အခန်း (၆) - ကံကြမ္မာ၏သားတော်ကို ကွပ်မျက်ခြင်း၊
"ကွာစီ ဧကရာဇ်အဆင့်လား… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. မင်းလို လူငယ်လေးက... ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ"
လင်ရွှီသူတော်စင်ဘုရင်သည် မနည်းရုန်းကန်၍ ထရပ်လိုက်ရသည်။
ချူယွမ်၏ လက်ညှိုးတစ်ချက်အောက်တွင် သူ ဂုဏ်ယူရပါသည်ဆိုသော 'လင်ရွှီကောင်းကင်တံဆိပ်' ပင်လျှင် မည်သည့်ခုခံမှုမျှ မပြုနိုင်ခဲ့ပေ။
စစ်မှန်သော ကွာစီ ဧကရာဇ် တစ် ယောက်၏ အစွမ်းရှေ့မှောက်တွင်မူ ၎င်းမှာ ပုရွက်ဆိတ်နှင့် နဂါးကဲ့သို့ ကွာခြားလွန်းလှသည်။
သူ မည်မျှပင် ရုန်းကန်ပါစေ မည်မျှပင် နာကြည်းမကျေနပ်ဖြစ်ပါစေဦးတော့၊ အားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။
ယနေ့တွင်မူ လင်ရွှီသန့်စင်ရာနယ်မြေသည် တကယ့် သံမဏိပြားကို သွားကန်မိလေပြီ။
ကြည့်ရသည်မှာ... ပျက်စီးခြင်းသို့ ရောက်ရန် ကံပါလာခဲ့ပြီ ထင်၏။
"ဝေါ့"
ထိုသို့တွေးတောရင်း သူသည် သွေးများ ထပ်မံအန်ထုတ်လိုက်ရပြန်ရာ လင်ရွှီသူတော်စင်ဘုရင်၏ အရှိန်အဝါမှာ အလွန်တရာ ညှိုးနွမ်းသွားတော့သည်။
သွေးရောင်လွှမ်းနေသော မျက်ဝန်းများဖြင့် သူသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိသည်။
တိမ်တိုက်များကြားမှ ထိုအလွန်တရာ မြင့်မြတ်လှသော ပုံရိပ်ကို ရှင်းလင်းစွာ မြင်နိုင်ရန် ကြိုးစားနေခြင်းပင်။
"ငါဟာ ထိုက်ချန်းလောကမှာ နှစ်ပေါင်း ရှစ်သိန်းတိုင်အောင် လှည့်လည်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ညံ့ဖျင်းသူတစ်ယောက်လို့ မသတ်မှတ်ခဲ့ဖူးဘူး"
လင်ရွှီသူတော်စင်ဘုရင်၏ အသံမှာ အက်ရှရှနှင့် အထီးကျန်ဆန်လှသည်။
"ဒါပေမဲ့ မင်းလို ကလေးတစ်ယောက်ရဲ့ လက်ထဲမှာ ကျဆုံးရလိမ့်မယ်လို့ ငါ လုံးဝ မထင်မှတ်ထားခဲ့ဘူး"
"အခုအချိန်မှာတော့ ငါ တောင်းပန်ချင်တာက နတ်ဘုရားသားတော်ချူအနေနဲ့ လင်ရွှီရဲ့ မျိုးဆက်တွေကိုတော့ ချန်ထားပေးပါ။
“ငါ့တပည့် မုန့်ဟန်နဲ့ ငါ့ကိုတော့ နတ်ဘုရားသားတော် သဘောရှိ စီရင်နိုင်ပါတယ်… ငါတို့ အသက်ရှင်မလား..သေမလားဆိုတာက နတ်ဘုရားသားတော်ရဲ့ လက်ထဲမှာပါပဲ"
