အခန်း (၉) - မြေကမ္ဘာအဆင့် ဒိုချီသိုင်းကွက် ‘မိုးကြိုးခန္ဓာ’ ကို လေ့ကျင့်ခြင်း
အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာခဲ့ရာ တဖြည်းဖြည်းနှင့် တစ်လပင် ပြည့်မြောက်ခဲ့လေပြီ။ နံနက်စောစောစီးစီး အချိန်ဖြစ်သဖြင့် တောင်ထိပ်တစ်ခုလုံးတွင် ဆီးနှင်းဖြူဖြူတို့က အချိန်အတော်ကြာ ဖုံးလွှမ်းနေဆဲပင်။ လေညင်းတစ်ချက်အဝှေ့တွင် လူသားတစ်ဦး၏ ခန္ဓာကိုယ်နှင့် လျှပ်စစ်တို့ ထိတွေ့မိသကဲ့သို့ တဖြန်းဖြန်းမြည်သံ သဲ့သဲ့လေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ တောင်ထိပ်ပေါ်ရှိ ဆိတ်ငြိမ်သော သစ်တောလေးတစ်ခုအတွင်း၌ မော့ယွီသည် သစ်ပင်အမြစ်များကဲ့သို့ မြေပြင်တွင် ခြေကုပ်မြဲမြဲနင်းကာ မားမားမတ်မတ် ရပ်နေသည်။
သူ၏မျက်နှာထက်တွင် ခိုင်မာပြတ်သားသည့် အရိပ်အယောင်တို့ ထင်ဟပ်နေပြီး သွားကို တင်းတင်းကြိတ်ထားမိသည်။ ဘောင်းဘီတိုတစ်ထည်သာ ဝတ်ဆင်ထားသဖြင့် ဗလာကျင်းနေသော သူ၏အပေါ်ပိုင်း ခန္ဓာကိုယ်တစ်ဝိုက်တွင် ကြက်သွေးရောင် လျှပ်စီးတန်းများက တဖြန်းဖြန်း မြည်ဟည်းရင်း ရစ်ပတ်နေကြသည်။ ဤမြင်ကွင်းကို မြင်တွေ့ရသူတိုင်းသည် ထိုလူငယ်လေးမှာ မိမိကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်နေသည်ဟုသာ ထင်မှတ်ကြပေလိမ့်မည်။
ဒိုချီ (အဆင့်နိမ့်) အဆင့် (၈) သို့ တက်လှမ်းပြီးနောက် မော့ယွီသည် ‘မိုးကြိုးဝိညာဉ်’ ကို အသုံးပြုကာ ပထမအဆင့် မှော်သားရဲအတွင်းစာလုံး သုံးခုကို ထပ်မံဝါးမျိုပြီး နောက်ထပ်အဆင့်တက်ရန် မရွေးချယ်ခဲ့ပေ။ ထိုအစား သူသည် အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာအောင် တည်ဆောက်ရန် ဆိတ်ငြိမ်သော နေရာတစ်ခုတွင် ပြင်းထန်သော လေ့ကျင့်မှုများကိုသာ လုပ်ဆောင်နေခဲ့သည်။ အတိတ်ဘဝမှ အတွေ့အကြုံများအရ ဒိုချီကျင့်ကြံသူတစ်ယောက်အနေဖြင့် အဆင့်တက်ရန်တစ်ခုတည်းကိုသာ ဦးတည်၍မရကြောင်း သူကောင်းစွာသိသည်။ ရှေ့ဆက်ခရီးဝေးနိုင်ရန်အတွက် ခြေလှမ်းတိုင်းက မှန်ကန်၍ တည်ငြိမ်နေရမည်ဖြစ်သည်။
အထူးသဖြင့် ဒိုချီ (အဆင့်နိမ့်) အဆင့်သည် နောင်တစ်ချိန် ရရှိလာမည့် အောင်မြင်မှုများအတွက် အခြေခံအုတ်မြစ်ဖြစ်သဖြင့် အထူးပင် ဂရုစိုက်ရမည်ဖြစ်သည်။ ရှောင်ယန် နောက်ဆုံးတွင် ကြီးကျယ်သော အောင်မြင်မှုများ ရရှိခဲ့ခြင်းမှာလည်း ဒိုချီ (အဆင့်နိမ့်) အဆင့်တွင် သုံးနှစ်တိုင်တိုင် အချိန်ယူခဲ့ပြီး အခြားကျင့်ကြံသူများထက် အခြေခံပိုမိုခိုင်မာခဲ့သောကြောင့် နောက်ပိုင်းတွင် ကောင်းကင်ယံသို့ ပျံသန်းနိုင်ခဲ့ခြင်းပင်။
