အခန်း (၂၄) - ရှည်လျားလှပသော ခြေတံများ
အလယ်ပိုင်းဒေသရှိ လေမျိုးနွယ်စုအတွင်း ဖြစ်ပေါ်သွားသော ရိုက်ခတ်မှုများကို မော့ယွီတစ်ယောက် မသိရှိဘဲ ရှောင်မျိုးနွယ်စုထံသို့ ပြန်ရောက်နေပြီဖြစ်သည်။ မကြာသေးမီက တံခါးပိတ်ကျင့်ကြံမှုမှ ရရှိခဲ့သော ရလဒ်များကြောင့် အမြဲတစေ တည်ငြိမ်လှသော ဤလူငယ်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုကို မဖုံးဖိနိုင်အောင် ဖြစ်နေရသည်။ ဒိုကျဲအဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့သည်သာမက "ကောင်းကင်ဘုံ မိုးကြိုးခန္ဓာ" ပြန်လည်နိုးထလာခြင်းကလည်း သူ့အတွက် များစွာဝမ်းမြောက်စရာ ဖြစ်ခဲ့သည်။
ဒိုချီတိုက်ကြီးပေါ်တွင် 'သုံးရောင်ခြယ်ကျောက်စိမ်းမြွေမျက်ဝန်း' နှင့် 'ကောင်းကင် အဆိပ်ခန္ဓာ' ကဲ့သို့သော ထူးခြားသည့် ခန္ဓာကိုယ်ပိုင်ရှင်များ ရှိကြသလို၊ ရှေးဟောင်းမျိုးနွယ်ကြီး ရှစ်စု၏ ဒိုဒီသွေးမျိုးဆက်များသည်လည်း ထူးခြားသည့် ခန္ဓာတည်ဆောက်ပုံများပင် ဖြစ်သည်။ သို့သော် "ကောင်းကင်ဘုံ မိုးကြိုးခန္ဓာ" နှင့် နှိုင်းယှဉ်လျှင်မူ ထိုခန္ဓာကိုယ်များမှာ သိသိသာသာ အဆင့်ကွာခြားနေသည်။ အကြောင်းမှာ ထိုခန္ဓာကိုယ်အများစုသည် အဆင့်နိမ့်လောက၏ အတားအဆီးများကို ချိုးဖျက်နိုင်စွမ်း မရှိကြသော်လည်း၊ မိုးကြိုးခန္ဓာမှာမူ အမှန်တကယ်ပင် ထိပ်တန်းအဆင့်မြင့် ခန္ဓာကိုယ်မျိုးဖြစ်သည်။ အကယ်၍ အောင်မြင်စွာ ရင့်ကျက်လာခဲ့ပါက 'မဟာကမ္ဘာ' တွင်ပင် ထိတ်ထိတ်ကြဲ နာမည်ကျော်ကြားနိုင်စွမ်း ရှိပေသည်။
ဒိုကျဲအဆင့်သို့ ရောက်ရှိပြီးနောက် မော့ယွီသည် မိမိကိုယ်ကို တစ်ရက်တာ အနားပေးလိုက်သည်။ ထို့နောက်တွင်မူ သူ၏နေ့စဉ်ဘဝမှာ ပုံမှန်ဇယားအတိုင်း ပြန်လည်လည်ပတ်လာခဲ့သည်။ နံနက်ခင်းတွင် နောက်တောင်ကုန်းသို့သွား၍ "အဆုံးစွန် မိုးကြိုးဝိညာဉ်ကျင့်စဉ်" ကို လေ့ကျင့်ပြီး၊ အိမ်ပြန်ရောက်လျှင် ဒိုချီစွမ်းအင်များကို ကျင့်ကြံကာ တစ်ခါတစ်ရံတွင် အဘိုးဖြစ်သူနှင့် စကားစမြည်ပြောရင်း အချိန်ဖြုန်းသည်။ မော့ယွီသည် အချိန်တိုင်းကို စနစ်တကျ စီစဉ်ထားသူ ဖြစ်သည်။
