ရှောင်မျိုးနွယ်စု၏ နောက်ဖေးဝင်းအတွင်းရှိ ကျယ်ဝန်းလှသော အဆောက်အဦးတစ်ခုရှေ့တွင် မော့ယွီ ရပ်တန့်လိုက်သည်။ တံခါးဝရှိ ဆိုင်းဘုတ်ထက်တွင် သွေးကဲ့သို့ ရဲရဲနီနေသော စာလုံးသုံးလုံးမှာ နဂါးတစ်ကောင်ကဲ့သို့ အားမာန်ပါပါ ကခုန်နေကြသည် - "ဒိုချီကျမ်းဆောင်"။
အတွင်းမှ တစ်ချက်တစ်ချက် ထွက်ပေါ်လာသော အော်ဟစ်သံများကို ကြားရသော်လည်း မော့ယွီ မအံ့သြမိပါ။ ရှောင်မျိုးနွယ်စု၏ ဒိုချီကျမ်းဆောင်မှာ အလွန်အမင်း မကြီးကျယ်သည့်အပြင် အဆင့်နိမ့်ပညာရပ်များသာ အများစုရှိသော်လည်း ဝူတန်မြို့အတွင်း၌မူ အတော်အသင့် အဆင့်အတန်းရှိသည်ဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့်ပင် မျိုးနွယ်စုဝင်အချို့မှာ တစ်ခါတစ်ရံ လာရောက်လေ့ကျင့်တတ်ကြ၏။ မော့ယွီသည် အဆင့်မြင့်ပညာရပ်များ ရှာဖွေရန် လာခဲ့ခြင်းမဟုတ်ပေ။ သူ၏ ဦးနှောက်ထဲတွင် ယခင်ဘဝက အဆင့်မြင့်လျှို့ဝှက်ချက်များစွာ ရှိနေပြီးသားဖြစ်သည်။ သူ ဤနေရာသို့ လာရခြင်းမှာ ဒိုချီတိုက်ကြီး၏ အခြေခံသဘောတရားများကို လေ့လာရင်း စိတ်အပန်းဖြေရန်သာ ဖြစ်သည်။
သူသည် မဆိုင်းမတွဘဲ အတွင်းသို့ လှမ်းဝင်လိုက်သည်။ ကျမ်းဆောင်အတွင်း၌ လူငယ်အချို့၏ ရယ်မောသံများနှင့် အားပေးသံများမှာ တစ်ချက်တစ်ချက် ပဲ့တင်ထပ်နေ၏။ ခန်းမကို အပိုင်းနှစ်ပိုင်း ခွဲထားရာ အရှေ့ဘက်ခြမ်းမှာ ကျမ်းစာအုပ်များ ထားရှိရာဖြစ်ပြီး အနောက်ဘက်ခြမ်းမှာမူ အတော်အသင့် ကျယ်ဝန်းသော လေ့ကျင့်ရေးကွင်းပြင်ဖြစ်သည်။ မျိုးနွယ်စုဝင်များမှာ ထိုနေရာ၌ လက်ရည်စမ်းလေ့ ရှိကြသည်။
မော့ယွီသည် လက်ရည်စမ်းခြင်းကို စိတ်မဝင်စားဘဲ အရှေ့ဘက်ခြမ်းသို့သာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ စင်တစ်ခုရှေ့တွင် ရပ်တန့်ကာ ခရမ်းရောင် ကျမ်းလိပ်တစ်ခုကို ခပ်အေးအေးပင် ကောက်ယူဖြန့်ကြည့်လိုက်ရာ ကျမ်းလိပ်ကျောဘက်တွင် မည်းနက်သော စာလုံးအချို့ကို တွေ့လိုက်ရသည် - "ဟွမ်အဆင့် (နိမ့်) - တောင်ဖြိုလက်သီး!"