ယခုအချိန်တွင် လင်ရွှီသူတော်စင်ဘုရင်သည် လုံးဝ အရှုံးပေးလိုက်ပြီ ဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ခုသော အစွမ်း၏ လွှမ်းမိုးမှုကြောင့် သူသည် မုန့်ဟန်အပေါ် ဒေါသ မထွက်နိုင်သေးဘဲ မိမိ၏ ကျင့်စဉ်အစွမ်းကသာ နိမ့်ပါးလွန်း၍ ဤကျယ်ပြောလှသော သန့်စင်ရာနယ်မြေကို မကာကွယ်နိုင်ခဲ့ခြင်းဟုသာ မှတ်ယူနေတော့သည်။
ဤအချက်နှင့် ပတ်သက်၍ ချူယွမ်သည်လည်း ထူးဆန်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
ထိုက်ချန်းလောက၏ အင်အားကြီးအဖွဲ့အစည်းတစ်ခုဖြစ်သော လင်ရွှီသန့်စင်နယ်မြေသည် နှစ်ပေါင်း တစ်သန်းနီးပါး သမိုင်းကြောင်းရှိခဲ့ပြီး သူတော်စင်ဘုရင်တစ်ပါးပင် အုပ်ချုပ်နေခြင်း ဖြစ်သည်။
သူတို့သည် ချူမိသားစု၏ ဂုဏ်သတင်းကို ကောင်းကောင်းသိသင့်ပေသည်။
၎င်းမှာ လုံးဝ ပြစ်မှား၍မရသော တန်ခိုးအာဏာကြီးမားသည့် တည်ရှိမှု ဖြစ်သည်။
သို့သော် ဘာကြောင့်လဲ။
ချူမိသားစု၏ မြင့်မြတ်လှသော နတ်ဘုရားသားတော် ရောက်ရှိလာချိန်တွင် လင်ရွှီသန့်စင်ရာနယ်မြေမှ လူများက သူ့ကို အနည်းငယ်မျှ ရိုသေမှု မပြခဲ့ကြပေ။
မုန့်ဟန်နှင့် ကျန်းရွှေယွဲ့တို့က သူ့ကို ဤသို့ လှည့်ဖြားနေသည်ကိုပင် သူတို့က သိသိကြီးနှင့် မျက်ကွယ်ပြုထားရုံတင်မကဘဲ ထိုနှစ်ဦးကို တိတ်တဆိတ်ပင် ထောက်ခံပေးခဲ့ကြသေးသည်။
"ဒီလူတွေ ဘာဖြစ်နေကြတာလဲ"
ချူယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါဟာ ကံကြမ္မာ၏သားတော် ဖြစ်တဲ့ မုန့်ဟန်က ဒီသန့်စင်ရာနယ်မြေကို တစ်နည်းနည်းနဲ့ လွှမ်းမိုးထားလို့လား"
"ချူယွမ်"
ချူယွမ် တွေးတောနေစဉ်မှာပင် လက်မောင်းနှစ်ဖက် ပြတ်တောက်လျက် ကျောက်တိုင်တွင် ကပ်နေသော မုန့်ဟန်က ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
"ငါ့ရဲ့ ဆရာကြီးတောင် မင်းကို မယှဉ်နိုင်ဘူးလို့ ငါ မထင်ထားမိဘူး"
"ဒီနေ့တော့ ငါ မုန့်ဟန် ရှုံးနိမ့်သွားပါပြီ"
"ဒါပေမဲ့... ကံကြမ္မာဆိုတာ လှည့်စားတတ်တယ် ဆင်းရဲတဲ့ လူငယ်တစ်ယောက်ကို အထင်မသေးနဲ့ မင်း ငါ့ကို နှစ်ပေါင်းသုံးထောင်လောက် အချိန်ပေးရဲလား…နောက်နှစ်ပေါင်းသုံးထောင်ကြာရင် မင်းနဲ့ငါ ထိုက်ချန်းလောကရဲ့ အထွတ်အထိပ်မှာ အဆုံးအဖြတ် တိုက်ပွဲတစ်ခု ဆင်နွှဲကြမယ်… ဘယ်သူက အနိုင်ရမလဲ… ဘယ်သူက အသက်ရှင်မလဲဆိုတာ အဲ့ဒီကျမှ ဆုံးဖြတ်ကြတာပေါ့"
