အခန်း (၉) - ဧကရာဇ်အသွင်ပြောင်းဆေးလုံး၊ နဂါးပုန်းအစည်းအဝေး
"ဒါပေမဲ့ ယွမ်အာ... လေဝူ ပြောတာတော့ မင်း အဲ့ဒီလင်ရွှီသန့်စင်နယ်မြေကို ဖျက်ဆီးပစ်ခဲ့တယ်ဆို"
ချူယွမ်၏ မိစ္ဆာခန္ဓာ ချိပ်ပိတ်မှု ပြေသွားခြင်း မရှိသေးကြောင်း အတည်ပြုပြီးနောက် ချူမိသားစုဝင်များသည် စိတ်အေးသွားကြသည်။
ချူမိသားစု၏ ဘိုးဘေးကြီးက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ခန်းမတစ်ခုလုံးရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး သာမန် ဧည့်ခန်းဆောင်တစ်ခုအလား ဖြစ်သွားတော့သည်။
ဤအချိန်တွင် ချူမိသားစု၏ အထွတ်အထိပ် အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသည် ချူယွမ်ကို ဝိုင်းရံကာ မေးမြန်းကြတော့သည်။
ချူယွမ်သည်လည်း ခုံတွင် ဝင်ထိုင်လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ကျန်းရွှေယွဲ့နှင့် မုန့်ဟန်တို့က သူ့ကို မည်သို့ လှည့်ဖြားခဲ့ကြောင်း ရိုးရှင်းစွာ ရှင်းပြလိုက်သည်။
ဒုန်း…
သို့သော် စကားအဆုံးတွင်မူ…
ချူထျန်းဟယ်သည် ဒေါသတကြီးဖြင့် သူ၏ရှေ့ရှိ ကျောက်စိမ်းစားပွဲကို လက်သီးဖြင့် ထိုးချလိုက်ရာ စားပွဲမှာ ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ကြေမွသွားတော့သည်။
"မိုက်ရူးရဲဆန်လိုက်တာ… အဲ့ဒီ လင်ရွှီသန့်စင်နယ်မြေဆိုတာက ဘာကောင်မို့လို့လဲ ငါတို့ ချူမိသားစုရဲ့ နတ်ဘုရားသားတော်ကို ပြစ်မှားရဲတယ်ပေါ့! သူတို့အားလုံး အသတ်ခံရဖို့ ထိုက်တန်တယ်"
သူ၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
ထိုက်ချန်းလောကတွင် ရှေးယခင်ကတည်းက ယနေ့တိုင်အောင် သူ၏ ချူမိသားစုမှာ အမြဲတမ်း အကြွင်းမဲ့ အထွတ်အထိပ် အင်အားစု ဖြစ်ခဲ့သည်။
နှစ်ပေါင်း သန်းထောင်ချီသော သမိုင်းကြောင်းရှိသည့် အခြား ရှေးဟောင်းမသေမျိုးမိသားစု နှစ်စုနှင့် ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော အင်အားစုများမှလွဲ၍ မည်သည့်အဖွဲ့အစည်းကမျှ သူတို့ကို မရန်စရဲခဲ့ပေ။
သို့သော် ယခုမူ…
သာမန် လင်ရွှီသန့်စင်နယ်မြေလေးက…
သူတော်စင်ဘုရင် တစ်ပါး တည်ထောင်ထားသည့် ပုရွက်ဆိတ်သဖွယ် ဂိုဏ်းလေးတစ်ခုက ချူမိသားစု၏ နတ်ဘုရားသားတော်ကို ပြစ်မှားရဲသည်တဲ့လား သူတို့ တကယ်ပဲ သေတွင်းတူးခဲ့ကြတာပဲ…
"ယွမ်အာ... မင်းပြောတဲ့စကားတွေက မင်းဦးလေးကိုတောင် ဒေါသထွက်စေတယ်။ မင်း အဲ့ဒီ လင်ရွှီသန့်စင်ရာနယ်မြေကို ဖျက်ဆီးခဲ့တာ တော်တယ် ဒါမှ ငါတို့ ချူမိသားစုရဲ့ နတ်ဘုရားသားတော်ပီသတာ"
ချူယွမ်၏ ဦးလေးဖြစ်သူ တုန်းဟန်ဧကရာဇ်ကြီးကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
သူသည် နက်မှောင်သော ဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အရှိန်အဝါမှာ တောင်ကြီးတစ်လုံးအလား တည်ငြိမ်လှသဖြင့် ဘေးလူကို လုံခြုံမှုပေးနိုင်စွမ်း ရှိသည်။
သူ၏ အမည်အရင်းမှာ ချူချန်းရှန်း ဖြစ်ပြီး သူ၏ အစွမ်းမှာ ဧကရာဇ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ချူယွမ်၏ ဖခင်ထက် တစ်လှမ်းသာ လိုတော့သည်။
ချူချန်းရှန်းမှာ နှစ်ပေါင်း သောင်းချီ ကျင့်ကြံလာခဲ့သော်လည်း ယနေ့တိုင်အောင် အိမ်ထောင်ဖက် မရှာခဲ့ပေ။
ထို့ကြောင့် သူသည် ချူယွမ်ကို မိမိသားအရင်းကဲ့သို့ သဘောထားကာ မိသားစုအတွင်း၌လည်း အမြဲ ဂရုစိုက်လေ့ရှိသည်။
ဟွန့်….
