အခန်း (၄၀) - ကျားမာအင်ပါယာမှာ ဆေးဖော်စပ်ခြင်းအတတ်နဲ့ ငါ့ကို ကျော်လွန်နိုင်သူ ရှိလို့လား
ယွင်လန်းဂိုဏ်(မြူခိုးတိမ်တိုက်ဂိုဏ်း) ...။
ကျာမာအင်ပါယာ၏ အင်အားအကြီးဆုံးဂိုဏ်းဖြစ်သည်နှင့်အညီ မြူခိုးတိမ်တိုက်ဂိုဏ်း၏ ဌာနချုပ်သည် အင်ပါယာမြို့တော်နှင့် ဆယ်မိုင်ခန့်သာဝေးသော ခန့်ညားထည်ဝါလှသည့် တောင်တန်းကြီးပေါ်တွင် တည်ရှိသည်။ ဂိုဏ်း၏အမည်ကို အစွဲပြု၍ ထိုတောင်ကိုလည်း မြူခိုးတိမ်တိုက်တောင်ဟုပင် ခေါ်ဆိုကြသည်။ ဂိုဏ်းတစ်ခု၏ အမည်နာမဖြင့် တောင်တစ်တောင်လုံးကို ကင်ပွန်းတပ်နိုင်ခြင်းကပင် ထိုဂိုဏ်း၏ ထူးကဲလှသော ဂုဏ်ဒြပ်ကို ဖော်ပြနေပေသည်။
မြူခိုးတိမ်တိုက်တောင်သည် မတ်စောက်လှပြီး သုံးဖက်သုံးတန်မှာ လျှိုမြောင်ကမ္ဘားပြတ်ကြီးများ ဖြစ်သည်။ တောင်ထိပ်သို့ တက်ရန် လမ်းတစ်ကြောင်းတည်းသာ ရှိသဖြင့် စစ်ရေးအရ ခုခံရန် အလွန်ကောင်းမွန်သော နေရာတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ဂိုဏ်းတပည့်များကလည်း အချိန်မပြတ် ကင်းလှည့်စောင့်ကြပ်နေကြသဖြင့် တောင်တစ်ခုလုံးသည် သံမဏိခံတပ်ငယ်တစ်ခုအလား ခိုင်ခံ့လှသည်။ တောင်ခြေနှင့် နှစ်မိုင်ခန့်အကွာတွင် အင်ပါယာမှ မြင်းသည်တော်စစ်သည် ငါးသောင်းကို တပ်စွဲထားသည်။ အဆိုပါစစ်သည်များသည် မြို့တော်ကို ကာကွယ်ရန်ဟု အမည်တပ်ထားသော်လည်း အမှန်တကယ်တွင်မူ အနီးအနားရှိ အင်အားကြီးအဖွဲ့အစည်းကို မျက်ခြေမပြတ် စောင့်ကြည့်ရန် အင်ပါယာ၏ အစီအမံတစ်ခုဖြစ်ကြောင်း မည်သူမဆို သိမြင်နိုင်သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် ယွင်လန်းဂိုဏ်(မြူခိုးတိမ်တိုက်ဂိုဏ်း)၏ ဩဇာအာဏာ မည်မျှကြီးမားသည်ကို ခန့်မှန်းနိုင်သည်။
ထိုစဉ် ယွင်လန်း(မြူခိုးတိမ်တိုက်ဂိုဏ်း)၏ ခမ်းနားလှသော ခန်းမဆောင်အပြင်ဘက်တွင် ယဉ်ကျေးသိမ်မွေ့သော ရုပ်ရည်ရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် အလောတကြီး လျှောက်လှမ်းလာသည်။ ထိုသူမှာ ဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သလို ကျားမာအင်ပါယာ၏ လက်ရွေးစင် ဆေးပညာရှင်အဖြစ် လူသိများသော ဂူဟေပင် ဖြစ်သည်။ ယွမ်ယွမ်ဂိုဏ်းသို့ ပြန်ရောက်လာပြီဟု ကြားသိရသဖြင့် ဂူဟေမှာ ချက်ချင်းပင် ရောက်ရှိလာခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ် ...”
