အခန်း (၈) - အထွတ်အထိပ် ဧကရာဇ်နယ်ပယ် ခြောက်ပါး ချူမိသားစု၏ ကြောက်မက်ဖွယ် အင်အား…
ချူမိသားစု၏ ဌာနချုပ်မှာ သီးခြားလွတ်လပ်သော ကမ္ဘာငယ်လေးတစ်ခုအတွင်း တည်ရှိသည်။
ထိုကမ္ဘာငယ်မှာ သူတော်စင်မြို့တော်၏ ဟင်းလင်းပြင်အထက်တည့်တည့်တွင် တည်ရှိပြီး ချူမိသားစုဝင်များသာလျှင် ထိုကမ္ဘာငယ်ကို ဖွင့်လှစ်ကာ စစ်မှန်သော ရှေးဟောင်းမသေမျိုး နယ်မြေအတွင်းသို့ ခြေချနိုင်ကြသည်။
"ဝီ... ဝီ..."
လော့အာ၏ လမ်းပြမှုဖြင့် ချူယွမ်သည် တိမ်တိုက်များကို ဖြတ်ကျော်ကာ ချူမိသားစု ထိန်းချုပ်ထားသော ကမ္ဘာငယ်ဖြစ်သည့် 'ရှန့်ယွန်းနယ်ပယ်' အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။
ရှန့်ယွန်းနယ်ပယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာ အံ့မခန်းနိုင်လောက်အောင်ပင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လျှင် ကောင်းကင်နှင့် မြေကြီးမှာ ပြောင်းပြန်ဖြစ်နေသကဲ့သို့ပင်။
ဝိညာဉ်မြူခိုးများက အရပ်မျက်နှာအနှံ့ ဝဲပျံနေပြီး ရောင်စုံအလင်းတန်းများ စီးဆင်းနေကာ လောကရတနာများနှင့် မသေမျိုး နတ်ဆေးပင်များမှာ နေရာအနှံ့ ပေါက်ရောက်နေသဖြင့် အထွတ်အထိပ် နတ်ဘုံနတ်နန်းသို့ ရောက်ရှိနေသကဲ့သို့ ခံစားရစေသည်။
"ဝူး”
ချူယွမ်နှင့် လော့အာတို့ ရောက်ရှိလာသည်ကို သိရှိသွားသောအခါ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော ရှေးဟောင်းနဂါးကြီးတစ်ကောင်မှာ တိမ်တိုက်များကို ခွင်း၍ ထွက်ပေါ်လာသည်။
၎င်း၏ ဟိန်းဟောက်သံမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေတော့သည်။
နောက်ဆုံးတွင် ၎င်းသည် ချူယွမ်၏ ရှေ့မှောက်၌ နဂါးခေါင်းကို နှိမ့်ချပေးလိုက်ပြီး သူတို့နှစ်ဦးကို ကျောပေါ်သို့ တက်ရန် အချက်ပြလိုက်သည်။
၎င်းမှာ ချူမိသားစု၏ အစောင့်အရှောက် နတ်သားရဲကြီး၊ နှစ်ပေါင်း သန်းရှစ်ဆယ်တိုင်အောင် အသက်ရှင်ခဲ့သည့် ရှေးဟောင်းနဂါးစစ်စစ် 'ချန်းဝူနဂါးသခင်' ပင် ဖြစ်သည်။
၎င်းသည် တစ်ချိန်က ချူမိသားစု၏ ဘိုးဘေးအဆက်ဆက်နောက်သို့ လိုက်ပါကာ လောကအနှံ့ တိုက်ပွဲဝင်ခဲ့ပြီး မသေမျိုး စွမ်းဆောင်ချက်များကို ထူထောင်ခဲ့သူဖြစ်ရာ နောင်လာနောက်သားများက 'ချန်းဝူနဂါးသခင်' ဟု ရိုသေစွာ ခေါ်ဆိုကြခြင်း ဖြစ်သည်။
ချန်းဝူနဂါးသခင်၏ အစွမ်းမှာ အတိုင်းအဆမရှိလှပေ။
မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရပင်လျှင် ၎င်း၏ တကယ့်စွမ်းအားကို ခန့်မှန်း၍ မရနိုင်ပါချေ။