မုန့်ဟန်၏ မျက်ဝန်းများမှာ နာကြည်းမှုများနှင့်အတူ ပြတ်သားမှုများ ပြည့်နှက်နေပြီး တိမ်တိုက်များအထက်တွင် ထိုင်နေသော ချူယွမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
ဤစကား ထွက်လာသည်နှင့် တပြိုင်နက် ဆူညံသံများ ထွက်ပေါ်လာတော့သည်။
"နှစ်ပေါင်းသုံးထောင်တဲ့"
"ချူမိသားစုရဲ့ နတ်ဘုရားသားတော်က ဘိုးဘေးကြီးကို လက်ညှိုးတစ်ချက်နဲ့တင် နှိမ်နင်းနိုင်ခဲ့တာ သူက အခု ကွာစီ ဧကရာဇ် အဆင့်မှာ ရှိနေတာပဲ…နှစ်ပေါင်းသုံးထောင်ဆိုတာ... မုန့်ဟန်က ဘယ်လောက်ပဲ ပါရမီထူးပါစေ၊ ကွာစီ ဧကရာဇ် အဆင့်ကို ရောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တာ"
"နှစ်ပေါင်းသုံးထောင် ကြာရင် သူ သေချာပေါက် သေရမှာပဲ"
သန့်စင်နယ်မြေ၏ အရပ်မျက်နှာ အသီးသီးမှ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။
ချူယွမ်က ထိုစိန်ခေါ်မှုကို လက်ခံလိမ့်မည်ဟု သူတို့က ထင်မှတ်နေကြပုံရသည်။
သို့သော် အမှန်တကယ်တွင်မူ...
မမြင်နိုင်သော အင်အားတစ်ခု၏ လွှမ်းမိုးမှုကြောင့် ချူယွမ်၏ စိတ်ဓာတ်မှာ ဝေဝါးသွားပြီး မုန့်ဟန်၏ ကမ်းလှမ်းချက်ကို သဘောတူရန် ဖြစ်လာတော့သည်။
"ဒီနတ်ဘုရားသားတော်က မရဲဘူးလို့များ ထင်နေလား... ဒါဆိုရင်..."
ချူယွမ် စကားမဆုံးမီမှာပင် စနစ်၏ အသံ ထွက်ပေါ်လာသည်။
[တိန်…ကံကြမ္မာရောင်ဝါ၏ လွှမ်းမိုးမှုကို အောင်မြင်စွာ ပိတ်ဆို့လိုက်ပါပြီ]
ချူယွမ်၏ မျက်ဝန်းများမှာ ချက်ချင်း ကြည်လင်သွားသည်။
ခုနက သူ၏ အတွေးများ ထူးဆန်းနေသည်ကို သတိပြုမိလိုက်သဖြင့် ချက်ချင်းပင် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်တော့သည်။
ကံကြမ္မာရောင်ဝါလား။
၎င်းမှာ လူကို အသိဉာဏ် နည်းသွားစေသည့် ရောင်ဝါ ပဲ ဖြစ်ရမည်။
ကံကြမ္မာ၏သားတော် တိုင်းသည် ဝတ္ထုထဲက ဇာတ်လိုက်များကဲ့သို့ပင်။
သူတို့ရှေ့မှောက်တွင် မယုတ္တိသော အရာများစွာမှာ ယုတ္တိရှိသကဲ့သို့ ဖြစ်လာတတ်သည်။
ဤလင်ရွှီသန့်စင်နယ်မြေကလည်း မုန့်ဟန်၏ ကံကြမ္မာရောင်ဝါ လွှမ်းမိုးမှုကြောင့်သာ ချူယွမ်ကဲ့သို့သော အင်အားကြီး မီသားစု မျိုးစက်ကို ပြစ်မှားရဲသည့် သတ္တိများ ရှိလာခြင်း ဖြစ်ပေလိမ့်မည်။
ဒါကြောင့်ကိုး...
