အခန်း (၂၁) - "မီးလျှံမန္တန်" ထက်ပင် ပိုမိုဆန်းကြယ်သော ကျင့်စဉ်
ဒိုကျဲအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပြီးနောက် မော့ယွီသည် တင်းမာထားသမျှ စိတ်အာရုံတို့ကို လျှော့ချလိုက်မိသည်။ သုံးရက်နှင့် သုံးညတိုင်တိုင် မရပ်မနား ကျင့်ကြံခဲ့ရသဖြင့် သူ၏ခန္ဓာကိုယ်မှာ အတော်ပင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ အေးစက်လှသော ကျောက်ကြမ်းပြင်ပေါ်တွင် အတန်ကြာအောင် လှဲလျောင်းနေပြီးမှ မော့ယွီသည် အမောဖြေနိုင်တော့သည်။ သူ၏မျက်နှာထက်တွင် ပီတိအပြုံးတို့ ဖုံးလွှမ်းနေဆဲဖြစ်ကာ ထုံကျင်နေသော ခြေထောက်များကို ဆန့်ထုတ်လိုက်ပြီးနောက် တရားထိုင်သည့်ပုံစံဖြင့် ပြန်လည် ထိုင်လိုက်ပြန်သည်။
မော့ယွီသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးကို အသာမှိတ်ကာ သူ၏ စိတ်အာရုံကို ခန္ဓာကိုယ်အတွင်းသို့ စူးစိုက်ကြည့်ရှုလိုက်သည်။ ဤသည်မှာ "အတွင်းအာရုံဖြင့် ကြည့်ခြင်း" ပင် ဖြစ်သည်။ ဒိုကျဲအဆင့်နှင့် ထိုထက်မြင့်သောသူများသာ တတ်မြောက်နိုင်သည့် အထောက်အကူပြု စွမ်းရည်တစ်ခုဖြစ်ပြီး စွမ်းအားကြီးမားလေလေ မိမိခန္ဓာကိုယ်အတွင်းပိုင်းကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်လေလေ ဖြစ်သည်။
မော့ယွီသည် သူ၏ ဝမ်းဗိုက်အောက်ပိုင်းသို့ စိတ်အာရုံကို ပို့ထားလိုက်ရာ ထိုနေရာတွင် လက်ဖဝါးခန့်အရွယ်အစားရှိသော နို့နှစ်ရောင် လေပွေလှိုင်းတစ်ခုမှာ ဖြည်းညှင်းစွာ လည်ပတ်နေသည်ကို တွေ့ရသည်။ ထိုလေပွေလှိုင်း၏ ပတ်လည်တွင် နို့နှစ်ရောင် တိမ်တိုက်သဏ္ဍာန် စွမ်းအင်ငွေ့များက ဝန်းရံထားလေသည်။ ဤလေပွေလှိုင်းလေးကို ကြည့်ရင်း မော့ယွီ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ၎င်းသည် အရွယ်အစားအားဖြင့် သေးငယ်သော်လည်း အတွင်း၌ ကိန်းအောင်းနေသော စွမ်းအားမှာ ယခင် ဒိုချီအဆင့်နိမ့် (၉) ဆင့်ထက် ဆယ်ဆမက ပိုမိုအားကောင်းလှသည်။