ထိုအချိန်တွင် ယွမ်ယွမ်မှာ ခန်းမထဲ၌ ရှိနေသည်။ ဂူဟေသည် ဝင်ဝင်ချင်းမှာပင် ခရီးဦးကြိုပြုလိုက်ပြီးနောက် သူမထံ အာရုံစိုက်ကာ မေးမြန်းလိုက်သည်။
“ဂိုဏ်းချုပ် ... ‘ခရမ်းရောင် ခြင်္သေ့ဝိညာဉ်ကျောက်ပွင့်’ကို ရခဲ့ရဲ့လား။ လွန်ခဲ့တဲ့ ရက်ပိုင်းက ‘မှော်သားရဲတောင်တန်း’ မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ကြားလိုက်ရတယ်။ အဲဒါ ဂိုဏ်းချုပ်နဲ့ ‘ခရမ်းရောင် အတောင်ပံခြင်္သေ့ဘုရင်’တို့ တိုက်ခိုက်ကြတာ မဟုတ်လား”
ယွမ်ယွမ်၏ မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားပြီးနောက် တိတ်ဆိတ်စွာပင် ခေါင်းခါပြလိုက်သည်။ ကျောက်ပွင့်ကို မရရှိခဲ့ကြောင်း အဓိပ္ပာယ်ပင်။ မှော်သားရဲတောင်တန်းမှ ထွက်ခွာလာကတည်းက သူမ၏ စိတ်အာရုံတို့မှာ တစ်နေရာသို့ လွင့်မျောနေသယောင် ရှိနေသည်။
ဒါကိုမြင်တော့ ဂူဟေက သက်ပြင်းတစ်ချက်ချလိုက်သည်။ ယွမ်ယွမ် စိတ်မကြည်မလင် ဖြစ်နေရခြင်းမှာ ကျောက်ပွင့်ကို မရရှိခဲ့သောကြောင့်ဟု သူက မှတ်ယူလိုက်သည်။ အကယ်၍ ကျောက်ပွင့်ကို ရရှိခဲ့ပါက ‘ခရမ်းရောင် ဝိညာဉ်ဆေးလုံး’ ကို ဖော်စပ်ပြီး ရန်ရန် ကို ပေးနိုင်မည် မဟုတ်ပါလား။
သို့သော် နောက်တစ်ခဏမှာပင် ယွမ်ယွမ်၏ မျက်ဝန်းများ အရောင်တောက်လာပြီး ရုတ်တရက် ပြုံးလိုက်ကာ ပြောဆိုလိုက်သည်။
“ကျောက်ပွင့်ကို မရခဲ့ပေမဲ့လို့ ... လူငယ်ဆေးပညာရှင်တစ်ယောက်ဆီကနေ ခရမ်းရောင်ဝိညာဉ်ဆေးလုံးထက်တောင် ပိုကောင်းတဲ့ ဆေးလုံးတစ်မျိုးကို မထင်မှတ်ဘဲ ရခဲ့တယ်”
ထိုစကားကြောင့် ဂူဟေမှာ သံသယဖြင့် မျက်ခုံးပင့်သွားပြီး ပြန်လည်မေးမြန်းရန် ပြင်လိုက်သော်လည်း ယွမ်ယွမ်ကပင် စကားဖြတ်ပြောလိုက်သည်။
“အဲဒီဆေးလုံးကို ရန်ရန်ကို ပေးလိုက်ပြီ။ အခုထိတော့ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ ထူးထူးခြားခြား ထိရောက်မှုရှိနေတယ်။ သူမရဲ့ ကျင့်ကြံမှုအဆင့်ကလည်း ပိုပြီး ခိုင်မာတိုးတက်လာတယ်”
“ဆေးလုံးတစ်လုံးအတွက်ဆိုရင် ဒါက ပြည့်စုံလွန်းနေတယ်လို့တောင် ဆိုရမယ်” ယွမ်ယွမ်၏ လေသံထဲတွင် ချီးကျူးဂုဏ်ပြုမှုများ ပြည့်နှက်နေသည်။
