အခန်း (၁၄) - သားရဲလက်စွပ်
အမျိုးသမီးအစေခံတစ်ဦး၏ လမ်းပြမှုဖြင့် မော့ယွီသည် စည်ကားနေသော လေလံပွဲအတွင်းသို့ ဖြည်းညှင်းစွာ လှမ်းဝင်ခဲ့သည်။ လမ်းတွင် တွေ့ခဲ့ရသည့် ဝတ်ရုံခြုံထားသူမှာ ရှောင်ယန်ဖြစ်ကြောင်း သူ အတော်လေး အတပ်ပြောနိုင်သည်။ ယောင်လောင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးအတွက် မီထဲ့အာလေလံရုံ၏ အာရုံစိုက်မှုကို ခံရစေမည့် ဆေးလုံးတစ်လုံး ဖော်စပ်ရန်မှာ မခဲယဉ်းလှပေ။
လေလံခန်းမထဲသို့ ဝင်လိုက်သည်နှင့် အပြင်ဘက်မှ လင်းထိန်နေသော အလင်းရောင်များ မှေးမှိန်သွားပြီး ဆူညံသံဗလံများက မော့ယွီ၏ နားစည်ကို ရိုက်ခတ်လာသည်။ တိတ်ဆိတ်မှုကို မြတ်နိုးသော မော့ယွီမှာ မျက်မှောင်အနည်းငယ် ကြုတ်မိသွား၏။ လေလံခန်းမမှာ လူပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ ဆံ့လောက်အောင် ကျယ်ဝန်းလှသည်။ စင်မြင့်ထက်ဝယ် မီးရောင်အောက်တွင် ဝတ်စုံနီဖြင့် လှပကျော့ရှင်းသော အမျိုးသမီးတစ်ဦးသည် လက်ထဲမှ ပစ္စည်း၏ အာနိသင်ကို ချိုသာရီဝေသော အသံဖြင့် ရှင်းပြနေသည်။ သူမ၏ အရိုးထဲထိ စိမ့်ဝင်သွားစေမည့် ညှို့ဓာတ်ပြင်းသော အသံကြောင့် သာမန်ပစ္စည်းတစ်ခုပင်လျှင် ဈေးနှုန်းများ တဟုန်ထိုး မြင့်တက်နေ၏။
မော့ယွီသည် ဆိတ်ငြိမ်သော ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ပြီး စင်ပေါ်မှ အမျိုးသမီးကို အကဲခတ်ကြည့်လိုက်သည်။ သူမကား မီထဲ့အာလေလံရုံ၏ အဓိကလေလံဆော်သူ ‘ယာဖေး’ ပင် ဖြစ်သည်။ ဝူတန်မြို့၏ နာမည်ကျော် အလှပဂေးတစ်ဦးဖြစ်ပြီး ရင့်ကျက်သော အလှတရားကြောင့် အမျိုးသားအများအပြားကို ပြာပုံဆိုက်စေခဲ့သူလည်း ဖြစ်သည်။
မော့ယွီသည် ထိုင်ခုံတွင် သက်သောင့်သက်သာ မှီထိုင်ရင်း ရှေ့မှ မြင်ကွင်းကို အေးအေးလူလူ ခံစားကြည့်ရှုနေလိုက်သည်။ မူရင်းဝတ္ထုထဲတွင် အလှပဂေးများစွာ ရှိသော်လည်း ညှို့ဓာတ်ပြင်းပြင်းဖြင့် ဆွဲဆောင်နိုင်မှုတွင်မူ ယာဖေးကို ယှဉ်နိုင်သူမရှိပေ။ သို့သော် ခဏအကြာတွင် မော့ယွီ နှာခေါင်းရှုံ့လိုက်မိသည်။ မနှစ်မြို့ဖွယ် အနံ့တစ်ခုကြောင့် ဖြစ်သည်။ ဘေးဘက်သို့ အနည်းငယ် စောင်းကြည့်လိုက်ရာ အရိပ်ထဲတွင် ထိုင်နေသော အမျိုးသားတစ်ဦးက ယာဖေးကို ရမ္မက်ဇောများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
“ဒါ... ချောင်းကြည့်သမားလား”
