အခန်း (၇) - လင်ရွှီသန့်စင်ရာနယ်မြေ ပျက်စီးခြင်း၊ ချူမိသားစုထံ ပြန်လည်ရောက်ရှိခြင်း
"ဒေါသလျှပ်စီးဧကရာဇ် လား..."
"မင်းက နှစ်ပေါင်းသောင်းချီ ပျောက်ကွယ်နေခဲ့ပြီးမှ အခုတော့ ချူမိသားစု နတ်ဘုရားသားတော်ရဲ့ စောင့်ရှောက်သူ ဖြစ်နေတာလား..."
"...ကွာစီ ဧကရာဇ် နှောင်းပိုင်းအဆင့်မှာ ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးက ဘေးကနေ ပါလာတာပဲ အစကတည်းက ငါ့ရဲ့ လင်ရွှီသန့်စင်ရာနယ်မြေဟာ လူရွှင်တော်တစ်သိုက်ထက် မပိုခဲ့ဘူးပဲ"
လောကကြီးကို တုန်ဟိန်းစေသော ဖိအားများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး နားထဲတွင်လည်း အဆုံးမရှိသော မိုးခြိမ်းသံများကို ကြားလိုက်ရသောအခါ လင်ရွှီသူတော်စင်ဘုရင်သည် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရင်သွားပြီး သူ၏မျက်ဝန်းများမှာလည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
နှစ်ပေါင်း တစ်သန်းနီးပါး အသက်ရှင်ခဲ့သူပီပီ ဒေါသလျှပ်စီးဧကရာဇ်သည် မည်မျှအထိ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
အသက်ရှင်နေသော ကွာစီ ဧကရာဇ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် သူ၏ လင်ရွှီသန့်စင်ရာနယ်မြေကို အားစိုက်စရာပင်မလိုဘဲ အမှုန့်ဖြစ်အောင် ချေဖျက်နိုင်ပေသည်။
ချူမိသားစု၏ လုပ်ရပ်မှာ တကယ့်ကို ကြီးကျယ်လှပေသည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးကို စောင့်ရှောက်သူအဖြစ် ထားရှိခြင်းမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
"စကားတွေ အများကြီး ပြောနေဖို့ မလိုတော့ဘူး"
"ဒီနေ့ကစပြီး မင်းတို့ရဲ့ လင်ရွှီသန့်စင်နယ်မြေကို မြေပုံပေါ်ကနေ ပယ်ဖျက်လိုက်ပြီ"
လေဝူ၏ အသံမှာ တောင်တန်းများအကြားတွင် နတ်ဘုရားတစ်ပါး၏ အမိန့်တော်အလား ဟိန်းထွက်သွားတော့သည်။
"ဝီ..."
မိုးခြိမ်းသံနှင့်အတူ သူသည် ညာဘက်လက်မောင်းကို မြှောက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း အတိုင်းအဆမရှိသော လျှပ်စီးတန်းများ ပွင့်ထွက်လာကာ ကောင်းကင်ယံတွင် ခေတ္တမျှ ခရမ်းရောင် နေမင်းကြီး တစ်စင်း ထွက်ပေါ်လာသကဲ့သို့ပင်။
ထို့နောက် ၎င်းသည် အောက်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။
"ဝုန်း”
လောကကြီးမှာ တုန်ခါသွားပြီး ကောင်းကင်ယံကြီးမှာလည်း ပြိုကျတော့မည့်အလား။
ကြီးမားလှသော လျှပ်စီးလှိုင်းလုံးကြီးများသည် အရပ်မျက်နှာ အနှံ့အပြားကို ဝါးမြိုသွားတော့သည်။
တောင်တန်းများဖြစ်စေ၊ မြစ်ချောင်းများဖြစ်စေ အရာအားလုံးမှာ တစ်ခဏချင်းမှာပင် အမှုန့်ဖြစ်သွားရသည်။
