယ်ထားသည့် ပြီးပြည့်စုံသော မျက်နှာဖုံးတစ်ခုမျှသာ ဖြစ်နိုင်သည်။
"ဂူဖေး... မြန်မြန်လာလေ!"
ဂူဖေးတစ်ယောက် အတွေးလွန်ပြီး ငြိမ်သက်နေသည်ကို မြင်သောအခါ ဆေးနတ်သမီးလေးက လှမ်းခေါ်လိုက်သည်။
"လာပြီ!" ဂူဖေးက လက်ဝှေ့ယမ်းပြရင်း သူမဆီသို့ လျှောက်သွားလိုက်သည်။
ဤနေရာရှိ အဝတ်အစားများမှာ ထူးခြားသော ဒေသန္တရဟန် ရှိကြသည်။ ဆေးနတ်သမီးလေး အစောပိုင်းက တွေ့ခဲ့ရသည့် ဝတ်စုံများလောက် အသားကပ်ပြီး ဟော့ဟော့ရမ်းရမ်း မဟုတ်သော်လည်း ဇာနားလေးများစွာဖြင့် လှပနေဆဲပင်။ ဆေးနတ်သမီးလေးသည် ဝတ်စုံတစ်ထည်ကို ကိုင်ကာ ခဏမျှ ငြိမ်သက်သွားသည်။ သူမသည် ဂူဖေးကို ခိုးကြည့်လိုက်ရာ မျက်နှာလေးမှာ ရုတ်တရက် ထူးထူးခြားခြား နီရဲလာသည်။
ဆေးနတ်သမီးလေး ရှက်သွေးဖြာသွားသည်။ စိတ်ခံစားမှုတန်ဖိုး +၁၀၀
အနီးအနားတွင် ထိုင်ပြီး သူမ အဝတ်အစားရွေးသည်ကို စောင့်နေသော ဂူဖေးသည် စနစ်၏ အကြောင်းကြားချက်ကို ကြားလိုက်ရသဖြင့် ဝေခွဲမရစွာ လှမ်းကြည့်လိုက်သည်။ သူမသည် မိမိဘာသာ ပြုံးနေသော်လည်း မျက်နှာမှာ ရဲရဲနီနေသည်ကို တွေ့လိုက်ရ၏။
"မင်းမျက်နှာက ဘာလို့ ဒီလောက်နီနေတာလဲ၊ နေလို့မကောင်းလို့လား" ဂူဖေးက စိုးရိမ်တကြီးဖြင့် အနားသို့ လျှောက်သွားကာ မေးလိုက်သည်။
ဆေးနတ်သမီးလေး ထိတ်လန့်ကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ စိတ်ခံစားမှုတန်ဖိုး +၁၀၀
ဆေးနတ်သမီးလေးမှာ လန့်သွားပုံရပြီး ခပ်လှမ်းလှမ်းသို့ ခုန်ထွက်သွားသည်။ နားရွက်လေးများပါ နီရဲနေပြီး မျက်လုံးလေးများမှာလည်း ဟိုကြည့်ဒီကြည့်ဖြင့် -
"ဘာမှမဟုတ်ပါဘူး... ဘာမှမဟုတ်ဘူး"
ဂူဖေးက ခေါင်းခါရင်း သူမရွေးထားသည့် အဝတ်အစားများကို ယူကာ ငွေရှင်းပေးလိုက်သည်။ သူ ပြန်လှည့်ကြည့်လိုက်သောအခါ ဆေးနတ်သမီးလေး၏ မျက်ဝန်းများမှာ ကြယ်လေးများပမာ တောက်ပနေသည်ကို တွေ့ရပြန်သည်။
ဆေးနတ်သမီးလေး ပျော်ရွှင်သွားသည်။ စိတ်ခံစားမှုတန်ဖိုး +၁၀၀
"ဂူဖေး... ရှင်က အကောင်းဆုံးပဲ! ချင်းရှန်းမြို့တုန်းက ဘေးအိမ်က အစ်မကြီး ပြောဖူးတယ်၊ မိန်းကလေးတစ်ယောက်အတွက် ပိုက်ဆံသုံးပေးတဲ့ ယောင်္ကျားဟာ ယောင်ကျ်ားကောင်းပဲတဲ့!"