အမှန်တကယ်တွင် ဆေးတိုင်း၌ အဆိပ်အတောက် အနည်းငယ်စီ ရှိတတ်စမြဲ ဖြစ်သည်။ ဆေးလုံးအများစုမှာ အာနိသင်ပျော့သော်လည်း ဆေးအဆိပ်အတောက် အချို့ကိုမူ သယ်ဆောင်ထားတတ်ကြသည်။ ရံဖန်ရံခါ သုံးစွဲခြင်းက ပြဿနာမရှိသော်လည်း ရေရှည် သို့မဟုတ် အလွန်အကျွံ သုံးစွဲမိပါက မိမိ၏ မူလစွမ်းအားပင်လယ်ကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ယွမ်ယွမ်သည် နာလန်ရန်ရန်အား ဆေးလုံးများအပေါ် မှီခိုစေရန် အားမပေးခဲ့ပေ။ သို့သော် ရန်ရန်ကိုယ်တိုင်က ကျင့်ကြံမှုအဆင့်ကို အမြန်တိုးတက်လိုခြင်းနှင့် ဂူဟေ၏ ဆေးဖော်စပ်မှုစွမ်းရည်ကို ယုံကြည်ခြင်းတို့ကြောင့်သာ ယွမ်ယွမ်က ကျောက်ပွင့်ကို ကူညီရှာဖွေပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
သို့သော် ဂူဖေး ပေးခဲ့သော ဆေးလုံးမှာမူ ထူးခြားလှသည်။ သူမ အာရုံခံကြည့်သလောက် ထိုဆေးထဲတွင် အဆိပ်အတောက် လုံးဝမရှိဘဲ နူးညံ့သိမ်မွေ့ကာ ဘေးထွက်ဆိုးကျိုး လုံးဝကင်းစင်နေသည်။ တစ်လအတွင်း ဆေးအာနိသင်ကို အပြည့်အဝ စုပ်ယူပြီးပါက နာလန်ရန်ရန်သည် ဒိုချီဆရာသခင်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။
ယွမ်ယွမ်က အခြားသော ဆေးပညာရှင်တစ်ဦးကို ချီးကျူးနေသည်ကို မြင်သောအခါ ဂူဟေမှာ မျက်မှောင်ကြုတ်သွားမိသည်။ လူငယ်တစ်ယောက် ဖော်စပ်ထားတဲ့ ဆေးလုံးက ဘယ်လောက်တောင် စွမ်းလို့လဲ။ ပြီးတော့ ချီကျင့်ကြံသူ တစ်ယောက် ဒိုချီဆရာသခင်အဆင့်ကို တက်ဖို့ဆိုရင် ငါ့ရဲ့ ခရမ်းရောင်ဝိညာဉ်ဆေးလုံးက အကောင်းဆုံးပဲ မဟုတ်လား။ ဒီလူငယ်က ဘယ်က ဆေးနည်းကို ရလာတာလဲ။
သို့သော် ဂူဟေကိုယ်တိုင် သွားရောက်စစ်ဆေးကြည့်သောအခါ နာလန်ရန်ရန်၏ ကျင့်ကြံမှုအဆင့်မှာ သိသိသာသာ တိုးတက်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ စွမ်းအားလှိုင်းများမှာ ပိုမိုနက်ရှိုင်းလာပြီး ဒိုချီ စွမ်းအင်များမှာလည်း အမှန်တကယ် ကိုယ်တိုင်ကျင့်ကြံထားသကဲ့သို့ပင် အလွန်ခိုင်မာ တည်ငြိမ်နေသည်။ ဤဆေးလုံးသည် သူဖော်စပ်မည့် ဆေးလုံး၏ အာနိသင်ကို ကျော်လွန်နေသည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ဤရလဒ်ကြောင့် ဂူဟေမှာ စကားလုံးမဲ့သွားရသည်။ ယခင်က