မော့ယွီအနေဖြင့် ‘မိုးကြိုးဝိညာဉ်’ ကို အသုံးပြုကာ ခန္ဓာကိုယ်ကို နှိပ်စက်နေခြင်းမှာ မိမိကိုယ်ကိုယ် အားယား၍ ညှဉ်းပန်းနေခြင်းမဟုတ်ဘဲ ဒိုချီသိုင်းကွက်တစ်ခုကို လေ့ကျင့်နေခြင်းသာ ဖြစ်သည်။ ‘မိုးကြိုးခန္ဓာ’ ဟု အမည်ရသော ထိုသိုင်းကွက်မှာ မြေကမ္ဘာအဆင့်နိမ့် ဒိုချီသိုင်းကွက်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်စေကာ အနီးကပ်တိုက်ခိုက်ရာတွင် အလွန်ထိရောက်သော သိုင်းကွက်ဖြစ်သည်။ ၎င်းသည် သန်မာလှသော ခန္ဓာကိုယ်အင်အားနှင့် ဖျက်အားပြင်းထန်သော တိုက်စစ်စွမ်းရည်ကြောင့် နာမည်ကျော်ကြားသည်။
အထွတ်အထိပ်သို့ ရောက်အောင် လေ့ကျင့်နိုင်ပါက ခန္ဓာကိုယ်သည် ဓားမခ၊ လှံမတိုးနိုင်သည့်အပြင် မီးနှင့် လျှပ်စစ်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသွားမည်ဖြစ်သည်။ ၎င်း၏ စွမ်းပကားမှာ မြေကမ္ဘာအဆင့်လတ် ဒိုချီသိုင်းကွက်များနှင့်ပင် ရင်ပေါင်တန်းနိုင်ပေသည်။
‘မိုးကြိုးခန္ဓာ’ မှာ မော့ယွီ သူ၏ အတိတ်ဘဝက လေ့ကျင့်ခဲ့သော သိုင်းပညာတစ်ခုဖြစ်သည်။ ဒိုချီတိုက်ကြီး၏ စံနှုန်းနှင့် တိုင်းတာမည်ဆိုပါက ၎င်းသည် မြေကမ္ဘာအဆင့်နိမ့်ဟု သူခန့်မှန်းထားသည်။ အဆင့်အတန်း အလွန်မြင့်မားသည်ဟု မဆိုနိုင်သော်လည်း သူ၏ လက်ရှိကျင့်ကြံမှုအဆင့်နှင့်မူ ကွက်တိပင် ဖြစ်သည်။ ထို့အပြင် ရှောင်မျိုးနွယ်စု၏ အမြင့်ဆုံး ဒိုချီသိုင်းကွက်မှာပင် ‘ထူးကဲအဆင့်’(ရွှမ်အဆင့်) သာ ရှိသည်။ မြေကမ္ဘာအဆင့် သိုင်းကွက်များမှာ ဝူတန်မြို့တွင်သာမက ကျာမားအင်ပါယာ တစ်ခုလုံးတွင်ပင် တွေ့ရခဲလှသည်။ ဒိုချီတိုက်ကြီးတွင် ‘ထူးကဲအဆင့်’ နှင့် ‘မြေကမ္ဘာအဆင့်’ ကြားက ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။ ‘မိုးကြိုးခန္ဓာ’ သည် ခန္ဓာကိုယ်လေ့ကျင့်သည့် သိုင်းကွက်တစ်ခုသာ ဖြစ်သော်လည်း အောင်မြင်သွားပါက ၎င်း၏တိုက်စစ်စွမ်းအားမှာ အချို့သော မြေကမ္ဘာအဆင့်လတ် သိုင်းကွက်များကိုပင် ယှဉ်နိုင်ပေသည်။
‘မိုးကြိုးခန္ဓာ’ သည် ခန္ဓာကိုယ်လေ့ကျင့်သည့် သိုင်းကွက်တစ်ခု၏ အစိတ်အပိုင်းမျှသာ ဖြစ်ပြီး မော့ယွီ၏ စိတ်ထဲတွင် ပိုမိုမြင့်မား၍ အစွမ်းထက်သော သိုင်းကွက်များ ကျန်ရှိနေသေးသည်။ သို့သော် သူ၏ လက်ရှိအင်အားမှာ အလွန်အားနည်းလွန်းနေသဖြင့် ထိုသိုင်းကွက်များကို လေ့ကျင့်ရန် ကြိုးစားပါက အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။ ထိုအဆင့်မြင့်သိုင်းကွက်မှာ ‘ကောင်းကင်ဘုံအဆင့်’ ဒိုချီသိုင်းကွက်များနှင့်ပင် ယှဉ်နိုင်ပေသည်။ ‘မိုးကြိုးခန္ဓာ’ ကို အပိုင်နိုင်ဆုံး လေ့ကျင့်ပြီးပါက နောင်တစ်ချိန်တွင် ထိုသိုင်းကွက်ကို လေ့ကျင့်ရာ၌ ထက်ဝက်မျှသာ အားထုတ်ရသော်လည်း နှစ်ဆသော အကျိုးကျေးဇူးကို ရရှိမည်ဖြစ်သည်။ မော့ယွီအတွက် ယခုအချိန်တွင် ‘မိုးကြိုးခန္ဓာ’ က အကောင်းဆုံးဖြစ်ရသည့် အခြားအကြောင်းရင်းမှာ ဒိုချီစွမ်းအင် လိုအပ်ချက် အလွန်မများသောကြောင့်ပင်။ ဒိုချီစွမ်းအင်ကို အသုံးမပြုရသလောက်ဖြစ်သော်လည်း သန့်စင်သော ခန္ဓာကိုယ်လေ့ကျင့်ခန်းဖြစ်သည့်အတွက် သန်မာသော ကြွက်သားအင်အားကိုမူ လိုအပ်သည်။ ‘ကြက်သွေးရောင် ကောင်းကင်လောင်ကျွမ်းခြင်း မိုးကြိုး’ မှ ထွက်ပေါ်လာသော မိုးကြိုးမီးတောက် စွမ်းအင်သည် ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် အကောင်းဆုံးစွမ်းအင်ပင် ဖြစ်သည်။ မိုးကြိုးဝိညာဉ်မှ ထွက်ပေါ်လာသော စွမ်းအင်များ ပိုမိုအားကောင်းလာလေ မော့ယွီ၏ ခန္ဓာကိုယ်က ပိုမိုသန်မာလာလေဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော တစ်လလုံးလုံး မော့ယွီသည် နေ့စဉ်ဤနေရာသို့ လာရောက်ကာ မိုးကြိုးဝိညာဉ်၏ စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့သည်။
ဤသို့ လေ့ကျင့်မှုများအောက်တွင် ‘မိုးကြိုးခန္ဓာ’ မှာ လျင်မြန်စွာပင် တိုးတက်လာခဲ့သည်။ ယနေ့အထိ မော့ယွီ၏ ခန္ဓာကိုယ်ပေါ်တွင် ‘မိုးကြိုးအမှတ်အသား’ လေးခုကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။ ‘မိုးကြိုးအမှတ်အသား’ ဆိုသည်မှာ ‘မိုးကြိုးခန္ဓာ’ ၏ အောင်မြင်မှုကို ပြသသည့် အမှတ်အသားများပင်။ မိုးကြိုးအမှတ်အသား တစ်ခုဆိုသည်မှာ အခြေခံအဆင့်ကို ရောက်ရှိခြင်း၊ အမှတ်အသား (၁၀) ခုဆိုလျှင် အနည်းငယ်အောင်မြင်ခြင်းနှင့် အမှတ်အသား (၁၀၀) ပြည့်ပါက ‘မိုးကြိုးခန္ဓာ’ ကို အလုံးစုံ တတ်မြောက်ခြင်းကို ဆိုလိုသည်။ အနည်းငယ်အောင်မြင်သော အဆင့်မှာ ‘သာမန်အဆင့်’ သိုင်းကွက်များနှင့် တူညီပြီး၊ အလုံးစုံ တတ်မြောက်သွားပါက ‘ထူးကဲအဆင့်’ နှင့် ယှဉ်နိုင်သည်။ အကယ်၍ ‘မိုးကြိုးခန္ဓာ’ ကို အထွတ်အထိပ်သို့ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပါက စစ်မှန်သော မြေကမ္ဘာအဆင့် ဒိုချီသိုင်းကွက်၏ စွမ်းပကားကို ရရှိမည်ဖြစ်သည်။
မော့ယွီ၏ ညာဘက်လက်မောင်းပေါ်တွင် တောက်ပနေသော လျှပ်စစ်အမှတ်အသား လေးခုသည် သူ၏ တစ်လတာ ပြင်းထန်သော လေ့ကျင့်မှုများအတွက် သက်သေပင် ဖြစ်သည်။
“မိုးကြိုးအမှတ်အသား လေးခုဆိုရင်... သာမန်အဆင့်လတ် ဒိုချီသိုင်းကွက်တချို့နဲ့ ရင်ပေါင်တန်းနိုင်ပြီပဲ။”