မော့ယွီ တိုးတိုးလေး ရေရွတ်ရင်း ဝတ်ရုံအောက်မှ လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ ဘဝသုံးပါး ကျင်လည်ခဲ့ရာတွင် ဤကဲ့သို့သော မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူသည် ထိုလူနှင့် ဝေးရာသို့ အနည်းငယ် တိုးထိုင်လိုက်မှ အနံ့ဆိုးများ ကင်းစင်သွားတော့သည်။ ယာဖေး လေလံတင်နေသော ပစ္စည်းများကို သူ ဝတ်ကျေတမ်းကျေ ကြည့်နေစဉ် တစ်ခုသော ပစ္စည်းက သူ့အာရုံကို ဖမ်းစားလိုက်သည်။
“ဒါကတော့ တောင်မြစ်ကျောက် ပါ။ မီထဲ့အာလေလံရုံက စစ်ဆေးအတည်ပြုထားတာပါ။ သူ့ရဲ့ အသုံးဝင်ပုံအတိအကျကို မသိရသေးပေမဲ့ စုဆောင်းရကျိုးနပ်တဲ့ ပစ္စည်းတစ်ခုဖြစ်မှာ အသေအချာပါပဲ”
“အခြေခံဈေးကတော့ ရွှေဒင်္ဂါး ၃,၀၀၀ ပါ။ လေလံစတင်နိုင်ပါပြီ”
ယာဖေးက သူမ၏ ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ထိုထူးဆန်းသော ကျောက်တုံး၏ တန်ဖိုးကို မြှင့်တင်ပေးလိုက်သည်။ သို့သော် ဝါရင့်လေလံသမားများမှာ ထင်သလောက် မအပေ။ အသုံးမဝင်လှသော ပစ္စည်းတစ်ခုအတွက် ရွှေဒင်္ဂါး ၃,၀၀၀ အကုန်ခံမည့်သူ မရှိသလောက်ပင်။ အချို့သော အမျိုးသားများမှာ ယာဖေး၏ မျက်နှာသာပေးမှုကို လိုချင်သဖြင့် ဈေးခေါ်ရန် ကြိုးစားသော်လည်း အိတ်ကပ်ထဲမှ ငွေကြေးကို ကြည့်ကာ လက်တွန့်သွားကြသည်။
ယာဖေး၏ မျက်နှာတွင် အနည်းငယ် အနေရခက်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။ သူမအတွက် ဤကဲ့သို့ တိတ်ဆိတ်နေသော အခိုက်အတန့်မျိုးမှာ ရှားပါးလှ၏။ တောင်မြစ်ကျောက်မှာ တန်ဖိုးရှိသည်ဟု ခန့်မှန်းရသော်လည်း အသုံးမဝင်ပါက ဈေးလျှော့ရောင်းရန်မှာလည်း နှမြောစရာ ဖြစ်နေသည်။
ယာဖေး အခက်တွေ့နေစဉ်မှာပင် ပဲ့တင်ထပ်သွားသော အမျိုးသားသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“ရွှေဒင်္ဂါး ၃,၀၀၀... ကျွန်တော် ယူမယ်!”
လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံဖြင့် အသွင်ပြောင်းထားသော ထိုအသံမှာ မော့ယွီပင် ဖြစ်သည်။ အခြားသူများက ထိုကျောက်တုံး၏ အသုံးဝင်ပုံကို မသိသော်လည်း မော့ယွီကမူ အထင်းသား သိနေသည်။ ဒိုချီတိုက်ကြီးတွင် နကျောက် ဖြင့် ပြုလုပ်ထားသော နလက်စွပ် ရှိပြီး သက်မဲ့ပစ္စည်းများကို သိမ်းဆည်းနိုင်သည်။ သို့သော် သားရဲလေ့ကျင့်သူများ ထွန်းကားသော ရှန်းရှောင်းတိုက်ကြီးတွင်မူ ‘သားရဲလက်စွပ်’ ဟု ခေါ်သော အရာတစ်ခု ရှိသည်။ ၎င်းသည် မှော်သားရဲများကဲ့သို့ သက်ရှိများကိုပါ ထည့်သွင်းသိမ်းဆည်းနိုင်သည်။