ခဏမျှ တွေးတောပြီးနောက် ချူယွမ်သည် လင်ရွှီသန့်စင်နယ်မြေ၏ ထူးဆန်းမှု အကြောင်းရင်းကို နားလည်သွားခဲ့သည်။
အတိတ်ကာလကဆိုလျှင် လင်ရွှီသန့်စင်နယ်မြေကို သတ္တိအဆပေါင်း တစ်ရာပေးလျှင်ပင် ချူမိသားစုဝင်တစ်ဦးကို ရန်စရဲမည် မဟုတ်ပေ။
သို့သော် မုန့်ဟန်၏ လွှမ်းမိုးမှုအောက်တွင် အားလုံးမှာ ဖြစ်နိုင်ခြေ ရှိသွားခဲ့သည်။
လင်ရွှီသူတော်စင်ဘုရင်က မုန့်ဟန်ကို တပည့်အဖြစ် လက်ခံခဲ့ခြင်းမှာလည်း ဤရောင်ဝါ၏ အစွမ်းကြောင့်ပင် ဖြစ်ရမည်။
"နှစ်ပေါင်းသုံးထောင် ဟုတ်လား"
ထိုသို့တွေးရင်း ချူယွမ်သည် ခန်းမအတွင်းသို့ ပြန်လည် ဆင်းသက်လာခဲ့သည်။
သူသည် မုန့်ဟန်ကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဒီနတ်ဘုရားသားတော်က မင်းကို ဒီနေ့ သတ်နိုင်နေတာပဲ ဘာလို့ မင်းကို နှစ်ပေါင်းသုံးထောင် အချိန်ပေးရမှာလဲ"
"ရွှပ်"
စကားအဆုံးတွင် မုန့်ဟန် ထပ်မံစကားမပြောနိုင်မီမှာပင် ချူယွမ်၏ အကြည့်တစ်ချက်ဖြင့်တင် မမြင်နိုင်သော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ မုန့်ဟန်ကို သွေးမြူများအဖြစ် အစအနမကျန်အောင် ချေမှုန်းပစ်လိုက်တော့သည်။
သူ၏ ဝိညာဉ်ပါ တပါတည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
"အား"
ခန်းမအတွင်းဝယ် မုန့်ဟန်၏ ဝိညာဉ် နောက်ဆုံး အော်ဟစ်လိုက်သံသာ ပဲ့တင်ထပ် ကျန်ရစ်တော့သည်။
အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခြင်းပင်။
ချူယွမ်သည် ရန်သူကို နောက်ထပ် အခွင့်အရေး တစ်ချက်ကလေးမျှ မပေးခဲ့ပေ။
ဤကံကြမ္မာ၏သားတော်မှာ... လုံးဝ ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
[တိန်…ကြယ် နှစ်ပွင့်အဆင့်ရှိသော ကံကြမ္မာ၏သားတော်ကို အောင်မြင်စွာ ကွပ်မျက်နိုင်ခဲ့ပြီး ကံကြမ္မာမှတ် (၁၀၀) ကို လုယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]
[ဗီလိန်မှတ် (၂၀,၀၀၀) ရရှိပါသည်]
[အိမ်ရှင်၏ လက်ရှိ ကံကြမ္မာမှတ် - (-၉၀၀) (ကံဆိုးမှု အဆုံးစွန် အဆင့် ချိပ်ပိတ်ထားဆဲ)]
မုန့်ဟန် သေဆုံးသွားသည်နှင့်အမျှ ဗီလိန်စနစ်၏ အသံသည်လည်း အချိန်ကိုက် ထွက်ပေါ်လာသည်။
ဗီလိန်မှတ် (၂၀,၀၀၀) အထိ ရရှိခဲ့သော်လည်း ကံကြမ္မာမှတ် (၁၀၀) မျှသာ လုယူနိုင်ခြင်းကမူ ထာဝရကပ်ဘေး မိစ္ဆာခန္ဓာ၏ ကံဆိုးမှုကို အခြေခံကျကျ ပြောင်းလဲပစ်ရန် မလုံလောက်သေးပေ။