သူ၏ ညာဘက်လက်မောင်းအတွင်း စီးဆင်းနေသော မိုးကြိုးအမှတ်အသားများ၏ စွမ်းအားကို ခံစားရင်း မော့ယွီသည် ကျောက်တုံးပေါ်တွင် တင်ထားသော အစိမ်းရောင် ဝတ်ရုံကို ကောက်ယူကာ ဖြည်းဖြည်းချင်း ဝတ်ဆင်လိုက်သည်။ မိုးကြိုးဝိညာဉ်ဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ထားသောကြောင့် သူ၏ ကြွက်သားများမှာ မယုံနိုင်လောက်အောင် ခိုင်မာတောင့်တင်းနေပြီ ဖြစ်သည်။ ယခင်က အလွန်လွယ်ကူသော အဝတ်အစားဝတ်ခြင်းကဲ့သို့ ကိစ္စလေးပင် ယခုတွင်မူ ခဲရာခဲဆစ် လုပ်ဆောင်နေရသကဲ့သို့ပင်။ အပြင်လူတစ်ယောက်သာ မြင်လျှင်တော့ ဤမြင်ကွင်းမှာ အတော်လေး ရယ်စရာကောင်းနေမည်မှာ အမှန်။
နောက်ထပ် လဝက်ခန့် ကုန်ဆုံးသွားပြန်သည်။ မော့ယွီသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေရုံသာမက ခန္ဓာကိုယ်လေ့ကျင့်သည့် ဒိုချီသိုင်းကွက်များကိုလည်း ကျွမ်းကျင်အောင် ကြိုးစားနေခဲ့သည်။ ဝီရိယရှိသူကို နတ်မသည်ဟူသော စကားအတိုင်း ဤလဝက်အတွင်းမှာပင် မော့ယွီသည် နောက်ထပ် မိုးကြိုးအမှတ်အသား တစ်ခုကို စုစည်းနိုင်ခဲ့ရာ စုစုပေါင်း ငါးခု ဖြစ်သွားခဲ့ပြီ။ တစ်လတည်းဖြင့် အမှတ်အသား သုံးခုရခဲ့သော်လည်း နောက်ထပ် လဝက်တွင် တစ်ခုသာ တိုးလာခြင်းက အမှတ်အသားများ များပြားလာလေလေ စုစည်းရခက်ခဲလာလေလေ ဖြစ်ကြောင်း ပြသနေသည်။ အမှတ်အသား (၁၀၀) ပြည့်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်သည်မှာ ထင်ရှားလှသည်။
မိုးကြိုးအမှတ်အသား ငါးခု ရရှိပြီးနောက် မော့ယွီသည် သူ၏ ပြင်းထန်သော လေ့ကျင့်ခန်းများကို ခေတ္တရပ်နားလိုက်သည်။ ပထမအချက်မှာ အမှတ်အသားများကို စုစည်းရန် အချိန်ပိုမိုယူလာရသဖြင့် ဤနေရာတွင် အချိန်အများကြီး ထပ်ပေးနေပါက သူ၏ အဆင့်တက်လှမ်းမှုများ နှေးကွေးသွားမည်ကို စိုးရိမ်ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ သူ၏ ဒိုချီစွမ်းအင်မှာ အလွန်အားနည်းနေသေးခြင်း ဖြစ်သည်။ ‘မိုးကြိုးခန္ဓာ’ ကို အလုံးစုံ တတ်မြောက်သွားလျှင်ပင် သူသည် ‘ထူးကဲအဆင့်’ နှင့် ညီမျှသော ထိုသိုင်းကွက်၏ အစွမ်းအစ အစစ်အမှန်ကို ထုတ်ဖော်နိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် ယခုလက်ရှိတွင် သာမန်အဆင့်လတ်နှင့် ညီမျှသော မိုးကြိုးအမှတ်အသား ငါးခုမှာ သူ့အတွက် အသင့်တော်ဆုံးပင် ဖြစ်သည်။
“အချိန်က စောသေးတာပဲ။ ရှောင်မျိုးနွယ်စုရဲ့ ဒိုချီသိုင်းကွက်ဆောင်ကို သွားပြီးတော့ ဒိုချီတိုက်ကြီးပေါ်က အောက်ခြေအဆင့် သိုင်းကွက်လေးတွေကို သွားလေ့လာကြည့်ရင် မကောင်းဘူးလား။”