လင်ရွှီသန့်စင်ရာနယ်မြေ၏ မရေမတွက်နိုင်သော အဆောက်အဦးများ၊ သန်းနှင့်ချီသော တပည့်များ၊ သံဃာ့အရာရှိများ၊ အကြီးအကဲများနှင့် သက်ရှိအားလုံးမှာ ချက်ချင်းပင် ချေမှုန်းခံလိုက်ရသည်။
ထိုခဏ၌ သူတို့အားလုံးမှာ မီးခိုးငွေ့များအလား ပျောက်ကွယ်သွားကာ ဘာမျှမရှိသော နတ္တိအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ငါ... ငါ နောင်တရတယ်"
စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ လင်ရွှီသူတော်စင်ဘုရင်သည်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးပင်လယ်ကြီးအတွင်းသို့ ဝါးမြိုခြင်း ခံလိုက်ရကာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားတော့သည်။
သူ၏ လမ်းစဉ်မှာ လုံးဝဥဿုံ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသော မိုးခြိမ်းသံများ ငြိမ်သက်သွားချိန်တွင်မူ…
တစ်လောကလုံးမှာ အလွန်တရာ ထူးဆန်းသော တိတ်ဆိတ်မှုကြီးအတွင်းသို့ ကျရောက်သွားတော့သည်။
မိုင်ပေါင်းသိန်းချီ ကျယ်ဝန်းပြီး အင်အားကြီးအဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသော လင်ရွှီသန့်စင်နယ်မြေမှာ ယခုအခါ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
၎င်း၏နေရာတွင် မီးလောင်ကျွမ်းထားသော မြေရိုင်းကြီးနှင့် အမာရွတ်များသာ ကျန်ရစ်တော့သည်။
သက်ရှိဟူ၍ တစ်ဦးမျှ မရှိတော့ဘဲ လုံးဝဥဿုံ သေဆုံးသွားသော နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အမိန့်တစ်ချက်တည်းနှင့် နှစ်ပေါင်းသန်းချီသော အမွေအနှစ်ရှိသည့် သန့်စင်ရာနယ်မြေတစ်ခုမှာ ပျက်စီးသွားခဲ့ရသည်။
ချူယွမ်သည် ဟင်းလင်းပြင်ကြီးထဲတွင် ရပ်လျက် အောက်ခြေရှိ ပျက်စီးနေသော မြင်ကွင်းကို ငုံ့ကြည့်နေသော်လည်း သူ၏ မျက်နှာမှာ အရင်အတိုင်း အေးစက်နေဆဲပင်။
အစမှ အဆုံးအထိ သူသည် အနည်းငယ်မျှ သနားညှာတာခြင်း မရှိပေ။
ချူမိသားစု နတ်ဘုရားသားတော်၏ ဂုဏ်သိက္ခာကို စော်ကားသူများအတွက် သေခြင်းတရားဟူသော လမ်းတစ်ခုသာ ရှိသည်။
အကယ်၍ သူက ယနေ့ ထိုသန့်စင်နယ်မြေကို ဖျက်ဆီးရန် မပြောခဲ့လျှင်ပင်၊ နောင်တစ်ချိန်တွင် ချူမိသားစုဝင်များက ဤအကြောင်းကို သိရှိသွားပါက လင်ရွှီသန့်စင်နယ်မြေ၌ ကြက်ကလေး၊ ငှက်ကလေးတစ်ကောင်မျှပင် ကျန်ရစ်လိမ့်မည် မဟုတ်ပေ။
၎င်းမှာ သေချာပေါက် ဖျက်ဆီးခံရမည်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုက်ချန်းလောက၏ ထိပ်တန်းအင်အားစု ဖြစ်သည့် သူ၏ ချူမိသားစု ဂုဏ်သိက္ခာမှာ မည်မျှအထိ ကြောက်စရာကောင်းသနည်း။
သူတစ်ပါးက အနည်းငယ်မျှ ထိပါးလာသည်ကို သူတို့ မည်သို့ ခွင့်လွှတ်နိုင်ပါမည်နည်း။
"သခင်လေး"