ထိုကာလအတွင်း ရှောင်မျိုးနွယ်စုဝင်းထဲ၌ ရှောင်ယန်နှင့် တစ်ခါတစ်ရံ ဆုံမိတတ်သည်။ ထိုလူငယ်လေးမှာလည်း ယခင်က ပါရမီများကို ပြန်လည်ရရှိထားပြီး ဖြစ်ရာ မျိုးနွယ်စုအတွင်း ဂုဏ်သတင်းမှာလည်း အရှိန်အဟုန်ဖြင့် ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ဆေးမှုများအပြီးတွင် ရှောင်ယန်အတွက် အရှိန်အဝါ မြှင့်တင်ပေးရန် သို့မဟုတ် ရှောင်မျိုးနွယ်စု၏ နာမည်ဂုဏ်သတင်းကို ဖြန့်ကြက်ရန် ရည်ရွယ်၍ "ရှောင်မျိုးနွယ်စု၏ နဂါးအမြွှာ" ဟူသော ဘွဲ့အမည်မှာ ပျံ့နှံ့လာခဲ့သည်။
နဂါးတစ်ကောင်မှာ သုံးနှစ်တာ ကျဆင်းခဲ့ပြီးမှ ပါရမီပြန်လည်ရရှိလာသည့် သခင်လေး ရှောင်ယန်ဖြစ်ပြီး၊ အခြားတစ်ကောင်မှာမူ တစ်နှစ်ကျော်အတွင်း အံ့မခန်း အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည့် လျှို့ဝှက်ဆန်းပြားသော ပါရမီရှင် မော့ယွီပင် ဖြစ်သည်။ လူအများ၏ ပြောစကားများမှတစ်ဆင့် "ရှောင်မျိုးနွယ်စု၏ နဂါးအမြွှာ" ဆိုသော အမည်မှာ ဝူတန်မြို့တစ်ခွင် လွှမ်းမိုးသွားတော့သည်။
အေးချမ်းဆိတ်ငြိမ်သော နေ့ရက်များဖြင့် ဆယ့်ငါးရက်ခန့် ကုန်လွန်သွားခဲ့သည်။ မနက်ဖြန်သည် ရှောင်မျိုးနွယ်စုအတွက် အရေးပါလှသော "အရွယ်ရောက်ခြင်း အထိမ်းအမှတ် အခမ်းအနား" ကျင်းပမည့်နေ့ ဖြစ်သည်။ မျိုးနွယ်စုတစ်ခု စည်ပင်ဝပြောရန်အတွက် လူငယ်မျိုးဆက်သစ်များ၏ တက်ကြွမှုမှာ အဓိကကျသည်။ လတ်ဆတ်သော သွေးသစ်များ အဆက်မပြတ် စီးဝင်နေမှသာ မျိုးနွယ်စုဟူသော စက်ယန္တရားကြီးမှာ ချောမွေ့စွာ လည်ပတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဤအခမ်းအနားမှာ လူတိုင်းအတွက် အလွန်အရေးကြီးပြီး ရှောင်မျိုးနွယ်စုကလည်း အထူးတလည် ပြင်ဆင်ထားသည်။ ဝူတန်မြို့၏ အင်အားကြီးမျိုးနွယ်စု သုံးစုထဲတွင် တစ်စုအပါအဝင်ဖြစ်သည့်အတွက် အခြားအင်အားစုများ၏ အာရုံစိုက်မှုကိုလည်း ခံနေရကာ မိတ်ဖက်အဖွဲ့အစည်းအချို့ကိုလည်း တရားဝင် ဖိတ်ကြားထားခဲ့သည်။
မော့ယွီကမူ ထိုကဲ့သို့ အခမ်းအနားများကို သိပ်စိတ်မဝင်စားဘဲ အချိန်စေ့ခါနီးမှသာ ရောက်လာခဲ့သည်။
"အစ်ကိုမော့ယွီ... ဒီဘက်မှာ!"