ဒိုကျဲအဆင့်နှင့် ဒိုချီအဆင့်နိမ့် (၉) ဆင့်ကြား ကွာခြားချက်မှာ အခြေခံကျကျ ကွဲပြားသွားခြင်းပင်။ ဒိုကျဲအဆင့်သို့ မရောက်မီအထိ စုပ်ယူရရှိသော စွမ်းအင်ကို "ဒိုချီ (အဆင့်နိမ့်)" ဟုသာ ခေါ်ဆိုသော်လည်း အဆင့်တက်သွားပြီးနောက်တွင်မူ "ဒိုချီစွမ်းအင်" ဟု ခေါ်တွင်တော့သည်။ အမည်အားဖြင့် တစ်လုံးသာ ကွာခြားသော်လည်း စွမ်းအားမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ နှိုင်းယှဉ်၍မရအောင် ကွာဟသွားပြီဖြစ်သည်။ မော့ယွီသည် ဒိုကျဲအဆင့်သို့ ယခုမှ ရောက်ရှိခဲ့သော်လည်း ကြယ်(၃)ပွင့် သို့မဟုတ် ကြယ်(၄)ပွင့်အဆင့်ရှိသော ဒိုကျဲတစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် အသာစီးရနိုင်သည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှုရှိနေသည်။
သူ၏ စိတ်အာရုံဖြင့် လေပွေလှိုင်းကို ထိန်းချုပ်လိုက်ရာ နို့နှစ်ရောင် ဒိုချီစွမ်းအင်တစ်စသည် လေပွေလှိုင်းမှ ခွဲထွက်လာပြီး သူ၏ စိတ်ညွှန်းရာအတိုင်း စီးဆင်းသွားတော့သည်။ အတိတ်ဘဝမှ အတွေ့အကြုံများကြောင့် မော့ယွီသည် ဒိုချီစီးဆင်းမှုကို လွယ်ကူချောမွေ့စွာပင် ကစားနိုင်နေသည်။ ခဏတာ စမ်းသပ်ကြည့်ပြီးနောက် သူ၏ စိတ်အာရုံကို ခန္ဓာကိုယ်အတွင်းမှ ပြန်လည် ရုပ်သိမ်းလိုက်သည်။
တင်းတင်းစေ့ထားသော သူ၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည့်အခါ နက်မှောင်သော သူ၏ သူငယ်အိမ်ထဲမှ နို့နှစ်ရောင် အလင်းတန်းလေးများ စက္ကန့်အနည်းငယ်မျှ ထွက်ပေါ်လာပြီးမှ ပျောက်ကွယ်သွားသည်။ မော့ယွီသည် ပါးစပ်ကို အသာဟကာ ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေး စွမ်းအင်ငွေ့များကို မှုတ်ထုတ်လိုက်ရာ သူ၏ မျက်နှာအသားအရည်မှာ သိသိသာသာပင် ကြည်လင်တောက်ပလာတော့သည်။
"တော်သေးတာပေါ့... မိုးကြိုးဝိညာဉ်ရဲ့ အကူအညီသာ မပါရင် ဒီတစ်ခေါက် အဆင့်တက်တာ ကျရှုံးသွားနိုင်တယ်"
တိုးပွားလာသော မိမိ၏ စွမ်းအားကို ခံစားရင်း မော့ယွီ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ အမှန်တကယ်ပင်၊ 'ခိုးယူခြင်း' ကဲ့သို့သော ပြင်ပအထောက်အကူများရှိနေခြင်းက အရာရာကို အဆင်ပြေချောမွေ့စေသည်။ ကျယ်ပြောလှသော မဟာလောကကြီးတစ်ခုလုံးတွင် ရှောင်ယန်၊ လင်းတုံး သို့မဟုတ် အခြားသော ပါရမီရှင် လူငယ်များကိုကြည့်လျှင်လည်း သူတို့အားလုံးတွင် ကြီးမားသော ကံကောင်းမှုနှင့် အခွင့်အရေးများ ကိုယ်စီရှိကြသည်သာ။ မော့ယွီသည်လည်း ထိုနည်းတူပင် ဖြစ်ပုံရသည်။