လင်ရွှီသန့်စင်ရာနယ်မြေကို တစ်ချက်တည်းနှင့် ဖျက်ဆီးပြီးနောက် လေဝူ၏ ပုံရိပ်မှာ ချူယွမ်၏ နောက်ကွယ်တွင် ပြန်လည် ထွက်ပေါ်လာသည်။
သူသည် ချူယွမ်ကို အလွန်ရိုသေစွာဖြင့် အနည်းငယ် ဦးညွှတ်လိုက်သည်။
"အရှင်သခင်ကြီးက ပြောပါတယ်... သခင်လေးအနေနဲ့ အဲ့ဒီ လင်ရွှီသန့်စင်သ မီးတော်အ ပေါ်မှာ အရူးအမူး ဖြစ်မနေတော့တဲ့ နေ့တစ်နေ့ ရောက်လာရင် သခင်လေးကို ချူမိသားစုဆီ ပြန်လာခိုင်းပါတဲ့"
လေဝူ ပြောဆိုသော 'အရှင်သခင်ကြီး' မှာ လက်ရှိ မိသားစုအကြီးအကဲပင် ဖြစ်သည်။ မူလချူယွမ်၏ ဖခင်အရင်းဖြစ်သော ထျန်းကျင်ဧကရာဇ် ချူကျင်ပင် ဖြစ်သည်။
"ခမည်းတော်က ငါ့ကို ရှာနေတာလား"
"ကောင်းပြီလေ လင်ရွှီသန့်စင်နယ်မြေလည်း ပျက်စီးသွားပြီဆိုတော့ မိသားစုဆီ ပြန်ရမယ့်အချိန် ရောက်ပြီပေါ့"
ချူယွမ်က ခေါင်းညိတ်လိုက်သည်။
သူသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူ ဖြစ်သော်လည်း သူ၏ဝိညာဉ်မှာ ယခုအခါ မူလချူယွမ်နှင့် လုံးဝဥဿုံ ပေါင်းစပ်သွားပြီ ဖြစ်သည်။
စနစ် ကြောင့်လည်း မည်သူမျှ တစ်စုံတစ်ရာ ထူးဆန်းသည်ကို မြင်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သံသယဝင်ခံရမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။
"သွားကြစို့"
ချူယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် ရှေးဟောင်းလှေကြီးတစ်စင်း ထွက်ပေါ်လာပြီး သူသည် ထိုလှေပေါ်သို့ တက်ကာ ပျက်စီးနေသော ဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်၍ ထွက်ခွာသွားတော့သည်။
...
ရှေးဟောင်းလှေ၏ အရှိန်မှာ အလွန်မြန်ဆန်ပြီး ၎င်း၏ အဆင့်အတန်းမှာလည်း အလွန်မြင့်မားလှသည်။
၎င်းမှာ ချူယွမ်၏ သုံးနှစ်ပြည့် မွေးနေ့တွင် သူ၏ဖခင်က ပေးထားသော လက်ဆောင်ဖြစ်ပြီး 'ကောင်းကင်ဖြတ်ကျော်လှေ' ဟု အမည်ရသော ကွာစီ ဧကရာဇ် အဆင့်ရှိ ရတနာတစ်ခု ဖြစ်သည်။
၎င်းတွင် ကာကွယ်ရေးနှင့် တိုက်ခိုက်ရေး မန္တန်အစီအရင် များစွာကို ရေးထိုးထားရာ သာမန် ဧကရာဇ်တစ်ပါးပင်လျှင် ၎င်းကို ဖောက်ထွင်းရန် ခက်ခဲပေလိမ့်မည်။
ထိုလှေ၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင် ကွာစီ ဧကရာဇ် တစ်ပါးပင်လျှင် လုံးဝ ခြေမှုန်းခံရပေလိမ့်မည်။
"ဝုန်း"
ဟင်းလင်းပြင်ကြီးမှာ ထပ်ခါတလဲလဲ ကွဲအက်သွားပြီး နာရီအနည်းငယ်အတွင်းမှာပင် ကောင်းကင်ဖြတ်ကျော်လှေသည် ထိုက်ချန်းလောက၏ တစ်ဝက်ခန့်ကို ဖြတ်ကျော်ခဲ့ပြီး ချူမိသားစုက အပြည့်အဝ ထိန်းချုပ်ထားသော 'ရှေးဟောင်းနိုင်ငံတော်' နယ်မြေအတွင်းသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။
ရှေးဟောင်းနိုင်ငံတော်၏ မြို့တော် 'သူတော်စင်မြို့'....