[တိန်…အိမ်ရှင်အနေဖြင့် ကံကြမ္မာ၏သားတော်ကို ပထမဆုံးအကြိမ် ကွပ်မျက်နိုင်ခဲ့သည့်အတွက် အထူးဆုလာဘ်အဖြစ် မသေမျိုး နတ်ဘုရားအတတ်ပညာ '၃၃ ထပ် ကောင်းကင်ဘုံ ဖန်တီးခြင်း နတ်ဘုရားလက်သီး' ကို ပေးအပ်လိုက်ပါသည်]
[၃၃ ထပ် ကောင်းကင်ဘုံ ဖန်တီးခြင်း နတ်ဘုရားလက်သီး] - ၎င်းမှာ အထွတ်အထိပ် ဖန်တီးခြင်း နိယာမများ ပါဝင်သော မသေမျိုးဘုရင်အဆင့် အတတ်ပညာ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားကို (၃၃) ဆအထိ မြှင့်တင်ပေးနိုင်သည်။ လက်သီးတစ်ချက်တည်းနှင့် အရာအားလုံးကို နှိမ်နင်းနိုင်ကာ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သည်။
စနစ်၏ အသံ ကုန်ဆုံးသွားပြီးနောက် ဆုလာဘ်များမှာလည်း ရောက်ရှိလာသည်။
တိုက်ခိုက်ရေးစွမ်းအားကို (၃၃) ဆအထိ တိုးမြှင့်ပေးနိုင်သော မသေမျိုး အတတ်ပညာကို သူ ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ချူယွမ်က လက်သီးတစ်ချက် ထိုးလိုက်ပါက ၎င်းမှာ ကွာစီ ဧကရာဇ် ၃၃ ပါး တပြိုင်နက်တည်း တိုက်ခိုက်လိုက်သကဲ့သို့ပင် စွမ်းအား ရှိမည် ဖြစ်သည်။
၎င်း၏ စွမ်းအားမှာ ကြောက်စရာ ကောင်းလှပေသည်။
"၃၃ ထပ် ကောင်းကင်ဘုံ ဖန်တီးခြင်း နတ်ဘုရားလက်သီး ဟုတ်လား"
"ဒီအတတ်ပညာက တော်တော်လေး ကောင်းတာပဲ တကယ်လို့ ငါ ဒီနည်းလမ်းကို သုံးလိုက်မယ်ဆိုရင် ကွာစီ ဧကရာဇ် နှောင်းပိုင်းအဆင့်မှာ ရှိတဲ့သူကိုတောင် လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်လိမ့်မယ်"
ချူယွမ်သည် စိတ်ထဲမှ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
မုန့်ဟန်ကို သတ်ပြီးနောက် ရရှိလာသော ဆုလာဘ်များအပေါ် သူ ကျေနပ်မိသည်။
ထို့နောက် သူသည် ဒဏ်ရာအပြင်းအထန် ရရှိနေသော လင်ရွှီသူတော်စင်ဘုရင်ကို လှည့်ကြည့်လိုက်သည်။
"ငါ... ငါ ဘာတွေ လုပ်ခဲ့တာလဲ..."
ဘိုးဘေးကြီးသည်လည်း ကံကြမ္မာရောင်ဝါ၏ လွှမ်းမိုးမှု မရှိတော့သဖြင့် သတိပြန်ဝင်လာခဲ့ပြီ ဖြစ်သည်။
သူသည် လွန်ခဲ့သော အချိန်များအတွင်း သူ၏ သန့်စင်နယ်မြေက မည်မျှအထိ မောက်မာရူးသွပ်သော အမှားကြီးကို ကျူးလွန်ခဲ့သည်ကို သဘောပေါက်သွားတော့သည်။
ချူမိသားစု၏ နတ်ဘုရားသားတော်က သူတို့၏ သန့်စင်သမီးတော် ကို လိုက်ရှာသည်ဆိုသည်မှာ လင်ရွှီသန့်စင်ရာနယ်မြေအတွက် နှစ်ပေါင်း တစ်သန်းတိုင်အောင် ကျင့်ကြံမှ ရရှိနိုင်မည့် ကံကောင်းမှုကြီး မဟုတ်ပါလော။
သူမကို ကြိုးနှင့်တုပ်ပြီးတော့တောင် နတ်ဘုရားသားတော်ချူဆီသို့ အရောက်ပို့ကာ မဟာမိတ် ဖွဲ့သင့်သည် မဟုတ်ပါလော။
သို့သော် ယခုမူ...