စာအုပ်စင်ကို သာသာယာယာ မှီလိုက်ရင်း မော့ယွီသည် ထိုပညာရပ်၏ ကျင့်စဉ်များကို ဖြည်းညှင်းစွာ နားလည်အောင် ကြိုးစားကြည့်သည်။ သူ၏ အတွေ့အကြုံအရ ဤကဲ့သို့သော အဆင့်နိမ့်ပညာရပ်တစ်ခု၏ အနှစ်သာရကို သဘောပေါက်ရန် အချိန်အများကြီး မပေးလိုက်ရပေ။ "တောင်ဖြိုလက်သီး" ၏ အခြေခံကို မှတ်သားပြီးနောက် သူသည် အခြားစင်တစ်ခုမှ အနက်ရောင် ကျမ်းလိပ်တစ်ခုကို ထပ်မံကောက်ယူလိုက်သည်။ ၎င်းမှာ "ဟွမ်အဆင့် (နိမ့်) - တိမ်တိုက်ခွင်းခြေကန်" ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ သူ အနည်းငယ် စိတ်ဝင်စားသွား၏။ သူ၏ "မိုးကြိုးခန္ဓာ" ကြောင့် ခန္ဓာကိုယ်မှာ အလွန်တောင့်တင်းသန်မာသော်လည်း နူးညံ့သိမ်မွေ့မှုအပိုင်းတွင် အနည်းငယ် လိုအပ်ချက်ရှိနေသေးသည်။ မော့ယွီသည် ဤပြဿနာကို ဖြေရှင်းထားပြီး ဖြစ်သော်လည်း ဒိုချီတိုက်ကြီး၏ အခြေခံပညာရပ်များကို ပေါင်းစပ်လေ့လာခြင်းမှာ မမှားနိုင်ဟု ယူဆသည်။
ထို့ကြောင့်ပင် မော့ယွီသည် ကျမ်းလိပ်များကို တစ်ခုပြီးတစ်ခု အငမ်းမရ ဖတ်ရှုတော့သည်။ သူ၏ ထူးခြားသော အပြုအမူကြောင့် ရှောင်မျိုးနွယ်စုဝင်အချို့၏ အာရုံစိုက်ခြင်းကို ခံလိုက်ရ၏။ ပုံမှန်အားဖြင့် ဒိုချီကျင့်ကြံသူတစ်ဦးသည် အဆင့်နိမ့်ပညာရပ် နှစ်မျိုး၊ သုံးမျိုးခန့်ကိုသာ အပတ်တကုတ် ကျင့်ကြံလေ့ရှိသည်။ ပထမအချက်မှာ ပညာရပ်တစ်ခုကို ကျွမ်းကျင်ရန် အချိန်နှင့် အားထုတ်မှု များစွာလိုသောကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ 'ဒိုကျဲ' အဆင့်သို့ ရောက်ရှိသွားပါက ဤကဲ့သို့သော အဆင့်နိမ့်ပညာရပ်များမှာ အသုံးမဝင်တော့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မော့ယွီ၏ အပြုအမူမှာ အများအမြင်တွင် ထူးဆန်းနေတော့သည်။
မော့ယွီတစ်ယောက် ပညာရပ်များထဲတွင် နစ်မြောနေစဉ် မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်တစ်ဦး သူ၏ဘေးသို့ ရောက်လာသည်။
"မင်းက မော့ယွီလား?"
မထီမဲ့မြင်ပြုသော အသံတစ်ခု မော့ယွီ၏ နားထဲသို့ တိုးဝင်လာသည်။ စာဖတ်ခြင်းကို အနှောင့်အယှက် ပေးခံလိုက်ရသဖြင့် မော့ယွီ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွား၏။ ဘဝသုံးခုကို ဖြတ်သန်းခဲ့ပြီးသော သူသည် မိမိနှစ်သက်ရာကို လုပ်ဆောင်နေစဉ် ကြားဖြတ်နှောင့်ယှက်ခံရခြင်းကို အလွန်မုန်းတီးသူဖြစ်သည်။
"မင်းက ဘယ်သူလဲ?"
