အခန်း (၂၈) - လှုပ်ရှားမှုစွမ်းရည်သိုင်းကွက်
မော့ယွီ၏ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုသည် ရှောင်မျိုးနွယ်စု၏ "အမြွှာနဂါး" ဟူသော ဂုဏ်သတင်းကို ပိုမိုခိုင်မာစေခဲ့သည်။ မူလဇာတ်လမ်းလမ်းကြောင်းတွင် ရှောင်နင်သည် ရှောင်ယန်ကို ဒေါသတကြီး စိန်ခေါ်ခဲ့သော်လည်း ယခုမူ ထိုသို့ဖြစ်မလာခဲ့ပေ။ မိမိထက်သာလွန်သော မော့ယွီ၏ တောက်ပမှုကို မြင်တွေ့လိုက်ရပြီးနောက် ရှောင်နင်သည် ရှောင်ယန်ကို အနိုင်ယူနိုင်ပါ့မလားဟူသော မိမိကိုယ်ကိုယ်ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ရသည်။ ဤမမျှော်လင့်ထားသော အပြောင်းအလဲကြောင့်ပင် ရှောင်နင်မှာ လူအများရှေ့တွင် အရှက်ကွဲရမည့်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့သည်။
မော့ယွီ၏ အခမ်းအနားပြီးဆုံးသွားပြီးနောက် အခြားမျိုးနွယ်စုဝင်များလည်း စင်ပေါ်သို့ တက်ရောက်ခဲ့ကြသော်လည်း မော့ယွီ ပြသသွားသည့် အံ့မခန်းစွမ်းဆောင်ရည်၏ အရိပ်အောက်တွင် သူတို့၏ အောင်မြင်မှုများမှာ မှေးမှိန်လွန်းနေခဲ့သည်။ သို့သော်လည်း ရွှန်းအာ ထွက်ပေါ်လာချိန်တွင်မူ ပရိသတ်မှာ တဖန်ပြန်၍ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပြန်သည်။ အသက် (၁၅) နှစ်အရွယ်နှင့် 'ဒိုကျဲ' အဆင့်သို့ ရောက်ရှိခြင်းမှာ ထိုစဉ်က ရှောင်ယန်၏ စွမ်းဆောင်ရည်နှင့် ယှဉ်လျှင် အနည်းငယ်သာ နိမ့်ပါးပေသည်။ ရှောင်မျိုးနွယ်စု၏ အဖိုးတန်ရတနာလေးဖြစ်သော ရွှန်းအာ၏ အရည်အချင်းကို လူအများက ကြားဖူးနားဝရှိကြသဖြင့် အံ့သြမိကြသော်လည်း "ရှောင်မျိုးနွယ်စု၏ အမြွှာနဂါး" အဖြစ် ရုတ်တရက် ထွက်ပေါ်လာခဲ့သော မော့ယွီပေးသည့် ရိုက်ခတ်မှုလောက်တော့ မပြင်းထန်ခဲ့ပေ။
နံနက်မှ ညနေစောင်းအထိ ကျင်းပခဲ့သော လူလားမြောက်ခြင်းအခမ်းအနားသည် အံ့သြမှင်သက်မှုများစွာနှင့်အတူ ပြီးဆုံးသွားခဲ့သည်။ လူအုပ်ကြီး လူစုကွဲသွားသည့်တိုင် အစိမ်းရောင်ဝတ်စုံနှင့် တည်ငြိမ်နေသော လူငယ်နှင့် အနက်ရောင်ဝတ်စုံနှင့် ခန့်ညားနေသော လူငယ်တို့အပေါ် အားကျလေးစားမှု အပြည့်ရှိသည့် အကြည့်များစွာ ကျန်ရစ်နေဆဲဖြစ်သည်။
အခမ်းအနားပြီးဆုံးချိန်တွင် မော့ယွီသည် ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်လိုက်သည်။ သူ့အဖို့တော့ ဤရိုးအီနေသော ထုံးတမ်းစဉ်လာကြီးမှာ အလွန်ပင် စိတ်ကုန်စရာကောင်းလှသည်။ အခမ်းအနားပြီးနောက် မော့ယွီ၏ ဘဝသည် ပုံမှန်အတိုင်း ပြန်လည်အေးချမ်းသွားခဲ့သည်။ ဒိုကျဲအဆင့်သို့ တက်လှမ်းပြီးနောက် မော့ယွီသည် "မိုးကြိုးခန္ဓာ" ကျင့်စဉ်အတွက် လျှပ်စီးပတ်လမ်း (၁၃) ခုကိုလည်း အောင်မြင်စွာ စုစည်းနိုင်ခဲ့သည်။ ယခုအခါ မော့ယွီသည် မျိုးနွယ်စု၏ ဗဟိုချက်မ ဖြစ်လာခဲ့ပြီ။ သူ ဘယ်နေရာသွားသွား လေးစားသော အကြည့်များနှင့် ရိုသေစွာ နှုတ်ဆက်မှုများက အရိပ်ပမာ လိုက်ပါနေတော့သည်။
...