သူ ရောက်ရောက်ချင်းမှာပင် ရင်းနှီးသော အသံတစ်ခုက လှမ်းခေါ်လိုက်သည်။ လှည့်ကြည့်လိုက်ရာ သစ်ပင်ကြီးတစ်ပင်၏ အရိပ်အောက်တွင် လေအေးလေးခံကာ ထိုင်နေကြသော အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ဦးနှင့် ကြာပန်းစိမ်းလေးကဲ့သို့ နုနယ်လှပသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူတို့မှာ အခြားသူမဟုတ်၊ ရှောင်ယန်နှင့် ရှောင်ရွှမ်းအာတို့ပင် ဖြစ်သည်။
မော့ယွီက ပြုံးလျက် လျှောက်သွားကာ "မင်းတို့နှစ်ယောက်ကတော့ ခွဲလို့ကို မရတော့ဘူးပဲနော်" ဟု စနောက်လိုက်သည်။
ထိုစကားကြောင့် ရွှမ်းအာက ယဉ်ကျေးစွာ ပြုံးပြနေသော်လည်း ရှောင်ယန်မှာမူ မျက်နှာလေး အနည်းငယ် နီမြန်းသွားကာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်နေရှာသည်။
"အစ်ကိုမော့ယွီ... ကျွန်တော်နဲ့ ရွှမ်းအာက..."
စကားမဆုံးခင်မှာပင် ရွှမ်းအာက စနောက်သလိုနှင့် "သတိပေး" သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ရာ ရှောင်ယန်မှာ စကားစပြတ်သွားတော့သည်။ မော့ယွီကတော့ သူတို့နှစ်ဦး၏ ငယ်ချစ်ဦး ပုံစံလေးကို ကြည့်ပြီး ကျိတ်ပြုံးမိနေသည်။
ခဏအကြာတွင် ရှောင်ယန်က ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားသည်။ သူ့ပခုံးပေါ်တွင် ထမ်းထားရသည့် တာဝန်များစွာ ရှိနေသဖြင့် အချစ်ရေးဆိုသည်မှာ သူ့အတွက် အနည်းငယ်တော့ ဇိမ်ကျလွန်းနေသေးသည်။
"အစ်ကိုမော့ယွီ... ဟို 'နဂါးအမြွှာ' ဆိုတဲ့ ကိစ္စကလေ... မျိုးနွယ်စုက မတော်တဆ ဖြန့်လိုက်တာပါ။ အစ်ကို စိတ်မရှိပါနဲ့နော်" ရှောင်ယန်က အားနာစွာဖြင့် ဆိုသည်။ မော့ယွီ၏ လျှို့ဝှက်ဆန်းပြားပြီး အစွမ်းထက်သည့် သဘာဝကို သိထားသည့်အတွက် သူ၏ပါရမီ ပြန်ပွင့်လာသည်ဆိုဦးတော့၊ မော့ယွီနှင့် တန်းတူထားခံရခြင်းမှာ သူ့အတွက် အနည်းငယ် မလေးမစားရာ ရောက်နေမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
မော့ယွီကတော့ ဂရုမစိုက်စွာပင် ခေါင်းခါပြလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်သည် မျိုးနွယ်စု၏ အရှိန်အဝါကို မြှင့်တင်ရန်နှင့် သူ့အုပ်စု၏ အင်အားကို တည်ဆောက်ရန်အတွက် ရှောင်ယန်နှင့် သူ့ကို တွဲဖက်ကာ နာမည်ထုတ်ခြင်းသာ ဖြစ်ကြောင်း သူနားလည်သည်။ ဤအရာမှာ သူ့အပေါ် ထိခိုက်မှုမရှိသဖြင့် သူ လုံးဝစိတ်မရှိပေ။