သူ့ရှေ့တွင် ရပ်နေသော အသက် (၁၅) (၁၆) နှစ်ခန့်ရှိ ဝဖိုင့်ဖိုင့် လူငယ်လေးကို ကြည့်ရင်း မော့ယွီ၏ မျက်ဝန်းအစုံမှာ မုန်တိုင်းအလား အမျက်ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ ထိုလူငယ်လေးမှာ မော့ယွီ၏ အေးစက်လှသော အကြည့်အောက်တွင် ကျောရိုးထဲအထိ စိမ့်တက်သွား၏။ မူလက 'ရှောင်နင်' အား ဖားယားလိုသဖြင့် လာရောက်ခြင်းဖြစ်သော်လည်း သူ့ရှေ့က လူမှာ ဤမျှအရှိန်အဝါ ကြီးမားလိမ့်မည်ဟု မထင်ထားမိပေ။
"ငါ... ငါက ရှောင်လေပါ။ ပြီးခဲ့တဲ့ အကဲဖြတ်ပွဲမှာ မင်း စွမ်းဆောင်ရည်ကောင်းတယ်လို့ ကြားလို့... အစ်ကိုရှောင်နင်က အနောက်ဘက်ကွင်းမှာ လက်ရည်စမ်းဖို့ ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ"
မော့ယွီ၏ အရှိန်အဝါကြောင့် ထိုလူငယ်၏ လေသံမှာ သိသိသာသာ ပျော့ပြောင်းသွားပြီး လေ့ကျင့်ရေးကွင်းဘက်သို့ လက်ညှိုးတုန်တုန်ယင်ယင်ဖြင့် ညွှန်ပြလိုက်သည်။
မော့ယွီသည် ထိုသူမှာ စေလွှတ်ခံရသော လူမျှသာဖြစ်ကြောင်း နားလည်လိုက်သည်။ သူ၏အကြည့်မှာ လေ့ကျင့်ရေးကွင်းဘက်သို့ ရောက်သွား၏။ ထိုနေရာတွင် အသက် (၁၇) (၁၈) ခန့်ရှိ ရုပ်ဖြောင့်သော လူငယ်တစ်ဦး ရပ်နေသည်။ ထိုသူမှာ အခြားသူမဟုတ်၊ ယခင်က မော့ယွီ တွေ့ခဲ့ဖူးသော ရှောင်မျိုးနွယ်စု၏ ပါရမီရှင် 'ရှောင်နင်' ပင်ဖြစ်သည်။
မော့ယွီသည် သူ့အကြောင်းကို သိထားသည်။ သူသည် မျိုးနွယ်စု အကြီးအကဲချုပ်၏ မြေးဖြစ်ပြီး ပါရမီအတော်အတင့် ရှိသူဖြစ်သည်။ အသက် (၁၇) နှစ်နှင့် 'ဒိုချီ (အဆင့်နိမ့်)' အဆင့် ၈ သို့ ရောက်ရှိနေပြီး မျိုးနွယ်စုအတွင်း ရှောင်ရွှမ်းအာမှလွဲလျှင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။ (အမှန်တော့ ဒါက အရင်က အခြေအနေသာ ဖြစ်သည်။)
'အရင်က ငါ့ရဲ့ အမူအရာက သူ့ကို စော်ကားသလို ဖြစ်သွားပုံရတယ်၊ သိပ်ကို သဘောထားသေးတဲ့ လူပဲ' ဟု မော့ယွီ တွေးလိုက်သည်။ ရှောင်နင် အဘယ်ကြောင့် သူ့ကို ပစ်မှတ်ထားသနည်းဆိုသည်ကို သူ ချက်ချင်းရိပ်မိ၏။ သို့သော် သူ ဂရုမစိုက်ပါ။ ဆင်တစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို အရေးလုပ်စရာ အကြောင်းမှမရှိဘဲ။
"ညီလေးမော့ယွီ... မင်းက ရှောင်မျိုးနွယ်စုရဲ့ တိုက်ရိုက်သွေးရင်း မဟုတ်ပေမဲ့ ငါတို့မိသားစုရဲ့ သွေးတော့ ပါတာပဲ။ အခု ငါက လက်ရည်စမ်းဖို့ ဖိတ်ခေါ်တာကို မင်းငြင်းမှာ မဟုတ်ဘူးမလား?"