ဂူဖေးသည် သက်ပြင်းချရင်း နဖူးကို ပွတ်ကာ စကားအလွန်များသော မိန်းကလေးကို တည်းခိုခန်းသို့ ပြန်ခေါ်လာခဲ့တော့သည်။
နောက်တစ်နေ့တွင် ဂူဖေးသည် 'ချင်းလင်' ကို ရှာရန် ဆုံးဖြတ်လိုက်သည်။ သူမသည် အမြဲတမ်း ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရသူ ဖြစ်သည်။ သူမကို စောစောရှာတွေ့လေ၊ ထိုဘဝမှ စောစောဆွဲထုတ်ပေးနိုင်လေ ဖြစ်လိမ့်မည်။ ဂူဖေးသည် မိမိကိုယ်ကိုယ် လူကောင်းတစ်ယောက်ဟု မသတ်မှတ်သော်လည်း မူရင်းဇာတ်လမ်းထဲမှ ချင်းလင်၏ ဘဝမှာ စိတ်မချမ်းမြေ့စရာ ကောင်းလှသည်။ ထို့အပြင် သူမသည် သူ့အတွက် 'စိတ်ခံစားမှုတန်ဖိုး' များလည်း ပေးစွမ်းနိုင်သူ ဖြစ်ရာ သူမကို စောစောစီးစီး ရှာဖွေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ဆေးနတ်သမီးလေး... မနေ့က ဒီမြို့ထဲမှာ အရမ်းထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက်ကို ကိုယ်အာရုံရမိတယ်၊ ဒါကြောင့် တပည့်အဖြစ် မွေးစားဖို့ စဉ်းစားထားတယ်"
ဆေးနတ်သမီးလေး ဇဝေဇဝါ ဖြစ်သွားသည်။ စိတ်ခံစားမှုတန်ဖိုး +၁၀၀
ဆေးနတ်သမီးလေးမှာ နားမလည်နိုင်ဖြစ်ကာ 'ဂူဖေးသာ တပည့်မွေးလိုက်ရင် ငါတို့နဲ့အတူ နောက်တစ်ယောက် ထပ်တိုးလာတော့မှာပေါ့' ဟု တွေးနေမိသည်။
"ဆေးနတ်သမီးလေး... အဲ့ဒီလူကို ရှာတွေ့ရင် မင်းကိုပါ ခေါ်သွားမယ်။ အခုလောလောဆယ်တော့ အခန်းထဲမှာပဲ နေခဲ့နော်၊ ဘယ်မှမသွားနဲ့ဦး... ဟုတ်ပြီလား" ဟု ဂူဖေးက မှာကြားလိုက်သည်။
'ဂူဖေးက ငါ့ကို တကယ်ပဲ စိတ်ပူပေးနေတာပဲ!'
သူ့အသံထဲမှ စိုးရိမ်မှုကို ကြားလိုက်ရသောအခါ ဆေးနတ်သမီးလေး ကြောင်သွားသည်။
ဆေးနတ်သမီးလေး စိတ်လှုပ်ရှားသွားသည်။ စိတ်ခံစားမှုတန်ဖိုး +၁၀၀
မိမိ၏ သာမန်စကားလေးတစ်ခွန်းက သူမအပေါ် ဤမျှ သက်ရောက်မှုရှိလိမ့်မည်ဟု ဂူဖေး မထင်ထားမိပေ။ ဆေးနတ်သမီးလေးမှာလည်း သူမ၏ ရင်ခုန်သံများ မြန်လာသည်ကို မမျှော်လင့်ထားမိပေ။
"မတရားဘူး! ဂူဖေး ဘယ်သူ့ကို တပည့်မွေးမလဲဆိုတာ ကျွန်မလည်း မြင်ချင်တယ်!" ဟု သူမက ပြုံးရင်း ပြောလိုက်သည်။ ထိုအပြုံးသည် သန်းခေါင်ယံ၌ ပွင့်အာလာသော ရှားပါးပန်းကလေးတစ်ပွင့်ထက်ပင် သာလွန်လှပနေသည်။
၎င်းကို မြင်လိုက်ရသော ဂူဖေးမှာ ခဏမျှ ငေးခနဲ ဖြစ်သွားသည်။ သူသည် အမြန်ပင် လည်ချောင်းရှင်းကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
ဆေးနတ်သမီးလေး ပျော်ရွှင်သွားသည်။ စိတ်ခံစားမှုတန်ဖိုး +၁၀၀
ဂူဖေး၏ ရှားရှားပါးပါး ပျာယာခတ်သွားသော အမူအရာကို မြင်လိုက်ရသောအခါ ဆေးနတ်သမီးလေး၏ အပြုံးမှာ ပို၍ နက်ရှိုင်းလာခဲ့သည်။
"ကောင်းပြီလေ... ဒါဆိုရင် အတူတူသွားကြတာပေါ့!"
ထို့နောက် ဂူဖေးသည် ခေါင်းငြိမ့်ကာ ဆေးနတ်သမီးလေးကို ခေါ်ဆောင်၍ မြို့အထက်သို့ ပျံတက်လိုက်သည်။ သူသည် ခိုင်မာသော မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ပင် လေထုထဲ၌ လွယ်ကူချောမွေ့စွာ ကူးခတ်နေသည်။ ဂူဖေး၏ စွမ်းအားနှင့်ဆိုလျှင် မြို့ထဲမှ မည်သူမျှ သူ၏ တည်ရှိမှုနှင့် အရှိန်အဝါကို အာရုံခံနိုင်မည် မဟုတ်ပေ။ မျက်မြင်တွေ့ရှိမှသာလျှင် သူ ရှိနေကြောင်း သိနိုင်ပေလိမ့်မည်။
မြို့၏ ထောင့်တစ်နေရာတွင် ကြီးမားသော အိမ်ရာဝန်းကြီးတစ်ခု ရှိနေသည်။ ၎င်းမှာ သဲကန္တာရမြို့တော်ရှိ 'သဲကန္တာရသတ္တု ကြေးစားစစ်သည်အဖွဲ့' ၏ ဌာနချုပ်ပင် ဖြစ်သည်။ ဤအဖွဲ့၏ ခေါင်းဆောင်ငယ် နှစ်ယောက်မှာ ရှောင်ယန်၏ အစ်ကိုများဖြစ်ကြသော ရှောင်တင့် နှင့် ရှောင်လီ တို့ဖြစ်ကြောင်း ဂူဖေး မှတ်မိနေပေသည်။