"ဝှစ်...!"
တောင်နောက်ဘက်ရှိ စိမ်းစိုသော တောအုပ်အတွင်း၌ အရိပ်တစ်ခုသည် သစ်ပင်များကြားတွင် လေလွင့်နဂါးတစ်ကောင်ကဲ့သို့ ကျွမ်းကျင်ဖျတ်လတ်စွာဖြင့် အတားအဆီးများကို ရှောင်ကွင်းကာ ပြေးလွှားနေသည်။ ထိုလူငယ်၏ လှုပ်ရှားမှုသည် ပင်လယ်ပြင်အတွင်း ကူးခတ်နေသော နဂါးတစ်ကောင်အလား လျင်မြန်လှပြီး တောအုပ်အတွင်း အခက်အခဲမရှိ ဖြတ်သန်းနေသည်။ မြေပြင်ပေါ်ရှိ အတားအဆီးများက သူ့အရှိန်ကို အနည်းငယ်မျှပင် မနှေးကွေးစေဘဲ သူ၏အရှိန်မှာ သာမန်ဒိုကျဲတစ်ယောက်ထက် များစွာ သာလွန်နေသည်။
"ဝှူး...!"
ဟုန်ခနဲ အရှိန်ပြင်းစွာ ပြေးနေသော အရိပ်သည် ရုတ်တရက် ရပ်တန့်သွားသည်။ ခြေထောက်နှစ်ဖက်ကို အနည်းငယ် ကွေးညွှတ်ကာ ခန္ဓာကိုယ်ကို ထူးဆန်းသော ထောင့်ချိုးတစ်ခုအတိုင်း စောင်းလိုက်ပြီးနောက်... ဖွဖွလေး အသံမြည်သွားကာ ကောင်းကင်ယံသို့ မြှားတစ်စင်းအလား ပျံတက်သွားပြီး သစ်ပင်ထိပ်ဖျားပေါ်တွင် ခြေဖျားလေးနှင့် ခပ်သာသာလေး နင်းလိုက်သည်။ ထိုအရိပ်သည် သစ်ပင်ထိပ်တွင် (၁၀) စက္ကန့်မျှသာ ရှိနေသော်လည်း တစ်စုံတစ်ယောက်ကသာ မြင်တွေ့ခဲ့လျှင် အလွန်အမင်း တုန်လှုပ်သွားပေလိမ့်မည်။ ဤမျှ မြင့်မားသော လှုပ်ရှားမှုသိုင်းကွက်မှာ သာမန်လူတို့ စိတ်ကူး၍ပင် မရနိုင်သော အဆင့်ဖြစ်သည်။
သစ်ပင်ထိပ်တွင် စက္ကန့်အနည်းငယ်မျှ ရပ်နားပြီးနောက် သူ၏ခြေဖျားအောက်တွင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ ခန္ဓာကိုယ်ကို ဝေ့ဝိုက်လိုက်ရာ မော့ယွီသည် မီတာအနည်းငယ်အကွာရှိ အခြားသစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားသို့ ရောက်ရှိသွားပြန်သည်။ လေထုထဲတွင် ကျန်ရစ်ခဲ့သော အရိပ်ယောင်လေးသာ မရှိခဲ့လျှင် သူသည် ဟင်းလင်းပြင်အတားအဆီးကို ဖောက်ထွက်ကာ တယ်လီပို့လုပ်လိုက်သည်ဟုပင် ထင်မှတ်ရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်မျိုး ဖြစ်သည်။
"ရွှမ်အဆင့်ရှိတဲ့ လှုပ်ရှားမှုသိုင်းကွက်က သုံးရတာ တကယ်ကို စွဲမက်စရာပဲ..." သစ်ကိုင်းပေါ်တွင် ဟန်ချက်ညီညီ ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူငယ်ထံမှ ကျေနပ်အားရသံ ထွက်ပေါ်လာသည်။ "လေလွင့်နဂါးကိုးချက်!"
ဒါကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ မော့ယွီ အပိုင်နိုင်ဆုံး ကျင့်ကြံထားတဲ့ ရွှမ်အဆင့် လှုပ်ရှားမှုသိုင်းကွက်ပဲ ဖြစ်သည်။ ဒိုကျဲအဆင့်ကို ရောက်ပြီးမှသာ လှုပ်ရှားမှုသိုင်းကွက်တွေကို စတင်အသုံးပြုနိုင်တာကြောင့် အရင်က လေလံပွဲမှာ ရခဲ့တဲ့ "လေလွင့်နဂါးကိုးချက်" ကို သူ သင်ယူခဲ့ခြင်းဖြစ်သည်။ မော့ယွီသည် ယခင်ဘဝကတည်းက ဤသိုင်းကွက်ကို အဆင့်မြင့် ရွှမ်အဆင့် သိုင်းကွက်တစ်ခုနှင့် ယှဉ်နိုင်သည်အထိ မွမ်းမံပြင်ဆင်ခဲ့ဖူးသည်။ ထို့ကြောင့် ယခုလည်း မူလသိုင်းကွက်ထက် ပိုမိုအားကောင်းသည့် ဗားရှင်းကိုသာ သူ ကျင့်ကြံခဲ့သည်။
"လေလွင့်နဂါးကိုးချက်" ဟူသော အမည်တွင် "ကိုးချက်" ဟု ပါရှိသော်လည်း ၎င်းမှာ တင်စားထားသော ကိန်းဂဏန်းသာ ဖြစ်သည်။ အမှန်တကယ်တွင် 'ချက်ချင်းလက်ငင်းဖျတ်ခြင်း' ၊ 'ရိပ်ခနဲအရိပ်ဖျတ်ခြင်း' နှင့် 'အမြန်နှုန်းဖြင့်ဖျတ်ခြင်း' ဟူ၍ သုံးမျိုးသာ ရှိသည်။ ထိုသုံးမျိုးမှာ အနိမ့်အမြင့် ကွာခြားခြင်းမျိုး မဟုတ်ဘဲ အသုံးပြုပုံခြင်းသာ ကွဲပြားခြင်းဖြစ်သည်။
'ချက်ချင်းလက်ငင်းဖျတ်ခြင်း(လျှပ်တပြတ်ဖျတ်ခြင်း)' သည် တယ်လီပို့လုပ်လိုက်သကဲ့သို့ပင် ပြိုင်ဘက် မရိပ်မိခင်မှာတင် မျက်စိတစ်မှိတ်အတွင်း အရှိန်အဟုန်ပြင်းစွာ လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။ 'ရိပ်ခနဲအရိပ်ဖျတ်ခြင်း' ကတော့ မိမိကိုယ်ပွားအရိပ်များကို ဖန်တီးကာ ရန်သူကို မျက်စိလည်အောင် လုပ်ခြင်းဖြစ်ပြီး ထိုအရိပ်များတွင်လည်း ဒိုချီစွမ်းအင်အချို့ ပါဝင်နေသည်။ 'အမြန်နှုန်းဖြင့်ဖျတ်ခြင်း' ကတော့ ခရီးဝေးသွားခြင်း၊ ရန်သူကို လိုက်လံဖမ်းဆီးခြင်းနှင့် တိုက်ပွဲများအတွင်း အသုံးပြုရန် အသင့်တော်ဆုံးနှင့် အစွယ်စုံဆုံး ဖြစ်သည်။
မော့ယွီသည် ယခင်ဘဝက ဤသိုင်းကွက်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ခဲ့သူဖြစ်ရာ ယခုပြန်လည်လေ့ကျင့်သည့်အခါတွင်လည်း အထစ်အငေါ့မရှိ အဆင်ပြေနေသည်။ "အမြန်နှုန်းဖြင့်ဖျတ်ခြင်း' က ဒိုချီစွမ်းအင် အကုန်အကျ သိပ်မများသော်လည်း 'ချက်ချင်းလက်ငင်းဖျတ်ခြင်း(လျှပ်တပြတ်ဖျတ်ခြင်း)' မှာမူ ဒိုကျဲအဆင့်သို့ ရောက်နေသည့်တိုင် တစ်ကြိမ်သုံးလိုက်ရုံနှင့် ဒိုချီစွမ်းအင် ထက်ဝက်ကျော် ကုန်ဆုံးသွားစေသည်။ ထို့ကြောင့် ၎င်းကို တိုက်ပွဲအဆုံးသတ်ပိုင်းတွင်သာ အသုံးပြုရန် သင့်တော်သည်။ အရိပ်ဖျတ်ခြင်း အပိုင်းမှာမူ သူ၏ လက်ရှိဒိုချီစွမ်းအင်နှင့်ဆိုလျှင် ပီပြင်သော အရိပ်ကိုယ်ပွားတစ်ခုပင် မဖန်တီးနိုင်သေးပေ။