တောင်မြစ်ကျောက်ဆိုသည်မှာ ထိုသားရဲလက်စွပ်ကို ပြုလုပ်ရာတွင် မရှိမဖြစ်လိုအပ်သော အဓိကပစ္စည်းပင် ဖြစ်သည်။ သူ၏ အရင်ဘဝကဆိုလျှင် ဤမျှကြီးမားသော တောင်မြစ်ကျောက်တစ်တုံးကို ရရှိရန် သားရဲလေ့ကျင့်ရေး ဂိုဏ်းပေါင်းစုံက ရွှေဒင်္ဂါး ကုဋေပေါင်းများစွာ ပေး၍ လုယူကြမည်မှာ အမှန်ပင်။ ရွှေဒင်္ဂါး ၃,၀၀၀ ဆိုသည်မှာ လက်ဆောင်ပေးသည်ဟုပင် ဆိုနိုင်သည်။ ၎င်းကို လက်စွပ်အဖြစ် ဖန်တီးရန်မှာလည်း မော့ယွီအတွက် လက်ဖျားခါလောက်အောင် မခက်ခဲပေ။
မော့ယွီ ဈေးခေါ်လိုက်သည်နှင့် ယာဖေးမှာ သက်ပြင်းချနိုင်သွားပြီး သူ့ဘက်သို့ ညှို့အားပြင်းသော အပြုံးတစ်ချက် ပေးလိုက်သည်။ မည်သူမျှ မတုံ့ပြန်နိုင်ခင်မှာပင် သူမက “ရွှေဒင်္ဂါး ၃,၀၀၀ နဲ့ အတည်ပြုပါတယ်!” ဟု အလျင်အမြန် ကြေညာလိုက်တော့သည်။ တစ်စုံတစ်ယောက်က ဈေးပိုခေါ်မည်ကို စိုးရိမ်၍လော သို့မဟုတ် မော့ယွီ စိတ်ပြောင်းသွားမည်ကို ကြောက်၍လော မသိသော်လည်း သူမ၏ လျင်မြန်သော ဆုံးဖြတ်ချက်ကြောင့် မော့ယွီ ပြုံးမိသွားသည်။ ရင့်ကျက်ဆွဲဆောင်မှုရှိသော ဤအမျိုးသမီးတွင် ချစ်စရာကောင်းသော အမူအရာလေးများ ရှိနေပါသေးလား။
တောင်မြစ်ကျောက်ကို ရရှိပြီးနောက်တွင်မူ လေလံပွဲမှ အခြားပစ္စည်းများကို သူ စိတ်မဝင်စားတော့ပေ။ သူသည် ယာဖေးထံမှ အကြည့်ကို လွှဲလိုက်ပြီး ခန်းမထဲသို့ ဝေ့ဝဲကြည့်လိုက်သည်။
“အို... ရှောင်ယန်လား”
ဝေးရာတွင် ထိုင်နေသော ဝတ်ရုံခြုံထားသူကို မြင်လိုက်ရသဖြင့် မော့ယွီ၏ အကြည့်များ ခဏတာ ရပ်တန့်သွားသည်။ သူ ရှောင်ယန်ကို မှတ်မိသော်လည်း နှုတ်ဆက်ရန် အစီအစဉ်မရှိပေ။ ဤကဲ့သို့သော နေရာမျိုးတွင် တစ်ဦးနှင့်တစ်ဦး မသိသလို နေခြင်းက အကောင်းဆုံးပင်။
မော့ယွီ ဆက်လက်အကဲခတ်နေစဉ် ရှောင်မျိုးနွယ်စုခေါင်းဆောင် ရှောင်ကျန့်သာမက ဝူတန်မြို့၏ အခြားအင်အားကြီး မိသားစုနှစ်ခုဖြစ်သော ကျားလျဲ့မိသားစုနှင့် အော့ပါမိသားစု ခေါင်းဆောင်များပါ ရောက်ရှိနေသည်ကို သတိပြုမိလိုက်သည်။
“ငါ့ရဲ့ ဟွမ်အဆင့်မြင့် ဒိုချီကျမ်းကတော့ ဈေးကောင်းရတော့မှာပဲ”
မော့ယွီ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး နှုတ်ခမ်းဖျား၌ အောင်နိုင်သူအပြုံးတစ်ခု ပေါ်လွင်လာသည်။ မြို့၏ သြဇာအရှိဆုံး မိသားစုကြီး သုံးခုလုံး ရောက်နေမှတော့ လေလံပွဲမှာ အကြိတ်အနယ် ရှိတော့မည် မဟုတ်ပါလား။