ဤအချိန်တွင် အကြီးဆုံးဦးလေးဖြစ်သူ ပေချန်းဧကရာဇ်ကြီးကလည်း နှာခေါင်းရှုံ့လိုက်သည်။
သူသည် စားပွဲပေါ်ရှိ ပြင်းထန်သော အရက်အိုးကို မကာ တစ်ကျိုက်တည်း သောက်ချလိုက်ပြီးနောက် ချူယွမ်ကို လှည့်ပြောလိုက်သည်။
"ယွမ်အာ…မင်း မှတ်ထားရမှာက မင်းဟာ ငါတို့ ချူမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ"
"ဒီထိုက်ချန်းလောကမှာ မင်းကို ဘယ်သူမှ မစော်ကားနိုင်စေရဘူး ဒီကမ္ဘာပေါ်က အရာအားလုံးဟာ မင်းအတွက် ကစားစရာထက် မပိုဘူး မင်းအနေနဲ့ ဘယ်အရာပေါ်မှာမှ အလွန်အကျွံ စိတ်မနှစ်ထားနဲ့"
"နောက်တစ်ခါ အဲ့ဒီလို မျက်စိမပါတဲ့ အဖွဲ့အစည်းတွေနဲ့ ထပ်တွေ့ရင် မင်းရဲ့ အကြီးဆုံးဦးလေးကိုသာ ပြောလိုက် သူတို့နောက်ကွယ်မှာ အထက်လောကက မသေမျိုးနယ်ပယ်တွေ ရှိနေရင်တောင် မင်းအတွက် တရားမျှတမှု ရအောင် သူတို့ တစ်မျိုးနွယ်လုံးကို ငါ သုတ်သင်ပေးမယ်"
ပေချန်းဧကရာဇ်ကြီး၏ အမည်အရင်းမှာ ချူပေချန်း ဖြစ်ပြီး ချူယွမ်ဖခင်၏ အစ်ကိုအရင်း ဖြစ်သည်။
သူသည် ပွင့်လင်းရိုးသားပြီး ပြတ်သားသော စရိုက်ရှိသူ ဖြစ်သည်။
သူ၏ ကျင့်စဉ်မှာ ဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ လက်ရှိ ချူမိသားစုတွင် တတိယမြောက် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး တစ်လောကလုံး၌ ကျော်ကြားသူ ဖြစ်သည်။
၎င်းကို ကြားရသောအခါ ချူယွမ်၏ နှလုံးသားထဲတွင် နွေးထွေးမှုများ ခံစားလိုက်ရပြီး ချက်ချင်းပင် လေးလေးနက်နက် ပြန်ပြောလိုက်သည်။
"ဦးလေးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ယွမ်အာ အမြဲ မှတ်သားထားပါ့မယ်"
"ကောင်းပြီ"
ချူပေချန်းက ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သိုလှောင်လက်စွပ် တစ်ကွင်းကို ချူယွမ်ထံသို့ ပစ်ပေးလိုက်သည်။
"လွန်ခဲ့တဲ့ အချိန်တုန်းက ငါ ဟင်းလင်းပြင်လျှို့ဝှက်နယ်မြေတစ်ခုထဲကို အနက်ရှိုင်းဆုံးအထိ သွားခဲ့ရင်းနဲ့ ဒီ 'ဧကရာဇ်အသွင်ပြောင်းဆေးလုံး' တွေကို တိုက်ဆိုင်စွာ ရခဲ့တယ်… ဒီဆေးလုံးက ဧကရာဇ်အဆင့်ဝက် ဆေးလုံးဖြစ်ပြီး ကွာစီ ဧကရာဇ် ကျင့်ကြံသူတွေအတွက် အကျိုးကျေးဇူး အများကြီး ရှိတယ်"