မော့ယွီ ကြည့်နေသည်ကို မြင်သောအခါ ရှောင်နင်က နွေးထွေးစွာ ပြုံးပြလိုက်သည်။ သို့သော် သူ၏ မျက်ဝန်းထဲတွင်မူ မနာလိုရိပ်များ ဖုံးကွယ်မရအောင် ထွက်ပေါ်နေ၏။ အကြီးအကဲချုပ်၏ မြေးဖြစ်သလို ရွှမ်းအာပြီးလျှင် ဒုတိယမြောက် ပါရမီအကောင်းဆုံးဟု အမွှမ်းတင်ခံထားရသော ရှောင်နင်သည် အစေခံတစ်ပိုင်းဖြစ်သော မော့ယွီ၏ လျစ်လျူရှုမှုကို မခံမရပ်နိုင်ဖြစ်နေခြင်းပင်။ ယနေ့တွင် မော့ယွီကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးမည်ဟု သူ ဆုံးဖြတ်ထားသည်။
ရှောင်နင်၏ မျက်ဝန်းထဲက အမုန်းတရားများကို မြင်လိုက်ရသောအခါ မော့ယွီ၏ နှုတ်ခမ်းထက်တွင် အန္တရာယ်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။ ရှောင်နင်က ဤမျှတိုက်ချင်ခိုက်ချင်စိတ် ပြင်းထန်နေမှတော့ သူကလည်း ငြင်းစရာမရှိပေ။
"အစ်ကိုရှောင်နင်က ဒီလောက်တောင် လိုလားနေမှတော့ ကျွန်တော်ကလည်း အလိုက်သင့် ကစားပေးရတာပေါ့"
မော့ယွီသည် လက်ထဲက ကျမ်းလိပ်ကို အသာအယာ ပြန်ချထားလိုက်ပြီး လေ့ကျင့်ရေးကွင်းအတွင်းသို့ တည်ငြိမ်စွာ လှမ်းဝင်လိုက်သည်။
"အစ်ကိုရှောင်နင်က လွန်ခဲ့တဲ့ နှစ်လကပဲ ဒိုချီ အဆင့် ၈ ကို ရောက်ထားတာ... မော့ယွီတော့ တကယ် ဒုက္ခရောက်တော့မယ်"
"ဟား... အစေခံက ဆင်းသက်လာတဲ့သူက ဘယ်လောက်ပဲ ရှောင်မျိုးနွယ် သွေးပါပါ၊ ငါတို့မျိုးနွယ်စုက စစ်မှန်တဲ့ ပါရမီရှင်တွေကို ဘယ်ယှဉ်နိုင်ပါ့မလဲ"
"အစ်ကိုရှောင်နင်... အားပေးနေတယ်နော်!"
ဘေးပတ်ဝန်းကျင်ရှိ လူအများမှာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းအုံကြည့်ရှုလာကြသည်။ သို့သော် ရှောင်လေကမူ ယခင်က ခံစားခဲ့ရသော အေးစိမ့်စိမ့် ခံစားချက်ကြီးကို ဖျောက်ပစ်၍ မရနိုင်သေးပေ။ သူ့တွင် ထူးဆန်းသော အာရုံတစ်ခု ရနေသည်... ရှောင်နင်... ရှုံးတော့မည်!