တစ်ဖက်တွင်လည်း ယာဖေး၏ ကျွမ်းကျင်သော လေလံဆော်မှုအောက်တွင် ပွဲမှာ အရှိန်အဟုန် မြင့်တက်နေဆဲ ဖြစ်သည်။
“ကဲ... အခုဆိုရင် လူတိုင်း စိတ်ဝင်စားကြမယ့် ပစ္စည်းအသစ်တစ်ခု ရောက်ရှိလာပါပြီ”
အရင်ပစ္စည်းကို ရောင်းချပြီးနောက် ယာဖေးက အပြုံးဖြင့် ကြေညာလိုက်သည်။ သူမ လက်ဝေ့ယမ်းလိုက်သည်နှင့် အစေခံတစ်ဦးက ကျောက်စိမ်းလင်ပန်းပေါ်တွင် တင်ထားသော အဖြူရောင် ပုလင်းလေးတစ်လုံးကို ယူဆောင်လာသည်။
“ဒါကတော့ ဒုတိယအဆင့် ဆေးလုံး ‘အခြေခံ တည်ဆောက်ခြင်း ဆေးရည်’ ပါ။ ဒိုကျဲအဆင့်အောက် ရှိသူတွေအတွက် အလွန်ထိရောက်ပါတယ်။ ဒီဆေးရည်ကို သုံးပြီး ကျင့်ကြံမယ်ဆိုရင် အခြေခံကို မထိခိုက်စေဘဲ သိသိသာသာ မြန်ဆန်စေမှာပါ”
သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာများမှ ထွက်ပေါ်လာသော အသံမှာ ပရိသတ်တို့၏ ကျောရိုးထဲထိ စိမ့်တက်သွားစေသည်။ မော့ယွီလည်း အနည်းငယ် စိတ်ဝင်စားသွားမိသည်။ သူ ဝယ်လို၍ မဟုတ်ဘဲ ယောင်လောင်က ရှောင်ယန်အတွက် ဖော်စပ်ပေးလိုက်သော ဆေးရည်ဖြစ်ကြောင်း သိလိုက်သောကြောင့် ဖြစ်သည်။ ယောင်လောင်၏ လက်ရာဖြစ်သဖြင့် ဈေးနှုန်းမှာ ကောင်းကင်သို့ ထိုးတက်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ခန့်မှန်းသည့်အတိုင်းပင် မိသားစုကြီး သုံးခုမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြပြီးနောက် နောက်ဆုံးတွင် ရှောင်မျိုးနွယ်စုခေါင်းဆောင် ရှောင်ကျန့်က ရွှေဒင်္ဂါး ၄၀,၀၀၀ ဖြင့် အနိုင်ရယူသွားခဲ့သည်။ ဤသည်ကို မြင်သောအခါ မော့ယွီ မချီးကျူးဘဲ မနေနိုင်တော့ပေ။ ဒိုချီတိုက်ကြီးတွင် ဆေးလုံးဖော်စပ်ခြင်း လုပ်ငန်းမှာ တကယ်ပင် တွက်ခြေကိုက်လှသည်။ အခွင့်သာလျှင် သူလည်း ဤဘဝ၌ ဆေးဖော်စပ်သူ တစ်ဦး ဖြစ်လာအောင် ကြိုးစားရမည်ဟု တွေးလိုက်မိသည်။
“ကဲ... အခုဆိုရင်တော့ ဒီနေ့ရဲ့ အထူးခြားဆုံး လေလံပစ္စည်းကို တင်ဆက်ပေးပါတော့မယ်”
ကျောက်စိမ်းပုလင်းကို သိမ်းဆည်းပြီးနောက် ယာဖေးက လက်ဝေ့ယမ်းလိုက်ရာ စင်ပေါ်မှ မီးရောင်များ မှိန်သွားသည်။ သူမသည် အောက်သို့ အနည်းငယ် ကိုင်းညွတ်ကာ လင်ပန်းတစ်ခုကို ယူလိုက်သည်။ ထိုလင်ပန်းပေါ်တွင် ရိုးရှင်းလှသော အနက်ရောင် ကျမ်းလိပ်တစ်ခု ရှိနေ၏။
“ဟွမ်အဆင့်နိမ့် ဒိုချီ လှုပ်ရှားမှုကျမ်း - ‘နဂါးပျံ ကိုးချက်’ ပါရှင်!”