"ဒီပစ္စည်းတွေကို ဘယ်တော့လောက် လေလံတင်ပေးနိုင်မလဲ"
ဝတ်ရုံနက်အောက်မှ မော့ယွီသည် ယာဖေး၏ သွယ်လျလှပသော ကိုယ်ဟန်ကို တစ်ချက်ဝေ့ကြည့်ရင်း ခပ်အေးအေးပင် မေးလိုက်သည်။
"ဆရာကြီးက ငွေလိုနေလို့လားရှင့်... တကယ်လို့ အရေးမကြီးဘူးဆိုရင်တော့ နောက်တစ်ရက် နှစ်ရက်လောက် စောင့်စေချင်ပါတယ်။ အဆင့်မြင့်လက်နက် နှစ်ခု တစ်ပြိုင်တည်း ပေါ်လာတာမျိုးက ရှားမှရှားမို့လို့လေ။ ကျွန်မတို့ဘက်က နည်းနည်းပါးပါး ကြော်ငြာပေးလိုက်ရင် ဆရာကြီး ရမယ့်အမြတ်က အများကြီး ပိုထွက်လာမှာပါ..."
ယာဖေးက သူမ၏ ထုံးစံအတိုင်း စူးစမ်းလိုသော အပြုံးလေးဖြင့် ခပ်တိုးတိုး ဆိုလိုက်သည်။
မော့ယွီ ခဏမျှ စဉ်းစားပြီး ခေါင်းငြိမ့်ပြလိုက်၏။ သူ့အတွက် နှစ်ရက်လောက် စောင့်ရသည်မှာ ပြဿနာမဟုတ်ပေ။ သူ သဘောတူလိုက်သည်ကို မြင်သောအခါ ယာဖေး၏ မျက်နှာထက်မှ အပြုံးက ပို၍ တောက်ပသွားသည်။ သူမသည် လက်ဖက်ရည်ခွက်ကို ကျော့ကျော့မော့မော့လေး မ ယူကာ သူ့ထံသို့ ကိုယ်တိုင်ကိုယ်ကျ ကမ်းပေးလိုက်၏။
မော့ယွီက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်စဉ် ဝတ်ရုံနက်က အနည်းငယ် လှုပ်ရှားသွားပြီး တည်ငြိမ်ရင့်ကျက်သော အသံဖြင့် ပြောလိုက်သည်။
"မင်းတို့ လေလံရုံးကနေ ငါ့အတွက် ဆေးဖက်ဝင်ပစ္စည်းတချို့ ရှာပေးနိုင်မလား"
ယာဖေး၏ မျက်ဝန်းများတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူမသည် ကုလားထိုင်ပေါ်တွင် ဟန်ပါပါ ထိုင်လိုက်ရာ သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက် အလှတရားက ပို၍ ပေါ်လွင်သွားတော့သည်။ သူမက ပြုံးလျက် ပြန်ထူးလိုက်၏။
"ဆရာကြီးက ဘယ်လိုပစ္စည်းမျိုးတွေ လိုချင်လို့လဲရှင့်"
"နှစ်ငါးဆယ်သက်တမ်းရှိတဲ့ ချော်ရည်ကျောက် ဆယ်ပိဿာ၊ ခရမ်းရောင်သဲ ပိဿာတစ်ရာ၊ နှစ်ရှစ်ဆယ်သက်တမ်းရှိတဲ့ သွေးဝိညာဉ်သစ် တစ်ခု၊ ဂန်းငွေသဲ ပိဿာသုံးဆယ်..."