လက်ရှိ ချူမိသားစုတွင် သက်တမ်းအရင့်ဆုံး တည်ရှိမှု ဖြစ်သည်နှင့်အညီ— ဤနဂါးစစ်စစ်၏ ကျင့်စဉ်မှာ ထာဝရအဆင့်သို့ ခြေတစ်လှမ်းစာမျှသာ လိုတော့သည့် အဆင့်သို့ ရောက်ရှိနေပုံရပြီး မသေမျိုးနယ်ပယ်သို့ တက်လှမ်းရန် တစ်လှမ်းသာ လိုတော့သည့် ကြောက်မက်ဖွယ် တည်ရှိမှုကြီး ဖြစ်သည်။
"နဂါးသခင် အဘိုးကြီး... ကျွန်တော်မျိုး ရိုင်းပျမိတာကို ခွင့်လွှတ်ပါ"
ချန်းဝူနဂါးသခင်၏ ကျောပေါ်သို့ တက်ရင်း ချူယွမ်သည် တစ်ဖက်လူကို အနည်းငယ် ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်။
ချူမိသားစုကို နှစ်ပေါင်းသန်းချီ၍ တိတ်တဆိတ် စောင့်ရှောက်လာခဲ့သော ဤပုဂ္ဂိုလ်ကြီးမှာ မည်သည့် ချူမိသားစုဝင်၏ ရိုသေမှုကိုမဆို ရထိုက်ပေသည်။
"နတ်ဘုရားသားတော်... ဒီလို အရိုအသေတွေ ပေးနေဖို့ မလိုပါဘူး ငါ့ရဲ့ အရိုးဟောင်းတွေက ဒါတွေကို မခံနိုင်တော့ပါဘူး"
ချန်းဝူနဂါးသခင်က လူစကားဖြင့် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
စကားအဆုံးတွင် ကောင်းကင်ဖုံး ရှေးဟောင်းနဂါးကြီးမှာ လေထဲသို့ ပျံတက်သွားပြီး ကမ္ဘာငယ်အတွင်းရှိ ချူမိသားစု စံအိမ်တော် တည်ရှိရာဆီသို့ ဦးတည်ပျံသန်းသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
မကြာမီမှာပင် လော့အာ၏ လမ်းပြမှုဖြင့် ချူယွမ်သည် ဤရှေးဟောင်းမသေမျိုးမိသားစု၏ အဓိက စံအိမ်တော်သို့ ရောက်ရှိလာသည်။
ချူမိသားစု စံအိမ်မှာ ကျယ်ပြောလှသော နယ်မြေကို ယူထားပြီး နန်းဆောင်များနှင့် ပြာသာဒ်များမှာ အစီအရီ တည်ရှိနေကာ အဆုံးမရှိသော ကျောက်စိမ်းအဆောက်အဦးများမှာလည်း နတ်ဘုံနန်းအလား ခမ်းနားထည်ဝါလှသည်။
"သခင်လေး... မိသားစုအကြီးအကဲက ခန်းမဆောင်ထဲမှာ စောင့်နေပါတယ်"
"လော့အာ ကို အရင် ခွင့်ပြုပါဦး"
ချူယွမ်ကို ပို့ဆောင်ပေးပြီးနောက် လော့အာသည် ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်ကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။
ကောင်းကင်ထိ မြင့်မားပြီး နတ်နန်းဆောင်အလား ခမ်းနားလှသော ရတနာခန်းမကြီး၏ ရှေ့တွင် ချူယွမ် တစ်ယောက်တည်း ရပ်ကျန်ရစ်ခဲ့သည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို အပြည့်အဝ လက်ခံထားသည့်တိုင်အောင် ချူယွမ်သည် ဤခဏ၌ တံတွေးကို အသာမြိုချလိုက်မိသည်။
ချူမိသားစုက တကယ်ကို ကြောက်စရာကောင်းလွန်းသည်…
အကယ်၍ သူ၏ ကွာစီ ဧကရာဇ် အစောပိုင်းအဆင့် ကျင့်စဉ်မှာ လင်ရွှီသန့်စင်နယ်မြေတွင် ပြိုင်ဘက်ကင်း ဖြစ်နေခဲ့လျှင်ပင် ဤချူမိသားစု ဌာနချုပ်တွင်မူ သူသည် အဆင့်နိမ့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သည်။