"မုန့်ဟန်… ပြီးတော့ အဲ့ဒီ တိရစ္ဆာန်မလေး ကျန်းရွှေယွဲ့"
"ငါတို့ လင်ရွှီသန့်စင်နယ်မြေရဲ့ နှစ်ပေါင်းသန်းချီတဲ့ အခြေခံအုတ်မြစ်ကြီးဟာ သူတို့လက်ထဲမှာတင် ပျက်စီးသွားခဲ့ပြီ"
သတိပြန်ဝင်လာပြီးနောက် လင်ရွှီသူတော်စင်ဘုရင်မှာ မုန့်ဟန်နှင့် ကျန်းရွှေယွဲ့တို့ကို အမှုန့်ဖြစ်အောင် ကြိတ်ပစ်ချင်လောက်အောင်ပင် ကျိန်ဆဲနေတော့သည်။
ထို့နောက် သူသည် ချူယွမ်ကို ကြည့်လိုက်ပြီး မြေပြင်ပေါ်၌ ပျပ်ဝပ်လျက် တုန်ရင်စွာ လျှောက်တင်လိုက်သည်။
"နတ်ဘုရားသားတော်ချူ… လင်ရွှီသန့်စင်ရာနယ်မြေဟာ ချူမိသားစုရဲ့ လက်အောက်ကို ဝင်ရောက် ခစားပါ့မယ်... ကျေးဇူးပြုပြီး..."
သူ စကားမဆုံးမီမှာပင် ချူယွမ်က ခေါင်းကို အေးစက်စွာ ခါယမ်းလျက် ပြောလိုက်သည်။
"တောင်းပန်နေဖို့ မလိုတော့ဘူး… မင်းတို့မှာ ဘယ်လို အကြောင်းပြချက်ပဲ ရှိရှိ ငါ ဂရုမစိုက်ဘူး… မင်းတို့ရဲ့ လင်ရွှီသန့်စင်နယ်မြေဟာ ဒီနေ့ ငါ့ကို ရန်ပြုခဲ့သလို ငါ့ရဲ့ ချူမိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း စော်ကားခဲ့ပြီးပြီ။ ဒါကြောင့် မင်းတို့ဟာ ငါ့ရဲ့ ရန်သူတွေ ဖြစ်သွားကြပြီ"
"ရန်သူဖြစ်လာပြီဆိုရင်တော့... ပျက်စီးခြင်း လမ်းစပဲ ရှိတော့တယ်"
"အကြီးအကဲ လေဝူ... စတင်လိုက်ပါတော့ ငါ ဒီနေ့ လူတွေအများကြီး သတ်ခဲ့ပြီးပြီဆိုတော့ ထပ်ပြီးတော့ မသတ်ချင်တော့ဘူး"
"သခင်လေးရဲ့ အမိန့်အတိုင်းပါ"
ချူယွမ်၏ အမိန့်အဆုံးတွင် ကောင်းကင်ယံ ဟင်းလင်းပြင်ကြီးမှာ လိမ်တွန့်သွားပြီး စောင့်ရှောက်သူ လေဝူ၏ ပုံရိပ် ထွက်ပေါ်လာတော့သည်။
သူသည် ဆံပင်နက်နှင့် သန်မာထွားကြိုင်းသော အဖိုးအိုတစ်ဦးဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အဆုံးမရှိသော လျှပ်စီးပတ်လမ်းများ ဝန်းရံနေသည်။
သူ၏ လှုပ်ရှားမှု တိုင်းသည် လောကကြီး၏ လေနှင့်တိမ်တိုက်များကို ပြောင်းလဲစေကာ နိယာမတရားအားလုံးကို တုန်ခါသွားစေတော့သည်။