"ဒါတွေကို မင်းကို အကုန်ပေးလိုက်မယ်။ ငါ့အတွက် ကောင်းကောင်း ကျင့်ကြံပေးစမ်းပါဦး"
သူက ပြောရင်း ချူယွမ်၏ ခေါင်းကို ပုတ်ကာ ရယ်မောလျက် ဆူပူလိုက်ပြန်သည်။
"ဒါဟာ မိစ္ဆာခန္ဓာရဲ့ စွမ်းအားကြောင့်ပဲ ဖြစ်ဖြစ်၊ ဒီလောက် အသက်အရွယ်နဲ့ ထိုက်ချန်းလောကမှာ ကွာစီ ဧကရာဇ် ဖြစ်လာတာဟာ တစ်ယောက်တည်းပဲ ရှိလိမ့်ဦးမယ်… မင်း နောင်တစ်ချိန်မှာ ဘယ်လောက်အထိ မြင့်မားတဲ့ အဆင့်ကို ရောက်မလဲဆိုတာ မင်းဦးလေးက မျှော်လင့်နေတယ်"
စကားအဆုံးတွင် ချူပေချန်း၏ မျက်ဝန်းများမှာ လက်ခနဲ ဖြစ်သွားသည်။
သူသည် အထက်လောကမှ ဝင်စားလာသူ မဟုတ်သော်လည်း ငယ်စဉ်က 'မသေမျိုးဘုရင် ကျိုချန်း' ၏ အမွေအနှစ်ကို အပြည့်အဝ ရရှိခဲ့သဖြင့် အထွတ်အထိပ် ဧကရာဇ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ချူပေချန်းအတွက်မူ နောင်တစ်ချိန်တွင် ထာဝရမသေမျိုးနယ်ပယ်သို့ တက်လှမ်းနိုင်ရန်မှာ သေချာသလောက်ပင်။
သူ အထက်ဘုံသို့ မတက်လှမ်းမီ ချူယွမ် ဧကရာဇ် ဖြစ်လာသည်ကို ကိုယ်တိုင် မြင်တွေ့သွားချင်ခြင်းပင်။
"ကျေးဇူးတင်ပါတယ် ဦးလေးကြီး"
ချူယွမ်သည် ဤအချက်ကို ကြားသောအခါ အလွန်ဝမ်းသာသွားပြီး အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဧကရာဇ်အဆင့်ဝက် ဆေးလုံး…
သူသည်လည်း ဤ 'ဧကရာဇ်အသွင်ပြောင်းဆေးလုံး' အကြောင်းကို ကြားဖူးသည်။
ဆေးလုံးတစ်လုံးတည်းနှင့်ပင် သူတော်စင်ဘုရင် တစ်ပါးကို ကွာစီ ဧကရာဇ် အဆင့်သို့ ကိုးဆယ်ရာခိုင်နှုန်းသော သေချာမှုဖြင့် တက်လှမ်းစေနိုင်စွမ်း ရှိသည်။
အကယ်၍ ကွာစီ ဧကရာဇ် တစ်ပါးက သုံးစွဲမည်ဆိုပါက ဧကရာဇ်ဖြစ်နိုင်ခြေကို များစွာ မြင့်မားစေပြီး ကျင့်စဉ်တိုးတက်မှုကို အံ့မခန်း မြန်ဆန်စေပေလိမ့်မည်။
[တိန်…အိမ်ရှင်အနေဖြင့် ဧကရာဇ်အသွင်ပြောင်းဆေးလုံး သုံးလုံး ရရှိသည့်အတွက် ဂုဏ်ယူပါသည်…ဆေးလုံး တစ်လုံးချင်းစီ သုံးစွဲတိုင်း ကွာစီ ဧကရာဇ် ကျင့်စဉ် တိုးတက်မှုကို သိသိသာသာ မြင့်မားစေလိမ့်မည် (သုံးစွဲမှု များလေလေ အာနိသင် လျော့နည်းလေလေ ဖြစ်သည်)]
စနစ်၏ အသံသည်လည်း ပေါ်ထွက်လာသည်။
မူလက ကွာစီ ဧကရာဇ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် ဗီလိန်မှတ် (၅၀,၀၀၀) အထိ သုံးစွဲရမည် ဖြစ်သော်လည်း ယခု ဤဆေးလုံး သုံးလုံးကို သုံးစွဲလိုက်မည်ဆိုပါက…