ခဏမျှ နားနေပြီး စွမ်းအင်များ ပြန်လည်ဖြည့်တင်းပြီးနောက် မော့ယွီသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ကာ တောအုပ်အစပ်ဆီသို့ မျက်လုံးများ ကျဉ်းမြောင်း၍ ကြည့်လိုက်သည်။ အဝတ်အစားပေါ်ရှိ သစ်ရွက်ခြောက်အချို့ကို ခါထုတ်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာကာ တောအုပ်ထဲမှ ပျင်းရိစွာဖြင့် လမ်းလျှောက်ထွက်လာခဲ့သည်။
တောအုပ်အပြင်သို့ ရောက်ရှိလာချိန်တွင် နေရောင်ခြည်၏ နွေးထွေးမှုကြောင့် တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ မော့ယွီသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ရာ မလှမ်းမကမ်းရှိ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရပ်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ နေရောင်ခြည်သည် ထိုအမျိုးသမီး၏ သွယ်လျလှပသော ကိုယ်လုံးကိုယ်ပေါက်နှင့် ဆွဲဆောင်မှုရှိသော အကွေးအဆန့်များကို ထင်ရှားစေသည်။ အထူးသဖြင့် သူမ၏ သွယ်လျရှည်လျားသော ခြေတံအလှမှာ ပို၍ပင် ရင်သပ်ရှုမောဖွယ် ကောင်းနေသည်။
ကျောက်တုံးပေါ်မှ ရှောင်ယွီကို ကြည့်ကာ မော့ယွီသည် ကျောက်တုံးခြေရင်းသို့ အေးအေးလူလူ လမ်းလျှောက်သွားလိုက်သည်။ သူမ၏ အေးစက်လှပသော မျက်နှာလေးကို မော့ကြည့်ပြီး ဆွဲဆောင်မှုရှိသော ခြေတံများကို ခဏမျှ အကြည့်ပို့လိုက်ကာ နှာခေါင်းကို အသာအယာ ပွတ်လိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည် - "ခြေတံတွေက လှသားပဲ... ဝမ်းကွဲမ ရှောင်ယွီ၊ ငါ့ကို ကြွားချင်လို့ တမင်သက်သက် ပြနေတာလား?"
ထိုစကားတစ်ခွန်းကြောင့်ပင် ရှောင်ယွီ၏ အေးစက်သော မျက်နှာထားမှာ ချက်ချင်းဆိုသလို အမျက်ဒေါသများဖြင့် ပြောင်းလဲသွားသည်။ သူမ၏ ရင်အုပ်မှာ ဒေါသကြောင့် အနည်းငယ် မြင့်တက်လာပြီး သွားများကို တင်းတင်းစေ့ကာ အေးစက်သော လေသံဖြင့် ဆိုသည် - "နင့်ကို ငါ ဘာလို့ လာရှာတယ်ဆိုတာ သိလား?"