မိုင်ပေါင်းသောင်းချီ မြင့်မားသော မြို့ရိုးကြီးများပေါ်တွင် ရွှေရောင်ဝတ်စုံဝတ် အစောင့်များစွာမှာ ရပ်လျက် စကားပြောနေကြသည်။
သူတို့၏ ကျင့်စဉ်အရှိန်အဝါများမှာလည်း အလွန်တရာ ကြောက်စရာကောင်းလှပေသည်။
"ကြားပြီးပြီလား မနေ့ကတင်ပဲ ချူမိသားစု အကြီးအကဲ ထျန်းကျင်ဧကရာဇ်ရဲ့ ဇနီးသည်ကလည်း ဧကရာဇ်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီတဲ့ သူမရဲ့ ဘွဲ့အမည်ကတော့ 'ကျိုရွှမ်ဧကရီ' တဲ့လေ"
ဟူး...
ထိုသတင်းကို ကြားလိုက်ရသော အခြားအစောင့်တစ်ဦးမှာ အသက်ရှူမှားသွားတော့သည်။
"ချူမိသားစုမှာ နောက်ထပ် ဧကရာဇ်တစ်ပါး ထပ်ထွက်လာပြန်ပြီလား ထိပ်တန်း ရှေးဟောင်းမသေမျိုးမိသားစုပီပီ တကယ့်ကို အံ့မခန်းပါပဲ။ ဒါနဲ့ဆိုရင် ချူမိသားစုမှာ စုစုပေါင်း ဧကရာဇ် ငါးပါး ရှိသွားပြီပေါ့။ ဒီလောကမှာ သူတို့ကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး!"
"ချူမိသားစုရဲ့ လက်အောက်ခံနိုင်ငံတစ်ခုအနေနဲ့ ငါတို့ ဧကရာဇ်ဖန် ရှေးဟောင်းနိုင်ငံတော်လည်း တကယ့်ကို ဂုဏ်တက်တာပဲ"
"ဟားဟား... ဟုတ်တာပေါ့ ချူမိသားစုက ငါတို့ကို ကာကွယ်ပေးထားမှတော့ ဒီထိုက်ချန်းလောကမှာ ငါတို့ကို ဘယ်သူက ရန်စရဲမှာလဲ"
ထိုလူစုမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသော်လည်း အဝေးမှ တဖြည်းဖြည်း ချဉ်းကပ်လာသော ရှေးဟောင်းလှေကြီးကို သတိမထားမိကြပေ။
လှေ၏ အရှိန်မှာ အံ့သြစရာကောင်းလှပြီး ခဏအတွင်းမှာပင် မိုင်ပေါင်းထောင်ချီကို ဖြတ်ကျော်ကာ သူတော်စင်မြို့တော် ပြင်ပရှိ ဟင်းလင်းပြင်သို့ ရောက်ရှိလာသည်။
"ဟင်"
ထိုအခါမှ အစောင့်များမှာ သတိဝင်လာကြသည်။
မကြာသေးမီကမှ ကင်းစောင့်တပ်သို့ ဝင်ရောက်လာသော လူငယ်တစ်ဦးမှာ သူ၏မျက်ဝန်းတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာပြီး အော်ဟစ်လိုက်သည်။
"ဘယ်သူလဲ… ငါတို့ရဲ့ သူတော်စင်မြို့တော်ရဲ့ ကောင်းကင်ယံကို ကျူးကျော်ရဲတာ... သေချင်နေတာလား"