အလယ်အလတ်အဆင့်သို့ လွယ်လွယ်ကူကူ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
၎င်းမှာ အနည်းဆုံး နှစ်ပေါင်း သောင်းချီသော ကျင့်ကြံမှု အချိန်ကို သက်သာစေခြင်းပင်။
"ကဲ... ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ ရပ်ကြရအောင်"
"ယွမ်အာ... မင်းလည်း ပြန်ရောက်ပြီဆိုတော့ ခဏတဖြုတ်တော့ နေဉီး ထိုက်ချန်းလောကရဲ့ နှစ်တစ်သောင်းမှာ တစ်ကြိမ်သာ ကျင်းပတဲ့ 'နဂါးပုန်းအစည်းအဝေး' က ကျင်းပတော့မယ်။
မင်းကပဲ ငါတို့ ချူမိသားစုရဲ့ မျိုးဆက်သစ်တွေကို ဦးဆောင်ပြီး သွားတက်လိုက်ပါ"
ချူယွမ်သည် လူတိုင်းနှင့် ခဏမျှ စကားပြောပြီးနောက် နောက်ဆုံးတွင် ဖခင်ဖြစ်သူ ချူကျင်က စကားစလိုက်သည်။
၎င်းကို ကြားသောအခါ ချူယွမ်က ခေါင်းညိတ်လိုက်ပြီး ငြင်းဆိုခြင်း မပြုခဲ့ပေ။
နဂါးပုန်းအစည်းအဝေး ဆိုသည်မှာ ထိုက်ချန်းလောကတွင် နှစ်ပေါင်း တစ်သောင်းလျှင် တစ်ကြိမ်သာ ကျင်းပသော အထွတ်အထိပ် အခမ်းအနားကြီး ဖြစ်သည်။
ထိုပွဲတွင် အနိုင်ရသူများသည် ထိုက်ချန်းလောက၏ ကောင်းကင်ဘုံ တာအိုနိယာမ ရွှေစာရင်းဖြစ်သော 'နဂါးပုန်းအဆင့်သတ်မှတ်ချက်' တွင် စာရင်းဝင်နိုင်မည် ဖြစ်သည်။
နောင်နှစ်ပေါင်း တစ်သောင်းတိုင်အောင် သူတို့သည် ကောင်းကင်ဘုံ တာအို ၏ ကံတရားစောင့်ရှောက်မှုကို ရရှိမည်ဖြစ်ပြီး ကျင့်ကြံရာတွင်လည်း အားစိုက်မှု တစ်ဝက်နှင့် ရလဒ် နှစ်ဆ ရရှိမည် ဖြစ်သည်။
ထို့အပြင် ထိုက်ချန်းလောက၏ အင်အားကြီးအဖွဲ့အစည်းများ၏ ကမ်းလှမ်းမှုနှင့် ပြုစုပျိုးထောင်မှုများကိုလည်း ရရှိကြမည် ဖြစ်သည်။
နဂါးပုန်းအဆင့်သတ်မှတ်ချက်တွင် နေရာပေါင်း တစ်သောင်း ရှိသည်။
များပြားသည်ဟု ထင်ရသော်လည်း အတိုင်းအဆမရှိ ကျယ်ပြောလှသော ထိုက်ချန်းလောကကြီးအတွက်မူ ထိုနေရာ တစ်သောင်းမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။
ဤပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသော ပါရမီရှင်များမှာ လူသားမျိုးနွယ်များသာမက အခြားသော မျိုးနွယ်စုပေါင်းစုံမှ ဖြစ်ကြပြီး စုစုပေါင်း ပါဝင်သူ အရေအတွက်မှာ သန်းတစ်သိန်းကျော်ပင် ရှိပေလိမ့်မည်။