"အခု ဒိုကျဲအဆင့်ကို ရောက်ပြီဆိုတော့ သင့်တော်တဲ့ ဒိုချီကျင့်စဉ်တစ်ခုကို ရွေးချယ်ရမယ်"
မော့ယွီသည် သူ၏ ဦးနှောက်ထဲတွင် မှတ်သားထားသော ကျင့်စဉ်အချို့ကို ပြန်လည် စဉ်းစားနေမိသည်။ ဒိုချီတိုက်ကြီးတွင် ကျင့်စဉ်များ၏ အရေးပါပုံမှာ ပြောမကုန်နိုင်အောင်ပင်။ ပထမအချက်မှာ ဒိုချီလေပွေလှိုင်း၏ သိုလှောင်နိုင်စွမ်းဖြစ်သည်။ အကယ်၍ လူနှစ်ဦးမှာ အဆင့်တူနေသော်လည်း တစ်ဦးက 'ဟွမ်' အဆင့်ကျင့်စဉ်ကို ကျင့်ကြံပြီး အခြားတစ်ဦးက 'ရွှမ်' အဆင့်ကို ကျင့်ကြံပါက 'ရွှမ်' အဆင့်ကျင့်စဉ်သမားသည် တိုက်ပွဲတွင် ပိုမို ကြာရှည်ခံနိုင်မည်ဖြစ်သည်။ ဒုတိယအချက်မှာ ဒိုချီ၏ အရည်အသွေးဖြစ်သည်။ တူညီသောအကျိုးသက်ရောက်မှုရရန် 'ရွှမ်' အဆင့်ကျင့်စဉ်သမားက ဒိုချီ တစ်ဆပဲ သုံးရချိန်တွင် 'ဟွမ်' အဆင့်ကျင့်စဉ်သမားက ဆယ်ဆမက ပိုသုံးရနိုင်သည်။ တတိယအချက်မှာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်ကို စုပ်ယူသန့်စင်နိုင်စွမ်းဖြစ်ပြီး စတုတ္ထအချက်မှာ တိုက်ပွဲအတွင်း ဒိုချီကို လျင်မြန်ချောမွေ့စွာ အသုံးပြုနိုင်မှုတို့ ဖြစ်သည်။
ထို့ကြောင့်ပင် ဒိုချီတိုက်ကြီးရှိ သန်မာသူတိုင်းသည် အဆင့်မြင့်ကျင့်စဉ်များကို အသည်းအသန် လိုက်လံရှာဖွေကြခြင်းဖြစ်သည်။ ကျင့်စဉ်အဆင့် မြင့်မားလေလေ အကျိုးကျေးဇူးက ပိုများလေလေပင်။ ဘဝနှစ်ခုစာ ဖြတ်သန်းခဲ့သော မော့ယွီ၏ စိတ်ထဲတွင် သူနှင့် အလွန်သင့်တော်မည့် ထိပ်တန်းကျင့်စဉ်အချို့ ရှိနေသည်။ ၎င်းတို့မှာ 'ထျန်း' အဆင့် ကျင့်စဉ်များကဲ့သို့ပင် အစွမ်းထက်လှသဖြင့် ဒိုချီတိုက်ကြီးမှ မည်သည့်ပညာရှင်မဆို အသက်ပေး၍ လိုချင်ကြမည့်အရာများ ဖြစ်သည်။
ဝူတန်မြို့တွင်မူ 'ရွှမ်' အဆင့်မြင့် ကျင့်စဉ်တစ်ခုအတွက်ပင် အသေအလဲ လုယူနေကြရသည်။ 'တီ' အဆင့်ဆိုသည်မှာ ကြားပင်မကြားဖူးဘဲ 'ထျန်း' အဆင့်မှာမူ ဒဏ္ဍာရီထဲတွင်သာ ရှိလေသည်။ မိုးကြိုးဝိညာဉ်၏ အကူအညီဖြင့် မော့ယွီသည် ထိုကျင့်စဉ်များထဲမှ မည်သည့်အရာကိုမဆို ရွေးချယ်ကျင့်ကြံနိုင်သည်။ အကယ်၍ လမ်းခုလတ်တွင် မသေဆုံးခဲ့ပါက 'ဒိုဇုန်း' နှင့် 'ဒိုဇွန်း' အဆင့်သို့ ရောက်ရန်မှာ သေချာပေါက်ဖြစ်ပြီး 'ဒိုရှန့်' အဆင့်ကိုပင် လှမ်းမျှော်ကြည့်နိုင်မည်ဖြစ်သည်။ ဤသည်မှာ အနာဂတ်အတွက် ရွှေရောင်လမ်းခင်းထားခြင်းပင်။