"ရှူး… ရှူး..မင်းလို ငတုံးကတော့ကွာ... အဲ့ဒါ နတ်ဘုရားသားတော်ချူရဲ့ ကောင်းကင်ဖြတ်ကျော်လှေကွ….အမြန် မြို့တံခါးတွေဖွင့်ပြီး အဲ့ဒီမြင့်မြတ်လှတဲ့ အရှင်သခင်ကို ကြိုဆိုကြ"
"ဟူး... အဲ့ဒါ တကယ်ပဲ ချူမိသားစုရဲ့ နတ်ဘုရားသားတော်လား"
စောစောက အော်ဟစ်ခဲ့သော လူငယ်မှာ မျက်နှာပျက်သွားတော့သည်။
ချူမိသားစု၏ နတ်ဘုရားသားတော် ချူယွမ်… ထျန်းကျင်ဧကရာဇ်နှင့် မနေ့ကမှ ဧကရာဇ်ဖြစ်လာခဲ့သော ကျိုရွှမ်ဧကရီတို့၏ တစ်ဦးတည်းသော သားတော် ဖြစ်ပေရာ သူ၏ အဆင့်အတန်းမှာ မည်မျှအထိ မြင့်မားပါသနည်း။
သူတို့၏ ရှေးဟောင်းနိုင်ငံတော် အရှင်သခင်ပင်လျှင် သူ့ကိုတွေ့လျှင် ဦးညွှတ်ရမည် ဖြစ်ပေရာ သာမန် မြို့စောင့်တစ်ဦးအနေဖြင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ခဏအတွင်းမှာပင် သူ၏ နဖူးမှ ချွေးစေးများ ထွက်လာကာ ခြေထောက်များလည်း တုန်ရီလာပြီး ဒူးထောက်ကျလုနီးပါး ဖြစ်သွားရသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ သူငယ်ချင်းက ဆွဲထူလိုက်သောကြောင့်သာ။
မဟုတ်လျှင် သူသည် နတ်ဘုရားသားတော်ကို မလေးမစား လုပ်မိရာ ရောက်ပေလိမ့်မည်။
"ဝုန်း"
ရှေးဟောင်းမြို့တံဆိပ်ကြီးများမှာ တဖြည်းဖြည်း ပွင့်လာပြီး ကောင်းကင်ဖြတ်ကျော်လှေမှာ မြို့တံခါးရှေ့သို့ ဆင်းသက်လာကာ ချူယွမ်က အပြင်သို့ လှမ်းထွက်လာခဲ့သည်။
ဝှူး… ဝှူး…
နောက်တစ်ခဏတွင် သူ ပေါ်လာသည်နှင့် တပြိုင်နက်…
သူတော်စင်မြို့တော်အတွင်းမှ မရေမတွက်နိုင်သော ပုံရိပ်များ ပျံသန်းလာကြပြီး တပြိုင်နက်တည်း ဦးညွှတ်ကာ ကြိုဆိုကြတော့သည်။
"နတ်ဘုရားသားတော် မင်းသားလေး ပြန်လည်ရောက်ရှိလာတာကို ကျွန်တော်မျိုးတို့ ကြိုဆိုပါတယ် "
ရောက်ရှိလာသူအားလုံးမှာ မြင့်မားသော ကျင့်စဉ်များ ရှိကြသူများ ဖြစ်ကြပြီး ရှေးဟောင်းနိုင်ငံတော်၏ မင်းသားများ၊ မင်းသမီးများပင်လျှင် ရောက်ရှိနေကြသည်။
ထို့အပြင်...