မော့ယွီ၏ လွတ်လပ်ပေါ့ပါးသော အမူအရာကို မြင်မှသာ ရှောင်ယန် စိတ်သက်သာရာရသွားသည်။
"မင်း ဒိုချီအဆင့် ၈ ကို ရောက်သွားပြီလား" မော့ယွီက ရှောင်ယန်ကို တစ်ချက်ဝေ့ကြည့်ပြီး မေးလိုက်သည်။
ရှောင်ယန်က ခေါင်းငြိမ့်ပြလိုက်သည်။ အစ်ကိုဖြစ်သူ၏ စူးရှသော အမြင်ကို သူ ဘယ်လိုမှ ဖုံးကွယ်ထား၍ မရနိုင်ပါ။
"အစ်ကိုရှောင်ယန်က တစ်လမပြည့်ခင်မှာပဲ အဆင့် ၈ ကို ချိုးဖျက်နိုင်ခဲ့တာ။ တကယ်ကို ကြောက်စရာကောင်းတဲ့ အရှိန်အဟုန်ပဲ။ ဒါပေမဲ့ အစ်ကိုမော့ယွီကလည်း အဆင့်တက်သွားပုံပဲနော်" ရွှမ်းအာက ဝင်ပြောလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် ရွှေရောင်အလင်းတန်းလေး တစ်ချက်လက်သွားကာ အံ့သြသံလေး စွက်နေသည်။
မော့ယွီသည် ထိုမိန်းကလေး၏ ထိုးထွင်းသိမြင်မှုကို အနည်းငယ် အံ့သြသွားရသည်။ ဒိုကျဲအဆင့်မှာ ဒိုချီအဆင့်များလောက် ဖုံးကွယ်ရ မလွယ်ကူသော်လည်း၊ ရွှမ်းအာကဲ့သို့ ရိပ်မိနိုင်စွမ်းရှိသည်မှာ သူမတွင် မသာမန်နည်းလမ်းများ ရှိနေ၍ပင် ဖြစ်မည်။ ဂူမျိုးနွယ်စု၏ သခင်မလေးဆိုသည်မှာ မခေလှပေ။
မော့ယွီကလည်း ဖုံးကွယ်မနေတော့ဘဲ ရယ်မောကာ "မကြာခင်ကမှ ကံကောင်းပြီး ဒိုကျဲအဆင့်ကို ချိုးဖျက်နိုင်ခဲ့တာပါ" ဟု ပြောလိုက်သည်။
"လူထူးလူဆန်းကြီးပဲ!" ရှောင်ယန်က တိုးတိုးလေး ရေရွတ်လိုက်သော်လည်း မျက်နှာတွင်မူ အံ့သြမှင်သက်မှုများ အထင်းသား ပေါ်လွင်နေသည်။ ယောင်လောင်၏ အကူအညီဖြင့် ရှောင်ယန်သည် မကြာသေးမီက ယုံကြည်မှုများ မြင့်တက်နေခဲ့သည်။ ဝူတန်မြို့လေးမှာ သူ့အတွက် ကျဉ်းမြောင်းလွန်းသည်ဟုပင် ခံစားနေရခြင်းဖြစ်သည်။ သို့သော်လည်း မျိုးနွယ်စုအတွင်းမှာပင် ရွှမ်းအာနှင့် မော့ယွီတို့၏ အရိပ်အောက်သို့ ထပ်ခါတလဲလဲ ရောက်သွားရသည့်အခါ လူငယ်လေး၏ ယုံကြည်မှုမှာ အနည်းငယ် လှုပ်ခတ်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် ရှောင်ယန်မှာ စိတ်ဓာတ်ခိုင်မာသူဖြစ်ရာ၊ အားငယ်စိတ်မှာ ခဏသာဖြစ်ပြီး ပိုမိုပြင်းပြသော တိုက်ပွဲဝင်စိတ်ဓာတ်များ ပြန်လည်နိုးထလာခဲ့သည်။
သူ့ဘေးရှိ အေးချမ်းလှသော ကြာပန်းလေးကဲ့သို့ မိန်းကလေးမှာမူ ပြုံးနေသော်လည်း၊ သူမ၏ တည်ငြိမ်လှသော မျက်ဝန်းများထဲတွင်လည်း အံ့သြရိပ်များ ယှက်သန်းနေသည်။ ဤတိုးတက်မှုအရှိန်အဟုန်မှာ... သူမကိုပင် လိုက်မီတော့မည့် အနေအထား ဖြစ်နေသည်။