ယွမ်ယွမ် သူ့ကို ဆေးဖော်ခိုင်းစဉ်က သူသည် ကမ်းလှမ်းချက်တစ်ခု တောင်းဆိုခဲ့သည်။ အကယ်၍ သူသာ ဆေးဖော်ပေးမည်ဆိုပါက ယွမ်ယွမ်က သူ့အား တဂါးသဲကန္တာရ သို့ လိုက်ပါပြီး 'ထူးခြားဆန်းပြားမီးလျှံ' ကို ရှာဖွေပေးရမည်ဟူသော အချက်ပင်။ ယွမ်ယွမ်ကလည်း ထိုစဉ်က လက်ခံခဲ့သည်။ သို့သော် ယခုအခါ သူ ဆေးဖော်စပ်ခြင်း မပြီးသေးခင်မှာပင် ယွမ်ယွမ်က အခြားတစ်ယောက်ထံမှ ပိုမိုကောင်းမွန်သော ဆေးလုံးကို ရရှိသွားခဲ့သဖြင့် ဂူဟေမှာ တောင်းဆိုရန် ဝန်လေးသွားရသည်။ သူက ကတိကို အပြည့်အဝ မတည်နိုင်ခဲ့သဖြင့် အဖိုးအခတောင်းရန် ခက်ခဲသွားခြင်းပင်။
ဂူဟေ၏ နှုတ်ခမ်းများ အနည်းငယ် တုန်လှုပ်သွားသည်ကို မြင်ရုံဖြင့် ယွမ်ယွမ်က သူ ဘာပြောချင်သည်ကို သိလိုက်သည်။
“အကြီးအကဲ ဂူဟေ ... စိတ်မပူပါနဲ့။ အရင်က ပေးခဲ့တဲ့ ကတိအတိုင်း ကျွန်မ ကူညီမှာပါ”
“ဒါက ဂိုဏ်းအပေါ် ထားရှိတဲ့ အကြီးအကဲရဲ့ ကျေးဇူးတွေအတွက် အသိအမှတ်ပြုတာလို့ပဲ မှတ်ယူလိုက်ပါ” ယွမ်ယွမ်က အေးဆေးတည်ငြိမ်စွာပင် ပြောဆိုလိုက်သည်။
အမှန်တကယ်တွင် ဂူဟေသည် မြူခိုးတိမ်တိုက်ဂိုဏ်းအတွက် များစွာ အကျိုးပြုခဲ့သူ ဖြစ်သည်။ ‘ဆေးလုံးဘုရင်’ ၏ ဆေးလုံးများကို ပြင်ပလောကတွင် ရရှိရန် အလွန်ခက်ခဲသော်လည်း ဂူဟေသည် ဂိုဏ်းအတွက် ဆေးဖော်စပ်ပေးရာတွင် အဖိုးအခ အနည်းငယ်သာ ယူလေ့ရှိသည်။ သို့မဟုတ် ယခုကဲ့သို့ပင် အပြန်အလှန်အားဖြင့် သူ့ခရီးစဉ်တွင် လိုက်ပါကူညီပေးရန်သာ တောင်းဆိုလေ့ရှိသည်။ ဂူဟေသည် ဆေးဖော်စပ်ရာတွင် ကျွမ်းကျင်သော်လည်း မိမိကိုယ်ကိုယ် ကာကွယ်ရန် စွမ်းအား လိုအပ်နေသေးသူ ဖြစ်သည်။ ထို့ကြောင့် သူဖော်စပ်ထားသော ဆေးလုံးများနှင့် အင်အားကြီးမားသော ‘ကိုယ်ရံတော်’ များကို လဲလှယ်ခြင်းမှာ သူ၏ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ယွမ်ယွမ်သည် သူ၏ တောင်းဆိုမှုကို လစ်လျူမရှုနိုင်ပေ။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်” ဂူဟေမှာ အတိုင်းမသိ ဝမ်းသာသွားပြီးနောက် “ခရီးစဉ်ကို အမြန်ဆုံး စနိုင်ရင် ပိုကောင်းမယ်။ မနက်ဖြန်ပဲ ထွက်ကြစို့” ဟု ဆိုကာ ယွမ်ယွမ်ကလည်း သဘောတူလိုက်လေသည်။
.......