လက်ရှိ အရှင်သခင် ကိုယ်တိုင်ပင်လျှင်၊ ကွာစီ ဧကရာဇ် အထွတ်အထိပ် အဆင့်၌ ရှိနေသော ထိုပုဂ္ဂိုလ်ကြီးသည် သူ၏ စိတ်အာရုံတစ်ခုကို ခွဲထုတ်ကာ ပုံရိပ်ယောင်အဖြစ် ကြိုဆိုရန် ရောက်ရှိလာခဲ့သည်။
"မဆိုးပါဘူး ဒီလို မြင်ကွင်းမျိုးကမှ ငါ့ရဲ့ ချူမိသားစု နတ်ဘုရားသားတော် အဆင့်အတန်းနဲ့ ကိုက်ညီတာပေါ့"
မရေမတွက်နိုင်သော အစွမ်းထက်သူများ၏ ကြိုဆိုမှုကို မြင်လိုက်ရသောအခါ ချူယွမ်သည် စိတ်ထဲမှ ပြုံးလိုက်ပြီး လူတိုင်းကို ပြန်ထစေရန် လက်ဟန်ပြလိုက်သည်။
"ဒီလောက်အထိ အခမ်းအနားတွေ လုပ်နေဖို့ မလိုပါဘူး ရှေးဟောင်းနိုင်ငံတော်နဲ့ ငါ့ရဲ့ ချူမိသားစုဟာ တစ်သားတည်းပါပဲ။ အားလုံးဟာ ဒီဂုဏ်သိက္ခာကို အတူတူ ခံစားသင့်ပါတယ် အလေးအမြတ်တွေ အများကြီး လုပ်မနေကြပါနဲ့"
ထိုစကားကို ကြားလိုက်ရသောအခါ ရှေးဟောင်းနိုင်ငံတော်အတွင်းဝယ် တောင်ကြီးတစ်ခု ပြိုကျသကဲ့သို့ သဘောတူသံများ ဟိန်းထွက်သွားတော့သည်။
"နတ်ဘုရားသားတော်ရဲ့ သွန်သင်မှုကို ကျွန်တော်မျိုးတို့ လိုက်နာပါ့မယ်"
လူတိုင်း ပြန်ထလာချိန်တွင် နတ်သမီးတစ်ပါးအလား လှပပြီး ကျော့ရှင်းသော ပုံရိပ်တစ်ခုမှာ လျှောက်လာကာ ချူယွမ်ကို ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
"သခင်လေး... အရှင်သခင်ကြီးက သခင်လေးကို စောင့်နေတာ ကြာပါပြီ…ကျွန်တော်မျိုးမ နောက်ကို လိုက်ခဲ့ပေးပါ"
သူမ၏ အသံမှာ သာယာနာပျော်ဖွယ် ရှိလှသည်။ သူမသည် အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မြို့တစ်မြို့ကိုပင် တုန်လှုပ်စေနိုင်သော အလှအပမျိုး ရှိကာ သူမ၏ အသားအရည်မှာလည်း ဆီးနှင်းများအလား ဖြူစင်ကာ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေပေသည်။
သူမမှာ အခြားသူမဟုတ် ချူမိသားစုရှိ ချူယွမ်၏ အနီးကပ် အစေခံမလေးများထဲမှ တစ်ဦးဖြစ်သော လော့အာ ပင် ဖြစ်သည်။
"လမ်းပြပါဦး"
ချူယွမ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိနေသဖြင့် သူသည် လော့အာနှင့် စိမ်းသက်ခြင်း မရှိပေ။
သူမမှာ အစေခံတစ်ဦး ဖြစ်သော်လည်း အမှန်တကယ်တွင်မူ သူတို့နှစ်ဦးမှာ ငယ်သူငယ်ချင်းများကဲ့သို့ ခင်မင်ကြပြီး ဆက်ဆံရေးမှာ အလွန်ကောင်းမွန်လှသည်။
ထို့အပြင် သူ့ရှေ့ရှိ ပြစ်မျိုးမှဲ့မထင် လှပသော အမျိုးသမီးလေးကို ကြည့်ရင်း ချူယွမ် တွေးမိသည်မှာ ကျန်းရွှေယွဲ့၏ မည်သည့်အချက်ကများ ဤလော့အာနှင့် ယှဉ်နိုင်မည်နည်း ဟူ၍ပင်။
ဝေးလံခေါင်ဖျားသော သန့်စင်နယ်မြေတစ်ခုမှ သာမန် သန့်စင်သမီး တော်တစ်ဦးက မူလချူယွမ်ကို ဤမျှအထိ အရူးအမူး ဖြစ်စေခဲ့သည်မှာ အံ့သြစရာပင်။
သို့သော် ပြန်စဉ်းစားကြည့်လျှင်မူ ၎င်းမှာ မုန့်ဟန်၏ ကံကြမ္မာရောင်ဝါကြောင့်သာ ဖြစ်ပေလိမ့်မည်။
ထိုရောင်ဝါမှာ စောစောစီးစီးကတည်းကပင် စတင် လွှမ်းမိုးခဲ့ပုံရသည်။