မော့ယွီက မှတ်ဉာဏ်ထဲရှိ ပစ္စည်းအချို့ကို ရွတ်ပြလိုက်သည်။ ဤပစ္စည်းအများစုမှာ သာမန်မျှသာဖြစ်ပြီး ကျာမားအင်ပါယာအတွင်းရှိ 'မီထဲ့အာ လေလံရုံး' ၏ သြဇာဖြင့်ဆိုလျှင် ရှာဖွေရန် မခဲယဉ်းလှပေ။
"ရပါတယ်ရှင်... ကျွန်မ ဒီပစ္စည်းတွေကို သေချာ ဂရုစိုက်ကြည့်ပေးထားပါ့မယ်။ သတင်းရရချင်း ဆရာကြီးကို ချက်ချင်း အကြောင်းကြားပေးပါ့မယ်။ ဒါနဲ့... ဆရာကြီး ဘယ်မှာ တည်းခိုတယ်ဆိုတာနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ သိပါရစေလားရှင်။ ဆရာကြီးက လက်နက်ဖော်စပ်တဲ့ ပညာရှင် တစ်ယောက်လားဟင်"
ယာဖေးက သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်မိသည်။ ဤ 'ဒိုချီတိုက်ကြီး' ပေါ်တွင် 'ဆေးဖော်စပ်သူ' များ၏ လွှမ်းမိုးမှုက အလွန်ကြီးမားလှသဖြင့် ပန်းပဲအတတ်ပညာကဲ့သို့သော အသက်မွေးဝမ်းကျောင်းများမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ ထို့ကြောင့် ကျွမ်းကျင်သော 'လက်နက်ဖော်စပ်သူ' တစ်ဦးမှာ အလွန်ပင် ရှားပါးလှ၏။ ယခုကဲ့သို့ အဆင့်မြင့်လက်နက်များကို ဖန်တီးနိုင်သော ပညာရှင်တစ်ဦးဆိုလျှင် အဆင့် (၃) ဆေးဖော်စပ်သူတစ်ဦးနှင့်ပင် ရင်ဘောင်တန်းနိုင်ပေလိမ့်မည်။ မီထဲ့အာမျိုးနွယ်စုအတွက်ပင် ထိုကဲ့သို့သော ပါရမီရှင်မျိုးမှာ အလွန် တန်ဖိုးထားရမည့်သူ ဖြစ်သည်။
ယာဖေး၏ အတွေးကို ရိပ်မိသဖြင့် မော့ယွီက ခပ်တိုးတိုး ရယ်လိုက်ပြီး...
"ပစ္စည်းဖိုးတွေကိုတော့ ဒီလက်နက်နှစ်ခုရဲ့ လေလံရငွေထဲကပဲ နှုတ်လိုက်ပါ။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ ငါ လာယူမယ်။ ငါက လက်နက်ပြုလုပ်သူ ဟုတ်မဟုတ်ဆိုတာကတော့... ဒီလက်နက်နှစ်ခုလုံးက ငါ့လက်နဲ့ လုပ်ထားတာဆိုတော့ အဲ့ဒါကပဲ မင်းရဲ့မေးခွန်းအတွက် အဖြေဖြစ်မှာပါ"
သူ့ဆီက အတည်ပြုချက်ရလိုက်သည်နှင့် ယာဖေး၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူမ၏ မျက်ဝန်းများမှာ ဝမ်းသာအားရ ဖြစ်သွားကြ၏။ တကယ်လို့သာ ဤသူသည် တကယ့်လက်နက်ပညာရှင်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ မပတ်သက်သေးဘူးဆိုလျှင် သူမအနေဖြင့် သူ့ကို 'မီထဲ့အာမျိုးနွယ်စု' ထဲသို့ ဆွဲဆောင်နိုင်မည့် အခွင့်အရေးရှိပေသည်။ ထိုကဲ့သို့သော လူမျိုးသာ သူမလက်အောက်တွင် ရှိနေလျှင် သူမရမည့် အကျိုးအမြတ်မှာ မတွေးဝံ့စရာပင်။ မျိုးနွယ်စု ဌာနချုပ်၏ အကြီးအကဲရာထူးအထိပင် သူမ တက်လှမ်းနိုင်မည် မဟုတ်ပါလား။
"ဆရာကြီးရဲ့ လက်ရာက တကယ်ကို ထူးခြားပြောင်မြောက်လှပါတယ်။ တစ်နိုင်ငံလုံးမှာတောင် ထိပ်တန်းစာရင်းဝင်မှာ သေချာပါတယ်။ တကယ်လို့ ဆရာကြီးအနေနဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ရသေးဘူးဆိုရင် ကျွန်မတို့ မီထဲ့အာမျိုးနွယ်စုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုချင်ပါတယ်ရှင်။ အင်ပါယာရဲ့ အင်အားကြီးမျိုးနွယ်စု သုံးစုထဲက တစ်ခုအနေနဲ့ ကျွန်မတို့က ဆရာကြီးအတွက် အကောင်းဆုံး ရာထူးနဲ့ လိုလေသေးမရှိတဲ့ အထောက်အပံ့တွေကို ပေးနိုင်ပါတယ်။ ကျွန်မတို့ရဲ့ အကူအညီနဲ့ဆိုရင် တစ်နေ့မှာ ဆရာကြီးဟာ ဒီအင်ပါယာရဲ့ နံပါတ်တစ် လက်နက်ပညာရှင် ဖြစ်လာနိုင်ပါတယ်!"