ဒိုချီတိုက်ကြီးသို့ ရောက်ရှိလာခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်သဖြင့် မော့ယွီသည် ဤနေရာနှင့် တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာခဲ့သလို ဒိုချီတိုက်ကြီး၏ ကျင့်ကြံခြင်း စနစ်အပေါ်တွင်လည်း ပိုမိုစိတ်ဝင်စားလာခဲ့သည်။ ရှောင်မျိုးနွယ်စု၏ သိုင်းကွက်ဆောင်တွင် ရှိသော အနိမ့်တန်းစား သိုင်းကွက်များမှာ သာမန်မျှသာ ဖြစ်သော်လည်း ၎င်းတို့မှတစ်ဆင့် ဤကမ္ဘာကြီး၏ အခြေအနေအရပ်ရပ်ကို မော့ယွီ ပိုမိုနားလည်နိုင်မည်ဖြစ်သည်။ လပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရသဖြင့် စာအုပ်အချို့ကို ဖတ်ရှုပြီး စိတ်အပန်းဖြေခြင်းကလည်း ကောင်းသော အကြံပင်။
စူးရှသော နေရောင်ခြည်ကို မျက်မှောင်ကြုတ်ကာ ခေတ္တမျှ ကြည့်ပြီးနောက် မော့ယွီသည် ရှောင်မျိုးနွယ်စုဆီသို့ ပြန်လာခဲ့ကာ အနောက်ဘက် ဝင်းအတွင်းရှိ ကျောက်စီလမ်းလေးအတိုင်း အေးအေးလူလူ လျှောက်လာခဲ့သည်။ လမ်းဘေးတစ်လျှောက်တွင် စိမ်းလန်းစိုပြည်သော မိုးမခပင်များက တန်းစီနေပြီး ကြည့်ရသူ၏ စိတ်ကို ကြည်လင်စေသည်။ လမ်းချိုးတစ်ခုသို့ အကွေ့တွင် လူငယ်လေးများနှင့် မိန်းကလေးများ၏ ဆူညံစွာ ရယ်မောကစားနေသံကို အဝေးမှ ကြားလိုက်ရသည်။ ထိုဆူညံသံကြောင့် မော့ယွီ မျက်မှောင်အနည်းငယ် ကြုတ်သွားမိပြီး အသံလာရာဆီသို့ ကြည့်လိုက်ရာ အပြုံးကိုယ်စီဖြင့် လျှောက်လာကြသော လူငယ်တစ်စုကို တွေ့လိုက်ရသည်။
ထိုအုပ်စု၏ အလယ်တွင် ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ဦးနှင့် ရုပ်ချောသော လူငယ်တစ်ဦးတို့မှာ စကားလက်ဆုံ ကျနေကြသည်။ ထိုနှစ်ယောက်မှာ တခြားသူများမဟုတ်ဘဲ စမ်းသပ်ကွင်းတွင် နာမည်ကျော်ခဲ့သော ‘ရှောင်မေ’ နှင့် ရှောင်မျိုးနွယ်စု၏ အကြီးအကဲချုပ်၏ မြေးဖြစ်သူ ‘ရှောင်နင်’ တို့ပင် ဖြစ်သည်။ မော့ယွီသည် ထိုလှပသော မိန်းကလေးနှင့် ရှောင်မျိုးနွယ်စု၏ အချစ်တော် ရှောင်နင်ကို ဂရုမစိုက်သလို တစ်ချက်ကြည့်ပြီးနောက် နှုတ်ဆက်ရန် စိတ်မကူးဘဲ ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။
မော့ယွီ၏ ‘မလေးမစား’ သော အမူအရာကို မြင်လိုက်ရသောအခါ ထိုရုပ်ချောသော လူငယ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားသည်။ မော့ယွီက မည်သူဖြစ်ကြောင်းနှင့် သူ၏ ဦးတည်ရာကို သိလိုက်ပြီးနောက် ရှောင်နင်က အေးစက်စက် လှောင်ပြုံးဖြင့် ဆိုလိုက်သည်။
“သိုင်းကွက်ဆောင်ကို သွားမလို့လား... ဒီအစေခံရဲ့သား နောက်ကျရင် ဘယ်လိုတွေ ဖြစ်လာမလဲ ကြည့်ကြသေးတာပေါ့!”