ဤစံအိမ်တော်အတွင်းသို့ ခြေချလိုက်သည်နှင့် ချူယွမ်သည် ကြောက်မက်ဖွယ်ကောင်းသော စိတ်အာရုံ အများအပြားက သူ့ကို ဖြတ်သန်းစစ်ဆေးသွားသည်ကို ခံစားလိုက်ရသည်။
ထိုစိတ်အာရုံ တစ်ခုချင်းစီမှာ သူ၏ စွမ်းအားထက် အဆပေါင်းများစွာ သာလွန်နေသည်။
ဤကဲ့သို့သော အင်အားစုကို ရန်မူရန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင်။
ကံကောင်းစွာဖြင့် သူသည်လည်း ချူမိသားစုဝင်တစ်ဦး ဖြစ်နေပြီး နတ်ဘုရားသားတော်အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။
မဟုတ်ပါက သူသည် လွန်ခဲ့သော အချိန်ကတည်းကပင် ဖုန်မှုန့်အဖြစ် ချေမှုန်းခံလိုက်ရပြီး ဖြစ်ပေလိမ့်မည်။
"သားတော် ချူယွမ်... ခမည်းတော်ကို လာရောက်တွေ့ဆုံပါတယ်"
ခန်းမအပြင်ဘက်၌ ချူယွမ်က အနည်းငယ် ဦးညွှတ်ကာ ခန်းမအနက်ပိုင်းသို့ အသံလှွှင့်လိုက်သည်။
"ဝင်ခဲ့ပါ"
ခဏအကြာတွင် ခန်းမအတွင်းမှ ခန့်ညားထည်ဝါသော အသံတစ်ခု ထွက်ပေါ်လာသည်။
ချူယွမ်က ရှေ့သို့ လှမ်းလိုက်သော်လည်း နောက်တစ်ခဏ၌ သူရှိနေသော ဟင်းလင်းပြင်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး ကျယ်ပြောလှသော ခန်းမကြီးအတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။
ခန်းမအတွင်းဝယ် ပုံရိပ်ခြောက်ခုမှာ အထက်တွင် ထိုင်နေကြပြီး ရှေးဟောင်းနတ်ဘုရား နေမင်းကြီး ခြောက်စင်းသဖွယ် တည်ရှိနေကာ ချူယွမ်ကို ပြောမပြတတ်သော ဖိအားများကို ပေးနေတော့သည်။
အထူးသဖြင့် အလယ်ဗဟိုတည့်တည့်တွင် ထိုင်နေသော ဝတ်စုံဖြူဝတ် အဖိုးအို ဖြစ်သည်။
သူသည် မျက်လုံးမှိတ်ကာ တရားထိုင်နေသော်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိအားများမှာ ကောင်းကင်နှင့် ပင်လယ်အလား ကျယ်ပြောလှပြီး ခန်းမတစ်ခုလုံးရှိ နိယာမတရားများကိုပင် လိမ်တွန့်စေသည်။
ဧကရာဇ်ကြီး… အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်၏ ဖိအားမှာ ချန်းဝူနဂါးသခင်နှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပေ။
ဤသည်မှာ လက်ရှိ ချူမိသားစု၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ စုဝေးနေခြင်းပင်။
သူ၏ဖခင် ထျန်းကျင်မသေမျိုးဧကရာဇ်၊ သူ၏မိခင် ကျိုရွှမ်ဧကရီ၊ ဦးလေးဖြစ်သူ တုန်းဟန်ဧကရာဇ်ကြီး၊ ဒုတိယဦးလေး ဇန့်ကျန့်ဧကရာဇ်ကြီးနှင့် အကြီးဆုံးဦးလေး ပေချန်းဧကရာဇ်ကြီးတို့ ဖြစ်ကြသည်။