သို့သော်လည်း မော့ယွီသည် ထိုကျင့်စဉ်များကို မရွေးချယ်ချင်ပေ။ အကြောင်းမှာ သူ၏ စိတ်ထဲတွင် 'ထျန်း' အဆင့် ကျင့်စဉ်များထက်ပင် ပိုမိုဆန်းကြယ်ပြီး ထူးခြားလှသော ကျင့်စဉ်တစ်ခု ရှိနေသောကြောင့်ဖြစ်သည်။ ၎င်းကို အောင်မြင်ရန် အလားအလာ မည်မျှရှိသည်ကို မသိနိုင်သော်လည်း အကယ်၍သာ တတ်မြောက်သွားပါက ရလဒ်မှာ သာမန် 'ထျန်း' အဆင့်ကျင့်စဉ်များထက် များစွာ သာလွန်ပေလိမ့်မည်။ ရှောင်ယန်၏ "မီးလျှံမန္တန်" နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိကောင်းရှိပေမည်။
မော့ယွီ သိထားသလောက် "မီးလျှံမန္တန်" ဆိုသည်မှာ ယောင်လောင် မတော်တဆ ရရှိခဲ့သော ထူးဆန်းသည့် ကျင့်စဉ်ဖြစ်ပြီး ၎င်းမှာ အဆင့်တိုးတက်ပြောင်းလဲနိုင်စွမ်း ရှိသည်။ သို့သော် ၎င်းတိုးတက်ရန်အတွက် "ကောင်းကင်ဘုံမီးလျှံ" များကို ကုန်ကြမ်းအဖြစ် ဝါးမြိုရန် လိုအပ်သည်။ အနာဂတ်၏ မီးနတ်ဘုရားဧကရာဇ် ရှောင်ယန်မှလွဲ၍ ကျန်သည့်သူများအတွက် ထိုကျင့်စဉ်ကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံနိုင်ရန်မှာ အခွင့်အရေး ၂၀ ရာခိုင်နှုန်းပင် မရှိပေ။
မော့ယွီ၏ စိတ်ထဲရှိ ကျင့်စဉ်မှာလည်း အလားတူပင် အဆင့်တိုးတက်နိုင်စွမ်းရှိပြီး မိုးကြိုးဝိညာဉ်ကို စုပ်ယူရမည်ဖြစ်သည်။ သို့သော် ၎င်းသည် ကျင့်စဉ်ကိုယ်တိုင် တိုးတက်ခြင်းထက် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကိုပါ ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ အထွတ်အထိပ်သို့ ရောက်ပါက ကျင့်ကြံသူသည် "ကောင်းကင်ဘုံ မိုးကြိုးခန္ဓာ" ဟု ခေါ်သော အလွန်အင်အားကြီးသည့် ကိုယ်ထည်ကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ဤကျင့်စဉ်ကို "အဆုံးစွန် မိုးကြိုးဝိညာဉ်ကျင့်စဉ်" ဟု ခေါ်သည်။