အနာဂတ်တွင် မော့ယွီသည် အင်ပါယာ၏ နံပါတ်တစ် ပညာရှင်အဖြစ် မီထဲ့အာမျိုးနွယ်စုတွင် ရှိနေမည့်အရေးကို တွေးမိရင်း ယာဖေးမှာ ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ ဤအောင်မြင်မှုသာ ရရှိခဲ့လျှင် သူမ၏အမည်မှာ မျိုးနွယ်စုသမိုင်းတွင် မော်ကွန်းတင်ကျန်ရစ်ပေတော့မည်။
အမြဲတမ်း တည်ငြိမ်လှပနေတတ်သော ယာဖေးတစ်ယောက် ယခုအခါ ပါးပြင်လေးများ နီမြန်းကာ၊ အသက်ရှူသံများ မြန်ဆန်နေပြီး ရင်အစုံမှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို မြင်သောအခါ မော့ယွီမှာ သူမဆီမှ ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့ကို တစ်ဝကြီး ရှူရှိုက်လိုက်မိသည်။ အလုပ်ထဲတွင် စိတ်နှစ်ထားသော မိန်းမတစ်ဦး၏ အလှမှာ တကယ်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
'ဒီမိန်းမကတော့ အလုပ်ကြိုးစားလွန်းတာပဲ' ဟု မော့ယွီက တွေးလိုက်မိသည်။ သူမ၏ ကမ်းလှမ်းချက်မှာ သာမန်လူတစ်ယောက်အတွက်ဆိုလျှင် ရင်ခုန်စရာကောင်းလှသော်လည်း သူ့အတွက်မူ အရာမထင်ပေ။
"တကယ်လို့ မီထဲ့အာမျိုးနွယ်စုကသာ ယာဖေးကို ငါ့လက်ထဲ အပ်နှင်းမယ်ဆိုရင်တော့ ငါ စဉ်းစားကြည့်ပေးမယ်လေ..."
မော့ယွီက စနောက်လိုသော အမူအရာဖြင့် ပြောလိုက်ရင်း သူမ၏ အလှတရားကို စိုက်ကြည့်နေလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ယာဖေးတစ်ယောက် ခဏမျှ မှင်တက်သွားသည်။ ထို့နောက် မော့ယွီ မမျှော်လင့်ထားသည့်အတိုင်း သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးများ ဖြာတက်သွားတော့သည်။ လွန်ခဲ့သည့် လေလံပွဲတုန်းကလည်း ဤသူသည် သူမအပေါ် ရဲရဲတင်းတင်း ပြုမူခဲ့ဖူးသည်ကို သူမ သတိရသွားသည်။ ယခုလည်း ယခုကဲ့သို့ အဖိုးတန်ပစ္စည်းများကို ယူလာခဲ့ခြင်းမှာ သူမအတွက်ကြောင့်များလား...။
လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော အမျိုးသားတစ်ဦး၏ အသည်းအသန် လိုက်လံစွဲလမ်းခြင်းကို ခံရခြင်းမှာ ရင့်ကျက်ပြီး လောကအတွေ့အကြုံရှိသော ယာဖေးအတွက်ပင် အချိန်အတော်ကြာ မခံစားခဲ့ရဖူးသော ခံစားချက်မျိုး ဖြစ်စေခဲ့သည်။ သူမ၏ နှလုံးသားမှာ မမျှော်လင့်ဘဲ ဗုံတီးသကဲ့သို့ ခုန်လှုပ်လာခဲ့၏။
ပုံမှန်မဟုတ်ဘဲ ရှက်အမ်းအမ်း ဖြစ်နေသည့် သူမ၏ အမူအရာနှင့် မျက်ဝန်းထဲမှ တွေဝေမှုများကို မြင်သောအခါ မော့ယွီက ချက်ချင်းပင် 'ဟာ... ငါ နည်းနည်း များသွားပြီလား မသိဘူး' ဟု တွေးလိုက်မိသည်။ သူက လေသံကို ချက်ချင်း ပြန်ပြင်လိုက်ပြီး စိတ်ပျက်သွားသည့်ဟန်ဖြင့်...