ထို့အပြင် ချန်းဝူနဂါးသခင်မှလွဲ၍ လက်ရှိ ချူမိသားစုတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ချူယွမ်၏ အဘိုး၊ မသေမျိုးနယ်ပယ်သို့ ခြေတစ်လှမ်းစာမျှသာ လိုတော့သည့် ထျန်းဟယ်ဧကရာဇ် 'ချူထျန်းဟယ်' ပင် ဖြစ်သည်။
"ကွာစီ ဧကရာဇ် ကျင့်စဉ်လား"
"ဒုတိယညီလေး... ယွမ်အာရဲ့ ခန္ဓာကိုယ်က ချိပ်ပိတ်မှု ပြေသွားပြီလား မင်းရဲ့ ကောင်းကင်ဧကရာဇ်ဝင်စားခြင်း ကျမ်းစာကတောင် အဲ့ဒီ အဆုံးစွန် ကပ်ဘေးမိစ္ဆာခန္ဓာကို မထိန်းချုပ်နိုင်တော့ဘူးလား"
ခန်းမအတွင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပထမဆုံး စကားပြောလာသူမှာ ချူယွမ်၏ ဒုတိယဦးလေး ဇန့်ကျန့်ဧကရာဇ်ကြီး ဖြစ်သည်။
သူ၏ အမည်အရင်းမှာ ချူရွှမ်ကျန့် ဖြစ်ပြီး သူ၏ ပလ္လင်နောက်ကွယ်၌ ရှည်လျားသော ဓားသုံးစင်းမှာ ဝဲပျံနေကာ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်လောက်သော စူးရှမှုများကို ထုတ်ဖော်နေသည်။
ဤဓားသုံးစင်းစလုံးမှာ ဧကရာဇ်လက်နက်များ ဖြစ်ကြပြီး အခြားသော ဧကရာဇ်တစ်ပါးပင် ထိုဓားများအောက်၌ ကျဆုံးခဲ့ဖူးသည်။
ထို့ကြောင့်ပင် ဇန့်ကျန့်ဧကရာဇ်ကြီး၏ အမည်မှာ ထိုက်ချန်းလောကတွင် နှစ်ပေါင်းများစွာတိုင်အောင် ဟိန်းထွက်နေခြင်း ဖြစ်သည်။
ထိုခဏ၌ ပုဂ္ဂိုလ်ခြောက်ဦးစလုံး၏ အကြည့်မှာ ချူယွမ်ထံသို့ ရောက်ရှိနေသည်။
ခေတ္တမျှ သံသယဖြစ်ပြီးနောက် သူတို့အားလုံး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာသည်။
သူတို့အားလုံးသည် ချူယွမ်၏ ထူးခြားသော ခန္ဓာကိုယ်အကြောင်းကို ကောင်းစွာ သိထားကြပုံရသည်။
ထာဝရကပ်ဘေး မိစ္ဆာခန္ဓာ မှာ ကောင်းကင်ဘုံ၌ နံပါတ်တစ် မိစ္ဆာခန္ဓာအဖြစ် ကျော်ကြားသည်။
ဒဏ္ဍာရီများအရ ထိုမိစ္ဆာခန္ဓာကို ပိုင်ဆိုင်သူများသည် ထာဝရကပ်ဘေး စွမ်းအားများကို အလိုရှိသလို ဝါးမြိုကာ ကျင့်ကြံနိုင်ပြီး ဆယ်စုနှစ်တစ်ခုအတွင်းမှာပင် ထာဝရမသေမျိုးနယ်ပယ်သို့ ရောက်ရှိနိုင်သည်။
သို့သော် ပေးဆပ်ရမည့် တန်ဖိုးမှာလည်း ကြောက်စရာကောင်းလှသည်။
အဆုံးစွန်သော ကံဆိုးမှုကြောင့် ထိုမိစ္ဆာခန္ဓာပိုင်ဆိုင်သူနှင့် နီးစပ်သမျှသော သက်ရှိအားလုံးမှာ ပျက်စီးခြင်းသို့ ရောက်ရပေလိမ့်မည်။
မိမိချစ်ခင်ရသူများနှင့် ဆွေမျိုးသားချင်းများ ကျဆုံးသွားသည်ကို မြင်တွေ့ရတိုင်း ထာဝရကပ်ဘေး မိစ္ဆာခန္ဓာ၏ စွမ်းအားမှာ ပိုမိုစင်ကြယ်ကာ ပြင်းထန်လာမည် ဖြစ်သည်။
နောက်ဆုံးတွင် အဆုံးစွန်သော နာကျင်မှုနှင့် နောင်တများအောက်တွင် အဆုံးမရှိသော စိတ်မိစ္ဆာများ၏ ဝါးမြိုခြင်းကို ခံရကာ ကမ္ဘာဖျက်မိစ္ဆာကြီးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
"မဟုတ်ဘူး"