၎င်းမှာ မော့ယွီ၏ အတိတ်ဘဝက ရှေးဟောင်းအပျက်အစီးတစ်ခုအတွင်းမှ မတော်တဆ ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကို ဖန်တီးသူမှာ "ကောင်းကင်ဘုံ မိုးကြိုးခန္ဓာ" ၏ စွမ်းအားကို မနာလိုဖြစ်ပြီး လူသားတစ်ယောက်အနေဖြင့် ထိုခန္ဓာကိုယ်မျိုး ရရှိနိုင်ရန် နှစ်ပေါင်းတစ်ထောင်တိုင်တိုင် ကြိုးစားဖန်တီးခဲ့ခြင်း ဖြစ်သည်။ အတိတ်ဘဝတွင် မော့ယွီသည် မွေးရာပါ "ကောင်းကင်ဘုံ မိုးကြိုးခန္ဓာ" ပိုင်ရှင်ဖြစ်သဖြင့် ဤကျင့်စဉ်ကို တန်ဖိုးမထားဘဲ ဘေးဖယ်ထားခဲ့သည်။ သို့သော် ယခုဘဝတွင် မော့ယွီ၏ ပါရမီမှာ အလွန်သာမန်ကာလျှံကာသာ ရှိသည်။ မိုးကြိုးဝိညာဉ်နှင့် အတိတ်ဘဝ အတွေ့အကြုံများ ရှိနေသော်လည်း 'ဒိုဒီ' အဆင့်သို့ ရောက်ရန်မှာ သူကိုယ်တိုင်ပင် မသေချာပေ။
ထို့ပြင် ဒိုချီတိုက်ကြီးမှာ အောက်တန်းစား ကမ္ဘာတစ်ခုသာ ဖြစ်ပြီး သူ သိမ်းပိုက်ရမည့် ပိုမိုကျယ်ပြောသော မဟာလောကကြီး ရှိနေသေးသည်။ ထို့ကြောင့် သူ၏ အတိတ်ဘဝက "ကောင်းကင်ဘုံ မိုးကြိုးခန္ဓာ" ကို အသုံးပြုကာ သာမန်လူဘဝမှ နှစ်ပေါင်း ၂၀ အတွင်း ကြောက်မက်ဖွယ် "မိုးကြိုးနတ်ဘုရား" ဖြစ်လာခဲ့သည်ကို မော့ယွီ လွမ်းဆောမိသည်။ ထိုခန္ဓာကိုယ် ပိုင်ရှင်များသည် သာမန်ထက် အဆပေါင်းများစွာ ပိုမိုလျင်မြန်စွာ ကျင့်ကြံနိုင်ပြီး အခြေခံမခိုင်မာမည်ကိုလည်း စိုးရိမ်စရာမလိုပေ။ အကယ်၍သာ ယခုဘဝတွင် ထိုခန္ဓာကိုယ်ရှိနေပါက အခြေခံခိုင်မာအောင် သုံးလတိုင်တိုင် အချိန်ပေးနေစရာမလိုဘဲ ချက်ချင်းပင် အဆင့်တက်နိုင်မည်ဖြစ်သည်။ ဤသည်မှာ "ကောင်းကင်ဘုံ မိုးကြိုးခန္ဓာ" ၏ အစွမ်းပင်။
ထို့အပြင် မိုးကြိုးစွမ်းအား ပါဝင်သော ဒိုချီသည် ဖျက်ဆီးနိုင်စွမ်း အလွန်ကြီးမားသည်။ အဆင့်တူချင်းကြားတွင် အနှိုင်းမဲ့ ဖြစ်ရုံသာမက မိမိထက် အဆင့်မြင့်သူများကိုပါ စိန်ခေါ်နိုင်ပေလိမ့်မည်။ မော့ယွီ စဉ်းစားလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။ ၎င်းကို ကျင့်ကြံရန် လိုအပ်ချက်ဖြစ်သော မိုးကြိုးဝိညာဉ်မှာလည်း သူ့ထံတွင် ရှိနေပြီးသား ဖြစ်သည်။ သို့သော်လည်း "မီးလျှံမန္တန်" ၏ အောင်မြင်နိုင်ခြေ ၂၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် ဤ "အဆုံးစွန် မိုးကြိုးဝိညာဉ်ကျင့်စဉ်" မှာ တစ်ခါမျှ လက်တွေ့အောင်မြင်ခဲ့ခြင်းမရှိသော မပြည့်စုံသည့် ကျင့်စဉ်တစ်ခုသာ ဖြစ်နေသည်။ အောင်မြင်ရန် အလားအလာမှာ ပို၍ပင် မသေချာလှပေ။
သူ ကျင့်ကြံသင့်သလား၊ မကျင့်ကြံသင့်ဘူးလား...။