"ငါက ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ချင်ပါဘူး။ ယာဖေးက သဘောမတူဘူးဆိုရင်လည်း ငါ လက်လျှော့လိုက်ပါ့မယ်"
ယာဖေး ပြန်မပြောနိုင်ခင်မှာပင် မော့ယွီသည် ပစ္စည်းစစ်ဆေးခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။ သူ၏ ကျောပြင်မှာ အထီးကျန်နေသယောင်ပင်။
သူ ထွက်သွားသည်ကို ကြည့်ရင်း ယာဖေးမှာ ကြောင်အမ်းအမ်း ကျန်ရစ်ခဲ့သည်။ သူမ၏ လှပသော မျက်ဝန်းများက ထိုကျောပြင်နောက်သို့ ငေးကြည့်နေမိပြီး စိတ်ထဲမှာလည်း ရှုပ်ထွေးနေမိသည်။ ခဏတာမျှတော့ သူမ စိတ်လှုပ်ရှားသွားခဲ့သည်မှာ အမှန်ပင်။ သို့သော် နှစ်ရှည်လများ လေ့ကျင့်ထားသော စိတ်ထိန်းနိုင်စွမ်းကြောင့် ဇွတ်တရုတ် ဆုံးဖြတ်ချက်မချမိအောင် သူမ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်ငြားလည်း သူမ၏ ဆန္ဒကို လေးစားပေးသွားသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် လူသားမှာ သူမ၏ နှလုံးသားပေါ်တွင် သေးငယ်သော အမှတ်အသားတစ်ခုကိုတော့ ချန်ရစ်ခဲ့လေပြီ။
တစ်ဖက်တွင်လည်း လေလံရုံးအပြင်ဘက်သို့ ရောက်သည်နှင့် မော့ယွီသည် တိတ်ဆိတ်သော လမ်းကြားတစ်ခုထဲသို့ တိုးဝင်ကာ ဝတ်ရုံနက်ကို ချွတ်လိုက်ပြီး သူ၏ ချောမောသော မျက်နှာကို ဖော်ပြလိုက်သည်။
"တော်သေးတာပေါ့... တကယ်လို့ ယာဖေးသာ တကယ်ကြီး သဘောတူလိုက်ရင် ငါ ဒုက္ခရောက်တော့မှာ"
စောစောက အဖြစ်အပျက်ကို ပြန်တွေးမိရင်း မော့ယွီက အားမလိုအားမရ ပြုံးကာ ခေါင်းခါလိုက်သည်။ မူရင်းဇာတ်လမ်းထဲတွင် ယာဖေးက အလွန်ထူးချွန်သော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သဖြင့် သူက စနောက်ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ယခုမူ ထိုပြက်လုံးမှာ နည်းနည်း လွန်သွားပြီဆိုသည်ကို သူ နားလည်လိုက်သည်။ မီထဲ့အာမျိုးနွယ်စုထဲ ဝင်ဖို့ဆိုသည်မှာလည်း သူ့အတွက် စိတ်ဝင်စားစရာ မဟုတ်ပေ။ 'ကျာမားအင်ပါယာ' ဆိုသည်မှာ သူ့ကဲ့သို့ လူတစ်ယောက်အတွက် သေးငယ်လွန်းလှသည်။
ယာဖေးနှင့် ပတ်သက်လျှင်လည်း ရှောင်ယွီကဲ့သို့ပင် သူ သဘောထားသည်။ အခုချိန်မှာ သူ့အတွက် အရေးကြီးဆုံးက အစွမ်းထက်ဖို့သာ ဖြစ်ပြီး ကျန်တာတွေကတော့ ကံတရားအတိုင်းသာ ဖြစ်ပေလိမ့်မည်။