ချူယွမ်၏ ဖခင်ဖြစ်သူ ထျန်းကျင်မသေမျိုးဧကရာဇ်မှာ ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး သူ၏မျက်ဝန်းများတွင် လောကပေါင်းသောင်းချီ၏ ပုံရိပ်ယောင်များ ကိန်းအောင်းနေသည်။
သူသည် ချူယွမ်၏ အခြေအနေကို အကြာကြီး စစ်ဆေးပြီးနောက် ဖြည်းညှင်းစွာ ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
"ယွမ်အာရဲ့ ခန္ဓာကိုယ်ထဲက အခြေအနေကို ငါ အခုလေးတင် စစ်ဆေးပြီးပြီ…ထာဝရကပ်ဘေး စွမ်းအားတွေက စီးဆင်းခြင်း မရှိသေးဘူး…ဒါပေမဲ့ သူ့ရဲ့ ကွာစီ ဧကရာဇ် အဆင့်ကတော့ အစစ်အမှန်ပဲ”
“သူ တစ်စုံတစ်ရာသော ကံကောင်းမှုနဲ့ ကြုံတွေ့ခဲ့လို့ အဲ့ဒီ မိစ္ဆာခန္ဓာရဲ့ စွမ်းအားအချို့ကို လှုံ့ဆော်မိသွားတာ ဖြစ်နိုင်တယ်"
ချူကျင်၏ လေသံမှာ အနည်းငယ် လျော့ကျသွားပြီး ခန်းမအတွင်းရှိ တင်းမာလှသော ဖိအားများမှာလည်း တိတ်တဆိတ် ပျောက်ကွယ်သွားတော့သည်။
"ယွမ်အာ... မင်းလည်း ပြန်ရောက်ပြီဆိုတော့ မင်းရဲ့ ဦးလေးတွေကို အမြန် ဂါရဝပြုလိုက်ဦး"
ဤအချိန်တွင် အဆုံး၌ ထိုင်နေသော ကျိုရွှမ်ဧကရီက ရုတ်တရက် စကားပြောလိုက်သည်။
သူမသည် ချူယွမ်၏ မိခင် ဖြစ်သည် သူမ၏ ရုပ်ရည်မှာ ကျန်းရွှေယွဲ့ သို့မဟုတ် လော့အာတို့ထက်ပင် သာလွန်ကာ ပြစ်မျိုးမှဲ့မထင် လှပနေဆဲပင်။
မိန်းကလေးငယ်တစ်ဦးအလား လှပသော သူမ၏ မျက်နှာတွင် အလွန်တရာ မြင့်မြတ်လှသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
၎င်းကို ကြားသောအခါ ချူယွမ်သည်လည်း လူတိုင်းကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ယွမ်အာက အဘိုး၊ ခမည်းတော်၊ မယ်တော်နဲ့ ဦးလေးတို့အားလုံးကို ဂါရဝပြုပါတယ်"
"ဟားဟား... မင်း ဘာမှမဖြစ်တာ ကောင်းပါတယ်။
ယွမ်အာ... မင်းက ကံဆိုးမှုကို ကံကောင်းမှုအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ကွာစီ ဧကရာဇ် ဖြစ်လာတာဟာ ငါတို့ ချူမိသားစုအတွက် မင်္ဂလာတစ်ပါးပဲ"
"မနေ့ကတင်ပဲ မင်းရဲ့ မယ်တော်က ဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို မင်းလည်း ကွာစီ ဧကရာဇ် အဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့တာဆိုတော့ ဒီတစ်ခါတော့ ချူမိသားစုအတွက် နှစ်ထပ်ကွမ်း မင်္ဂလာပဲပေါ့"
ရုတ်တရက် လူတိုင်း ရယ်မောလိုက်ကြသည်။ ကောင်းကင်ထိ အစွမ်းထက်ကြသော ဤထိပ်တန်း ပုဂ္ဂိုလ်ကြီး ခြောက်ဦးစလုံးသည် ချူယွမ်ကို မေတ္တာအပြည့်ရှိသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်။