"ငါက မင်းအပေါ် ဘာအငြိုးအတေးမှ ရှိခဲ့ဖူးလို့လဲ ဝမ်းကွဲမရှောင်ယွီရဲ့..." မော့ယွီက ဘာမှမသိနားမလည်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။ နေရောင်အောက်တွင် ထိုချောမောသော လူငယ်လေးမှာ ရှောင်ယွီကဲ့သို့ "သခင်မလေး" တစ်ယောက်၏ အနိုင်ကျင့်ခြင်းကို ခံနေရသော အားကိုးရာမဲ့ မိန်းမပျိုလေးတစ်ယောက်နှယ်။
သူ့၏ ဝေခွဲမရသည့် မျက်နှာထားကို မြင်သောအခါ ရှောင်ယွီ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ သူမက တရားမျှတမှု လာတောင်းခြင်းဖြစ်သော်လည်း ယခုမူ သူမကိုယ်တိုင်က ဗီလိန်ဖြစ်နေသလိုလို။ ရှောင်ယွီသည် အနေရခက်သွားကာ ဒေါသကို ထိန်းချုပ်လိုက်သော်လည်း မျက်ခုံးတန်းများတွင်မူ စိတ်မရှည်မှုများ အရိပ်ထင်နေဆဲပင်။
"မျိုးနွယ်စုရဲ့ အကြီးအကဲတွေက ငါ့ကို နင်နဲ့ လက်ထပ်ပေးချင်နေကြတာ... ငါ့အဘိုးတောင်မှ အဲဒီအကြံကို သဘောတူတယ်" ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက အံကြိတ်ကာ ပြောလိုက်သည်။
"အို... ဟုတ်လား?" မော့ယွီက အံ့သြဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။ အကြီးအကဲများ၏ ရည်ရွယ်ချက်ကို သူ မသိခဲ့သော်လည်း ပြန်စဉ်းစားကြည့်လျှင် ဒါက ဖြစ်သင့်သည်။ သူသည် ရှောင်မျိုးနွယ်စု၏ သွေးပါသော်လည်း မျိုးရိုးအမည်မှာ ရှောင် မဟုတ်ဘဲ မော့ ဖြစ်နေသည်။ "ရှောင်မျိုးနွယ်စု၏ အမြွှာနဂါး" ဟူသော ဘွဲ့အမည်မှာ သူ့ကို မျိုးနွယ်စုနှင့် ပိုမိုခိုင်မြဲအောင် ချည်နှောင်လိုသည့် ဆန္ဒကို ပြသနေခြင်း ဖြစ်သော်လည်း ဘွဲ့အမည်တစ်ခုတည်းနှင့်တော့ မလုံလောက်ပေ။ ထို့ကြောင့် လက်ထပ်ထိမ်းမြားခြင်းက အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်သည်။
ရှောင်မေ မှသည် ရှောင်ယွီ အထိ... မျိုးနွယ်စုက သူ့အပေါ် မည်မျှ အလေးထားလာသည်ကို သိသာလှသည်။ ထို့ပြင် ရှောင်ယန်၏ ပါရမီများ ပြန်လည်ရရှိလာပြီးနောက် မျိုးနွယ်စုခေါင်းဆောင် ရှောင်ကျန့်သည်လည်း အကြီးအကဲများအဖွဲ့ အားကောင်းလာမည်ကို စိုးရိမ်စရာ မလိုတော့သဖြင့် ဤလက်ထပ်မှုကို ထောက်ခံခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မော့ယွီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ "မျိုးနွယ်စု ကိစ္စတွေကြားထဲမှာ ငါက ဘယ်လိုလုပ်ပြီး ရည်မှန်းချက်ကြီးကြီးမားမားတွေ အကောင်အထည်ဖော်နိုင်မှာလဲ?" တိုက်ကြီးတစ်ခွင် လှည့်လည်သွားလာရမည့် သူအဖို့တော့ အခြေချနေထိုင်ရန် ဆန္ဒမရှိပေ။ သို့သော် သူ၏ ငြင်းဆန်မှုကို ပြောပြတော့မည့်ဆဲဆဲတွင် ရှောင်ယွီ၏ မောက်မာသော အမူအရာကို တွေ့လိုက်ရသဖြင့် စိတ်ကူးပြောင်းသွားကာ နောက်ပြောင်သောအပြုံးဖြင့် ဆိုလိုက်သည် -
"အင်း... တကယ်လား? ဝမ်းကွဲမ ရှောင်ယွီလို အလှလေးနဲ့ လက်ထပ်ရမှာလား? ငါ တကယ်ကို မျှော်လင့်နေမိပြီ..."