ထူးကဲသော ပါရမီရှင် သုံးဦးသားသည် အခမ်းအနားမစတင်မီ စိတ်ဝင်တစား စကားလက်ဆုံ ကျနေကြသည်။ ရုတ်တရက် မော့ယွီ၏ အကြည့်တို့က တစ်နေရာသို့ ရောက်သွားသည်။ စင်မြင့်ကြီး၏ အနီးတွင် နီရဲသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိလှသော အမျိုးသမီးတစ်ဦးသည် အပြုံးလေးဖြင့် စကားပြောနေသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အနီရောင်ဝတ်စုံအောက်တွင် ထင်ရှားပေါ်လွင်နေပြီး ဘေးပတ်ဝန်းကျင်ရှိ လူအများ၏ အာရုံစိုက်ရာ ဗဟိုချက်မ ဖြစ်နေသည်။
ထိုရင့်ကျက်ပြီး ညှို့ဓာတ်ပြင်းလှသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ မော့ယွီ ယခင်က ဆုံဖူးခဲ့သည့် 'ယာဖေး' ပင် ဖြစ်သည်။
"အစ်ကိုမော့ယွီ... သူ့ကို သိလို့လား" မော့ယွီ ကြည့်နေသည်ကို သတိထားမိသဖြင့် ရှောင်ယန်က မေးလိုက်သည်။
အတွေးထဲမှ ပြန်လည်နိုးထလာသောအခါမှ ရှောင်ယန်သည် ယာဖေးနှင့် မဆုံဖူးသေးကြောင်း မော့ယွီ သတိရသွားသည်။ သူက ပြုံးလျက် "နာမည်ပဲ ကြားဖူးတာပါ။ သူက 'မီထဲ့အာ လေလံရုံး' ရဲ့ အဓိက လေလံအရာရှိ ယာဖေး လေ" ဟု ရှင်းပြလိုက်သည်။
ရှောင်ယန်က စဉ်းစဉ်းစားစားဖြင့် ခေါင်းငြိမ့်ကာ ထိုဆွဲဆောင်မှုရှိသော ပုံရိပ်ကို ကြည့်နေမိသည်။ ထိုအခါ ရွှမ်းအာက နှုတ်ခမ်းလေးစူကာ မကျေမနပ်ဖြစ်သွားပြီး ၎င်းတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် စနောက် ချစ်ကြည်နူးနေကြပြန်သည်။ မော့ယွီလည်း သူတို့နှစ်ဦးကြားတွင် အနှောင့်အယှက် မဖြစ်စေရန် အနည်းငယ် ခပ်ခွာခွာသို့ လျှောက်လာခဲ့သည်။
"နင်က မော့ယွီလား"
မော့ယွီ လှည့်ထွက်လာစဉ်မှာပင် စူးရှသော်လည်း စူးစမ်းလိုစိတ်ပါသော အသံတစ်သံ ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်ရာ သစ်ပင်ကြီးကို မှီလျက် ပေါ့ပေါ့ပါးပါး ရပ်နေသော ကျောင်းတော်ဝတ်စုံနှင့် အလှပဂေးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားပြီး အရပ်အမောင်းကောင်းကာ ကိုယ်လုံးကိုယ်ပေါက်မှာ အချိုးအစား ပြေပြစ်လှသည်။ သို့သော် မော့ယွီ၏ အာရုံကို အဖမ်းစားနိုင်ဆုံးအရာမှာမူ သူမ၏ ရှည်လျားပြီး လှပလွန်းလှသော ခြေတံများပင် ဖြစ်သည်။ ထိုခြေတံများမှာ ယာဖေးထက်ပင် ပို၍ စွဲမက်စရာ ကောင်းနေသေးသည်။
"ခြေတံတွေက ရှည်လိုက်တာ..."
ရှေ့တွင်ရှိနေသော အမျိုးသမီးက မည်သူမည်ဝါဖြစ်ကြောင်း အာရုံမရသေးမီမှာပင် မော့ယွီတစ်ယောက် စိတ်ထဲရှိသည့်အတိုင်း တိုးတိုးလေး ရေရွတ်လိုက်မိလေတော့သည်။