"မယ်တော်က ဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလား မယ်တော် ဧကရာဇ် အဆင့် ဖြစ်လာတဲ့အတွက် သားတော်က ဝမ်းမြောက်စွာ ဂုဏ်ပြုပါတယ်”
၎င်းကို ကြားရသောအခါ သူ့အမေ၏ မျက်နှာတွင်လည်း ဝမ်းသာရိပ်များ ထွက်ပေါ်လာသည်။
သူ၏ မိခင်အမည်မှာ ကုရွှေယီ ဖြစ်ပြီး သူမသည် အထက်လောကမှ မသေမျိုးဧကရီ တစ်ပါး ဝင်စားလာခြင်းဖြစ်သည်ဟု သတင်းများ ထွက်ခဲ့ဖူးသည်။
ကွာစီ ဧကရာဇ် အဆင့်မှာတင် သူမ၏ အစွမ်းမှာ အတိုင်းအဆမရှိခဲ့ပေ။ ယခုအခါ ဧကရာဇ် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ သာမန် ဧကရာဇ်များကို လက်တစ်ချက်တည်းနှင့် နှိမ်နင်းနိုင်ပေလိမ့်မည်။
"ဟားဟား... သူ့အဖေက ရီလိုက်ကာ ယွမ်အာ မင်း အားကျနေဖို့ မလိုပါဘူး ငါ့ရဲ့ ကောင်းကင်ဧကရာဇ်ဝင်စားခြင်း ကျမ်းစာကို ကောင်းကောင်း ကျင့်ကြံပါ မင်းရဲ့ ခန္ဓာကိုယ်ကိုသာ အပြည့်အဝ အသုံးချနိုင်မယ်ဆိုရင် ဧကရာဇ် ဖြစ်ဖို့ ဒါမှမဟုတ် မသေမျိုး ဖြစ်ဖို့ဆိုတာ ရိုးရှင်းတဲ့ ကိစ္စလေးပါ”
ဤအချိန်တွင် ချူကျင်သည် သူ၏ ပလ္လင်ပေါ်မှ ဆင်းလာခဲ့သည်။
သူသည် ချူယွမ်၏ ပုခုံးကို ပုတ်ကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။
အမှန်စင်စစ် သူသည်လည်း အထက်လောကမှ မသေမျိုးဘုရင် တစ်ပါး ဝင်စားလာခြင်း ဖြစ်သည်။
အတိတ်ကာလက သူသည် အထက်ဘုံ၏ လောကပေါင်းသောင်းချီကို တုန်လှုပ်စေခဲ့သော 'ထျန်းကျင်မသေမျိုးဘုရင်' ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် 'ကွေ့ရွှီ' တားမြစ်နယ်မြေအတွင်းသို့ အလွန်အကျွံ ဝင်ရောက်မိခဲ့သဖြင့် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
သူသည် ကြွင်းကျန်ရစ်သော ဝိညာဉ်တစ်စကိုသာ ချန်ထားခဲ့နိုင်ပြီး ယခု ချူကျင်အဖြစ် ဝင်စားလာခဲ့ခြင်းပင်။
'ကောင်းကင်ဧကရာဇ်ဝင်စားခြင်း ကျမ်းစာ' မှာ ချူကျင် မသေမျိုးဧကရာဇ် ဖြစ်စဉ်က တိုက်ဆိုင်စွာ ရရှိခဲ့သော အထွတ်အထိပ် မသေမျိုး ကျင့်စဉ်ဖြစ်ပြီး ကောင်းကင်ဘုံ၏ အစွမ်းအားလုံး၊ ဟင်းလင်းပြင်၊ ကံတရားနှင့် ကံကြမ္မာတို့ကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။
ချူမိသားစုအတွင်း၌ ချူကျင်နှင့် ကုရွှေယီတို့၏ အတိတ်ဘဝ အခြေအနေမှာ လျှို့ဝှက်ချက် မဟုတ်ပါချေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ချူမိသားစုမှာ အထက်လောကတွင်လည်း အင်အားကြီးမားလှသဖြင့် နှစ်ပေါင်း သောင်းချီတိုင်းတွင် အထက်လောကမှ မသေမျိုးတစ်ဦး ဤနေရာသို့ ဝင်စားလာခြင်းမှာ ချူမိသားစုဝင်များအတွက် အသားကျနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။