"ညီလေးမော့ယွီ... ငါက အဆင့် ၈ ကို ရောက်နေတာဆိုတော့ မင်းကို အသာစီးရသလို ဖြစ်နေလိမ့်မယ်။ အခုပဲ အရှုံးပေးပြီး ငါ့ကို ဦးညွှတ်တောင်းပန်ရင်တော့ အရင်က မင်းရဲ့ ရိုင်းစိုင်းမှုတွေကို ငါ ခွင့်လွှတ်ပေးနိုင်ပါတယ်"
ကွင်းအလယ်တွင် ရှောင်နင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ မော့ယွီကမူ အေးစက်စွာပင် ခေါင်းခါပြလိုက်ရင်း -
"မလိုပါဘူး... စလိုက်ရအောင်"
မော့ယွီ၏ လျစ်လျူရှုမှုကြောင့် ရှောင်နင်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားသည်။ "မင်းက သေတွင်းကို ကိုယ်တိုင်တိုးဝင်လာတာဆိုတော့ ငါ့ကို အပြစ်မတင်နဲ့တော့!"
ရှောင်နင်သည် အေးစက်စွာ ရယ်မောလိုက်ရင်း လက်သီးကို တင်းတင်းဆုပ်လိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းမှ ဒိုချီစွမ်းအင်များမှာ လှိုင်းတံပိုးကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာသည်။ ထို့နောက် မြေပြင်ကို ဆောင့်ကန်ကာ မော့ယွီဆီသို့ ဒုံးပျံကဲ့သို့ ပြေးဝင်သွားတော့သည်။ မော့ယွီနှင့် အကွာအဝေး အနည်းငယ်သာ လိုတော့သည့်အချိန်တွင် ရှောင်နင်၏ လက်ချောင်းများမှာ ကွေးညွတ်သွားပြီး စူးရှသော အလင်းတန်းများ ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်မှာ ရုတ်ခြည်းရပ်တန့်သွားပြီး မော့ယွီ၏ ရင်ဘတ်ဆီသို့ သေစေနိုင်သော အားဖြင့် ကုတ်ခြစ်တိုက်ခိုက်လိုက်သည် - "ဟွမ်အဆင့် (အလတ်) - ကွဲအက်စေသော လက်သည်းချက်!"
ရှောင်နင်က အစကတည်းက အဆင့်လတ်ပညာရပ်ကို အသုံးပြုလိုက်သဖြင့် ဘေးက ကြည့်နေသူများမှာ ဟတ်ခနဲ ဖြစ်သွားကြသည်။ လက်ရည်စမ်းရာတွင် ပြင်းထန်သော ဒဏ်ရာမရစေရဟု စည်းကမ်းရှိသော်လည်း ရှောင်နင်၏ နောက်ခံအရှိန်အဝါကြောင့် မည်သူကမျှ ဝင်မတားရဲကြပေ။ အားလုံးက မော့ယွီကို သနားစရာအကြည့်များဖြင့် ကြည့်နေကြပြီး ယနေ့ပွဲအပြီးတွင် မော့ယွီတစ်ယောက် အိပ်ရာထဲ လပေါင်းများစွာ လဲတော့မည်ဟု ထင်ကြေးပေးနေကြသည်။
ထိုအခိုက်အတန့်တွင် မော့ယွီသည် တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။ သူ၏ လက်မောင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ ရုတ်တရက်ဆိုသလို သူ၏ ညာဘက်လက်မောင်းပေါ်တွင် မိုးကြိုးလျှပ်စီး အမှတ်အသားများမှာ မီးလျှံများကဲ့သို့ တောက်ပလာသည်။
"မိုးကြိုးခန္ဓာ!"
ကြီးမားလှသော စွမ်းအားလှိုင်းတစ်ခုအောက်တွင် ရှောင်နင်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ ကြီးမားလှသော တူကြီးတစ်လက်ဖြင့် ထုရိုက်ခံလိုက်ရသကဲ့သို့ နောက်သို့ လွင့်ထွက်သွားပြီး လေ့ကျင့်ရေးကွင်းအပြင်ဘက်သို့ အရှိန်ဖြင့် ကျဆင်းသွားတော့သည်။
"ရှောင်နင်... ရှုံးသွားပြီ!"