ထိုမျှ များပြားသော အရေအတွက်ကြောင့် နဂါးပုန်း အစည်းအဝေးတိုင်းမှာ သွေးချောင်းစီးကာ ရက်စက်ကြမ်းကြုတ်လှပေသည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းတုန်းက ချူမိသားစုမှ ပါရမီရှင် တစ်ရာခန့်မှာ ထိုစာရင်းဝင်ခဲ့သည်။
ထိုထဲမှ တစ်ဦးမှာ ထိပ်တန်း သုံးယောက်စာရင်းဝင်ခဲ့ပြီး ယခုအခါ သူ၏ ကျင့်စဉ်မှာ ကွာစီ ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ဧကရာဇ်ဖြစ်ရန် အလားအလာ အကောင်းဆုံး ပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။
ဤအစည်းအဝေးတွင် ပါဝင်ရန်အတွက် ကျင့်စဉ် ကန့်သတ်ချက် မရှိသော်လည်း အသက်အရွယ်မှာ သုံးထောင်အောက်သာ ဖြစ်ရမည်ဟု ကန့်သတ်ထားသည်။
အသက်နှစ်ဆယ်ကျော်သာ ရှိသေးသော ချူယွမ်အတွက်မူ သဘာဝကျကျ ပါဝင်နိုင်သည်။
သူ၏ ကြောက်မက်ဖွယ် ကွာစီ ဧကရာဇ် အစွမ်းနှင့်ဆိုလျှင် သိုးအုပ်ထဲသို့ ဝင်လာသော ဝံပုလွေတစ်ကောင်အလား ဖြစ်နေပေလိမ့်မည်။
တစ်ဖက်လူက မည်မျှပင် ပါရမီထူးပါစေဦးတော့၊ သူနှင့်ယှဉ်လျှင် ပြောပလောက်စရာ မရှိပေ။
သို့သော် အမှန်တကယ်တွင် ချူယွမ်အနေဖြင့် နဂါးပုန်းအစည်းအဝေးသို့ သွားရန် သဘောတူလိုက်ခြင်းမှာ ထိုအဆင့်သတ်မှတ်ချက်ကြောင့် မဟုတ်ပေ…
၎င်းမှာ 'ကံကြမ္မာ၏သားတော်' များကြောင့် ဖြစ်သည်…
နဂါးပုန်းအစည်းအဝေးဆိုသည်မှာ တစ်လောကလုံးမှ ပါရမီရှင်များ စုဝေးရာ ဖြစ်သည်။
ထိုအချိန်တွင် ရောက်ရှိလာမည့် ကံကြမ္မာ၏သားတော် အရေအတွက်မှာ စိတ်ကူးကြည့်ရုံနှင့်ပင် ရင်ခုန်စရာ ကောင်းလှသည်။
ထိုအခါမှသာ ဗီလိန်မှတ်များကို မြိုးမြိုးမြက်မြက် ရရှိနိုင်ပေလိမ့်မည်။
ဤသို့တွေးလိုက်သည်နှင့် ချူယွမ်၏ နှလုံးသားထဲတွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ကံကြမ္မာ၏သားတော်များမှာ သူ၏ လက်ထဲတွင် ငိုယိုတောင်းပန်နေကြမည့် မြင်ကွင်းကို သူ ကြိုတင် မြင်ယောင်နေမိသည်။
ဗီလိန်တစ်ယောက်အနေဖြင့် သူသည် ကောင်းကင်ဘုံ တာအို၏ စောက်ရှောက် ခံရသူများနှင့် သဘာဝအရ ရန်ဘက် ဖြစ်နေသည်။
ထိုသို့ဆိုမှတော့ သူတို့အားလုံးကို အဘယ်ကြောင့် လွှတ်ပေးထားရမည်နည်း။