ကျောက်သဲကန္တာရမြို့တော် တွင်မူ ...။
ဂူဖေး၏ အကူအညီဖြင့် ဟိုင်ပေါတုံ သည် နောက်ဆုံးတွင် တိုက်ပွဲဧကရာဇ် အဆင့် ကျင့်ကြံမှုကို ပြန်လည်ရရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် ချိတ်ပိတ်ထားသော တံဆိပ်ကို ချိုးဖျက်ကာ ခန္ဓာကိုယ်အတွင်း ပြန်လည်လျှံတက်လာသော စွမ်းအားများကို ခံစားနေမိသည်။ သို့သော်လည်း ဟိုင်ပေါတုံသည် ဂူဖေးအား ရန်စရန် မဝံ့ရဲဘဲ ကတိအတိုင်း မြေပုံအပိုင်းအစတစ်ဝက်ကို လွှဲအပ်ပေးလိုက်ရသည်။ ထို့အပြင် သူကိုယ်တိုင် ရေးဆွဲထားသည့် ‘ထူးခြားဆန်းပြားမီးလျှံ’ ရှိနိုင်ခြေရှိသော နေရာများ ပါဝင်သည့် အခြားမြေပုံတစ်ခုကိုလည်း ဂူဖေးအား ပေးလိုက်သေးသည်။
အမှန်တကယ်တွင်မူ ဂူဖေးအနေဖြင့် ထိုမီးလျှံရှိရာနေရာကို သိရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမီးလျှံကို မဒူဆာဘုရင်မ ယူဆောင်သွားပြီဖြစ်ကြောင်း သူ သိနှင့်ပြီးသားဖြစ်သောကြောင့်ပင်။ ယခုသွားလျှင်လည်း အချည်းနှီးသာ ဖြစ်လိမ့်မည်။ ဂူဖေး လိုအပ်သည်မှာ သဲကန္တာရ၏ မြေပုံသာ ဖြစ်သည်။
“ကောင်းပြီ ... ကျေးဇူးပဲ” ဂူဖေးက ပြုံးလျက် မြေပုံကို လက်ခံလိုက်ပြီးနောက် ရှောင်ယီရှန် နှင့်အတူ ရှေးဟောင်းမြေပုံဆိုင်လေးမှ ထွက်ခွာလာခဲ့သည်။
နောက်တစ်ဆင့်တွင် သူတို့သည် သဲကန္တာရ၏ အတွင်းပိုင်းသို့ အမှန်တကယ် ဝင်ရောက်ကြတော့မည် ဖြစ်သည်။ ကျောက်သဲကန္တာရမြို့တော်မှာ သဲကန္တာရ၏ အစွန်အဖျားမျှသာ ရှိသေးပြီး သူတို့သွားမည့်နေရာမှာ လူသူမနီးသော သဲကန္တာရ အနက်ရှိုင်းဆုံးနေရာများ ဖြစ်သည်။ ထိုနေရာ၏ ရာသီဥတုမှာ အလွန်ကြမ်းတမ်းပြီး အပူရှိန်ပြင်းထန်ကာ ရေအရင်းအမြစ် ရှားပါးလှသည်။ ထို့ကြောင့် ဂူဖေးနှင့် ရှောင်ယီရှန်တို့သည် လိုအပ်သော ရိက္ခာများကို စတင်စုဆောင်းကြသည်။ သဲကန္တာရထဲတွင် ရေသည် မရှိမဖြစ်လိုအပ်သလို အစားအစာအချို့ကိုလည်း ဝယ်ယူခဲ့ကြသည်။
ရှောင်ယီရှန်မှာ ဂူဖေး၏နောက်မှ လိမ္မာယဉ်ကျေးစွာ လိုက်ပါလာသည်။ ဂူဖေးသည် သူမကို မည်သည့်ပစ္စည်းမှ မသယ်ခိုင်းဘဲ အရာအားလုံးကို သူ၏ သိုလှောင်လက်စွပ် ထဲသို့သာ ထည့်သွင်းလိုက်သည်။ ရိက္ခာများ ပြည့်စုံသွားသောအခါ သူတို့သည် မြို့ပြင်သို့ ထွက်လာခဲ့ကြသည်။ ထို့နောက် ခြင်္သေ့ဘုရင်၏ ကျောပေါ်သို့ တက်လိုက်ကြပြီး သဲကန္တာရ အနက်ရှိုင်းဆုံးဆီသို့ ဦးတည်ကာ နောက်တစ်ကြိမ် ခရီးဆက်ခဲ့ကြလေတော့သည်။